အခန်း (၅၀၃-၅၀၄)
Vol. 36 Ch. 503-504
အပိုင်း(၅၀၃)
မေလီဆာ၏ နားထင်နှစ်ဖက်တွင် စူးအောင့်သော ဝေဒနာတို့က တဒိတ်ဒိတ် တိုးဝင်လာသည်။ သူမသည် မျက်လုံးများကို အားယူ၍ ဖွင့်လိုက်ရာ ဝေဝါးနေသော မြင်ကွင်းတို့က တဖြည်းဖြည်း ထင်ရှားပြတ်သားလာသည်။
ခန္ဓာကိုယ်တစ်ခုလုံး တုတ်နှောင်ခံထားရသည်ကို ခံစားလိုက်ရပြီးနောက် နာကျင်မှု အာရုံခံစားမှုများက ချက်ချင်းဆိုသလို စတင်လာတော့သည်။ သူမသည် စိမ်းလန်းသော နွယ်ပင်များဖြင့် သစ်ကိုင်းအထူကြီးတစ်ခုတွင် တင်းကျပ်စွာ ချည်နှောင်ခံထားရခြင်း ဖြစ်သည်။
ထိုသစ်ကိုင်းမှာမူ ဇောက်ထိုးကြီးထွားနေသော မဟာသစ်ပင်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။ မေလီဆာသည် မျက်လုံးကို ကျယ်ကျယ်ဖွင့်၍ ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းစိုပြည်နေသည်ကို တွေ့ရသည်။ ဤသစ်ပင်ကြီးသည် မြေအောက်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားသော ဘီလူးကြီးတစ်ဦးအလား နေရာအနှံ့သို့ ခက်လက်များ ဖြန့်ကျက် ရစ်ပတ်ထားလေသည်။
"ငါ ဘယ်ရောက်နေတာလဲ..."
မေလီဆာသည် မျက်မှောင်ကြုတ်လျက် ဝေခွဲမရစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမ၏အနီးတွင်ပင် အလားတူ ချည်နှောင်ခံထားရသော ဂရက်ကို တွေ့လိုက်ရသည်။
သူမသည် မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် အနီးနား၌ လူတစ်ရပ်ခန့်ရှိသော မြစိမ်းရောင် အသီးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ အသီး၏ ထိပ်ဖျားတွင် အပေါက်ငယ်တစ်ခု ရှိနေပြီး ထိုအတွင်း၌ မြစိမ်းရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးတစ်ဦးမှာ အိပ်မောကျနေသည်။
‘ဒါက...’
သူမသည် အတိတ်ကို ပြန်လည်တွေးတောကြည့်လိုက်ရာ သူမနှင့် ဂရက်တို့မှာ ဗေးလေ့စ်ကို အထင်သေးမိခဲ့ကြောင်း သတိရသွားသည်။ ဗေးလေ့စ် ပြောခဲ့သည်မှာ မှန်ကောင်းမှန်နိုင်ပေသည်။ သူ၏ ထုံးတမ်းသည် မိစ္ဆာနတ်ဘုရားကိုပင် ချုပ်နှောင်နိုင်ခဲ့သည် မဟုတ်ပါလား။ မိစ္ဆာနတ်ဘုရား ပူးကပ်နေသော ကျိန်စာသင့် ရုပ်အလောင်းကြီး လောင်ကျွမ်းသွားပြီးနောက် ဗေးလေ့စ်သည် သူ၏ ကိုယ်ပိုင်စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့ပုံရသည်။
သူသည် သူရဲကောင်းတစ်ဦး လုံးဝမဟုတ်ဘဲ 'အောက်လမ်း မှော်ဆရာ' တစ်ဦးသာ ဖြစ်နေတော့သည်။
ဂရက်နှင့် ပူးပေါင်းတိုက်ခိုက်သော်လည်း ဗေးလေ့စ်ကို အနိုင်မတိုက်နိုင်ခဲ့ပေ။ ဗေးလေ့စ်သည် ခန္ဓာကိုယ်အသစ်ကို ရရှိကာစ ဖြစ်သော်လည်း သူတို့ကို ခုခံထိန်းချုပ်ထားရန်မှာ သူ့အတွက် ခဲယဉ်းပုံမရဘဲ မကြာမီမှာပင် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြသည်။
ဆူဆူပူပူ ဖြစ်သွားပြီးနောက်တွင် သူတို့နှစ်ဦးမှာ ဖမ်းဆီးခြင်း ခံလိုက်ရတော့သည်။
‘ချီးပဲ...’
မေလီဆာသည် စိတ်ပျက်လက်ပျက်ဖြင့် ခြေကို အားကုန်စောင့်ကန်လိုက်မိသည်။
‘အောင်ပွဲနဲ့ နီးစပ်ခဲ့ရဲ့ သားနဲ့... ငါ တကယ်ပဲ အားနည်းလွန်းနေသေးတာပဲ... ငါသာ နည်းနည်းလေး ပိုပြီး အစွမ်းထက်ခဲ့ရင် အနိုင်ရနိုင်မှာ သေချာတယ်...’
ဗေးလေ့စ်၏ လက်ထဲတွင် အဖမ်းခံလိုက်ရခြင်းအပေါ် မေလီဆာသည် မိမိကိုယ်မိမိ အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုစဉ်မှာပင် သူမကို ဒေါသထွက်စေသော အသံများကို ကြားလိုက်ရပြန်သည်။
ထိုမဟာ ပြောင်းပြန်သစ်ပင်ကြီး၏ အောက်ခြေတွင် ခန္ဓာကိုယ်အသစ်နှင့် ဗေးလေ့စ်အပါအဝင် အလွန်အိုမင်းလှသော လူအနည်းငယ် စုဝေးနေကြသည်။
"ဗေးလေ့စ်..."
သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေသည့် တစ်ဦးတည်းသော အဘိုးအိုက ဗေးလေ့စ်၏ အမည်ကို ခေါ်လိုက်သည်။
"မင်း တစ်နေ့မှာ မိစ္ဆာနတ်ဘုရားရဲ့ ကျိန်စာကို ချိုးဖျက်ပြီး ငါ့ရှေ့ကို အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး"
"စီနီယာ ဘားရ်... အဲ့တာ ကျွန်တော့်ကို သိပ်အထင်သေးရာ ရောက်နေပြီ... ဒါပေမဲ့ ဂျိုးဇက်ရဲ့ မိုက်မဲတဲ့သမီးက ဒီလောက်အထိ တုံးအလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားခဲ့ဘူး... ဂျိုးဇက်က သူ့ရဲ့ စိတ်ဆန္ဒတွေကို သမီးဖြစ်သူဆီ လက်ဆင့်ကမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ သူမကတော့ အစွမ်းထက်ဆုံး မီးလျှံတွေနဲ့ ကမ္ဘာကြီးကို လောင်ကျွမ်းစေပြီး ကျွန်တော့်ရဲ့ ကျိန်စာသင့် ခန္ဓာကိုယ်ကို ပြာဖြစ်အောင် လုပ်ပေးလိုက်တာပဲ..."
"ဒီလောက် နှစ်ပေါင်းများစွာ ကြာပြီးမှ ဝိညာဉ်ကူးပြောင်းခြင်းကို နောက်ဆုံးတော့ အသုံးချနိုင်ခဲ့ပြီ..."
ဗေးလေ့စ်သည် သူရဲကောင်းပလ္လင်ပေါ်တွင် ထိုင်နေကျ ပုံစံနှင့် လုံးဝကွဲပြားသော မထီမဲ့မြင် အပြုံးကို ဖော်ပြလိုက်သည်။
"ဟမ့်"
တရားစီရင်ရေး ဗျူရို၏ တစ်ဦးတည်းသော အမျိုးသမီး အက်စမိုးဒီးယပ်စ်က နှာခေါင်းရှုံ့လိုက်သည်။
"အခု ကျိကျစ်ရှို့ရဲ့ လက်အောက်က တော်ဝင်မျိုးနွယ်တွေနဲ့ နေမင်း ယုံကြည်ကိုးကွယ်မှု အသင်းသားတွေက ဗဟိုခရိုင် အုပ်ချုပ်ရေးအဖွဲ့ကို တော်လှန်နေကြပြီ... 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' က ဘာလို့ အခုထိ အရေးမယူသေးတာလဲ..."
"မမေ့နဲ့ဦး... ငါတို့ အရင်က ကတိကဝတ် ပြုထားတာရှိတယ်"
သူမက ဗေးလေ့စ်ကို သတိပေးလိုက်သည်။
ဗေးလေ့စ်က ခေါင်းခါပြလိုက်၏။
"တကယ်လို့ ကျွန်တော်ကသာ ကတိကဝတ်ကို ဖျက်ချင်တယ်ဆိုရင် ပြန်လည်ရှင်သန်ပြီးတာနဲ့ ဒီကို ချက်ချင်း လာခဲ့မှာပေါ့။ ပြီးတော့ စီနီယာ ဘားရ်ကလည်း ကျွန်တော့်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး..."
ဗေးလေ့စ်က ပခုံးတွန့်ပြလိုက်သော်လည်း သူ၏ မျက်ဝန်းများမှာမူ တစ်နေရာရာသို့ ဝေ့ဝဲနေပြီး ရင်ထဲ၌ အနည်းငယ် ကြောက်ရွံ့နေသည့်ပုံ ပေါက်နေသည်။
ဘားရ်က ဖြည်းညင်းစွာ ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ဗေးလေ့စ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က တကယ်ပင် အစွမ်းအထက်ဆုံးသော အောက်လမ်းမှော်ဆရာ ဖြစ်ခဲ့သည်။ အမြဲပုပ်သိုးနေသော ခန္ဓာကိုယ်ဖြင့် ကျိန်စာသင့်ခံထားရသော်လည်း သူသည် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ကို တည်ထောင်ကာ စစ်သည်တော် အားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည် မဟုတ်ပါလား။
"အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က အဲဒီ မိစ္ဆာနတ်ဘုရား ပဲ"
ဗေးလေ့စ်က လေးနက်စွာ ပြောလိုက်သည်။ စာအုပ်ဆိုင်ပိုင်ရှင်အကြောင်း ပြောချိန်တွင် သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။ တရားစီရင်ရေး ဗျူရိုတွင် ထိုသို့သော ခန့်မှန်းချက်မျိုး ရှိခဲ့သော်လည်း ၎င်းမှာ ခန့်မှန်းချက်မျှသာ ဖြစ်ခဲ့သည်။ ယခု ဗေးလေ့စ်၏ အတည်ပြုချက်ကြောင့် ထိုနေရာရှိ လေထုတစ်ခုလုံးမှာ ရေခဲတမျှ အေးစက်သွားတော့သည်။
ရောက်ရှိလာရုံဖြင့် အဇီး တစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော ထိုမိစ္ဆာနတ်ဘုရားသည်... နောက်ဆုံးတွင် နိုးထလာခဲ့ပြီ ဖြစ်လေသည်။
ဗေးလေ့စ်သည် ပြန်လည်ရှင်သန်လာခဲ့သော်လည်း ယခုအခါ အန္တရာယ်အရှိဆုံးသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ နှစ်ပေါင်းများစွာ ပုပ်သိုးနေသော ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေခဲ့ခြင်းက သူ၏ မာန်မာနများကို လျော့ကျစေခဲ့ပုံရသည်။ သို့သော် ခဲခဲယဉ်းယဉ်း ရရှိထားသော ယခုကဲ့သို့ ပြန်လည် မတ်တတ်ရပ်နိုင်သည့် အစွမ်းကို မည်သည့်ရင်းနှီးမှုမျိုးနှင့်မဆို သူ ကာကွယ်ရပေလိမ့်မည်။
"ကျွန်တော့်အကြံပြုချက်ကတော့ စာအုပ်ဆိုင်ပိုင်ရှင်ကို မဆန့်ကျင်ဖို့ပဲ..."
