ရိကလန်မှညီအစ်မ
Vol. 54 Ch. 750
ဇူယွမ်မှာ မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသောအခါတွင် အလွန်အမင်း ခေါင်းမူးခေါင်းကိုက်ခြင်းကို ခံစားနေရသည်။ စစခြင်း မြင်တွေ့လိုက်ရသည်မှာ အမိုးအဖြူနှင့် ရွက်ဖျင်တဲတစ်လုံး ဖြစ်သည်။ သူသည် အသက်ရှူချိန် အနည်းငယ်ကြာအောင် မူးဝေနေပြီးနောက် ခန္ဓာကိုယ်မှ နာကျင်မှုများအား ခံစားလိုက်ရသည်။
ဇူယွမ်မှာ အရိုးများအားလုံး ကျိုးပဲ့နေသကဲ့သို့ နာကျင်နေသည်။
သူသည် နာကျင်လွန်းသောကြောင့် မကြာခဏ ပင့်သက်ရှိုက်နေမိသည်။
သို့သော် အသက်မသေသွားသည့်အတွက်ပင် ဇူယွမ်မှာ စိတ်သက်သာရာ ရနေရသည်။
ဇူယွမ်မှာ နာကျင်မှုအား တောင့်ခံနေရင်းဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလေ့လာလိုက်သည်။ ဒါဘယ်နေရာလဲ....ဟွမ်းယွမ်ကောင်းကင်ဒေသတော့ ဟုတ်ပါတယ်နော်....
ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ရွက်ဖျင်တဲ အဝင်ဝမှာ ပွင့်ဟလာသည်။ ဇူယွမ်မှာ ကြီးမားဝိုင်းစက်နေသော မျက်ဝန်းများဖြင့် သေးသွယ်သော ပုံရိပ်လေးတစ်ခု ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရသည်။
ထိုပုံရိပ်လေးသည် ဆယ်နှစ်မျှသာရှိသေးသော ကလေးမလေးဖြစ်ကြောင်း ဇူယွမ်မှ သိရှိလိုက်သည်။ ယင်းကလေးမလေးသည် ရွှံ့ဖြင့်ထုလုပ်ထားသော အရုပ်မလေးအလား အလွန်ချစ်စဖွယ်ကောင်းလှပြီး သူမ၏ ကြီးမားဝိုင်းစက်နေသော မျက်ဝန်းများမှာလည်း တောက်ပရွှန်းစိုနေလေသည်။
"ကလောင်...ကလောင်..."
ကလေးမလေးမှာ နိုးနေသောဇူယွမ်အားကြည့်ကာ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ပျော်ရွှင်စွာဖြင့် ပြေးလာတော့သည်။ သူမ၏ခါးတွင်ချိတ်ထားသော ခေါင်းလောင်းနီလေးမှာလည်း ခါယမ်းလျက် အသံများ ထွက်ပေါ်လာသည်။
ကလေးမလေးမှ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ "အကိုကြီး...နိုးလာပြီလား။"
ဇူယွမ်မှာ မည်သည့်စကားမှ မပြောရသေးခင်မှာပင် ကလေးမလေးမှ ကဆုန်ပေါက်ကာ တဲအတွင်းမှ ပြေးထွက်သွားသည်။ သူမ၏ ချစ်စဖွယ် အသံလွင်လွင်လေးသာ ကျန်ရစ်ခဲ့၏။ "သမီး အမကို သွားပြောလိုက်ဦးမယ်နော်။"
ဇူယွမ်မှာ ပျော်ရွှင်မြူးထူးနေသော ကလေးမလေးအားကြည့်ကာ ခါးသက်စွာ ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ သူ၏ကံကြမ္မာသည် ဝံပုလွေအုပ်ထဲ ပြုတ်ကျရလောက်သည်ထိ ဆိုးရွားဟန်မရှိပေ။
