ဒါဆိုလည်း အင်အားသုံးရတာပေါ့
Vol. 3 Ch. 37
မျက်လုံးပွင့်လာသည်နှင့် ဉာဏ်များလှသည့် မိန်းမယုတ် တစ်ယောက်အား ဆဲရေး တိုင်းထွာလိုက်ရသည့် အချိန်မှစ၍ လှပလွန်းလှသည့် နေ့သစ်တစ်နေ့ စတင်ခဲ့လေပြီ။
ရဲ့ရှင်းချန်သည် ဖုန်းအား ချလိုက်ကာ အကြော ဆန့်လိုက်လေသည်။ ထို့နောက် ဖြည်းညှင်းစွာ သွားတိုက် မျက်နှာသစ် လုပ်နေလိုက်သည်။ ထို့နောက် ရေခဲသေတ္တာ အတွင်းမှ သန့်စင်သည့် အာလူး အနည်းငယ်နှင့် အကောင်းစား အမဲသားတစ်တုံးအား ထုတ်ယူ လိုက်တော့သည်။
ရဲ့ရှင်းချန်သည် အလွန်ပင် စိတ်ရှုပ်ထွေးနေခဲ့သည်။ သူသည် နေရာလွတ် အတွင်းတွင် သိမ်းဆည်းထားသည့် စားသောက်ဆိုင် အမျိုးမျိုးမှ နာမည်ကြီး ဟင်းလျာများအား နေ့တိုင်းနီးပါး စားသုံးခဲ့လေသည်။ သူ အကုန် မစားရသေးသော်လည်း အများကြီး စားပြီးနောက် သူ၏ ခန္ဓာကိုယ်တွင် အစာမကြေ ဖြစ်နေသကဲ့သို့ အနည်းငယ် ခံစားနေရလေသည်။ ကံကောင်း ထောက်မစွာဖြင့် သူသည် ဤကိစ္စအား ကြိုတွေးထားပြီး ဖြစ်ကာ လတ်ဆတ်လှသည့် ဟင်းသီးဟင်းရွက်နှင့် သားငါး အများအပြားကိုလည်း ဝယ်ယူထားခဲ့လေသည်။
တစ်ခါတစ်ရံတွင် အပြောင်းအလဲဖြစ်စေရန် အတွက် သူကိုယ်တိုင် ဟင်းချက်စားနိုင်သေးသည်။ သူသည် အာလူးများအား အတုံးလေးများ လှီးလျှက် လှီးထားသည့် အမဲသား မုန်လာဥနီနှင့် ဟင်းခတ်မှုန့်များအား အိုးထဲသို့ ပစ်ထည့် လိုက်တော့သည်။ ဟင်း ကျက်မည့် အချိန်အား စောင့်နေစဉ် သူသည် အာလူးကြော်အား ထုတ်ယူလိုက်ကာ ပြတင်းပေါက်ရှေ့တွင် ထိုင်နေလိုက်သည်။
အခြားကိစ္စများအား ဘေးဖယ်ထားလိုက်လျှင် နှင်းကျနေသည့် မြင်ကွင်းမှာမူ မဆိုးလှပေ။
ရဲ့ရှင်းချန်သည် ပြန်လည်၍ မွေးဖွားလာပြီးနောက် ဤ လုံခြုံရေး အိမ်ကို ဆောက်လုပ် ခိုင်းခဲ့ချိန်မှစ၍ ဗီလာအား သုံးထပ်မှ ခုနစ်ထပ်အထိ တိုးချဲ့ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အချိန်သည် တိုတောင်းလှကာ တာဝန်သည် ကြီးမားလှလေသည်။ ရဲ့ရှင်းချန်သည် ငွေကြေး အများအပြား အကုန်အကျ ခံခဲ့ရသည့် အတွက်ကြောင့် လျိုရှီလုံမှ ဤမျှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရသည့် အကြောင်းရင်းတစ်ခုမှာ ဗီလာဧရိယာအတွင်းရှိ အမြင့်ဆုံးဗီလာမှာ လေးထပ်ခွဲသာ ရှိသောကြောင့် ဖြစ်ပေသည်။
