ညီအစ်မသံယောဇဉ်
Vol. 3 Ch. 30
ချူယောင်၏ မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင် ပြောင်းသွားရာမှ ချန်းရူအာ၏ အော်ဟစ်သံအား ရုတ်တရက် ကြားလိုက်ရလေသည်။
"ချူယောင် ခွေးမ နင့်ကို ငါ သတ်ပစ်မယ်"
ချန်းရူအာမှာ ခေတ္တမျှ မှင်တက်သွားခဲ့လေသည်။ ရုတ်တရက် ရဲ့ရှင်းချန်ထံမှ မက်ဆေ့ခ်ျတစ်ခု ဝင်လာခဲ့ပြန်သည်။ သူမ ထင်ခဲ့သည်မှာ ထိုစာသည် ခြေသလုံး ဖက်တတ်သည့် ရဲ့ရှင်းချန်မှ တောင်းပန်ရန် အတွက် ရောက်လာခြင်း ဖြစ်မည်ဟု သူမ ထင်မှတ် ထားခဲ့သော်လည်း ရဲ့ရှင်းချန်မှ ဗီဒီယိုဖိုင် တစ်ခု ပေးပို့လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။
သူမသည် ဗီဒီယိုဖိုင်အား ဖွင့်လျှက် သေချာစွာ ကြည့်ရှု လိုက်လေသည်။ ထိုအခါမှသာ သူမသည် ရဲ့ရှင်းချန်နှင့် ရန်ဖြစ်ပြီးနောက် အချစ်ဆုံး သူငယ်ချင်းဟု ခေါ်တွင်သော ချူယောင်သည် သူမ၏ အရှုပ်အရှင်းများအား ဖွင့်ချရန်အတွက် ရဲ့ရှင်းချန်ထံသို့ အမှန်တကယ်ပင် သွားရောက်ခဲ့ကြောင်းကို နားလည် သဘောပေါက် သွားခဲ့တော့သည်။
ချန်းရူအာသည် အများကြီး စဉ်းစားမနေတော့ချေ။ ရဲ့ရှင်းချန်မှ သူမအပေါ် ဤမျှအေးစက်နေရခြင်း၏ အကြောင်းရင်းမှာ ချူယောင်သည် ကွယ်ရာ၌ သူမ၏ မကောင်းကြောင်းများအား ရဲ့ရှင်းချန်ထံ ပြောဆိုခဲ့ခြင်းကြောင့် ဟုပင် သူမ တွေးတောလိုက်မိတော့သည်။
အထူစားစောင်ကြီးအား ခြုံထားရင်းဖြင့် သူမသည် အရှေ့သို့ တက်ကာ ဘေးတွင် ထိုင်နေသည့် ချူယောင်အား ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်တော့သည်။ ထို့နောက် ချူယောင်၏ ဝမ်းဗိုက်အား ကန်ကျောက်လျှက် ချူယောင်၏ ဆံပင်များကိုပါ လှမ်းဆွဲ လိုက်လေတော့သည်။
မျက်စိ တစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ဦးသည် ဆံပင်များအား အပြန်အလှန် ဆွဲကိုင်လျှက် ဧည့်ခန်းကျဉ်းလေးထဲ၌ လုံးထွေး သတ်ပုတ် နေကြလေတော့သည်။
ရာသီဥတုသည် အလွန်တရာ အေးခဲလွန်းနေခဲ့ကာ အမိုး တစ်ခုတည်း အောက်တွင် အတူတကွ နေထိုင်ရဦးမည့် အချက်များအပြင် လူသတ်မှုသည် တရားမဝင်သည့် လုပ်ရပ် ဖြစ်နေခြင်းကြောင့် သာမဟုတ်ပါက သူတို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး သတ်ပစ်ခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်ပေသည်။
မည်သည့်အရာ ဖြစ်ပျက်နေမှန်း မသိပါဘဲ အရိုက်ခံလိုက်ရသည့် ချူယောင်သည် နောက်ဆုံးတွင် ချန်းရူအာ၌ မည်သည့် အမှားအယွင်း ဖြစ်သွားကြောင်းအား သိရှိသွားလေတော့သည်။ ဤအချိန်တွင် သူမသည် ရဲ့ရှင်းချန်အား ပို၍ပင် မုန်းတီး သွားခဲ့လေတော့သည်။
သို့ရာတွင် အမုန်းတရားနှင့် နှိုင်းယှဉ်လျှင် ရဲ့ရှင်းချန်၏ အိမ်၌သာ သူတို့ နှစ်ဦးသည် ပို၍ နေထိုင်ချင်ကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်မှ သူတို့အား ခွေးများသဖွယ် ဆက်ဆံလျှင်တောင်မှ သူတို့ ဝဝလင်လင် စားသောက်နေရသရွေ့ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လျှက် နေထိုင်ရန် သူတို့ လိုလားကြလေသည်။
..
