← Chapters

ကိုယ်ရံတော်

Vol. 54 Ch. 752

ကိုယ်ရံတော်

Vol. 54 Ch. 752

နေပြောက်မထိုးပဲ ရွှံ့နွံထူထပ်နေသော တောအုပ်တစ်နေရာ၌

ချူးကျီမှာ သစ်ပင်တစ်ပင်အောက်တွင် ခြေချိတ်ထိုင်လျက် အဝေးမှ အခြေချစခန်းတစ်ခုအားကြည့်ကာ အမူအရာများ ခက်ထန်နေသည်။

"ခေါင်းဆောင်ချူ....ကျွန်တော်တို့ အခုဘယ်လိုလုပ်ကြမလဲ။ ရိချိုးရွှယ်က သူတို့စခန်းနား နောက်တစ်ခါ အကပ်ခံတော့မှာ မဟုတ်လောက်ဘူး။" တစ်စုံတစ်ယောက်မှ ချူးကျီနားကပ်၍ ပြောလိုက်သည်။

"ပိုပြီးအရေးကြီးတာက သခင်လေး ဆုံးသွားတဲ့ကိစ္စပဲ။ သခင်ကြီးကို ရှင်းပြဖို့ မလွယ်လောက်ဘူး။"

ချူးကျီမှာ မျက်မှောင်ကျုံ့လိုက်မိသည်။ ၎င်းတို့၏ အကြံအစည်သည် ယခုကဲ့သို့ အခြေအနေမျိုးဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ရိချိုးရွှယ်အား လိုအပ်သလို ထိန်းချုပ်နိုင်ရန် ရိသုန်းအာကို ပြန်ပေးဆွဲမည့် အစီအစဉ်အား ခေါင်းခြောက်အောင် တွေးတောလုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

ကံဆိုးစွာဖြင့် ကောင်းကင်ထက်မှ ပြုတ်ကျလာသော အမည်မသိ လူတစ်ဦးကြောင့် အရာအားလုံး ပျက်သုန်းသွားခဲ့ရလေသည်။

ပို၍ဆိုးသည်မှာ ထိုလူကြောင့် သခင်လေး ချုးယန် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ချူးယန်သည် ကျင့်ကြံခြင်းအရာ၌ လွန်စွာမထူးချွန်ပါသော်လည်း မူလစဦး နဝမအဆင့်သို့ ရောက်ရှိထား၏။ ယခုတွင်မူ အဓိပ္ပါယ် ကင်းမဲ့လွန်းသော သေဆုံးခြင်းဖြင့် လောကကြီးအား နှုတ်ဆက်သွားခဲ့ရသည်။

"ရိချိုးရွှယ်ကို ရွှမ်ကျိုးမြို့တော်ဆီ အန္တရာယ်ကင်းကင်းနဲ့ ပေးသွားလို့မဖြစ်ဘူး။" ချူးကျီမှ အေးစက်စွာ ပြောလိုက်သည်။

"သခင်ကြီးက ရွှမ်ကျိုးမြို့တော်မှာရှိတဲ့ ရိမိသားစုက အဆင့်မြင့်ကျင့်ကြံသူတွေကို အင်အားအများကြီးသုံးပြီး စောင့်ကြည့်နေတာ။ ဒါငါတို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ဒီတစ်ကြိမ် ငါတို့လွတ်သွားလို့ ရိချိုးရွှယ်သာ မြို့တော်ကို ရောက်သွားရင် သူမရဲ့ အကာအကွယ်အင်အားက အများကြီး ပိုကြီးသွားလိမ့်မယ်။"

"အဲ့လိုဖြစ်သွားခဲ့ရင် ငါတို့ချူးကလန်ရဲ့ အုပ်စိုးသူလုပ်မယ့် အကြံအစည်တွေအားလုံး ဒုက္ခရောက်သွားလိမ့်မယ်။"

"ဒါပေမယ့် အခုလည်း ရိချိုးရွှယ်ရဲ့ အကာအကွယ်တွေက မနည်းဘူး။ ပြီးတော့ သူမက အစွမ်းထက်လွန်းတယ်။ ရွှမ်ကျိုးမြို့တော်ဆီမသွားခင် ခရီးအကြောင်း တမင်သက်သက်ကို သတင်းလွှင့်ထားဦးမှာပဲ။ ဘာလို့လဲဆိုတော့ တခြားမိသားစုက သခင်လေးတွေက သူမလာမှာကို မျှော်နေကြမှာလေ။"

