အခန်း (၄၉၃-၄၉၄)
Vol. 36 Ch. 493-494
အပိုင်း(၄၉၃)
“ဒါက ဘာအတွက်လဲ...”
ဗင်းဆင့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ မွန်း ဤသို့ လုပ်ရခြင်း၏ အကြောင်းရင်းကို သူ နားမလည်နိုင် ဖြစ်နေသည်။
'မစ္စတာလင်ရဲ့ ရည်မှန်းချက်က အရည်အချင်းမရှိတဲ့ လူသားတွေကို ဖယ်ရှားဖို့လေ... ဒီ ဘလိုက်သ် ဆိုတဲ့လူက ငါ့ကိုတောင် တည့်တည့် မကြည့်နိုင်ဘူး၊ မစ္စတာလင် ရွေးချယ်မယ့်သူ ဖြစ်ဖို့ဆိုတာ ဝေးလှပါသေးတယ်'
“သူက ဗဟိုအုပ်ချုပ်ရေးအဖွဲ့က လာတာလေ... အဲဒီအဖွဲ့က ဘော့စ်ရဲ့ အစွမ်းနဲ့ ရည်မှန်းချက်တွေကို စုံစမ်းချင်နေမှတော့ ငါတို့က သူတို့ကို ပြန်ပြီး အသုံးချရမှာပေါ့...”
မွန်းက ငေးငိုင်နေသော ဘလိုက်သ်ကို ကြည့်ကာ ပြုံးလိုက်ပြီး စာအုပ်ကို သူ၏ရှေ့သို့ ပြန်တင်ပေးလိုက်သည်။
“မင်း သူ့ကို ဒီစာအုပ် ပေးလိုက်တာလား”
ဗင်းဆင့်က 'ချောက်ကမ္ဘာ၏ ပဲ့တင်သံ' စာအုပ်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်၏။
“ဒါက မစ္စတာလင် ကိုယ်တိုင်ရေးထားတဲ့ ကျမ်းစာပဲ”
ဗင်းဆင့်မှာ သက်ပြင်းသာ ချနိုင်တော့သည်။ သူကိုယ်တိုင် ဤစာအုပ်ကို အလွန် ဖတ်ရှုချင်သော်လည်း ဤစာအုပ်မှာ သူ့အတွက် မဟုတ်ကြောင်းနှင့် သူ ဘယ်သောအခါမျှ ထိတွေ့ခွင့်ရမည် မဟုတ်ကြောင်း သိထားသည်။
'ညဉ့်ဦးယံ စုန်းမကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်းဆိုရင်တော့ ဒီစာအုပ်က ဘလိုက်သ်နဲ့ ထိုက်တန်လို့ နေမှာပေါ့...'
ဘလိုက်သ်သည် စာအုပ်ကို ဂရုတစိုက် ဖတ်ရှုနေပြီး သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။
“ဗဟိုအုပ်ချုပ်ရေးအဖွဲ့က မစ္စတာလင်ကို အထင်သေးနေကြတာပဲ...”
မွန်းက မျက်နှာသေဖြင့် ပြောလိုက်သည်။
“ဒါကြောင့်မို့လို့ သူတို့ဆီကို အချိန်ကိုက်ဗုံးတစ်လုံး ပြန်ပို့ပေးလိုက်ရအောင်”
မွန်းက ပြောပြောဆိုဆိုဖြင့် ကောင်တာအောက်မှ 'ပုလဲနို့လက်ဖက်ရည်' တစ်ခွက်ကို ထုတ်ယူကာ ခပ်ပြင်းပြင်း လှုပ်ခါလိုက်သည်။ ထိုခွက်ထဲရှိ ပုလဲလုံးများကဲ့သို့သော အနက်ရောင်နှင့် အနီရောင် မျက်လုံးသူငယ်အိမ်များမှာ လှုပ်ခါသွားကြသည်။
မွန်းက ဘလိုက်သ်အတွက် အထူးပြင်ဆင်ထားသော ထို နို့လက်ဖက်ရည်ခွက်ကို သူ၏ရှေ့တွင် အသာအယာ ချပေးလိုက်သည်။
ဘလိုက်သ်၏ စိတ်တွင်း၌မူ ဖော်ပြမရနိုင်သော အေးချမ်းမှုကို ခံစားနေရသည်။ သူ၏ ငယ်ဘဝ မိုးရွာသော ညတစ်ညတွင် ကုတင်ပေါ်၌ လဲလျောင်းရင်း မိခင်ဖြစ်သူ၏ ပုံပြင်ပြောသံကို နားထောင်နေရသကဲ့သို့ပင်...။
သူ၏ ရှေ့မှ 'ချောက်ကမ္ဘာ၏ ပဲ့တင်သံ' စာအုပ်ကြီးမှာမူ နက်ရှိုင်းသော တောင်ကြားထဲမှ လှပသာယာလှသော သီချင်းတစ်ပုဒ်၏ ပဲ့တင်သံကဲ့သို့ ရှိနေသည်။
ဗင်းဆင့်၏ အမြင်တွင်မူ စာအုပ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော အာရုံခံလက်တံများ စာအုပ်ထဲမှ ထွက်ပေါ်လာပြီး ဘလိုက်သ်၏ မျက်နှာအပေါက်များမှတစ်ဆင့် သူ၏ ဦးနှောက်ကို မွှေနှောက်နေကြလေပြီ။
'မကြာခင်မှာ သူက မစ္စတာလင်ရဲ့ ရုပ်သေးရုပ် ဖြစ်လာပြီး၊ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ လှုပ်ရှားမှုတိုင်းကို ငါတို့အတွက် စောင့်ကြည့်ပေးမယ့်သူ ဖြစ်လာလိမ့်မယ်'
...
