အခန်း (၅၀၁-၅၀၂)
Vol. 36 Ch. 501-502
အပိုင်း(၅၀၁)
“မင်း... ဒါတွေကို တကယ်ပဲ သိနေခဲ့တာလား”
ဗဲလေ့စ်၏ အိုမင်းရင့်ရော်လှသော မျက်နှာပြင်ထက်တွင် တုန်လှုပ်ခြောက်ခြားမှုနှင့် ရှက်ရွံ့အားငယ်မှုတို့ တစ်ပြိုင်နက်တည်း ယှက်သန်းသွားလေသည်။ ယခင်က သူပြောဆိုခဲ့သမျှတို့သည် ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ ၏ မြင့်မြတ်လှသော ရည်မှန်းချက်များကို ဂရက်တစ်ယောက် ယုံကြည်လာစေရန် ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်၏။ သို့သော် ဂရက်သည် အမှန်တရားကို ကြိုတင်သိရှိနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ဆိုလိုသည်က သူ၏ မုသားစကားအပေါင်းတို့သည် ဖုံးဖိမရအောင် ပေါ်လွင်သွားခဲ့ပြီဖြစ်ရာ မိမိကိုယ်ကို လူရွှင်တော်တစ်ဦးကဲ့သို့ ကခုန်နေမိသည်ဟု ခံစားလိုက်ရခြင်းပင်။
ဤမျှ စော်ကားခံရမှုအပေါ် သူသည် အဘယ်မှာလျှင် ဒေါသတကြီး မဖြစ်ဘဲ နေနိုင်ပါအံ့နည်း။
ဂရက်မှာမူ မိမိရင်ထဲ၌ နှစ်ရှည်လများ အောင်းအထားခဲ့ရသည့် ဒေါသများကို ဖွင့်ဟလိုက်ပြီးနောက် ကိုယ်ပိုင်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေလေသည်။
သူသည် အဘယ်ကဲ့သို့သော စိတ်နှလုံးဖြင့် ထိုစကားမျိုးကို ဆိုရက်လေသနည်း။
ဂရက်သည် အစဉ်သဖြင့် ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ မိမိအကြည်ညိုဆုံးသော သူရဲကောင်းကြီး ဂျိုးဇက်၏ ကံကြမ္မာမှာ ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ ၏ ယုတ်မာလှသော အစီအစဉ်တစ်ခုသာဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ၏ စိတ်နှလုံးသည် ပြင်းထန်စွာ တုန်ခါသွားရလေသည်။
သို့ဖြစ်၍ သူသည် ဂျိုးဇက်အတွက် အမှန်တရားကို မားမားမတ်မတ် ရပ်တည်ကာ ပြောဆိုလိုက်ခြင်း ဖြစ်၏။ သို့သော် ဤသည်မှာလည်း စာအုပ်ဆိုင်ပိုင်ရှင်သည် ယခင်က ဆိုခဲ့ကြသော ‘မိစ္ဆာနတ်ဘုရား’ ဖြစ်နိုင်သည်ဟူသည့် ကိုယ်ပိုင်တွေးဆချက်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။
သို့သော်လည်း ဗဲလေ့စ်၏ တုံ့ပြန်ပုံကို ကြည့်ရသည်မှာ... ‘မစ္စတာလင်’ သည် အမှန်တကယ်ပင် အဲ့လ်ဖ်ခေတ်ကို ဖျက်ဆီးခဲ့သည့် ထိုမိစ္ဆာနတ်ဘုရား ဖြစ်နေလေသလော။
“မင်း ငါ့ကို ကစားနေတာပဲ”
ဗဲလေ့စ်သည် ဂရက်အား ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။ သူက မတ်တတ်ထရပ်ရန် ကြိုးပမ်းလိုက်ရာ တစ်ကိုယ်လုံးရှိ တွဲလောင်းကျနေသော ပုပ်ပွနေသည့် အရေပြားတို့သည် ပိတ်စဟောင်းများကဲ့သို့ စုတ်ပြတ်ထွက်ကုန်၏။
