အခန်း (၇၇၁-၇၇၂)
Vol. 78 Ch. 771-772
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၁ + ၇၇၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
နီရှန် နတ်မိမယ်က နာကျင်စွာ အော်ဟစ်နေရသည်။
“အဟင့်... အားးး”
တစ်ချိန်တည်းတွင် မြို့ပြင်တွင်မူ တုပိုင်၏ ကျောက်သလင်း မှော်အမြောက်များက ကျယ်လောင်စွာ ဟိန်းဟောက်နေလေ၏။ ပစ်ခတ်လိုက်သည့် အခိုက်အတန့်တွင် အသံမထွက်သော်လည်း ကျည်ဆန် ပြောင်းဝမှ ထွက်လာသည့်အခါတွင်မူ အသံလှိုင်း ပေါက်ကွဲသံနှင့် ပစ်မှတ်ကို ထိမှန်သံတို့က အုန်းအုန်းကျွက်ကျွက် မြည်ဟည်းသွားစေသည်။
ထိုအသံမှာ ဝမ်းဗိုက်ထဲရှိ ကလေးကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားကာ မွေးဖွားမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်လာစေ၏။
နီရှန် နတ်မိမယ်၏ နာကျင်မှုမှာ နာရီဝက်ကျော်ကြာခဲ့ပြီ ဖြစ်သည်။ သူမသည် ချွေးများ ရွှဲရွှဲစိုနေကာ အသံမှာလည်း အနည်းငယ် တုန်ယင်ပြီး အက်ရှနေလေ၏။
မိဖုရားကြီး နင်းချန်က ရုတ်တရက် ပြောလိုက်သည်။ “နီရှန်... သမီး ဒီလောက်ကြီး အနာခံစရာ မလိုပါဘူး။ အတွင်းအားကို သုံးပြီး နာကျင်မှုကို လျှော့ချတာဖြစ်ဖြစ် ၊ ရွှမ်းချီကို သုံးပြီး အာရုံကြောတွေကို ဖြတ်တောက်ထားတာဖြစ်ဖြစ် လုပ်လို့ရတယ်လေ”
နီရှန် နတ်မိမယ်က ပြုံးပြီး ပြောသည်။ “မေ့မရနိုင်အောင် နာကျင်ရတာကလည်း ကောင်းပါတယ်လေ။ မနာကျင်ဘူးဆိုရင် မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို မခံစားရနိုင်ဘူးလေ။ ကျွန်မက အစကတည်းက ပုံမှန်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာပဲကို”
တစ်နာရီခန့် လူးလိမ့်ပြီးနောက်... နောက်ဆုံးတွင် ကလေးလေး မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ တုပိုင်၏ ပထမဆုံးသော ရင်သွေးလေးပင် ဖြစ်၏။
ကလေးလေးမှာ မငိုချေ။ သို့သော် အလွန်ပင် ဖြူဖွေးပြီး ထွားကျိုင်းလှသည်။
မိဖုရားကြီး နင်းချန်က ကလေးလေးကို ချီမကြည့်ပြီး ပြောလိုက်သည်။ “ဝိုး... အနည်းဆုံး ရှစ်ကျင်းလောက်တော့ ရှိမှာပဲ။ မိန်းကလေးလေးပဲ။ တကယ်ကို လှပတဲ့ မိန်းကလေးလေး” မိဖုရားလီကလည်း အနားသို့ တိုးကပ်လာပြီး ကြည့်လိုက်သည်။
မည်မျှပင် လှပချောမောသော ကလေးငယ်ဖြစ်သည်နည်း။ အခြားသော မွေးကင်းစ ကလေးငယ်များကဲ့သို့ အသားအရေများ တွန့်ရှုံ့မနေဘဲ မွေးဖွားလာချိန်မှစ၍ အလွန်လှပနေလေသည်။ ရုပ်သွင်တစ်ဝက်မှာ နီရှန် နတ်မိမယ်နှင့် တူညီပြီး ကျန်တစ်ဝက်မှာ တုပိုင်နှင့် တူညီလေသည်။ မွေးကင်းစအရွယ်၌ပင် အလွန်အမင်း ချောမောလှပနေ၏။
“ဂူးဂူးဂဂ...” ကလေးလေးက ပါးစပ်လေးကို ဟလိုက်ပြီး ရေမြွှာရည် အနည်းငယ်ကို အန်ထုတ်လိုက်သည်။
မိဖုရားကြီး နင်းချန်က ပြောသည်။ “ဘာလို့ ဒီကလေးက မငိုတာလဲ”
မိဖုရားလီက နူးညံ့သော တိုင်ကပ်ပုဝါလေးနှင့် ကလေး၏ ကိုယ်လုံးလေးကို ညင်သာစွာ သုတ်ပေးလိုက်ရာ ကလေးလေးက ပျင်းရိစွာဖြင့် မျက်လုံးလေးများကို အားယူဖွင့်ကြည့်လာသည်။