"သူမရဲ့အင်အားနဲ့ဆိုရင် ကျွန်တော်တို့ တစ်ဖွဲ့တည်းနဲ့ လောက်မှာမဟုတ်ဘူး။" ချူးကျီးဘေးတွင် ရှိနေသူမှ ပြောလိုက်သည်။

ချူးကျီမှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "ငါတို့ချူးကလန်က ရှောင်ရွှမ်းစီရင်စုထဲမှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီကွာ။ ရိမိသားစုက ဘယ်ယှဉ်လို့ရမှာလဲ။"

သူသည် မထီမဲ့မြင်ပြုစွာဖြင့် အဝေးမှ အခြေချစခန်းအား လှမ်း၍ကြည့်ရှုလိုက်သည်။

"ရိမိသားစုရဲ့ ခေါင်းဆောင်တောင် ရှောင်ရွှမ်းစီရင်စုထဲမှာ သေသွားရတာလေ။ ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတစ်ယောက်က ဘာများလုပ်နိုင်မှာတဲ့လဲ။"

"ပြီးတော့ ငါတို့သခင်လေးကို သေစေခဲ့တဲ့ကောင်....အဲ့ကောင် ငါ့လက်ထဲ ရောက်လာတာနဲ့ သေတာထက်ဆိုးအောင် လုပ်ပြမယ်။"

..........

ဒုန်း....ဒုန်း.....

သပ်ရပ်စွာဖောက်ထားသော လမ်းမထက်ပေါ်တွင် ချီစွမ်းအင်များ ထွက်ပေါ်နေလျက်ရှိသော မြင်းသားရဲများမှ ကြီးမားလှသော ရထားလုံးတစ်ခုအား ကဆုန်ပေါက် ပြေးဆွဲလာလျက် ရှိသည်။ ၎င်းတို့၏အရှိန်မှာ အလွန်လျင်မြန်နေပြီး အနီးကပ် ကြည့်ရှုမည်ဆိုပါက ရထားလုံးမှာ ပျံဝဲနေသကဲ့သို့ မြေပြင်နှင့်ပင် ထိတွေ့မနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။

ဇူယွမ်မှာ မျက်ဝန်းများကို ပိတ်ထားလျက် ရထားလုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။ သူသည် ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ကျင့်ကြံနေခြင်းပင်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဆူပွက်လာပြီး ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်နေသည့် နေရာများထံ စီးဆင်းသွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားစေသည်။

ကောင်းကင်နှင့်မြေကြီးအကြားရှိ ချီစွမ်းအင်များမှာလည်း အဖြူရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲကာ ဇူယွမ်၏နှာခေါင်းမှတဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျံ့နှံ့သွားသည်။

ဤသို့ဖြင့် အချိန်တစ်နာရီမျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသည်။

သူ၏မျက်ဝန်းများမှာ ရတနာတစ်ခုကဲ့သို့ တလက်လက် လင်းလက်တောက်ပနေသည်။ မျက်စိတမှိတ်စာမျှအကြာတွင် ထိုအလင်းရောင်များ ပျောက်ကွယ်သွားကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ဇူယွမ်မှာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးနေအောင် ပြုံးလိုက်သည်။

ရက်အနည်းငယ်မျှ ကျင့်ကြံပြီးနောက်တွင် သူ၏ဒဏ်ရာအများစုမှာ ပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး ချီပင်လယ်မှာလည်း စတင်၍ တောက်ပလာပြီ ဖြစ်သည်။ ထိုသည်မှာ ချီစွမ်းအင်များ ပြန်လည်စီးဆင်းလည်ပတ်လာသည့် လက္ခဏာပင်။

ယခုအချိန်ထိ အပြည့်အဝ ကောင်းမွန်လာခြင်း မရှိသေးပါသော်လည်း နတ်ဘုံခန်းဝါ အခြေတည်အဆင့် ရန်သူများနှင့် တွေ့ဆုံလာပါက မိမိကိုယ်ကို ကာကွယ်နိုင်ပြီ ဖြစ်သည်။

