← Chapters

အခန်း (၇၇၃-၇၇၄)

Vol. 78 Ch. 773-774

အခန်း (၇၇၃-၇၇၄)

Vol. 78 Ch. 773-774

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၃ + ၇၇၄

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သို့သော်လည်း အရှေ့ဘက် ပြည်ထောင်စု၏ သေနတ်ကိုင်တပ်သစ်များမှာ ထက်ဝက်ကျော်ခန့် သေe@ကြေဒဏ်ရာရကုန်ပြီး ကျန်ရှိနေသော သောင်းနှင့်ချီသည့် စစ်သည်များမှာလည်း အရူးအမူး ထွက်ပြေးနေကြကာ အဖွဲ့အစည်းလိုက် စုစည်းနိုင်စွမ်း ကင်းမဲ့နေကြပြီ ဖြစ်သည်။ စနစ်တကျ တန်းစီရန် မဆိုထားနှင့် ၊ မတ်တတ်ရပ်ပြီး သေနတ်ကို ချိန်ရွယ်ရန်ပင် အချိန်မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် တစ်ခုလုံးသော စစ်မြေပြင်မှာ လုံးဝကို ဖရိုဖရဲ ဖြစ်နေပြီး မရေမတွက်နိုင်သော စစ်သည်များမှာ ထွက်ပြေးရင်း အချင်းချင်း တိုက်မိနေကြသောကြောင့်ပင်။ တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်သားများနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် မြင်းတပ်သားများမှာ ပစ်မှတ်ကြီးမားသော်လည်း အလွန်လျင်မြန်စွာ လှုပ်ရှားနေကြပြီး မြင်ကွင်းမှာလည်း အလွန်အမင်း ရှုပ်ထွေးနေလေ၏။ အရှေ့ဘက် ပြည်ထောင်စုမှ သေနတ်ကိုင်တပ်သားများ ပစ်ခတ်လိုက်လျှင်တောင်မှ အများစုမှာ သူတို့လူကိုသာ ပြန်ထိမည် ဖြစ်သည်။

ထို့ကြောင့် အရှေ့ဘက် ပြည်ထောင်စုတွင် သိန်းနှင့်ချီသော စစ်တပ်ကြီး ရှိနေသေးသော်လည်း လုံးဝ အသုံးမဝင်တော့ဘဲ တုပိုင်၏ မြင်းတပ်သား ငါးထောင်၏ ချေမှုန်းသတ်ဖြတ်ခြင်းကိုသာ ခံနေရတော့သည်။

“လိုက်... လိုက်... လိုက်ကြစမ်း”

သွေးမိစ္ဆာစစ်သည်တိုင်းသည် သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများပင် နီရဲနေကြသည်။ မျိုးဗီဇပြောင်း ဝံပုလွေကြီးတိုင်းသည်လည်း မျက်လုံးများ နီရဲကာ သတ်ဖြတ်ချင်စိတ်များ ပြင်းပြနေကြ၏။ သူတို့သည် ဤတိုက်ပွဲအတွက် အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ရသည် မဟုတ်ပါလော။

သွေးမိစ္ဆာမြင်းတပ်သားများသည် စစ်မြေပြင်တွင် အရူးအမူး ဒုန်းစိုင်းပြေးလွှားသင့်သော်လည်း အောင့်အီးထားခဲ့ကြရသည်။

ယခုမှသာ သူတို့၏ ခွာသံများကို အပြည့်အဝ ဖွင့်ချနိုင်ပြီး စိတ်ကြိုက် သတ်ဖြတ်ခွင့် ရသွားကြခြင်းပင်။ စစ်မြေပြင် တစ်ခုလုံးသည် ယမမင်း၏ ငရဲဘုံအဖြစ်သို့ အလုံးစုံ ပြောင်းလဲသွားလေ၏။