မျက်လုံးငယ်များမှာ အလွန်ကြီးမားပြီး တောက်ပနေကာ ရတနာများကဲ့သို့ပင် ဖြစ်၏။ ထက်မြက်သည့် အရှိန်အဝါများ ပြည့်နှက်နေပြီး စိုပြည်ကြည်လင်လွန်းလှပေသည်။
“ဒီကလေးက ဘာလို့ မငိုတာလဲ” မိဖုရားကြီး နင်းချန်မှာ အနည်းငယ် စိုးရိမ်သွားရသည်။ သူမ၌ ကလေးလေးယောက် ရှိခဲ့သော်လည်း အားလုံးမှာ မွေးလာသည်နှင့် ငိုကြသည်ချည်း ဖြစ်သည်။
ထို့ကြောင့် သူမက ကလေးလေး၏ တင်ပါးလေးကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။ သို့သော် ငိုမည့်အစား ကလေးလေးမှာ ပါးစပ်လေးကို ဖြဲပြီး ပြုံးပြလိုက်လေသည်။ မိဖုရားကြီး နင်းချန်မှာ အံ့အားသင့်သွားရပြီး ကလေးလေးကို ပို၍ပင် ချစ်ခင်သွားတော့သည်။
နီရှန် နတ်မိမယ်က တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မကို ပေးပါဦး...”
ထို့နောက် သူမသည် ကလေးလေးကို ပွေ့ချီကာ သူမ၏ ကိုယ်နံ့လေးကို ရှူရှိုက်နေမိတော့သည်။ အတိုင်းအဆမရှိသော ပျော်ရွှင်မှုများက သူမ၏ရင်ထဲတွင် ပြည့်နှက်နေပြီး ငိုပင် ငိုချင်လာတော့သည်။
သူမသည် မိဘမဲ့တစ်ဦး ဖြစ်၏။ နင်တောက်ရွှမ်၏ ဇနီး ပိုင်ဟွာနတ်မိမယ်သည် သူမအား မွေးစားခဲ့သော်လည်း သံယောဇဉ်ကြီးကြီးမားမား မခံစားခဲ့ရချေ။
တုပိုင်နှင့် လက်ထပ်ပြီးနောက်တွင်မူ တစ်ဖက်လူ၏ ယောင်္ကျားအရှိန်အဝါက သူမကို ပြင်းထန်စွာ ဆွဲဆောင်နိုင်ခဲ့ပြီး မျိုးဆက်ပြန့်ပွားလိုသော ဆန္ဒများ ပြည့်နှက်စေခဲ့သည်။ သို့သော်လည်း စိတ်ချင်းဆက်နွယ်နေသည်ဟု ပြောရန်မှာမူ အမှန်တကယ်ပင် မဖြစ်နိုင်သေးချေ။
အခြားသူများက တုပိုင်ကို အကဲမခတ်နိုင်သော်လည်း နီရှန်ကမူ မြင်နိုင်သည်။
တုပိုင်သည် ဤကမ္ဘာကြီးနှင့် တစ်စုံတစ်ရာ ကင်းကွာနေသကဲ့သို့ ခံစားချက်မျိုး ရှိနေ၏။ သူ၌ မွေးစားဖခင် လီဝမ်ဟွေ့ ရှိနေပြီး များပြားသောဇနီးသည်များနှင့် လက်ထပ်ထားသော်လည်း... သူသည် ဤကမ္ဘာထဲသို့ အလုံးစုံ စီးမျောဝင်ရောက်မနေဘဲ တစ်စုံတစ်ရာသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နေသကဲ့သို့ပင်။
သူသည် အမျိုးသမီးအချို့နှင့် လက်ထပ်ထားပြီး သူတို့ကို အလွန်နှစ်သက်သော်လည်း တုပိုင် အလွန်အမင်း ချစ်မြတ်နိုးရသည့် ၊ မေ့မရနိုင်သော အချစ်မျိုးရှိသည့် အမျိုးသမီးမှာ မည်သူနည်း။ နီရှန်ကမူ ထိုသို့သော အချစ်မျိုးကို အမှန်တကယ် မတွေ့ရှိခဲ့ရချေ။
နီရှန်၏ ရင်ထဲတွင် ယခင်က အမြဲတမ်း အထီးကျန်ဆန်မှုများ ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူမ၏ ရင်သွေးငယ်ကို ပွေ့ချီထားစဉ် ထိုအထီးကျန်မှုများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။ သွေးသားအရ ဆက်နွယ်နေသည့် ခံစားချက်မှာ တကယ့်ကို အံ့သြဖွယ် ကောင်းလှပေ၏။
