← Chapters

ရုပ်ဆိုးသူများသည် ကံဆိုးစေတတ်သည်

Vol. 3 Ch. 27

ရုပ်ဆိုးသူများသည် ကံဆိုးစေတတ်သည်

Vol. 3 Ch. 27

ချန်းရူအာ၏ မျက်နှာတွင် မျှော်လင့်ချက်များ အပြည့်အဝ ဖုံးလွှမ်းနေခဲ့ကာ ရဲ့ရှင်းချန်မှ သူမအား ငြင်းဆန်လိမ့်မည် မဟုတ်ဟု အခိုင်အမာ ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမအား လိုက်လံပိုးပန်းနေစဉ် ရဲ့ရှင်းချန်၏ အောက်ကျို့ကာ ဖားယားတတ်သော အပြုအမူများကို မည်သူသည် မမြင်ဖူးဘဲ နေလိမ့်မည်နည်း။

ထို့အပြင် သူမသည် ရဲ့ရှင်းချန်၏ အိမ်သို့ ပြောင်းရွှေ့ပြီးနောက်တွင် မည်သို့မည်ပုံ နေထိုင်မည်ကိုပင် စတင်၍ အစီအစဉ်ဆွဲနေခဲ့ပြီ ဖြစ်သည်။ အချိန်တန်လျှင် သူမအနေဖြင့် ရဲ့ရှင်းချန်အား အကျိုးခံစားခွင့် အချို့ ပေးရလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း လွန်လွန်ကျွံကျွံ အခွင့်ရေး ပေးလိမ့်မည်မဟုတ်ချေ။

ချန်းရူအာတစ်ယောက် အနာဂတ်အတွက် တစ်ယောက်ထဲ တစ်ဖတ်သတ် စိတ်ကူးယဉ် နေချိန်တွင် ရဲ့ရှင်းချန်မှာမူ ဖန်သားပြင် အခြားတစ်ဖက်ရှိ သူမ၏ မူယာ မာယာများနေသည့် မျက်နှာအား ကြည့်လျှက် ပျို့အန်ချင်စိတ်များပင် ပေါက်လာခဲ့တော့သည်။

အတိတ်တွင် ချန်းရူအာသည် သူ့အပေါ်သို့ ပြုစားထား ခဲ့လေသလားဟုပင် သူ စတင်၍ သံသယဝင်လာမိတော့သည်။ ထိုသို့မဟုတ်လျှင် သူသည် အဘယ်ကြောင့်များ သူမအပေါ် ဤမျှလောက် စွဲလမ်းခဲ့ကာ အချိန်အကြာကြီး လိုက်လံ ပိုးပန်းနေခဲ့လိမ့်မည်နည်း။

ကင်မရာထဲမှ ဟန်ဆောင်ကောင်းလွန်းသည့် ချန်းရူအာအား ကြည့်ရင်းဖြင့် ရဲ့ရှင်းချန်မှာ ကြက်သီးများပင် ထလာခဲ့တော့သည်။

သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်ချင်ဟန် ရသည့် အပြုံးတစ်ခု ပေါ်လာခဲ့ကာ ဆိုဖာပေါ်သို့ မှီချလိုက်လေသည်။ လက်တစ်ဖက်မှ မေးစေ့အား ထောက်ထားလိုက်ကာ အခြားလက်တစ်ဖက်မှာမူ ဖုန်းအား ကိုင်ထားလျက် ပြောလိုက်လေသည်။

"မင်းကိုယ်မင်း ဘယ်လောက်တောင် ထူထူထဲထဲ ပတ်ခြုံထားရလဲဆိုတာကို ပြန်ကြည့်ဦး အပြင်မှာ တော်တော်လေး အေးနေတယ် မဟုတ်လား"

"အရမ်းအေးနေတာဆိုတော့ အပြင်ကို လျှောက်မသွားပါနဲ့ မဟုတ်ရင် မင်းလို မိန်းကလေးတစ်ယောက် အတွက် အပြင်ထွက်ဖို့က အန္တရာယ် များလွန်းတယ်"

ရဲ့ရှင်းချန်၏ ငြင်းဆန်မှုမှာ သွယ်ဝိုက်သည့် သဘောဆောင်နေသော်လည်း ချန်းရူအာကမူ နားမလည်သည့်အလား ဆက်လက်၍ တွန်းအားပေးနေခဲ့လေသည်။