ယခု ပြန်စဉ်းစားကြည့်လျှင်မူ ဤဆုံးဖြတ်ချက်သည် အမှန် တကယ်ကိုပင် မှန်ကန်လှပေသည်။ နှင်းမုန်တိုင်းသည် ပထမထပ်အား လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်လေသည်။ ကျန်းဖုန်းနှင့် အခြားသူများ ရောက်လာ ပြီးနောက် ရဲ့ရှင်းချန်သည်လည်း အပေါ်ဆုံးထပ်ဖြစ်သည့် ခုနစ်ထပ်သို့ ပြောင်းရွှေ့ခဲ့လေသည်။
ယခုအခါ ခုနစ်ထပ်ရှိ ဧည့်ခန်းမထဲတွင် ရပ်လျှက် ရပ်ကွက်တစ်ခုလုံးအား အပေါ်စီးမှ ကြည့်လိုက်လေရာ သူ့တွင် ပြောမပြနိုင်သည့် အရာရာအား ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဟု ခံစားလိုက်ရလေသည်။
တောင်ပိုင်းမှ လူများသည် ဤမျှဆိုးရွားသည့် နှင်းမုန်တိုင်းအား မဆိုထားနှင့်။ တစ်နှစ်ပတ်လုံး နှင်းကျသည်ကိုပင် မြင်ဖူးကြခြင်း မရှိပေ။ ထူထပ်လှသည့် နှင်းလွှာများ ဖုံးလွှမ်းနေမှု အောက်တွင် ဤကမ္ဘာပေါ်၌ အညစ်အကြေး ဟူ၍ မရှိတော့သကဲ့သို့ ထင်ရလေသည်။ မြေပြင်သည် အခြား အရောင်အသွေးမရှိဘဲ ငွေရောင်များဖြင့် ဖုံးလွှမ်းနေခဲ့ကာ မျက်စိပသာဒ ဖြစ်စေပေသည်။
သို့သော် ဤအခိုက်အတန့်တွင် အဝေးရှိ အထပ်မြင့် အဆောက်အအုံတစ်ခုမှ အမည်းရောင် အရိပ်တစ်ခု ပြုတ်ကျလာသည်အား ရဲ့ရှင်းချန် ရုတ်တရက် မြင်လိုက်ရလေသည်။ သူသည် မှန်ပြောင်းအား အမြန် ထုတ်ယူလိုက်လေသည်။ မှန်ပြောင်းဖြင့် မြေပြင်အား ကြည့်လိုက်လေရာ တစ်စုံတစ်ယောက် အဆောက်အအုံပေါ်မှ ပြုတ်ကျသွားကြောင်း သူ သဘောပေါက်လိုက်တော့သည်။
ထိုသူသည် မြေပြင်ပေါ်တွင် နက်ရှိုင်းလှသည့် တွင်းကြီးတစ်ခု ဖြစ်သွား စေလောက်အောင် ပြုတ်ကျသွားသည်ကိုပင် သူ မြင်တွေ့လိုက်ရသည်။ တွင်းကြီး ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ နှင်းများသည် ထိုသူအား ဖုံးလွှမ်းသွားသည် အထိ ချိုင့်ခွက် အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြတော့သည်။
လူတိုင်းသည် ရိက္ခာများအား စတင်၍ လုယက်နေကြသည်မှာ စတင် နေပုံရလေသည်။ အချို့လူများသည် အကြမ်းဖက်မှုနှင့် လူသတ်မှုများကိုပင် ကျူးလွန် နေကြပြီ ဖြစ်လေသည်။
..