**--**--**--**--**--**--**--**
ပိုင်ဆယ်မြို့ စစ်မျက်နှာ၌တွင်လည်း ကျောက်သလင်း မှော်အမြောက်များ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမြောက်နှစ်လက် ပျက်စီးသွားခဲ့သည်။ လီကျန့်က ချက်ချင်းပင် ပစ်ခတ်မှု အရှိန်ကို လျှော့ချရန် အမိန့်ပေးလိုက်၏။ ငါးစက္ကန့်လျှင် တစ်ကြိမ်မှ စက္ကန့်နှစ်ဆယ်လျှင် တစ်ကြိမ်သို့ ပြောင်းလဲလိုက်သည်။
ထိုအခြေအနေက တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့ကို အတိုင်းမသိ ဝမ်းသာသွားစေခဲ့ပြီး ခွန်လွန်ကျွန်စစ်သည် သုံးသောင်းခြောက်ထောင်ကို အရူးအမူး တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ အကျအဆုံး အချို့ရှိခဲ့သော်လည်း ယွမ်ထျန်ကျောက်၏ ကွပ်ကဲမှုအောက်ရှိ ခွန်လွန်ကျွန်စစ်သည် သုံးသောင်းကျော်မှာ နောက်ဆုံးတွင် ပိုင်ဆယ်မြို့ရိုးပေါ်သို့ ပထမအသုတ်အဖြစ် ပြေးတက်နိုင်ခဲ့ကြ၏။
“ဟားဟားဟား... ငါတို့ နိုင်ပြီ ၊ ငါတို့ နိုင်ပြီကွ”
ယွမ်ထျန်ကျောက်မှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲလာကာ တုကျန်းကို ပြောလိုက်သည်။ “မင်းကြီး... ကျွန်တော်တို့ နိုင်တော့မယ်”
တုကျန်းကလည်း သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ပြော၏။ “ဟုတ်တယ်... ဟုတ်တယ်... ငါတို့ နိုင်တော့မယ်”
ခွန်လွန်ကျွန်စစ်သည်များ မြို့ရိုးပေါ် ရောက်သွားပြီဆိုလျှင် နောက်ဆက်တွဲ ဖြစ်လာသည်မှာ တစ်ဖက်သတ် သတ်ဖြတ်ပွဲပင်။ တုပိုင်၏ မှော်အမြောက်များသည်လည်း မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ချေ။ ခွန်လွန်ကျွန်စစ်သည် သုံးသောင်းသည် ရန်သူ လေးငါးသိန်းကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ပေရာ ၊ ပိုင်ဆယ်မြို့တွင်းရှိ စစ်သည် တစ်သိန်းခွဲခန့်ကိုမူ ပြောနေဖွယ်ပင် မလိုတော့ချေ။
ယွမ်ထျန်ကျောက်က ပြောလိုက်သည်။ “ငါတို့ ပိုင်ဆယ်မြို့က ခံစစ်တပ်တွေကို သတ်ရုံတင်မကဘူး ၊ သူ့ရဲ့ မှော်အမြောက်တွေ အားလုံးကိုလည်း သိမ်းပိုက်ရမယ်။ ဒါက စစ်အပြစ်ကို စစ်ကုသိုလ်နဲ့ ဆေးကြောတာပဲ”
“ဒီမှော်အမြောက်တွေသာ ငါတို့ဆီ ရောက်လာရင် ငါတို့ အရှေ့ဘက် ပြည်ထောင်စုဟာ မီးနတ်ဘုရား နယ်ပယ်နဲ့ အနောက်ကမ္ဘာအပေါ် အပြတ်အသတ် အသာစီး ရသွားလိမ့်မယ်”
တုကျန်းက ပြောလိုက်သည်။ “ဒါက အပြစ်ကို ကုသိုလ်နဲ့ ဆေးကြောတာတင် မဟုတ်ဘူး ၊ တကယ့် မဟာကုသိုလ်ကြီးပဲ”
“ပိုင်ဆယ်မြို့က ခံစစ်တပ်တွေကို ချေမှုန်းပြီး မှော်အမြောက်တွေ အားလုံးကို သိမ်းပိုက်နိုင်ရင် ၊ အထူးသဖြင့် အဲဒါတွေကို ထုတ်လုပ်နိုင်တဲ့သူတွေကို ဖမ်းမိရင်... အနာဂတ်မှာ မင်း ယွမ်ထျန်ကျောက်ဟာ စစ်သေနာပတိချုပ် ဖြစ်လာမှာ ကျိန်းသေပြီး ငါလည်း အစိုးရအဖွဲ့ထဲကို ဝင်နိုင်တော့မှာပဲ။ တာ့နင်အင်ပါယာရဲ့ အစိုးရအဖွဲ့ မဟုတ်ဘူး ၊ အရှေ့ဘက် ပြည်ထောင်စုရဲ့ အစိုးရအဖွဲ့ကို ပြောတာ”
