ပြန်လည်သင့်မြတ်ခြင်း
Vol. 3 Ch. 31
ဤချူယောင်သည် ချန်းရူအာထက် များစွာ ပိုမို ပွင့်လင်းလွန်းနေခဲ့သည်။ ရဲ့ရှင်းချန်၏ အရုပ်ဆိုး အကျည်းတန်သည့် စကားများသည် ချူယောင်အား သွေးထိုး လှုံ့ဆော် ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သကဲ့သို့ ချူယောင် ကိုယ်တိုင်သည်လည်း ရဲ့ရှင်းချန်၏ အိမ်၌ အမှန်တကယ် နေထိုင်ချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
သူမသည် ရဲတင်းစွာဖြင့် ရဲ့ရှင်းချန်ထံသို့ သီးသန့်ဆန်စွာ ရာမက်ဆွသည့် ဓာတ်ပုံများစွာအား တိုက်ရိုက်ပင် ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။
ချန်းရူအာနှင့် နှိုင်းယှဉ်လျှင် ဤချူယောင်သည် များစွာ ပိုမို ရဲတင်းကာ အထိန်းအကွပ်မဲ့လှလေသည်။ အကယ်၍သာ အတိတ်ကာလတွင် ရဲ့ရှင်းချန်သည် ဤအရာများအား ဖွင့်ချခဲ့မည်ဆိုပါမူ ချူယောင်သည် အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ချေ။
ရဲ့ရှင်းချန်မှ "ဟမ်” ဟူ၍သာ စာပြန်လိုက်လေသည်။
ထိုမိန်းမနှစ်ယောက်၏ ရည်ရွယ်ချက်သည် မည်သည့် အရာဖြစ်ကြောင်းအား သူ သေချာပေါက် သိထားလေသည်။ သူသည် တမင်သက်သက် သူ၏ ချမ်းသာမှုများအား ကြွားဝါပြပြီး နောက်တွင် သူမတို့သည် သူ၏အိမ်၌ မည်မျှအထိ နေထိုင်လို နေကြကြောင်းကိုလည်း သူ သိထားလေသည်။
သူတို့၏ ဂုဏ်သိက္ခာများအား လွှင့်ပစ်လိုက်ရသည်အထိ ရဲ့ရှင်းချန်အား တောင်းပန်ရမည်ဆိုလျှင်ပင် သူတို့ လုပ်ကြပေလိမ့်မည်။
သို့သော် မည်သို့ ဖြစ်မည်နည်း။
ရဲ့ရှင်းချန်သည် ထိုကဲ့သို့သော စိတ်ထားနူးညံ့သည့် ဖော်လံဖားယားသူ မဟုတ်တော့ပေ။
..
ချန်းရူအာနှင့် ချူယောင်တို့သည် ရဲ့ရှင်းချန်၏ အကြောင်း ပြန်စာအား တစ်ချိန်တည်းမှာပင် လက်ခံ ရရှိခဲ့ကြလေသည်။ ထိုစာများအား ရရှိသည်နှင့် တစ်ပြိုင်နက် သူတို့သည် ရဲ့ရှင်းချန်၏ အိမ်သို့ အတင်းဝင်ရောက်ကာ သူ့အား ဆွဲထုတ် ပစ်ချင်စိတ်များကို မထိန်းနိုင်အောင် ဖြစ်နေကြတော့သည်။
သူတို့သည် ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရဲ့ရှင်းချန်အား အကြိမ်ကြိမ်အခါခါ တောင်းပန်ခဲ့ကြလေသည်။
အထူးသဖြင့် ချူယောင်သည် အေးခဲနေသည့်တိုင်အောင် စောင်ကို ဖွင့်လျှက် သူမ၏ အရှက်ရဖွယ် ကိုယ်ခန္ဓာ အစိတ်အပိုင်း ဓာတ်ပုံများကို ရဲ့ရှင်းချန်ထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ရဲ့ရှင်းချန်မှ သူမ၏ ဓာတ်ပုံများအား မြင် ပြီးနောက်တွင်ပင် "ဟမ်" ဟူ၍သာ အကြောင်းပြန်ခဲ့လေသည်။ ဤသည်မှာ ကြီးမားလှသည့် အရှက်ခွဲ ခံရမှုပင်တည်း။
