ရောက်ရှိခြင်း
Vol. 54 Ch. 749
ဝုန်း.....
ကောင်းကင်ကြီး ကွဲအက်သွားပြီးနောက် များပြားလှသော အဖြူရောင် မိုးကြိုးလျှပ်စီးများမှာ ရေတံခွန်အလား ကျဆင်းလာတော့သည်။ ၎င်းတို့အတွင်း ပါဝင်နေသော အဖျက်စွမ်းအင်မှာလည်း လွန်စွာကြီးမားလှသည်။
ဇူယွမ်မှာ အဖျက်စွမ်းအား ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများအား မြင်တွေ့လိုက်ရပြီးနောက် အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ သူထွက်ခွာတော့မည့် အချိန်မှာပင် တော်ဝင်နန်းတော်မှ ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"အဟက်....ခွေးအုပ်ကြီး ရောက်လာတာပဲ။"
ကန်းယွမ်မှာ ကောင်းကင်အက်ကွဲကြောင်းအား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
ဝုန်း....
အက်ကွဲကြောင်းအတွင်းမှ မိုးကြိုးလျှပ်စီးများမှာ ကွမ်းကျန်လဲ့ထံ ပျံဝဲလာကြသည်။
ဖြူလွှလွှ လျှပ်စီးများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဟာနယ်များ ဖြစ်ပေါ်ကုန်ရသည်။
ကန်းယွမ်မှာ ပြင်းထန်လှသော သူတော်စင်ချီများကို ထွက်ပေါ်စေလိုက်ပြီးနောက် တိမ်တိုက်များအဖြစ် ပြောင်းလဲကာ ကွမ်းကျန်လဲ့အား ကာကွယ်လိုက်သည်။
ဒုန်း....ဒုန်း.....
များပြားလှသော မိုးကြိုးလျှပ်စီးများမှ တိမ်တိုက်အား ဝင်တိုက်ကြသောကြောင့် စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့ကုန်ရသည်။ ကံကောင်းထောက်မစွာဖြင့် မည်သည့်မိုးကြိုးလျှပ်စီးကမှ တိမ်တိုက်အား မဖြိုခွဲနိုင်သေးပေ။
ဇူယွမ်မှာ ပြင်းထန်လှသော စွမ်းအင်နှစ်ခု ထပ်တိုက်တွေ့ဆုံနေသည်ကို ကြည့်ရှုနေရင်းဖြင့် ခေါင်းခဲလာရသည်။ ထိုမှထွက်ပေါ်နေသော သေးငယ်လှသည့် အဖျက်စွမ်းအင်လေး တစ်ခုကပင် သူ့အားကမ္ဘာကြီးထံမှ ရှင်းလင်းပစ်လိုက်ရန် လုံလောက်ပေသည်။
ကန်းယွမ်မှာ မိုးကြိုးလျှပ်စီးများအား ကာစီးနေရင်းဖြင့်ပင် ကွမ်းကျန်လဲ့အား စတင်အသက်သွင်းလိုက်သည်။ ယခုတိုက်ပွဲသည် ဇူယွမ် ဝင်ပါတိုက်ခိုက်နိုင်မည့် အဆင့်မဟုတ်ပေ။ ကန်းယွမ်အနေဖြင့် ဇူယွမ်အား ပို့ဆောင်ပေးပြီးသည်နှင့်တစ်ပြိုင်နက် တော်ဝင်နန်းတော်၏လက်မှ ထွက်ပြေးလွတ်မြောက်သွားနိုင်မည် ဖြစ်သည်။
ကောင်းကင်အက်ကွဲကြောင်းထံမှ အဖြူရောင် အဝတ်အစားများ ဆင်မြန်းထားသော ပုံရိပ်နှစ်ခု ဆင်းသက်လာလေသည်။ ၎င်းတို့နှစ်ဦး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အရာအားလုံးမှာ ပျက်စီးသွားတော့မည့် အငွေ့အသက်များ ဖြစ်ပေါ်လာရသည်။
အဘယ့်ကြောင့်ဆိုသော် ဤဆန်းကြယ်သောနယ်မြေသည် ရောက်ရှိလာသော အဆင့်မြင့်ကျင့်ကြံသူ နှစ်ဦး၏ စွမ်းအင်ဖိအားများအား ခံနိုင်ရည် မရှိသောကြောင့်ပင်။
ဇူယွမ်မှာ ပုံရိပ်နှစ်ခုအား လှမ်း၍ကြည့်ရှုလိုက်သည်။ ၎င်းတို့ပတ်ပတ်လည်တွင် ဖြူလွှလွှ မိုးကြိုးလျှပ်စီးများ ဝန်းရံနေပြီး ကြည့်ရှုရုံမျှဖြင့်ပင် မျက်ဝန်းများ နာကျင်လွန်းလှသဖြင့် ထိုပုံရိပ်များ၏ မျက်နှာအား သဲကွဲစွာ မြင်တွေ့ရခြင်း မရှိပေ။
"ကန်းယွမ်....သူမကို ငါတို့ဆီပေးလိုက်။"
ထိုပုံရိပ်နှစ်ခုထံမှ ကြောက်မက်ဖွယ်ကောင်းသော စကားသံ ထွက်ပေါ်လာသည်။
ကန်းယွမ်မှ မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။ "အိမ်မက်တောင်မမက်နဲ့။"
ဝုန်း...
တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူနှစ်ဦးမှာ အပိုစကားများ မပြောလိုတော့ဟန်ဖြင့် ၎င်းတို့၏ မျက်ခုံးနှစ်ခုကြား မိုးကြိုးလျှပ်စီးများ စုဝေးသွားကာ မျက်ဝန်းတစ်ခု ပွင့်ဟလာပြီးနောက် အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
အလင်းတန်းနှစ်ခုသည် အသက်စွမ်းအင်များအားလုံးကို နှုတ်ယူတော့မည့်အလား အဖျက်စွမ်းအင် ကြီးမားလွန်းလှသည်။
ပတ်ဝန်းကျင် ချီစွမ်းအင်များသည်ပင် စတင်၍ ပါးလွှာပျောက်ကွယ်လာရသည်။
"တော်ဝင်အလင်းတန်းရဲ့ သုတ်သင်ချေမှုန်းခြင်း..."
အလင်းတန်းနှစ်ခုမှာ လေထုအား ဖြတ်သန်း၍ ပျံဝဲလာနေလျက် ရှိသည်။ ကန်းယွမ်မှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် မျက်ဝန်းများအား ရုတ်ချည်းပိတ်လိုက်သောအခါတွင် သူ၏နောက်ကျောဖက်တွင် ရှိနေသော ဧရိယာတစ်ခုလုံးမှာ မှောင်မိုက်သွားရသည်။
ဝုန်း.....
အမှောင်ထုများကြားမှ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အဆုံးအစမဲ့အောင် ကြီးမားလွန်းလှသော ကျောက်တုံးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းကျောက်တုံးသည် လည်ပတ်နေဟန်ရှိပြီး ပြင်းထန်လှသော အဖျက်စွမ်းအင်များကို ထုတ်လွှင့်နေလေသည်။
ဇူယွမ်မှာ ကျောက်တုံးကြီးအား မြင်တွေ့လိုက်ရပြီးနောက် အလွန်အံ့အားသင့်သွားရသည်။ "ဒါ...ဒါက ဖျက်စီးခြင်းနတ်ဘုရားကျောက်တုံး မဟုတ်ဘူးလား။"
ထိုကြီးမားလှသော ကျောက်တုံးကြီးအား ဇူယွမ်မှ ကောင်းစွာသိရှိနေပါသည်။ မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းအား ကျင့်ကြံသည့် အချိန်တိုင်းတွင် ထိုနတ်ဘုရားကျောက်တုံးအား မြင်တွေ့နေခဲ့ရသည်။ သို့သော် နတ်ဘုရားကျောက်တုံးအား ပြင်ပကမ္ဘာတွင် တိုက်ပွဲတစ်ခုအတွက် အသုံးပြုနိုင်လိမ့်မည်ဟု ဇူယွမ်မှ ထင်မှတ်မထားခဲ့ပေ။
ထိုသို့ပြုလုပ်နိုင်သူသည် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းအား နက်ရှိုင်းစွာ နားလည်တက်မြောက်ထားမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဝုန်း....