သို့သော်လည်း သူသည် မိမိ၏ ဆွေးမြည့်နေသော ခန္ဓာကိုယ်ထဲမှ ရုန်းထွက်နိုင်ခြင်း မရှိချေ။ ဝင်းလက်တောက်ပနေသော ငွေရောင်ချပ်ဝတ်တန်ဆာတို့သည် သူ၏ကိုယ်ပေါ်မှ ပြုတ်ကျသွားပြီး အတွင်းကလီစာများပင် မြင်နေရသည့် ပုပ်သိုးနေသော ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာသည်။ ထိုပုပ်စပ်နေသော အသားစိုင်များအပေါ်တွင် လောက်ကောင်များကပင် ထိုးဖောက်စားသောက်နေကြရာ ဂရက်မှာ ကြည့်ရင်းနှင့်ပင် ကြက်သီးမွေးညင်းများ ထသွားရလေသည်။
ဗဲလေ့စ်၏ ခန္ဓာကိုယ်မှာ ပုပ်သိုးနံစော်နေသော်လည်း တစ်ဖက်တွင်မူ အဆက်မပြတ် ကြီးထွားနေပြန်သည်။ သေခြင်းတရားနှင့် မသေနိုင်ခြင်းတရားတို့သည် သူ၏ခန္ဓာကိုယ်ထဲ၌ ဒွန်တွဲ၍ တည်ရှိနေလေသလော။
အမှန်စင်စစ် ဂရက်ကိုယ်တိုင်လည်း ထို ‘မိစ္ဆာနတ်ဘုရား’ မှာ မစ္စတာလင် ဖြစ်၊ မဖြစ်ကို သေချာရေရာစွာ မသိရှိသေးပေ။
သူ၏အမြင်တွင် စာအုပ်ဆိုင်ပိုင်ရှင်မှာ ငြင်းချက်ထုတ်ရန်မလိုအောင် အစွမ်းထက်မြက်သူတစ်ဦး ဖြစ်သည်။ သူ၏ ရပ်တည်ချက်မှာ ရှုပ်ထွေးလှပြီး လူသားများအပေါ်ထားရှိသော သဘောထားမှာလည်း ရန်သူဟုလည်းမဆိုနိုင်၊ မိတ်ဆွေဟုလည်း မသတ်မှတ်နိုင်သော်လည်း... သူသည် တစ်စုံတစ်ခုကို ပြောင်းလဲရန် ရည်မှန်းချက်ရှိနေသည်ဟုသာ အရိပ်အယောင်များက ပြသနေသည်။
အထူးသဖြင့် မတရားမှုနှင့် မကြင်နာမှုများကို ပြောင်းလဲလိုသည့် ဆန္ဒပင် ဖြစ်ပေလိမ့်မည်။
ဂရက် ပြောဆိုခဲ့သည့် ‘မိစ္ဆာနတ်ဘုရား’ ဟူသော စကားမှာ လက်ရှိအခြေအနေနှင့် သဲလွန်စများကို အခြေခံကာ ရဲရဲဝံ့ဝံ့ ခန့်မှန်းကြည့်ခြင်းသာ ဖြစ်၏။ တစ်ဖက်တွင်လည်း ဗဲလေ့စ် ပြောဆိုနေသည့် ‘အမှန်တရား’ ဆိုသည်များကို သူက လုံးဝမယုံကြည်သောကြောင့်လည်း ပါဝင်သည်။
အနည်းဆုံးတော့... ၆၇ လမ်းမပေါ်က တိုက်ပွဲသည် မစ္စတာလင်ကို ထွက်ပေါ်လာအောင် အတင်းအကျပ် ဖိအားပေးရန်နှင့် ဂျိုးဇက်က သူ့ကို အာရုံစိုက်လာအောင် ဗဲလေ့စ် ဖန်တီးခဲ့သည့် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။
ယခင်က တွေးဆချက်သက်သက်သာ ဖြစ်သော်လည်း ဗဲလေ့စ်၏ တုံ့ပြန်ပုံအရ ဂရက်၏ ခန့်မှန်းချက်မှာ ကွက်တိမှန်ကန်နေကြောင်း သိလိုက်ရပြီဖြစ်သည်။
ဂရက်က ဗဲလေ့စ်၏ အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်၏။
“ကျုပ် ခင်ဗျားကို ကစားတော့ ဘာဖြစ်လဲ။ ခင်ဗျားလို လူလိမ်တစ်ယောက်က ဘာအခွင့်အရေးနဲ့ ငါ့ကို ရင်ဆိုင်ချင်နေတာလဲ။ အကယ်၍ မစ္စတာလင်က မိစ္ဆာနတ်ဘုရား ဖြစ်နေမယ်ဆိုရင်တောင် အခုထိ ခင်ဗျားလုပ်ခဲ့သမျှက တမင်တကာ လုပ်ဆောင်ခဲ့တာတွေပဲ။ မိစ္ဆာနတ်ဘုရားကို နှိမ်နင်းချင်တယ်ဆိုတဲ့ စကားတွေက အလိမ်အညာတွေပဲ၊ ခင်ဗျားတို့က အဲ့ဒီနတ်ဘုရားရဲ့ အစေခံတွေ ဖြစ်ချင်နေကြတာ မဟုတ်လား”
“လူလိမ်... အစေခံ ဟုတ်လား...”
