← Chapters

စီးနင်းတိုက်ခိုက်ခံရသောညတစ်ည

Vol. 55 Ch. 755

စီးနင်းတိုက်ခိုက်ခံရသောညတစ်ည

Vol. 55 Ch. 755

မြင်းသားရဲများမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် လျင်မြန်လှသောအရှိန်ဖြင့် ကောင်းကင်ထက်သို့ ပျံသန်းတော့မည့်အတိုင်း ကဆုန်ပေါက် ပြေးလွှားနေကြသည်။

ရိချိုးရွှယ်မှာ ကိုယ်လုံးကိုယ်ထည် တောင့်တင်း၍ ခန့်ညားလှပလွန်းသော မြင်းတစ်ကောင်အား စီးနင်းနေသည်။ သူမခန္ဓာကိုယ်အား ရစ်ပတ်လွှမ်းခြုံထားသော အဝတ်စများ လေယူရာ ယိမ်းနွဲ့လိုက်တိုင်းတွင် သေးကျဉ်သော ခါးလေးနှင့် ရှည်လျားသော ခြေတံလေးများအား မြင်တွေ့နေရသည်။

သူမ၏သွင်ပြင်မှာ အလွန်ကျက်သရေရှိလှပြီး အပြစ်ပြောရက်စရာပင် မရှိအောင် လှပလွန်းသည်။ ဇူယွမ်အနေဖြင့် ယောင်ယောင်ကဲ့သို့ အလှနတ်ဘုရားမလေးဖြင့် နေထိုင်ခဲ့ရသောကြောင့် ရိချိုးရွှယ်အပေါ် အနည်းငယ်မျှပင် စိတ်မညွတ်မိပါသော်လည်း ရှောင်ရွှမ်းစီရင်စု၏ သခင်လေးများဖြစ်သော မုချောင်တို့အတွက်မူ သူမသည် ဧကရီတစ်ပါးပင် ဖြစ်သည်။ ထို့ကြောင့် အသက်အန္တရာယ်ကိုပင်မမှုပဲ သူမနှင့်အတူ ရွှမ်ကျိုးမြို့တော်သို့သွားရန် လိုက်ပါလာကြခြင်းပင်။

ထို့အပြင် ရိမိသားစုမှာ နောက်ခံအင်အားလည်း တောင့်တင်းပေသည်။ ရှောင်ရွှမ်းစီရင်စုအတွင်း နှစ်ပေါင်းများစွာ အခြေချလာသော ချူးမိသားစုနှင့် မယှဉ်နိုင်ပါသော်လည်း ရိမိသားစု၏ အကြီးအကဲများမှာ အုပ်ချုပ်ရေးပိုင်း၌ ရာထူးကြီးကြီးများ ရရှိထားကြသည်။ ထို့ကြောင့် ရိချိုးရွှယ်၏ နှလုံးသားကိုသာ သိမ်းပိုက်နိုင်ခဲ့ပါက ၎င်းတို့၏ မိသားစုများအတွက်လည်း များစွာအကျိုးရှိပေလိမ့်မည်။

"နောက်တစ်ညဆို ရွှမ်ကျိုးမြို့တော်ကို ရောက်ပြီ။ တကယ်လို့ ချူးကျီက လက်မလျှော့လောက်ဘူးဆိုရင် ဒီညက သူလှုပ်ရှားမယ့်ညပဲ။" ရိချိုးရွှယ်မှ အဝေးတစ်နေရာသို့ကြည့်ကာ ရေရွတ်လိုက်သည်။