kညစာစားပြီးနောက် ရဲ့ရှင်းချန်သည် ရုပ်ရှင်ကိုသာ ဆက်ကြည့်နေလိုက်လေသည်။ ရုတ်တရက် မျက်နှာပြင်၏ အောက်ခြေတွင် ပေါ်လာသည့် စာတန်းငယ်လေး တစ်ကြောင်းမှာ သူ၏အာရုံအား ဖမ်းစားသွားစေခဲ့သည်။ သူသည် ကပျာကယာပင် ရုပ်ရှင်အား ရပ်လိုက်ပြီးနောက် ဆိုဖာပေါ်မှ သူ၏ဖုန်းအား ထုတ်ယူလိုက်လေတော့သည်။
"တရားဝင် သတင်းထုတ်ပြန်ချက်- အများပြည်သူ၏ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် အစိုးရမှ နေ့စဉ် မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ လျှပ်စစ်မီး ဖြန့်ဝေပေးရန် ဆုံးဖြတ်လိုက်သည်"
"သို့သော်ငြားလည်း လျှပ်စစ် စွမ်းအင် ထောက်ပံ့မှု ကန့်သတ်ချက်များကြောင့် အများပြည်သူ၏ လျှပ်စစ်မီး လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်း ပေးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဒေသတွင်း လျှပ်စစ်မီး ပြတ်တောက်မှုများ မဖြစ်ပေါ်စေရန်အတွက် ဝပ်အားမြင့် လျှပ်စစ် ပစ္စည်းများကို အသုံးမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်"
"လက်ရှိအချိန်တွင် အဓိက လျှပ်စစ်ဓာတ် အားပေးစက်ရုံများ အားလုံးသည် ရပ်ဆိုင်းထားရသည့် အခြေအနေတွင်ရှိနေခဲ့ကာ လျှပ်စစ်မီး ပြတ်လပ်မှုများ ရှိနေပါသည်။ ဒေသတွင်း ကာလရှည်နှင့် အကြီးစား လျှပ်စစ်မီး ပြတ်တောက်မှုများအား ရှောင်ရှားနိုင်ရန်အတွက် လူတိုင်းမှ စည်းမျဉ်းစည်းကမ်းများကို သတိရှိရှိ လိုက်နာကြပြီး ဝပ်အားမြင့် လျှပ်စစ်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုကြရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။"
ရဲ့ရှင်းချန်သည် သတင်းအား ကြည့်လျှက် မျက်ခုံးပင့်လိုက်မိသည်။ နောက်ဆုံးတွင်မူ လျှပ်စစ်မီး ရရှိလာခဲ့ပြီဖြစ်ရာ အာဏာပိုင်များ၏ လုပ်ဆောင်ချက်မှာ တော်တော်လေး မြန်ဆန်လှသည်ဟု ဆိုရပေမည်။
အရင်းအမြစ်များ ရှားပါးနေချိန်တွင် အစိုးရအနေဖြင့် ၎င်းတို့ထံ၌ ရှိသော စွမ်းအင်အနည်းငယ်အား ပြည်သူများထံ ဖြန့်ဝေပေးရန် ဆန္ဒရှိခြင်းမှာ ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အနာဂတ်တွင် အစိုးရမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လူအင်အားကို ပြန်လည်အသုံးပြုရန် စတင်ခဲ့လျှင်တောင် ၎င်းမှာ အချိန်များစွာ ကြာမြင့်ဦးမည် ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ လူအင်အားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ရှေးဟောင်းနည်းလမ်းအား ဖယ်ရှားပစ်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ လူအင်အားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် စက်ယန္တရားများအား ပြန်လည်ဖန်တီးရန်မှာ အချိန်များစွာ ယူရပေလိမ့်မည် ဖြစ်သည်။
အနည်းဆုံးတွင် ယခင်ဘဝ၌ ရဲ့ရှင်းချန် မသေဆုံးမီ အချိန်အထိ အာဏာပိုင်များသည် ယင်းနည်းလမ်းအား တီထွင်နေဆဲဖြစ်ကြောင်းကိုသာ သူ ကြားသိခဲ့ရခြင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုမှာ လည်ပတ်မှု ရပ်တန့်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ လူအင်အားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အသုံးမပြုမီ အချိန်၌ ဤစွမ်းအင် အရင်းအမြစ်များမှာ တဖြည်းဖြည်းနှင့် ပို၍ နည်းပါးလာခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရဲ့ရှင်းချန်သည် ဤသတင်း၏ အသုံးအနှုန်းကိုလည်း အာရုံစိုက်မိခဲ့လေသည်။ အာဏာပိုင်များမှ နှင်းမုန်တိုင်း ဘေးအန္တရာယ်၏ ပြင်းထန်မှုအား ဖုံးကွယ်ထားရန် လက်လျှော့လိုက်ကြပြီ ဖြစ်သည်။ အရာအားလုံး ထိန်းချုပ်၍ မရဖြစ်သွား ပြီးနောက်တွင် လူတိုင်းမှ လက်တွေ့ အခြေအနေအား အမြန်ဆုံးသိရှိကြကာ မိမိကိုယ်ကိုယ် အမြန်ဆုံး ကယ်တင်နိုင်ကြစေရန်အတွက် အာဏာပိုင်များမှ သတင်းထုတ်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
အစိုးရအနေဖြင့် ဤမျှ များပြားလှသည့် လူများအား မကယ်တင် နိုင်တော့ချေ။ ရဲ့ရှင်းချန်သည် သတင်းစာမျက်နှာအား ပိတ်လိုက်ပြီးနောက် စကားပြောသည့် စာမျက်နှာ မျက်နှာပြင်သို့ ပြန်ပြောင်းလိုက်လေတော့သည်။
ထင်ထားသည့်အတိုင်းပင် စကားပြောခန်းများ အားလုံးသည် ဆူညံ ပွက်လော ရိုက်နေခဲ့ကြလေပြီ။
တချို့လူများသည် အာဏာပိုင်များ၏ လျစ်လျူရှုမှုအား ဆဲဆိုနေခဲ့ကြကာ တချို့မှ မူ မည်သို့ လုပ်ရမည်နည်းဟု လူတိုင်းအား စိုးရိမ်တကြီး ဖြင့် မေးမြန်းနေကြကာ တချို့မှဦမူ ဂရုထဲတွင် စားနပ်ရိက္ခာများအား စျေးကြီးပေး၍ပင် စတင်ကာ ဝယ်ယူနေကြပြီ ဖြစ်သည်။