ဗဲလေ့စ်က ထိုင်ခုံမှ ထရပ်လိုက်သည်။ သူသည် အလွန်ပင် အရပ်ရှည်သော်လည်း ကိုယ်ခန္ဓာမှာ ကုန်းကွနေပြီး အရိုးစုတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
သူက အရူးတစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ... မင်း ဘာမှမသိပါလား... အဲ့ဒါက နတ်ဘုရားကွ၊ စစ်မှန်တဲ့ နတ်ဘုရား... ‘သူ’ တစ်ပါးတည်းသာလျှင် ထာဝရအစွမ်းကို ပိုင်ဆိုင်တာ... အဲ့ဒီအစွမ်းရဲ့ အနည်းငယ်မျှသော အစိတ်အပိုင်းကိုပဲ ရယူနိုင်ရင်တောင်... လူသားတွေ ရောက်နိုင်တဲ့ အဆင့်ထက် အဆပေါင်းများစွာ သာလွန်တယ်”
...ရယူနိုင်ရင်...
ဂရက်သည် ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ အတိတ်နိမိတ် မကောင်းမှုကို ခံစားမိလိုက်သည့် ခဏမှာပင် ဗဲလေ့စ်သည် ဟင်းလင်းပြင်ထဲမှ ရှည်လျားသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။
ချွမ်...
ဂရက် စိတ်မအေးဖြစ်နေစဉ်မှာပင် သူရဲကောင်းပလ္လင်၏ နောက်ကွယ်မှ ထွက်ပေါ်လာသော ထက်မြက်လှသည့် ဓားဦးတစ်ခုသည် ဗဲလေ့စ်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည့် သတ္တုသံကို ကြားလိုက်ရသည်။
ဂရက်မှာ မှင်တက်သွားရလေသည်။
ဗဲလေ့စ်မှာလည်း မယုံကြည်နိုင်သော အကြည့်များဖြင့် ရှိနေစဉ် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်အပြင်ခွံသည် ဖန်ကွဲစများကဲ့သို့ ကြေမွသွားသည်။ ပလ္လင်နောက်ကွယ်မှ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒါဆို... ငါ့အမေကို သေအောင် ဖိအားပေးခဲ့တာ ရှင်တို့လူတွေ တကယ်ပဲဖြစ်နေတာပေါ့...”
ဂရက်သည် ထိုရင်းနှီးနေသော အသံကို ချက်ချင်း မှတ်မိလိုက်သည်။
“မေလီဆာ...”
ထိုအမြင့်ဆုံး ပလ္လင်နောက်ကွယ်မှ ဆံပင်နီနီနှင့် မိန်းကလေး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဂရက် တစ်ယောက် အံ့သြဝမ်းသာသွားရလေသည်။
“ကျွန်မပါပဲ ဂရက်”
မေလီဆာက ပြတ်သားစွာ ပြောဆိုလိုက်သည်။ သူ၏ ဓားတွင် မီးလျှံများ လွှမ်းခြုံထားပြီး ပြင်းထန်လှသော အပူရှိန်ကြောင့် ဓားသွားမှာ ရဲရဲနီနေလေသည်။
ဂရက်အား ပြန်လည်ဖြေကြားပြီးနောက် မေလီဆာက သူ့ကို ဆက်လက်စကားမဆိုတော့ဘဲ သေအံ့ဆဲဆဲ ဖြစ်နေသော ဗဲလေ့စ်ဘက်သို့ လှည့်ကာ ကြေညာလိုက်၏။
“မှောင်မိုက်ခြင်းကို တိုက်ထုတ်မယ်ဆိုတာတွေက... အလိမ်အညာတွေပဲ။ ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ ဆိုတာ ဘယ်သူ့ကိုမှ အကာအကွယ်ပေးဖို့ တည်ထောင်ခဲ့တာ မဟုတ်ဘူး”
မေလီဆာက အေးစက်စွာ ဆက်လက်ပြောဆိုလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ရှင်နဲ့ ရှင့်ရဲ့ အပေါင်းအပါတွေ အောက်ပိုင်းခရိုင်ကို ဆင်းသွားခဲ့တာဟာ လူသားတွေရဲ့ အနာဂတ်အတွက် မိစ္ဆာနတ်ဘုရားကို သုတ်သင်ဖို့ မဟုတ်ဘူး...”