ဗေးလေ့စ်က ရုတ်တရက် ပြောလိုက်သည်။
ဘားရ်သည် ဗေးလေ့စ်ကို ကောင်းစွာ သိသည်။ သူသည် လွန်ခဲ့သော ရာစုနှစ်များစွာက အလွန်မာနကြီးပြီး သောင်းကျန်းခဲ့သော အောက်လမ်းမှော်ဆရာ ဖြစ်သည်။ ယခုမူ သူ၏ မာန်မာနများမှာ သိသိသာသာ လျော့ပါးနေပြီး 'မိစ္ဆာနတ်ဘုရား' အကြောင်း ပြောတိုင်း သိသိသာသာ ထိတ်လန့်နေတတ်သည်။ ထိုကြောက်ရွံ့မှုကို မည်မျှပင် ဖုံးကွယ်ထားစေကာမူ ဘားရ်ကတော့ ထွင်းဖောက်မြင်နေရသည်။
ဤလူကို ယုံကြည်၍ မရနိုင်ပေ။ သို့သော်လည်း ဗေးလေ့စ်သည် ဂျိုးဇက်မှတစ်ဆင့် စာအုပ်ဆိုင်နှင့် အဆင်ပြေအောင် ကြိုးစားခဲ့သော အကြံအစည်များကို ဘားရ် မြင်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ မျက်နှာချိုသွေးခြင်းမှာ ကြောက်ရွံ့မှုကြောင့်သာ ဖြစ်သည်။
သို့သော် မည်သို့ပင် ဖော်လံဖားစေကာမူ အလကားပင်။ 'မိစ္ဆာနတ်ဘုရား' သည် အရာအားလုံးကို ဖျက်ဆီးလိမ့်မည်။ မုန်းတီးမှု သို့မဟုတ် ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ 'သူ့' ဖြစ်တည်မှုကို မည်သူမျှ ချောင်းကြည့်၍ မရနိုင်ခြင်းကြောင့် ဖြစ်သည်။ 'သူ' သည် လူသားများကို ပုရွက်ဆိတ်ငယ်များကဲ့သို့ နင်းခြေသွားမည့် ဖြစ်တည်မှုမျိုးသာ ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်သည် နော်ဇင်ကို မရည်ရွယ်ဘဲ ဖျက်ဆီးပစ်လိမ့်မည်မှာ သေချာလှသည်။
"ဒါဆို မင်းမှာ တခြား ဘာအကြံပြုချက် ရှိသေးလဲ ဗေးလေ့စ်"
ဘားရ်က စိတ်မရှည်စွာ မေးလိုက်သည်။
"ငါတို့က စာအုပ်ဆိုင်ပိုင်ရှင်ကို ဆန့်ကျင်ချင်နေတာ မဟုတ်ဘူး... ဒါပေမဲ့ ကျိကျစ်ရှို့နဲ့ နေမင်း ယုံကြည်ကိုးကွယ်မှု အသင်းက ငါတို့ဆီကို ဦးတည်လာနေတာ... သူတို့နောက်ကွယ်မှာက မစ္စတာလင် ရှိနေတယ်လေ..."
"မီးလျှံဓားလမ်းစဉ်... ကျွန်တော် အဲဒီထဲမှာ သူလျှိုတစ်ယောက် ထည့်ထားတယ်"
ထိုစကားကို ကြားသောအခါ လူတိုင်း မှင်တက်သွားကြသည်။ လှုပ်ရှား၍မရဘဲ နှစ်ပေါင်းများစွာ ရှိနေခဲ့သော ဗေးလေ့စ်သည် 'မီးလျှံဓားလမ်းစဉ်' ထဲတွင် သူလျှိုတစ်ယောက် ထည့်ထားနိုင်ခဲ့လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ကျွန်တော် စာအုပ်ဆိုင်ပိုင်ရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အားလုံးကို 'မီးလျှံဓားလမ်းစဉ်' ဆီ ပေးလိုက်မယ်... သူတို့ကိုပဲ အဲဒီလူနဲ့ ရင်ဆိုင်ခိုင်းလိုက်မယ်လေ..."
ဘားရ် ခေါင်းညိတ်လိုက်သည်။ 'မီးလျှံဓားလမ်းစဉ်' က ကိုင်တွယ်နိုင်သည်ဖြစ်စေ၊ မကိုင်တွယ်နိုင်သည်ဖြစ်စေ တရားစီရင်ရေး ဗျူရိုအနေဖြင့် အသာလေး ထိုင်ကြည့်နေရုံသာ ရှိသည်။ အမှန်တော့ ဗဟိုခရိုင် အုပ်ချုပ်ရေးအဖွဲ့ဆိုသည်မှာ အခွံသက်သက်သာ ရှိတော့သည်။ တကယ်တမ်း အစွမ်းထက်ဆုံး အနှစ်သာရမှာ 'သစ်ပင်စုန်းမ' သာ ဖြစ်သည်။ သို့သော် သူမကို နှိုးရန်မှာ ရှည်လျားသော ထုံးတမ်းစဉ်လာများ လိုအပ်ပေသည်။
'မီးလျှံဓားလမ်းစဉ်' က လိုအပ်သော အချိန်ကို ဆွဲပေးနိုင်လိမ့်မည်။
'သစ်ပင်စုန်းမကြီး' သာ ပါဝင်ပတ်သက်လာမည် ဆိုပါက... အနည်းဆုံးတော့...
အနည်းဆုံးတော့ 'ထိုမိစ္ဆာနတ်ဘုရား' ကို ပြန်လည် အိပ်ပျော်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
"ကောင်းပြီလေ၊ ဒီကိစ္စကို မင်းလက်ထဲပဲ အပ်လိုက်မယ်..."
ဘားရ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သစ်ပင်တွင် ချည်နှောင်ခံထားရသူ နှစ်ဦးကို ကြည့်လိုက်၏။
"အဲဒီ နှစ်ယောက်ကိုရော ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"
မေလီဆာမှာ အံ့အားသင့်သွားရ၏။ သူမသည် ဤဆွေးနွေးမှု တစ်ခုလုံးကို နားထောင်နေခဲ့ခြင်း ဖြစ်သော်လည်း ဤရှေးဟောင်းကြီးများမှာ သူမ ခိုးနားထောင်နေခြင်းကို အရေးစိုက်ပုံ မရကြပေ။
"သူတို့ကို အသက်ရှင်လျက် ထားတာက အသုံးဝင်ပါလိမ့်မယ်... ဒီမိန်းကလေးက ဂျိုးဇက်ရဲ့ မီးလျှံစိတ်ဆန္ဒကို ဆက်ခံထားတာ... နည်းနည်း လေ့ကျင့်ပေးလိုက်ရင် သူက ဂျိုးဇက်ရဲ့ စွမ်းအားမျိုးကို ပြန်ထုတ်ပေးနိုင်လိမ့်မယ်..."