သူတို့သည် တွေးလေလေ ပို၍ မကျေမနပ် ဖြစ်လေလေပင် ဖြစ်လာတော့သည်။ သူတို့၏ နေ့ရက်များသည် ငရဲပြည်နှင့်ပင် တူနေလေတော့သည်။ ဆာလောင် မွတ်သိပ်ကာ အေးခဲနေရုံသာမက သူတို့၏ စိတ်ဓာတ်များသည်လည်း ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိ နေကြပြီ ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် အာဏာပိုင်များသည် လျှပ်စစ်မီး ဖြန့်ဝေပေးမည်ဟု ကတိပြုထားခဲ့သည့် အတွက်ကြောင့် သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည် အနည်းငယ် သန်းလာခဲ့လေပြီ။
သို့ရာတွင် နှစ်နာရီကြာရရှိမည့် လျှပ်စစ်မီးသည် လုံလောက်မှု မရှိချေ။ သူတို့၌ အစားအစာများ ပြတ်လပ်နေပြီ ဖြစ်ရာ ဆာလောင်မှုအား ဖြေဖျောက်ရန် အတွက် နှင်းများအား တူးကာ ရေကျိုသောက်၍လည်း မရနိုင်ချေ။
သူတို့သည် ရဲ့ရှင်းချန်၏ နေအိမ်မှ စားနပ်ရိက္ခာများအား အမှန် တကယ့်ကိုပင် လိုအပ်နေကြခြင်း ဖြစ်သည်။
အန္တရာယ်များလှသည့် အတွေးဆိုးများ သူမ၏ စိတ်ထဲတွင် စတင် ပေါ်ပေါက် လာချိန်၌ ချန်းရူအာသည် အံကို တင်းတင်း ကြိတ်လိုက်မိလေသည်။
တကယ်လို့မှ အဆင်မပြေခဲ့ဘူးဆိုလျှင် သူမသည် ရဲ့ရှင်းချန်၏ အိမ်ထဲသို့ အတင်းဝင်ရောက်သွားမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူမသည် ရဲ့ရှင်းချန်၏ အိမ်တွင် နေရမှ ဖြစ်ပေမည်။ ယခုကဲ့သို့ သူမ ဆက်လက်၍ မဆာလောင်နေချင်တော့ပေ။
တကယ်လို့မှ အဆင်မပြေခဲ့ဘူးဆိုရင်...
ချန်းရူအာသည် သူမ၏ မျက်လုံးများအား မှေးကျဉ်းလိုက်တော့သည်။
‘ဒီလို ရာသီဥတုမျိုးမှာ လူတစ်ယောက် နှစ်ယောက်လောက် အေးခဲ သေဆုံးသွားတာက အံ့သြစရာတော့ မဟုတ်ဘူးမလား’
အကယ်၍များ သူသည် သူမအား အိမ်ထဲ အဝင်မခံခဲ့ဘူးဆိုလျှင် ရဲ့ရှင်းချန်အား သတ်ပြီးနောက် သူ၏ အလောင်းအား အပြင်ဘက် တွင် ပစ်ထားလိုက်မည် ဖြစ်သည်။ ရေခဲများနှင့် နှင်းများ ဖုံးလွှမ်းနေသည့် ကမ္ဘာကြီးတွင် ရဲ့ရှင်းချန် ဆိုသည့် လူတစ်ယောက် အေးခဲ၍ သေဆုံးသွားလျှင်ပင် မည်သူကမျှ သံသယဝင်လိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤ အချိန်တိုလေး အတွင်း၌ပင် လူများစွာ သေဆုံးခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ရဲ့ရှင်းချန် တစ်ယောက် သေဆုံးသွားခြင်းမှာမူ အရေးမကြီးလှပေ။
