ခရမ်းရောင်ကလပ်
Vol. 4 Ch. 365
ဆန်းလျန်က ကျိန်စာမိသွားပြီဟု သိလိုက်သည့် အချိန်မှာပင် သူ၏ခန္ဓာကိုယ်ကို လာရောက် ချည်နှောင်နေသည့် အဖြူရောင် ကြိုးမျှင်များကို တွေ့မြင် လိုက်ရလေသည်။
ထိုအဖြူရောင် ကြိုးမျှင်များကို သူ၏ ခန္ဓာကိုယ်ထက်တွင်သာမဟုတ် ဆရာဘွားဘွား၏ ခန္ဓာကိုယ်ထက်တွင်လည်း မြင်တွေ့ လိုက်ရလေသည်။
အဖြူရောင် ကြိုးမျှင်များမှ အလင်းရောင် ပါးပါးလေး လင်းလက်လာပြီး သူတို့၏ မူလဝိညာဉ် ခန္ဓာများကို ရုန်းမရအောင် ရစ်ပတ် ထားလိုက်လေတော့သည်။
ထို့နောက် ဆန်းလျန်နှင့် ကျိလင်နတ်သမီးတို့သည် မြေကွက်လပ် တစ်ခုဆီသို့ ကျသွား လေတော့သည်။ မြေကွက်လပ် တစ်ခုဟု ဆိုခြင်းထက် နေရာတစ်နေရာ ဖြစ်လေသည်။ ထိုနေရာတွင် မြေကြီးမှာ အနက်ရောင် ဖြစ်နေပြီး ရေကန် တစ်ကန်လည်း တည်ရှိလေသည်။ ရေကန် အတွင်းမှ ရေမှာ ခရမ်းရောင် ဖြစ်လေသည်။ လေပြည်က တိုက်ခတ် နေသည့်တိုင် ရေကန်အတွင်းမှ ရေက တစ်ချက်ကလေးပင် လှိုင်းထ သွားခြင်း မရှိပေ။
သို့သော် နေရာတစ်ခုလုံးသည် အသက်ဓာတ် စွမ်းအားများဖြင့် ပြည့်ဝနေလေသည်။
ဆန်းလျန်နှင့် ကျိလင် နတ်သမီး၏ ကိုယ်ပေါ်မှ အဖြူရောင် ကြိုးမျှင်များ ပျောက်ကွယ် သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ် နေလေသည်။ မည်သည့် သက်ရှိသတ္တဝါမှ သူတို့ ပတ်ဝန်းကျင်တွင် မြင်တွေ့ရခြင်း မရှိပေ။
ကျိလင်က လက်ပိုက်လိုက်ရင်း ခရမ်းရောင် ရေကန်ကို ကြည့်နေလေသည်။
"ဆန်းလျန်၊ မင်းရဲ့ ဒြပ်စင်စွမ်းအား ငါးမျိုးထဲက ရေစွမ်းအားကို ရေကန်ထဲကို ထုတ်လွှတ် လိုက်ပါ၊ မင်းရဲ့တန်ခိုးစွမ်အား ပထမအလွှာကို အသုံးပြုရင် ရပြီ"
"ကောင်းပါပြီ၊ ဆရာဘွားဘွား"
ထို့နောက် ဆန်းလျန်က သူ၏ ရေဒြပ်စင် တန်ခိုးစွမ်းအားကို ထုတ်လွှတ် လိုက်လေသည်။ သူ၏ လက်များဆီမှ ကြည်လင်သည့် ရေဘောလုံးတစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင် ရေကန်အတွင်းသို့ ဖြည်းညင်းစွာ ကျဆင်းသွားလေသည်။
ထိုအချိန်မှာပင် ထူးဆန်းမှု တစ်ခု ဖြစ်လာလေ၏။
ဆန်းလျန်၏ ရေဘောလုံးသည် ခရမ်းရောင်ရေများနှင့် ထိတွေ့သွားသည့်တိုင် ခရမ်းရောင် ရေများဖြင့် ရောနှောသွားခြင်း မရှိပေ။ ခရမ်းရောင်ရေများက ဆန်းလျန်၏ ရေဘောလုံးကို စုပ်ယူလိုက်ပြီး ခရမ်းရောင် ရေများမှ လှိုင်းဂယက်များ ပြင်းထန်စွာ လှုပ်ခတ် လာလေသည်။