"အာ အဆင်ပြေပါတယ် သိပ်ပြီး အန္တရာယ်မများပါဘူး မှောင်မည်းနေတဲ့ အိမ်ထဲမှာ ညီမ အရမ်းကြောက်နေလို့ပါ ကိုကို လာပြီး ညီမကို ကိုကို့အိမ် ခေါ်သွားပေးလို့ မရဘူးလားဟင်"

"အော် ငါဆိုလိုတာက အပြင်မှာ အရမ်းအေးနေလို့ မင်းကို ထွက်မကြိုချင်ဘူးလို့ ပြောတာ ခုနက ငါ သွယ်ဝိုက်ပြောလိုက်တာ အရမ်းများသွားလို့ မင်း နားမလည်လိုက်တာများလား"

ချန်းရူအာ တစ်ယောက် မှင်သက်သွားခဲ့လေတော့သည်။ သူမဘေးရှိ ချူယောင်ပင်လျှင် အံ့အားသင့်သွားရသည်။ ရဲ့ရှင်းချန်မှ ဤမျှ တိုက်ရိုက် ငြင်းဆန်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြခြင်း ဖြစ်သည်။

ချန်းရူအာ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့သည်။ အစောပိုင်း အချိန်များတွင် ဤမျှ စကားနားထောင်ကာ အောက်ကျို့ခဲ့သည့်သူ တစ်ယောက်သည် ယခုလို ဗြောင်ကျကျကြီး မည်ကဲ့သို့ ငြင်းဆန်ရက်ရလေသနည်း။

သူမ၏ နှလုံးသား တစ်ခွင်လုံးတွင် မသက်မသာဖြစ်မှုများ ပြည့်နှက်သွားခဲ့သည်။ ၎င်းမှာ ရဲ့ရှင်းချန်၏ ငြင်းဆန်မှုကြောင့် ရှက်ရွံ့သွား၍ မဟုတ်ဘဲ ရဲ့ရှင်းချန် နေထိုင်ရသည့်နေရာသည် သက်တောင့် သက်သာဖြစ်နေခဲ့ကာ သူမမှာမူ အိမ်၌ အအေးဒဏ်နှင့် ငတ်မွတ်မှုကိုသာ ခံစားနေရသည်ဟူသည့် အချက်အား လက်မခံနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

ချန်းရူအာ၏ မျက်နှာအမူအရာမှာ ခေတ္တမျှ တောင့်တင်းသွား ပြီးနောက် အတင်းအကြပ် ပြုံးပြလိုက် ပြန်လေသည်။

"ကိုကိုရှင်းချန်ကလည်း နောက်မနေပါနဲ့ ရိုအာ တကယ်မှတ်ပြီး အရမ်းဝမ်းနည်းသွားတာပဲ"

"ကိုကိုရှင်းချန်က ရိုအာ့အပေါ် အကောင်းဆုံး ဆက်ဆံပေးတယ်ဆိုတာ ရိုအာ သိပါတယ် အရင်က ရိုအာ နားလည်မှုလွဲခဲ့တာပါ ဘာလို့ ကိုကိုရှင်းချန်က ရိုအာ့ကို စိတ်ဆိုးနေရသေးတာလဲ ရိုအာ လာခဲ့ရင် ကိုကိုရှင်းချန် သဘောကျသလို လုပ်လို့ရတယ်လေ နော် ကိုကို စိတ်ပြေသွားနိုင်မယ်ဆိုရင် ရိုအာ ဘာမဆို လုပ်ပေးနိုင်ပါတယ်"

သာမန်အားဖြင့်ဆိုလျှင် မည်သည့်ယောက်ျားကမျှ ချန်းရူအာ၏ တောင်းဆိုမှုအား ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ရဲ့ရှင်းချန်ကမူ ချွင်းချက် ဖြစ်နေခဲ့လေသည်။

မျှော်လင့်ချက်မဲ့လွန်းလှသည့် သေဆုံးခြင်းအား ကြုံတွေ့ခဲ့ရ ပြီးနောက်တွင် ရဲ့ရှင်းချန်၏ ရင်ထဲ၌ ချန်းရူအာ အပေါ် ရွံရှာမှုနှင့် မုန်းတီးမှုများသာ ကျန်ရစ်နေတော့သည်။

"အရင်တုန်းက ငါ့အိမ်ကိုလာဖို့ ခေါ်တိုင်း မင်းက ဆင်ခြေအမျိုးမျိုးပေးပြီး ငြင်းခဲ့တာချည်းပဲလေ ငါတို့နှစ်ယောက်စလုံးက ရည်းစားမရှိသေးတဲ့ လူလွတ်တွေဆိုတော့ အခြားလူတွေမြင်ပြီး သတင်းတွေ ပြန့်သွားရင် မကောင်းဘူးဆိုပြီး မင်းပဲ ပြောခဲ့တာလေ"

"အဲ့တုန်းက မင်းပြောတာတွေ မှန်တယ်လို့ ငါထင်တယ် ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး ပြီးတော့ ငါက မင်းရဲ့ သူငယ်ချင်းပဲ မဟုတ်လား အခြားလူတွေ ငါ့ကို အတင်း မတုပ်ရလေအောင် မင်းနဲ့ ခပ်ခွာခွာ နေသင့်တယ်လို့ ထင်တယ်"

အတိတ်ကာလက ရဲ့ရှင်းချန်အနေဖြင့် ချန်းရူအာအား အပြင်ထွက်စားရန် သို့မဟုတ် ရုပ်ရှင်ကြည့်ရန် ဖိတ်ခေါ်လိုသည့်တိုင်အောင် လက်ဆောင်ပစ္စည်း အမြောက်အမြား ပေးပို့ပြီးမှသာ ချန်းရူအာမှ သူ့အတွက် အချိန်ပေးလေ့ရှိသည်။ ချန်းရူအာ အသုံးပြုသည့် မိတ်ကပ်နှင့် အသားအရေ ထိန်းသိမ်းမှု ပစ္စည်းများအပြင် သူမအခန်းထဲရှိ အမှတ်တံဆိပ်ပါ အိတ်များအားလုံးမှာ ရဲ့ရှင်းချန် ပေးထားခြင်းသာ ဖြစ်လေသည်။

ချန်းရူအာ၏ ဖြူစင်လှပကာ ချမ်းသာကြွယ်ဝသေည့် နတ်သမီး အသွင်အပြင်မှာ ရဲ့ရှင်းချန်ကြောင့်သာ ရရှိထားခြင်း ဖြစ်ပေသည်။ သို့သော် ရဲ့ရှင်းချန်မှာမူ သူမအား အိမ်သို့ ဖိတ်ခေါ်သော အခါတိုင်းတွင်မူ ချန်းရူအာမှ အကြောင်းပြချက် အမျိုးမျိုးရှာလျှက် အမြဲတမ်း ငြင်းဆန်လေ့ရှိလေသည်။

ယခု ရဲ့ရှင်းချန် ပြန်ပြောလိုက်သော စကားများမှာ အတိတ်အချိန်တွင် ချန်းရူအာမှ သူ့အား ပြောခဲ့ဖူးသည့် စကားများပင် ဖြစ်သည်။

ဤစကားများကို ကြားလိုက်ရသောအခါ ချန်းရူအာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲ သွားခဲ့လေတော့သည်။ သူမသည် သနားစရာ ကောင်းအောင်ပင် ဟန်မဆောင်နိုင်တော့ပေ။

ထိုစကားများမှာ သူမကိုယ်တိုင် ပြောခဲ့သော စကားများ ဖြစ်သော်လည်း ရဲ့ရှင်းချန်မှ ယခုအချိန်ထိ မှတ်မိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။

အကယ်၍သာ လက်ရှိနေထိုင်ရသည့် ပတ်ဝန်းကျင် အခြေအနေသည် အလွန်ဆိုးရွားမနေခဲ့ဘဲ ရဲ့ရှင်းချန်၏ အိမ်တွင် နေထိုင်လိုစိတ်သာ အလွန်အမင်း ပြင်းပြမနေခဲ့ပါက ချန်းရူအာသည် ရဲ့ရှင်းချန်နှင့် တိုက်ရိုက်ပင် ရန်ဖြစ်ပစ်လိုက်မည် ဖြစ်လေသည်။

ထိုစဉ် ချူယောင်က ချန်းရူအာအား အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့် လိုက်ပြီးနောက် သူမ၏ ဖုန်းပေါ်တွင် စာအနည်းငယ် ရိုက်ထည့်လိုက်ကာ ချန်းရူအာကို လှမ်းပေးလိုက်သည်။

"သူက တန်ဖိုးတက်အောင် ဟန်ဆောင်နေတာ"