အေ-၁၆ စံအိမ်တော်၏ စာကြည့်ခန်းအတွင်း၌ ကျိကျစ်ရှို့ သည် သူမရှေ့ရှိ စာလွှာကို အလေးအနက် ဖတ်ရှုနေ၏။ သူမ၏ ဖခင်ဖြစ်သူ ကျိပိုတုန်ကမူ မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း မြောက်ပိုင်းဒေသထွက် ဝိုင်နီကို တစ်ငုံသောက်ကာ သမီးဖြစ်သူအား လှမ်းကြည့်လိုက်သည်။ သူ၏ သမီးလေးမှာ တစ်ချိန်က သွေးညှော်နံ့များကြားတွင် ရုန်းကန်ခဲ့ရပြီး သူ၏ မျှော်လင့်ချက်အားလုံးကို ပုံအောထားခဲ့ရသည့် ကလေးမလေး မဟုတ်တော့ချေ။
ကျိကျစ်ရှို့က ပြုံးယောင်သန်းလျက် စာလွှာကို ချလိုက်၏။
"မစ္စတာလင်ရဲ့ ဆိုင်ခွဲကို ဖွင့်လှစ်လိုက်ပါပြီ၊ သမီးတို့ ကမ်းလှမ်းခဲ့တဲ့ ဖရက်ဒ်မိသားစု စံအိမ်ဟောင်းမှာပဲ အခြေစိုက်ပါတယ်"
သူမက ပြောလိုက်သည်။ ခဏမျှ စဉ်းစားဟန်ပြုပြီးနောက် ဆက်လက်၍...
"အဲဒီဆိုင်ကို မွန်း က ဦးစီးလိမ့်မယ်"
ကျိပိုတုန်က ခေါင်းညိတ်ထောက်ခံလိုက်၏။
"မစ္စတာလင်က ဗဟိုခရိုင်ကို ခြေလှမ်းစဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်၊ ငါတို့ပေးလိုက်တဲ့ တကယ့်လက်ဆောင်ကိုလည်း သူ အခုလောက်ဆို ဖွင့်ကြည့်ပြီးလောက်ပြီ..." ဟု
ဖန်ခွက်ရှည်အတွင်း၌ ဝိုင်နီများမှာ သွေးကဲ့သို့ ပျစ်ခဲနက်မှောင်စွာ ဝဲလှည့်နေပြီး ကျိပိုတုန်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာရိပ်မှာ ဝိုင်လှိုင်းများကြားတွင် ထင်ဟပ်နေသည်။
ဗဟိုခရိုင်တွင် ဆိုင်ခွဲဖွင့်လှစ်ခြင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ကျိပိုတုန် ကောင်းစွာ နားလည်ထားသည်။ မစ္စတာလင်၏ ယုံကြည်မှုကို ရရှိထားသရွေ့ ယခုအချိန်တွင် လက်တွန့်နေပါက သူသည် တာဝန်မကျေရာ ရောက်ပေလိမ့်မည်။
"ဗဟိုခရိုင်ကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ စီစဉ်တဲ့အခါ တရားစီရင်ရေးဗျူရိုရဲ့ မျက်စိကို ဘယ်လိုရှောင်ရမလဲလို့ တွေးနေတာ၊ အခုတော့ မစ္စတာလင်က ကျွန်မတို့ကို ပြန်ကူညီလိုက်ပြန်ပြီ..."
