ကျောက်ယွဲ့
Vol. 54 Ch. 754
ဇူယွမ် ရွက်ဖျင်တဲထံသို့ ပြန်လည်ရောက်ရှိပြီး မကြာခင်မှာပင် တစ်စုံတစ်ယောက်မှ အထဲသို့ ဝင်ရောက်လာသည်။
ဇူယွမ်မှာ လှမ်း၍ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားရသည်။ ဝင်ရောက်လာသူမှာ မိန်းမငယ်တစ်ဦး ဖြစ်သည်။ သူမသည် သေးငယ်ချွန်ထက်သော မျက်ခုံးများဖြင့် လွန်စွာလှပပါသော်လည်း ခက်ထန်မည့်ဟန် ရှိသည်။
သူမသည် တိုက်ခိုက်ရန်သင့်တော်မည့် ခပ်တိုတို အဝတ်အစားကို ဝတ်ဆင်ထားသဖြင့် ရှည်လျားသော ခြေတံလေးများမှာ အဖွေးသား ပေါ်လွင်လို့နေသည်။
ထိုအေးစက်စက်ဖြင့် လှပလွန်းသော မိန်းမငယ်လေးအား ဇူယွမ်မှ မြင်တွေ့ခဲ့ဖူးသည်။ သူမသည် ကျောက်ယွဲ့ဟု ခေါ်တွင်ပြီး ရိချိုးရွှယ်အား အနီးကပ် စောင့်ရှောက်ပေးသူတစ်ဦး ဖြစ်သည်။
ကျောက်ယွဲ့မှာ ဇူယွမ်အား အေးစက်စက် ကြည့်ရှုလိုက်ပြီးနောက် သိုလှောင်အိတ်တစ်ခုအားပေးကာ ပြောလိုက်သည်။ "ဒီထဲမှာ ရှင်လိုချင်တဲ့ သက်တမ်းငါးရာရှိတဲ့ ရှေးဟောင်းသစ်သား အခုတစ်ရာပါတယ်။"
ဇူယွမ်မှာ ကျောက်ယွဲ့၏အမူအရာအား အလေးပင်မထားပဲ သိုလှောင်အိတ်ကို ရယူစစ်ဆေးလိုက်သည်။ တောင်းဆိုထားသော သစ်သားအရေအတွက် အတိအကျကို တွေ့မြင်လိုက်ရပြီးနောက် ခပ်ဖွဖွပြုံးလိုက်သည်။
"ရိမိန်းကလေးကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ။" ဇူယွမ်မှ ယဉ်ကျေးစွာ စကားဆိုလိုက်သည်။
ရိချိုးရွှယ်မှာ သူ့အပေါ် မယုံကြည်ပါသော်လည်း တောင်းဆိုထားသော ရှေးဟောင်းသစ်သားများကို ဖြည့်ဆည်းပေးခဲ့သည်။ ထိုသည်မှာ နည်းပါးသော ကျေးဇူးကြွေးတစ်ခု မဟုတ်ပေ။
"မလိုပါဘူး။ သူမကို တကယ်ကျေးဇူးတင်တယ်ဆိုရင် ရွှမ်ကျိုးမြို့တော်ရောက်တာနဲ့ ထွက်သွားပေးပါ။"
"အဲ့ဒါက ရိမိန်းကလေး လိုချင်တဲ့ဟာလား။"
"အဲ့ဒါအရေးကြီးလို့လား။" ကျောက်ယွဲ့မှ အေးစက်စွာ ပြောလိုက်သည်။
ဇူယွမ်မှာ ခပ်ဖွဖွသာပြုံးလိုက်ပြီး သူမနှင့် စကားအခြေအတင် ပြောမနေတော့ပေ။ လက်ရှိအချိန်၌ လူအားလုံး၏အမြင်တွင် သူသည် လူလိမ်တစ်ဦးသာဖြစ်နေပြီး ထိုအချက်အား မဟုတ်မှန်ကြောင်း သက်သေပြ၍လည်း မရနိုင်သေးချေ။
"ကျွန်တော်က အကြွေးတင်ရတာ မကြိုက်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် အကြွေးကျေပြီလို့ ခံစားရတဲ့အခါ ပြောစရာမလိုပဲ ထွက်သွားမှာပါ။" ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်ယွဲ့မှာ မထီမဲ့မြင် ပြုလိုက်ပြီးနောက် ခြိမ်းခြောက်ဟန်ဖြင့် စကားဆိုလိုက်သည်။ "ရှင့်ကို အဆင့်တွေ ကျော်မလာဖို့ သတိပေးလိုက်မယ်။ တခြားကောင်းကင်ဒေသက လာတဲ့သူတစ်ယောက်က အရမ်းတရားလွန်လာမယ်ဆိုရင် ရှောင်ရွှမ်းစီရင်စုထဲမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"
ကျောက်ယွဲ့နှင့် ရိချိုးရွှယ်တို့၏ ဆက်ဆံရေးမှာ အလွန်နက်ရှိုင်းပြီး သခင်နှင့်အစေခံထက် ပို၍လေးနက်သည်။ ထို့ကြောင့်ပင် ရှေးဟောင်းသစ်သား အဆီအနှစ်များ တောင်းဆိုလာသော ဇူယွမ့်အပေါ် သူမ အမြင်မကြည် ဖြစ်နေရခြင်း ဖြစ်သည်။