ဇူယွမ်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်အား ကြည့်ရှုလိုက်မိသည်။ မည်သည့်နေရာပင် ရောက်နေပါစေ အရေးအကြီးဆုံးမှာ သူ၏စွမ်းအင်များ ပြန်လည်ပြည့်ဝလာရန်ပင် ဖြစ်သည်။
ခန္ဓာကိုယ်တလျှောက် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဇူယွမ်၏ အပြုံးမှာ ပိုမိုခါးသက်လာရသည်။ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ကိုသာ ကျင့်ကြံထားခြင်း မရှိပါက အလင်းဝဲဂယက်ထဲ၌ပင် အပိုင်းပိုင်းအစစ ဖြစ်သွားလောက်ပေသည်။
ယခု အသက်အန္တရာယ်မှ လွတ်မြောက်လာခဲ့ပါသော်လည်း ခန္ဓာကိုယ်မှာ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားရသည်။
ထို့အပြင် ထိုက်ရိသစ်စိမ်းပင်အမှတ်အသား၏ စွမ်းအင်များလည်း ကုန်ဆုံးသွားပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်အား လျင်မြန်စွာ ပြန်လည်ကုသနိုင်တော့မည် မဟုတ်ပေ။
ခန္ဓာကိုယ်မှာ ဆိုးရွားသော အခြေအနေ၌ ရောက်ရှိနေရုံသာမက သူ၏နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်းရှိ စွမ်းအင်များအားလုံးမှာလည်း ကုန်ခမ်းနေပြီ ဖြစ်သည်။
အရာအားလုံးမှာ စိတ်ကူးကြည့်၍ မရလောက်အောင်ပင် ဆိုးရွားနေလေသည်။ ပုံမှန်လူတစ်ယောက်သာဆိုလျှင် ယခုကဲ့သို့ အခြေအနေမျိုး၌ သတ်သေခြင်းလမ်းကိုပင် ရွေးချယ်သွားလောက်သည်။
ဇူယွမ်မှာ အတော်ပင် မသက်မသာ ခံစားနေရသည်။ အရင်ဆုံး ဒဏ်ရာတွေ သက်သာပြီး စွမ်းအင်တွေပြန်ရအောင် လုပ်မှဖြစ်မယ်...
ကံဆိုးစွာဖြင့် ဇူယွမ်၏ သိုလှောင်အိတ်မှာ အလင်းဝဲဂယက်အတွင်း ပျက်စီးသွားခဲ့ရသည်။ သူသည် အရေးကြီးသော ပစ္စည်းအချို့အား အလျင်အမြန် ပြန်လည်ရယူခဲ့ပါသော်လည်း ခန္ဓာကိုယ်အား ကုသနိုင်မည့် ဆေးဝါးများအား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ဇူယွမ်မှာ ခန္ဓာကိုယ်အား ကြည့်ရှုစစ်ဆေးနေစဉ်မှာပင် ရွက်ဖျင်တဲ အပြင်ဖက်မှ ခြေသံအချို့အား ကြားလိုက်ရသည်။ ထို့နောက် ချစ်စဖွယ် ကလေးမလေးနှင့်အတူ အမျိုးသမီးငယ်တစ်ဦး ဝင်ရောက်လာလေသည်။
မိန်းမငယ်လေးမှာ အဝါရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ ဆံနွယ်များမှာ သေးသွယ်သော ခါးလေးအထိ ဝဲခါနေလျက် ရှိသည်။ ထိုမိန်းမငယ်လေး၏ မျက်နှာသွင်ပြင်မှာလည်း ချွန်ထက်သော မေးဖျားလေးဖြင့် လှပလွန်းပေသည်။ မိန်းမငယ်လေးနှင့် ကလေးမလေးတို့မှာ ရုပ်ရည်ချင်း ဆင်တူသောကြောင့် ညီအမများ ဖြစ်ပေလိမ့်မည်။