ကျစ်ရှို့က ပြုံးလျက် ဆိုသည်။ သူမသည် တော်ဝင်မျိုးနွယ်တို့၏ အခြေအနေကို ဖော်ပြထားသည့် စာလွှာကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ရာ ခဏချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လေလံပွဲတွင် သူမသည် စိတ်ဝိညာဉ်ကပ်ပါးပြုခြင်းအတတ်ကို အသုံးပြုကာ လူတိုင်း၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ဤအချင်းအရာကို တရားစီရင်ရေးဗျူရိုက သိရှိသွားမည်ကို စိုးရိမ်ခဲ့သည်။ သူတို့၏ အကြံအစည်များ ပေါ်ပေါက်သွားရန်မှာ အချိန်ပိုင်းသာ လိုတော့သဖြင့် အလျင်အမြန် လှုပ်ရှားကြရပေမည်။
"စကူးမိသားစု၊ ပါလာချီမိသားစု၊ အင်ဒရူးမိသားစု၊ လူးဝစ်မိသားစု၊ ဟန်နိုမိသားစု၊ စတူးဝပ်မိသားစု..."
ကျိပိုတုန်သည် ဗဟိုခရိုင်ကို ချုပ်ကိုင်ထားသော မိသားစုအမည်များကို တစ်ခုချင်း ရွတ်ဆိုနေ၏။ ယခုအခါ ထိုမိသားစု အကြီးအကဲအားလုံးမှာ ကျိကျစ်ရှို့၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေချေပြီ။
"သူတို့အားလုံးကို ကျွန်မ ထိန်းချုပ်ထားပြီးပြီ၊ အမိန့်တစ်ခု ပေးလိုက်တာနဲ့ သူတို့ရဲ့ စိတ်အစဉ်ကို ကျွန်မရဲ့ ကပ်ပါးကောင်တွေက လုံးဝ ဝါးမြိုသွားလိမ့်မယ်၊ လေလံပွဲပြီးကတည်းက တစ်ပတ်လောက် ကြာပြီဆိုတော့ ကျွန်မရဲ့ အာရုံခံလက်တံတွေဟာ အတော်လေးကို ပျံ့နှံ့နေလောက်ပြီ"
ထိုသူတို့ အိမ်ပြန်ရောက်သည့်အခါ မိသားစုဝင်များကို ဖက်လှဲတကင်း နှုတ်ဆက်ခြင်း သို့မဟုတ် စကားပြောဆိုခြင်းများမှတစ်ဆင့် စိတ်ဝိညာဉ်ကပ်ပါးကောင်များသည် ဗိုင်းရပ်စ်ကဲ့သို့ ကူးစက်သွားကြသည်။ ကျိကျစ်ရှို့က သတင်းအချက်အလက်များကို သိမ်းဆည်းလိုက်ရင်း ဆက်ပြောလိုက်၏။
"ဒီထက် ပိုပြီး အမြစ်တွယ်အောင် စောင့်မလို့ပါပဲ၊ ဒါပေမဲ့ အခု မစ္စတာလင်ကိုယ်တိုင် ရောက်လာပြီဆိုတော့ အခွင့်ကောင်းကို ထပ်စောင့်နေဖို့ မလိုတော့ဘူး"
ကျိပိုတုန်က ဝိုင်ခွက်ကို မြှောက်ကာ ကြည့်လိုက်ရင်း...
"လှုပ်ရှားဖို့ အကြောင်းပြချက်တစ်ခုတော့ လိုလိမ့်မယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက အမှန်တရား အသင်းတော် အောက်ပိုင်းခရိုင်သွားလမ်းကို ဖျက်ဆီးလိုက်တာဟာ အကောင်းဆုံး အကြောင်းပြချက်ပဲ၊ အောက်ပိုင်းခရိုင်က မိုင်းတွင်းတွေမရှိရင် ငါတို့ စီးပွားရေး လုပ်လို့မရဘူး၊ အဲဒီတော့ အလုပ်သမားတွေကို လစာမပေးနိုင်ဘဲ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းရတော့မယ်..."