သို့သော် ယခုအကြိမ် ရရှိခဲ့သော ထိခိုက်မှုများမှာ လွန်စွာပြင်းထန်လွန်းလှသည်။ ဇူယွမ်မှာ စိတ်ဝိဉာဉ်အစွမ်းဖြင့် ကြည့်ရှုလိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် အရိုးများအားလုံး ကျိုးပဲ့ပျက်စီးသွားသည့် အခြေအနေသို့ပင် ရောက်ရှိနေကြောင်း သိရှိလိုက်ရသည်။ ထို့ကြောင့် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ဖြင့် ကုသနေပါသော်လည်း ပြန်လည်ကောင်းမွန်သည့်နှုန်းမှာ ယခင်ကထက် အဆပေါင်းများစွာ နှေးကွေးနေရလေသည်။

ဇူယွမ်မှာ ထိုက်ရိသစ်စိမ်းပင်အမှတ်အသား၏ အံ့အားသင့်စရာကောင်းသော စွမ်းအင်များကို ယခုမှ ပိုမိုနားလည်လာရသည်။ ထိုက်ရိသစ်စိမ်းပင်အမှတ်အသား၏ စွမ်းအင်များသာ ကျန်ရှိနေသေးပါက ထိခိုက်မှုများအား ပိုမိုလျင်မြန်စွာ ကုသနိုင်လိမ့်မည်ပင်။

"ရှေးဟောင်းသစ်သားအဆီအနှစ်တွေရရင် တော်တော်ကောင်းမှာပဲ။" ဇူယွမ်မှ ခေါင်းကိုကုတ်ကာ ရေရွတ်လိုက်သည်။ ရှေးဟောင်းသစ်သားအဆီအနှစ်များသာ ရရှိခဲ့ပါက ထိုက်ရိသစ်စိမ်းပင်အမှတ်အသား စွမ်းအင်များကို ပြန်လည်ပြုလုပ်နိုင်မည်ပင် ဖြစ်သည်။

ကံဆိုးစွာဖြင့် သူ၏သိုလှောင်အိတ်အတွင်း သိမ်းဆည်းထားသော အရာအတော်များများသည် ကွမ်းကျန်လဲ့ဖြင့် ခရီးသွားနေစဉ် ပျက်စီးသွားခဲ့ရသည်။

ခက်ခက်ခဲခဲ ရယူထားရသည့် နတ်ဘုံခန်းဝါ ဆေးလုံးများပါ ပါသွားခဲ့သည်။ ထိုကျင့်ကြံခြင်းရင်းမြစ်များမှာ နတ်ဘုံခန်းဝါ အဆင့်အတွက် မဖြစ်မနေ လိုအပ်သည်ဟု ဆိုရလောက်သော ဆေးဝါးများ ဖြစ်သည်။

ဇူယွမ်မှာ ထိုဆုံးရှုံးမှုများအတွက် ယခုထက်တိုင် မကျေမချမ်း ဖြစ်နေရသည်။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ရထားလုံး နှေးကွေးသွားသည်ကို သတိပြုလိုက်မိသည်။ သူသည် မှောင်ရိပ်သန်းလာသော ကောင်းကင်အား ကြည့်ရှုလိုက်ပြီးနောက် ယနေ့ညအတွက် ဤနေရာတွင်သာ စခန်းချလိမ့်မည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။

.........

အချိန်တိုအတွင်း၌ပင် တောအုပ်အတွင်း အခြေချစခန်းတစ်ခု ဖြစ်တည်သွားသည်။ တောက်ပစွာ လောင်ကျွမ်းနေသော မီးပုံများအကြား အခြေချစခန်းမှာလည်း အသက်ဝင်လာသည်။

အခြေချစခန်း၏အလယ်၌ အဝါရောင်ဖျော့ဖျော့ ဝတ်ဆင်ထားသော ရိချိုးရွှယ်မှာ မီးပုံတစ်ခုဘေးတွင် မတ်တပ်ရပ်နေလျက် ရှိသည်။ သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်မှာ လွန်စွာကျက်သရေရှိလှပြီး မီးရောင်အောက်တွင် ဖြူဖွေးသော ပါးနုနုလေးများမှာ နှင်းဆီရောင်သမ်းနေလေသည်။

သူမ၏နောက်တွင်မူ ရီမောကာ စကားဖောင်ဖွဲ့နေကြသော အုပ်စုတစ်ခု ရှိသည်။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုများနှင့် သွင်ပြင်နေထားများကို ကြည့်ရုံမျှဖြင့်ပင် အရေးပါသူများဖြစ်ကြောင်း သိရှိနိုင်သည်။