ဤအကြောင်းများအား တွေးမိချိန်တွင် ချန်းရူအာ၏ အကောက်ကြံလိုသည့် အကြည့်များသည် ဘေးခန်းဆီသို့ ရောက်ရှိသွားတော့သည်။
သူမနှင့် ချူယောင်တို့သည် ဟန်ဆောင်ကောင်းမှုများ အားလုံးကို အပြီးတိုင် ခွာချထားခဲ့ပြီ ဖြစ်ရာ ညီအစ်မများသဖွယ် ဆက်လက်ကာ ဟန်ဆောင်နေ၍ မရနိုင်တော့ချေ။
သို့သော် ယခုအခါတွင်မူ ဤအစီအစဉ်အား အကောင်အထည် ဖော်ရန်အတွက် ချန်းရူအာသည် သူမအား ကူညီမည့်သူ တစ်ဦး လိုအပ်နေသေးပေသည်။ ထို့ကြောင့် သူမသည် စောင်အား ခြုံလျှက် ဘေးခန်း၏ တံခါးပေါက်ဆီသို့ ရွှေ့သွားခဲ့လေတော့သည်။
"ချူယောင်"
"ငါတို့ ပြန်သင့်မြတ်ကြရအောင် ငါ နင်နဲ့အတူ အလုပ်လုပ်ဖို့ လိုနေတယ်"
"ရဲ့ရှင်းချန်ဆိုတဲ့ ခွေးကောင်က တကယ်ကို ငါတို့နှစ်ယောက် အေးခဲပြီး ဆာလောင်နေတာကို ကြည့်ရက်တယ် ပြီးတော့ သူ့ဆီမှာရှိတဲ့ စားနပ်ရိက္ခာ နည်းနည်းလေးကိုတောင် မျှဝေဖို့ ဆန္ဒမရှိဘူး"
"ဒီလောက်ကောင်းတဲ့ အိမ်က သူလို လူယုတ်မာ တစ်ယောက် နဲ့ ထိုက်တန်လို့လား"
"ယောင်ယောင် ငါတို့နှစ်ယောက်က အရမ်းလှတာလေ ဒီလိုနေရာမျိုးမှာ ငါတို့က ဘယ်လိုလုပ်ပြီး အငတ်ခံပြီး သေနိုင်မှာတဲ့လဲ"
"သူက ငါတို့နှစ်ယောက်ကို သူ့ရဲ့ ဗီလာမှာ နေဖို့ လက်မခံဘူး ဆိုမှတော့ ဘာလို့ ငါတို့နှစ်ယောက် ပူးပေါင်းပြီး သူ့ရဲ့ ဗီလာကို မလုယူရမှာလဲ"
ချန်းရူအာ၏ အကြံပြုချက်အား ကြားသောအခါ ချူယောင်သည် ဝမ်းသာအားရဖြင့် အံ့သြသွားခဲ့သော်လည်း ၎င်းမှာ လျင်မြန်စွာပင် စိတ်ပျက်ခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
"ငါတို့ နှစ်ယောက်တည်းလား ဘယ်လိုလုပ်မှာလဲ ပြီးတော့ သူ့နေရာကို လုယူ လိုက်တယ်ဆိုရင်တောင် ငါတို့က ဘာလုပ်နိုင်မှာလဲ သူက ငါတို့ကို လက်စားချေမှာ နင် မကြောက်ဘူးလား"
ချန်းရူအာမှ ယုတ်မာ ရက်စက်သည့် လေသံဖြင့် ရယ်မောလိုက်လေသည်။
"ငါလည်း ကြောက်တာပေါ့ ဒါကြောင့် လက်စားချေမခံရအောင် ငါတို့က အားလုံးကို အဆုံးသတ်ပြီးတော့ သူ့ကို တိုက်ရိုက် သတ်ပစ် လိုက်ရုံပဲလေ"