မုချောင်နှင့် အခြားသူများမှာ ထိုစကားကြောင့် အေးစက်တောင့်တင်းသွားကြရသည်။

၎င်းတို့မှာ ရိချိုးရွှယ်၏ ထူးချွန်ထက်မြက်မှုအား ကောင်းစွာသိရှိနေကြသောကြောင့် သူမ၏ခန့်မှန်းချက်အပေါ် အနည်းငယ်မျှပင် သံသယ မဖြစ်ကြပေ။ ရိမိသားစုမှာ သခင်မလေး ရိချိုးရွှယ်၏ အကြံပေးမှုကြောင့်ပင် ရှောင်ရွှမ်းစီရင်စုထံ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ မတော်တဆဖြစ်ရပ်အား မကြုံတွေ့ခဲ့ရပါက ရှောင်ရွှမ်းစီရင်စု၏ အင်အားအတောင့်တင်းဆုံးနေရာအား ချူးမိသားစုအစား ရိမိသားစုမှ ရရှိနေလောက်ပြီပင်။

"ချူးကျီရဲ့ အင်အားလောက်နဲ့တော့ ငါတို့အကုန်လုံးကို နိုင်မှာမဟုတ်ဘူး။ တခြားသူတွေ ထပ်ခေါ်လာမှာပဲ စိုးရိမ်တာ။" ရိချိုးရွှယ်မှ စကားဆိုလိုက်သည်။

မုချောင်မှ ရိချိုးရွှယ်ကိုကြည့်ကာ ပြောလိုက်သည်။ "ချူးမိသားစုရဲ့ အကြီးအကဲတွေ အကုန်လုံးက ရွှမ်ကျိုးမြို့တော်မှာ ရှိနေကြတာ။ ချူးကျီအနေနဲ့ တခြားကူညီပေးမယ့်သူကို ရှာဖို့လွယ်မှာ မဟုတ်လောက်ဘူး။ ရှောင်ရွှမ်းစီရင်စုထဲက တခြားမိသားစုတွေနဲ့ ကလန်တွေကလည်း ချူးမိသားစုနဲ့ ရိမိသားစုကြားက အရေးကိစ္စကို ဝင်ပါရဲမယ် မထင်ဘူး။ အဲ့ဒါကြောင့် ချူးကျီကို ကူညီပေးမဲ့သူရှိဖို့က ရှားပါတယ်။"

ရိချိုးရွှယ်မှာ နီဆွေးသော နှုတ်ခမ်းသားလေးများအား ခပ်တင်းတင်း ဖိကိုက်လိုက်သည်။ သူမ၏ အလိုမကျသော အမူအရာလေးကအစ တစ်နည်းတစ်ဖုံ လောင်ကျွမ်းချင်စဖွယ် ဖြစ်နေလေသည်။

"ဘာပဲဖြစ်ဖြစ် ဒီညတော့ သေချာသတိထားမှရမယ်။" ရိချိုးရွှယ်မှ စကားဆိုလိုက်သည်။

ထို့နောက် ဇူယွမ်ရှိနေသော ရထားလုံးအား လှမ်း၍ကြည့်ရှုလိုက်သည်။ မည်သည်ကြောင့်မှန်း မသိပါသော်လည်း သူမသည် ရုတ်တရက် ဇူယွမ်အား တွေးတောလိုက်မိသည်။

ဇူယွမ်မှာ သူမအား ရဲတင်းစွာ မေးမြန်းတောင်းဆိုရဲသည့် ပထမဆုံးသူ ဖြစ်နေ၍များလား...

ရိချိုးရွှယ်၏ အမူအရာတိုင်းကို သတိထားကာ လိုက်ကြည့်နေသော မုချောင်အဖို့ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရကာ ဟာသနှော၍ ပြောလိုက်သည်။ "ချိုးရွှယ်...မင်းဒီကောင်စုတ်ရဲ့ စကားတွေကို အတည်ယူနေတာတော့ မဟုတ်လောက်ပါဘူးနော်။"

အခြားသော လူငယ်များမှာ ထိုစကားကြောင့် ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ဇူယွမ်မှာ ၎င်းတို့၏ စကားခေါင်းစဉ် ဖြစ်လာခဲ့သည်။