ထိုသူများမှာ အချင်းချင်း စကားစမြည် ပြောဆိုနေကြပါသော်လည်း အကြည့်များမှာ ရိချိုးရွှယ်ထံ၌သာ ရှိကြသည်။ ပြောရမည်ဆိုလျှင် ရိချိုးရွှယ်အား အားလုံးမှ အာရုံစိုက်နေကြခြင်း ဖြစ်သည်။

"ချိုးရွှယ်....အခုထိ စိုးရိမ်နေတုန်းလား။" ငယ်ရွယ်ခန့်ညားသော လူငယ်တစ်ဦးမှ ပြုံးကာပြောလိုက်သည်။ ထို့နောက် အနည်းငယ် တွေဝေနေဟန်ဖြင့် ဆက်လက်စကားဆိုလိုက်သည်။ "ချိုးရွှယ်....မင်းချူးမိသားစုကို အထင်လွဲနေတာ မဟုတ်ဘူးလား။ သူတို့က သုန်းအာကို ပြန်ပေးဆွဲစရာ အကြောင်းမရှိဘူးလေ။"

"မင်းချူးကျီနဲ့ နည်းနည်းလောက် ဆွေးနွေးကြည့်သင့်တယ်။ ချုးယန် သေသွားရတာက တော်တော်ထူးဆန်းသလို ဖြစ်နေတယ်လေ။ မင်းနည်းနည်းပါးပါး မဆွေးနွေးပေးဘူးဆိုရင် ချူးကျီက တော်တော်အပြစ်တင်ခံနေရမှာ။"

အခြားသူများမှာလည်း ထိုလူငယ်လေး၏ စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ရိမိသားစုသည် ရှောင်ရွှမ်းစီရင်စုအတွင်း နောက်ခံအင်အားအချို့ ရှိထားပါသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ချူးမိသားစုနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့မှာ ရိချိုးရွှယ်နှင့် ချူးမိသားစုအကြား မည်သည့်ကတောက်ကမှ မဖြစ်စေလိုကြချေ။ ထိုသို့မဟုတ်ပါက နှစ်ဖက်လုံးအတွက် ပြဿနာများသာ ပိုမိုရှုပ်ထွေးလာမည် ဖြစ်သည်။

ရိချိုးရွှယ်မှ မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "အဲ့ကိစ္စကို ကျွန်မသေချာ စစ်ဆေးပြီးပါပြီ။ အကိုတော် မုချောင် ဘာမှထပ်ပြောစရာ မလိုတော့ပါဘူး။"

မုချောင်ဟု အမည်ရသော လူငယ်လေးမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ချိုးရွှယ်...ကိုယ့်အမြင်မှာတော့ တခြားကောင်းကင်ဒေသကလာတဲ့ ကောင်လေးကို ချူးမိသားစုဆီ ပေးလိုက်သင့်တယ်။ သူတို့ငါတို့ကိုသာ မနှောင့်ယှက်တော့ဘူးဆိုရင် ရွှမ်ကျိုးမြို့တော်ဆီ အေးအေးဆေးဆေး သွားလို့ရတာပေါ့။"

"ဘယ်ကလာမှန်းမသိတဲ့ လူတစ်ယောက်ကြောင့်နဲ့ ချူးမိသားစုရဲ့ဒေါသကို ဆွစရာမလိုဘူးမလား။"

လူငယ်အများစုမှ မုချောင်အား ထောက်ခံလိုက်ကြသည်။ ၎င်းတို့မှာ ရိချိုးရွှယ်၏ ပြောပြချက်အရ အခြားသော ကောင်းကင်ဒေသမှ ပြုတ်ကျလာသော လူငယ်တစ်ဦးကြောင့် ချင်းယန် သေဆုံးသွားရခြင်းဖြစ်ကြောင်း သိရှိထားကြသည်။

ပို၍အရေးကြီးသည်မှာ ရိချိုးရွှယ်သည် ထိုသူစိမ်းလူငယ်အပေါ် ကောင်းစွာဂရုစိုက်ပေးနေသဖြင့် ၎င်းတို့အားလုံး မပျော်မရွှင် ဖြစ်ကုန်ကြရသည်။ ယင်းတို့အမြင်တွင်မူ အခြားကောင်းကင်ဒေသမှ ရောက်ရှိလာသူသည် လမ်းဘေးမှ တောသားသာသာအဆင့်သာ ဖြစ်သည်။

