← Chapters

နင့်ကိုယ်နင် ဘာကောင်မှတ်နေလဲ

Vol. 3 Ch. 36

နင့်ကိုယ်နင် ဘာကောင်မှတ်နေလဲ

Vol. 3 Ch. 36

သူ နိုးလာချိန်တွင် ရဲ့ရှင်းချန်၏ ဖုန်းသည် တစ်ဖန် ပြန်၍ တုန်ခါ လာပြန်လေသည်။ သူသည် ဂရုအသစ ်တစ်ခုထဲသို့ ဆွဲသွင်း ခံလိုက်ရ ပြန်တော့သည်။ ရဲ့ရှင်းချန်မှ ဖွင့်ကြည့်လိုက်လေရာ အုပ်စုဝင်များအား တွေ့လိုက်ရသည်။ လူများများစားစား မရှိဘဲ ခုနစ်ယောက်တည်းဖြင့်သာ ဂရု လုပ်ထားခြင်း ဖြစ်သည်။ ကျန်းဖုန်း ချန်းရူအာ နှင့် ချူယောင် တို့ အားလုံး ထို ဂရုအတွင်း၌ ပါဝင်နေကြလေသည်။ သူနှင့် မရင်းနှီးသည့် အခြားသော အိမ်နီးချင်း အနည်းငယ်လည်း ရှိနေသေး၏။

ရဲ့ရှင်းချန်သည် စခရင်မ်အား ကြည့်လျှက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိကာ ထို သူများ မည်သို့ ကြံစည် နေကြသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့တော့သည်။ ထိုမေးခွန်း သူ့ရင်ထဲတွင် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အုပ်စုထဲမှ တစ်စုံတစ်ယောက်မှ သူ့အား စတင် ရှာဖွေလာခဲ့လေသည်။

ချန်းရူအာ - "@ရဲ့ရှင်းချန် အစ်ကိုရှင်းချန် အခု အပြင်ဘက်မှာ အရမ်းအန္တရာယ်များနေပြီ ညီမတို့ တိုင်ပင်ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်"

"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ ငါ့ဘာသာငါ တစ်ယောက်တည်း အရမ်းကို သက်သောင့်သက်သာ နေနေတာ"

ချူယောင် - "ဒါတော့ မဟုတ်သေးဘူးလေ နင်က တစ်ယောက်တည်းဟာကို နင့်ကို တစ်ခုခုဖြစ်ရင် ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး တစ်ယောက်ယောက်က နင့်အိမ်ထဲကို ဖောက်ဝင်လာရင်ရော နင် ဖြေရှင်းနိုင်လို့လား"

ရဲ့ရှင်းချန်သည် ထိုသို့ ပြောဆိုလာသည်အား ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။

‘အိမ်အတွင်းကို ဖောက်ဝင်လာမယ် ဟုတ်လား မင်းတို့ကောင်တွေပဲ အတင်းဖောက်ဝင်ဖို့ လုပ်နေကြတာ မဟုတ်ဘူးလား အောင်မြင်အောင် မလုပ်နိုင်ကြလို့သာပေါ့’

"ဒါနဲ့ မင်းက ဘာပြောချင်တာလဲ"

ရဲ့ရှင်းချန်၏ ငေါက်ငန်း ပြောဆိုမှုကြောင့် ချူယောင်သည် အုပ်စုထဲတွင် ကျိန်ဆဲမိတော့မလို ဖြစ်သွားသော်လည်း သူမ၏ ဘေးရှိ ချန်းရူအာမှ တားဆီးလိုက်လေသည်။

ချန်းရူအာ - "အခု အားလုံး သီးခြားစီနေတာက မလုံခြုံသလို အဆင်မပြေဘူးလေ ဒီနေ့လည်း လူသတ်မှု ဖြစ်သွားတော့ အားလုံးက ထိတ်လန့်နေကြတာ ဒါကြောင့် အားလုံး တိုင်ပင်ပြီး အတူတူ ပြောင်းနေဖို့ ဆုံးဖြတ်လိုက်ကြတာ ဒါမှ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ ရမှာပေါ့"

"ဘာလဲ အားလုံး အတူတူရှိနေရင် ပိုလုံခြုံသွားပြီ ဆိုတော့ ကျည်ဆန်တွေက မင်းတို့ခေါင်းတွေကို မဖောက်နိုင်တော့ဘူးလား"