ထို့နောက် ရေအိုင်အလယ်တွင် ခရမ်းရောင် ကလပ်တစ်ခု ပေါ်လာလေသည်။
ခရမ်းရောင် ကလပ်မှာ အဆင့်သုံးဆင့် ဖြစ်ပြီး စက်ဝိုင်း ပုံသဏ္ဌာန် ဖြစ်လေသည်။ ကလပ်၏ အဆင့်တိုင်းတွင် လှေကားထစ် ကိုးခုရှိပြီး ထောင့်လေးထောင့်ဖြင့် ဖွဲ့စည်းထားလေသည်။
ကလပ်၏ ထိပ်ဆုံးအပိုင်းတွင် ရွှေရောင် တောက်ပနေပြီး အလယ်ဗဟိုတွင် ကျောက်စိမ်း သစ်ပင်တစ်ပင်ကို တွေ့မြင်ရသည်။ ထိုသစ်ပင်မှ အသက်ဓာတ် စွမ်းအားများ ထွက်ပေါ်နေခြင်း ဖြစ်ပြီး ငွေရောင် မီးတောက်များမှာ ပန်းပွင့်များအလား သစ်ပင်ထက်တွင် ပွင့်လန်း နေကြလေသည်။
ကျောက်စိမ်း သစ်ပင်၏ အောက်တွင် ထူးဆန်းသည့် မျဉ်းကြောင်းများ ထွင်းထုထားသည့် လုံးဝန်းသည့် ကျောက်တုံးတစ်တုံး ရှိနေလေသည်။
ဆန်းလျန်သည် ကျောက်စိမ်းသစ်ပင်ထက် ထိုကျောက်တုံးကို ပိုပြီး စိတ်ဝင်စား နေမိသည်။
ကျောက်စိမ်းသစ်ပင်မှ ထွက်ပေါ်နေသည့် အဆုံးမဲ့ အသက်ဓာတ် စွမ်းအားများမှာ လူသေ တစ်ယောက်ကိုပင် အသက်ပြန်ရှင် စေနိုင်လောက်သည် အထိ တန်ခိုးစွမ်းအားများ ကြီးမား လွန်းလေသည်။ သို့သော် သစ်ပင်အောက်မှ လုံးဝန်းသည့် ကျောက်တုံးက ဆန်းလျန်ကို သံလိုက်ကဲ့သို့ ဆွဲဆောင် နေလေတော့သည်။
ဆန်းလျန်က သူ၏ နတ်ဘုရား ဉာဏ်စဉ်များကို ပို့လွှတ်ကာ ကျောက်တုံး အဝိုင်းကို လေ့လာ ကြည့်လိုက်သည်။
ကျောက်စိမ်း သစ်ပင်ထက်မှ ငွေဖြူရောင် မီးပွင့်များက အဆက်မပြတ် လောင်ကျွမ်း နေလေသည်။ ကျိလင်နတ်သမီးက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ ကြီးမားသည့် တန်ခိုးစွမ်းအားများဖြင့် ကျောက်စိမ်းသစ်ပင်ကို ဝန်းရံ ထားလိုက်လေသည်။ သို့သော် ကျောက်စိမ်း သစ်ပင်က မည်သည့် ထူးခြားချက်မှ ဖြစ်ပေါ်မလာခဲ့ပေ။
ရုတ်တရက်…
ဆန်းလျန်၏ နားထဲတွင် စီးဆင်းနေသည့် ရေသံများကို ကြားလိုက်ရပြီး ကောင်းကင်ထက်မှ နဂါးငွေ့တန်းသည် ထက်ရှသော ဓားတစ်လက်အလား ကျဆင်းလာလေသည်။ ထိုနဂါးငွေ့တန်းသည် ကလပ်ကို ဖြတ်ကာ ကျောက်စိမ်း သစ်ပင်ထက်တွင် လောင်ကျွမ်းနေသည့် ငွေရောင် မီးတောက်များကို ငြိမ်းသတ် လိုက်လေသည်။ ထို့နောက် နဂါးငွေ့တန်းသည် ရေလိုက်ကာ တစ်ခုအလား ခရမ်းရောင် ကလပ်ကို ဝန်းရံ ကာဆီး ထားလိုက်လေတော့သည်။
"ဆရာဘွားဘွား၊ အဲဒီ ကျောက်စိမ်းသစ်ပင်က ဘာများလဲ၊ အဲဒီသစ်ပင်က ကျင်းချွယ် ကျောက်စိမ်း စာအုပ်များလား"
ဆန်းလျန်က တည်ကြည်သည့် မျက်နှာထားမြင့် မေးလိုက်လေသည်။