အလင်းတန်းနှစ်ခုမှာ နတ်ဘုရားကျောက်တုံးနှင့် တွေ့ဆုံသွားပြီးနောက် ခေတ္တမျှသော အချိန်အတွင်းမှာပင် နတ္ထိဗလာအဖြစ် ပြောင်းလဲပျက်စီးသွားရသည်။
နတ်ဘုရားကျောက်တုံးမှာ ရပ်တန့်သွားခြင်းမရှိပဲ လေထုအတွင်း ဆက်လက်လည်ပတ်နေရင်းဖြင့် တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူနှစ်ဦးထံ ရောက်ရှိသွားသည်။
တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူနှစ်ဦး အနီးရှိ ချီစွမ်းအင်များမှာ ပြင်းထန်စွာ ဆုတ်ပြဲကုန်ရသည်။ ၎င်းတို့နှစ်ဦးမှာလည်း လက်လွတ်စပယ် မပြုမူရဲသောကြောင့် ချက်ချင်းဆိုသလို စွမ်းအင်အပြည့်အဝအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ အဆုံးအစမဲ့သော အဖြူရောင် မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာကာ နတ်ဘုရားကျောက်တုံးနှင့် တွေ့ဆုံသွားကြသည်။
နှစ်ဦးနှစ်ဖက်လုံးမှာ နောက်ဆုတ်၍ မဖြစ်နိုင်သော အနေအထားသို့ ရောက်ရှိနေခဲ့လေပြီ။
ထိုသို့ဖြစ်နေသော အခြေအနေမှာပင် ကန်းယွမ်မှာ ကွမ်းကျန်လဲ့အား ပြန်၍အာရုံစိုက်လိုက်သည်။ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ စကြာဝဠာကောင်းကင်ယံသည်ပင် ဖြည်းညင်းစွာ ဆုတ်ပြဲသွားရသည်။
အသင်္ချေမျှသော အလင်းမှုန်များမှာ ဇူယွမ်၏ခန္ဓာကိုယ်အား ဖုံးအုပ်လွှမ်းခြုံသွားသည်။
ဝှစ်....
ထိုအချိန်မှာပင် တောင်ကြားချိုင့်ဝှမ်းထက်ရှိ ကောင်းကင်မှာ အက်ကွဲသွားပြီးနောက် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ၎င်းတောက်ပနေသော ပုံရိပ်သည် တောင်ခြေရှိ ယောင်ယောင်၏ သလင်းကျောက်ခေါင်းတလား ရှိနေသော အိမ်ငယ်ထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ပျံဝဲလာသည်။
ထိုသည်မှာ တော်ဝင်နန်းတော်မှ တတိယမြောက် ရောက်ရှိလာသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ယင်းသည် ကန်းယွမ် အာရုံများမည့် အချိန်အား စောင့်ဆိုင်းကာ ယောင်ယောင်၏ခေါင်းတလားကို ခိုးယူရန် ကြံစည်နေခဲ့ခြင်းပင်။
"မင်းတို့ တော်တော်သတ္တိရှိနေတယ်ပေါ့။"
ကန်းယွမ်မှာ အလွန်ဒေါသထွက်သွားရပြီးနောက် လျင်မြန်စွာပင် လက်ဟန်အမျိုးမျိုး ပြောင်းလဲလိုက်သည်။
ဝုန်း.....
အိမ်၏ပတ်ပတ်လည်တွင် သန်းနှင့်ချီသော မူလမှော်စာလုံးများ ပေါ်ထွက်လာကာ ချီလက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီးနောက် တော်ဝင်နန်းတော်မှ တတိယမြောက် ရောက်ရှိလာသော ထိပ်သီးကျင့်ကြံသူအား ရိုက်ချလိုက်သည်။
ဒုန်း....
တတိယမြောက် ထိပ်သီးကျင့်ကြံသူမှာ အဝေးသို့ လွင့်စင်သွားရသည်။
သို့သော် ချက်ချင်းဆိုသလို ထိပ်သီးကျင့်ကြံသူမှာ ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် ပျံဝဲလာကာ ချီလက်ဝါးကြီးအား ထိုးချလိုက်သည်။ လေထုမှာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် ပေါက်ကွဲကုန်ရလေသည်။
ဝုန်း....ဘုန်း.....