ယွမ်ထျန်ကျောက်က ဝမ်းသာအားရ ပြောလိုက်သည်။ “ဘုရားသခင်က ငါတို့ အရှေ့ဘက် ပြည်ထောင်စု ဘက်မှာ ရှိနေဆဲပဲ။ သူခိုးလေး တုပိုင်ကတော့ ပျက်စီးဖို့ ကံပါလာပြီးသားပဲ။ ဟားဟား... ခွန်လွန်ကျွန်စစ်သည်တို့... သတ်ကြ ၊ သတ်ကြစမ်း... တုပိုင်ဆိုတဲ့ ကုန်းကုန်းခွေးရဲ့ လက်ပါးစေတွေကို အကုန်အစင် သတ်ပစ်ကြစမ်း”
ခွန်လွန်ကျွန်စစ်သည်များ ပိုင်ဆယ်မြို့ရိုးပေါ် တက်သွားသည်ကို မြင်တော့ ယွမ်ထျန်ကျောက်သည် ရင်ထဲက တက်ကြွလှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြန်သည်။ “မင်းကြီး... တုပိုင်က ကုန်းကုန်း မဟုတ်တော့ဘူးလို့ ကြားမိတယ်။ ဒါက ကောလာဟလပဲ ဖြစ်မှာပါ။ နင်းရွှဲ့က သူ့ကို မုဆိုးမအဖြစ် လက်ထပ်ခဲ့တာ မဟုတ်လား။ သူက အလွန်လှပတယ်လို့ ကြားဖူးပေမဲ့ ကုန်းကုန်းခွေးတုပိုင်ရဲ့ အညစ်အကြေး စွန်းထင်းခဲ့ပြီးသားပဲ။ သခင်လေးကတော့ သန့်သန့်ပြန့်ပြန့် နေတတ်သူဆိုတော့ သူ့ကို အထင်သေးမှာ သေချာပေမဲ့ ကျွန်တော်ကတော့ အလွန်သဘောကျတယ်။ နင်းရွှဲ့ကို ဖမ်းမိရင် သခင်လေးက ကျွန်တော့်ကို ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ့် ယောက်ျားစစ်စစ်ဆိုတာ ဘယ်လိုလဲဆိုတာ သူ့ကို ကျွန်တော် ကောင်းကောင်း သိအောင် လုပ်ပေးလိုက်မယ်။ ဟားဟားဟား...”
ထိုအချိန်တွင် ယွမ်ထျန်ကျောက်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ မျှော်လင့်ထားသည့် မြင်ကွင်းက ပေါ်ထွက်မလာသောကြောင့်ပင်။
ခွန်လွန်ကျွန်စစ်သည်များ မြို့ရိုးပေါ် ရောက်သွားပြီဆိုလျှင် တစ်ဖက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ရမည် ဖြစ်သည်။ တုပိုင်၏ သွေးမိစ္ဆာစစ်သည်များမှအပ မည်သည့်စစ်တပ်မဆို ခွန်လွန်ကျွန်စစ်သည်များနှင့် တွေ့ပါက ခုခံနိုင်စွမ်း မရှိချေ။ သန်မာလှသော ဂျာချင်စစ်သည်များပင်လျှင် ခွန်လွန်ကျွန်စစ်သည် တစ်ဦးကို သတ်ရန် စစ်သည်သုံးဆယ် သို့မဟုတ် စစ်သည်လေးဆယ်ခန့် ဖြင့်အသေအကြေတိုက်ခိုက်ရသည်။
သို့သော် ယခုအခါ ပိုင်ဆယ်မြို့ရိုးပေါ်တွင်မူ သူ၏ ခွန်လွန်ကျွန်စစ်သည်များမှာ သတ်ဖြတ်ခံနေရသည်။ မဟုတ်သေး... တစ်ချက်တည်းနှင့်ပင် အပြတ်အသတ် အသတ်ခံနေရခြင်းပင်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ အသတ်ခံနေရသည်။ မည်သည်တို့ ဖြစ်ကုန်သည်နည်း။ ခွန်လွန်ကျွန်စစ်သည်များသည် ပြိုင်ဘက်ကင်းသည် မဟုတ်ပါလော။ အဘယ်ကြောင့် ရှုံးနိမ့်နေရသည်နည်း။
ပိုင်ဆယ်မြို့ရိုးပေါ်ရှိ သွေးမိစ္ဆာစစ်သည်များနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် သူတို့၏ ထူးဆန်းသော အလင်းတန်း သံဓားများကို ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရုံသာ ရှိသေးသည်။ လျှပ်စစ်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရပြီး သန်မာလှသော ခွန်လွန်ကျွန်စစ်သည်မှာ မည်သို့မျှ မခုခံနိုင်ဘဲ တိုက်ရိုက်ပင် လဲကျသွားကာ မီတာတစ်ဆယ်ကျော် မြင့်သော မြို့ရိုးပေါ်မှ အောက်သို့ ပြုတ်ကျသွားတော့သည်။