ထိုအရာက 'အခရာ အဆင့်' စွမ်းအား မဟုတ်ပါလား။ ဂျိုးဇက်သာ အသက်ရှင်နေသေးပါက အဇီး၏ ထိပ်သီး ငါးဦးစာရင်းဝင် ဖြစ်နေမှာ သေချာသည်။
"မဆိုးဘူးပဲ"
ဘားရ်သည် နောက်ဆုံးတွင် စိတ်ကျေနပ်မှု အနည်းငယ် ရသွားပုံရသည်။ သူက တရားစီရင်ရေး ဗျူရိုမှ အဖွဲ့ဝင်တစ်ဦးထံ လှည့်လိုက်၏။
"ကတ်ဒီလာ... မင်းမှာ လူတွေရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိတယ် မဟုတ်လား..."
"နားလည်ပါပြီ အရှင်ဘားရ်..."
ကတ်ဒီလာက သဘောပေါက်သွားပြီး မေလီဆာ၏ အနားသို့ ချက်ချင်း ရောက်ရှိလာသည်။
မေလီဆာ အံကြိတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော မီးလျှံများကို တောက်လောင်စေလိုက်သည်။ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်ဟု ဆိုသော ထိုစွမ်းအားမှာ စိမ်းလန်းသော နွယ်ပင်များ၏ ဝါးမြိုခြင်းကို ခဏချင်း ခံလိုက်ရသည်။
မေလီဆာမှာ အလွန်အံ့အားသင့်သွားသည်။ ကတ်ဒီလာက လှောင်ပြောင်လိုက်ပြီးနောက် မေလီဆာ၏ ခေါင်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
နီမြန်းသော ဆံနွယ်ပိုင်ရှင် မိန်းကလေးမှာ အစွမ်းကုန် ရုန်းကန်သော်လည်း မအောင်မြင်ဘဲ ခေါင်းကိုသာ ဘယ်ပြန်ညာပြန် ခါယမ်းနေမိသည်။ ထိုစဉ်မှာပင်... အသီး၏ အလယ်ဗဟိုတွင် ငြိမ်သက်စွာ လဲလျောင်းနေသော မြစိမ်းရောင် မိန်းကလေးမှာ... မျက်လုံးများကို ဖွင့်လိုက်သည်ကို သူမ တွေ့လိုက်ရသည်။
'သစ်ပင်စုန်းမကြီး' ဟု လူသိများသော ထိုမိန်းကလေး၏ နှင်းကဲ့သို့ ဖြူဆွတ်နေသော မျက်ဝန်းများမှာ သူမကို တည့်တည့်စိုက်ကြည့်နေပြီး နှုတ်ခမ်းထက်တွင်မူ ဆောင်းရာသီ၏ အအေးမြဆုံးသော နေ့ရက်များကဲ့သို့ တည်ငြိမ်အေးစက်လှသော အပြုံးတစ်ခု ရှိနေလေတော့သည်။
***
အပိုင်း(၅၀၄)
"ဒါနဲ့... ကြက်သွန်မြိတ်ဆိုတာ ဘာကြီးလဲ"
ဖရန်ကာသည် သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် စာအုပ်၏ ရောင်စုံစာမျက်နှာများကို လှန်လှောရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။ သူမ စိတ်ထဲတွင် ဝေခွဲမရဘဲ ဇဝေဇဝါ ဖြစ်နေမိသည်။
ကျိမိသားစု၏ လေလံပွဲမှ 'အိမ်ချက်ဟင်းလျာ ၁၀၀၀ (၃၆၅ ရက်စာ ရောင်စုံ အပြည့်အစုံ)' ဆိုသည့် ဤစာအုပ်ကို ဝယ်ယူခဲ့ပြီးကတည်းက ဖရန်ကာမှာ အိမ်ပြင်ပင် မထွက်တော့ဘဲ ဟင်းချက်နည်းများကိုသာ နေ့မပြတ် လေ့လာနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤဟင်းချက်နည်းစာအုပ်ထဲရှိ အချို့သော အရာများမှာ နားလည်ရ ခက်ခဲလွန်းလှသည်။ ဥပမာအားဖြင့်... ကြက်သွန်မြိတ် ဆိုသည်မျိုးပေါ့။
ဖရန်ကာသည် စာအုပ်အမျိုးမျိုးကို ရှာဖွေဖတ်ရှုသော်လည်း 'ကြက်သွန်မြိတ်' ဟုခေါ်သော ဟင်းသီးဟင်းရွက်မျိုးကို လုံးဝ ရှာမတွေ့ခဲ့ပေ။
"ပုံထဲမှာ ကြည့်ရတာတော့... 'ဆံပင်နက်မြက်' နဲ့ နည်းနည်းတူသလိုပဲ"
ဖရန်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ ဆံပင်နက်မြက်၏ သမိုင်းကြောင်းမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် မြေအောက်ကမ္ဘာတွင် နေထိုင်ခဲ့သည့် သတ္တဝါဆန်းကြီးများထံမှ အစပြုခဲ့သည်။ ထိုသတ္တဝါကြီးများမှာ ချွဲကျိသောအနှစ်များနှင့် အသားဆိုင်ဖြူဖြူ ပါးစပ်ကြီးများဖြင့် ဖုံးလွှမ်းနေပြီး အခြားသော သားရဲတိရစ္ဆာန်များ၏ ပုပ်သိုးနေသော အလောင်းများကို စားသုံးကြသည်။ သူတို့၏ ကိုယ်ပေါ်တွင် ပေါက်ရောက်သော မြက်ပင်များမှာ လူသားတို့၏ ဆံပင်အမည်းရောင်နှင့် တူလှသည်။
ထိုခေတ်က လူသားများသည် သူတို့ ချစ်မြတ်နိုးရသူများ၏ ရုပ်အလောင်းများကို ထိုသတ္တဝါကြီးများအား ကျွေးမွေးကြပြီးနောက် ကိုယ်ပေါ်တွင် ပေါက်လာသော ထိုမြက်ပင်များကို ပြန်လည် ဆွတ်ခူးစားသုံးကြသည်ဟု ဆိုသည်။
ဖရန်ကာသည် သူမ၏ ကိုယ်ပိုင်စာကြည့်တိုက်ထဲတွင် ဆံပင်နက်မြက်နှင့် ကြက်သွန်မြိတ်မှာ တစ်ခုတည်း ဖြစ်နေမလားဟု သိချင်စိတ်ဖြင့် ရှာဖွေကြည့်ရာမှ ပါးစပ်များဖြင့် ဖုံးလွှမ်းနေသော သတ္တဝါကြီး၏ ပုံကြမ်းကို တွေ့လိုက်ရသည်။ လူတစ်ရပ်မက မြင့်မားသော အသားတိုင်ကြီးပေါ်တွင် လျှာအရှည်ကြီးများ ထွက်နေသည့် ပါးစပ်ပေါင်းများစွာမှာ စီစီရီရီ ရှိနေလေသည်။
"အီး... ရွံစရာကြီး"
ဖရန်ကာ ရွံရှာသွားမိသည်။ သို့သော်လည်း ပုံထဲက ကြက်သွန်မြိတ် မုန့်ထုပ်လေးတွေကတော့ တကယ်ပဲ စားချင်စဖွယ် ကောင်းလှသည်။
‘ကြက်သွန်မြိတ်ဆိုတာ ဆံပင်နက်မြက်နဲ့တော့ အတူတူ မဟုတ်လောက်ပါဘူးလေ...’