ကျိကျစ်ရှို့က ပြုံးလျက် ခေါင်းညိတ်သည်။
"အဲဒါကို ကျွန်မ စီစဉ်ပြီးပါပြီ"
သမီးဖြစ်သူ၏ အမြော်အမြင်ရှိမှုကို ကျိပိုတုန်က အံ့ဩဝမ်းသာစွာ ကြည့်လိုက်သည်။ ကျစ်ရှို့က ဆက်လက်၍ ဆိုလိုက်၏။
"ရိုးလ်သယံဇာတ ကုမ္ပဏီကနေ အလုပ်သမားလျှော့ချဖို့ လျှောက်ထားခဲ့တာကို တရားစီရင်ရေးဗျူရိုက အတည်ပြုပေးလိုက်ပြီ၊ အဲဒီ ဦးနှောက်မရှိတဲ့ကောင်တွေဟာ အာဏာရှိမိသားစုတွေအတွက် ဒီအလုပ်ဟာ ဘယ်လောက် အရေးပါလဲဆိုတာ မသိကြဘူး၊ အခုတော့ အဲဒီလူတွေဟာ ပေါင်မုန့်တစ်လုံးတောင် ဝယ်မစားနိုင်တော့တဲ့ အခြေအနေ ရောက်သွားပြီ..."
ကျိပိုတုန်က သဘောကျစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ဟား ဟား... ပေါင်မုန့်ဝယ်မစားနိုင်ရင် အမဲသားတုံးပဲ စားကြပေါ့လို့ အဲဒီလူတွေက ပြောဦးမှာလား မသိဘူး"
သားအဖနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။
"သမီး အလုပ်သမားတွေကြားထဲမှာလည်း ကပ်ပါးဝင်ထားတဲ့ လူတွေကို လွှတ်ထားတယ်၊ သူတို့က နေ့တိုင်း သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေကြပြီ၊ နောက်ရက်အနည်းငယ်အတွင်း ဗဟိုခရိုင်ကို တော်လှန်ပုန်ကန်ကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် ထိန်းချုပ်ခံထားရတဲ့ တော်ဝင်မျိုးနွယ်တွေ အားလုံးဟာ..."
ကျိကျစ်ရှို့ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ဗဟိုခရိုင်၏ လှပသော မိုးကောင်ကင်နောက်ခံနှင့်အတူ ခြံထဲမှ ရေပန်းကို ငေးကြည့်လိုက်သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြုံးလျက် ရေရွတ်လိုက်၏။
"ဗဟိုခရိုင်ရဲ့ တော်ဝင်မျိုးနွယ်တွေ အားလုံးဟာ... သမီးကိုယ်တိုင်ပဲ..."
သူမ၏ စိတ်အာရုံထဲတွင် ရုပ်ရှင်ပြကွက်များကဲ့သို့ ပုံရိပ်ပေါင်းများစွာ စီးဝင်လာသည်။ ထိုပုံရိပ်များမှာ သူမ ထိန်းချုပ်ထားသော ရုပ်သေးရုပ်များ၏ အမြင်အာရုံများဖြစ်ပြီး လူတိုင်းသည် သူမ၏ အစိတ်အပိုင်းတစ်ခုစီကဲ့သို့ ဖြစ်နေကြသည်။ သူမသည် ထိုသူတို့၏ အတွေးနှင့် အပြုအမူတိုင်းကို စီရင်ဆုံးဖြတ်နေသူ ဖြစ်သည်။
သူမ ပြုံးလိုက်သည့်အခါ ဗဟိုခရိုင်တစ်ခွင်ရှိ နေထိုင်သူ ထောင်ပေါင်းများစွာနှင့် တော်ဝင်မျိုးနွယ်များပါ လိုက်ပါပြုံးရယ်ကြသည်။ လမ်းပေါ်တွင် သကြားလုံးစားနေသော ကလေးငယ်၊ လှေစီးနေသော တော်ဝင်မျိုးနွယ်သမီးပျို၊ အလုပ်သမားများကို ကြိမ်နှင့်ရိုက်နေသော အလုပ်သမားခေါင်းဆောင်၊ လမ်းချိုးတွင် ကွေ့လိုက်သော ကြောင်နက်ကလေး... ထိုသူအားလုံးသည် လားရာတစ်ခုတည်းသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာမှာ ဗဟိုခရိုင်၏ လေထုနှင့် အလှအပကို ထိန်းညှိပေးထားသော ဗဟိုပန်းခြံကြီးပင် ဖြစ်သည်။