ချူယောင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လူသတ်မှုသည် တရားမဝင်ချေ။ သူမသည် ကောက်ကျစ် စဉ်းလဲ တတ်သော်ငြားလည်း တရားမဝင်သည့် လုပ်ရပ်မျိုးအား တစ်ကြိမ် တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ သို့သော်လည်း ချန်းရူအာ ပြောသည်မှာလည်း မှန်ကန်နေခဲ့သည်။ အကယ်၍ သူမတို့သည်သာ ထိုနေရာအား မလုယူပါမူ ဤနေရာ၌ အေးခဲ၍ သေဆုံးလျှင်သေဆုံး သို့မဟုတ် အငတ်ဘေးဖြင့် သေဆုံးရမည်သာ ဖြစ်ပေသည်။
"ကောင်းပြီ နင့်အကြံကို ငါသဘောတူတယ်"
"ငါတို့က ဒီလောက်တောင် သနားစရာကောင်းနေပြီကို ရဲ့ရှင်းချန်လို လူယုတ်မာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သက်တောင့်သက်သာ ဖြစ်နေရမှာလဲ"
"သူ ထွက်သွားသင့်တာပေါ့ အေးခဲပြီး သေသွားပါစေ ခုတ်ထစ်ခံရပြီး သေပါစေ တောခွေးတွေ ကိုက်လို့ သေသွားပါစေ"
ဤသည်အား ကြည့်ခြင်း အားဖြင့် ချူယောင်သည် ချန်းရူအာနှင့် အဘယ်ကြောင့် ပေါင်းသင်းနိုင်ခဲ့သနည်း ဆိုသည့် အကြောင်းရင်းတစ်ခု ရှိနေခဲ့ကြောင်း ပြောရပေမည်။ အမိုး တစ်ခုတည်း အောက်တွင် အိပ်စက် နေသူများအကြား ကွဲပြားသည့် လူနှစ်မျိုး နှစ်စား မရှိနိုင်ချေ။
သူတို့သည် ယမန်နေ့တွင်မှ အချင်းချင်း ရန်ဖြစ်ကာ သတ်ဖြတ်မည့် အသွင် အဖြစ် အလွန်အရုပ်ဆိုး အကျည်းတန်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ရည်မှန်းချက် တူညီမှုကြောင့် ပြန်လည်၍ သင့်မြတ် သွားကြပြန်ပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် အတူတကွ ထိုင်လျှက် ရဲ့ရှင်းချန်၏ အိမ်အား မည်သို့ လုယူရမည်နည်း ဆိုသည်ကိုပင် စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
"ငါတို့နှစ်ယောက်တည်း ဆိုရင်တော့ ရဲ့ရှင်းချန်ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် သူက အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်လေ ငါတို့က မိန်းကလေးတွေလေ"
ပုံမှန် အချိန်များ တွင်ပင် သူတို့နှစ်ဦးသည် ရဲ့ရှင်းချန်ကဲ့သို့ အရွယ်ရောက်ပြီးသည့် ယောက်ျားတစ်ယောက်အား အနိုင်ယူနိုင်စွမ်း မရှိချေ။
ထို့ပြင် ယခုအခါ သူတို့သည် ရက်ပေါင်းများစွာ တိုင်အောင် လုံလောက်စွာ စားသောက်နိုင်ခြင်း သို့မဟုတ် နွေးထွေးသည့် အဝတ်အစားများ ဝတ်ဆင်နိုင်ခြင်း မရှိခဲ့ကြပေ။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များမှာ အလွန်အမင်း ဆုံးရှုံးနေခဲ့ပြီ ဖြစ်ကာ မည်သည့် ခွန်အားမျှ မရရှိနိုင်တော့ချေ။