သူမ၏အမြင်မှာလည်း အခြားသူများကဲ့သို့ပင်။ အခြားကောင်းကင်ဒေသမှ လာခဲ့သော လူငယ်တစ်ဦးသည် ဟွမ်းယွမ်ကောင်းကင်ဒေသမှ သက်တူရွယ်တူ လူငယ်များလောက် ထူးချွန်ထက်မြက်နိုင်မည် မဟုတ်ပေ။
အဖြေမှာ ရှင်းရှင်းလေးသာ ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသ၏ ရှန်ဇူတိုက်ကြီးမှ လူများသည်လည်း အခြားတိုက်ကြီးများမှ ကျင့်ကြံသူများအား ထိုသို့သာ မြင်ကြသည် မဟုတ်ပါလော။
ဇူယွမ်မှာ မည်သည့်စကားမှ ထပ်၍မဆိုတော့ပဲ မျက်ဝန်းများကိုပိတ်ကာ ကျောက်ယွဲ့အား ထွက်ခွာသွားရန် အချက်ပြလိုက်သည်။
ကျောက်ယွဲ့မှာ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ဇူယွမ်သည် ရဲတင်းလွန်းစွာပင် ရိမိသားစုအပေါ် လိမ်လည်လှည့်ဖြားနေလေသည်။
သူမသည် မကျေမနပ်ဖြစ်ဟန်ပြပြီးနောက် ရွက်ဖျင်တဲအတွင်းမှ ထွက်ခွာသွားတော့သည်။
ကျောက်ယွဲ့ထွက်ခွာသွားပြီးနောက် ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသည်။ ယနေ့အဖြစ်အပျက်ကြောင့် မည်သူကမှ သူ့အား အလိုရှိတော့မည် မဟုတ်ပေ။
ပြောရမည်ဆိုလျှင် ဇူယွမ်မှာ ရှေးဟောင်းသစ်သား အဆီအနှစ်များအပြင် နတ်ဘုံခန်းဝါဆေးများနှင့် ဘိုးဘေးနဂါးပုရပိုက်အတွက် အခြားသော အရေးကြီး မူလရင်းမြစ်များလည်း လိုအပ်နေသေးသည်။ သို့သော် ထိုအရာများအားလုံးကိုသာ ရိချိုးရွှယ်ထံ တောင်းဆိုခဲ့ပါက စခန်းအပြင်ဖက်သို့ နှင်ထုတ်ခံရမည်မှာ အသေအချာပင် ဖြစ်သည်။
ဇူယွမ်မှာ ခေါင်းအားခါယမ်းလိုက်မိသည်။ သူသည် ပတ်ဝန်းကျင်နှင့် အစိမ်းသက်သက် ဖြစ်နေသောကြောင့် ရွှမ်ကျိုးမြို့တော်ထံ ရောက်သောအခါမှသာ ထွက်ခွာရန် အခွင့်အရေးရှာတော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
ယခုအချိန်၌ အရေးအကြီးဆုံးမှာ သူ၏ထိခိုက်မှုများအား ပြန်လည်ကုသရန်ပင် ဖြစ်သည်။
အခြားသူများအနေဖြင့် ရိချိုးရွှယ်၏ လုပ်ရပ်မှာ မထိုက်တန်ဟု ထင်မှတ်နိုင်ပါသော်လည်း ဇူယွမ်၏အမြင်တွင်မူ သူသည် လိမ်လည်နေခြင်း မဟုတ်သောကြောင့် ထိုက်တန်ပေသည်။ သူ၏စွမ်းအင်များအား ပြန်လည်ရရှိသည်နှင့်တစ်ပြိုင်နက် ရိချိုးရွှယ်အား ကာကွယ်ပေးနိုင်ရန် ယုံကြည်ချက်ရှိသည်။
"ကံကောင်းချင်တော့ ငါကကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံခေါင်းဆောင် ဖြစ်နေတယ်။ ငါတို့ကန်ရွှမ်းကလန်က ဟွမ်းယွမ်ကောင်းကင်ဒေသ တစ်ခုလုံးနဲ့ မယှဉ်နိုင်ပေမယ့် ရိမိသားစုထက်တော့ သာမှာပါ။ ဟုတ်တယ်မလား။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
အကယ်၍ ကန်ရွှမ်းကောင်းကင်ဒေသ၌သာဆိုပါက ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင်အား ကိုယ်ရံတော်အဖြစ် ခန့်အပ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ဇူယွမ်မှာ သူ့အပေါ် သံသယဖြစ်နေခြင်းများအတွက် အနည်းငယ် မတရားသကဲ့သို့ ခံစားလိုက်မိသည်။ သူ၏တောင်းဆိုချက်မှာ ရိချိုးရွှယ်တို့အားလုံး ကောင်းမွန်စေရန် ဖြစ်ပါသော်လည်း သံသယအကြည့်များသာ လက်ခံရရှိခဲ့သည်။