စက္ကန့်တိုင်း၌ မရေမတွက်နိုင်သော စစ်သည်များ သေဆုံးနေကြရ၏။ နေရာအနှံ့တွင် အလောင်းများနှင့် သွေးများသာ ဖုံးလွှမ်းနေလေ၏။

“မိုဟန်ကို လိုက်ဖမ်းကြစမ်း”

“ရှောင်မူကျစ်ကို လိုက်သတ်ကြစမ်း”

တုပိုင်က အော်ဟစ်လိုက်ပြီးနောက် မဟာဆရာသခင် နှစ်ပါး ၊ ဆရာသခင် အချို့ ၊ ရှာမန် ဒါဇင်ပေါင်းများစွာနှင့် သိုင်းပညာရှင် တစ်စုကို ဦးဆောင်ကာ ရှောင်မူကျစ်နှင့် အခြားသူများနောက်သို့ အရူးအမူး လိုက်လံ ဖမ်းဆီးတော့သည်။

ပိုင်ဆယ်မြို့ စစ်မျက်နှာ၌လည် လီကျန့်က အော်ဟစ်လိုက်၏။ “တုကျန်းကို လိုက်သတ်ကြ... ယွမ်ထျန်ကျောက်ကို လိုက်သတ်ကြစမ်း”

--------------

ဧကရာဇ်ယုံချန်သည် သောင်းနှင့်ချီသော စစ်တပ်ကို ဦးဆောင်၍ လီပေါင်း ရာနှင့်ချီသော ခရီးကို နေ့ရောညပါ နှစ်ရက်တိတိ အပြင်းနှင်လာခဲ့သည်။ ယခုအခါတွင်မူ သူ၏ စစ်တပ်သည် မြို့ရိုးအောက်သို့ ရောက်ရှိလာပြီ ဖြစ်၏။

တုပိုင်၏ အခြားသော အဓိက မြို့တော်ဖြစ်သည့် ဟုန်ဟယ်မြို့က သူ၏ မျက်စိရှေ့တွင် ရှိနေသည်။ ဤနေရာတွင် မရေမတွက်နိုင်သော အလုပ်ရုံများ ၊ မရေမတွက်နိုင်သော ဖယောင်းပိတ်စများနှင့် မရေမတွက်နိုင်သော ငွေတုံးငွေခဲများ ရှိနေလေ၏။

လက်ရှိအချိန်တွင် ဧကရာဇ်ယုံချန်သည် နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း မြို့ကြီးပြကြီး တစ်ခုမျှ မရှိခဲ့ဘဲ စီးပွားရေးမှာလည်း ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေသည်။

ဟုန်ဟယ်မြို့ကိုသာ သိမ်းပိုက်နိုင်လျှင် အနည်းဆုံး ငွေတုံး သန်းနှင့်ချီ၍ ရရှိနိုင်ပေမည်။

လက်ရှိအချိန်တွင် ဟုန်ဟယ်မြို့တံခါးမှာ ပိတ်ထားပြီး မြို့ရိုးပေါ်၌ လူထောင်ဂဏန်းခန့်သာ ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့မှာ ရှေ့တန်းမှ လက်ရွေးစင်တပ်ဖွဲ့ မဟုတ်ကြောင်း သိနိုင်သည်။

"တကယ်ကို ငါ့အတွက် အထောက်အကူဖြစ်တာပဲ" ဧကရာဇ်ယုံချန်က ရယ်မောလိုက်သည်။ "တုပိုင်ခိုးရာပါ အုပ်စုတွေက မျိုးသုဉ်းမယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ။ သူတို့ ဒီဟုန်ဟယ်မြို့ကို လုံးဝ ဂရုမစိုက်နိုင်တော့ဘူး။ ခံစစ်ဆိုတာလည်း လုံးဝကို မရှိတာ။ ငါ ဒီမြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီ"