မိန်းမငယ်လေးမှာ တဲအတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် ရင့်ကျက်ခြင်းများဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။
ဇူယွမ်မှာ မိန်းမငယ်လေးအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အကြည့်များကို ရုတ်သိမ်းလိုက်သည်။ မိန်းမငယ်လေးသည် အလွန်လှပပါသော်လည်း ယောင်ယောင်နှင့် နှစ်ပေါင်းများစွာ အတူနေထိုင်လာပြီးနောက် ဇူယွမ်သတ်မှတ်ထားသော အလှအပစံချိန်မှာ ကြောက်ခမန်းလိလိ မြင့်မားလာခဲ့သည်။
ဇူယွမ်မှာ မိန်းမငယ်လေး၏ အလှအပထက် သူမပတ်လည်တွင် ဝေ့ဝဲနေသော စွမ်းအင်လှိုင်းများကို ပိုမိုသတိပြုမိသည်။ ထိုမိန်းမငယ်လေးသည် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ပေသည်။
ဇူယွမ်မှာ အံ့အားသင့်သွားမိသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသသည် အမှန်တကယ်ပင် ကောင်းချီးများဖြင့် ပြည့်နှက်နေလေသည်။ ကန်ရွှမ်းကောင်းကင်ဒေသ၌သာဆိုလျှင် သူမသည် အင်အားကြီးကလန်ကြီးများ၌ ထိပ်သီးအဆင့် ရွေးချယ်ခံတစ်ဦးပင် ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုမိန်းမငယ်လေး၏ ကျက်သရေရှိမှုနှင့် အရှိန်အဝါများကြောင့် သူမသည် သာမန်မိန်းကလေးတစ်ဦး မဟုတ်ပဲ အဆင့်အတန်းမြင့်သူတစ်ဦးဖြစ်ကြောင်း သိရှိနိုင်သည်။
ဇူယွမ်၏ တည်ငြိမ်လွန်းလှသော အပြုအမူကြောင့် မိန်းမငယ်လေးမှာ အံ့အားသင့်သွားမိသည်။ သူမ၏ အလှအပအား မည်သူမှ ငြင်းဆန်နိုင်ခြင်းမရှိခဲ့ဖူးသောကြောင့် ဇူယွမ့်အားကြည့်ကာ အထူးအဆန်း ဖြစ်နေရသည်။
သို့သော် မိန်းမငယ်လေးမှာ အိန္ဒြေရှိစွာဖြင့် အိပ်ရာအနီးသို့လာကာ မေးလိုက်သည်။ "နိုးလာပြီလား။"
သူမ၏အသံသည် ကြည်လင်လွန်းလှပြီး သာယာနာပျော်ဖွယ်ကောင်းလှသည်။
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထထိုင်ရန် ပြင်လိုက်ပါသော်လည်း မထိုင်နိုင်ပဲ ရှက်ရွံ့စွာဖြင့်သာ စကားဆိုလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲဆိုတာ နည်းနည်းလောက် မေးလို့ရမလား။"
"လွန်ခဲ့တဲ့ သုံးရက်တုန်းက အကိုကြီးက ကောင်းကင်ပေါ်ကနေ လူတစ်ယောက်ပေါ် ပြုတ်ကျလာတာလေ။" ကလေးမလေးမှ ပြောလိုက်သည်။
ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ တစ်စုံတစ်ယောက်ပေါ် ပြုတ်ကျခဲ့သည်တဲ့လား။ ထို့ကြောင့် ပြုတ်ကျခဲ့စဉ်က ပျော့ပြောင်းသည်ဟု ခံစားမိနေခြင်း ဖြစ်လိမ့်မည်။
