← Chapters

တောင်းဆိုမှု

Vol. 54 Ch. 753

တောင်းဆိုမှု

Vol. 54 Ch. 753

မီးပုံဘေးတွင် ရှိနေသော ရိချိုးရွှယ်၏ အမူအရာမှာ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေရသကဲ့သို့ အခြားသူများမှာလည်း လှောင်ပြောင်သရော်ဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုနေကြသည်။

အခြားကောင်းကင်ဒေသမှ ရောက်ရှိလာသော လူငယ်လေးမှာ ရိချိုးရွှယ်အား ကာကွယ်ပေးမည်ဟုဆိုကာ နှစ်ပေါင်းငါးရာ သက်တမ်းရှိသော ရှေးဟောင်းသစ်သား အခုတစ်ရာကို တောင်းဆိုလိုက်ခြင်းပင်။

၎င်းတို့သည်ပင် ထိုသို့မျက်နှာပြောင် မတိုက်ရဲပါသော်လည်း ယင်းလူငယ်လေးမှာ လွန်စွာရဲတင်းလွန်းလှသည်။

ဇူယွမ်မှာမူ လှောင်ပြောင်သရော်နေသော အကြည့်များအား ဂရုပင်မစိုက်ပဲ အေးဆေးတည်ငြိမ်လွန်းလှသည်။

သူသည် လက်ရှိအခြေအနေအရ ထိုက်ရိသစ်စိမ်းပင်အမှတ်အသားအား ပြုလုပ်နိုင်ရန် ရှေးဟောင်းသစ်သား အဆီအနှစ်များကို ရနိုင်သမျှ လိုအပ်နေသည်။ ထိုမှသာ သူ၏စွမ်းအင်များအား အချိန်တိုအတွင်း ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။

စွမ်းအင်များသာ ပြန်လည်ရရှိခဲ့ပါက ဇူယွမ်မှာ မည်သည့်အခြေအနေမဆို ယုံကြည်မှုရှိစွာ ရင်ဆိုင်နိုင်လိမ့်မည်ပင်။

ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများ မဟုတ်ပါက ဇူယွမ်မှာ မည်သည့်နတ်ဘုံခန်းဝါအဆင့်ကိုမဆိုမကြောက်မရွံ့ ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။ သူသည် နတ်ဘုံခန်းဝါ အခြေတည်အဆင့် ရှိစဉ်တုန်းကပင် ဗဟိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဘုရင်အား သတ်ဖြတ်နိုင်ခဲ့သည်။

ယခုအခါတွင် သူသည် ဗဟိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် မဟာအဆင့် ကျင့်ကြံသူများအား ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။

ဝူယောင်ကဲ့သို့သူမျိုးနှင့် တွေ့ဆုံလာလျှင် အန္တရာယ်များနိုင်ပါသော်လည်း ဟွမ်းယွမ်ကောင်းကင်ဒေသကဲ့သို့ နေရာမျိုး၌ပင် သူမလိုလူမျိုး ရှားပါးလိမ့်မည် ဖြစ်သည်။

အထူးသဖြင့် ရှောင်ရွှမ်းစီရင်စုကဲ့သို့ အရပ်ဒေသမျိုးတွင် ဝူယောင်ကဲ့သို့ ထူးခြားသူမျိုး မရှိနိုင်လောက်ပေ။

ယခုသူ၏မျက်စိရှေ့တွင် ရှိနေသော အရေးကြီးမိသားစုများမှ ဆင်းသက်လာသည့် ဘဝင်မြင့်နေသော လူငယ်သခင်လေးများသာ ပေါများနေလောက်မည်။

ရိမိသားစုနှင့် ချူးမိသားစုတွင်မူ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများ ရှိဟန်တူသည်။ သို့သော် ဇူယွမ်မှာ ချူးမိသားစုအား အပြစ်ပြုမိခြင်းအပေါ် စိုးရိမ်ပူပန်ခြင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် သူ၏စွမ်းအင်များသာ ပြန်လည်ရရှိလာပါက တိုက်ခိုက်၍ မနိုင်လျှင်ပင် မိမိကိုယ်ကို ကာကွယ်ကာ ထွက်ပြေးနိုင်ပြီ ဖြစ်သည်။

ကန်ရွှမ်းကောင်းကင်ဒေသ၌ ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပါသော်လည်း ဟွမ်းယွမ်ကောင်းကင်ဒေသမှ အဆင့်မြင့်ကျင့်ကြံသူများမှာ သူ့အား သိရှိကြလိမ့်မည် မဟုတ်ပေ။