ထို့ကြောင့် ၎င်းလူငယ်အား ချူးကျီထံ အပ်နှံလိုက်ခြင်းမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"အဲ့လိုလုပ်လို့ ဘယ်ရမလဲ။ အကိုကြီးဇူယွမ်က သမီးကို ကယ်ထားတဲ့ဥစ္စာ..." ရိသုန်းအာမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မုချောင်မှ ပြုံးကာပြောလိုက်သည်။ "သူက ညီမလေးကို မကယ်ခဲ့ပါဘူး။ ညီမလေးကသာ သူ့ကိုကယ်ခဲ့တာ။ သုန်းအာသာ သူ့ကိုခေါ်မလာခဲ့ရင် တောထဲမှာ သေနေလောက်ပြီ။"

ရိသုန်းအာမှာ နှုတ်ခမ်းအစုံ ထော်ထွက်လာရကာ အလွန်ဒေါသထွက်သွားဟန် ရှိသည်။

ရိချိုးရွှယ်မှာ သုန်းအား၏ ဆံဖျားလေးများအား ပွတ်သပ်ကာ ချော့မြူလိုက်ပြီးနောက် မုချောင်အားကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အကိုတော် မုချောင်။ ဒါပေမယ့် ကျွန်မတို့ ရိမိသားစုက ကျေးဇူးတရားနဲ့ အမုန်းတရားကို ကွဲကွဲပြားပြား နားလည်ပါတယ်။ အဲ့ဒါကြောင့် ရှင်ပြောသလို ကျွန်မ မလုပ်နိုင်ဘူး။"

"ပြီးတော့ ချူးကျီကလည်း ကျွန်မကို တစ်ခုခုဖြစ်အောင် လုပ်နိုင်မယ့်သူ မဟုတ်ဘူး။"

မုချောင်မှ ပုခုံးတွန့်ကာ ပြောလိုက်သည်။ "ဒါပေါ့ ချိုးရွှယ်....မင်းက နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုတောင် ဖွင့်ထားနိုင်တဲ့သူပဲ။ ရှောင်ရွှမ်းစီရင်စုလောက်ကို မပြောနဲ့။ ထျန်းယွမ်နယ်မြေမှာတောင် မင်းရဲ့ကျော်ကြားမှုက အံ့မခမ်းပဲ။"

"မင်းနတ်ဘုံခန်းဝါ မဟာအဆင့်ကို တက်တဲ့အချိန်ကြရင် ဟွမ်းယွမ်ကောင်းကင်ဒေသမှာတောင် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတွေထဲ ထိပ်သီးတစ်ယောက် ဖြစ်လာနိုင်တယ်။"

ရိချိုးရွှယ်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် မီးပုံအားကြည့်ကာ ပြောလိုက်သည်။ "အဲ့အဆင့်တွေကို ပြောမနေပါနဲ့တော့။ အဲ့ဒါတွေက ကြောက်ဖို့ကောင်းလောက်အောင် အစွမ်းထက်တဲ့သူတွေအတွက်ပဲ။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုလောက် ဖွင့်နိုင်တဲ့သူတွေက ဟွမ်းယွမ်ကောင်းကင်ဒေသမှာ ပေါပါတယ်။"

ရိချိုးရွှယ်၏ မျက်ဝန်းများမှာ တစ်စုံတစ်ယောက်အား တွေ့မြင်လိုက်ရဟန် ရှိသည်။

မုချောင်နှင့် အခြားသူများမှ လှည့်ကြည့်လိုက်သောအခါတွင် ဇူယွမ်အား မြင်တွေ့လိုက်ရသည်။

မုချောင်မှာ မျက်မှောင်ကျုံ့သွားရသည်။ ဇူယွမ်သည် အချိန်မည်မျှကြာအောင် ထိုနေရာ၌ ရှိနေသည်မသိပေ။ သူပြောသမျှ ကြားသွားသည်လည်း ဖြစ်နိုင်ပေသည်။ သို့သော် မုချောင်မှာ အလေးပင်မထားဟန်ဖြင့် ခပ်ဖွဖွပြုံးလိုက်သည်။

အင်အားရော နောက်ခံပါ မရှိသည့် လူငယ်တစ်ဦးအား အရေးစိုက်စရာ မလိုအပ်ပေ။

မုချောင်သာ အလိုရှိပါက ထိုဇူယွမ်ဟူသော လူငယ်အား တစ်ချက်တည်းဖြင့်ပင် သတ်ပစ်နိုင်သည်။