ကျောက်စိမ်းသစ်ပင်မှာ စာအုပ်ပုံစံ မဟုတ်သည့်တိုင် ကျင်းချွယ် ကျောက်စိမ်းစာအုပ်များ ဖြစ်နေမည်လားဟု ဆန်းလျန် တွေးနေမိလေသည်။ ကျောက်စိမ်းသစ်ပင် အောက်ရှိ လုံးဝန်းသည့် ကျောက်တုံးပေါ်တွင် ထွင်းထုထားသည့် ထူးဆန်းသည့် မျဉ်းကြောင်းမှာလည်း ဆရာဘွားဘွား လီချင်းဆွေ၏ တာအို ကာရံဖြင့် ထွင်းထုထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ထိုကျောက်တုံးကို စိတ်ဝင်စား နေခဲ့မိခြင်း ဖြစ်လေသည်။
ကျိလင်နတ်သမီးက ဆန်းလျန်၏ အမေးကို မဖြေပါ။
ကောင်းကင်ထက်တွင် အေးစက်သည့် ဓားဝိညာဉ် တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာလေသည်။ ကောင်းကင် တစ်ခုလုံးမှာလည်း ရေခဲလွှာများဖြင့် ပြည့်သွားလေသည်။ ဓားဝိညာဉ်၏ အေးစက်မှုကြောင့် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည်ပင် နှေးကွေး သွားရလေသည်။
ကျိလင်နတ်သမီး၏ ခရမ်းရောင် အဝတ်အစားများသည် အစိမ်းရောင်သို့ ပြောင်းလဲ သွားလေသည်။
ကျိလင် နတ်သမီးသည် ဓားရှည်ကို ကိုင်ထားပြီး အစိမ်းရောင် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ချင်းရှောင်း နတ်သမီးအသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်လေသည်။
သူမသည် ဓားကို အရှေ့သို့ ထိုးချိန်လိုက်သည်။
သို့သော် ခရမ်းရောင် ကလပ်ကို ထိုးချိန်လိုက်ခြင်းတော့ မဟုတ်ပေ။
ထိုအခါ ချင်းရှောင်း နတ်သမီးရှေ့ရှိ လေထုမှာ ကွဲအက်သွားပြီး အဖြူရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောလှပသည့် အမျိုးသမီး တစ်ယောက် ပေါ်လာလေသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအဆစ်မှာ အလွန်မှ လှပတင့်တယ် လွန်းသည်။
သို့သော် သူမ ဝတ်ဆင်ထားသည့် ပိုးသားအဖြူရောင်သည် နှင်းကဲ့သို့ ဖြူစင်သည့် အရောင်မဟုတ်ဘဲ လူသား တစ်ယောက်၏ အရိုးစုကဲ့သို့ ဖြူနေခြင်း ဖြစ်လေသည်။
သူမကို မြင်တွေ့လိုက်သည်နှင့် အဆုံးမဲ့သော အရိုးစုများနှင့် သေခြင်းတရားကို ဆန်းလျန် ခံစားလိုက်ရသည်။
ပိုပြီး ထူးဆန်းသည့် အချက်မှာ သူမသည် ဆန်းလျန်နှင့် ချင်းရှောင်း နတ်သမီးတို့ထက် အရင် ဤနေရာသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်လေသည်။