တစ်ဖက်တွင်မူ ကျန်းရီသည် ရိက္ခာများ အားလုံးကို ခွဲခြား စီစဉ်ပြီးနောက် သူ့ထံ ပြောင်းရွှေ့လာသူများအား အိမ်ပြင်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သူ၏ အိမ်တွင် သူ့အား ကာကွယ်ရန် တာဝန်ကျသူများ ရှိနေပြီး ဖြစ်ကာ ကျန်းရီသည် လူများ ကြောက်ရွံ့နေသည့် ကြောက်မက်ဖွယ်ကောင်းသည့် အရာအား စတင်၍ လုပ်ဆောင်လေတော့သည်။
လူတိုင်းအား အာဏာပိုင်များထံ ပူးပေါင်း ပါဝင်စေချင်သည်ဟု သူမှ ပြောသော်လည်း သူ၏ လုပ်ရပ်များမှာမူ အလွန် ရက်စက်လှပေသည်။ ပူးပေါင်းရန် ဆန္ဒရှိကာ ရိက္ခာများအား ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်သည့် ကြောက်တတ်သည့်သူများနှင့် တွေ့ဆုံသောအခါ သူသည် ရိက္ခာများအား ယူလျှက် အိမ်သို့ ပြန်သွားတတ်လေသည်။ အကယ်၍ မည်သူမဆို ပူးပေါင်းရန် ငြင်းဆန်ပါမူ ကျန်းရီသည် ဓားအား အသုံးပြုလေတော့သည်။ လူများမှာ ပို၍ ထိတ်လန့်လာကြကာ စုရုံးနေကြတော့သည်။
ချန်းရူအာတို့မှာမူ စွန်းမင်၏ အိမ်တွင် အတူတူ နေထိုင်ကြလေသည်။ စွန်းမင်သည် ကျန်းဖုန်း၏ ဝမ်းကွဲအစ်မ ဖြစ်လေသည်။ သူမသည် ကျင်းဟိုင်မြို့တွင် အလှကုန်လုပ်ငန်းတစ်ခု လုပ်ကိုင်ခဲ့သည်။ သူမ၏ စီးပွားရေးမှာ အတော်လေး ကြီးမားကာ သူမအား သူဌေးမ တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။ သူမသည်လည်း ရဲ့ရှင်းချန်၏ ဗီလာ ဧရိယာတွင် နေထိုင်နေခြင်း ဖြစ်သည်။ အခြားသူများမှာမူ ကျန်းဖုန်း၏ သူငယ်ချင်းများ မှလွဲ၍ ကျန်သူများမှာ စွန်းမင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် သူမ၏ အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြလေသည်။
မည်သို့ပင်ဆိုစေ ယခုကဲ့သို့သော အချိန်မျိုးတွင် သူတို့သည် အခြားသူများနှင့် အတူနေချင်ပါမူ သူတို့ ယုံကြည်ရသူကိုသာ ရှာဖွေနိုင်မည် ဖြစ်သည်။ ကျန်းဖုန်း၏ အရှက်မရှိ တောင်းဆိုမှုကြောင့်သာ ချန်းရူအာနှင့် ချူယောင်တို့သည် အတူတူ ပြောင်းရွှေ့နေထိုင်ခွင့် ရခဲ့ခြင်း ဖြစ်ပေသည်။ ထိုသူ နှစ်ဦး ဆီမှ ရရှိနိုင်သည့် တန်ဖိုးသည် သဘာဝကျကျပင် ရဲ့ရှင်းချန် မိသားစု၏ လက်ရှီ အခြေအနေမှန်အား သိရခြင်းသာ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူတို့သည် စွန်းမင်၏ အိမ်ဧည့်ခန်းတွင် ထိုင်လျှက် မျက်မှောင်ကြုတ် နေကြတော့သည်။ ရဲ့ရှင်းချန်မှ သူတို့၏ အတူနေထိုင်ရန် တောင်းဆိုမှုအား ငြင်းဆိုခဲ့သဖြင့် သူတို့ စိတ်အခြေအနေ မကောင်းကြချေ။
စွန်းမင်သည် ချန်းရူအာနှင့် ချူယောင်တို့အား ကြည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။
"အရင်က နင်တို့ကို ဒီမှာနေဖို့ ငါသဘောတူခဲ့တာက ငါ့မောင်ရဲ့ တောင်းဆိုမှုကို သဘောတူခဲ့လို့ပဲ ပြီးတော့ နင်တို့က ရဲ့ရှင်းချန်ရဲ့ အိမ်မှာ ငါတို့အားလုံးကို နေခွင့်ပြုဖို့ သူ့ကို ဖျောင်းဖျပေးနိုင်တယ်လို့ အစက ကတိပေးခဲ့တယ်လေ"