ချန်းရူအာ ချက်ချင်းပင် သဘောပေါက်သွားခဲ့ကာ ချူယောင်၏ စကားကို ယုံကြည်သွားလေသည်။ ဟုတ်ပေသည်။ ရဲ့ရှင်းချန်ဆိုသည်မှာ အရင် အချိန်များတွင် သူမ အထင်သေးခဲ့ရသည့် အောက်ကျို့ ဖားယားတတ်သည့် နောက်လိုက်ခွေး တစ်ကောင်မျှသာ ဖြစ်သည်။ ယခု သူမပား အမှန် တကယ် မည်ကဲ့သို့ ငြင်းဆန်နိုင်ရက်လိမ့်မည်နည်း။ ချူယောင်ပြောသဲ့သို့ပင် တန်ဖိုးတက်စေရန် အတွက်သာ ဟန်ဆောင်နေခြင်းသာ ဖြစ်ရပေမည်။

"အာ အဲဒီတုန်းက ရိုအာ အဲဒီလိုပြောခဲ့တာ ကိုကိုရှင်းချန်ရဲ့ အကျိုးအတွက်လေ ကိုကိုရှင်းချန်ကလည်း ကိုယ့်ချစ်သူ ကောင်မလေးကို အခြားသူတွေ အတင်းတုပ်တာ မခံချင်ဘူး မဟုတ်လား"

"ဒါပေမယ့် အခုက အပြင်မှာ တကယ်ကို မှောင်နေပြီလေ ရိုအာ အရမ်းကြောက်နေပြီ ကိုကိုရှင်းချန် လာကြိုပေးပါနော် ရိုအာ ကိုကိုနဲ့ တွေ့ပြီး ကိုကို့အိမ်ကို ရောက်တဲ့ အခါ လူကိုယ်တိုင် တောင်းပန်ပါ့မယ်"

စကားပြောရင်းဖြင့် ချန်းရူအာသည် အအေးဒဏ်ကြောင့် နီရဲနေသည့် မျက်နှာလေးဖြင့် သူမ၏ နှုတ်ခမ်းအား ဖိကိုက်လိုက်လေတေ့ာသည်။

"ရိုအာ လာရင် ကိုကို့ကို ခြေဆုပ်လက်နယ် ပြုစုပေးပြီး ဟင်းချက်လည်း ကျွေးမယ်လေ နော်"

ရဲ့ရှင်းချန်သည် ဖုန်းထဲမှ ကြည့်နေရင်းဖြင့် စိတ်ထဲမှပင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူမ၏ သရုပ်ဆောင်စွမ်းရည်ဖြင့်သာ ရုပ်ရှင်ရိုက်မည်ဆိုပါက အချိန်တိုအတွင်း အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုပင် ရရှိ သွားလောက်ပေမည်။ သို့သော် ရဲ့ရှင်းချန်မှာမူ ထိုအကွက်များထဲသို့ ဝင်မသွားခဲ့ပေ။

"အဲဒီလို ဘယ်ဖြစ်မလဲ ငါတို့က ချစ်သူတွေမှ မဟုတ်တာ ဒါက ဒါက စည်းကမ်းနဲ့ မညီဘူးလေ"

"ပြီးတော့ လောလောဆယ် ငါ့အတွက် ခြေဆုပ်လက်နယ် ပြုစုပေးဖို့လည်း မလိုသေးပါဘူး"

ရဲ့ရှင်းချန်သည် တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်လေတော့သည်။ ရဲ့ရှင်းချန်၏ စကားများကြောင့် ချန်းရူအာ တစ်ယောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲ ထွက်တော့မတတ် ဖြစ်သွားရတော့သည်။

သူသည် မည်သို့ ဆိုလိုသနည်း။ သူ နားလည်သည်လား နားမလည်သည်လား။

ထို့အပြင် သူမကဲ့သို့ ကောလိပ်ကျောင်းတော်မှ နတ်သမီးလေး တစ်ပါးသည် သူ၏ အိမ်တံခါးဝအထိ လာမည်ဟု ကိုယ်တိုင် ကမ်းလှမ်းနေပါလျက်နှင့် ယခုအချိန်တွက် ရဲ့ရှင်းချန်မှ ဣန္ဒြေကြီးရှင်စတိုင် ဖမ်းနေနိုင်သေးသည်။

သူ၏ အိမ်သို့ ပြောင်းလာလိုက်သည်နှင့် သူမအား ကြိုက်သလို လုပ်နိုင်ပါပြီ ဟု သူမကဲ့သို့ မိန်းကလေးတစ်ယောက်မှ ကိုယ်တိုင် ပါးစပ်မှနေ၍ ဖွင့်ပြောနေရန် လိုသေးသည်လား။