ရဲ့ရှင်းချန်မှာမူ ရယ်သာ ရယ်ချင်နေမိတော့သည်။ သူတို့၏ ရည်ရွယ်ချက်များမှာ အလွန် သိသာလွန်းနေခဲ့သည်။ အုပ်စုထဲမှ အခြားလူတစ်ယောက်သည်လည်း ဝင်ပြောလိုက်လေသည်။ သူ၏ အမည်မှာ မာချောင်းဝမ် ဖြစ်သည်။ သူသည် ဘဏ္ဍာရေး ကုမ္ပဏီတစ်ခု၏ အကြီးတန်း အမှုဆောင်တစ်ဦး ဖြစ်ကြောင်း ရဲ့ရှင်းချန် မှတ်မိနေသေးသည်။

"သူက ဘယ်တော့ သေနတ်နဲ့ လာလုမလဲဆိုတာ မသိနိုင်ဘူးလေ လူနည်းနည်း ပိုများရင် အနည်းဆုံးတော့ ကျန်းရီက ကြောက်သွားမှာပေါ့ ဒါ့အပြင် တကယ်လို့ အဆင်မပြေရင်တောင် သူ ဖွင့်လို့မရအောင် ငါတို့တွေ အတူတူ တံခါးကို ပိတ်ဆို့ထားကြလို့ ရတယ်လေ"

"ဒါပေမဲ့ အခုလောလောဆယ် ငါတို့မှာ နေဖို့ နေရာကောင်းကောင်း မရှိသေးဘူးဖြစ်နေတယ်"

"ဟုတ်တယ် အစ်ကိုရှင်းချန်"

ချန်းရူအာမှ အလျင်စလို ဝင်ပြောတော့သည်။

"အစ်ကို့အိမ်မှာက ခေါင်မိုးထပ်လည်း ရှိတယ် ပြီးတော့ အစ်ကို့ရဲ့ လုံခြုံရေး တံခါးကလည်း ထူးထူးခြားခြားကို ခိုင်မာလွန်းတယ်လေ"

"ဒါကြောင့် ညီမတို့ အားလုံးက အစ်ကို့ကို အဖွဲ့ထဲ ထည့်ပြီးတော့ ဒီနှင်းမုန်တိုင်းဘေးကို အတူတူ ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်နေကြတာပါ"

ဤနေရာ အရောက်တွင်မူ ရဲ့ရှင်းချန်သည် ထိုသူများ၏ အကြံအသည်အား အမှန်တကယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ချန်းရူအာနှင့် ထိုသုံးယောက်သည် ရိက္ခာများအား အတင်းအဓမ္မ လုယူရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် စိတ်ပျက်ကာ အကူအညီရှာရန် ပြေးသွားကြခြင်း ဖြစ်ပေသည်။ ဤလူစုသည် ရဲ့ရှင်းချန်၏ အိမ်တွင် လျှပ်စစ်ဓာတ် အားပေးစက်များနှင့် လုံလောက်သည့် အစားအစာများ ရှိနေကြောင်းကိုပင် သိရှိထားပြီး ဖြစ်နိုင်ပေသည်။

ရဲ့ရှင်းချန်မှ အေးစက်စွာ ရယ်မောလိုက်မိတော့သည်။

ဟက် သူတို့ရဲ့ အကြံအစည်က တကယ့်ကို ပြောင်မြောက်လွန်းလှသည်။ ရပ်ကွက် တစ်ဝက်ဝေးကွာလှသည့် နေရာမှပင် သူ အတိုင်းသား ကြားနေရသည်လေ။

ရဲ့ရှင်းချန်သည် ထိုသူတို့နှင့် အချိန် ထပ်မဖြုန်းချင်တော့ပေ။

"အို ကျေးဇူးပါပဲ ငါတော့ မလိုအပ်ပါဘူး ငါ အခု တစ်ယောက်တည်း အရမ်းကို သက်သောင့်သက်သာ နေနေတာ မင်းတို့ အတူတူ နေချင်တယ်ဆိုရင် တခြား တစ်နေရာရှာဖို့ ငါ အကြံပေးပါရစေ"