ယခုရက်ပိုင်း လေ့လာသိရှိရသမျှ ချူးကျီသည် သူနှင့်ပက်သတ်၍ လှုပ်ရှားမှု ပြုလုပ်လာမည်မှာ သေချာပေသည်။ ထို့ကြောင့် ဇူယွမ်မှာ တက်နိုင်သမျှ စွမ်းအင်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။

ရိချိုးရွှယ်ထံ ရှေးဟောင်းသစ်သားများ တောင်းဆိုခြင်းမှာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

ပတ်ဝန်းကျင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မုချောင်ဆိုသူမှ ဝါးလုံးကွဲရယ်မောကာ ရိချိုးရွှယ်အား စကားဆိုလိုက်သည်။ "ချိုးရွှယ်...မင်းကလူတွေအပေါ် အရမ်းအကောင်းမြင်လွန်းတယ်လို့ ကိုယ်ခဏခဏပြောသားပဲ။ လောကကြီးမှာ ရှိသလောက်နဲ့ မတင်းတိမ်နိုင်တဲ့သူတွေ အများကြီးရှိတယ်။"

အခြားသူများမှာလည်း ဇူယွမ်အား လှောင်ပြောင်သရော်လိုက်ကြသည်။

ရိချိုးရွှယ်မှာလည်း မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

သူမသည် တောက်ပနေသော မျက်ဝန်းအစုံဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်မိသည်။ ယခုအကြိမ် ဇူယွမ်၏ တောင်းဆိုမှုမှာ အနည်းငယ် ရဲတင်းလွန်းလှသည်။

သူမတွင် ရှေးဟောင်းသစ်သား အဆီအနှစ်များစွာ ရှိပါသော်လည်း သက်တမ်းငါးရာရှိသော ရှေးဟောင်းသစ်သား အခုတစ်ရာ၏ တန်ကြေးမှာ မနည်းလှပေ။

ဇူယွမ်မှာ သူ၏ထိခိုက်ဒဏ်ရာများကြောင့် ၎င်းရှေးဟောင်းသစ်သားများကို တောင်းဆိုလာခြင်း ဖြစ်လိမ့်မည်။

သို့သော် သူ၏တောင်းဆိုမှုပုံစံမှာ ဘဝင်ကျစရာ မကောင်းလှချေ။

ရိချိုးရွှယ်မှာ မုချောင်တို့အား ချူးကျီကို အရေးစိုက်စရာ မလိုအပ်ဟု ပြောထားပါသော်လည်း ချူးမိသားစုသည် ရှောင်ရွှမ်းစီရင်စု၌ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် နေရာတိုင်းမှာ ၎င်းတို့၏ ပိုင်နက်ဖြစ်နေနိုင်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။

ရွှမ်ကျိုးမြို့တော်တွင် ရိမိသားစုနှင့် ချူးမိသားစုတို့ တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေကြမည်ဆိုလျှင်ပင် ချူးကျီ၌ အခြားသော အဆက်အသွယ်များ ရှိနိုင်ပေသေးသည်။

ထိုသည်မှာ ရိချိုးရွှယ် စိုးရိမ်ပူပန်နေရသည့် အချက်ဖြစ်ပြီး ထို့ကြောင့်ပင် မုချောင်နှင့် အခြားသော အရေးပါသည့် မိသားစုများမှ သခင်လေး၊ သခင်မလေးများအား သူမနှင့်အတူ လိုက်ပါရန် ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် ၎င်းတို့နှင့်အတူ ချူးကျီအား အနိုင်တိုက်ရန် မျှော်လင့်ထားသည်။

သူမသည်ပင် ရွှမ်ကျိုးမြို့တော်ဆီသို့ အန္တရာယ်ကင်းစွာ ရောက်ရှိနိုင်ရန် စိုးရိမ်နေပါသော်လည်း ဇူယွမ်မှာ ယုံကြည်ချက် လွန်စွာပြည့်ဝနေဟန် ရှိသည်။

ဇူယွမ်မှာ သူမထံမှ ရှေးဟောင်းသစ်သားများကို လိမ်လည်တောင်းဆိုနေသော လူငယ်တစ်ဦးနှင့် တူနေလေသည်။

ရိချိုးရွှယ်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။ သုန်းအာအား ကယ်တင်ပေးထားသည့်အတွက် ဇူယွမ်၏ တောင်းဆိုမှုများကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးရန် စီစဉ်ထားပါသော်လည်း သူမအား လိမ်လည်လာသည်ကို မနှစ်သက်မိပေ။

