← Chapters

ချူးကျီ

Vol. 54 Ch. 751

ချူးကျီ

Vol. 54 Ch. 751

အပြင်ဖက်မှ ကြားလိုက်ရသော အသံကြောင့် ရိချိုးရွှယ်မှာ မျက်မှောင်ကျုံ့လိုက်မိသည်။ နေရောင်ခြည်များ ဖြာဆင်းကျနေသောကြောင့် သူမ၏ ကြွေရုပ်ကဲ့သို့ လှပနေသော ပါးပြင်လေးနှင့် ကောင်းခြင်းများဖြင့် ပြည့်စုံသော ဆံကေသာတို့မှာ တောက်ပလင်းလက်နေသကဲ့သို့ ရှိသည်။

သူမသည် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဘာမှစိတ်မပူပဲနဲ့ ဒီမှာပဲ အနားယူနေပါ။"

"ရှင့်ဒဏ်ရာတွေပျောက်သွားမှ ရှင်ဒီကနေ အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားနိုင်မှာ။"

ရိချိုးရွှယ်၏ စကားများသည် ဇူယွမ်အား သတိပေးနေသကဲ့သို့ ရှိသည်။ ထိုသည်မှာ ဇူယွမ်၏ မရှင်းလင်းသော နောက်ခံကြောင့် ဖြစ်နိုင်သည်။

"ကျွန်တော် ဒဏ်ရာတွေ ပျောက်တာနဲ့ ဒီကနေ ထွက်သွားမှာပါ။"

ဇူယွမ်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ရိချိုးရွှယ်မှ သတိပေးစကား ဆိုလာပါသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် စိတ်မဆိုးမိပေ။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအခြေအနေဖြင့် လက်လွတ်စပယ် ထွက်ခွာသွားလျှင် ခံစားရမည်မှာ သူသာဖြစ်သည်။ အထူးသဖြင့် ကလန်တစ်ခု၏ အရေးကြီးသော သခင်လေးအား မရည်ရွယ်ပဲ သတ်ဖြတ်မိခဲ့ခြင်းသည် ဇူယွမ်အတွက် အန္တရာယ်ရှိလှသည်။

ဇူယွမ်သည် ကန်ရွှမ်းကောင်းကင်ဒေသတွင်မဟုတ်ပဲ ဟွမ်းယွမ်ကောင်းကင်ဒေသတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း မိမိကိုယ်ကို ကောင်းစွာသိရှိထားသည်။

ထို့ကြောင့် ကန်ရွှမ်းကလန်အား နောက်ခံတစ်ခုအနေဖြင့် အသုံးပြု၍ မရနိုင်ပေ။ ၎င်းအပြင် အရာရာအား ထိုးထွင်းသိမြင်နေသည်ဟုပင် ထင်မှတ်ရသော ယောင်ယောင်သည်လည်း သူ၏အနားတွင် ရှိမနေတော့ချေ။ ထို့အတွက်ကြောင့် ဤအရပ်ဒေသ၌ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ ကြိုးစားနေထိုင်ရတော့မည် ဖြစ်သည်။

ဇူယွမ်၏ တည်ငြိမ်လှသော တုန့်ပြန်မှုကြောင့် သူမ၏ စကားအဓိပ္ပါယ်အား နားလည်ထားကြောင်း ရိချိုးရွှယ်မှ သိရှိလိုက်ရသည်။ သို့သော် တိုတောင်းလှသော အဖြေစကား တစ်ခွန်းသာ ပြန်လည်ဖြေကြားလာသဖြင့် သူမမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ ရိချိုးရွှယ်မှာ စကားအများကြီး ပြောဆိုမနေတော့ပေ။ ယခုအချိန်၌ ဇူယွမ်၏ နောက်ကြောင်းအား မသိရှိရသည့်အပြင် သူသည် ထူးဆန်းလွန်းစွာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာလျက် သုန်းအာအား ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ဆိုင်ခြင်းများ နောက်ကွယ်တွင် ၎င်းတို့မသိရှိနိုင်သော အရာများစွာ ရှိနေနိုင်ပေသည်။

ထို့ကြောင့်ပင် ရိချိုးရွှယ်မှာ ဇူယွမ်အား စမ်းသပ်စကား ဆိုကြည့်ခဲ့သည်။ အကယ်၍ ဇူယွမ်သာ ထွက်ခွာသွားရန် တွေဝေနေခြင်း သို့မဟုတ် ဆက်လက်နေထိုင်ရန် အကြောင်းပြချက်များပြခြင်းတို့ ပြုလုပ်ခဲ့ပါက အမှန်တကယ် သံသယရှိစရာပင်။

သို့သော် ဇူယွမ်အနေဖြင့် ထူးထူးခြားခြား ပြုမူခြင်းများ မရှိသောကြောင့် ရိချိုးရွှယ်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားရသည်။