ယခင်တွင် ခေါက်ဆွဲခြောက်စျေးနှုန်းအား မြှင့်တင်ခဲ့သည့်အတွက် ကျန်းဖုန်းအား ကျိန်ဆဲခဲ့ကြသူများသည် ဂရု ထဲ၌ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ယွမ် တစ်သောင်းဖြင့် စတင် လေလံ ဆွဲနေကြပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်ခန့်တွင် ခေါက်ဆွဲခြောက်တစ်ထုပ်၏ စျေးနှုန်းမှာ ယွမ် တစ်သောင်းအထိ မြင့်တက်သွားခဲ့သည်။ ယနေ့ တရားဝင် သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာ ပြီးနောက်တွင်မူ တစ်စုံတစ်ယောက်သည် တစ်ထုပ်လျှင် ယွမ် နှစ်သောင်းဖြင့် ရောင်းချနေလေပြီ ဖြစ်သည်။
ရဲ့ရှင်းချန်မှာမူ ဆွံအသွားမိလေတော့သည်။ လူသားတို့၏ လောဘ ရမ္မက် သဘာဝသည် ဤအချိန်တွင် အထင်အရှား ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။
နှင်းမုန်တိုင်း ဘေးအန္တရာယ်မှာ အချိန်ကာလ ရှည်ကြာစွာ ဆက်လက် ဖြစ်ပေါ်နေမည် ဖြစ်ကာ အာဏာပိုင်များပင် ဖြေရှင်း ပေးနိုင်စွမ်း မရှိတော့ကြောင်းကို သူတို့ သိရှိကြပြီး ဖြစ်သည်။ ဤအချိန်၌ ပိုက်ဆံအား အသုံးပြု၍ ပစ္စည်းများ မဝယ်ယူနိုင်တော့ကြောင်းကိုလည်း လူတိုင်း သိထားကြသော်ငြား သူတို့၏ အသက်ကယ် ရိက္ခာများကို ငွေနှင့် လဲလှယ်လို သူများ ရှိနေဆဲပင် ဖြစ်လေသည်။
ရဲ့ရှင်းချန်သည် သမ်းဝေလိုက်ကာ ဤမှော်ဆန်လှသည့် ကမ္ဘာကြီးအား ကြည့်ရန် အလို့ငှာ အိပ်ရာမှ ထလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
..
အိပ်ယာမှ နိုးလာပြီးနောက်တွင် ရဲ့ရှင်းချန်သည် သူ၏ မျက်လုံးများအား ပွတ်သပ်လိုက်ကာ ဖုန်းအား ကောက်ယူလိုက်လေသည်။
ယခုအခါ ရဲ့ရှင်းချန်၏ အကြီးမားဆုံးသော ပျော်ရွှင်မှုမှာ ဂရု အသီးသီးရှိ သတင်းများအား ဖတ်ရှုရခြင်းပင် ဖြစ်နေလေပြီ။ အစောပိုင်းတွင်မူ လူတိုင်း၏ မိုဘိုင်းဖုန်းများ ဘက်ထရီ အားကုန်သွားပြီ ဖြစ်ရာ သူ ဖတ်စရာ ရယ်မောစရာများ မရှိတော့မည်ကို စိုးရိမ်နေခဲ့မိသေးသည်။ ကံကောင်းထောက်မစွာဖြင့် အာဏာပိုင်များမှ လူတိုင်းအတွက် လျှပ်စစ်မီး စတင်ဖြန့်ဝေပေးခဲ့လေသည်။ ယခုအခါတွင် ဂရု အသီးသီးမှာ ပြန်လည်၍ သက်ဝင် လှုပ်ရှား လာကြပြီ ဖြစ်သည်။
သူသည် ပထမဆုံး မြင်တွေ့လိုက်ရမည့်အရာမှာ ချန်းရူအာနှင့် ချူယောင်တို့ထံမှ မက်ဆေ့ခ်ျများ ဖြစ်နေလိမ့်မည်ဟု ရဲ့ရှင်းချန် ထင်မှတ်မထားခဲ့ချေ။
ချန်းရူအာ မှ ပို့ထားသည်မှာ ဤသို့ ဖြစ်သည်။