ဇူယွမ်မှာ ကလေးဆန်ဆန် တွေးတောလိုက်မိပြီးနောက် ခေါင်းအားခါယမ်းပစ်လိုက်သည်။ ယခုသူရောက်ရှိနေသည်မှာ ကန်ရွှမ်းကောင်းကင်ဒေသ မဟုတ်သော ဟွမ်းယွမ်ကောင်းကင်ဒေသပင် ဖြစ်သည်။
ထို့အပြင် သူသည် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံခေါင်းဆောင် မဟုတ်တော့ပဲ အပြင်းအထန် ဒဏ်ရာရရှိထားသော သာမန်လူငယ်တစ်ဦးမျှသာ။
သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် စိတ်ဓာတ်မကျမိပေ။ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိလာစဉ်က ပုံမှန်တပည့်သာ ဖြစ်ခဲ့ပါသော်လည်း နှစ်နှစ်နီးပါးမျှ ကြာမြင့်သွားပြီးနောက်တွင် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံး၏ လူငယ်မျိုးဆက်၌ ထိပ်သီးတစ်ယောက် ဖြစ်လာခဲ့သည်။
ထို့ကြောင့် အနာဂတ်၌ ဟွမ်းယွမ်ကောင်းကင်ဒေသတွင်လည်း ယခင်ကထက် ပို၍ကောင်းမွန်လာနိုင်ပေသည်။
ဇူယွမ်မှာ အတွေးစရှည်များကြောင့် ခပ်ဖွဖွပြုံးလိုက်မိသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ စွမ်းအင်များ ပြန်လည်ရရှိရန်နှင့် စီနီယာအကိုတော် နှစ်ဦးအား ဆက်သွယ်နိုင်ရန်ပင် ဖြစ်သည်။
ထျန်းယွမ်နယ်မြေ၏ စွမ်းအင်အကူအညီဖြင့်သာ ဘိုးဘေးနဂါးမီးအိမ်အား ရရှိနိုင်ပေလိမ့်မည်။
ထိုစဉ်အချိန်အတွင်း သူ၏စွမ်းအင် တိုးတက်နိုင်မည့် အခွင့်အရေးများအားလုံးကိုလည်း မိမိရရ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်နေ့တွင် ကန်ရွှမ်းကောင်းကင်ဒေသသို့ ပြန်လည်ထွက်ခွာရမည် မဟုတ်ပါလော။
သူသည် နန်းဆောင်သခင် ရှန့်ယွမ်ကြောင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်စီးခဲ့ပါသော်လည်း ထိုသည်မှာ ယာယီပင်ဖြစ်ကြောင်း အားလုံးမှ ကောင်းစွာသိရှိထားကြသည်။
ရှန့်ယွမ်သည် ရွှေရည်စိမ် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ၎င်းအားတားဆီးနိုင်မည့်သူ မရှိပေ။ ထို့ကြောင့် သူတော်စင်တံဆိပ်ပြား အပိုင်းအစများကို စုဆောင်းရာတွင် မြင့်မြတ်သောနန်းတော်မှ တဖြည်းဖြည်း အသာစီးရလာလိမ့်မည် ဖြစ်သည်။
မြင့်မြတ်သောနန်းတော်မှ ထိုအပိုင်းအစများအားလုံးကို စုစည်းပေါင်းစပ်နိုင်သည့်နေ့သည် ကန်ရွှမ်းကလန် ပျက်သုန်းရမည့်နေ့ပင် ဖြစ်ပေလိမ့်မည်။
ကန်ရွှမ်းကလန် ပျက်သုန်းသွားခဲ့ပါက သူ၏ကြီးမြတ်သောဇူအင်ပါယာလည်း ဖျက်စီးခံရလိမ့်မည်ပင်။
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်တောင့်တင်းသွားရသည်။ သူ့ထံ၌ အချိန်များစွာ မကျန်ရှိတော့ပေ။ ရှန့်ယွမ် မအောင်မြင်ခင် ကန်ရွှမ်းကောင်းကင်ဒေသသို့ ပြန်လည်ရောက်ရှိရန် လိုအပ်နေသည်။ ထို့အပြင် ရှန့်ယွမ်အား ရင်ဆိုင်တိုက်ခိုက်နိုင်မည့် စွမ်းအင်မျိုးရှိရန်လည်း လိုအပ်နေသေးသည်။
"ဟူး...."