ရိချိုးရွှယ်မှာ တစ်ချက်မျှ တွေးတောလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပုလင်းငယ်အားထုတ်ကာ ဇူယွမ့်ထံ ပေးလိုက်သည်။ "ဒါက စွမ်းအင်စုဆောင်းခြင်းဆေးလုံးတွေပဲ။ ရှင့်ရဲ့ ချီစွမ်းအင် ပြန်ပြီးဖြည့်တင်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်။"

"ကျေးဇူးတင်ပါတယ်။"

ဇူယွမ်မှာ အားတုံ့အားနာ ဖြစ်မိပါသော်လည်း မငြင်းဆန်ပဲ လက်ခံရယူလိုက်သည်။ ယခုအချိန်၌ သူ့အား အကူအညီပေးနိုင်မည့် ဆေးဝါးများကို အမှန်တကယ် လိုအပ်နေခြင်း ဖြစ်သည်။ ချီစွမ်းအင်များသာ ပြန်လည်ပြည့်တင်းလာပါက ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကုသရန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ကို ကျင့်ကြံနိုင်လိမ့်မည်ပင်။ ထိုက်ရိသစ်စိမ်းပင်အမှတ်အသားလောက် လျင်မြန်စွာ ကုသနိုင်မည် မဟုတ်သော်လည်း ပြန်လည်ကောင်းမွန်ရန် အချိန်များစွာ ကုန်ဆုံးတော့မည် မဟုတ်ပေ။

"ကျွန်တော် မိန်းကလေးအပေါ် အကြွေးတစ်ခု တင်သွားရပြီ။" ဇူယွမ်မှ လေးနက်စွာ စကားဆိုလိုက်သည်။

ရိချိုးရွှယ်မှာ ဇူယွမ်၏စကားအပေါ် အလေးအနက်ထားခြင်း မရှိပေ။ သူမသည် ကျင့်ကြံခြင်း၌ ပါရမီကောင်းမွန်သူဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူမသည် ဟွမ်းယွမ်ကောင်းကင်ဒေသ၊ ထျန်းယွမ်နယ်မြေ၏ ရှောင်ရွှမ်းစီရင်စုအတွင်းရှိ လူငယ်မျိုးဆက်များအကြား ထိပ်သီးနေရာတွင် ရပ်တည်နေနိုင်သူ ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်၏ကျင့်ကြံခြင်းနှင့်ပက်သတ်၍ များစွာမျှော်လင့်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်သည် အခြားသော ကောင်းကင်ဒေသမှ လာရောက်ခဲ့သူ ဖြစ်သောကြောင့်ပင်။

ဟွမ်းယွမ်ကောင်းကင်ဒေသသည် တော်ဝင်နန်းတော်၏ ပိုင်နက်မဟုတ်သော ကောင်းကင်ဒေသ ငါးခုအနက် အကောင်းမွန်ဆုံး ဖြစ်သည်။ ထို့ကြောင့် ဟွမ်းယွမ်ကောင်းကင်ဒေသ၌ မွေးဖွားနေထိုင်လာသူ တစ်ဦးအနေဖြင့် ရိချိုးရွှယ်မှာ အခြားကောင်းကင်ဒေသမှလူများနှင့် တွေ့ဆုံသောအခါတွင် ထိုသူများအပေါ် အထင်အမြင်သေးလေ့ရှိသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသမှ လူအများစု၏ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ထိုကဲ့သို့ပင် ဖြစ်သည်။

ကန်ရွှမ်းကောင်းကင်ဒေသ၌ ရှန်ဇူတိုက်ကြီးမှ လူများသည် အခြားတိုက်ငယ်လေးများမှ လူများအပေါ် အထင်အမြင်သေးကြသည့် အဖြစ်မျိုးနှင့် ဆင်တူလေသည်။

ရိချိုးရွှယ်မှာ မည်သည့်စကားမှမဆိုပဲ ရွက်ဖျင်တဲ အတွင်းမှ ထွက်ခွာသွားသည်။

ရိသုန်းအာမှာ ဇူယွမ်အားကြည့်လျက် ပြုံးကာပြောလိုက်သည်။ "အကိုကြီး....ဘာမှစိတ်မပူပဲနဲ့ ဒီမှာသေချာအနားယူနော်။"

ဇူယွမ်မှာ ထိုကလေးမလေးအား ညင်သာစွာ ပြုံးပြလိုက်သည်။ ကလေးမလေးသည် အမှန်တကယ်ပင် ရိုးသားဖြူစင်လွန်းလှသည်။ သူမသည် ရိချိုးရွှယ်ကဲ့သို့ ကိစ္စများစွာ မတွေးတက်သေးပဲ ဇူယွမ်အား ၎င်း၏အသက်သခင် ကျေးဇူးရှင်အဖြစ် ယူဆထားလေသည်။