သူ၊ သူမ၊ ၎င်း... ထိုအရာအားလုံးသည် ကျိကျစ်ရှို့ပင် ဖြစ်သည်။ လူမျိုးစုတစ်ခုလုံးကို သူမတစ်ဦးတည်းအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ ယခုအခါ ဗဟိုခရိုင်တစ်ခုလုံးသည် "သူမ" ပင် ဖြစ်တော့သည်။
***
အပိုင်း(၄၉၄)
"ဘလိုက်သ်... မင်း ဘာတွေ ပြုံးနေတာလဲ"
ကြီးမားလှသော ပြောင်းပြန်သစ်ပင်ကြီးအောက်တွင် တရားစီရင်ရေးဗျူရို၏ ခေါင်းဆောင်ဖြစ်သူ ဘားရ်က စာအုပ်ဆိုင်မှ ပြန်လာသော ဘလိုက်သ်အား မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ မကြာခင် ကလေးမွေးတော့မယ့် ကျွန်တော့်ဇနီးအကြောင်း စဉ်းစားနေလို့ပါ"
ဘလိုက်သ်က အပြုံးမပျက်ပင် ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ဗျူရိုအဖွဲ့ဝင်အားလုံး ငြိမ်သက်သွားပြီး ဘလိုက်သ်အား ထူးဆန်းသော သတ္တဝါတစ်ကောင်ကဲ့သို့ စိုက်ကြည့်ကြသည်။ အေမွန်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
"မင်း ခေါင်းများ ထိသွားပြီလား၊ မင်းမိန်းမက ဒီနှစ်မှာ အသက် ၅၆ နှစ် ရှိပြီလေ၊ ပြီးတော့ သူက သာမန်လူသား တစ်ယောက်ပဲဥစ္စာ"
ဘလိုက်သ်က မိမိကို လှောင်နေသော အေမွန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ယခင်ကဆိုလျှင် သူသည် ချက်ချင်းပင် ဒေါသထွက်အော်ဟစ်မိမည် ဖြစ်သော်လည်း ယခုအခါ မစ္စတာလင်၏ ဆုံးမဩဝါဒကို ခံယူထားသူ ဖြစ်နေပြီဖြစ်ရာ ပုခုံးတွန့်ပြရုံသာ ပြုလိုက်သည်။
"နောက်တာပါဗျာ၊ ဘာလို့ အတည်ပေါက်ကြီး ယူနေကြတာလဲ"
ဘားရ်က လက်ကာပြလိုက်၏။
"တော်ကြစမ်း၊ ဘလိုက်သ်က ငယ်သေးတာပဲလေ"
အမှန်တကယ်ပင် ဘလိုက်သ်သည် အသက် ၆၀ ကျော်မျှသာ ရှိသေးသဖြင့် အသက် ရာကျော်နေပြီဖြစ်သော ထိုလူသားမဟုတ်သည့် သတ္တဝါကြီးများကြားတွင် အငယ်ဆုံးပင် ဖြစ်သည်။
"ကဲ... ဆိုင်ခွဲကို သွားစုံစမ်းတာ ဘာတွေ သိခဲ့ရလဲ"
ဘလိုက်သ်က အလေးအနက် အမူအရာဖြင့် တင်ပြလိုက်၏။
"အဲဒီဆိုင်ခွဲက လောလောဆယ် ဘာမှ ထူးထူးခြားခြား မလုပ်သေးပါဘူး၊ နေမင်းအယူဝါဒကို တော်ဝင်မျိုးနွယ်တွေကြားမှာ ပျံ့နှံ့အောင် လုပ်နေတဲ့ပုံပါပဲ၊ စာအုပ်ဆိုင်နဲ့တော့ သိပ်မဆိုင်လှဘူး၊ ကျွန်တော်တို့ အရမ်း စိုးရိမ်နေစရာ မလိုပါဘူး၊ အက်ရှ် ကုန်သည်ကြီးများ အသင်း ရဲ့ လှုပ်ရှားမှုကိုပဲ ပိုပြီး စောင့်ကြည့်သင့်တယ် ထင်ပါတယ်"
အခြားသူများကလည်း တစ်ဦးနှင့်တစ်ဦး ကြည့်ကာ ဆွေးနွေးမှုများ စတင်ကြတော့သည်။ ဆွေးနွေးနေကြစဉ်အတွင်း ဘလိုက်သ်သည် သစ်သီးကြီး၏ ဘေးသို့ လျှောက်သွားပြီး အတွင်း၌ အိပ်မောကျနေသော သစ်ပင်စုန်းမကြီးကို ကြည့်လိုက်သည်။ သူ မျက်လုံးကို မှိတ်လိုက်ပြီး ညဥ့်ဦးယံ၏ ရွေးချယ်ခံရသူတစ်ဦး၏ စွမ်းအားကို အသုံးပြုကာ ပြောင်းပြန်သစ်ပင်အောက်တွင် သူ မြင်တွေ့သမျှကို အမျိုးသမီးတစ်ဦးထံသို့ သတင်းပေးပို့လိုက်သည်။
...