"ဇူယွမ်...ရှင်ဘာလို့ ထွက်လာတာလဲ။ ရှင့်ရဲ့ဒဏ်ရာတွေရော အခြေအနေ ဘယ်လိုရှိလဲ။" ရိချိုးရွှယ်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။

"အဆင်ပြေပါတယ်။"

ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ သူသည် ရိချိုးရွှယ်နောက်မှ လူစုအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ အစောပိုင်းတွင် ပြောဆိုနေသော စကားများအား ကြားခဲ့ရပါသော်လည်း အနည်းငယ်မျှပင် ဒေါသမဖြစ်မိပေ။

မုချောင်မှာမူ ဇူယွမ်သည် အမျက်ဒေါသများအား မြိုချနေရသည်ဟု တစ်ထစ်ချ ယူဆလိုက်သည်။

ရိချိုးရွှယ်မျှ မလှပပါသော်လည်း ချောမောသော မိန်းမငယ်လေးများစွာမှာ ဇူယွမ်အား လေ့လာလိုဟန်ဖြင့် ခေါင်းအစခြေအဆုံး လိုက်လံကြည့်ရှုနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ချူးယန်အား သေဆုံးစေခဲ့သူ ဖြစ်သည်။ ထိုသတင်းသည် ရှောင်ရွှမ်းစီရင်စုတခွင် အချိန်တိုအတွင်း ပျံ့နှံ့သွားတေ့မည်ပင် မဟုတ်ပါလော။

ဇူယွမ်မှာ အလွန်ခန့်ညားလွန်းလှပါသော်လည်း မည်သည့်ထူးခြားမှုမှ မရှိသောကြောင့် မိန်းမငယ် အများစုမှာ စိတ်ပျက်သွားရသည်။

ရိချိုးရွှယ်မှာ လူတိုင်းမှ ဇူယွမ်အား ကြည့်ရှုနေကြသောကြောင့် စိတ်မသက်မသာ ဖြစ်သွားရဟန်ဖြင့် မီးပုံအနားတွင် ရှိနေသော အသားချောင်းများအား ညွှန်ပြကာ ပြောလိုက်သည်။ "ရှင်ဗိုက်ဆာနေပြီလား။ သူတို့ကို ကျွန်မ ပြင်ဆင်ခိုင်းလိုက်မယ်။"

ဇူယွမ်မှ ခေါင်းခါပြကာ ပြုံး၍မေးလိုက်သည်။ "ရိမိန်းကလေး....ကျွန်တော်တို့ ရွှမ်ကျိုးမြို့တော်ကို သွားမယ့်လမ်းမှာ ချူးမိသားစုက ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတွေဘာတွေကိုလွှတ်ပြီး အနှောင့်အယှက် ပေးနိုင်လား။"

ရိချိုးရွှယ်မှာ ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားရပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ကောင်းကင်ဘုံနေမင်းအဆင့် ရှိတဲ့သူတွေက ချူးမိသားစုရဲ့ အကြီးအကဲတွေပဲ။ သူတို့က ရွှမ်ကျိုးမြို့တော်ကနေထွက်လာဖို့ မလွယ်လောက်ဘူး။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ။" ရိချိုးရွှယ်မှ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ဇူယွမ်မှာ မီးရောင်အောက်တွင် နှင်းဆီရောင်ဖြာနေသော ရိချိုးရွှယ်အား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "တကယ်လို့ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတွေ လာမနှောင့်ယှက်ဘူးဆိုရင် ရိမိန်းကလေးကို ကျွန်တော် ကာကွယ်ပေးလို့ရပါတယ်။ ဒါပေမယ့် နှစ်ငါးရာသက်တမ်းရှိတဲ့ ရှေးဟောင်းသစ်သား အခုတစ်ရာလောက်တော့ ကျွန်တော်လိုအပ်တယ်။"

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

လူတိုင်းမှာ လှောင်ပြောင်သရော်နေသော မျက်ဝန်းများဖြင့် ပြုံးစိစိလုပ်ကာ ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။

ရိချိုးရွှယ်သည်ပင် မည်သည့်စကားမှ မပြောနိုင်လောက်အောင် အံ့အားသင့်သွားရလေတော့သတည်း....

All Chapters