ရဲ့ရှင်းချန်မှာမူ တက်ကြွနေပုံပေါ်လေသည်။
ချူယောင်သည် အံ တင်းတင်း ကြိတ်လျှက် ပြောလိုက်သည်။
"ငါတို့ကို ကူညီဖို့ အိမ်နီးချင်း နည်းနည်းလောက်ကို ခေါ်လိုက်ရင်ရော ဘယ်လိုလဲ"
ချန်းရူအာသည် သူမအား အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။
"နင့်ဦးနှောက်ထဲမှာ တစ်ခုခု မှားနေတာလား"
"အိမ်နီးချင်း နည်းနည်းလောက်ကို ခေါ်မယ်ဟုတ်လား ရဲ့ရှင်းချန်ရဲ့ အိမ်ကို ကြည့်လိုက်အုနး် သူ့ဆီမှာ စားနပ်ရိက္ခာတွေ အများကြီး ရှိတယ် ဆိုပေမဲ့ လူတွေ အရမ်း များလာရင် ဘယ်လိုလုပ်မလဲ ဒါ့အပြင် အခုလိုအချိန်မှာ အဲဒီလူတွေက ပစ္စည်းတွေကို လုယူ ပြီးသွားရင်ကော ငါတို့နဲ့ ဝေစုခွဲပါ့မလား ဆိုတာ နင် ဘယ်လိုလုပ် သေချာ သိနိုင်မှာတဲ့လဲ"
"နင့်ကို ငါ သတိပေးလိုက်မယ် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့ တကယ်လို့ တခြားလူတွေကလည်း ဒီလို အတွေးမျိုးရှိပြီးတော့ ငါတို့ထက် တစ်လှမ်း ဦးသွားခဲ့ရင် ငါတို့ ဘာမှရတော့မှာ မဟုတ်တော့ဘူး"
လူသားတို့၏ သဘာဝဖြစ်သည့် တစ်ကိုယ် ကောင်းဆန်မှုနှင့် ယုတ်မာ ကောက်ကျစ်မှုတို့မှာ ချန်းရူအာထံ၌ အထင်အရှား ပေါ်လွင်နေခဲ့လေသည်။
"ကျန်းဖုန်းကို ငါလှမ်းခေါ်ရင် သူ ငါတို့ကို လာကူညီလိမ့်မယ်လို့ နင် ထင်လား"
ထိုစကားကို ကြားသောအခါ ချူယောင်သည် များစွာ ဝမ်းမြောက်သွားခဲ့သည်။
"မြန်မြန်လုပ် ကျန်းဖုန်းဆီကို မက်ဆေ့ခ်ျ ပို့လိုက်တော့ အိုက်ယား ရိုအာ နင့်ဦးနှောက်က ဒီလို အချိန်မှာ ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ"
ချန်းရူအာအပေါ် ကျန်းဖုန်း၏ စွဲလမ်းမှုမှာ ရဲ့ရှင်းချန်၏ အရူးအမူး ဖြစ်ခဲ့သော နေ့ရက်များတွင် စွဲလမ်းမှုထက် လျော့နည်းခြင်း မရှိပေ။ သူသည် သူမ အပေါ် ပို၍ပင် စွဲလမ်းနေသည်ဟု ဆိုနိုင်ပေသေးသည်။
ကျန်းဖုန်း သတင်းရရှိချိန်၌ သူသည် ဆာလောင်မှုအား ဖြေဖျောက်ရန် အတွက် ယမန်နေ့တွင် တူးဖော်ထားသည့် ရေခဲများအား ဝါးစားနေခဲ့ခြင်း ဖြစ်သည်။ ချန်းရူအာ ပြောသည့် သတင်းအား မြင်လိုက်ရသည့် အခိုက်အတန့်၌ သူ၏ အသက်ဝင်မှု မရှိသည့် မျက်လုံးများမှာ အရောင်လက် သွားခဲ့လေတော့သည်။
ချန်းရူအာသည် အချိန်အတော် ကြာသည်အထိ သူ့အား အကြောင်း ပြန်ကြားခြင်း မရှိခဲ့ပေ။ နောက်ဆုံးအကြိမ် ချန်းရူအာမှ အိမ်တွင် အစားအစာများ ရှိမရှိ သူ့အား မေးမြန်းခဲ့စဉ်တွင်၊ သူ၌ မည်သည်မှ မကျန်ရှိတော့ကြောင်း ပြန်ပြောခဲ့ရလေသည်။ ထိုအချိန် ကတည်းမှ စ၍ ချန်းရူအာသည် သူ၏ မက်ဆေ့ခ်ျ တစ်ခုကိုမျှ ပြန်လည်၍ ဖြေကြားခြင်း မရှိတော့ချေ။