မေလီဆာက ဗဲလေ့စ်၏ ပုပ်ဆွေးနေသော ခန္ဓာကိုယ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။ ဗဲလေ့စ်၏ ခန္ဓာကိုယ်မှာ ရေပြင်ပေါ်က ငါးတစ်ကောင်ကဲ့သို့ တုန်ခါသွားပြီး သူ၏ ရင်ဘတ်ရှိ အပေါက်မှ မည်းနက်၍ နံစော်လှသော သွေးများ ပန်းထွက်လာလေသည်။
“ရှင်တို့က မိစ္ဆာနတ်ဘုရားရဲ့ အစွမ်းကို လုယူပြီး ရှင်တို့ကိုယ်တိုင် စစ်မှန်တဲ့ နတ်ဘုရားဖြစ်ဖို့ လမ်းစကို ရှာဖွေဖို့အတွက် ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ ကို တည်ထောင်ခဲ့ကြတာပဲ...”
မေလီဆာက ရက်စက်လှသော အမှန်တရားကို ဖွင့်ချလိုက်သည်။
“ခရီးထွက်တာလို့ အမည်တပ်ထားတဲ့ အရာဟာ တကယ်တော့ လောဘဇောတိုက်ပြီး အတ္တကြီးတဲ့ လူတစ်စု စုဝေးပြီး စုန်းမကြီးရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ အစွမ်းထက်တဲ့ ပါဝါတွေကို ရယူဖို့အတွက် မှောင်မိုက်ထဲမှာ တိုက်ခိုက်ခဲ့ကြတာပဲ...”
“လျှို့ဝှက် ဓမ္မထုံးတမ်း ဆိုတာကလည်း အဲ့ဒီ နတ်ဘုရားအစွမ်းကို ဖမ်းယူဖို့ လုပ်ခဲ့တဲ့ အခမ်းအနားပဲ... ရှင်တို့က မြေအောက်မြို့တော်မှာ အချိန်နဲ့အမျှ ဖြစ်တည်လာတဲ့ နတ်ဘုရားအစွမ်းကို ဖမ်းယူဖို့ အဲ့ဒီ ဓမ္မထုံးတမ်းကို စီစဉ်ခဲ့ကြတာ... ဒါပေမဲ့ ရှင်တို့ရဲ့ အစွမ်းနဲ့က အနားကပ်ဖို့တောင် ခက်ခဲလွန်းလှပြီး ရှင်တို့ရဲ့ ဓမ္မထုံးတမ်း ဆိုတာကြီးကလည်း ရေစိုနေတဲ့ စက္ကူတစ်ချပ်လို လွယ်လွယ်ကူကူပဲ ဖျက်ဆီးခံလိုက်ရတာပဲ မဟုတ်လား..."”