မည်သို့ ရယ်စရာကောင်းလှဿည့် စကားများ ဖြစ်သနည်း။ အိမ်အတွင်းသို့ ဝံပုလွေသွင်းမိခဲ့သည့် အတွက် သူ အလွန်ပင် နစ်နာခဲ့ရပြီးပြီ ဖြစ်လေသည်။ ထိုသည်ကိုပင် နောက်တစ်ကြိမ် ထပ်လုပ်စေချင်သေးသည်လော။ အိပ်မက် မက်နေလိုက်သည်သာ ပို၍ ကောင်းပေမည်။

ရဲ့ရှင်းချန်မှ သူတို့အား ငြင်းဆိုလိုက် ပြီးနောက် လူတိုင်းမှာ သိသိသာသာပင် မပျော်မရွှင် ဖြစ်သွားကြတော့သည်။

"အခု လူတိုင်းရဲ့ အသက်အန္တရာယ်က စိုးရိမ်ရတဲ့ အခြေအနေမှာလေ နင်က ဘာလို့ ဒီလောက် အမြင်ကျဉ်းရတာလဲ ငါတို့နဲ့ ပူးပေါင်းလိုက်ရင် ငါတို့အားလုံး ဘေးကင်းနိုင်မှာပေါ့"

"နင့်နေရာက ဆောက်ထားတာ ကောင်းပြီးတော့ ခေါင်မိုးပေါ်မှာ နှင်းတွေကို ကောင်းကောင်း သိုလှောင်နိုင်တဲ့ ရေကန်ကြီးတစ်ခု ရှိနေလို့သာ ငါတို့က နင့်နေရာကို ရွေးလိုက်တာ"

အခြားသော အဖွဲ့ဝင် တစ်ယောက်ဖြစ်သည့် စွန်းမင်သည်လည်း ဝင်ပြောလေသည်။

"လူတိုင်းက နင့်ဆီက အခွင့်အရေးယူနေတယ်လို့ မထင်နဲ့လေ တကယ်တော့ အားလုံးက နင့်ကို ကာကွယ်ပေးနေကြတာ မဟုတ်ဘူးလား"

ရဲ့ရှင်းချန်မှာ မျက်ရည်များပင် ကျလာမတတ် အော်ရယ်မိတော့သည်။ သူသည် အုပ်စုထဲတွင် မေးခွန်းသင်္ကေတ တစ်ခု အား ပို့လိုက်မိတော့သည်။ ရဲ့ရှင်းချန်သည် သူ၏ နေ့စဉ် မည်မျှ သက်သောင့် သက်သာ ရှိနေသည်အား သူတို့ မြင်တွေ့နိုင်ရန် ကင်မရာ ဖွင့်လျှက် ဗီဒီယိုကောလ် ခေါ်ချင်စိတ်များပင် တဖွားဖွား ပေါ်ပေါက်လာခဲ့လေသည်။

ချူယောင်၏ ဘေးတွင် ကွေးကွေးလေး ထိုင်နေသည့် ချန်းရူအာသည် သူမ၏ နှုတ်ခမ်းအား စေ့လျှက် ဦးနှောက်ဆေးခြင်းအား ထပ်မံ၍ စတင်လိုက်လေသည်။ ရဲ့ရှင်းချန်မှ သူမအား မကြိုက်တော့မှန်း သူမ သိလေသည်။ ရဲ့ရှင်းချန်သည် သူမကို အနည်းငယ်ပင် မုန်းတီးနေသည်ဟုပင် ဆိုနိုင်သေးသည်။ သို့မဟုတ်ပါမူ ရဲ့ရှင်းချန်သည် သူမအား ဤသို့ ဆက်ဆံမည် မဟုတ်ချေ။ သို့ရာတွင် သူမတွင် ရွေးချယ်စရာ မရှိတော့ချေ။

သူမသည် ဆက်လက်၍ အသက် ရှင်သန်ချင်ပေသည်။ ရဲ့ရှင်းချန်၏ အိမ်တွင် သူမ နေချင်လေသည်။ အတင်းအဓမ္မ ဝင်ရောက်၍ မရနိုင်သဖြင့် လူတိုင်း ပူးပေါင်းကာ ရဲ့ရှင်းချန်အား ကိုယ်ကျင့်တရားဖြင့် အရှက်ခွဲနိုင်ရန် ရဲ့ရှင်းချန်၏ နေရာတွင် ရိက္ခာများ ပေါများနေကြောင်း သတင်းဖြန့်ရုံသာ ရှိတော့သည်။

