← Chapters

သေနတ်သံ

Vol. 3 Ch. 34

သေနတ်သံ

Vol. 3 Ch. 34

သူ၏ အသက်ကိုပင် ဆုံးရှုံးရမတတ် ဖြစ်သွားခဲ့ပြီးနောက် ကျန်းဖုန်းသည် ချန်းရူအာ၏ အခန်းထဲသို့ ပြန်လည်၍ ရောက်ရှိလာကာ ဆိုဖာပေါ်သို့ ထိုင်ချလိုက်လေတော့သည်။ သို့သော် သူ၏တင်ပါး ဆိုဖာပေါ် မရောက်မီတွင်ပင် ချန်းရူအာမှ အော်ဟစ်လိုက်တော့သည်။

"အား ထွက်သွားစမ်း ငါ့ဆိုဖာပေါ် ထိုင်ဖို့ ဘယ်သူက ပြောလို့လဲ"

ချန်းရူအာသည် အခန်းထဲတွင် နေရသည်အား ငြီးငွေ့လာသောအခါ ချူယောင်နှင့်အတူ ဆိုဖာပေါ်တွင် ကွေးကွေးလေး နေလေ့ရှိလေသည်။

ချန်းရူအာသည် သူမ၏ ဆိုဖာအတွက် နှမြောသွားခဲ့ရတော့သည်။ ဤဆိုဖာ၏ တန်ဖိုးမှာ မနည်းလှချေ။ ယွမ် တစ်သိန်းကျော် တန်ဖိုးရှိလေသည်။ ကျန်းဖုန်း ထိုင်ချလိုက်မည်ဆိုပါမူ သူ၏ကိုယ်ပေါ်ရှိ ဝက်စာများမှ အဖတ်များသည် ဆိုဖာနှင့် ထိမိသွားမည်မှာ အမှန်ပင် ဖြစ်သည်။

ရဲ့ရှင်းချန်၏ အိမ်ရှေ့တွင် ရှိစဉ်တွ၍် ကျန်းဖုန်းသည် ဝက်စာရည် အပက်ခံရဆုံးသူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ချန်းရူအာမှ မသိစိတ်မှပင် ကျန်းဖုန်းအား အော်ဟစ်လိုက်သဖြင့် သူ အလွန်အမင်း ဝမ်းနည်းသွားရလေသည်။

သူ ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ ချန်းရူအာအတွက် ရှေ့ထွက်၍ ကာပေးခဲ့သောကြောင့် ဖြစ်သည်အား သူမ သိသင့်သည် မဟုတ်ပါလော။

သူသည် အရိုးနှင့်အရေသာ ကျန်တော့သည်အထိ ငတ်မွတ်နေခဲ့သော်လည်း ကိုယ်အင်္ဂါ အပြည့်အစုံ ရှိနေသေးပေသည်။ ယခုမူ အေးခဲနေသည့် ဝက်စာရည်များကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ရပြီ ဖြစ်ကာ သူ၏ ကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ ရရှိနေပြီ ဖြစ်သည်။

သို့သော်လည်း သူသည် စိတ်ထဲမှသာ တိတ်တဆိတ် နာကျင် ခံစားနေရဲပြီး အလျင်အမြန် မတ်တတ်ရပ်လျှက် ချန်းရူအာအား တောင်းပန်လိုက်လေတော့သည်။

"မြန်မြန်ထွက်သွားစမ်းပါ ငါတို့ အဝတ်အစား လဲရဦးမယ်"

သူ၏ကိုယ်ပေါ်မှ အနံ့အသက်များကြောင့် ချန်းရူအာနှင့် ချူယောင်တို့ ပြန်လည်၍ အော့အန်ချင်လာသော်လည်း မည်သည်ကိုမှ အန်ထွက် မလာတော့ချေ။ သူတို့သည် အဝတ်အစားများအား မြန်မြန်ဆန်ဆန် လဲလှယ်လိုသဖြင့် ကျန်းဖုန်းအား ခွေးတစ်ကောင်ကဲ့သို့ နှင်ထုတ်လိုက်ကြခြင်း ဖြစ်သည်။