ဖရက်ဒ်စံအိမ်၊ မစ္စတာလင်၏ ပထမဆုံးသော ဆိုင်ခွဲအတွင်း...
နို့လက်ဖက်ရည်ကို လက်ဖြင့် လှုပ်ခါဖျော်စပ်နေသော မွန်းသည် ရုတ်တရက် ရပ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။ သစ်ပင်စုန်းမကြီး ဖရက်ဆီးနပ်စ် မှာ ထိုနေရာတွင် ရှိနေသည်လား။ ညဥ့်ဦးယံ စုန်းမကြီး၏ အရိုက်အရာကို ဆက်ခံထားသော မွန်းသည် နော်ဇင်မြို့တော်ကြီး တည်ရှိမှုကို ထောက်မပေးထားသည့် အိပ်မက်တံတိုင်းပေါ်မှ သစ်ပင်ကြီးဖြစ်သူ ဖရက်ဆီးနပ်စ် အကြောင်းကို သိရှိထားသည်။
ဤအချက်မှာ ဗဟိုခရိုင် တရားစီရင်ရေးဗျူရိုက အားကိုးအားထားပြုနေသည့် အရာဖြစ်ပေလိမ့်မည်။ သို့သော် မွန်းသည် ခဏမျှသာ တန့်သွားပြီးနောက် နို့လက်ဖက်ရည်ကို ဆက်လက်ဖျော်စပ်နေပြန်သည်။ ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးမှာ မစ္စတာလင်ကို အသိပေးနှောင့်ယှက်ရန် မလိုဘဲ သူမကိုယ်တိုင် ဖြေရှင်းနိုင်သည့် ကိစ္စသာ ဖြစ်သည်။
မွန်းသည် ဖျော်စပ်ပြီးသော နို့လက်ဖက်ရည်ကို ရှေ့တွင် စာဖတ်နေသော ဝယ်သူထံသို့ ကမ်းပေးလိုက်သည်။ ထိုဝယ်သူမှာ စာဖတ်ရင်း တစိမ့်စိမ့် ခံစားနေရဟန်တူသော်လည်း လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည့်အခါ မျက်လုံးများ တောက်ပလာပြီး...
"နားလည်ပြီ... နားလည်ပြီ..."
ဟု အော်ဟစ်ကာ ကခုန်တော့သည်။ ထို့နောက် သူသည် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သေးငယ်သော အာရုံခံလက်တံများ ထွက်ပေါ်လာကာ ပြန်လည်ဝင်ရောက်သွားတော့သည်။
မွန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်၏။
"နောက်တစ်ခေါက် ပြန်ရှင်းလင်းရဦးမှာပဲ..."
...
နော်ဇင်၏ နွေဦးမှာ တိုတောင်းလှ၏။
သစ်လွင်သော အစိမ်းရောင်တို့ ကင်းမဲ့နေသည့် ဤသံမဏိမြို့တော်ကြီး၏ အထက်ခရိုင် အစွန်အဖျား အရပ်ဒေသများတွင် နွေဦး၏ အရိပ်အယောင်ကို မခံစားရသလောက်ပင်။ စက်ရုံအလုပ်ရုံများ ပိတ်ဆို့ထူထပ်နေသည့် ဆင်းရဲသားရပ်ကွက်များတွင်မူ ဆိုဖွယ်ရာ မရှိတော့ချေ။
မည်းနက်သော မီးခိုးငွေ့များ ဖုံးလွှမ်းနေသည့် အုံ့မှိုင်းသော မိုးကောင်ကင်အောက်တွင် ဖြူရော်သော မျက်နှာထား၊ ကတိုက်ကရိုက် အမူအရာတို့ဖြင့် အလုပ်သမားများသည် အဆိပ်ငွေ့များ ပြည့်နှက်နေသော စက်ရုံများဆီသို့ နေ့စဉ်နှင့်အမျှ ဦးတည်သွားနေကြသည်။
မစ္စတာလင် သည် ယနေ့တွင် ဝယ်သူလာမည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းထားမိသည်။
သူသည် တိတ်ဆိတ်နေသော စာအုပ်ဆိုင်ကို ငေးကြည့်ရင်း အတွေးပွားနေမိ၏။ တစ်ယောက်တည်း နေထိုင်ရခြင်းမှာ သူ၏ အကျင့်တစ်ခုလို ဖြစ်နေသော်လည်း မွန်းနှင့် ဂျိုးဇက်တို့ ရှိစဉ်က စည်ကားခဲ့သော အငွေ့အသက်ကိုမူ သူ သတိရနေမိဆဲပင်။
ကံကောင်းသည်က ဂျိုးဇက်သည် ဒုက္ခသည်များနှင့် ရပ်ကွက်အတွင်းရှိ လူများအတွက် နွေးထွေးမှုအချို့ သွားရောက်ကူညီပေးနေခြင်း ဖြစ်သောကြောင့် မကြာမီ ပြန်လာပေလိမ့်မည်။