ရဲ့ရှင်းချန်မှ သူမအား မကြိုက်တော့သော်ငြားလည်း သူသည် သူမအား နှစ်ပေါင်းများစွာ ချစ်ရေးဆိုခဲ့ဖူးသည့် သူတစ်ဦး ဖြစ်သည်။ အနည်းဆုံးတွင်မူ သူတို့သည် သူငယ်ချင်းများ အဖြစ် သတ်မှတ် နိုင်သေးသည်ဟု သူမ ခံစားရလေသည်။ ထို့ပြင် ယခုတွင် သူတို့ ရင်ဆိုင်နေရသည့် အရာများမှာ သူတို့၏ အသက်အန္တရာယ်အား ခြိမ်းခြောက်နေခဲ့သည်။

ရဲ့ရှင်းချန်သည် ပို၍ သဘောထား ကြီးသင့်သည်ဟု သူမသည် တစ်ဖက်သတ် မှတ်ယူထားခြင်း ဖြစ်သည်။ သူမသည် မကောင်းမှုများစွာအား အမှန်တကယ် လုပ်ခဲ့သော်လည်း ရဲ့ရှင်းချန်မှ သူမအား အချိန်အကြာကြီး သဘောကျခဲ့ကာ သူမသည်လည်း တောင်းပန်ပြီးခဲ့ပြီ ဖြစ်သည်။ သူသည် သူမအား သေချာပေါက် ကူညီသင့်သည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

ချန်းရူအာ - "ကောင်းပြီလေ ညီမတို့က အစ်ကို့ဆီက အကူအညီတောင်းဖို့ ရှိနေတယ် ဆိုတာကို ညီမ ဝန်ခံပါတယ် ဒါပေမဲ့ အစ်ကို စဉ်းစားကြည့်ပါဦး ရဲ့ရှင်းချန် ညီမတို့နဲ့ အတူရှိနေတာက အစ်ကို့အတွက် အကျိုးကျေးဇူးတွေပဲ ရမှာ ဘာအန္တရာယ်မှ မရှိနိုင်ဘူး ညီမတို့သာ ပြောင်းလာရင် အစ်ကို တစ်ယောက်တည်းနဲ့ အသက် ခုနစ်ချောင်း ရှစ်ချောင်းလောက်ကို ကာကွယ်ပေးနိုင်ပြီလေ"

"ကျန်းရီက ညီမတို့ကို လာလုပြီး အိမ်ကိုပါ လုယူသွားမှာကို အစ်ကို ရက်ရက်စက်စက် ကြည့်ရက်လို့လား အစ်ကို ညီမအပေါ် ဒေါသထွက် နေတုန်းပဲဆိုတာ ညီမ သိပါတယ် ဒါပေမဲ့ ဒါက ကိစ္စ သေးသေးလေး မဟုတ်ဘူးလေ ပြီးတော့ ညီမတို့က နှစ်ပေါင်းများစွာ အစ်ကို့ရဲ့ သူငယ်ချင်းတွေ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြတာပဲ မဟုတ်လား"

ရဲ့ရှင်းချန်သည် ဤလူများအား သိလေသည်။ ၎င်းတို့ထဲမှ အချို့သည် ယခင် အချိန်များတွင် ရဲ့ရှင်းချန်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့ကြဖူးလေသည်။ အုပ်စုထဲရှိ လူတိုင်းသည် သူတို့၏ ခင်မင်ရင်းနှီးမှုအား ထောက်ထား၍ ရဲ့ရှင်းချန်၏ အိမ်တွင် နေထိုင်ခွင့်ပြုရန် ရဲ့ရှင်းချန်အား စတင်၍ တောင်းဆိုလာကြတော့သည်။