သို့သော် ရဲ့ရှင်းချန်မှာမူ နွေးထွေးကာ သက်တောင့် သက်သာ ရှိလှသည့် ရေချိုးခြင်းအား အဆုံးသတ်ပြီးနောက် ကင်မရာအမျိုးမျိုးမှ ဇာတ်လမ်းများအား အေးအေးဆေးဆေး ကြည့်ရှုနေလေပြီ ဖြစ်သည်။

လူအများစုမှာ အိမ်ထဲတွင်သာ နေထိုင်နေကြပြီး ကိုယ်လက်လှုပ်ရှားမှု များပြားပါမူ ခွန်အားများ ကုန်ဆုံးသွားမည်အား စိုးရိမ်သဖြင့် မလှုပ်ရှားရဲကြချေ။

ရဲ့ရှင်းချန်သည် သူတို့၏ သခင်တစ်ဦး အလား လုံခြုံရေးကင်မရာ မြင်ကွင်းများအား တစ်ခုပြီးတစ်ခု ကင်းလှည့် ကြည့်ရှုနေခဲ့သည်။

ယနေ့အတွက် ထူးခြားသော ပျော်စရာအစီအစဉ်များ မရှိတော့ဟု သူ ထင်မှတ်ထားခဲ့သည့် အချိန်တွင် ရုတ်တရက် ကျန်းရီ၏ ဗီလာအိမ်တွင် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူ ထင်ထားလိမ့်မည်နည်း။

ကျန်းရီ၏ ဖခင်သည် ကျန်းရီအတွက် အကူအညီများ ပေးပို့ လိုက်ဟန်တူသည်။ အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာသည့် လူသုံးယောက် သာမက စားနပ်ရိက္ခာနှင့် ဆေးဝါးများစွာလည်း ပါဝင်လေသည်။

ထိုလူသုံးယောက်မှာ ကျန်းရီ၏ဖခင်မှ စေလွှတ်လိုက်သော သက်တော်စောင့်များ ဖြစ်သည်မှာ သေချာလှပေသည်။ သူတို့သည် အလွန်သစ္စာရှိပုံရသည်။ သို့မဟုတ်ပါမူ ဤကပ်ဆိုးကြီးထဲတွင် ကျန်းရီနှင့်အတူ ရှိနေရန် စေလွှတ်ခံရလိမ့်မည် မဟုတ်ပေ။

ကျန်းရီနှင့် ထိုလူသုံးယောက်တို့သည် ပစ္စည်းသေတ္တာများအား အိမ်ထဲသို့ သယ်ယူနေကြခြင်း ဖြစ်သည်။ ယခင်ဘဝတွင် ချန်းရူအာသည် သူ့အား ဒုက္ခပေးရန် ကျန်းရီနှင့် အဘယ်ကြောင့် တိတ်တဆိတ် ပူးပေါင်းခဲ့ရသနည်းဆိုသည်အား ရဲ့ရှင်းချန် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းရီတွင် ဤမျှများပြားလှသည့် ရင်းမြစ်များ ရှိနေသဖြင့် ချန်းရူအာကဲ့သို့ မိန်းမမျိုးသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်မှသာလျှင် ထူးဆန်းလှပေမည်။

ထို့အပြင် ကျန်းရီ၏ မိသားစု နောက်ခံမှာလည်း အလွန် ကောင်းမွန်လှသဖြင့် သူသည် ချန်းရူအာ၏ ပစ်မှတ် စာရင်းအတွင်းတွင် ပါဝင်နေပေလိမ့်မည်။

ရဲ့ရှင်းချန်သည် သူ၏နေရာလွတ်ထဲမှ ဘီယာအေးအေး တစ်ခွက်အား ထုတ်ယူလျှက် မြေပဲကြော် နေကြာစေ့ အမဲသားခြောက်နှင့် ပြည်ကြီးငါးခြောက် နှစ်ထုပ်အား ကော်ဖီစားပွဲပေါ်တွင် တင်ထားလိုက်လေတော့သည်။ အလွန်ကောင်းလှပေသည်။ ယနေ့အတွက် ဖျော်ဖြေရေးအစီအစဉ်မှာ ကျန်းရီပင် ဖြစ်သည်။