ဤခွန်လွန်ကျွန်စစ်သည် တစ်ဦးစီတိုင်းသည် ရွှေပုံငွေပုံ တန်ကြေးရှိကြ၏။ အရှေ့ဘက် ပြည်ထောင်စုသည် နှစ်စဉ် ခွန်လွန်ကျွန်စစ်သည် ငါးထောင်ခန့်ကို မီးနတ်ဘုရားဂိုဏ်းနှင့် အနောက်ကမ္ဘာမှ နယ်စားမင်းများထံ ကိုယ်ရံတော်များအဖြစ် ရောင်းချလေ့ရှိသည်။
သို့သော်လည်း နယ်စားမင်းများထံ ရောင်းချသည့် ခွန်လွန်ကျွန်စစ်သည်များမှာ သာမန်သာ ဖြစ်ပြီး စစ်မြေပြင်သို့ ရောက်လာသူများမှာမှ အမှန်တကယ် စွမ်းအားကြီးသော လက်ရွေးစင် ခွန်လွန်ကျွန်စစ်သည်များ ဖြစ်ကြသည်။ သာမန်တိုက်ပွဲများတွင် စစ်သည်ဒါဇင်နှင့်ချီ၍ ဝိုင်းတိုက်မှသာ သူတို့ကို လဲကျအောင် လုပ်နိုင်ပြီး အသက်ပေါင်းများစွာ ပေးဆပ်ရစမြဲ ဖြစ်သည်။ ဂိမ်းများထဲမှ ထိပ်တန်းမိစ္ဆာများကဲ့သို့ပင်။
သို့သော် ယခုအခါတွင်မူ သူတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံနေရပြီး တစ်ချက်တည်းနှင့်ပင် အသက်ပျောက်နေကြရသည်။ သို့သော်လည်း ခွန်လွန်ကျွန်စစ်သည်များသည် သေခြင်းတရားကို မကြောက်ဘဲ မြို့ရိုးပေါ်သို့ တစ်သုတ်ပြီးတစ်သုတ် ဆက်လက် ပြေးတက်နေကြဆဲ ဖြစ်လေ၏။
တက်လာသမျှ စစ်သည်တိုင်းသည်လည်း အလင်းတန်း သံဓား၏ လက်ချက်ဖြင့် ချက်ချင်းပင် အသတ်ခံနေကြရသည်။ မြို့ရိုးပေါ်မှနေ၍ မရေမတွက်နိုင်သော ခွန်လွန်ကျွန်စစ်သည်များ အဆက်မပြတ် ပြုတ်ကျနေသည်ကိုသာ မြင်တွေ့နေရ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့သည် မျက်စိရှေ့တွင် မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း အေးစက်သွားကာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ မည်သည့်အချိန်တွင်မဆို မြေပြင်ပေါ်သို့ လဲကျသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
လျန်ကျန်း၏ ဘုရင်ခံသစ် တုကျန်းသည် ရင်ထဲတွင် မအီမသာ ဖြစ်လာကာ အသည်းအသန် သွေးများကို အန်ထုတ်လိုက်ရသည်။ “အော့... ဝေါ့...”
ယွမ်ထျန်ကျောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ “ဆုတ်... ဆုတ်ကြစမ်း... ပြန်ဆုတ်ကြ...”
အရှေ့ဘက် ပြည်ထောင်စုတွင် အမြောက်သစ်များ ၊ သေနတ်ကိုင်တပ်သစ်များနှင့် ခွန်လွန်ကျွန်စစ်သည်ဟူသည့် အဓိက လက်နက်ကြီး သုံးမျိုး ရှိသည်။ ယခုအခါ အမြောက်သစ်များမှာ အလုံးစုံ ပျက်စီးသွားပြီ ဖြစ်သလို ၊ သေနတ်ကိုင်တပ်သားများမှာလည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။ အဖိုးတန်ဆုံးဖြစ်သော ခွန်လွန်ကျွန်စစ်သည်များသာ ကျန်ရှိတော့ရာ ဤနေရာတွင် အကုန်အစင် အသေခံ၍ မဖြစ်တော့ချေ။
ယွမ်ထျန်ကျောက်၏ အမိန့်နှင့်အတူ ဆုတ်ခွာသည့် ခရုသင်းသံ ထွက်ပေါ်လာတော့သည်။ ထိုအခါ မြို့ရိုးပေါ်သို့ အသည်းအသန် တက်နေသော ခွန်လွန်ကျွန်စစ်သည်များသည် စကားတစ်ခွန်းမျှ မဆိုဘဲ နောက်သို့ လှည့်ကာ အရူးအမူး ထွက်ပြေးကြတော့သည်။
**--**--**--**--**--**--**--**
ကျန့်ရှီး စစ်မျက်နှာ၌လည်း ရှောင်မူကျစ်က အရူးအမူး အော်ဟစ်နေလေ၏။
“ဆုတ်... ဆုတ်ကြစမ်း...”