ချင်းရှောင်းနတ်သမီး၏ နှုတ်ခမ်းလေးများ အနည်းငယ် တွန့်ကွေး သွားလေသည်။ သူမက ပြုံးလိုက်ခြင်း ဖြစ်ပြီး ထိုမထီမဲ့မြင် အပြုံးသည် သူမနှင့်အလွန်တရာမှ လိုက်ဖက် လွန်းလှလေသည်။ ထိုအပြုံးကို ဆင်မြန်းလိုက်မှသာ ချင်းရှောင်း နတ်သမီးသည် ပြီးပြည့်စုံ သွားသလို ခံစား လိုက်ရသည်။
ထိုအပြုံးသည် မိုးနှင့်မြေကိုပင် အေးခဲ သွားစေနိုင်သည့် အပြုံးမျိုး ဖြစ်လေသည်။
အဖြူရောင် အမျိုးသမီးက…
"မင်းတို့ကို ရွှေပြဒါး အမြုတေအထိ ငါက ဖျက်ဆီး မပစ်ရင် မင်းတို့လည်း သိပ်မကြာခင် ဘေးဆိုးကြီး တစ်ခုနဲ့တွေ့ရမှာပဲ၊ လူတောင် ပြန်ဝင်စားနိုင်ကြမှာ မဟုတ်ဘူး"
"ငါတို့ကို တိုက်ခိုက်မယ်ဆိုရင် မင်းပဲ ဒုက္ခရောက်မှာပဲ"
ချင်းရှောင်း နတ်သမီးက ပြန်ပြောလိုက်လေသည်။
အဖြူရောင်ဝတ် အမျိုးသမီးသည် ဆရာဘွားဘွား၏ ရန်သူဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ ဆရာ ဘွားဘွား၏ ရန်သူဆိုလျှင် သူ၏ရန်သူပင် ဖြစ်ရပေမည်။
ဆန်းလျန်က အဖြူရောင် အမျိုးသမီး၏ မျက်ဝန်းများကို ကြည့်လိုက်မိသည်။ သူမ၏ မျက်ဝန်းများက တန်ခိုး စွမ်းအားများနှင့် ပြည့်ဝနေပြီး အလွန်မှ အေးစက် နက်ရှိုင်းနေလေသည်။ သူမသည် မည်သည့် ရန်သူကိုမှ အရှင်မထားသည့် ပုံစံမျိုး ဖြစ်လေသည်။
ချောမောလှပသည့် အဖြူရောင် အမျိုးသမီးက သူတို့နှစ်ယောက်ကို လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေလေသည်။
ထိုအချိန်မှာပင် အဝေးဆီမှ အစိမ်းရောင် ရောင်စဉ်တန်းတစ်ခု လင်းလက်သွားပြီး အလွန်မှ တင့်တယ်လှပသည့် တာအိုဆရာ တစ်ပါးပေါ်လာလေသည်။ ထိုတာအိုဆရာ၏ ဆံပင်များမှာ နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေလေသည်။
ထိုတာအိုဆရာ၏ဘေးတွင် နွားရိုင်းမိစ္ဆာကြီး တစ်ကောင်ပါလာလေသည်။ နွားရိုင်းကြီး၏ သံခွာလေးခုမှာ ကြီးမားလွန်းပြီး နွားချိုကြီး နှစ်ခုမှာလည်း ကောင်းကင်အထိ ထိုးဖောက်တော့မည့် အလား ထင်မှတ် ရလေသည်။ နွားရိုင်းကြီး၏ ကြုံးဝါး အော်ဟစ်သံမှာလည်း ကမ္ဘာမြေ တစ်ခုလုံးမှ အသက်ဓာတ် စွမ်းအားများ ပျက်စီးပြီး သဲကန္တာရတစ်ခု ဖြစ်သွားတော့မည့် အလား ခံစား ရလေသည်။
နွားရိုင်းကြီးဘေးမှ အစိမ်းရောင်ဝတ် တာအိုဆရာကို ဆန်းလျန် ကောင်းကောင်း သိလေသည်။
အခြားသူမဟုတ်၊ ရွှမ်ထုံ နတ်မိစ္ဆာဘုရင်၏ နတ်ဘုရား ဈေးပွဲတော်တွင် ဆန်းလျန်နှင့် ဆုံတွေ့ခဲ့ဖူးသည့် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဝူချင်ကျီပင် ဖြစ်လေသည်။