ဂျိုးဇက်သည် မကြာသေးမီကပင် လျှို့ဝှက်ဆန်းကြယ်သော လင်းနို့လူသား တစ်ဦးကဲ့သို့ သူ၏ကိုယ်ပိုင်ကိစ္စများဖြင့် အပြင်သို့ ခဏခဏ ထွက်လေ့ရှိသည်။ ၎င်းသည် မေလီဆာနှင့် ပတ်သက်နေနိုင်သည်ဟု လင်းကျဲ ခန့်မှန်းမိသဖြင့် သူ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
ယခုမူ ဤနေရာတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်...။ မဟုတ်သေး၊ အတိအကျ ပြောရလျှင် ဘလက်ကီ ရှိနေသေးသည်။
လင်းကျဲသည် မနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရမိ၏။ သူ၏နောက်ကျောဘက်မှ ထွက်ပေါ်လာပြီး 'သက်စောင့်စုန်းမကြီး' ကို ဖမ်းချုပ်ခဲ့သည့် ချောမွတ်နက်မှောင်သော အာရုံခံလက်တံများ။
"ဟူး..."
လင်းကျဲက မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။ အာရုံခံလက်တံများ ဆိုသည်မှာ ရှေးရိုးအယူအဆအရ မိစ္ဆာသတ္တဝါတို့၏ သင်္ကေတ ဖြစ်သော်လည်း ဘလက်ကီသည် မူလက လူသားပုံသဏ္ဌာန် အရိပ်တစ်ခုသာ ဖြစ်သည်။ သူက အဘယ်ကြောင့် ဤကဲ့သို့ လက်တံများအဖြစ် အသွင်ပြောင်းရန် ရွေးချယ်ခဲ့သနည်း ဆိုသည်မှာ စူးစမ်းသင့်သည့် အချက်ပင်။
ထို့ပြင် ထိုသူ၏ ပစ်မှတ်မှာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး ရုပ်ရည်လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေပြန်သည် (သူမ၏ ကိုယ်ပေါ်မှ လူသားမဟုတ်သော မီးလျှံများကို ခဏဖယ်ထားလျှင်ပေါ့)။
"ဒါဆို... ဘလက်ကီက တကယ်တော့ အဘိုးကြီးနှာဗူး တစ်ယောက်များလား"
လင်းကျဲသည် ကောင်တာတွင် တစ်ယောက်တည်းထိုင်ရင်း အတွေးကမ္ဘာထဲ၌ လွင့်မျောနေမိသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အံဆွဲထဲမှ မှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ထိုမှတ်တမ်းစာအုပ်ပေါ်ရှိ ပုံစံများမှာ ရင်းနှီးကျွမ်းဝင်နေပြီး လင်းကျဲကိုယ်တိုင် ပိုင်ဆိုင်ထားသည့် စာအုပ်နှင့် အရင်းအမြစ် တူညီကြောင်း ထင်ရှားလှသည်။ ၎င်းမှာ 'ရှန်တူး ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး တက္ကသိုလ်' မှ ဖြစ်သည်။
ယခုစာအုပ်မှာ မာရီယာ ထားခဲ့သော စာအုပ်ဖြစ်သည်။ ယခင်စာအုပ်နှင့် ခြားနားစွာပင် ဤစာအုပ်သည် ပျက်စီးယိုယွင်းခြင်း မရှိဘဲ သန့်ရှင်းသပ်ရပ်ကာ နဂိုအတိုင်း ရှိနေခြင်းပင်။
လင်းကျဲသည် ဤစာအုပ်ကို ရရချင်း ချက်ချင်း မဖတ်ဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် မတင်မကျ ဖြစ်နေသောကြောင့်ပင်။ သူ၏ အသိစိတ်က ဤစာအုပ်သည် သူ ကာလရှည်ကြာ စဉ်းစားနေခဲ့သော မေးခွန်းများ၏ အဖြေကို ပေးနိုင်လိမ့်မည်ဟု ဆိုနေသော်လည်း တစ်ဖက်တွင်လည်း အချို့သော အမှန်တရားများကို ရင်ဆိုင်ရမည်ကို စိုးထိတ်နေမိသည်။
အချိန်အတော်ကြာ တွေဝေနေပြီးနောက် လင်းကျဲသည် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းရှူကာ မှတ်တမ်းစာအုပ်ကို ဖွင့်လိုက်တော့သည်။
ရဲရင့်ပြီး ရင်းနှီးနေသော လက်ရေးတစ်ကြောင်းက သူ၏အမြင်ကို ဖမ်းစားလိုက်၏။
"မတ်လ ၁ ရက်၊ သာယာသောနေ့..."