သို့သော်လည်း အမှန်တကယ် စစ်မြေပြင် ကွပ်ကဲသူမှာ စစ်သူကြီး ဖန်းထျန်မင်း ဖြစ်သဖြင့် စစ်သူကြီအားလုံးက သူ့ကိုသာ လှည့်ကြည့်နေကြ၏။
ြကြီး ဖန်းထျန်မင်း၏ ရင်ထဲတွင် အလွန်အမင်း နာကျင်နေရသည်။ သူသည် အရှေ့ဘက် ပြည်ထောင်စုကို ကိုယ်စားပြု၍ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း အမြဲတမ်း ပြိုင်ဘက်ကင်း အနိုင်ရခဲ့သူ ဖြစ်သည်။ အောင်ပွဲဟူသည် သူတို့အတွက် အကျင့်တစ်ခုလို ဖြစ်နေပြီး အကြွင်းမဲ့ ဂုဏ်သိက္ခာလည်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် ကြီးမားသော အရှုံးကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ တောင်ပြိုသကဲ့သို့သော ကြီးမားသည့် အရှုံးမျိုးပင်။ ယခင်က သူတို့သည် အင်အားမမျှသော စစ်ပွဲများကို တိုက်ခိုက်ရာတွင် ကျွမ်းကျင်ခဲ့သော်လည်း ယခုအခါတွင်မူ သူတို့ကိုယ်တိုင် အင်အားမမျှမှု၏ ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရပြီ ဖြစ်သည်။
သူတို့၏ အမြောက်များမှာ တစ်ချက်မျှပင် မပစ်ရသေးမီ ဖျက်ဆီးခံလိုက်ရသည်။ သူတို့၏ သေနတ်ကိုင်တပ်သားသစ်များမှာလည်း တုပိုင်၏ မှော်အမြောက်ဒဏ်ကြောင့် တစ်ချက်မျှပင် မပစ်ရသေးမီ ဒုက္ခိတများ ဖြစ်ကုန်ကြရသည်။
စစ်သူကြီး ဖန်းထျန်မင်းသည် ထိုမြင်ကွင်းကို ယခုထိပင် မျက်စိထဲက မထွက်နိုင်သေးချေ။ ရန်သူ့အမြောက်များက ငါးစက္ကန့်လျှင် တစ်ကြိမ် ပစ်ခတ်ပြီး တစ်ကြိမ်လျှင် ကျည်ဆန်ပေါင်း သိန်းနှင့်ချီ ထွက်ပေါ်လာသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏ ကွပ်ကဲမှုအောက်ရှိ သေနတ်ကိုင်တပ်သား တစ်သိန်းကျော်အနက် သောင်းနှင့်ချီ၍ သေဆုံးသွားခဲ့ရသည်။ ထိုအရာသည် မည်သို့သော အခြေအနေနည်း။
အရှေ့ဘက် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးနှင့် နည်းပညာယဉ်ကျေးမှု အမြင့်ဆုံးနိုင်ငံ မဟုတ်ပါလော။ သူတို့သည် ကမ္ဘာကြီးထက် ဆယ်စုနှစ်ပေါင်းများစွာ ရှေ့ရောက်နေသည် မဟုတ်ပါလော။ ဝူကျိုးမြို့ တိုက်ပွဲနှင့် လျန်ကျိုးမြို့ တိုက်ပွဲများတွင် တုပိုင်၏ စစ်တပ်မှာ ခေတ်နောက်ကျနေသော အအေးလက်နက်များကိုသာ အသုံးပြုနေဆဲဖြစ်၍ လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရသည် မဟုတ်ပါလော။
ထိုသို့ဆိုလျှင် ကျန့်ရှီးမြို့တော်ရှေ့ရှိ ဤတိုက်ပွဲတွင်မူကား မည်သို့နည်း။ တုပိုင်၏ စစ်တပ်တွင် အကျအဆုံး မည်မျှ ရှိပါသနည်း။ အနည်းငယ်မျှသာ ရှိလေသည်။
ရှောင်မူကျစ်က အော်ပြောလိုက်သည်။ “စစ်သူကြီး... အမြန် ဆုတ်ပါတော့... ပြန်ဆုတ်ပါတော့... မဟုတ်ရင် ခွန်လွန်ကျွန်စစ်သည်တွေ အကုန် အသတ်ခံရပါလိမ့်မယ်”
စစ်သူကြီးသည် မျက်ရည်များ ဝဲနေရင်းမှ အော်ဟစ်လိုက်သည်။ “ဆုတ်... ဆုတ်ကြစမ်း...”