အကယ်၍ သူသာ ပြန်လည်၍ မမွေးဖွားလာခဲ့လျှင် ရဲ့ရှင်းချန်သည် သဘောတူ ပြီးလောက်ပြီ ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ယခင်ဘဝတွင် သေဆုံးခြင်း၏ နာကျင်မှုအား ခံစားခဲ့ရပြီးနောက် ရဲ့ရှင်းချန်သည် သူတော်စင်ဆန်ဆန်နှင့် စိတ်ထား ပျော့ညံ့သည့် ကောင်လေး မဟုတ်တော့ချေ။ ထို့ပြင် ဤအုပ်စုထဲရှိ လူအားလုံးအား သူသိသော်လည်း ယခင်ဘဝတွင် သူတို့ အားလုံးနီးပါး သူ၏ အသားအား စားခဲ့ကြသူများ ဖြစ်လေသည်။

"ဒီလိုအချိန်မှာ မင်းတို့ အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာက ငါနဲ့ ဘာဆိုင်လို့လဲ မင်းတို့အားလုံးက ငါ့အတွက် အသုံးမဝင်တဲ့သူတွေချည်းပဲ ငါက ဘာလို့ မင်းတို့ကို ကာကွယ်ပေးရမှာလဲ ပြီးတော့ ကျန်းရီက မင်းတို့အိမ်ကို အချိန်မရွေး လာပြီး ရိက္ခာ လာလုနိုင်တယ် လို့လည်း မင်းတို့ ပြောခဲ့တယ်လေ ဒါဆို မင်းတို့ကရော ငါ့အိမ်ကိုလာပြီး ငါ့ရိက္ခာတွေကို လာမလုဘူးဆိုတာ ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ"

"မင်းတို့က ငါနဲ့ အသိအကျွမ်းတွေလောက်ပါပဲ အခု အပြင်ဘက်မှာ ခေါက်ဆွဲခြောက် တစ်ထုပ်ကို ယွမ် နှစ်သောင်းတောင် တန်နေပြီ မင်းတို့သာ ငါ့အိမ်မှာ လာနေရင် ငါက မင်းတို့အတွက် အစားအသောက်ပါ ထောက်ပံ့ပေးဖို့ လိုသေးတာလား ဘာလဲ မင်းတို့က အရမ်း အကြံအစည် ကြီးနေကြတာလား မင်းတို့က ငါ့ကို ကာကွယ်ပေးဖို့ လာတာလို့ ပြောပေမဲ့ အဆုံးကျတော့ အားလုံးက ငါ့ဆီက အခွင့်အရေး ယူဖို့ လာကြတာပဲ မဟုတ်ဘူးလား"

"မင်းတို့ရဲ့ ညစ်ပတ်တဲ့ အတွေးတွေ အတွက် အသံကောင်းဟစ်ပြီး အကြောင်းပြချက် ပေးနေတာတွေကို ရပ်လိုက်တော့ တကယ့်ကို ရယ်စရာကောင်းလွန်းလို့"

ထိုသို့ပြောပြီးနောက် ရဲ့ရှင်းချန်သည် အားမလိုအားမရ ဖြစ်နေ ဆဲပင် ဖြစ်သည်။ သူသည် ကုတင်ပေါ်မှ ဆင်းကာ မီးဖိုချောင်သို့ သွား၍ ရေခဲသေတ္တာတံခါးအား ဖွင့်လျှက် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်လေသည်။

"အဆင်ပြေပါတယ် ငါ အကုန်စားနိုင်တယ် မင်းတို့ ငါ့အတွက် သိပ်စိတ်ပူပေးစရာ မလိုပါဘူး"

ထိုသို့ပြောပြီးသည်နှင့် ရဲ့ရှင်းချန်သည် အုပ်စုထဲမှ ထွက်လိုက်တော့သည်။

‘ချန်းရူအာ ဆိုတဲ့ မိန်းမယုတ်က သူ့ကိုသူ ဘာကောင်မ မှတ်နေတာလဲ ခုချိန်ထိ သူ့ကိုသူ ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိသေးတယ်လို့ တကယ်ပဲ ထင်နေတာလား ရယ်စရာပဲ သူ့လို မိန်းမကများ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အရှက်ရစေတဲ့ ကစားပွဲကို ကစားချင်နေသေးတယ် ‘

သူ့တွင် ကိုယ်ကျင့်တရား မရှိသရွေ့ ကိုယ်ကျင့်တရား ဆိုသည့် အရာသည် သူ့အား အရှက်ရစေလိမ့်မည် မဟုတ်ပေ။

All Chapters