ထို့နောက် ဧကရာဇ်ယုံချန်သည် ဟုန်ဟယ်မြို့အနီးသို့ ချဉ်းကပ်သွားပြီး ကျယ်လောင်စွာ ပြောလိုက်၏။ "ငါက တာ့နင်အင်ပါယာရဲ့ တစ်ပါးတည်းသော တရားဝင် ဧကရာဇ်ယုံချန်ပဲ။ တုပိုင်ဆိုတဲ့ ပုန်ကန်သူ သူခိုးကတော့ ပျက်စီးရတော့မယ်။ ဘုရားသခင်မှာ ကောင်းမွန်တဲ့ အသက်ရှင်သန်ခြင်းဆိုတဲ့ ကရုဏာတရား ရှိတယ်လို့ ငါထင်တယ်။ ဒါကြောင့် အလဟဿ သတ်ဖြတ်ရတာကို ငါ မလုပ်ရက်ဘူး။ မင်းတို့ ချက်ချင်း လက်နက်ချပြီး မြို့တံခါးကို ဖွင့်ပေးဖို့ ငါ အမိန့်ပေးတယ်"

မြို့တံခါးပေါ်ရှိ အရာရှိတစ်ဦးမှာ တုပိုင်၏ စတုတ္ထတပ်မတော်မှ မသန်စွမ်း စစ်သည်တစ်ဦး ဖြစ်သည်။ သူသည် မြောက်ပိုင်း စစ်မျက်နှာတွင် လက်တစ်ဖက် ပြတ်သွားခဲ့သဖြင့် ဒုတိယတန်းစား စစ်တပ်သို့ ရောက်လာပြီး ဟုန်ဟယ်မြို့၏ မြို့တံခါးအရာရှိ ဖြစ်လာခဲ့ခြင်း ဖြစ်၏။

လက်ရှိအချိန်တွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော ဧကရာဇ်ယုံချန်နှင့် သူ၏အနောက်ရှိ သောင်းနှင့်ချီသော လူများကို မြင်သောအခါ သူက တံတွေးတစ်ချက် ထွေးချလိုက်သည်။

"တောက်..." မသန်စွမ်း အရာရှိက အထင်သေးစွာ ပြုံးလိုက်သည်။ "ခေတ်မကောင်းတော့ ခွေးတွေကြောင်တွေကတောင် ဧကရာဇ်တတ်လုပ်နေကြပြီပေါ့"

ထိုစကားများ ထွက်ပေါ်လာသည့်အခါ ဧကရာဇ်ယုံချန်မှာ အမျက်ဒေါသချောင်းချောင်း ထွက်သွားရသည်။

"တုပိုင်ရဲ့ ပုန်ကန်တဲ့ သူခိုးလက်ပါးစေတွေ... ကောင်းကင်က မင်းတို့ကို ပြစ်တင်ရှုတ်ချလိမ့်မယ်" ဧကရာဇ်ယုံချန်က ဓားကို ဆွဲထုတ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "မြို့စောင့်တပ်တွေက ခေါင်းမာပြီး ငါ့ရဲ့ မြောက်ပိုင်းစစ်ချီမှု မဟာလုပ်ငန်းစဉ်ကြီးကို နှောင့်ယှက်နေကြတယ်။ တုပိုင်ဆိုတဲ့ သူခိုးတွေက ပုန်ကန်နေကြပြီ။ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ အသက်ရှင်ခွင့် မရတော့ဘူး မဟုတ်လား။ လူဘယ်လောက်များများက ငတ်မွတ်ခေါင်းပါးနေကြပြီလဲ။ လူဘယ်လောက်များများက ငါတို့ရဲ့ ကယ်တင်မှုကို စောင့်ဆိုင်းနေကြပြီလဲ"

"တုပိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့အတွက် အချိန်ဆွဲနေလို့ မရဘူး။ ငါ သုံးကနေ ရေတွက်မယ်။ မင်းတို့ မြို့တံခါးကို မဖွင့်ဘူးဆိုရင် ငါတို့ ချက်ချင်း မြို့ကို တိုက်ခိုက်ပြီး မင်းတို့ကို သတ်ပစ်မယ်"

"သုံး..."