ရိချိုးရွှယ်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူမ၏အကြည့်များအား ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူမသည် ဇူယွမ့်အပေါ် မယုံကြည်စေကာမူ တစ်ကြိမ်တစ်ခါမျှ မလှောင်ပြောင်ခဲ့ဖူးချေ။

"မိန်းကလေး....ဇူယွမ်က ဒီရက်တွေအတွင်း လုံးဝမျက်နှာထွက်မပြဘူး။ သူ့ဆီ အစားအသောက်ကအစ သွားပို့ပေးနေရတာ။" ကျောက်ယွဲ့မှ တိုးညင်းစွာ ပြောလိုက်သည်။ "မသိရင် ဘိုးဘေးတစ်ယောက်ကို ပြုစုနေရတဲ့အတိုင်းပဲ။"

ရိချိုးရွှယ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်မိသည်။ "သူက သုန်းအာကို ကယ်ထားတာပဲလေ။ ကျွန်မတို့ ဘိုးဘေးတစ်ယောက်လို ဆက်ဆံရလည်း ကိစ္စမရှိပါဘူး။"

ကျောက်ယွဲ့မှာ စိတ်အလိုမကျ ဖြစ်သွားရသည်။ စိတ်ရှိလက်ရှိသာဆိုလျှင် ဇူယွမ်အား ကန်ထုတ်ပစ်လိုက်ချင်မိသည်။

"ယွဲ့ကျဲကျဲ....ဒီည ချူးကျီက တိုက်ခိုက်လာနိုင်တယ်လို့ ဇူယွမ့်ကို သတိပေးပေးပါ။ အဲ့အချိန်ကြရင် ကျွန်မတို့ သူ့ကိုစောင့်ရှောက်ပေးနိုင်မှာ မဟုတ်လို့ အခြေအနေကိုကြည့်ပြီး ထွက်ပြေးဖို့ ပြောထားပါ။" ရိချိုးရွှယ်မှ တိုးညင်းစွာ စကားဆိုလိုက်သည်။

ယနေ့တွင် တိုက်ပွဲဖြစ်လာခဲ့ပါက အခြေအနေများမှာ ဆိုးရွားသွားနိုင်ဖွယ် ရှိသည်။ ယခုအချိန်ထိ ဇူယွမ်၏ ကျင့်ကြံရေးအား မသိရှိရသည့်အပြင် ထိခိုက်ဒဏ်ရာ များစွာရရှိထားသောကြောင့် သတိမထားမိပါက အသက်ပင် ဆုံးရှုံးသွားရနိုင်သည်။

ကျောက်ယွဲ့မှာ အတော်ပင် စိတ်တိုင်းမကျ ဖြစ်မိပါသော်လည်း ရိချိုးရွှယ်၏အမိန့် ဖြစ်နေသောကြောင့် ရထားလုံးထံသွားကာ မှာကြားထားလိုက်သည်။ ထို့နောက် ဇူယွမ်၏အဖြေကိုပင် မစောင့်တော့ပဲ ပြန်လည်ထွက်ခွာလာလိုက်သည်။

ရထားလုံးအတွင်း၌

ဇူယွမ်မှာ မျက်ဝန်းများအား ဖြည်းညင်းစွာ ဖွင့်ဟလိုက်သည်။ သူ၏ နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်း ချီစွမ်းအင်များ အသက်ဝင် စီးဆင်းနေကာ များပြားလှသော ချီကြယ်ပွင့်များ တစ်ဖန်ပြန်လည် လင်းလက်တောက်ပနေပြီ ဖြစ်သည်။

ရရှိထားသော ထိခိုက်ဒဏ်ရာများလည်း အပြည့်အဝ ကောင်းမွန်ပျောက်ကင်းသွားပြီပင်။

သူသည် စွမ်းအင်များအား ပြန်လည်ရရှိခဲ့ပြီ ဖြစ်လေသည်။

ထို့အပြင် ပြင်းထန်လွန်းလှသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးနောက်တွင် သူ၏ချီစွမ်းအင်နှင့် ကျင့်ကြံခြင်းများမှာ ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာသည်ကိုတွေ့ရှိလိုက်ရသည်။

"ဒီညပဲ...."