အကြိမ်ရေ အနည်းငယ်မျှ ထိပ်တိုက်တွေ့ဆုံပြီးနောက် ချီလက်ဝါးကြီးမှာ စတင်၍ အားနည်းလာပြီ ဖြစ်သည်။
ကန်းယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်နေရသည်။ သူသည် အာရုံသုံးခုအား တစ်ပြိုင်နက် အရေးပေးရမည့်အပြင် တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူ သုံးဦးကိုလည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေရသည်။ ထိုသို့သော အခြေအနေမျိုး၌ ကန်းယွမ်ကဲ့သို့သော သူသည်ပင် စတင်၍ ခေါင်းခဲလာရလေပြီ။
ကံကောင်းထောက်မစွာဖြင့် ကွမ်းကျန်လဲ့မှာ အဆင်သင့်ဖြစ်နေပြီပင် ဖြစ်သည်။ ကောင်းကင်ဒေသတစ်ခုမှ တစ်ခုထံ ပို့ဆောင်ပေးမည့် အလင်းတန်းများသည် ဇူယွမ်၏ခန္ဓာကိုယ် တစ်ခုလုံးအား ပြီးပြည့်စုံစွာ လွှမ်းခြုံထားလေသည်။
"ဇူယွမ်....အသင့်ပြင်ထားတော့.."
ကန်းယွမ်မှာ ဇူယွမ်အား စကားဆိုလိုက်ပြီးနောက် လက်ဟန်အမျိုးမျိုး ပြောင်းလဲကာ ကွမ်းကျန်လဲ့အနီးရှိ လေထုအား အက်ကွဲသွားစေသည်။ ထို့နောက် စကြာဝဠာ အလင်းတန်း အပိုင်းအစများ ထွက်ပေါ်လာကာ လေဝဲတစ်ခု ဖြစ်ပေါ်သွားသည်။
"သွားတော့..."
ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေမနေပဲ အလင်းဝဲဂယက်ထဲသို့ ဦးတည်ဝင်ရောက်သွားသည်။
ဝုန်း.....
သို့သော် ဇူယွမ်မှ အလင်းဝဲဂယက်ထဲ စတင်ဝင်ရောက်နေစဉ်မှာပင် ကောင်းကင်ထက်မှ အဖြူရောင် မိုးကြိုးလျှပ်စီးများမှာ ဝဲဂယက်ထံ ကျဆင်းလာသည်။
ဘုန်း....
ပြင်းထန်လှသော စွမ်းအင်စီးကြောင်းများမှာ အလင်းဝဲဂယက်အတွင်း ပေါက်ကွဲသွားပြီးနောက် အသက်ရှူချိန် အနည်းငယ် ကြာမြင့်သွားပြီးနောက်မှသာ ပျောက်ကွယ်သွားသည်။
ကန်းယွမ်၏ အမူအရာမှာ ခက်ထန်သွားရသည်။ တော်ဝင်နန်းတော်မှ မိုးကြိုးလျှပ်စီးများသည် သူ့အတွက် မထိခိုက်စေနိုင်ပါသော်လည်း ကွမ်းကျန်လဲ့အား ပျက်စီးသွားစေနိုင်ပေသည်။ ထို့အပြင် ဇူယွမ်အတွက်ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် ကန်းယွမ်အနေဖြင့် ဘာမျှကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အနေဖြင့် တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူ သုံးဦးအား ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကွမ်းကျန်လဲ့မှာ ပြီးပြည့်စုံစွာ အသက်ဝင်နေလေပြီ။ ထို့ကြောင့် ဇူယွမ်အား ကာကွယ်မှုအချို့ ပေးနိုင်လိမ့်မည်ပင်။
"အဆင်ပြေပါစေ...ဇူယွမ်..."