"နှစ်..."

"တစ်..."

ရေတွက်မှု ပြီးဆုံးသွားသည်နှင့် ဧကရာဇ်ယုံချန်က ဟိန်းဟောက်လိုက်၏။ "မြို့ကို တိုက်ကြစမ်း"

ချက်ချင်းပင် သူ၏ သောင်းနှင့်ချီသော စစ်တပ်ကြီးသည် တုပိုင်၏ အဓိကမြို့တော် ဖြစ်သော ဟုန်ဟယ်မြို့ကို စတင် တိုက်ခိုက်ကြတော့သည်။

ဧကရာဇ်ယုံချန်သည် မြောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ လီပေါင်း ရာနှင့်ချီ ကွာဝေးသော ကျန့်ရှီးမြို့ကို မြင်ယောင်လာသည်။ ထိုနေရာရှိ စစ်ပွဲမှာ ပြီးဆုံးသွားလောက်ပြီ ဖြစ်ကာ ၊ လက်ရှိအချိန်တွင် တုပိုင်လည်း အသတ်ခံလိုက်ရလောက်ပြီ မဟုတ်ပါလော။

"သူခိုးလေး တုပိုင်... မင်းရဲ့ ဟုန်ဟယ်မြို့ကို ငါ သိမ်းပိုက်လိုက်ပြီ။ မင်း အပင်ပန်းခံ စုဆောင်းထားတဲ့ ရိက္ခာတွေအားလုံး ငါ့ဆီ ရောက်လာပြီလေ။ ဒါကိုသာ မင်းသိရင် သွေးအန်ပြီး သေလောက်တယ် မဟုတ်လား။ ငါက မင်း ဒုက္ခရောက်နေတုန်း အခွင့်ကောင်းယူတာ မဟုတ်ဘူး ၊ ပြည်သူတွေကို ကယ်တင်ဖို့ လုပ်နေတာကွ"

"သူခိုးလေး တုပိုင်... မင်းရဲ့ အဓိက မြို့ကြီးကို ငါ မကြာခင် ချိုးဖျက်ပြီး မင်းအပေါ် သစ္စာရှိတဲ့ စစ်သည်တွေ အားလုံးကို သတ်ပစ်တော့မယ်။ ဒီမြင်ကွင်းကို မင်း မမြင်သွားရတာ တကယ်ကို နှမြောစရာပဲ" ဧကရာဇ်ယုံချန်သည် ရင်ထဲတွင် ရယ်မောနေသော်လည်း အပြင်ပန်းတွင်မူ တစ်စုံတစ်ရာ ပြောင်းလဲမှု မပြဘဲ ခိုင်မာပြတ်သားကာ အလွန်အမင်း ကြေကွဲနေသည့် အသွင်ကိုသာ ဖော်ပြနေလေ၏။

"မြို့ကို သိမ်းပိုက်ပြီး တုပိုင်အပေါ် သစ္စာရှိတဲ့ ပုန်ကန်သူ မှန်သမျှကို သတ်ပစ်ကြ။ ဟုန်ဟယ်က အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ယူဆောင်ပေးကြစမ်း"

သို့သော် ထိုအချိန်၌ပင် ရုတ်တရက် ပြင်းထန်လှသော မြင်းခွာသံများနှင့်အတူ ဖုန်လုံးကြီးများ လွင့်ပျံလာသည်။

ဧကရာဇ်ယုံချန်မှာ မအံ့သြဘဲ မနေနိုင်တော့ချေ။

ဤသည်မှာ မည်သည့် စစ်တပ်နည်း။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်များက သူတို့ ဟုန်ဟယ်မြို့ကို လာရောက် သိမ်းပိုက်သည်ကို ဒေါသထွက်ကာ လာရောက် တိုက်ခိုက်ခြင်းများ ဖြစ်နေမည်လော။