“အဲ့ဒီ ဓမ္မထုံးတမ်းမှာ ရှင်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ရှင်တစ်ယောက်ပဲ ကံကောင်းလို့ အသက်ရှင်ကျန်ခဲ့တာ။ ဒါပေမဲ့ ရှင့်ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကိုတောင် ရှင် မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါတောင်မှ မိစ္ဆာနတ်ဘုရားရဲ့ အစွမ်းကို ရှင်က ပိုပြီး မက်မောနေသေးတယ်။ ဒါကြောင့် မင်းရဲ့ ရည်မှန်းချက်တွေကို လိမ်လည်လှည့်ဖြားပြီး ‘သူရဲကောင်းများ’ နဲ့ ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ ကို တည်ထောင်ခဲ့တယ်။ ကိုယ်ပိုင် ဇာတ်လမ်းတွေ ဆင်ခဲ့ပြီး လူတိုင်း အားကျရတဲ့ သူရဲကောင်းစိတ်ဓာတ် ဆိုတာတွေကို ဖန်တီးခဲ့တာပေါ့။
“တကယ်ကို ရယ်စရာကောင်းတယ်”
မေလီဆာက ဒေါသတကြီးဖြင့် သူ၏ဓားကို ဗဲလေ့စ်ထံသို့ တည့်တည့်ချိန်လိုက်သည်။ အံကို တင်းတင်းကြိတ်ရင်း သူမက ဟိန်းဟောက်လိုက်၏။ သူမ၏ စကားလုံးများက ပိုမို၍ ကြမ်းတမ်းလာသည်။
“အရာအားလုံးက လှည့်စားမှုတွေပဲ... ငါ့အမေက ဒါတွေကို သိသွားလို့ နင်က နှုတ်ပိတ်သတ်ဖြတ်ခဲ့တာ... ငါ့အမေလိုပဲ ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ ထဲမှာ အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားရတဲ့ လူပေါင်း ရာနဲ့ချီ၊ ဒါမှမဟုတ် ဒီထက်မက ရှိနေလိမ့်မယ်...”
“ဒါပေမဲ့ အကြီးမားဆုံး လှည့်စားမှုကတော့ ကျိန်စာသင့်ဓားပဲ... နင်က အဲ့ဒီ ကျိန်စာသင့်ဓားကို မျိုးဆက်တိုင်းရဲ့ အစွမ်းအထက်ဆုံး ‘ရောင်စဉ် သူရဲကောင်းကြီး’ တွေဆီ လွှဲအပ်ပေးခဲ့တာဟာ... သူတို့တွေကို အသင့်တော်ဆုံးအချိန်မှာ၊ အသင့်တော်ဆုံး အကြောင်းပြချက်နဲ့ သေဆုံးသွားစေဖို့ပဲ...”
“ဒီနည်းနဲ့ သူတို့တွေဟာ အမှန်တရားကို ဘယ်တော့မှ ရှာဖွေခွင့်မရဘဲ နင့်ရဲ့ ရုပ်သေးရုပ်တွေအဖြစ် အမြဲတမ်း ရှိနေကြမှာပေါ့။ ငါ့အဖေ တစ်ချိန်က ဖြစ်ခဲ့ရသလိုမျိုးပေါ့”
ဖြစ်ပျက်သွားသော အခြေအနေများကြောင့် ဂရက်မှာ မှင်တက်နေရပြီး ခဏမျှ စကားပင် မပြောနိုင်တော့ပေ။ သို့သော်လည်း မေလီဆာ၏ လေသံအရ သူမသည် မုသားစကား ဆိုနေသည်ဟု မထင်ရချေ။ ထို့ကြောင့် ဂရက်၏ ဦးနှောက်မှာ ထိုအမှန်တရားများကြောင့် ပြင်းထန်စွာ တုန်လှုပ်ချောက်ချားနေရလေတော့သည်။
***
အပိုင်း(၅၀၂)
"မဟုတ်ဘူး... အဲဒီလို လုံးဝ မဟုတ်ဘူး..."
ဗေးလေ့စ်သည် ကမ်းခြေထက်တွင် သောင်တင်နေသော ငါးတစ်ကောင်ကဲ့သို့ ပလ္လင်ထက်တွင် လူးလွန့်ရင်း အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ သေဆုံးနေခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း သူ၏ ဝိညာဉ်မှာမူ ထိုပုပ်သိုးနေသော ရုပ်အလောင်းထဲတွင် ချုပ်နှောင်ခံထားရပြီး ထာဝရကာလပတ်လုံး ဆင်းရဲဒုက္ခ ခံစားနေရခြင်း ဖြစ်သည်။
"အဲဒီလို မဟုတ်ဘူး... ငါ မရှုံးနိမ့်ခဲ့ဘူး၊ ငါ့ရဲ့ ထုံးတမ်းက အောင်မြင်ခဲ့တာကွ..."