ထို့နောက် ကျန့်ရှီးမြို့တော် အနောက်ဘက်ရှိ အရှေ့ဘက် ပြည်ထောင်စု စစ်တပ်၏ ဆုတ်ခွာရန် အချက်ပေးသံများ ထွက်ပေါ်လာတော့သည်။ မြို့ရိုးပေါ်သို့ အရူးအမူး တက်နေသော ခွန်လွန်ကျွန်စစ်သည်များသည် နောက်သို့လှည့်ကာ ထွက်ပြေးကြတော့သည်။ ကျန်ရှိနေသော စစ်သည်များမှာလည်း အအေးလက်နက်ကိုင်သူဖြစ်စေ ၊ သေနတ်ကိုင်သူဖြစ်စေ အသည်းအသန် စတင် ထွက်ပြေးကြတော့၏။
သူတို့၏ စစ်တပ်မှာ လက်ရွေးစင်များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ အမြဲတမ်း အနိုင်ရနေခဲ့ပြီး တစ်ခါမျှ နောက်မဆုတ်ခဲ့ဖူး ၊ ထွက်မပြေးခဲ့ဖူးသောကြောင့်ပင်။ သို့သော် ယခုကဲ့သို့ ကြီးမားသော အရှုံးကြီးက သူတို့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ထွက်ပြေးနေကြစဉ်အတွင်း အမိန့်ပေးမှုများမှာလည်း ဗရဗွ ဖြစ်ကုန်ကြ၏။
မြို့ရိုးထက်မှ ကြည့်လျှင် ဆုတ်ခွာနေသော အရှေ့ဘက် ပြည်ထောင်စု စစ်တပ်မှာ လိုက်လံ မောင်းနှင်ခြင်း ခံနေရသည့် တောရိုင်းတိရစ္ဆာန်အုပ်ကြီးကဲ့သို့ပင်။
တုပိုင်သည် အလင်းတန်း သံဓားကို မြှောက်လိုက်ပြီး မိစ္ဆာဝံပုလွေဘုရင်ကို စီးကာ အော်ဟစ်လိုက်၏။ “ရန်သူတွေကို လိုက်လံ သတ်ဖြတ်ကြစမ်း”
သူ၏ ဘယ်ဘက်တွင် လီတောက်ယွဲ့သည် အလင်းတန်း သံဓားကို ကိုင်ဆောင်ကာ မျိုးဗီဇပြောင်း ဝံပုလွေကြီးတစ်ကောင်ကို စီးထားပြီး ညာဘက်တွင်မူ ကျီချင်းသည်လည်း အလင်းတန်း သံဓားကို ကိုင်ဆောင်ကာ မျိုးဗီဇပြောင်း ဝံပုလွေကြီးတစ်ကောင်ကို စီးထားသည်။
သွေးမိစ္ဆာမြင်းတပ်သား နှစ်ထောင်ငါးရာနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် မြင်းတပ်သား နှစ်ထောင်ငါးရာတို့သည် အလင်းတန်း သံဓားများကို ကိုင်ဆောင်ကာ ဒီရေအလား မြို့တံခါးမှ ပြေးထွက်သွားကြပြီး အရှေ့ဘက် ပြည်ထောင်စုမှ ထွက်ပြေးနေသော စစ်သည်များကို လိုက်လံ တိုက်ခိုက်ကြတော့သည်။ “သတ်... သတ်ကြစမ်း...”
**--**--**--**--**--**--**--**
ပိုင်ဆယ်မြို့တွင်လည်း... လီကျန့် ၊ မဟာဆရာသခင် နင်ဇောင်ဝူ ၊ လီတောက်အန်း ၊ ဝမ်ယန်ယင်းတူ ၊ ကျီရှီနှင့် အခြားသူများသည်လည်း အလင်းတန်း သံဓားများကို ကိုင်ဆောင်ကာ မျိုးဗီဇပြောင်း ဝံပုလွေကြီးများကို စီးထားကြ၏။
လီကျန့်၏ အမိန့်ပေးမှုနှင့်အတူ သွေးမိစ္ဆာမြင်းတပ်သား နှစ်ထောင်ငါးရာနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည် နှစ်ထောင်ငါးရာတို့သည် အလင်းတန်း သံဓားများကို ကိုင်ဆောင်ကာ မြို့တံခါးမှ ပြေးထွက်သွားကြတော့သည်။ “သတ်... သတ်ကြစမ်း...”