‘သူက သာမန်အချိန်မှာဆို ခွေးတစ်ကောင်လို ဖားယားတတ်တဲ့သူလေ သူမရှေ့မှာ ဒီလိုပုံစံမျိုး ဖမ်းရဲသေးတယ်ပေါ့’

"ရှင် အိုက်ယား ရှင် ဘာလို့ အဲဒီလောက်တောင် တုံးအနေရတာလဲ ရှင့်ကို အခွင့်အရေးပေးမယ်လို့ ပြောထားတယ်လေ စဉ်းစားကြည့်စမ်းပါ ကျွန်မတို့ အတူတူနေပြီး ရှင်သာ ကျွန်မစိတ်ကို လှုပ်ရှားအောင် အမှန်တကယ် ကြိုးစားနိုင်မယ်ဆိုရင် ကျွန်မက ရှင့်ကောင်မလေး ဖြစ်လာမှာပဲလေ"

"ကြည့်လေ အခု ဒီမှာ မှောင်မဲနေပြီ ကျွန်မ အရမ်းကြောက်နေပြီလို့ ဘာလို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင် မယူထားရတာလဲ"

"ရှင် တကယ်ကို တုံးတာပဲ အချိန်မီလေးတောင် ခေါင်းမပြေးနိုင်ဘူးလား ကျွန်မက အသိပေးနေရသေးတယ်"

"နီးစပ်တဲ့သူက အရင်အခွင့်အရေး ရတာပဲလေ ရှင် ကျွန်မကို မလိုချင်ဘူးလား ရှင့်ဆီမှာ ကျွန်မရှိနေမှတော့ ရှင် ကြိုက်သလို လုပ်လို့ရပြီလေ"

ရဲ့ရှင်းချန်သည် ချန်းရူအာအား ကြည့်လျှက် အေးစက်စက် ရယ်မောလိုက်လေသည်။

"ချန်းရူအာ မင်း တစ်ခုခုကို နားလည်မှု လွဲနေတာ ထင်တယ် "

"ငါက မင်းကို အခုထိ သဘောကျနေတုန်းပဲလို့ မင်း ထင်နေတာတော့ မဟုတ်ပါဘူးနော်"

ရဲ့ရှင်းချန်၏ စကားများသည် ချန်းရူအာ၏ နှလုံးသားအား တိုက်ရိုက် ထိမှန်သွားစေခဲ့ကာ သူမ၏ မျက်နှာအမူအရာကိုလည်း ဆိုးရွားစွာ ပြောင်းလဲသွားစေခဲ့သည်။

"မင်းက အခြားယောက်ျားတွေနဲ့ ပတ်သက်နေရင်း ငါ့ကိုပါ လှည့်စား ထားတယ်ဆိုတာ ငါ ဘယ်လိုသိသွားလဲ ခန့်မှန်းကြည့်ပါလား"

"ဟက် ဟုတ်ပါတယ်လေ အရင်တုန်းက ငါ မင်းကို အရမ်း အရမ်း သဘောကျခဲ့တာ အမှန်ပဲ ဒါပေမယ့် မင်းရဲ့ အဲဒီလုပ်ရပ်တွေ အားလုံးကို သိသွား ပြီးတဲ့နောက်မှာတောင် ငါက မင်းကို ရူးရူးမူးမူး စွဲလမ်းနေဦးမယ်လို့ မင်းကို ဘယ်လိုအရာမျိုးကများ ယုံကြည်ချက်ပေးပြီး အဲ့လို အတွေးဝင်နေ စေရတာလဲ ဆိုတာ ငါ တကယ် မသိတော့ဘူး"

(** သာသာကိုယ်တိုင်က မိန်းကလေးဆိုပေမဲ့ နုနုယွယွ မဟုတ်ဘဲ ကျားကျားယားယား မိန်းမသား ဖြစ်နေတာ မို့လို့ ချန်းရူအာလို အိညှောင် အိညှောင်လေသံ ကို သေချာ မပြောတတ် မရေးတတ်ပါဘူးနော် အဲ့ကြောင့် အဆင်ပြေအောင် တတ်နိုင်သလောက် ကြက်သီးထခံပြီး ကြိုးစား ရေးထားပါတယ် မပီပြင်ရင်လည်း ဖြည့်သာဖတ်ပေးကြပါ **)

All Chapters