ဗေးလေ့စ်က ရူးသွပ်စွာ အော်ဟစ်နေပြန်သည်။
"ငါက မြေအောက်ကမ္ဘာမှာ နတ်ဘုရားကို ချုပ်နှောင်နိုင်ခဲ့တဲ့ မျိုးဆက်တစ်ဆက်ရဲ့ ပါရမီရှင်ပဲ၊ ဒါပေမဲ့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့တာက..."
"ငါ မထင်ထားခဲ့တာက..."
ဗေးလေ့စ်က အသံဗလံကင်းမဲ့စွာဖြင့် ဗလုံးဗထွေး ပြောလိုက်ပြန်သည်။
"အဲဒီ 'နတ်ဘုရား' က ငါ့ရဲ့ ထုံးတမ်းကို အသုံးချပြီး ခန္ဓာကိုယ်တစ်ခုကနေတစ်ဆင့် ပြန်လည်ဝင်စားပြီးတော့ အပေါ်ယံကမ္ဘာကို ထွက်လာလိမ့်မယ်လို့ပေါ့..."
"ငါ နတ်ဘုရား ဖြစ်နိုင်ခဲ့တာ... ငါက နတ်ဘုရားပဲ..."
ဗေးလေ့စ်က ရူးသွပ်သော အမူအရာဖြင့် ဟစ်အော်နေတော့သည်။
မေလီဆာ မျက်မှောင်ကြုတ်လိုက်၏။ ဗေးလေ့စ်သည် သူ၏ ပြစ်မှုများကို ငြင်းဆန်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ မိမိ၏ ထုံးတမ်းမှာ မှန်ကန်ကြောင်း ငြင်းခုံနေသည့် အရူးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။
‘အရူးပဲ... တကယ့်ကို ရူးသွပ်နေတဲ့ လူပဲ...’
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ဝိညာဉ်ရေးရာ မဏ္ဍိုင်အဖြစ် အစဉ်သဖြင့် တည်ရှိနေခဲ့သော ဤသူသည် သူမ၏ မိဘနှစ်ပါးစလုံးကို သေစေခဲ့သူ ဖြစ်နေသည်ဟူသော အမှန်တရားက မေလီဆာကို ပျို့အန်ချင်စိတ်ပင် ပေါက်လာစေသည်။
ယခု၌ မေလီဆာသည် 'အခရာ အဆင့်' သို့ မရောက်ရှိသေးသော်လည်း သူမ၏ မိခင်ထံမှ အသိပညာနှင့် ဖခင်၏ အခရာအဆင့် စွမ်းအားများကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သူမ၏ ဓားသွားထက်မှ မီးလျှံများသည် ဗေးလေ့စ်၏ ပုပ်သိုးသော်လည်း မသေနိုင်သော ခန္ဓာကိုယ်ကြီးကို ဟုန်းဟုန်းတောက်လောင်စေလိုက်သည်။
"မေလီဆာ..."
ဂရက်က အလန့်တကြား အော်ပြောလိုက်သည်။
"နင် ဒါမျိုး မလုပ်သင့်ဘူး... ဗေးလေ့စ် သေသွားရင် နင်က လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်... ဒါက မထိုက်တန်ဘူး..."
"ငါ... ငါ လုပ်ပါ့မယ်။ ငါ့ကိုပဲ လုပ်ခွင့်ပေးပါ။ ပြီးမှ နင် ငါ့ကို သတ်ချင်သတ်လိုက်။ ဒီလိုဆိုမှ နင်က ပိုမြင့်တဲ့ ရာထူးနေရာကို ရောက်ပြီး ဆရာဂျိုးဇက်အတွက် ကလဲ့စားချေဖို့ အခွင့်အရေး ရမှာ..."
"ရှင် သိလား၊ ဒါတွေအားလုံးက ကျွန်မအဖေ ကျွန်မကို ပြောပြခဲ့တာတွေပဲ"
မေလီဆာက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဆရာ ဂျိုးဇက်..."
ဂရက်ထံမှ မယုံကြည်နိုင်သည့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။
"သူ အသက်ရှင်နေသေးတာလား"
မေလီဆာက မီးလောင်ကျွမ်းနေသော ဗေးလေ့စ်ကို တစ်ချက်ကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
"မဟုတ်ဘူး၊ အဖေ ဆုံးသွားပြီ။ ဒါပေမဲ့ မီးလျှံတွေကတော့ ဘယ်တော့မှ မသေဘူး။ အဖေ့ရဲ့ စွမ်းအားတွေ အားလုံးက ကျွန်မ အနားမှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဆန္ဒတွေ ဖြစ်ကုန်ပြီ..."
