သော့ဖျက်ခြင်း
Vol. 3 Ch. 38
ရဲ့ရှင်းချန်၏ လုံခြုံရေး အိမ်ရှေ့သို့ ထိုလူစု ရောက်ရှိလာချိန်သည် သူ အိပ်ရာဝင်ချိန်နှင့် တိုက်ဆိုင်နေခဲ့လေသည်။
ထိုလူစုသည် အနွေးထည်များအား လုံခြုံစွာ ဝတ်ဆင်ထားကြကာ ထီးများ ကိုင်ဆောင်လျှက် တံခါးဖျက် ကိရိယာများပါဝင်သည့် သေတ္တာတစ်လုံးကိုလည်း သယ်ဆောင်လာကြသေးသည်။ ထို့နောက် ရဲ့ရှင်းချန်၏ လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည့် နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ရပ်တန့်လိုက်ကြလေသည်။
ချက်ချင်းပင် အချက်ပေးသံမြည်လာလေရာ ရဲ့ရှင်းချန် အိပ်မက်ထဲမှ လန့်နိုးလာခဲ့ပြီး လုံခြုံရေး ကင်မရာ မှတ်တမ်းများအား ကပျာကယာ ဖွင့်ကြည့်လိုက်မိသည်။
ယခင်ဘဝတွ၍် ဤအချိန်တွင် သူသည် ချန်းရူအာအား အိမ်သို့ စောစီးစွာ ခေါ်ဆောင် လာခဲ့ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အဖြစ်အပျက်မျိုးအား သူ မကြုံဖူးခဲ့ချေ။
ကင်မရာထဲမှ လူများသည် မျက်နှာများအား လုံခြုံစွာ ဖုံးကွယ် ထားသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ရဲ့ရှင်းချန် ခွဲခြား၍ မရနိုင်ပေ။ အစပိုင်းတွင် ကျန်းရီနှင့် သူ၏အဖွဲ့ လာရောက် လုယက်သည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
"ဟိုး အရင်ဘဝကထက် အများကြီး စောနေပါလား"
နှင်းများထူထပ်စွာ ကျဆင်းလာပြီး တစ်လခန့်အကြာမှသာ ကျန်းရီသည် သူ့ထံ ရောက်လာခဲ့သည်ခြင်း ဖြစ်သည်အား ရဲ့ရှင်းချန် မှတ်မိနေသေးသည်။
အိမ်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ရန်မှာ မလွယ်ကူလှပေ။ ကျန်းရီတွင် သေနတ်ရှိသော်လည်း သူ၏ လုံခြုံရေးအိမ်ရှိ အလွိုင်းတံခါးများကိုမူ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ထိုလူစု တံခါးဝသို့ ရောက်ရှိသောအခါ လူတစ်ဦးသည် အိတ်ကပ်ထဲမှ သတ္တု ပစ္စည်းတစ်ခုအား ထုတ်ယူကာ လုံခြုံရေးတံခါး၏ သော့ပေါက်ထဲသို့ ထိုးထည့်လိုက်သည်အား ရဲ့ရှင်းချန် မြင်လိုက်ရတော့သည်။
‘သော့ဖျက်မလို့လား’
ရဲ့ရှင်းချန် မှ မျက်ခုံးပင့် လိုက်မိသော်လည်း လုံးဝပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။
ငွေကြေး မြောက်မြားစွာ အကုန်အကျခံ တပ်ဆင်ထားသည့် လုံခြုံရေးတံခါးအား ဤမျှ လွယ်လင့်တကူ ဖွင့်နိုင်မည်ဆိုပါက ပြုပြင် မွမ်းမံမှုများအတွက် ငွေအမြောက်အမြား အကုန်ခံခဲ့လိမ့်မည် မဟုတ်ပေ။
ဤတံခါးသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံး တံခါးများထဲမှ တစ်ခုဖြစ်ရုံသာမက အလွှာငါးထပ်ဖြင့် ကာကွယ်ထားသေးသည်။
‘သော့ဖွင့်ချင်တာလား ဒါက အချိန်တိုအတွင်း လုပ်နိုင်တဲ့ကိစ္စမျိုး လုံးဝမဟုတ်ဘူး’
ထို့အပြင် ဤတံခါးတွင် အဆင့်မြှင့်တင်ထားသည့် ရှေးဟောင်း သူခိုးကာကွယ်ရေး နည်းပညာအားလည်း ထည့်သွင်းထားသေးလေသည်။ အရာရာသည် ရှုပ်ထွေးလေ ဖြေရှင်းရ လွယ်ကူလေဖြစ်ကာ ရိုးရှင်းလေ ဖြေရှင်းနည်းရှာရ ခက်ခဲလေ ဖြစ်ပေသည်။ ဥပမာအားဖြင့် ရဲ့ရှင်းချန်၏ လုံခြုံရေးတံခါးကဲ့သို့ပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကြီး မည်သည့်အချိန်တွင် ပြီးဆုံးမည်အား မသိသော်လည်း ကပ်ဘေးကြီး ပြီးဆုံးသည့် တိုင်အောင် အိမ် အတွင်းတွင်သာ ပုန်းအောင်းနေထိုင်ရန် သူ ရည်ရွယ် ထားသည့် အတွက်ကြောင့် အပြင်ထွက်ရန် အစီအစဉ်မရှိခဲ့ချေ။