ကန်းယွမ်မှ ခါးသက်စွာ ရယ်မောလိုက်သည်။ ထို့နောက် သလင်းကျောက်ခေါင်းတလားအား ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။ သူသည် ခေါင်းတလားအား သေးငယ်စေလိုက်ကာ အင်္ကျီလက်မောင်းအိုးအတွင်း ထည့်သိမ်းလိုက်ပြီးနောက် တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူများအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။
ထို့နောက် ကန်းယွမ်နောက်ရှိ ဧရိယာမှာ စတင်လည်ပတ်လာပြီးနောက် ဝဲဂယက်တစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ကန်းယွမ်သည် ထိုဝဲဂယက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
တော်ဝင်နန်းတော်မှ ထိပ်သီးကျင့်ကြံသူ သုံးဦးမှာ လေထုအား ဆုတ်ဖြဲလျက် ထိုဆန်းကြယ်သော နေရာအတွင်းမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် ကန်းယွမ်ကိုသာ အာရုံစိုက်နေကြခြင်း ဖြစ်သည်။ အစောပိုင်းတွင် လွတ်မြောက်သွားသော ဇူယွမ်အား အနည်းငယ်မျှပင် အလေးထားကြဟန် မရှိပေ။
အဘယ့်ကြောင့်ဆိုသော် ဇူယွမ်သည် နတ်ဘုံခန်းဝါ အဆင့်မျှသာရှိသော အဆင့်နိမ့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေသောကြောင့်ပင်။
အားလုံး အသီးသီး ထွက်ခွာသွားကြပြီးနောက် ထိုဆန်းကြယ်လှသော အရပ်ဒေသမှာ တဖန်ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ကောင်းကင်အား ထောက်ကန်ပေးထားသည့် သစ်ပင်ကြီးများမှာမူ တာဝန်ထမ်းဆောင်နေသကဲ့သို့ ယခင်ကအတိုင်းပင် သစ်သီးများထံမှ အလင်းတန်းများ ထုတ်လွှတ်နေလျက် ရှိသည်။
.........
ဝုန်း...
အလင်းဝဲဂယက်အတွင်း၌
ဇူယွမ်၏ခန္ဓာကိုယ် တစ်ခုလုံးမှာ အလင်းမှုန်များဖြင့် ဖုံးလွှမ်းနေလေသည်။ သူသည် ဖြူလွှလွှ မိုးကြိုးလျှပ်စီးငယ်တစ်ခု လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသောအခါ အမူအရာ ခက်ထန်သွားရသည်။
ထိုဖြူလွှလွှ မိုးကြိုးလျှပ်စီးကြောင့် တည်ငြိမ်နေသော အလင်းဝဲဂယက်မှာ စတင်၍ အက်ကြောင်းထပ်လာရသည်။
ကံကောင်းထောက်မစွာဖြင့် စိုးရိမ်ပူပန်နေသကဲ့သို့ မြင်ကွင်းမျိုး ဖြစ်မလာခဲ့ပေ။ အဖြူရောင် မိုးကြိုးလျှပ်စီးမှာ အလင်းဝဲဂယက်ထဲ၌ပင် ပေါက်ကွဲလျက် စွမ်းအင်လှိုင်းဂယက်များအား ပျံ့နှံ့သွားစေသည်။
စွမ်းအင်လှိုင်းဂယက် အချို့မှာ ဇူယွမ့်ထံ လာရောက်ထိမှန်ပါသော်လည်း အလင်းအကာအရံတစ်ခုမှ ကာကွယ်ပေးထားသဖြင့် မထိခိုက်ခဲ့ပေ။
သို့သော် လာရောက်ထိမှန်သည့် အချိန်တိုင်းတွင် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ၏အရှိန်ကြောင့် ဇူယွမ်၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်နေရသည်။
အရေပြားပေါ်တွင် ဆုတ်ပြဲရာများ စတင်ဖြစ်ပေါ်လာသဖြင့် ဇူယွမ်မှာ အံကိုတင်းတင်း ကြိတ်ထားလိုက်မိသည်။ အကယ်၍ ယခုကဲ့သို့ အခြေအနေမျိုးတွင်သာ တစ်စုံတစ်ခု ဖြစ်ပေါ်သွားပါက သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်မျှဖြင့် လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိနေသည်။
..........