"ဒါပေမဲ့ အဲဒါကို ကျွန်မ ကိုယ်တိုင် နားမလည်ခဲ့ဘူး... ကံကောင်းလို့ မစ္စတာလင်ဆီ သွားခဲ့မိပြီး သူက ကျွန်မကို 'မီးလျှံစိတ်ဆန္ဒ' ဆိုတဲ့ စာအုပ်ကို ပေးခဲ့တယ်..."
မေလီဆာ၏ ကိုယ်ကို မီးလျှံများက ရစ်ပတ်သွားရင်း သူမက ပြတ်သားစွာ ဆိုသည်။
"ဒီစာအုပ်ကပဲ အဖေ ချန်ထားခဲ့တဲ့ အခရာအဆင့် စွမ်းအားကို အပြည့်အဝ နားလည်အောင် ကူညီပေးခဲ့တာ... ပြီးတော့ အဖေ့ရဲ့ အတိတ်၊ အနာဂတ်နဲ့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ရဲ့ အမှန်တရားတွေကိုလည်း ကျွန်မ သိခဲ့ရတယ်..."
"တကယ်ပဲ အဲဒီလို ဖြစ်နေတာလား"
ဂရက် မှင်တက်သွားရသည်။
‘အရာအားလုံးက... မစ္စတာလင်ရဲ့ အစီအစဉ်တွေထဲက အစိတ်အပိုင်းတွေပဲပေါ့လေ...’
မေလီဆာက မငြင်းဆန်ဘဲ မီးလောင်နေသော ဗေးလေ့စ်ကိုသာ စိုက်ကြည့်နေသည်။ အနည်းဆုံးတော့ သူမ၏ ကလဲ့စားချေမှုက လမ်းတစ်ဝက် ရောက်နေပြီ ဖြစ်သည်။ ယခု ကျန်နေသည်မှာ ဝယ်လ်၏ ကျန်ရှိနေသော အကြွင်းအကျန်များကို ရှာဖွေရန်သာ ဖြစ်သည်။
"မေလီဆာ"
ဂရက်က စိတ်ကို ပြန်ထိန်းကာ ပြောလိုက်သည်။
"ငါတို့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကနေ ချက်ချင်း ထွက်သွားရမယ်... နင်ပြောတာ အမှန်တရား ဖြစ်နေပေမဲ့ ငါတို့မှာ ခိုင်လုံတဲ့ သက်သေ မရှိသေးဘူး... မျှော်စင်က ဗေးလေ့စ်ရဲ့ နယ်မြေပဲ... တခြား အကြီးအကဲတွေနဲ့ စစ်သည်တော်တွေက ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး..."
ထိုစကားကို ကြားသောအခါ မေလီဆာက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်လိုက်ပြီး ပြာဖြစ်သွားသော ဗေးလေ့စ်၏ ပုပ်သိုးနေသော ခန္ဓာကိုယ်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။
သူတို့နှစ်ဦး လှည့်ထွက်ပြီး ဓာတ်လှေကားဆီသို့ ပြေးသွားကြစဉ်မှာပင် အချက်ပေးသံကြီး မြည်ဟည်းလာတော့သည်။
စူးရှလှသော အချက်ပေးသံများက မျှော်စင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ မေလီဆာသည် သူမ၏ လက်ထဲရှိ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။ သူမ၏ နီမြန်းသော ဆံနွယ်များမှာလည်း မီးလျှံများကြားတွင် လွင့်ပျံနေသည်။ သူမက...
“ကျွန်မတို့ တိုက်ပြီး ထွက်ရလိမ့်မယ်... ကျွန်မ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘူး... ဒီလို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မျိုးက မရှိသင့်တော့ဘူး"
"မဟုတ်ဘူး..."