ရိချိုးရွှယ်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်...ကျွန်မ ရှင့်ကို သက်တမ်းတစ်ရာရှိတဲ့ ရှေးဟောင်းသစ်သား ငါးခု ပေးပါ့မယ်။ ကျွန်မကို စောင့်ရှောက်ပေးဖို့တော့ မလိုပါဘူး။"

ဇူယွမ်မှာ ခါးသက်စွာ ပြုံးလိုက်သည်။ ထိုမျှသစ်သားလောက်ဖြင့် အခြေအနေမှာ ထူးခြားသွားမည် မဟုတ်ပေ။ သူ၏တောင်းဆိုမှုပုံစံမှာ ရဲတင်းလွန်းမှန်း သိရှိနေပါသော်လည်း ရှေးဟောင်းသစ်သားများကို ရနိုင်သမျှ များများလိုအပ်နေခြင်း ဖြစ်သည်။ ဇူယွမ်သည် ယခုပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့် ရိချိုးရွှယ် တစ်ဦးတည်းကိုသာ အကူအညီတောင်းနေမိခြင်း ဖြစ်လေသည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် လက်မလျှော့လိုဟန်ဖြင့် ရိချိုးရွှယ်အားကြည့်ကာ ပြောလိုက်သည်။ "ရိမိန်းကလေး....ကျွန်တော့်ကို မယုံမှန်းသိပေမယ့် ကျွန်တော် တကယ်လိမ်နေတာ မဟုတ်ပါဘူး။ ရွှမ်ကျိုးမြို့တော် ရောက်တဲ့အထိ မိန်းကလေးကို ကာကွယ်ပေးစရာ မလိုခဲ့ရင် ကျွန်တော် မိန်းကလေးဘေးမှာနေပြီး ရှေးဟောင်းသစ်သားတွေကို တစ်နည်းနည်းနဲ့ ပြန်ဆပ်ပါ့မယ်။"

"ဟီးဟီး...ရှင်က ချိုးရွှယ်အနားမှာနေချင်လို့ ဉာဏ်ဆင်နေတာပဲမလား။ ရှင့်ရဲ့နည်းလမ်းက မဆိုးပါဘူး။" မိန်းမငယ်တစ်ဦးမှ လှောင်ပြောင်လိုက်သည်။

မုချောင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ချိုးရွှယ်...ဒီကောင်က ဘာမှကောင်းတာလည်း မဟုတ်ဘူး။ ကိုယ်တို့ သူ့ကိုစခန်းအပြင်ဖက် မောင်းထုတ်လိုက်သင့်တယ်။ မင်းမလုပ်ချင်ဘူးဆိုရင် ကိုယ့်လက်ထဲသာအပ်လိုက်တော့။"

သူသည် စကားဆုံးသည်နှင့် လက်တစ်ဖက်အား ထောင်ပြလိုက်သည်။

ချက်ချင်းဆိုသလို ဇူယွမ်၏နောက်သို့ ပုံရိပ်အချို့ ရောက်ရှိလာသည်။ ထိုပုံရိပ်များထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။

၎င်းတို့မှာ နတ်ဘုံခန်းဝါ အခြေတည်အဆင့် ရှိသူများ ဖြစ်ကြသည်။

ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်တောင့်တင်းသွားရသည်။

"တော်တော့...."

ရိချိုးရွှယ်မှ ခပ်ပြတ်ပြတ်ပြောကာ မုချောင်အား ကြည့်ရှုလိုက်သည်။ "ကျွန်မ ရှင့်ကို ဒုက္ခမပေးချင်ပါဘူး အကိုတော် မုချောင်။"

"ကိုယ်နည်းနည်းလွန်သွားတယ်။ ကိုယ်က မင်းကိုစိုးရိမ်သွားလို့ပါ။" မုချောင်မှ စိတ်အေးလက်သာရှိဟန်ဖြင့် စကားဆိုလိုက်သည်။

ရိချိုးရွှယ်မှာ အနည်းငယ်မျှ လက်လျှော့မည့်ဟန်မရှိသော ဇူယွမ်အား ကြည့်ရှုလိုက်သည်။

ပတ်ဝန်းကျင် အခြေအနေမှာ အနည်းငယ် တင်းမာနေပေသည်။

ရိသုန်းအာမှာ စိုးရိမ်ပူပန်နေဟန်ဖြင့် ချိုးရွှယ်၏ အင်္ကျီလက်အား ခပ်တင်းတင်း ဆွဲကိုင်ထားသည်။

ရိချိုးရွှယ်မှာ သက်ပြင်းချလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကောင်းပြီ။ ရှင်တောင်းဆိုတဲ့အတိုင်း ဖြစ်စေရမယ်။"

အနီးတွင်ရှိနေသောသူများမှာ ရိချိုးရွှယ်စကားကြောင့် အံ့အားသင့်ကုန်ကြရသည်။

မုချောင်မှ ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။ "ချိုးရွှယ်...."