အလင်းဝဲဂယက်အတွင်း ဖြည်းညင်းစွာဖြင့် အချိန်များ စတင်စီးဆင်းလာသည်။ အချိန်များ မည်မျှကြာအောင် ကုန်ဆုံးသွားပြီကို မသိရှိရပါသော်လည်း ဇူယွမ်၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ဆုတ်ပြဲရာများဖြင့် ပြည့်နှက်နေလေပြီ။
သူ့အား ကာကွယ်ပေးထားသော အလင်းအကာအရံမှာလည်း စတင်မှေးမှိန်လာသည်။
ဇူယွမ်မှာ ဒဏ်ရာများအား ကုသရန်အတွက် အဆုံးအစမဲ့သော အသက်စွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။
သို့သော် ဇူယွမ်၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်အတွင်း ထိုက်ရိသစ်စိမ်းပင်အမှတ်အသားမှ စွမ်းအင်များ ကျန်ရှိနေသေးပါသော်လည်း မည်သည့်အချိန်တွင် ကုန်ဆုံးသွားမည်ကို မသိရှိနိုင်သောကြောင့် ဖြစ်သည်။
ထိုက်ရိသစ်စိမ်းပင်အမှတ်အသား၏ စွမ်းအင်များ ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှ ထိခိုက်ဒဏ်ရာများအား လျင်မြန်စွာ ကုသနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် အလင်းဝဲဂယက်မှာလည်း အချိန်များ ကြာမြင့်လာသည်နှင့်အမျှ ဖြတ်သန်းရသည်မှာ ပိုမိုကြမ်းတမ်းခက်ထန်လာသည်။
"အခုထိ အလင်းဝဲဂယက် အဆုံးကို မရောက်သေးတာလား။"
ဇူယွမ်မှာ တိုးညင်းစွာ ရေရွတ်လျက် အရှေ့သို့ လှမ်းမျှော်ကြည့်ရှုလိုက်သောအခါတွင် အဆုံးသတ်အပေါက်တစ်ခုတစ်လေပင် မြင်တွေ့ရခြင်း မရှိသဖြင့် ရင်တုန်သွားရသည်။
ဝုန်း.....
ဇူယွမ်မှ စိုးရိမ်နေစဉ်မှာပင် အနောက်ဖက်မှ ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခုအား ကြားလိုက်ရလေသည်။ လှည့်ကြည့်လိုက်သောအခါတွင် ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကြီးမားလှသော လေဟာနယ်အပေါက်ကြီးတစ်ခုမှာ သူ့ထံသို့ လျင်မြန်လှသောအရှိန်ဖြင့် ရောက်ရှိလာနေခြင်း ဖြစ်သည်။
ဇူယွမ်မှာ ခေါင်းခဲသွားရပြီးနောက် ချီစွမ်းအင်များကို အကုန်အစင် ထုတ်ဖော်ကာ အလင်းဝဲဂယက်၏အဆုံးတစ်ဖက်သို့ ရောက်ရှိနိုင်ရန် ကြိုးစားလိုက်သည်။
လေဟာနယ်အပေါက်ကြီးမှာ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ အလျင်အမြန် နီးကပ်လာနေလျက် ရှိသည်။
ဇူယွမ်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများကို ခံစားနေမိသောကြောင့် အမူအရာများ ပျက်ယွင်းနေရသည်။ ထိုအချိန်မှာပင် ဇူယွမ်မှာ အလင်းဝဲဂယက်၏ အဆုံးတစ်ဖက်အား မြင်တွေ့လိုက်ရလေသည်။
"နောက်ဆုံးတော့ ထွက်ပေါက်ကိုတွေ့ပြီ။"
ဇူယွမ်မှာ ပျော်ရွှင်စွာဖြင့် အရှေ့သို့ လျင်မြန်စွာ သွားလိုက်သည်။
ထွက်ပေါက်နှင့်နီးလာလေ လေဟာနယ်အပေါက်ကြီးမှာ ကျယ်ပြန့်လာလေ ဖြစ်နေသည်။ ထိုလေဟာနယ် အပေါက်ကြီးအတွင်း ပါဝင်နေသော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများ ရိုက်ခတ်သံကိုပင် ဇူယွမ်မှ ကြားနေရသည်။
ဇူယွမ်မှာ အတွေးစအချို့အား မြန်ဆန်စွာ စဉ်းစားလိုက်သည်။ ယခုအခြေအနေတိုင်းဆိုလျှင် ထွက်ပေါ်သို့မရောက်လင် အလင်းဝဲဂယက် ပျက်စီးသွားနိုင်ပေသည်။
"ငါလုံလောက်အောင် မမြန်သေးဘူးပဲ။"
ဇူယွမ်မှာ ဆုံးဖြတ်ချက်တစ်ခုအား ခိုင်မာစွာ ချလိုက်သည်။
သူသည် စွမ်းအင်လည်ပတ်မှုများအား လျှော့ချကာ ချီစွမ်းအင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်စေလိုက်ပြီးနောက် လေဟာနယ်အပေါက်ကြီးထံ ပစ်လွှတ်လိုက်သည်။
ဝုန်း.....