ဇူယွမ်၏အမြင်တွင်မူ ထိုကလေးမကသာ သူ၏အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။

ညီအစ်မနှစ်ဦး တဲအတွင်းမှ ထွက်ခွာသွားကြပြီးနောက် ဇူယွမ်မှာ ဆူညံသံအချို့အား ကြားလိုက်ရသည်။

သူသည် အနည်းငယ်မျှ တွေဝေနေပြီးနောက် ခက်ခက်ခဲခဲ ထထိုင်ကာ ရွက်ဖျင်တဲ၏ ထောင့်နေရာအား ခပ်သေးသေး မ,တင်လိုက်သည်။

ဇူယွမ်မှာ ယခုရောက်ရှိနေသော အရပ်ဒေသအား သိရှိမြင်တွေ့လိုစိတ် ပြင်းပြနေပေသည်။

ရွက်ဖျင်တဲအပြင်ဖက်သည် အခြေချထားသော စခန်းတစ်ခု ဖြစ်သည်။

ဇူယွမ်အနားယူနေသော ရွက်ဖျင်တဲအနီး၌ လူများစွာမှ ဝန်းရံထားလျက် ရှိသည်။

ရိချိုးရွှယ်၏ လှပသော မျက်ဝန်းများမှာ နေရောင်အောက်၌ ပို၍တောက်ပရွှန်းစိုနေသည်။ သူမသည် တစ်ဖက်ရှိ လူအုပ်စုအား ဦးဆောင်ထားသော သက်လတ်ပိုင်းအရွယ် လူငယ်တစ်ဦးအားကြည့်ကာ ပြောလိုက်သည်။

"ချူးကျီ...ဒီကိုဘာလာလုပ်တာလဲ..."

သက်လတ်ပိုင်းအရွယ် ချူးကျီဆိုသူမှ ဒေါသထွက်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။ "မိန်းကလေးရိ....ကျုပ်တို့ရဲ့ သခင်လေးက ဒီမှာသေသွားရတာ။ အဲ့ဒါကို မင်းတို့က ဘာဖြေရှင်းချက်မှ မပေးတဲ့အပြင် ကျုပ်တို့ဒီကိုဘာလာလုပ်တာလဲဆိုပြီး မေးနေသေးတာလား။"

ရိချိုးရွှယ်မှ မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။ "ချုးယန် ဒီကိုဘာလာလုပ်တာလဲဆိုတာ ကျွန်မ မသိဘူးထင်လို့လား။ သူက သုန်းအာကို ပြန်ပေးဆွဲပြီး ကျွန်မကို ခြိမ်းခြောက်ဖို့ လုပ်နေတာလေ။ မဟုတ်လို့လား။"

ချူးကျီမှ ပေါက်ကွဲသွားရသည်။ "ရိချိုးရွှယ်....မင်းအဖေက မင်းကို အုပ်စိုးသူနေရာ ပေးခဲ့တာနဲ့ပဲ မင်းက ရှောင်ရွှမ်းစီရင်စုရဲ့ အစစ်အမှန် အုပ်စိုးသူသခင်မ ဖြစ်ပြီထင်နေတာလား။ မင်းဘာမင်း အုပ်စိုးသူသခင်မ မကလို့ ဘာပဲဖြစ်နေပါစေ ငါတို့သခင်လေးက မင်းတို့လက်ထဲ သေသွားရတာ။ ငါတို့ချူးမိသားစုက ဒီပြဿနာကို ဒီတိုင်းထားလိုက်မယ် ထင်မနေနဲ့။"

"ငါတို့သခင်လေးကို သတ်သွားတဲ့ကောင်ကို အခုချက်ချင်း ပေးစမ်း..."

ချူးကျီမှ အော်ဟစ်လိုက်သည်နှင့်အတူ သူ၏နောက်မှ စစ်သည်များလည်း အရှေ့သို့ တိုးလာလေသည်။ ၎င်းတို့ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ကွမ်းဟွမ်ရောင်လျှံဝန်းများ ဖြစ်တည်လာကြသည်။

"ဘယ်သူလုပ်ရဲလဲ..."

ရိချိုးရွှယ်မှ မျက်ခုံးပင့်ကာ မေးလိုက်သည်။

ဝှစ်...ဝှစ်...