ကျန်းရီ၏ ဗီလာအိမ်ရှေ့တွင် ကားတစ်စီးစာ ပစ္စည်းများ ချပြီးသွားသောအခါ ရိက္ခာများအပြည့် တင်ဆောင်ထားသည့် ကုန်တင် ကားတစ်စီး ထပ်မံရောက်ရှိလာပြန်သည်။

ကားတစ်စီးပြီးတစ်စီး ရောက်လာသည်အား မြင်သောအခါ ဤကျန်းရီမှာ အမှန်တကယ် ချမ်းသာလှသည်ဟု ရဲ့ရှင်းချန် စိတ်ထဲမှ သက်ပြင်းချမိလိုက်လေသည်။

ယခုလိုအချိန်မျိုးတွင် ဤမျှများပြားသည့် ရိက္ခာများအား ဝယ်ယူနိုင်ရန် အတွက် မည်မျှအထိ ငွေကုန်ကြေးကျ ခံရလိမ့်မည်နည်း။

ကားတစ်စီးပြီးတစ်စီး ဝင်ရောက်လာကြကုန်သည်။ အသံတိတ်ကိရိယာများ တပ်ဆင်ထားသော်လည်း ယခုအချိန်တွင် ကမ္ဘာလောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေသဖြင့် အသေးအဖွဲ လှုပ်ရှားမှုလေးများပင်လျှင် အဆပေါင်းများစွာ ကျယ်လောင်စွာ ထွက်ပေါ်နေတတ်သည်။

ထို့ကြောင့် ရဲ့ရှင်းချန်သည် ကင်မရာမှတစ်ဆင့် အိမ်တိုင်းရှိ ပြတင်းပေါက်မှန်များတွင် လူများ၏ ခေါင်းများ ကပ်နေသည်ကို မြင်တွေ့လာရတော့သည်။

အချို့မှာ အဝတ်အစားများအား ထူထပ်စွာ ဝတ်ဆင်လျှက် အောက်ထပ်သို့ တိတ်တဆိတ် ဆင်းသွားကြသည်ကိုပင် တွေ့နေရသည်။

ယခုလိုအချိန်တွင် သူတို့ မည်သည့် အတွက်ကြောင့် အောက်ထပ်သို့ ဆင်းသွားကြ သနည်းဆိုသည်အား လူတိုင်း သိကြပေမည်။

"အိုးဟိုး ပွဲကောင်းတော့ လာပြီ"

နှင်းဖြူဖြူများအကြားမှ အမည်းစက်ကလေး နှစ်ခုမှာ ရည်မှန်းချက် တူညီနေကြကာ ကျန်းရီ၏ ဗီလာအိမ်ဆီသို့ ဦးတည်သွားနေကြသည်။

ကျန်းရီနှင့် သူ၏အနီးနားရှိ လူများမှာ အလွန်ပင် နိုးကြားနေကြတော့သည်။ တစ်စုံတစ်ယောက်မှ သူတို့၏ ရိက္ခာများအား ရုတ်တရက် လုယူမည်ကို စိုးရိမ်သဖြင့် သူတို့အားလုံး၏ ကိုယ်ပေါ်တွင် လက်နက်များ ကိုင်ဆောင်ထားကြသေးသည်။

ထင်ထားသည့် အတိုင်းပင် ဖြစ်သည်။ လုံခြုံရေးကင်မရာအား ရဲ့ရှင်းချန် ကြည့်လိုက်လေရာ ကျန်းရီ၏ တံခါးရှေ့တွင် ရပ်ထားသည့် ကားဆီသို့ တစ်စုံတစ်ယောက် သွားနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

"ရှောင်ကျန်း ရှောင်ကျန်း ဒါတွေက ဘာတွေလဲ"

ထိုသူ၏ လောဘတကြီး အကြည့်များမှာ အားနည်းနေသည့် အသံနှင့် ကွဲလွဲနေခဲ့သည်။

"ရှောင်ကျန်း သန်းခေါင်ယံကြီး ဘာတွေ လုပ်နေတာလဲ"

လူတိုင်းမှ စူးစမ်းချင်စိတ် ပြင်းပြနေကြကာ သူတို့အားလုံးမှ ဝေစုတစ်ခု ရလိုကြသဖြင့် ကျန်းရီ၏ ပတ်လည်တွင် ဝိုင်းအုံ၍ လာကြလေတော့သည်။