ဖရန်ကာ သက်ပြင်းတစ်ချက်ချကာ ထူထဲလှသော ဟင်းချက်နည်းစာအုပ်ကို ဆက်လက် လှန်လှောကြည့်ရာမှ 'ကြက်သားပေါင်း' ဆိုသည့် ဟင်းလျာကို တွေ့လိုက်ရသည်။ ၎င်းမှာ ပါဝင်ပစ္စည်း များများစားစား မလိုဘဲ ချက်ပြုတ်ပုံမှာလည်း ရိုးရှင်းလှသည်။ အဓိက ပါဝင်ပစ္စည်းမှာ ကြက်သား ဖြစ်သည်။
"အင်း... ဒါက တောင်ပိုင်းဟင်းလျာတဲ့၊ အဆင်းလှပြီး ရွှေရောင်အရေခွံနဲ့ အသားဖြူဖြူလေးရှိတယ်၊ နူးညံ့ပြီး လတ်ဆတ်တဲ့ အရသာရှိလို့ ခံတွင်းမြိန်စေတယ်တဲ့..."
ဖရန်ကာ၏ လက်ကလေးမှာ စာမျက်နှာထက်တွင် ရွေ့လျားနေရင်း 'တောင်ပိုင်း' ဆိုသည့် စကားလုံးပေါ်တွင် ရပ်တန့်သွားသည်။
“တောင်ပိုင်း... တောင်ပိုင်းဆိုတာ ဘယ်နားမှာလဲ... ဘာပဲဖြစ်ဖြစ် တောင်ပိုင်းဆိုတာ အဝေးကြီးမှာ နေမှာပါ..."
ဖရန်ကာက တွေးတောရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ဖရန်ကာသည် 'အထက်လမ်း မှော်ဆရာ' မျိုးရိုးမြင့် မိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။ အိမ်၏ သမီးဦးဖြစ်သည့်အတွက် မိမိသဘောနှင့်မိမိ အပြင်ထွက်ခွင့် မရှိပေ။ သူမ အဝေးဆုံး ရောက်ဖူးသည်မှာ ဗဟိုခရိုင် ပန်းခြံအထိသာ ရှိသည်။
အထက်လမ်း မှော်ဆရာ မျိုးနွယ်စုဖြစ်သည့် 'ကာတစ်' မိသားစုမှာ မိသားစုဝင်များအပေါ် အလွန်တင်းကျပ်သော စည်းကမ်းများ ရှိသည်။ ထို့အပြင် သူတို့၏ မိသားစုမှာ ကောင်းကင်နက္ခတ်တာရာများနှင့် အထက်လမ်းမှော်ပညာ သုတေသန လုပ်ငန်းများအတွက် ကျော်ကြားပြီး ဗဟိုခရိုင်နှင့် အလှမ်းဝေးလှသော တောင်ထိပ်ပေါ်တွင် သီးခြား နေထိုင်ကြသည်။
ဤမိသားစုသည် ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားပြီး လူမှုအဆင့်အတန်းနှင့် ပညာရပ်ဆိုင်ရာ သုတေသနများကိုသာ ဦးစားပေးကြသည်။ အမှန်စင်စစ်တွင်မူ သူတို့၏ ရှေးရိုးစွဲဝါဒများကြောင့် ဗဟိုခရိုင်၏ အာဏာစက်ဝန်းထဲမှ ဖယ်ကြဉ်ခြင်း ခံထားရသည်။ သို့သော် ကာတစ်မိသားစုမှာမူ ထိုသို့ နေထိုင်ရခြင်းကိုပင် ပို၍ ကျေနပ်နေပုံရသည်။
ကာတစ်မိသားစု၏ အမွေဆက်ခံသူဖြစ်သည့် ဖရန်ကာမှာ အပြင်ထွက်ခွင့် နည်းပါးသော်လည်း ကျိမိသားစုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စာအုပ်ဆိုင်ပိုင်ရှင်ကိုမူ အတော်လေး စိတ်ဝင်စားမိသည်။
‘ဒီစာအုပ်ကို သူကိုယ်တိုင် ရောင်းတာဆိုတော့ အထဲက အကြောင်းအရာတွေကိုလည်း သူ ကောင်းကောင်း သိမှာပဲ... ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက အတော်လေး ဗဟုသုတ ကြွယ်ဝမှာ သေချာတယ်...’