ရိချိုးရွှယ်မှာ မည်သည့်စကားမှ မပြောတော့ပဲ ခေါင်းအားခါယမ်းကာ သူမဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြသလိုက်သည်။

မုချောင်နှင့် အခြားသူများမှာ ကူကယ်ရာမဲ့စွာဖြင့် ဇူယွမ်အား အထင်အမြင်သေးစွာ ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ အမြင်တွင်မူ ဇူယွမ်မှာ သုန်းအာအား အမှတ်မထင် ကယ်တင်မိပြီးနောက် ထိုအချက်အား အခွင့်ကောင်းယူကာ လောဘတက်နေသည့် ရွံမုန်းစရာကောင်းသူတစ်ဦး ဖြစ်သည်။

ဇူယွမ်မှာ ရိချိုးရွှယ်မှ သဘောတူလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါသော်လည်း သူမ၏မျက်ဝန်းများကို ကြည့်ရုံမျှဖြင့် သူ့အပေါ် ယုံကြည်ချက်မရှိကြောင်း သိရှိနိုင်သည်။

သုန်းအာကို ကယ်တင်ပေးခဲ့ကြောင့်သာ ရိချိုးရွှယ်မှာ သူ၏တောင်းဆိုမှုအပေါ် လက်ခံပေးခဲ့ဟန် ရှိသည်။

"ကျေးဇူးတင်ပါတယ်။"

ဇူယွမ်မှာ ရိချိုးရွှယ်အား ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် မည်သည့်စကားမှ ထပ်၍မဆိုတော့ပဲ တစ်ဖက်သို့လှည့်ကာ ထွက်သွားတော့သည်။

ရိချိုးရွှယ်မှာ တည်ငြိမ်သောအမူအရာဖြင့် ဇူယွမ် ထွက်ခွာသွားသည်ကို ကြည့်ရှုနေလျက် ရှိသည်။ သွားလာရာ ခရီးလမ်းတလျှောက် ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများမှ အနှောင့်အယှက် မပြုလျှင်ပင် ရွှမ်ကျိုးမြို့တော်ထံ အန္တရာယ်ကင်းစွာ ရောက်ရှိနိုင်ရန်မှာ မသေချာပေ။

ဇူယွမ်မှာ သူမနှင့် သက်တူရွယ်တူမျှသာ ရှိသေးပါသော်လည်း အဘယ့်ကြောင့် အလွန်ယုံကြည်ချက် ပြင်းထန်နေရပါသနည်း။

အကယ်၍ ဇူယွမ်သာ ဟွမ်းယွမ်ကောင်းကင်ဒေသမှဖြစ်ခဲ့လျှင် ရိချိုးရွှယ်အနေဖြင့် သူ၏ဇစ်မြစ်များကို စုံစမ်းသိရှိနိုင်ပေလိမ့်မည်။ သို့သော် ယခုတွင်မူ မည်သို့မျှ သူ၏နောက်ခံအကြောင်းများကို စုံစမ်းရန် မဖြစ်နိုင်ချေ။

သူမ၏ အမြင်တွင်မူ ဟွမ်းယွမ်ကောင်းကင်ဒေသနှင့် အခြားကောင်းကင်ဒေသမှ ကျင့်ကြံသူများအကြားရှိ ကွာခြားချက်မှာ လွန်စွာကြီးမားလှသည်။

ထို့ကြောင့်......

ဇူယွမ်၏ စကားများအား ယုံကြည်၍ မရနိုင်ပေ။

ရိချိုးရွှယ်မှာ သက်ပြင်းချလိုက်မိသည်။ ဘာမှမဖြစ်ပါဘူး....သူကသုန်းအာကိုကယ်ခဲ့တာပဲဟာ...ရွှမ်ကျိုးမြို့တော်ကိုရောက်ရင် သူ့ကိုထွက်သွားခိုင်းလိုက်မယ်...အဲ့အခါကြရင် ဘာကျေးဇူးကြွေးမှလည်း ကျန်တော့မှာ မဟုတ်ဘူး....

All Chapters