"စားနပ်ရိက္ခာတွေပဲ"

ရုတ်တရက် တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။ ချက်ချင်းပင် လူတိုင်း၏ မျက်လုံးများထဲတွင် လောဘရမ္မက်များဖြင့်သာ ပြည့်နှက်သွားကြကုန်သည်။

"ငါတို့ နည်းနည်းလောက် ရနိုင်မလား"

"ငါတို့ ဝယ်ပါ့မယ် ရှောင်ကျန်း ဈေးသာပြောပါ"

"ဟုတ်တယ် ရှောင်ကျန်းရဲ့ မင်းတစ်ယောက်တည်း ပစ္စည်းတွေ အများကြီး ဝယ်ထားတာ အကုန်လုံး စားနိုင်မှာမှ မဟုတ်တာ"

အချို့ဆိုလျှင် ပို၍ပင် အတင့်ရဲနေကြသေးသည်။ သူတို့သည် ကွန်တိန်နာ တံခါးရှေ့သို့ ရောက်နေကြပြီ ဖြစ်ကာ သေသပ်စွာ စီထားသည့် စားနပ်ရိက္ခာသေတ္တာများအား လက်လှမ်း၍ ကိုင်တွယ်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။

"တစ်ခုကိုမှ လှမ်းမထိနဲ့နော်"

ကျန်းရီ၏ မျက်နှာမှာ မည်းမှောင်နေခဲ့ကာ သူ၏အသံမှာ အက်ကွဲလျှက် တိုးညင်းနေခဲ့သည်။ သူသည် ယခင် အချိန်များတွင် နွေးထွေးကာ ရွှင်လန်းတက်ကြွသည့် ကျန်းရီနှင့် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"အို ရှောင်ကျန်းရယ် ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ အန်တီက ဒီမှာ ဘာတွေရှိလဲဆိုတာ ကြည့်ရုံလေးတင်ပါ"

"ဟုတ်ပါ့ ရှောင်ကျန်းရယ် ဘာလို့ အဲဒီလောက်တောင် ဒေါသထွက်နေရတာလဲ ငါတို့က အိမ်နီးချင်းတွေပဲဟာကို မင်းပစ္စည်းလေးတွေ ကြည့်တာကို ဘာလို့ ဒီလောက်တောင် သဘောထား သေးသိမ်ရတာလဲ"

ထိုသို့ စကားပြောနေစဉ်မှာပင် တစ်စုံတစ်ယောက်သည် သေတ္တာ အတွင်းသို့ လက်နှိုက်လိုက်ကာ ကြီးမားပြည့်ဖြိုးသည့် အာလူးတစ်လုံးကိုပင် ထုတ်ယူလိုက်လေတော့သည်။

"ဟေး အာလူးတွေဟေ့"

ထိုလူမှ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားလေသည်။ သူသည် အာလူးအား ရင်ခွင်ထဲသို့ ထည့်သိမ်းတော့မည့်ဆဲဆဲတွင် ကျန်းရီမှ သူ့အား စိုက်ကြည့်လျှက် ပြောလိုက်လေသည်။

"အောက်ချထားလိုက်"

သို့သော် ထိုသူမှာမူ လုံးဝ နားမထောင်ခဲ့ချေ။ ရက်ပေါင်းများစွာ ဆာလောင် မွတ်သိပ်နေခဲ့ ပြီးနောက် အာလူးအား ယူဆောင်ကာ ချက်ချင်းပင် အစိမ်းလိုက် ဝါးစားချင်စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။

တစ်စုံတစ်ယောက်မှ ကွန်တိန်နာထဲမှ ပစ္စည်းများအား စတင်၍ ယူဆောင်နေပြီဖြစ်ကြောင်း မြင်သောအခါ အခြားသူများသည်လည်း အိမ်နီးချင်းများ ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်ကြတော့ပေ။ အစောပိုင်းတွင် ကျန်းရီထံမှ ဝယ်ယူလိုသည်ဟု ပြောခဲ့သူများပင်လျှင် ပစ္စည်းများအား လုယူနေသော လူအုပ်ထဲသို့ အတင်း တိုးဝင် သွားကြကုန်တော့သည်။