‘နော့ဇင်မှာ ရှိတဲ့ ဟင်းတွေထက် ဒီစာအုပ်ထဲက ဟင်းတွေက ပိုကောင်းမှာပဲ... ကြက်သားတစ်မျိုးတည်းကိုတောင် ချက်နည်းပေါင်း တစ်ဒါဇင်မက ရှိတာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ...’
‘စာအုပ်ဆိုင်ပိုင်ရှင်သာ ဒီအကြောင်းတွေကို နားမလည်ရင် ဒီစာအုပ်ကို ရောင်းမှာ မဟုတ်ဘူး...’
‘ငါ တစ်နေ့တော့ စာအုပ်ဆိုင်ပိုင်ရှင်ဆီကို အရောက်သွားမယ်... ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဒီကြက်သားပေါင်းကို အရင် စမ်းချက်ကြည့်ရမယ်...’
ဖရန်ကာ တွေးတောရင်း နေရာမှ ထလိုက်သည်။
ယနေ့ ဖရန်ကာ၏ ဖခင်မှာ အိမ်တွင် မရှိပေ။ ဖရန်ကာကို အိန္ဒြေမူရာများ သင်ကြားပေးသည့် အစေခံ စူဆန်မှာလည်း အခြားခွဲထွက်မိသားစုတစ်ခုဆီတွင် အိမ်ဖော်ခေါင်းအဖြစ် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။ ထို့ကြောင့် ဖရန်ကာသည် မီးဖိုချောင်ကို ခိုးသုံးရန် အခွင့်အရေး ရသွားတော့သည်။
သူမသည် ဟင်းချက်နည်းများကို စာရွက်တစ်ရွက်ပေါ်တွင် ကူးယူပြီးနောက် စာအုပ်ကို သူမ၏ သေတ္တာထဲတွင် ဂရုတစိုက် သော့ခတ်သိမ်းဆည်းလိုက်သည်။ ထို့နောက် မီးဖိုချောင်ဆီသို့ ခိုးဝင်ရန် ပြင်ဆင်လိုက်စဉ် လမ်းတွင် ဧည့်ခန်းထဲတွင် ထိုင်နေသော အမျိုးသမီးငယ်တစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ ဝှီးချဲပေါ်တွင် ထိုင်လျက် ဝါးရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာဖြင့် လွင့်ပြယ်နေသော ဖယောင်းတိုင်မီးများကို စိုက်ကြည့်နေသည်။ သူမ၏ ရုပ်သွင်မှာ နော့ဇင်ဗဟိုခရိုင်ရှိ တော်ဝင်မျိုးနွယ်များနှင့် မတူဘဲ ဆံပင်နက်၊ မျက်လုံးနက်နှင့် အသားအနည်းငယ် ဝါသည်။ ကျိကျစ်ရှို့နှင့် ကျိပိုတုံ တို့ကဲ့သို့ပင် မြောက်ပိုင်းသားများ၏ ရုပ်ရည်သွင်ပြင်မျိုး ရှိသည်။
သူမမှာ အလွန်ပင် လှပပြီး ထူးခြားသော အလှတရားမျိုး ရှိသည်။ ထို့ကြောင့်ပင် ဖရန်ကာကဲ့သို့ ချောမောသော မိန်းကလေးတစ်ဦးကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူမ၏ အမည်ကို မည်သူမျှ မသိကြသော်လည်း အမှန်စင်စစ်တွင်မူ သူမမှာ ဖရန်ကာ၏ မိခင်ပင် ဖြစ်သည်။
ဖရန်ကာသည် ဝှီးချဲပေါ်တွင် ရှိနေသော သူမ၏ မိခင်ထံသို့ လျှောက်သွားကာ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမ၏ မိခင်ကို ယနေ့တွင် အထပ်ခိုးရှိ အိပ်ခန်းငယ်လေးထဲတွင် သော့ခတ်ထားခြင်း မခံရသည့်အတွက် ဖရန်ကာမှာ အံ့အားသင့်သွားမိသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော စိတ်ပိုင်းဆိုင်ရာ ကုထုံးများကြောင့် သူမ၏ အခြေအနေမှာ တည်ငြိမ်လာပုံရသည်။
"အမေ... ဒီမှာ ဘာလုပ်နေတာလဲ"
သူမ၏ မိခင်မှာ သစ်တုံးတစ်တုံးကဲ့သို့ မည်သည့်စကားမှ ပြန်ပြောမည်မဟုတ်ကြောင်း သိသော်လည်း ဖရန်ကာသည် တစ်ခါမျှ စကားပြန်မပြောဖူးသော သူမ၏ မိခင်ကို ပြုံးပြလျက် မေးလိုက်သည်။
"အမေ၊ သမီး ဒီနေ့ အမေ့အတွက် ဟင်းချက်ပေးမယ်နော်... ချက်ပြီးရင် အမေ့ကို မြည်းကြည့်ခိုင်းမယ်..."