မကြာမီမှာပင် အဝေးမှ နီးကပ်လာသော မြင်းတပ်မှာ လူထောင်ပေါင်းများစွာ ပါဝင်သည့် အရှေ့ဘက် ပြည်ထောင်စု၏ မြင်းတပ်ပင် ဖြစ်ကြောင်း သေချာသွားလေသည်။

ထိုအထဲတွင် အရူးအမူး ပြေးလွှားလာနေသော ခွန်လွန်ကျွန်စစ်သည် ရာနှင့်ချီ၍ပင် ပါဝင်နေသေး၏။

ဧကရာဇ်ယုံချန်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ယင်လာရသည်။ သူသည် အရှေ့ဘက် ပြည်ထောင်စုနှင့် အမှန်တကယ် စစ်မဖြစ်ချင်ပေ။ သို့သော် 'မင်းတို့နိုင်ငံရဲ့ သံတမန်နဲ့ ငါ့မှာ လျှို့ဝှက်သဘောတူညီချက် ရှိတယ်' ဟုလည်း အော်ပြော၍ မရနိုင်ချေ။

သူ၏ အမတ်များနှင့် စစ်တပ်မှာ သူ အရှေ့ဘက် ပြည်ထောင်စုနှင့် ပူးပေါင်းကြံစည်ထားကြောင်းကို မသိရှိကြချေ။ သူ မရရှိသေးသော အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ရောင်းစားထားကြောင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။

အရှေ့ဘက် ပြည်ထောင်စု၏ မြင်းတပ်မှာ တဖြည်းဖြည်း ပို၍ နီးကပ်လာ၏။

ဧကရာဇ်ယုံချန်မှာ ထိတ်လန့်လွန်း၍ ဦးရေပြားများပင် ထုံကျင်လာကာ တိုက်ရမည်လော ၊ စကားပြောရမည်လောပင် မသိတော့ချေ။

သေချာစွာ ကြည့်လိုက်သောအခါ ထိုမြင်းတပ်ကို ဦးဆောင်လာသူမှာ သခင်လေး ဖန်းချန်၏ တိုက်ရိုက်လက်ထောက် ရှောင်မူကျစ် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

ဧကရာဇ်ယုံချန်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် စေ့စပ်ဆွေးနွေးရန် ရှေ့သို့ ထွက်သွားလိုက်တော့သည်။

သို့သော်လည်း ရှောင်မူကျစ်က သူ့ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် ဆက်လက် ထွက်ပြေးသွားလေသည်။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ဖုံးလွှမ်းနေ၏။

"သူတို့က... ထွက်ပြေးနေကြတာလား" ဧကရာဇ်ယုံချန်မှာ လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

မကြာမီမှာပင် နောက်ထပ် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်းတပ်တစ်ခုကို သူ မြင်လိုက်ရသည်။ တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်သားများသည် ဒုန်းစိုင်းပြေးလွှားနေသော အမြောက်တပ်ကြီးတစ်ခုအလား သူတို့နောက်သို့ အရူးအမူး လိုက်လံ ဖမ်းဆီးနေကြလေသည်။

ရှောင်မူကျစ်နှင့် အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာပြီး အခြားသော သွေးမိစ္ဆာမြင်းတပ်သားများမှာလည်း အသည်းအသန် အရှိန်တင်ကာ ရှေ့သို့ ပြေးထွက်ပြီး ရှောင်မူကျစ်၏ တပ်ပျက်များကို ဝိုင်းရံရန် ကြိုးစားနေကြသည်။

ဧကရာဇ်ယုံချန်၏ ခန္ဓာကိုယ်မှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ အေးစက်တောင့်တင်းသွားရ၏။