"ဒါပေမဲ့ အခု သူက သဘောမတူတဲ့အပြင် အုပ်စုထဲကပါ ထွက်သွားပြီ နင်တို့နှစ်ယောက် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ပြောပြစမ်းပါဦး"
ကျန်းဖုန်းသည် ချန်းရူအာ၏ ညှို့ယူ ဖမ်းစားမှုကြောင့် စိတ်လွတ်သွားခဲ့ရခြင်း ဖြစ်သည်။ သို့သော် စွန်းမင်မှာမူ ထိုသို့မဟုတ်ချေ။ စွန်းမင်သည် လူ့အသိုင်းအဝိုင်းတွင် ကြိုးစားရုန်းကန်လျှက် ယခုအဆင့်အထိ ရောက်ရှိလာသူ ဖြစ်ပေသည်။ ဤမိန်းကလေးနှစ်ဦးမှာ လူကောင်းများ မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူမ သိနိုင်လေသည်။ အကယ်၍ ရဲ့ရှင်းချန်အား ဖျောင်းဖျရန် နည်းလမ်းရှိသည်ဟု ချန်းရူအာမှ မပြောခဲ့ပါမူ စွန်းမင်သည် သူတို့နှစ်ဦးအား လုံးဝ လက်ခံလိမ့်မည် မဟုတ်ချေ။
ချန်းရူအာမှ အလျင်အမြန် ပြောလိုက်လေသည်။
"အစ်မ မင်မင် ညီမပြောတာကို နားထောင်ပါဦး ရဲ့ရှင်းချန် ဆီမှာ ရိက္ခာတွေ အများကြီးရှိတယ် ပြီးတော့ သူ့အိမ်မှာ အပူပေးစက်တွေလည်း ရှိတယ် မလောပါနဲ့ ညီမတို့ ဒါကို ဆက်ပြီး ဆွေးနွေးကြတာပေါ့"
ချူယောင်သည်လည်း အလျင်အမြန် ထောက်ခံလိုက်လေသည်။
"ဟုတ်တယ်၊ အစ်မတို့လည်း ဗီဒီယိုကို မြင်ပြီးပြီပဲ အစ်မတို့လည်း ရဲ့ရှင်းချန်ရဲ့ အိမ်မှာ နေချင်ကြတယ် မဟုတ်လား"
"ဒါကြောင့် သူက အုပ်စုထဲကနေ ထွက်သွားတာ အပျော့ဆွဲ ဆွဲလို့မရမှတော့ အင်အားသုံးကြတာပေါ့"
စွန်းမင်နှင့် အခြားသူများလည်း ချန်းရူအာ ပို့ပေးထားသည့် ဗီဒီယိုများအား ပြန်ကြည့်ရန် ဖုန်းများအား မထုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။ ဘေးတွင်ထိုင်လျှက် မျက်မှန်တပ်ထားသည့် မာချောင်းဝမ်မှ ခေါင်းမော့၍ ကြည့်လိုက်မိသည်။ ခဏအကြာတွင် သူသည် တိုးတိုးလေး ထောက်ခံလိုက်လေသည်။
"သူက အရမ်းကို တစ်ကိုယ် ကောင်းဆန်လွန်းတယ် တခြားသူတွေရဲ့ အသက်ကို နည်းနည်းလေးမှ ဂရုမစိုက်ဘူး"
"ဒီလိုလူမျိုးကို ငါတို့က ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေစရာ မလိုဘူး ငါ့အမြင်တော့ အင်အားသုံးတာလည်း မဆိုးပါဘူး"
"သူ့အိမ်မှာ သူတစ်ယောက်တည်း ရှိပုံရတယ် ငါတို့ အထူး နည်းလမ်းတချို့ သုံးလိုက်တာ ပိုကောင်းမယ်"
မာချောင်းဝမ်မှ ဤသို့ပြောလိုက်သောအခါ လူတိုင်းသည် သူ့အား ပြန်ကြည့် လိုက်မိကြလေသည်။ လုယက်မည့် နည်းလမ်းအား အားလုံးမှ တိတ်တဆိတ် သဘောတူထားပြီ ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။ မာချောင်းဝမ်၏ သူငယ်ချင်းဖြစ်သူ လီထောင်မှ ပေါင်အား ပုတ်လိုက်ကာ ကျယ်လောင်စွာ ထောက်ခံလိုက်တော့သည်။
"ငါလည်း အင်အား သုံးသင့်တယ်လို့ ထင်တယ် သူက တစ်ကိုယ် ကောင်းဆန်ပြီးတော့ ငါတို့က သူ့ဆီကနေ လာခိုးမှာကို ကြောက်တယ်လို့တောင် ပြောသေးတယ် ငါထင်တာတော့ သူက စိတ်ဓာတ် မကောင်းလို့ ငါတို့ပစ္စည်းတွေကို လုချင်နေတာ ဒါကြောင့်မို့လို့ ငါတို့က သူ့ပစ္စည်းတွေကို လုချင်တယ်လို့ သူက ထင်နေတာ"