ရိချိုးရွှယ်နောက်သို့ များစွာသော ပုံရိပ်များမှ တစ္ဆေများသဖွယ် လျင်မြန်စွာ ရောက်ရှိလာကြသည်။ ယင်းတို့ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အလွန်ကြမ်းတမ်းခက်ထန်လွန်းလှပြီး အများစုမှာ နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိပြီးကြသူများ ဖြစ်သည်။

အခြေအနေမှာ အတော်ပင် ခက်ထန်နေလေပြီ။

ချူးကျီ၏ အမူအရာမှာ ခက်ထန်နေရသည်။ သခင်လေး ချူးယန်သည် မကောင်းသော အကြံများကိုထုတ်ကာ ရိသုန်းအာအား ပြန်ပေးဆွဲရန် လုပ်ဆောင်ခဲ့ကြောင်း ချူးကျီမှ ကောင်းစွာသိရှိထားသည်။ သို့သော် ထိုအဖြစ်အပျက် အောင်မြင်ခံနီးမှာပင် ကောင်းကင်ထက်မှ အမည်မသိ လူတစ်ဦး ပြုတ်ကျလာကာ သခင်လေးအား သေစေခဲ့သည်။

အဆုံးသတ်တွင်မူ ရိသုန်းအာအား ပြန်ပေးဆွဲမည့် အကြံအစည်မှာ ပေါက်ကြားသွားပြီး ရိချိုးရွှယ်၏ ဒေါသကို ဆွမိသကဲ့သို့ ဖြစ်သွားရသည်။

အကယ်၍ သည်သတင်းသာ ရွှမ်ကျိုးမြို့တော်ထံ ပျံ့နှံ့သွားပါက ချူးမိသားစု သခင်ကြီး၏ အမျက်ဒေါသမှာ ချူးကျီပေါ်သို့ ကျရောက်လာလိမ့်မည်ပင်။

"ရိချိုးရွှယ်...မင်းက သိတောင်မသိတဲ့ လူတစ်ယောက်အတွက်နဲ့ ငါတို့ချူးမိသားစုရဲ့ ဂုဏ်သိက္ခာကိုတောင် မငဲ့တော့ဘူးလား။ အခုချိန်မှာ မင်းက ရှောင်ရွှမ်းစီရင်စုရဲ့ အုပ်စိုးသူသခင်မ မဖြစ်သေးဘူးနော်။" ချူးကျီမှ မထီမဲ့မြင် ပြောလိုက်သည်။

"တကယ်လို့ သခင်လေးကို သေစေခဲ့တဲ့သူကို ငါ့လက်ထဲ အပ်မယ်ဆိုရင်တော့ ငါသေချာလေး သတင်းပို့ပေးလို့ရတယ်။ ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိမှာပဲလေ။ မဟုတ်ဘူးလား။ ရွှမ်ကျိုးမြို့တော်ကိုသွားဖို့က အလှမ်းဝေးတယ်နော်။ လမ်းမှာတစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။"

ချူးကျီ၏ စကားလုံးများ၌ ခြိမ်းခြောက်သော အရိပ်အယောင်များ ပါဝင်နေသည်။

သို့သော် ရိချိုးရွှယ်မှာ အလေးပင်မထားဟန်ဖြင့် အေးစက်စွာ စကားဆိုလိုက်သည်။ "ရှင့်လူတွေကို ခေါ်ပြီး မြန်မြန်သာထွက်သွား။ ကျွန်မ ရွှမ်ကျိုးမြို့တော်ကို ရောက်တဲ့အခါကြမှ ချူးမိသားစုက တွေ့ချင်တယ်ဆိုရင် လာတွေ့လို့ရတယ်။"

ချူးကျီမှာ မြွေပွေးတစ်ကောင်အလား ရိချိုးရွှယ်နောက်မှ ရွက်ဖျင်တဲအား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာပြုံးလျက် ပြန်လည်ထွက်ခွာသွားသည်။

ချူးကျီတို့အုပ်စု ထွက်ခွာသွားသည်နှင့်အတူ ပတ်ဝန်းကျင်ရှိ တင်းမာမှုများလည်း လျော့ကျသွားလေသည်။

ရွက်ဖျင်တဲအတွင်း၌

ဇူယွမ်မှာ မျက်မှောင်ကျုံ့ရင်းဖြင့် အိပ်ရာဆီသို့ ပြန်လည်လျှောက်လှမ်းလာလိုက်သည်။

ကြည့်ရသည်မှာ ဟွမ်းယွမ်ကောင်းကင်ဒေသသို့ ရောက်လျှင်ရောက်ချင်း ရန်သူများအား ဖန်တီးမိခဲ့ပုံရသည်။

ရှောင်ရွှမ်းစီရင်စု၏ အစစ်အမှန် နယ်မြေအရှင်သခင်မှာ မည်သူနည်း။

ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် မျက်ဝန်းများကိုပိတ်လျက် ရိချိုးရွှယ် ပေးအပ်ခဲ့သော ကျောက်စိမ်းပုလင်းငယ်အား ဆုပ်ကိုင်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ အရေးအကြီးဆုံးမှာ အားအင်များ ပြန်လည်ဖြည့်တင်းရန်ပင် ဖြစ်လေတော့သတည်း....

All Chapters