ဇူယွမ်၏ မျက်ဝန်းများ၌ အတွေးစများ ဖြတ်ပြေးသွားရသည်။ ရွှမ်ကျိုးမြို့တော်ထံ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ရှောင်ရွှမ်းစီရင်စုအတွင်းရှိ အခြေအနေများအား နားလည်သဘောပေါက်လာစေရန် အခွင့်အရေးရှာရပေလိမ့်မည်။

.......

ညအချိန်အား အေးစက်မှုများက ကြီးစိုးထားလျက် ရှိသည်။

မှိန်ပြပြ လရောင်အောက်တွင် အိပ်မောကျနေသော အခြေချစခန်း၏ မီးပုံများထံမှ မီးခိုးငွေ့များ မှိုင်းရီပျံ့လွင့်နေကြသည်။

အမှောင်ထု၏ အကာအကွယ်အောက်တွင် ပုံရိပ်အချို့မှ တစ္ဆေများသဖွယ် တိတ်ဆိတ်စွာ လှုပ်ရှားနေကြလေသည်။

ပုံရိပ်တစ်ခုမှ လက်ဖြင့်အချက်ပြလိုက်သည်။

ဝှစ်.....

ပုံရိပ်များမှ ဝံပုလွေများအလား အမှောင်ထုထဲမှ ထွက်ပေါ်လာကာ စခန်းအား ဝန်းရံထားလိုက်ကြသည်။ ထို့နောက် ချီစွမ်းအင် အလင်းတန်းများဖြင့် ရွက်ဖျင်တဲများထံ ပစ်လွှတ်လိုက်ကြသည်။

ဝုန်း....

သို့သော် ထိုအချိန်မှာပင် ရွက်ဖျင်တဲ တစ်ခုအတွင်းမှ အေးစက်ပြင်းထန်လှသော ချီစွမ်းအင် များ ပေါက်ကွဲထွက်ပေါ်လာသည်။

စခန်းအပြင်ဖက်ရှိ ပုံရိပ်များမှာ အဝေးသို့ လွင့်စင်သွားကြရသည်။

ဝုန်း.....

ချီစွမ်းအင် ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုမှာ ပြိုကွဲသွားရသည်။

နှစ်ဖက်အင်အား တိုက်ခိုက်မှုနှင့် သွေးရနံ့များမှာ စခန်းဝန်းကျင်အား လွှမ်းခြုံသွားတော့သည်။

ရိချိုးရွှယ်၊ ကျောက်ယွဲ့၊ မုချောင်နှင့် အခြားသူများမှာ အတူတကွ စုစည်းလျက် အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသော ပုံရိပ်များကို တိုက်ခိုက်နေကြသည်။

ရိချိုးရွှယ်မှာ အဝေးမှ တစ်လှမ်းစီ လျှောက်လှမ်းလာနေသော ချူးကျီအား လှမ်း၍ကြည့်ရှုလိုက်သည်။

"ရိချိုးရွှယ်....မင်းရွှမ်ကျိုးမြို့တော်ကို မရောက်နိုင်ပါဘူးလို့ ငါပြောသားပဲ။" ချူးကျီမှ ခြိမ်းခြောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

ရိချိုးရွှယ်မှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် တည်ငြိမ်စွာ ပြန်၍ပြောလိုက်သည်။ "နင့်အဆင့်လောက်နဲ့ ငါတို့ကို မတားနိုင်ပါဘူး။"

ချူးကျီမှ ရယ်မောလိုက်သည်။ "ဒါပေါ့ ရိချိုးရွှယ်ရယ်...မင်းက နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုတောင် ဖွင့်ထားနိုင်တဲ့ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ရှိတဲ့သူပဲ။ ရှောင်ရွှမ်းစီရင်စုက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတွေထဲမှာ မင်းနဲ့ယှဉ်နိုင်တာက လူနည်းနည်းလောက်ပဲ ရှိတာလေ။"

ချူးကျီမှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပါသော်လည်း နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုမျှသာ ဖွင့်ထားနိုင်သူ ဖြစ်သည်။ သို့သော် သူ၏အမူအရာအား ကြည့်ရှုရုံမျှဖြင့် ရိချိုးရွှယ်အား အနည်းငယ်မျှပင် ဂရုစိုက်ပုံမရကြောင်း ထင်ရှားလှသည်။

ရိချိုးရွှယ်မှာ ဓားအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းဖြင့် မေးလိုက်သည်။ "အဲ့ဒါဆို ဒီကိုဘာလာလုပ်တာလဲ။ သေဖို့လာတာလား။"

"ဒါမှမဟုတ် ကူညီပေးမယ့်သူ ရှာတွေ့ထားလို့ မကြောက်တော့တဲ့ သဘောလား။ ဒါပေမယ့် ရှောင်ရွှမ်းစီရင်စုမှာရှိတဲ့ ဘယ်မိသားစုက ကျွန်မတို့ကြား ဝင်မပါရဲလောက်ဘူးလေ။ ဟုတ်တယ်မလား။"

ချူးကျီမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တခြားမိသားစုတွေက သူတို့ကိုယ်သူတို့ ကာကွယ်နေကြရုံပါ။ ပုံမှန်ဆိုရင် ငါတို့မိသားစု နှစ်ခုကြားက ပြဿနာတွေကို သူတို့ဝင်ပါရဲဖို့ မဖြစ်နိုင်ဘူး။"

"အဲ့ဒါကြောင့် ငါလည်းသူတို့ကို အလေးမထားပါဘူး။"

ရိချိုးရွှယ်မှ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ "မိသားစုတွေ၊ ကလန်တွေ မဟုတ်ဘူးဆိုရင် ရှောင်ရွှမ်းစီရင်စုထဲမှာရှိတဲ့ ပုန်းကွယ်နေကြတဲ့ မကောင်းတဲ့သူတွေက ရှင့်ကိုကူညီပေးကြတာလား။"

ချူးကျီမှ ပြုံးကာပြောလိုက်သည်။ "မင်းက ရိမိသားစု အားကိုးရတဲ့ အကြီးဆုံးသမီးဆိုတာ အံ့သြစရာတော့ မရှိပါဘူး။ မင်းကတကယ် ထက်တာပဲ။"

ချူးကျီမှာ လက်ခုပ်နှစ်ခက်မျှ တီးလိုက်သည်။

ပြင်းထန်လှသော စွမ်းအင်ဖိအားများနှင့်အတူ ဆယ်ယောက်ကျော်မျှရှိသော ကြက်သွေးရောင် ဝတ်ရုံများဖြင့် ပုံရိပ်များအား တွေ့မြင်လိုက်ရသောကြောင့် ရိချိုးရွှယ်မှာ ထိတ်လန့်သွားရသည်။

၎င်းတို့မှာ မျက်နှာပေါ်တွင် အမာရွတ်တစ်ခုရှိနေသော လက်ပိုက်ထားလျက်ရှိသည့် ပုံရိပ်တစ်ခုအား အလေးပြုနေကြသည်။

ကျောက်ယွဲ့၊ မုချောင်နှင့် အခြားသူများ၏ အမူအရာမှာလည်း ပြောင်းလဲသွားရသည်။

ရိချိုးရွှယ်မှာလည်း အံကိုတင်းတင်း ကြိတ်လိုက်ပြီးနောက် အေးစက်စွာ စကားဆိုလိုက်သည်။

"ဒါဆိုဒါက ရှောင်ရွှမ်းစီရင်စုရဲ့ အကျော်ကြားဆုံး လေနတ်ဆိုးဓားပြတွေပေါ့။"

All Chapters