"စစ်တမ်းကောက်ယူမှုရလဒ်တွေ ထွက်လာပြီ။ အမှားအယွင်းမရှိဘူးဆိုရင် ဒီအောက်ခြေမှာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းတိုင်းပြည်တစ်ခု ရှိနေတယ်။ ဒါကို ရေးနေရင်းနဲ့တင် ငါ ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်။"
"ဒါပေမဲ့ စစ်တမ်းကို တာဝန်ယူထားတဲ့ ပါမောက္ခချန်ကတော့ အောက်ဘက်မှာ အရင်က မတွေ့ဖူးသေးတဲ့ ထူးဆန်းတဲ့ သံလိုက်စက်ကွင်းတွေ ရှိနေနိုင်ပြီး လူသားတွေအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာ မသိနိုင်ဘူးလို့ ပြောတယ်။ အောက်ကို မဆင်းခင်မှာ ထပ်ပြီး လေ့လာဖို့ လိုအပ်ဦးမယ် ထင်တယ်။"
"ဒါပေမဲ့ တစ်ယောက်ယောက်တော့ ဆင်းရမှာပဲ မဟုတ်လား။ ဒါက ငါတို့ အရင်ဆုံးတွေ့ခဲ့တဲ့ အပျက်အစီးနယ်မြေပဲလေ။ ငါတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှကို တခြားလူက ကြားဖြတ်ပြီး နာမည်ကောင်းယူသွားရင် ဘာထူးမှာလဲ။"
"ပါမောက္ခချန်က ငါနဲ့ စိတ်တူကိုယ်တူ နှစ်ရှည်လများ ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းပါ။ သူလည်း သူရဲ့ ကြိုးစားအားထုတ်မှုတွေကို တခြားလူ လက်ထဲ မထည့်ချင်ဘူး။ ဒါကြောင့် ငါတို့ စီမံကိန်းကို တရားဝင်စတင်ဖို့နဲ့ တူးဖော်ရေးလုပ်ငန်းတွေ လုပ်ဖို့ ချက်ချင်း သဘောတူလိုက်ကြတယ်။ သံလိုက်စက်ကွင်း အကြောင်းကိုတော့ ယာယီအားဖြင့် လျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်တယ်။"
"ဆိုင်ယုံကတော့ ငါ့ကို စိုးရိမ်နေတယ်။ ငါ့ရဲ့ စိတ်ဖိစီးမှုတွေက အရမ်းများနေပြီလို့ သူ ထင်နေတာ။ သူက ငါ့ကို ဆေးတိုးသောက်ဖို့ အကြံပေးပေမဲ့ ငါကတော့ သူ့ကို စိတ်မပူဖို့ ပြောလိုက်တယ်။ ငါတို့ ဒီလောက်နှစ်တွေအထိ ဖြတ်သန်းလာတာပဲ၊ ဘာများ မှားယွင်းနိုင်မှာလဲ။"
"ဒါပေမဲ့ သူက အမြဲတမ်း ဒီလိုပါပဲ။ ဒါကို ငါ မမှားဘူးလို့ပဲ မြင်တယ်။ သူ ငါ့ကို စိတ်ပူပေးနေတာကို ငါ မြင်ချင်တယ်၊ သူ့ရဲ့ မျက်လုံးတွေထဲမှာ ငါတစ်ယောက်တည်း ရှိနေတာက တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။"
ဆိုင်ယုံ ဆိုသည့် အမည်ကို မြင်လိုက်ရသောအခါ လင်းကျဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်းမှာ သူ၏ မိခင်အမည် 'ကျန်းဆိုင်ယုံ' ပင် ဖြစ်သည်။
သူ ထင်ထားသည့်အတိုင်းပင် ဤရှေးဟောင်းသုတေသနအဖွဲ့မှာ သူ၏ဖခင် လင်မင်ဟိုင် နောက်ဆုံး ပါဝင်ခဲ့သည့် အဖွဲ့ပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤမှတ်တမ်းစာအုပ်၏ ပိုင်ရှင်မှာ သူ၏ ဖခင် လင်မင်ဟိုင် ပင် ဖြစ်ချေတော့သည်။
***