ဂရက်က မေလီဆာကို တားရန် ပြင်လိုက်စဉ်မှာပင် နောက်ကွယ်မှ ရင်းနှီးနေသော ယုတ်မာလှသည့် ရယ်သံကို ကြားလိုက်ရသည်။
ဂရက် မျက်လုံးများ ပြူးကျယ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ၊ အစည်းအဝေးစားပွဲတွင် ထိုင်နေသော အခြားအဘိုးအိုတစ်ဦးမှာ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဂရက် အလွန်ရင်းနှီးနေသော အပြုံးတစ်ခုကို ပြသနေသည်ကို တွေ့လိုက်ရသည်။
"ဗေးလေ့စ်..."
ဂရက် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
"မေလီဆာ... မင်းက မင်းရဲ့ မိဘတွေလိုပဲ မိုက်မဲတာပဲ..."
ဗေးလေ့စ်သည် ကိုယ်ကို ဖြည်းညင်းစွာ မတ်လိုက်သည်။
"နင်... ဘယ်လိုလုပ်ပြီး..."
မေလီဆာ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
"ငါ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ ဟုတ်လား"
ဗေးလေ့စ်က မေလီဆာ၏ စကားကို ဖြတ်ပြောကာ လှောင်ပြောင်လိုက်သည်။
"မိစ္ဆာနတ်ဘုရားကို ဖမ်းဆီးဖို့ ထုံးတမ်းကို ဖန်တီးခဲ့တဲ့ ငါ့ကို မင်းက သိပ်ပြီး အထင်သေးတာပဲ... ဒါပေမဲ့ ငါ မင်းကို တကယ် ကျေးဇူးတင်ရပါလိမ့်မယ်..."
ဗေးလေ့စ်သည် ခန္ဓာကိုယ်အသစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုရသည့်အလား ကိုယ်ကို တွန့်လိမ်လှုပ်ရှားရင်း မေလီဆာထံသို့ တရွေ့ရွေ့ လျှောက်လာသည်။
"မိစ္ဆာနတ်ဘုရားရဲ့ ကျိန်စာသင့်မှုကြောင့် ငါက ထာဝရအသက်ကို ရခဲ့ပေမဲ့ အဲဒီ ပုပ်သိုးနေတဲ့ ခန္ဓာကိုယ်ကြီးထဲမှာပဲ ထာဝရ ပိတ်မိနေခဲ့တာ... ငါ အဲဒီကိုယ်ကို ဖျက်ဆီးဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ရုပ်သေးရုပ်တွေ အများကြီး လုပ်ခဲ့တယ်၊ ခန္ဓာကိုယ်အသစ်နဲ့ ပြန်ဝင်စားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီခန္ဓာကိုယ်က ပုပ်သိုးနေသလို တစ်ဖက်မှာလည်း မသေနိုင်အောင် ဖြစ်နေခဲ့တာ... ငါ့မှာ ဖျက်ဆီးဖို့ နည်းလမ်း လုံးဝ မရှိခဲ့ဘူး..."
"မင်း ကျေးဇူးကြောင့်ပါပဲ... မင်းရဲ့ အခရာအဆင့် မီးလျှံတွေက ငါ့ရဲ့ အဲဒီခန္ဓာကိုယ်ဟောင်းကို အကုန်အစင် လောင်ကျွမ်းသွားစေခဲ့တာပေါ့..."
မေလီဆာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
ဗေးလေ့စ်သည် ရူးသွပ်သော အမူအရာဖြင့် မိမိ၏ ခန္ဓာကိုယ်အသစ်ကို ပြန်ကြည့်လိုက်၏။
"နှစ်ပေါင်း တစ်ထောင်နီးပါး ချုပ်နှောင်ခံထားရပြီးတဲ့နောက်၊ ဒီနေ့မှာတော့ ငါ နောက်ဆုံးမှာ..."
မေလီဆာမှာ သူ့ စကားဆုံးအောင် မစောင့်တော့ဘဲ တောက်လောင်နေသော မီးလျှံတစ်ခုအဖြစ် ပြောင်းလဲကာ ပြေးဝင်တိုက်ခိုက်လိုက်သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က အခရာအဆင့်နှင့် အနီးစပ်ဆုံး ရှိခဲ့ပြီး 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ကို တည်ထောင်ခဲ့သူ ဗေးလေ့စ်သည်ကား အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။
သူက ရက်စက်ယုတ်မာသော အပြုံးတစ်ခုကိုသာ ပြသလိုက်လေတော့သည်။
***