သို့သော် သူမ၏ဖုန်း ဘက်ထရီ အားကုန်သွား၍သာ သူ့အား လျစ်လျူရှု ထားခြင်း ဖြစ်လိမ့်မည်ဟု သူ၏ စိတ်ထဲ၌ ဆင်ခြေတစ်ခု အမြဲရှာဖွေ နေခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော် ဒီမှာ ရှိပါတယ် အခုချက်ချင်း လာခဲ့ပါ့မယ်”
ကျန်းဖုန်းသည် အချိန်ကြာမြင့်စွာ အငတ်ဘေးအား ကြုံတွေ့ခဲ့ရသဖြင့် အရိုးနှင့် အရေသာ ကျန်တော့သည့် အခြေအနေသို့ပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ နဂိုတွင် သိသာ ထင်ရှားလှသည့် သူ၏ ရုပ်ဆင်း သဏ္ဌာန်မှာ ယခုအခါတွင် ပါးများ ချိုင့်ဝင်လျှက် မျက်နှာမှာလည်း သွေးဆုတ် ဖြူရော်နေခဲ့လေပြီ။
မူလတွင် သူ၏ မိသားစုတွင် စားနပ်ရိက္ခာများ အတော်အသင့် စုဆောင်းထားမှု ရှိခဲ့သော်လည်း နှင်းမုန်တိုင်း စတင်ပြီး မကြာမီမှာပင် သူသည် အစားအစာ အများစုအား ချန်းရူအာထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကျန်းရီမှ သူ့အား အစားအစာများ ကူညီ၍ ဝယ်ယူပေးရန် တောင်းဆိုခဲ့ချိန်၌ပင် သူ မည်သည့် အရာကိုမျှ မဝယ်ခဲ့ချေ။
အခြား အကြောင်းရင်း မရှိပေ။ သူ၏ မိသားစု နောက်ခံ အခြေအနေမှာ ဝမ်းကွဲအစ်ကို ဖြစ်သူ ကျန်းရီထက် များစွာ နိမ့်ကျနေခဲ့ပြီး ဖြစ်ကာ ကျန်းရီ ပေးထားသည့် ယွမ် သောင်းဂဏန်းများစွာအား အသုံးပြု၍ စျေးပေါလှသည့် ခေါက်ဆွဲခြောက်များအား ဝယ်ယူရန် သူ မဝံ့ရဲခဲ့ပေ။
သူသည် ငွေအား စုဆောင်းထားခဲ့ကာ ချန်းရူအာအတွက် ဆွဲကြိုးတစ်ကုံး ဝယ်ပေးချင်နေခဲ့ခြင်း ဖြစ်သည်။ ရူအာသည် ဆွဲကြိုးတစ်ကုံးအား လွန်စွာ သဘောကျနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ဝီချက် မို့မန့် တွင်ပင် တင်ထားခဲ့ဖူးသည်အား သူ မှတ်မိနေသေးသည်။ သူမအတွက် မွေးနေ့ လက်ဆောင်အဖြစ် ဤဆွဲကြိုးအား ဝယ်ရန်အတွက် ထိုငွေများကို သူ အသုံးပြုချင်ခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းဖုန်းသည် ဆက်လက်၍ အချိန်မဆွဲတော့ချေ။ ချန်းရူအာမှ သူ့ထံ မက်ဆေ့ခ်ျပို့ပြီးနောက်တွင် အအေးဒဏ်အား ကာကွယ်ရန်အတွက် အသုံးပြုသည့် အထူစားစောင်ကြီးအား ပတ်ချည်လျှက် ချန်းရူအာ၏ အိမ်သို့ ထွက်လာခဲ့လေတော့သည်။