"ရှင်းချန် တောင်းပန်ပါတယ် မနေ့က ရာသီဥတု အရမ်းအေးလွန်းလို့လေ ကျွန်မ စိတ်အခြေအနေ သိပ်မကောင်းဖြစ်သွားလို့ပါ"
"ရှင်ထင်သလိုမျိုး မဟုတ်ရပါဘူး ချူယောင်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ပါနဲ့ သူက ကျွန်မ ကောင်းစားတာကို မကြည့်နိုင် ဖြစ်နေလို့ပါ"
"အရင်တုန်းက ကျွန်မက အရမ်းကို ရိုးအလွန်းပြီးတော့ ဘာမှလည်း မသိခဲ့ဘူးလေ ကျွန်မအပေါ် ဘယ်သူက တကယ် ကောင်းတယ် ဆိုတာကို လုံးဝ မသိခဲ့ဘူး ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း ချူယောင်က အဲဒီလိုလူမျိုး ဖြစ်နေမယ်ဆိုတာကိုလည်း သတိမထားမိခဲ့ဘူး"
"ဒါပေမဲ့ ရက်တွေ အများကြီး ကုန်လွန် ပြီးတဲ့နောက် မှာတော့ ကျွန်မရဲ့ ခံစားချက်တွေကို ရုတ်တရက် နားလည်လာခဲ့သလိုပဲ"
"တစ်ချိန်လုံး ကျွန်မအပေါ် အကောင်းဆုံး ဆက်ဆံပေးခဲ့တဲ့သူက ရှင် တစ်ယောက်တည်း ရှိတာပါ အရင်တုန်းက ရှင့်ကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ ကျွန်မ မသိခဲ့သလို ကျွန်မရဲ့ နှလုံးသားထဲမှာ ရှင့်ရဲ့ နေရာက ဒီလောက်တောင် မြင့်မားနေခဲ့တယ် ဆိုတာကိုလည်း မသိခဲ့ဘူး ကံကောင်းလို့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ ရုတ်တရက် အသိတရား ရလာခဲ့တာလေ"
"ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ ကျွန်မကို နောက်ထပ် အခွင့်အရေး တစ်ခါလောက် ထပ်ပေးပါနော် ကျွန်မတို့ အစကနေ ပြန်စကြရအောင်ပါ"
"ကျွန်မကို ရှင့်ရဲ့ မိန်းမ ဖြစ်ခွင့်ပေးပါ ဒီနှင်းမုန်တိုင်းကြီး ဘယ်တော့ ပြီးဆုံးမလဲဆိုတာ ကျွန်မ မသိဘူး ရှင်ကလည်း ယောက်ျားတစ်ယောက်ပဲ မဟုတ်လား"
"ကျွန်မကို ရှင့်အနားမှာ အဖော်ပြုခွင့်ပေးပါ ကျွန်မတို့ နှဏ်ယောက်က အကောင်းဆုံး လက်တွဲဖော် ဖြစ်နိုင်ပါတယ် အနည်းဆုံးတော့ ကျွန်မတို့ သိပ်ပြီး အထီးကျန်နေမှာ မဟုတ်တော့ဘူးပေါ့ မဟုတ်ဘူးလား"
ရဲ့ရှင်းချန်သည် ရုတ်တရက် သက်ပြင်းချလိုက်မိသည်။ အတိတ်ကာလတွင် ချန်းရူအာသည် သူ့ အပေါ် အလွန် အေးစက် ခက်ထန်ခဲ့လေသည်။ သာမန် ထမင်းတစ်နပ် စားရန် အတွက် ပင်လျှင် ချန်းရူအာမှ တန်ဖိုးကြီး လက်ဆောင်များကြောင့်သာ သဘောတူ လိမ့်မည်ဆိုသည်အား ရဲ့ရှင်းချန် သိထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးတွင် ဤနှင်းမုန်တိုင်း ဘေးအန္တရာယ်သည် မည်မျှ ပြင်းထန်ဆိုးရွားနေကြောင်းအား သိရှိသွားပြီးနောက်တွင် သူ့ရှေ့တွင် အမြဲတစေ မောက်မာ ဝင့်ကြွားနေခဲ့သည့် ချန်းရူအာသည် သူမ၏ မာနနှင့် ဂုဏ်သိက္ခာအားလုံးကို အမှန်တကယ်ပင် ချထားလိုက်ချေပြီ။