ရဲ့ရှင်းချန်သည် အိမ်အား ပြုပြင်မွမ်းမံစဉ်တွင် တံခါးအား ကန့်လန့်ကျင် ထိုးရန်အတွက် နေရာချန်ထားခဲ့ရန် ဆောက်လုပ်ရေးသမားအား ထပ်ခါတလဲလဲ မှာကြားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ထိုတံခါးကျင်သည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီ ဖြစ်သည်။
သူသည် အချင်း ဆယ်စင်တီမီတာ ရှိသည့် သံမဏိချောင်းအား အသုံးပြု၍ တံခါးအား ခိုင်မြဲစွာ ပိတ်ချထားလိုက်တော့သည်။
တံခါးအား အပြီးတိုင် ဖြုတ်ချလျှက် အိမ်တစ်ခုလုံးအား ဖောက်ခွဲပစ်မှသာလျှင် ဝင်နိုင်လိမ့်မည် ဖြစ်သည်။ တံခါးသည် အလွန်ထူထဲလှကာ တံခါးကျင်သည်လည်း တောင့်တင်း ခိုင်မာလွန်းလှသဖြင့် ကုန်တင်ကားဖြင့် ဝင်တိုက်လျှင်ပင် တံခါးပွင့်လာလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူ၏ တံခါးအား ဖျက်ဆီးခံရမည့်အရေးအား ရဲ့ရှင်းချန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။ ယခင်ဘဝတွင် ဤကဲ့သို့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် ကာကွယ်ရေး စနစ်တစ်ခုကိုပင် ထပ်မံ၍ ဖြည့်စွက်ထားခဲ့သေးပေသည်။
ရဲ့ရှင်းချန် ကင်မရာထဲမှ မြင်ကွင်းအား ကြည့်ရင်းဖြင့် တခစ်ခစ် ရယ်မောလိုက်မိလေသည်။ သူ၏ အသိစိတ်သည် နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ လုံခြုံရေးအိမ်၏ အဓိက ထိန်းချုပ်ခလုတ်အား ယူလိုက်ကာ နှိပ်လိုက်လေတော့သည်။
ခဏအကြာတွင် လုံခြုံရေး တံခါးတစ်ခုလုံး၌ ကြီးမားသည့် လျှပ်စစ်စီးကြောင်းများဖြင့် ပြည့်နှက်သွားလေတော့သည်။ ထိုအချိန်တွင် လီထောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တံခါးတွင် ကပ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်ထဲရှိ ဝါယာကြိုး ဖြတ်သန်းသွားသည့် နေရာတိုင်းမှ အသံများအား သေချာစွာ နားထောင်နေစဉ် ရုတ်တရက် အစွမ်းထက်သည့် လျှပ်စစ်စီးကြောင်းတစ်ခုသည် သူ၏ အာရုံကြောတိုင်းအား ဖြတ်သန်းသွားလေတော့သည်။ သူသည် အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တံခါးတွင် ကပ်လျှက် ရူးသွပ်စွာ တဆတ်ဆတ် တုန်ရီနေတော့သည်။
"ကယ်ကြပါဦး ကယ်ကြပါဦး"
သူ့ဘေးတွင် ရပ်နေသည့် လူအနည်းငယ်မှာ အလွန်ပင် လန့်ဖျပ်သွားကြကာ ဖြူရော်နေသည့် မျက်နှာများမှာ ပို၍ပင် ဖြူရော်သွားကြပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကြတော့သည်။
လီထောင်၏ မျက်နှာထားသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီး သူ၏ အကူအညီ တောင်းသံများအား မည်သူကမျှ ဂရုမစိုက်ကြချေ။ ရုတ်တရက်ဖြစ်ပေါ်လာသည့် အခြေအနေကြောင့် ချန်းရူအာသည် အလွန်ပင် ထိတ်လန့်သွားခဲ့ကာ ကျန်းဖုန်း၏ နောက်သို့ ချက်ချင်း ဝင်ပုန်းလိုက်လေသည်။
ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။ လျှပ်စစ်မီး ရှားပါးနေချိန်တွင် သူခိုးအား ကာကွယ်ရန်အတွက် လျှပ်စစ်မီးအား ဤကဲ့သို့ ဖြုန်းတီးပစ်မည့်သူ ရှိလိမ့်မည်ဟု မည်သူ ထင်လိမ့်မည်နည်း။
မကြာမီတွင် လီထောင်၏ ခန္ဓာကိုယ်မှ အမည်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့ကာ အသားတူးနံ့များပင် ရလာခဲ့လေတော့သည်။
"ဒိုင်း"
အချိန် အနည်းငယ် ကြာပြီးနောက် ရဲ့ရှင်းချန်သည် ခလုတ်အား ပိတ်လိုက်လေသည်။ သူ၏ တံခါးတွင် ညစ်ပတ်သည့် အရာများ ကပ်နေမည်အား သူ မလိုလားသည့် အတွက်ကြောင့် ဖြစ်သည်။
လျှပ်စစ်စီးကြောင်း ရပ်တန့်သွားသည်နှင့် လီထောင်၏ ခန္ဓာကိုယ်သည် တံခါးမှ ခွာကျသွားခဲ့ကာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။
သူ၏ အဝတ်အစားများမှာ မီးလောင်ကျွမ်းနေခဲ့ကာ တံခါးနှင့် တင်းကျပ်စွာ ကပ်နေသည့် အရေပြားများသည် မီးသွေးကဲ့သို့ ပြောင်းလဲစ ပြုနေခဲ့ပြီ ဖြစ်သည်။ လီထောင်သည် ဓာတ်လိုက်၍ သေဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"အား"
အလောင်းသည် မြေပြင်ပေါ်သို့ ကျသွားသည်နှင့် ချန်းရူအာသည် ကျန်းဖုန်း၏ လက်မောင်းအား တင်းကျပ်စွာ ဖက်ထားလိုက်ကာ သူမဘေးရှိ အဖော်များနှင့် တစ်ပြိုင်နက် အော်ဟစ်လိုက်လေတော့သည်။
နေ့စဉ် လူမြောက်မြားစွာ သေဆုံးနေကြောင်း သူမ သိသော်လည်း သူမရှေ့တွင် လူတစ်ယောက် သေဆုံးသွားသည်အား မြင်တွေ့လိုက်ရခြင်းသည် သူမအပေါ် သက်ရောက်မှု အလွန် ကြီးမားလှပေသည်။
ထိုစဉ် အပြင်ဘက်ရှိ လုံခြုံရေးကင်မရာ မှတ်တမ်းများအား တိတ်ဆိတ်စွာ ကြည့်နေသည့် ရဲ့ရှင်းချန်သည် နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့ကာ အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်နေခဲ့လေသည်။
မည်မျှ လွတ်လပ် ပေါ့ပါး လိုက်လေသနည်း။ ယခင်ဘဝတွင် ဤကဲ့သို့ ကိစ္စမျိုး ကြုံတွေ့ရပါက ခေါင်းအား ပိုက်၍ ဘေးတွင်သာ ကျုံ့ကျုံ့လေး နေခဲ့ရပြီး ပြင်ပလူများအား မိမိအိမ် အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းများအား လုယက်ခွင့်ပြုခဲ့ရသည်။ ယခုမူကား..
‘ဟ ဟ သေတာ ကောင်းတယ် ဒီလိုလူက ခုလိုမျိုးပဲ တန်တယ် ဘယ်သူက သူ့ကို ကြံစည်ဖို့ ပြောလို့လဲ’
စွန်းမင်သည် ကျောချမ်းသွားခဲ့ကာ အစောပိုင်းတွင် လီထောင်နှင့် အရမ်းနီးကပ်စွာ မနေခဲ့မိသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေမိသည်။ တံခါးအား ဖွင့်ရန် ကြံစည်မှု ကျရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
မာချောင်းဝမ်နှင့် လီထောင်တို့သည် နှစ်ပေါင်းများစွာ ခင်မင်ခဲ့သည့် သူငယ်ချင်းများ ဖြစ်ကြလေသည်။ ယခုတွင် သူ၏ သူငယ်ချင်းကောင်း အဖြစ်ဆိုးနှင့် သေဆုံးသွားသည်အား မြင်တွေ့ရချိန်တွင် သူသည် စိုးရိမ်ပူပန်ခြင်း နှင့်အတူ ဒေါသထွက်လာခဲ့ကာ မျက်လုံးများပင် နီရဲလာလေတော့သည်။