ပြင်းထန်လှသည့် စွမ်းအင်လှိုင်းဂယက်များဒဏ်ကြောင့် ဇူယွမ်မှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများ၏အရှိန်ကြောင့် ဇူယွမ်မှာ အဝတ်အစားများပင် ဆုတ်ပြဲကုန်ရကာ ထိခိုက်ဒဏ်ရာများ ရသွားရသည်။
သို့သော် ထိုစွမ်းအင်လှိုင်းဂယက်များ၏ တွန်းအားကြောင့်ပင် ဇူယွမ်မှာ အရှေ့သို့ လျင်မြန်စွာဖြင့် ရောက်ရှိသွားလေသည်။ အဆုံးသတ်တွင်မူ လေဟာနယ်အပေါက်ကြီးမှ သူ့အားဝါးမြိုတော့မည့် အချိန်မှာပင် အလင်းဝဲဂယက်ထဲမှ ထွက်လာနိုင်ခဲ့သည်။
ဝုန်း....
ဇူယွမ်မှာ အလင်းဝဲဂယက်ထဲမှ ထွက်လာနိုင်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်အား ကြည့်ရှုလေ့လာခွင့် မရသေးခင်မှာပင် အလင်းတန်းတစ်ခုအလား ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။
လေများက မျက်နှာထံ တိုးဝေ့နေသကဲ့သို့ ဇူယွမ်၏ နှလုံးသားမှာလည်း အေးစက်တောင့်တင်းနေရသည်။ ယခုအရှိန်တိုင်းသာ ဆက်လက်ပြုတ်ကျနေပါက ဇူယွမ်မှာ မသေလျှင်ပင် ကျိုးပဲ့သွားနိုင်လောက်သည်။
သို့သော် ဤအခြေအနေတွင် ဇူယွမ်မှာ ဘာမှမတက်နိုင်သဖြင့် ကံကြမ္မာအား ကောင်းကင်ဘုံကိုသာ အပ်နှံထားလိုက်တော့သည်။
ဝုန်း....
ဇူယွမ်၏ခန္ဓာကိုယ်မှာ မိုးကုပ်စက်ဝိုင်းအား ဖြတ်ကျော်လျက် မြေကြီးနှင့် ရိုက်ခတ်တော့မည့် အချိန်မှာပင် အသံတစ်ခုအား ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ချပ်....
ပျော့ပြောင်းသော တစ်စုံတစ်ခုထံ ပြုတ်ကျသွားဟန် ရှိ၏။
ဇူယွမ်မှာ ပျော့ပျော့ပြောင်းပြောင်း အရာတစ်ခုပေါ် ပြုတ်ကျလာခဲ့ပါသော်လည်း ပြင်းထန်လှသော ကျဆင်းရှိန်ကြောင့် ပါးစပ်အပြည့် သွေးများကို ထပ်မံအန်ထုတ်လိုက်ရသည်။ ထို့နောက် မျက်ဝန်းများ ဖြည်းညင်းစွာ ပိတ်သွားတော့သည်။
သတိလစ်တော့မလို ဖြစ်နေသော အချိန်မှာပင် ဇူယွမ်မှာ ကျယ်လောင်လှသော အော်ဟစ်သံအား ကြားလိုက်ရသည်။
"ပြုတ်ကျလို့ သေသွားပြီလား..."
စကားသံနှင့်အတူ ရယ်မောသံအချို့အား ကြားလိုက်ရပြီးနောက် ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သတည်း....