ရဲ့ရှင်းချန်၏ သနားညှာတာမှု ကင်းမဲ့စွာ စော်ကား လှောင်ပြောင်ခြင်းကို ခံရသော်ငြားလည်း သူမသည် ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်လျှက် ရဲ့ရှင်းချန်၏ ခြေသလုံးကို လာရောက် ဖက်တွယ်နေဆဲပင် ဖြစ်လေသည်။
ရဲ့ရှင်းချန်၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှုများ ဖြင့် ပြည့်နေသော်လည်း သူသည် စိတ်ပျက်ဝမ်းနည်းမှုအားလည်း ခံစားနေခဲ့ရလေသည်။ သူသည် အမှန်ပင် မျက်ကန်း တစ်ယောက်ဖြစ်ခဲ့ကာ လူအများသည် သူ့အား ဖော်လံဖားယားသူဟု ခေါ်ဆိုခဲ့ကြသည်မှာ မမှားကြောင်းကိုသာ ခံစားလိုက်ရလေသည်။
တကယ်တမ်းတွင်လည်း သူသည် ဖော်လံဖားယား နေခဲ့မိသည် မဟုတ်ပါလော။ ထိုကဲ့သို့သော ကာမဂုဏ် လိုက်စားသည့် မိန်းမ တစ်ယောက်၏ ခြေသလုံးအား ဖက်တွယ်နေခဲ့မိသည် မဟုတ်လော။ ရွံရှာဖွယ် ကောင်းလှသည့် ဤမိန်းမ ချန်းရူအာကြောင့် မိဘများကိုပင် သူ တစ်ချိန်က ဒေါသထွက်ခဲ့ဖူးလေသည်။
ချန်းရူအာသည် တစ်ပြားမှပင် တန်ဖိုးမရှိသူဖြစ်ကြောင်း ရှင်းလင်းနေသော်လည်း သူမကိုယ်သူမ အလွန် မြင့်မြတ် သယောင် ဟန်ဆောင်နေ ရဆဲ ဖြစ်လေသည်။ သူမသည် အမှန် တကယ်ပင် ယုတ်မာလွန်းလှသည်။
ရဲ့ရှင်းချန်သည် မျက်နှာပြင်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်နှိပ်လိုက်လေသည်။
"ငါကတော့ အဲဒီလို မထင်ဘူး ဒီရက်ပိုင်း လူတိုင်း အဆင်မပြေကြဘူးဆိုတာ မင်းလည်း သိသားပဲ အခုလိုအချိန်မှာ မင်းလာရင် မင်းဆီကနေ ငါ့ဆီကို ဘယ်လို ရောဂါတွေ ကူးစက်လာမလဲ ဆိုတာ ငါ ဘယ်လိုလုပ်သိမလဲ အဲ့လိုသာ ဖြစ်သွားရင် ငါက ဘယ်လိုလုပ် ကုသနိုင်တော့မှာလဲ ငါတော့ အဲဒီလို သဘောမတူနိုင်ဘူး ငါက ရောဂါပိုးမွှားတွေကို သိပ်ကြောက်တတ်တဲ့သူ မဟုတ်ပေမဲ့ မင်းကတော့ ညစ်ပတ်လွန်းနေတယ်"
ရဲ့ရှင်းချန်သည် ချန်းရူအာ၏ ချက်စ်ဘောက်စ်အား ပိတ်လိုက်ကာ ချူယောင်၏ ချက်စ်ဘောက်စ် ကို ဖွင့်လိုက်လေသည်။ ၎င်းကို ဖွင့်လိုက်ချိန်တွင် ရဲ့ရှင်းချန်၏ မေးရိုးပင် ပြုတ်ကျလုမတတ် ဖြစ်သွားရလေတော့သည်။