သူသည် ဂေါ်ပြား၏ သစ်သားလက်ကိုင်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးနောက် ရဲ့ရှင်းချန်၏ လုံခြုံရေးတံခါးအား ပြင်းထန်စွာ ရိုက်ချလိုက်ကာ ကျိန်ဆဲလိုက်လေသည်။
"ရဲ့ရှင်းချန် ခွေးကောင် ငါ့ညီရဲ့ အသက်ကို ပြန်ပေး"
ထိုမိန်းမများ ကြောက်လန့်တကြား အော်ဟစ်လိုက်စဉ် အချိန်ကတည်းမှ စတင်၍ ချန်းရူအာနှင့် သူမ၏ အဖွဲ့ ဖြစ်ကြောင်း ရဲ့ရှင်းချန် သိပြီး ဖြစ်လေသည်။ ဤသည်မှာလည်း အဓိပ္ပာယ်ရှိလှပေသည်။ ချန်းရူအာနှင့် သူမ၏အဖွဲ့သာလျှင် သူ၏ မိသားစု အခြေအနေအား သေချာစွာ သိရှိပြီး ဖြစ်ကာ သူ့အား မျက်စိကျနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ချန်းရူအာအား ရန်စရန်အတွက် ဓာတ်ပုံများစွာ ပို့ပေးခဲ့သည် မဟုတ်ပါလော။
သူသည် ဆက်သွယ်ရေးစက်၏ ဆက်သွယ်ရေး လုပ်ဆောင်ချက်အား ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက် ရန်လိုသောအသံဖြင့် ပြောလိုက်လေသည်။
"ဘယ်လောက်တောင် စိတ် အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်သလဲ ငါ အခုလေးတင် အိပ်ပျော်သွားတာကို ခွေးဟောင်သံကြောင့် နိုးသွားရတယ်လို့ကွာ"
"ဟောင်တာကို ရပ်လို့ရမလား မင်းညီရဲ့ အသက်ကို ပြန်ပေးရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ဒါ ရယ်စရာမကောင်းဘူးလား မင်းတို့သာ ငါ့အိမ်ထဲကို ဖောက်ဝင်ပြီး ငါ့ပစ္စည်းတွေကို ခိုးချင်လောက်အောင် လောဘမကြီးဘူးဆိုရင် မင်းညီ ဓာတ်လိုက်သေပါ့မလား"
"မင်းတို့က စရိုက်မကောင်းပေမယ့် မဟုတ်မမှန် စွပ်စွဲတဲ့နေရာမှာတော့ တော်တော်ကျွမ်းကျင်တာပဲ"
ရဲ့ရှင်းချန်၏ စကားအား ကြားလိုက်သောအခါ မာချောင်းဝမ်သည် ဒေါသအား မြိုသိပ်ထားလျှက် တည်ငြိမ်ဟန် ဆောင်လိုက်လေသည်။
"ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး ရဲ့ရှင်းချန် ငါတို့က သေချာ စကားပြောချင်ရုံပါပဲ"
"နောက်ဆုံးတော့ မင်းက တကယ်ကို အကြောင်းပြချက်မရှိတာပဲ ငါတို့ ဘာမှတောင် မပြောရသေးဘူး မင်းက ငါတို့ရဲ့ သူငယ်ချင်းကောင်း လီထောင်ကို သတ်ပစ်လိုက်ပြီ မင်း အရမ်းမလွန်လာနဲ့ "
"မင်း ငါတို့ကို ရှင်းပြရမယ် ငါ့သူငယ်ချင်းကောင်းကို အကြောင်းမဲ့ သေခိုင်းလို့ မရဘူး"
ရဲ့ရှင်းချန်သည် လှောင်ပြောင် သရော်သည့် မျက်နှာဖြင့် အသံကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
"ဟားဟားဟား ငါနဲ့ စကားပြောချင်ရုံသက်သက်ပဲလား ဘာလဲ မင်းတို့က ဖိတ်ခေါ်မထားဘဲနဲ့ လာပြီး ငါ့အိမ်ထဲကို တိုက်ရိုက် ဖောက်ဝင်လာတာလေ ဒါက မင်းတို့ပြောတဲ့ စကားပြောဖို့ လာတာလား"
"တံခါးကို ဖျက်ပြီးရင် မင်းတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ ငါ့အသိုက်အမြုံကို သိမ်းပိုက်နိုင်အောင် ငါ့ကို အိမ်ထဲကနေ မောင်းထုတ်ချင်တာလား ဒါမှမဟုတ် ငါ့ကို နှုတ်ပိတ်ဖို့ သတ်ပစ်ချင်တာလား"
"မင်းတို့က တကယ်ကို အကြံကောင်းတာပဲ ငါ့နေရာမှာ အခြေအနေတွေ အသုံးအဆောင်တွေ ကောင်းတယ်ဆိုတာ သိတော့ ငါ ကြိုးစားပမ်းစား တည်ဆောက်ထားတဲ့ လုံခြုံရေးအိမ်မှာ ဇိမ်ကျကျ လာနေပြီး စည်းစိမ်ခံစားချင်တာမလား"