မိန်းမငယ်လေးမှာ ကလေးမလေး၏နဖူးအား ခပ်ဖွဖွပုတ်လျက် ထပ်၍စကားမဆိုတော့ရန် တားလိုက်သည်။ ထို့နောက် ဇူယွမ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။ "ကျွန်မနာမည်က ရိချိုးရွှယ်ပါ။ ဒါက ကျွန်မရဲ့ညီမလေး ရိသုန်းအာလို့ခေါ်တယ်။ ကျွန်မတို့က ရိကလန်ကပါ။"
မိန်းမငယ်လေးမှာ စကားပြောနေရင်းဖြင့် ဇူယွမ်၏ မျက်ဝန်းများအား အနီးကပ် ကြည့်ရှုနေလျက် ရှိသည်။
ဇူယွမ်မှာ မည်သည့်အရာကိုမျှ သိရှိဟန်မရှိပဲ မိတ်ဆက်လိုက်သည်။ "ကျွန်တော်က ဇူယွမ်လို့ ခေါ်ပါတယ်။"
ရိချိုးရွှယ်မှာ ဇူယွမ်အား ဆက်လက်ကြည့်ရှုနေလေသည်။
ဇူယွမ်၏ မည်သည်ကိုမှ သိရှိဟန်မတူသော အမူအရာကြောင့် ရိချိုးရွှယ်၏အမူအရာမှာ အနည်းငယ် ပြေပြစ်သွားရသည်။ သူမသည် ဇူယွမ်အား စူးစိုက်ကြည့်ရှုနေရင်းဖြင့် စကားဆိုလိုက်သည်။ "ရှင်က တခြားကောင်းကင်ဒေသကနေ လာခဲ့တာလား။"
ဇူယွမ်မှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်။ ကွမ်းကျန်လဲ့နဲ့ ခရီးသွားနေတုန်း ပြဿနာတစ်ခုဖြစ်လို့ ဒီလိုဖြစ်သွားရတာပါ။"
"ဒါနဲ့ဒါက ဟွမ်းယွမ်ကောင်းကင်ဒေသတော့ ဟုတ်ပါတယ်နော်။"
ရိချိုးရွှယ်မှ ပြုံးကာဖြေကြားလိုက်သည်။ "ဟုတ်ပါတယ်။ ဟွမ်းယွမ်ကောင်းကင်ဒေသပါ။"
ရိချိုးရွှယ်မှာ ဇူယွမ်အား တခြားကောင်းကင်ဒေသမှ လာခဲ့သည်ကို မအံ့သြတော့ပေ။ ထိုသို့မဟုတ်ပါက ကောင်းကင်ပေါ်မှ တစ်စုံတစ်ယောက် ပြုတ်ကျလာမည့်ဖြစ်စဉ်မှာ ရှားပါးလွန်းပေသည်။
"အတိအကျပြောရမယ်ဆိုရင် ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ ထျန်းယွမ်နယ်မြေထဲမှာပါ။ အခုရှင်ရောက်နေတာက ထျန်းယွမ်နယ်မြေရဲ့ ရှောင်ရွှမ်းစီရင်စုပဲ။"
ဇူယွမ်မှာ စိတ်သက်သာရာ ရသွားရသည်။ ကြည့်ရသည်မှာ ကွမ်းကျန်လဲ့နှင့် ခရီးသွားခြင်း အောင်မြင်ခဲ့ပုံ ရသည်။ သူသည် ဟွမ်းယွမ်ကောင်းကင်ဒေသသို့ ရောက်လာခဲ့ရုံသာမက ထျန်းယွမ်နယ်မြေထဲသို့ပင် ရောက်ရှိလာခဲ့သည်။
"မိန်းကလေးတို့က ကျွန်တော့်ကို ကယ်ပေးထားတာလားဟင်။" ဇူယွမ်မှ ရိချိုးရွှယ်တို့အားကြည့်ကာ မေးလိုက်သည်။
သုန်းအာမှ ပြုံးကာပြောလိုက်သည်။ "မဟုတ်ဘူး။ အကိုကြီးကမှ သမီးကို ကယ်ပေးထားတာလေ။"
ဇူယွမ်မှာ နားမလည်နိုင် ဖြစ်သွားရသည်။
ရိချိုးရွှယ်မှ ပြုံးကာဖြေကြားလိုက်သည်။ "ကျွန်မက ရှင့်ကို ကျေးဇူးတင်ရမှာပါ။ လွန်ခဲ့တဲ့ သုံးရက်တုန်းက သုန်းအာ အပြင်ထွက် ကစားနေရင်း မကောင်းတဲ့သူတစ်ယောက်နဲ့ တွေ့တယ်လေ။ အဲ့လူက သုန်းအာကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာ။"