ဖရန်ကာ၏ မိခင်မှာ မျက်ဝန်းထဲတွင် အရောင်အဝါ မရှိသကဲ့သို့ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
ဖရန်ကာ သက်ပြင်းချလိုက်မိပြီး ရင်ထဲတွင် မကောင်းဖြစ်သွားရသည်။ ထို့နောက် သူမ၏ မိခင်ဝှီးချဲကို မီးဖိုချောင်ဆီသို့ တွန်းသွားလိုက်၏။
"အမေ၊ သမီး ချက်တာကို ကြည့်နေနော်၊ ဟုတ်ပြီလား။ သမီး ဒီနေ့... ကြက်သားပေါင်း ချက်မယ်... သိပ်တော့ စားမကောင်းလောက်ဘူး၊ ဒါပေမဲ့ နောက်ကျရင် ဟိုစာအုပ်ဆိုင်ပိုင်ရှင်ဆီမှာ သွားပြီး အကြံဉာဏ် တောင်းပေးမယ်လို့ ကတိပေးပါတယ်... နောက်တစ်ခါကျရင်တော့ ကြက်သွန်မြိတ် မုန့်ထုပ်တွေ ချက်ကျွေးနိုင်မှာပါ"
ဖရန်ကာသည် မျက်ရည်များကို သုတ်လိုက်ရင်း သူမ၏ မိခင်ကို ဟင်းလျာများအကြောင်း ပြုံးပြုံးရွှင်ရွှင်နှင့် ပြောပြနေတော့သည်။
သူမ၏ မိခင်ကို မီးဖိုချောင်အဝင်ဝတွင် နေရာချပေးပြီးနောက် သူမ စတင် လုပ်ဆောင်တော့သည်။ ကြက်သားကို သန့်စင်ခြင်းမှအစ သူမ၏ ငွေရောင်လက်ပတ်နာရီကို အသုံးပြု၍ အချိန်မှတ်သားခြင်းအထိ ဟင်းချက်နည်းစာအုပ်ပါ အဆင့်တိုင်းကို တိတိကျကျ လိုက်နာခဲ့သည်။
"ဟင်းချက်ဝိုင်... ဟင်းချက်ဝိုင်ဆိုတာက... မှတ်စုထဲမှာတော့ ဝိုင်အဝါရောင်လို့ ရေးထားတာပဲ... အဲဒါက ဘယ်လိုမျိုးလဲ။ ကောက်ညှင်းဆန်နဲ့ လုပ်ထားတဲ့ အဝါရောင်ဝိုင်လား... အင်း... တစ်ခါမှတော့ မကြားဖူးဘူး၊ ဒါပေမဲ့ မေခဝိုင် လုပ်ပုံလုပ်နည်းနဲ့ အရသာကတော့ ဒီမှာ ရေးထားတာနဲ့ ဆင်တူသလိုပဲ... အဲဒါကိုပဲ အစားထိုး သုံးလိုက်ရင် ရမှာပါ"
ဖရန်ကာသည် ချက်ပြုတ်ရင်းနှင့်ပင် တစ်ကိုယ်တည်း ရေရွတ်နေတော့သည်။
တံခါးဝတွင် ထိုင်နေသော အမျိုးသမီး၏ အရောင်အဝါကင်းမဲ့သည့် မီးခိုးရောင် မျက်ဝန်းအစုံတွင် ဟင်းချက်ရာ၌ အလုပ်ရှုပ်နေသော မိန်းကလေး၏ ပုံရိပ်မှာ ထင်ဟပ်နေလေသည်။
"ဟင်းချက်တာ အောင်မြင်ပြီ..."
ဖရန်ကာသည် သေသပ်စွာ စီရီထားသော ကြက်သားတုံးလေးများ တင်ထားသည့် ပန်းကန်ကို မကာ မျက်လုံးများကို မှိတ်ပြီး မွှေးကြိုင်လှသော ရနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။
"တကယ်ကို မွှေးတာပဲ... ဒါမျိုး အနံ့မျိုးက တစ်ခုလုံးသော အဇီး တိုက်ကြီးမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အနံ့ပဲ..."
ဖရန်ကာသည် ဝမ်းသာအားရဖြင့် လှည့်ကြည့်လိုက်ရင်း...
‘ဟင်... အစောက အမေ တံခါးဝမှာ ရှိနေတာ မဟုတ်လား... ဘယ်တုန်းက မီးဖိုချောင်ထဲ ရောက်လာတာလဲ...’
မသိမသာပင် ဖရန်ကာ၏ မိခင်သည် သူမ၏ ဝှီးချဲကို မီးဖိုချောင်ထဲသို့ တွန်းပို့ကာ သမီးဖြစ်သူကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ ခဏတာမျှ ဖရန်ကာမှာ အံ့အားသင့်သွားရသည်။
"အမေ..."
ဖရန်ကာက စမ်းသပ်သည့်အနေဖြင့် ခေါ်လိုက်ရာ သူမ၏ မိခင်မျက်ဝန်းများတွင် ပထမဆုံးအကြိမ်အဖြစ် အသက်ဝင်သော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် ဖရန်ကာ၏ မျက်နှာမှတစ်ဆင့် လက်ထဲမှ ဟင်းပန်းကန်ဆီသို့ အကြည့်တို့က တဖြည်းဖြည်း ရွေ့လျားသွားသည်။
"...ဒါကို မြည်းကြည့်ချင်လို့လား"
ဖရန်ကာက စမ်းတဝါးဝါး မေးလိုက်သည်။ ထိုစဉ် သူမ၏ အသံမှာ တည်ငြိမ်နေသော်လည်း ရင်ထဲမှာမူ လှိုင်းထန်နေလေပြီ။ သူမ ငယ်စဉ်ကတည်းက မှတ်မိသမျှ မိခင်ဖြစ်သူမှာ အခြေအနေ နှစ်မျိုးသာ ရှိခဲ့သည်။ ရူးသွပ်နေခြင်း သို့မဟုတ် သစ်တုံးတစ်တုံးလို ဖြစ်နေခြင်းတို့ပင်။
ရူးသွပ်နေချိန်တွင် ဖရန်ကာ၏ မိခင်မှာ ကြီးမားသော ကြောက်ရွံ့မှုတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်နေတတ်ပြီး၊ မရူးသွပ်ချိန်တွင်မူ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ သစ်တုံးတစ်တုံးအလား ငြိမ်သက်နေတတ်သည်။
"မင်းမှာ ဒီလိုမိခင်မျိုး မရှိဘူးလို့သာ သဘောထားလိုက်ပါ..."
ဤစကားမှာ ဖရန်ကာ၏ ဖခင်နှင့် အဘိုးတို့က သူမကို ပြောခဲ့ဖူးသည့် စကားများပင်။
ယခုမူ ဖရန်ကာသည် သူမ၏ မိခင်ကို ဤသို့သော အခြေအနေမျိုးဖြင့် ပထမဆုံးနှင့် တစ်ကြိမ်တည်းသော မြင်တွေ့ရခြင်း ဖြစ်သည်။ မယုံကြည်နိုင်သော ခံစားချက်တို့က သူမ၏ နှလုံးသားထဲတွင် တိုးဝင်လာသည်။
‘အမေသာ အခု ငါ့ကို ပြန်ထူးနိုင်ရင် ဘယ်လောက်ကောင်းမလဲ...’
"ဒါကို မြည်းကြည့်ချင်လို့လား..."