မျိုးဗီဇပြောင်း ဝံပုလွေကြီးများကို စီးထားသော သွေးမိစ္ဆာမြင်းတပ်သားများသည် ပြိုင်ဘက်ကင်းလှပေသည်။ မျိုးဗီဇပြောင်း ဝံပုလွေကြီးများသည် တစ်စက္ကန့်လျှင် မီတာ သုံးဆယ် ခန့် အရှိန်ဖြင့် ပြေးနိုင်ကြရာ ရန်သူမှန်သမျှကို အလွယ်တကူ နင်းခြေသွားနိုင်ကြ၏။
သွေးမိစ္ဆာစစ်သည်များသည် ဘယ်ဘက်လက်တွင် ဓားအကြီးစားကို ကိုင်ဆောင်ထားပြီး ညာဘက်လက်တွင် အလင်းတန်း သံဓားကို ကိုင်ဆောင်ကာ ဝံပုလွေကြီးများကို စီးနင်း၍ တိုက်ခိုက်ကြသည်။ လမ်းတွင် တွေ့သမျှ လူတိုင်းမှာ တစ်ချက်တည်းနှင့်ပင် အသတ်ခံရကာ အလင်းရောင် တစ်ချက်လက်သွားသည်နှင့် အသက်ပျောက်သွားကြရလေ၏။
သာမန်စစ်သည်များနှင့် တွေ့ပါက တိုက်ရိုက်ပင် ခါးပြတ်အောင် ခုတ်ပိုင်းပစ်လိုက်ကြသည်။ သန်မာလှသော ခွန်လွန်ကျွန်စစ်သည်များနှင့် တွေ့ပါကမူ လက်ထဲရှိ အလင်းတန်း သံဓားဖြင့် ပြင်းထန်စွာ ခုတ်လိုက်ရာ ကြီးမားလှသော လျှပ်စစ်စီးကြောင်းက ရန်သူ၏ တစ်ကိုယ်လုံးသို့ စီးဝင်သွားပြီး တစ်ချက်တည်းနှင့်ပင် သေဆုံးသွားကြရပြန်သည်။
ကျန့်ရှီးမြို့ စစ်မျက်နှာတွင် တုပိုင်သည် စစ်သည်ငါးထောင်ကို ဦးဆောင်ကာ အရှေ့ဘက် ပြည်ထောင်စုမှ ထွက်ပြေးနေသော စစ်သည် သိန်းနှင့်ချီကို လိုက်လံ သတ်ဖြတ်နေ၏။ ပိုင်ဆယ်မြို့ စစ်မျက်နှာတွင်လည်း လီကျန့်က စစ်သည်ငါးထောင်ကို ဦးဆောင်ကာ သိန်းနှင့်ချီသော ရန်သူများကို လိုက်လံ သတ်ဖြတ်နေသည်။
စစ်တပ်တစ်ခု စတင် ပြိုကွဲသွားပြီဆိုလျှင် စစ်သည်ဦးရေ အနည်းအများမှာ အဓိပ္ပာယ် မရှိတော့ချေ။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည်များမှာ အလွန်အမင်း ထိတ်လန့်နေကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ ဓားက အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းနေရသနည်း။ အဘယ်ကြောင့် ကောင်းကင်ဘုံကို အာခံနိုင်နေရသနည်းဆိုသည်ကို သူတို့ စဉ်းစား၍ မရသောကြောင့်ပင်။ သူတို့ဘက်က သတ်ရန် အင်အားများစွာ မစိုက်ထုတ်ရဘဲ အဘယ်ကြောင့် တစ်ချက်တည်းနှင့် သေဆုံးနေကြရသနည်း။
တိုက်ခိုက်နေရန် အကြောင်းမရှိတော့သဖြင့် အသည်းအသန်သာ ထွက်ပြေးနေကြရတော့သည်။ သို့သော်လည်း ခြေနှစ်ချောင်းက ခြေလေးချောင်းကို မည်သို့မှ မမီနိုင်ချေ။ အထူးသဖြင့် တစ်နာရီလျှင် ကီလိုမီတာ တစ်ရာ ကျော် ပြေးနိုင်သော မျိုးဗီဇပြောင်း ဝံပုလွေကြီးများ၏ ခြေထောက်များကို မည်သို့မှ မယှဉ်နိုင်တော့ချေ။
အမှန်စင်စစ် ယခုအချိန်သည် အရှေ့ဘက် ပြည်ထောင်စုအတွက် တုပိုင်၏ စစ်တပ်ကို ချေမှုန်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ သေနတ်ကိုင်တပ်သား ငါးသောင်းခန့်သာ မီတာ ရာဂဏန်းအကွာတွင် စနစ်တကျ တန်းစီပြီး ပစ်ခတ်လိုက်မည်ဆိုပါက တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်သားများနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် မြင်းတပ်သားများမှာ အကျအဆုံး များပြားသွားမည်မှာ ကျိန်းသေပင် ဖြစ်၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၁ + ၇၇၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team