"နောက်တော့ ရှင်က ကောင်းကင်ပေါ်ကနေ အဲ့လူပေါ်ကို ပြုတ်ကျလာတော့တာပဲ။ ရှင့်ကြောင့် အဲ့လူလည်း သေသွားတယ်လေ။ ဒါပေမယ့် ရှင်က ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး သတိလစ်သွားလို့ သုန်းအာက ရှင့်ကိုထမ်းခေါ်လာခဲ့တာ။"
ဇူယွမ်မှာ သေဆုံးသွားရသော လူဆိုးကြီးအတွက် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်ပေးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ်နော်..." ဇူယွမ်မှ သုန်းအာကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။ သူမသာ ခေါ်ဆောင်လာခဲ့ခြင်း မရှိပါက ဇူယွမ်အား မူလသားရဲများမှ စားသောက်သွားလောက်ပြီ ဖြစ်သည်။
ရိသုန်းအာမှာ ပြုံးလိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။ "ရပါတယ် အကိုကြီးရဲ့။ ဒီမှာနေပြီး အနားယူအားဖြည့်နော်။"
ရိသုန်းအာမှာ ဇူယွမ့်အပေါ် အတော်ကျေးဇူးတင်နေဟန် ရှိသည်။ ဇူယွမ်ကြောင့်သာ မဟုတ်ပါက သူမ ပြန်ပေးဆွဲခံရလိမ့်မည်ဖြစ်သည်။ ထို့အပြင်ယင်းလူဆိုးများမှ သူမ၏အမကိုလည်း ခြိမ်းခြောက်နိုင်လောက်ပေသည်။
ရိသုန်းအာမှ သူမ၏လက်သီးလေးများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ပြောလိုက်သည်။ "အကိုကြီး ဖိလိုက်လို့ သေသွားတဲ့ လူဆိုးကြီးကလည်း တကယ်သေသင့်တာပဲဟာ။ ဘာမှမကြောက်နဲ့နော် ကိုကြီး...သမီးတို့ကို မမက ကာကွယ်ပေးလိမ့်မယ်။ ဟုတ်တယ်မလား မမ။"
သူမသည် ရိချိုးရွှယ်အားကြည့်၍ ပြုံးကာပြောလိုက်သည်။
ရိချိုးရွှယ်မှာ သုန်းအာ၏ ဆံစလေးများအား ပွတ်သပ်ပေးလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ဇူယွမ်မှာ သူမ၏ မျက်ဝန်းအတွင်းမှ စိုးရိမ်ပူပန်မှုများအား တွေ့ရှိလိုက်မိသည်။
ဇူယွမ်မှာ ရင်တုန်သွားရသည်။ တစ်ခုခုများ မှားနေလို့လား.....ငါဖိသတ်မိတဲ့လူက ကလန်တစ်ခုခုက အာဏာရှိတဲ့ လူများလား...
ဇူယွမ်မှာ အတွေးစများ တွေးတောမိလိုက်စဉ်မှာပင် တဲအပြင်ဖက်မှ အော်ဟစ်သံတစ်ခုအား ကြားလိုက်ရသည်။
"ရိချိုးရွှယ်....ငါတို့ရဲ့ ချူးသခင်လေးကိုသတ်သွားတဲ့ လူသတ်သမားကို ထုတ်ပေးစမ်း။ ငါတို့ချူးကလန်က ဒီကိစ္စကို ဒီတိုင်းထားလိုက်မယ် မထင်နဲ့။"
ဇူယွမ်မှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ ပြဿနာကလည်း အဲ့လောက်တောင် မြန်မြန်ဖြစ်ရလား....