ဖရန်ကာက ထပ်မံ မေးလိုက်သည်။ ဝှီးချဲပေါ်မှ အမျိုးသမီးသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူမ၏ အသက်မဲ့နေသော မျက်ဝန်းများဖြင့် ဖရန်ကာ၏ လက်ထဲမှ ဟင်းပန်းကန်ကို စူးစိုက်ကြည့်နေသည်။ ထို့နောက် သူမက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ပန်းကန်ကို ကိုင်ထားသော ဖရန်ကာ၏ လက်များမှာ စတင် တုန်ယင်လာတော့သည်။ သူမ အတိုင်းအဆမရှိ စိတ်လှုပ်ရှားသွားရသည်။
‘ဒါက ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ... အမေ ပထမဆုံးအကြိမ် တုံ့ပြန်လိုက်တာပဲ...’
ဖရန်ကာသည် ပန်းကန်ကို သူမ၏ မိခင်ရှေ့တွင် အမြန်ချပေးလိုက်ပြီး ဇွန်းနှင့် ခက်ရင်းကို ကမ်းပေးလိုက်သည်။ သို့သော် သူမ၏ မိခင်မှာ ဇွန်းနှင့် ခက်ရင်းကို ကြည့်ပြီးနောက် ရုတ်တရက် ခေါင်းခါပြပြန်သည်။
"ဘာဖြစ်လို့လဲဟင်..."
ဖရန်ကာမှာ ဘာကြောင့် သူမ၏ မိခင်က ငြင်းဆန်နေရသည်ကို ဝေခွဲမရ ဖြစ်သွားရသည်။ ထို့နောက် သူမ၏ မိခင်က လက်တစ်ဖက်ကို မြှောက်ကာ တစ်စုံတစ်ခုကို ညှပ်ယူသည့် ပုံစံမျိုးဖြင့် လက်ချောင်းများကို စုလိုက်သည်ကို တွေ့လိုက်ရသည်။ ဖရန်ကာ မိခင်၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ တုန်ယင်နေပြီး မျက်နှာကြွက်သားများမှာလည်း လှုပ်ခတ်နေသည်။ သူမ တစ်စုံတစ်ခုကို ပြောချင်နေပုံရသော်လည်း ပါးစပ်မှာ ဟစိဟစိဖြင့်သာ ဖြစ်နေတော့သည်။
သူမက ဇွန်းနဲ့ ခက်ရင်းကို မလိုချင်တာပဲ... ဖရန်ကာသည် မိခင်ဖြစ်သူ ပြောချင်သည်ကို ချက်ချင်းပင် နားလည်လိုက်သည်။
ဖရန်ကာ မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်သည်။ 'အိမ်ချက်ဟင်းလျာ ၁၀၀' ထဲမှ ပုံများထဲတွင် တုတ်ချောင်းကဲ့သို့ ကိရိယာနှစ်ခုကို တွေ့ခဲ့သည်မှာ သူမ သတိရသွားသည်။ ထိုအရာများမှာ ဟင်းမွှေရန်အတွက် မရှိမဖြစ်လိုအပ်သော အရာများဟု သူမက ထင်မှတ်ခဲ့သဖြင့် အလားတူ တစ်စုံကို ကြိုတင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
သူမသည် ဘေးနားရှိ တုတ်ချောင်းသွယ်သွယ် တစ်စုံကို အမြန်ကောက်ယူကာ မျှော်လင့်ချက်အပြည့်ဖြင့် သူမ၏ မိခင်အား ကမ်းပေးလိုက်သည်။
မိခင်မှာ လက်ထဲမှ တုတ်ချောင်းများကို ကြည့်ကာ သူမ၏ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထို့နောက် ပင်ကိုယ်အသိစိတ်ဖြင့်သော်လည်းကောင်း၊ တုန်တုန်ယင်ယင်ဖြင့်သော်လည်းကောင်း ထိုတုတ်ချောင်းများကို အသုံးချရန် ကြိုးစားနေတော့သည်။ သူမသည် လက်မှ လွတ်မကျအောင် အားတင်းကိုင်ထားရင်း အကြိမ်ကြိမ် ကြိုးစားပြီးနောက် နောက်ဆုံးတွင် ကြက်သားတစ်တုံးကို ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်နိုင်တော့သည်။
ဖရန်ကာမှာ ကြီးကျယ်သော အောင်မြင်မှုတစ်ခုကို လုပ်ဆောင်နေသည့်အလား စိတ်လှုပ်ရှားစွာဖြင့် မိခင်ဖြစ်သူကို စိုက်ကြည့်နေမိသည်။ မည်သည့် အနှောင့်အယှက်မျှ မဖြစ်စေရန် သူမကိုယ်တိုင်ပင် အသက်ရှူအောင့်ထားမိသည်။
ဖရန်ကာ၏ မိခင်မှာ အစားအစာကို စတင် ဝါးစားလိုက်သည်နှင့် မျက်ဝန်းများမှ မျက်ရည်များ ဝဲတက်လာတော့သည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်ဝန်းများထဲမှ တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ မှောင်မိုက်လှသော နှစ်ပေါင်းများစွာအတွင်း ပိတ်မိနေသည့် ဝိညာဉ်တစ်ခု နိုးထလာသကဲ့သို့ပင်။
ပါးစပ်ထဲတွင် ဟင်းလျာများ ရှိနေစဉ်မှာပင် သူမက ထူးဆန်းပြီး အက်ကွဲလှသော အသံဖြင့် ပြောလိုက်လေ၏။
"ငါ့ နာမည်က... တွမ့်ရွှမ်မင်... ငါက... ရှန်တူး... ယဉ်ကျေးမှု... ရှေးဟောင်းပစ္စည်း... သုတေသနအဖွဲ့က..."
"ငါ့ရဲ့... ဆရာက... လင်... မင်... ဟိုင်..."
"နောက်ပြီး... ငါ... နင်တို့... ဘယ်တော့မှ... နားမလည်နိုင်မယ့်... အမှန်တရားကို... မှတ်တမ်းတင်... ပေးမယ်..."
အမည်မသိ ဤကမ္ဘာခြားသူ အမျိုးသမီးသည် ဤစကားအနည်းငယ်ကိုပင် ထပ်တလဲလဲ ပြောဆိုရင်း နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။