ဧကရာဇ်ယုံချန်သည် ကျောက်ရုပ်တစ်ရုပ်အလား ရပ်တန့်နေပြီး သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို နားလည်လက်ခံနိုင်ရန် ရုန်းကန်နေရသဖြင့် စိတ်အာရုံများ ချာချာလည်နေတော့သည်။

သူသည် လုံးဝကို အငိုက်မိသွားခဲ့ပြီး ကြိုတင်ပြင်ဆင်ရန် အချိန်တစ်စက္ကန့်မျှပင် မရလိုက်ချေ။ နေရာအနှံ့ သွားလာဖူးသူပီပီ သူသည် အရှေ့ဘက် ပြည်ထောင်စု၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အင်အားကို နားလည်ထားသည့် အတွေ့အကြုံရင့်ကျက်သူ တစ်ဦး ဖြစ်သည်။

မကြာသေးမီကမှ သူတို့သည် အမေရိကတိုက်ရှိ အနောက်ဘက် မဟာမိတ်တပ်ပေါင်းစုကို ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်ကာ... ထိုအောင်မြင်မှုကပင် သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့ပြီး ဖြစ်သည်။

သူ၏ အမြင်တွင် အရှေ့ဘက် ပြည်ထောင်စုသည် မြင့်မြတ်ပြီး စွမ်းအားကြီးမားသော နဂါးကြီးတစ်ကောင် ဖြစ်သည်။

မြောက်ပင့်ပြောရလျှင် တုပိုင်မှာ လိပ်တစ်ကောင်သာ ဖြစ်၏။ သူသည် လီရူဟိုင်နှင့် ဂျာချင်အင်ပါယာကို အနိုင်ရခဲ့သော်လည်း ရှေးကျပြီး ခေတ်နောက်ကျနေသော တာ့နင်အင်ပါယာတွင်သာ သောင်းကျန်းနေနိုင်ခြင်း ဖြစ်သည်။ အရှေ့ဘက် ပြည်ထောင်စုနှင့် တွေ့သောအခါ သူ့မှာ အလွယ်တကူပင် အကြိတ်ခံရပြီး သေဆုံးသွားလိမ့်မည် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ရှောင်မူကျစ်က ထွက်ပြေးနေပြီး တုပိုင်က သူ့နောက်သို့ လိုက်နေသည်လား။ နေမင်းကြီးက အနောက်ဘက်ကနေ ထွက်လာတာများလား။ ဤကမ္ဘာကြီးက ရူးသွပ်နေပြီလား။

တုပိုင်သည် သွေးမိစ္ဆာမြင်းတပ်သား တစ်ထောင်ကို ဦးဆောင်ကာ ဒုန်းစိုင်းဖြတ်ပြေးသွားရင်း ဧကရာဇ်ယုံချန်နှင့် သူ၏ သောင်းနှင့်ချီသော စစ်တပ်ကြီးနှင့်လည်း ဆုံတွေ့သွားလေ၏။

သို့သော် သူက ဧကရာဇ်ယုံချန်ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး ရှောင်မူကျစ်နောက်သို့ ဆက်လက် ဖမ်းဆီးရန် ထွက်သွားလေသည်။

မကြာမီမှာပင် ရှောင်မူကျစ်၏ လူထောင်ပေါင်းများစွာမှာ တုပိုင်၏ စစ်တပ်က ရှေ့နောက် ညှပ်ပိတ်လိုက်ခြင်းကို ခံလိုက်ရပြီး ဆက်လက် ထွက်ပြေး၍ မရနိုင်တော့ချေ။

ထိုအခိုက် ရုတ်တရက်ဆိုသလိုပင် ဧကရာဇ်ယုံချန်၏ ခေါင်းထဲတွင် အလိုအလျောက် အတွေးတစ်ခု ဝင်လာလေ၏။ ထိုသည်မှာ ရှောင်မူကျစ်နှင့် ပူးပေါင်းကာ တုပိုင်ကို ချေမှုန်းရန်ပင် ဖြစ်သည်။

ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြစ်ပြီး တုပိုင်သည် အများဆုံး မြင်းတပ်သား နှစ်ထောင်ခန့်သာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ရှောင်မူကျစ်၌ လူသုံးထောင် ရှိပြီး ယုံချန်၏ လက်အောက်တွင် စစ်သည်အင်အား ခြောက်သောင်းကျော် ရှိနေလေသည်။

တုပိုင်၏ စစ်တပ်က မည်မျှပင် သန်မာစေကာမူ လူခြောက်သောင်း ခုနစ်သောင်းခန့်အား မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ချေ။

ထို့ပြင် တုပိုင်က ရှောင်မူကျစ်ကို ချေမှုန်းပြီးသွားလျှင် သူ့ကိုရော... သူဧကရာဇ်ယုံချန်ကို အလွတ်ပေးမည်လော။ မဖြစ်နိုင်ချေ။

“တုပိုင်က ပုန်ကန်နေပြီ။ ပုန်ကန်တဲ့ အမတ်တွေနဲ့ သူခိုးတွေ အားလုံး ပြစ်ဒဏ်ပေးခံရမယ်” ဧကရာဇ်ယုံချန်က ဟိန်းဟောက်လိုက်သည်။ “သတ်... တုပိုင်ရဲ့ သူခိုးတွေကို သတ်ကြစမ်း။ တာ့နင်အင်ပါယာအတွက် ပြန်လည် တိုက်ခိုက်ကြစမ်း”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် သူ၏ လက်အောက်ရှိ စစ်သူကြီးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အခက်တွေ့နေသည့် အမူအရာများ ပြသလိုက်ကြ၏။

လက်ရှိအချိန်တွင် ဧကရာဇ်ယုံချန်၏ လက်အောက်ရှိ စစ်တပ်မှာ အန်နမ်နိုင်ငံ၏ စစ်တပ် တစ်စိတ်တစ်ပိုင်း ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ စစ်တပ် တစ်စိတ်တစ်ပိုင်းနှင့် ရှုမင်းသားအိမ်တော်၏ စစ်တပ် အနည်းငယ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အန်နမ်နိုင်ငံ၏ စစ်တပ်သည် တုပိုင်နှင့် ပတ်သက်၍ နက်ရှိုင်းသော အထင်အမြင်မျိုး မရှိခဲ့သော်လည်း တုပိုင်သည် အန်နမ်ဘုရင် လီချန်နှင့် အလွန်ရင်းနှီးသောညမိတ်ဆွေတစ်ဦးဖြစ်ကြောင်းကိုမူ သိထားကြသည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် တုပိုင်နှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သော်လည်း တုပိုင်ကို တိုက်ခိုက်ရန် လုံးဝ မရည်ရွယ်ခဲ့ချေ။ ထို့ကြောင့် သူ၏ စစ်သူကြီးများသည်လည်း ဆုန်ချွဲ၏ ဆန္ဒအတိုင်း လိုက်နာခဲ့ကြပြီး တုပိုင်အပေါ် ထားရှိသည့် သဘောထားမှာ ရေတွင်းရေက မြစ်ရေကို မနှောင့်ယှက်သကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဝင်ရောက်မစွက်ဖက်ကြချေ။

ဧကရာဇ်ယုံချန်သည် ဟုန်ဟယ်မြို့ကို သိမ်းပိုက်ရန် စစ်တပ်ကို မဦးဆောင်မီက သူ၏ သောင်းနှင့်ချီသော စစ်တပ်မှ စစ်သူကြီးများကလည်း သဘောတူညီခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ရင်ထဲတွင် အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်က တုပိုင်ကို တိုက်ခိုက်နေပြီး တုပိုင်မှာ သေချာပေါက် သေဆုံးရမည် ဖြစ်သောကြောင့် အရှေ့ဘက် ပြည်ထောင်စု၏ လက်ထဲသို့ ကျရောက်သွားမည့်အစား ဟုန်ဟယ်မြို့ကို သူတို့ဘာသာ သိမ်းပိုက်လိုက်ခြင်းက ပိုကောင်းသည်ဟု ယူဆထားသောကြောင့်ပင်။