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် တွေဝေမနေတော့ပဲ သိုလှောင်အိတ်အတွင်းမှ တောက်ပနေသော နှင်းဆီပွင့်ဖက်တစ်ချပ်ကို ရယူလိုက်သည်။
ထိုနှင်းဆီပွင့်ချပ်မှာ လက်သီးအရွယ်ခန့်ရှိသော ကျောက်စိမ်းရောင် သစ်သားနှလုံးသားတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
၎င်းမှာ ထိုက်ရိသစ်စိမ်းပင်အမှတ်အသား ပြုလုပ်နိုင်ရန်အတွက် လိုအပ်သော ရိမူချီများ ပါဝင်နေသည်။
ဇူယွမ်မှာ မျက်ဝန်းများကို ပိတ်လိုက်ပြီးနောက် ထိုကျောက်စိမ်းရောင် သစ်သားနှလုံးသားအား ချေမွလိုက်သည်။ အသင်္ချေမျှသော အစိမ်းရောင် အလင်းအစက်အပြောက်များ ထွက်ပေါ်လာကာ သူ၏လက်မှတဆင့် ခန္ဓာကိုယ်အတွင်း စီးဆင်းဝင်ရောက်သွားတော့သည်။
ကြွယ်ဝလှသော အသက်စွမ်းအင်များမှာ ဇူယွမ်၏ခန္ဓာကိုယ်တလျှောက် စီးဝင်သွားပြီးနောက် ဒဏ်ရာများအား လျင်မြန်စွာ ပျောက်ကင်းသွားစေသည်။
ဇူယွမ်၏ အသားအရေထက်၌ တောက်ပနေသော အစိမ်းရောင် အမှတ်အသားများ ပေါ်ထွက်လာသည်။ ထိုသည်မှာ ကုန်ဆုံးသွားသော ထိုက်ရိသစ်စိမ်းပင်အမှတ်အသား စွမ်းအင်များ ပြန်လည်ပြည့်ဝလာခြင်း၏ လက္ခဏာဖြစ်သည်။
ထို့နောက် ရက်အနည်းငယ်မျှကြာအောင် ဇူယွမ်မှာ ရွက်ဖျင်တဲအတွင်းမှ ထွက်ခွာခြင်းမရှိပဲ ရိမူချီများအား ထိုက်ရိသစ်စိမ်းပင်အမှတ်အသားအတွက် အဆက်မပြတ် စုပ်ယူနေလျက်သာ ရှိသည်။
သက်တမ်းငါးရာကျော်ရှိသော ရှေးဟောင်းသစ်သား အဆီအနှစ် အခုတစ်ရာ၏ အကူအညီကြောင့် ဇူယွမ်မှာ ရက်အနည်းငယ်အတွင်း၌ပင် ထိုက်ရိသစ်စိမ်းပင်အမှတ်အသား အတော်များများကို ဖန်တီးနိုင်ခဲ့သည်။
ဤသို့ဆိုလျှင် တိုတောင်းလှသော အချိန်ကာလအတွင်း၌ပင် စွမ်းအင်အပြည့်အဝအား ပြန်လည်ရရှိတော့မည်ပင် ဖြစ်လေတော့သတည်း.....