(** သူခိုးက လူပြန်ဟစ်လို့**)
စွန်းမင်မှ ညင်သာစွာ ချောင်းဟန့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ ရဲ့ရှင်းချန်ရဲ့ လုံခြုံရေးတံခါးက အရမ်းခိုင်ခံ့တယ်လို့ ကျန်းဖုန်း ပြောတယ်လေ"
ဤကိစ္စအား ပြောလိုက်သည်နှင့် ချန်းရူအာနှင့် ချူယောင်တို့၏ ဗိုက်ထဲတွင် ကလီစာများပင် လှန်တက်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။ ယခုအချိန်အထိ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းများဖြင့် အကြိမ်ကြိမ် ပွတ်တိုက် ဆေးကြောခဲ့သော်လည်း အပုပ်နံ့သည် စွဲကျန်နေဆဲပင် ဖြစ်သည်။ အကယ်၍ ရာသီဥတုမှ အလွန်အေးခဲနေသည့် အပြင် သူတို့၏ အနံ့ခံအာရုံ အလုပ် မလုပ်တော့၍သာ ဖြစ်သည်။ သို့မဟုတ်ပါမူ ထိုအနံ့ဆိုးသည် သူတို့အား သတ်ပစ် နိုင်လောက်ပေသည်။
မာချောင်းဝမ်သည် မျက်မှန်အား ပင့်တင်လျှက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"မင်းတို့ ရေစိုသွားတဲ့ ကိစ္စကတော့ ငါတို့ နှာခေါင်းစည်းတွေ တပ်ပြီး ထီးတွေ ဆောင်းထားသရွေ့ သူ ငါတို့ကို ဘာလုပ်နိုင်မှာလဲ"
ထို့နောက် သူသည် လီထောင်အား ကြည့်လိုက်လေသည်။
"ငါက အရင်က သော့ဖွင့်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ဖူးတယ် သော့တွေ အများကြီး လုပ်ဖူးလို့ စျေးကွက်ထဲ သော့ အားလုံး နီးပါးက ငါ ဖွင့်မရတဲ့ သော့ ဆိုတာ မရှိဖူး"
လီထောင်မှ အလျင်စလို ဖြည့်စွက်၍ ပြောလိုက်တော့သည်။ လီထောင်မှ စကားပြောဆို အပြီးတွင် လူတစ်စုလုံး၏ မျက်နှာများ ပြေလျော့သွားခဲ့ကာ မျက်လုံးများတွင် ဝမ်းသာ ပျော်ရွှင်မှုများပင် ပေါ်လွင်လာကြလေသည်။
"ဒါဆို အရမ်းကောင်းတာပေါ့ ငါတို့ဆီမှာ လူအင်အား အသာစီးရထားတယ် အချိန်ကျရင် အတူတူ ဝင်လုံးကြမယ် ရဲ့ရှင်းချန် ဘာလုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
လူတိုင်းသည် သူတို့၏ အလုပ်များအား စတင် ခွဲဝေနေကြပြီ ဖြစ်သည်။ အချို့သည် သူတို့ ပြောင်းရွှေ့ပြီးနောက် တစ်နေ့ သုံးနပ် မည်သို့ စားသောက်ကြမည်ကိုပင် စိတ်ကူးယဉ်နေကြပြီ ဖြစ်သည်။ သူတို့ဘက်တွင် လူအများအပြား ရှိနေသည့် အတွက်ကြောင့် ဤတစ်ကြိမ်တွင် သေချာပေါက် အနိုင်ရမည်ဟု အားလုံးမှ ခံစားနေကြရခြင်း ဖြစ်သည်။ လူဦးရေ အရေအတွက် အရပင် သူတို့သည် ရဲ့ရှင်းချန်အား ရက်စက်စွာ ဖိနှိပ်ထားပြီး ဖြစ်လေသည်။
ထိုနေ့တွင် လူတစ်ယောက် အကြမ်းဖက်မှုအား စတင်ကာ အသုံးပြုသည်ကို မြင်ပြီးချိန်မှ စ၍ ရဲ့ရှင်းချန်သည် အိမ်ရှိ အချက်ပေးကိရိယာများအား ဖွင့်ထားခဲ့တော့သည်။ သူ အိပ်ပျော်နေစဉ် တစ်စုံတစ်ယောက် ခိုးဝင်လာမည်အား စိုးရိမ်သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။ သူ၏ အိမ်သည် ခံတပ်ကြီးတစ်ခုကဲ့သို့ ခိုင်ခံ့နေသော်လည်း ဂရုစိုက်သည်မှာ ပိုကောင်းလှပေသည်။