"ညီလေးဆန်းလျန်၊ နေကောင်းရဲ့လား၊ နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့တာ သိပ်ကို ဂုဏ်ယူပါတယ်ကွာ"
ဝူချင်ကျီက ပြောလိုက်လေသည်။
"မိတ်ဆွေဝူချင်ကျီက ဒီအမျိုးသမီးကို ကူညီဖို့ ရောက်လာတာလား"
ဆန်းလျန်က အေးဆေးသည့် လေသံဖြင့် မေးလိုက်လေသည်။
ဝူချင်ကျီက ခေါင်းခါယမ်းလိုက်သည်။
"ကျုပ်တို့ ထိုက်စန့် နတ်ဘုရားဂိုဏ်းနဲ့ ချင်းရွှမ် နတ်တံခါးဟာ ဘာရန်ငြိုးရန်စမှ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ကျုပ်မိတ်ဆွေ နွားရိုင်းကြီးကတော့ ဒီအမျိုးသမီးကို ကူညီချင်နေတယ်၊ ဒီတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးပေါ့"
ဝူချင်ကျီ၏ စကားဆုံးသွားသည်နှင့် နွားရိုင်းကြီးက အော်ဟစ်လိုက်သည်။
"ကောင်လေး၊ စကားတွေ များမနေနဲ့၊ တိုက်မယ်ဆိုလည်း အမြန်တိုက်ကြစမ်း၊ ငါက အိမ်ပြန်ပြီး အိပ်ချင်နေပြီ"
နွားရိုင်းကြီးက ချင်းရှောင်းနှင့် ဆန်းလျန်ကို လှမ်းကြည့်လိုက်သည်။
"ဘယ်တစ်ယောက်က ကျုပ်နဲ့တိုက်မှာလဲ၊ ဒါမှမဟုတ် နှစ်ယောက်လုံးက ကျုပ်နဲ့ တိုက်မှာလား"
"မင်းလိုမိစ္ဆာကောင်ကို ကျုပ်ရဲ့ ဆရာဘွားဘွားက တိုက်စရာ မလိုပါဘူး၊ ဆရာဘွားဘွားရဲ့ မြေးတပည့်ဖြစ်တဲ့ ကျုပ်ကပဲ မင်းကို ရှင်းပစ် လိုက်မယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်၏ စကားကြောင့် နွားရိုင်းမိစ္ဆာကြီးက အော်ဟစ် ရယ်မောလိုက်လေသည်။
"လိမ္မာလိုက်တဲ့ မြေးတပည့်လေး၊ သတ္တိလည်း ကောင်းတယ်၊ ဒါပေမဲ့ မင်းကို အမှုန့်ဖြစ်တဲ့ အထိ ကျုပ်က ရိုက်ပစ်ဦးမယ်၊ ဟွန်း လူတောင် ပြန်ဝင်စားလို့ရမယ် မထင်နဲ့"
နွားရိုင်းကြီးက ကြုံးဝါးသံကြီး တစ်ချက်ကို ပြုလုပ်လိုက်လေရာ ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ် သွားမတတ် ထင်မှတ်ရလေသည်။ ထို့နောက် နွားရိုင်းကြီးက ခွာဖြင့် မြေကို ပေါက်လိုက်ပြီး ဗလာနယ်ကို ထိုးဖောက်ကာ ဆန်းလျန်ဆီသို့ ဦးတည်ပြီး ပြေးလာလေတော့သည်။
နွားရိုင်းကြီးသည် အလွန်မှ တန်ခိုး စွမ်းအားကြီးမားသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်လေသည်။
သို့သော် ဆန်းလျန်က ထိတ်လန့်သွားခြင်း မရှိပါ။
သူက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်လေသည်။ သူ၏ လက်ဖျားထိပ်တွင် တောင်နှင့် မြစ်တစ်စင်း ပေါ်လာပြီး သူ့ထံသို့ ဝင်ရောက်လာသည့် နွားရိုင်းကြီးကို ပြန်လည် တိုက်ခိုက် လိုက်လေတော့သည်။
***