"အောက်ချထားလိုက်လို့ ငါပြောနေတယ်လေ မင်းတို့ နားမလည်ကြဘူးလား"

ကျန်းရီ၏ အသံမှာ တိုးညင်းနေသော်လည်း တကယ်တမ်းတွင် သူသည် အော်ဟစ်နေခြင်း ဖြစ်လေသည်။ သူ၏အသံနှင့်အတူ ကျယ်လောင်သည့် သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့တော့သည်။

"ဒိုင်း"

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးမှာ ပေါက်ကွဲ သွားသကဲ့သို့ ဖြစ်သွားတော့သည်။ သူတို့သည် ရိက္ခာများအား ဂရုမစိုက်နိုင်ကြတော့ဘဲ အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြကုန်သည်။

"အား လူသတ်တယ်ဟေ့ လူသတ်နေတယ်"

လူအုပ်ထဲမှ တစ်ယောက်မှာ သွေးအိုင်ထဲသို့ တဖြည်းဖြည်း လဲကျသွားခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည့် အချိန်တွင် အာလူးငါးလုံးမှာ သူ၏ရင်ခွင်ထဲမှ လိမ့်ထွက်လာခဲ့တော့။

အနည်းငယ် ဝေးသောနေရာတွင် ရပ်နေသည့် အပြေးမြန်သူအချို့မှာ ကျန်းရီ၏အိမ်မှ အဝေးသို့ လိမ့်ကာ လှိမ့်ကာ ပြေးသွားကြပြီ ဖြစ်သည်။ ပို၍ ထိတ်လန့်နေသူအချို့မှာ မြေပြင်ပေါ်တွင် တွားသွားလိုက် ပြေးလိုက်ဖြင့် ထွက်ပြေးနေကြတေ့ာသည်။

"အလုပ် ဆက်လုပ်ကြမယ်"

ကျန်းရီသည် ပစ္စတိုအား ရင်ခွင်ထဲသို့ ပြန်သိမ်းလိုက်ပြီးနောက် သွေးစွန်းနေသည့် အာလူးများအား ကောက်ယူလျှက် သစ်သားသေတ္တာ အတွင်းသို့ ပြန်ထည့်လိုက်တော့သည်။ သူသည် အာလူးများအား လက်နှစ်ဖက်ဖြင့် သယ်ယူကာ အခန်းထဲသို့ တိတ်တဆိတ် ဝင်သွားလေတော့သည်။

သူသည် လူတစ်ယောက်အား သတ်ပစ်လိုက်ခြင်းမှာ လမ်းဘေးမှ ပန်းလေးတစ်ပွင့်အား ခူးလိုက်ရသကဲ့သို့ မည်သည့် ခံစားချက်မျှမရှိဘဲ အလွန်ပင် တိတ်ဆိတ်နေခဲ့လွန်းလှပေသည် ။ ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ ရဲ့ရှင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ကျန်းရီတွင်လည်း သေနတ်ရှိနေလေပြီ။

နှင်းများ အလွန်အမင်း ကျဆင်းလာ ပြီဂချိန်မှ စတင်၍ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ အုပ်စုလိုက် သေဆုံးနေခဲ့ကြသော်လည်း ဤသည်မှာ ရဲ့ရှင်းချန်အတွက် တစ်စုံတစ်ယောက်မှ လူသတ်နေသည်အား ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

ကျန်းရီသည် အခန်းထဲမှ လက်ချည်းသက်သက် ပြန်ထွက်လာပြီး နောက် သူ၏ဖုန်းအား ကိုင်လျှက် တစ်စုံတစ်ခုအား လုပ်ဆောင်နေခဲ့သည်။

"တင်းဒေါင်"

ရဲ့ရှင်းချန်၏ ဖုန်းမြည်လာခဲ့သည်။ ထိုသည်မှာ ကျန်းရီမှ အုပ်စု ထဲသို့ မက်ဆေ့ချ်တစ်ခု ပေးပို့လိုက်ခြင်းပင် ဖြစ်လေသည်။

All Chapters