သို့သော် ယခုအခါ တုပိုင်ကို ရန်သူတစ်ဦးအနေဖြင့် တိုက်ရိုက် တိုက်ခိုက်ရမည်တဲ့လော။ သူတို့အတွက်မူ ထိုသို့လုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခင်က မဟာမိတ်စစ်စစ်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။

သူ၏လက်အောက်ရှိ စစ်တပ်မှာ စိတ်ဝင်စားမှု မရှိသည်ကို မြင်သောအခါ ဧကရာဇ်ယုံချန်၏ ဘေးရှိ ရှုမင်းသားအိမ်တော်မှ စစ်သူကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ "အရှင်မင်းကြီးရဲ့ အမိန့်တော်ကို မကြားကြဘူးလား။ မင်းတို့က အမိန့်တော်ကို ဆန့်ကျင်ချင်နေကြတာလား"

"တုပိုင် ဘာလုပ်ခဲ့သလဲဆိုတာ မင်းတို့ မသိကြဘူးလား။ သူက မိန်းမတစ်ယောက်ကို ဧကရာဇ်တင်မြှောက်ပြီး အာဏာလုယူခဲ့တာ။ ဒီလို ပုန်ကန်တဲ့သူက တာ့နင်အင်ပါယာရဲ့ ရန်သူဖြစ်ရုံသာမက တရုတ်ရိုးရာထုံးတမ်းစဉ်လာရဲ့ မဟာရန်သူလည်း ဖြစ်တယ်။ ဒီလို ဖောက်ပြန်တဲ့ အမတ်မျိုးကို လောကကြီးက တရားမျှတတဲ့သူတွေ အနေနဲ့ အခြေအနေကို ပြောင်းလဲပြီး ပုန်ကန်သူတွေကို သတ်ပစ်သင့်တယ်"

"ပုန်ကန်တဲ့ အမတ်တွေနဲ့ သူခိုးတုပိုင်ကို သတ်ကြစမ်း"

"ပုန်ကန်တဲ့ အမတ်တွေနဲ့ သူခိုးတုပိုင်ကို သတ်ကြစမ်း"

ဧကရာဇ်ယုံချန်သည် တုပိုင်ကို ချေမှုန်းရန် ဤတစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် သူ၏ သောင်းနှင့်ချီသော စစ်တပ်ကို အသည်းအသန် လှုံ့ဆော်နေလေ၏။

ထို့နောက် သူသည် စစ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သူ၏အနောက်ရှိ ရှုမင်းသားအိမ်တော်မှ စစ်သည်များကလည်း စစ်ဓားများကို ဆွဲထုတ်ကာ တုပိုင်၏ နောက်ကျောဘက်သို့ ပြေးဝင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် တုပိုင်နှင့် ရှောင်မူကျစ်တို့၏ လူထောင်ပေါင်းများစွာမှာ စတင်တိုက်ခိုက်နေကြပြီ ဖြစ်ရာ သူတို့က အနောက်ဘက်မှနေ၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်ပြီး မီးလောင်ရာ လေပင့်နိုင်သောကြောင့်ပင်။

ထို့ပြင် သူသည် ဧကရာဇ်တစ်ပါးအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ရှေ့သို့ ထွက်လာခဲ့ပြီဖြစ်ရာ သူ၏ လက်အောက်ရှိ သောင်းနှင့်ချီသော လူများမှာ မလိုလားသော်လည်း ရှေ့သို့သာ ပြေးဝင်သွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

"တုပိုင်ကို သတ်... တုပိုင်ကို သတ်ကြစမ်း"

သို့သော် နောက်တစ်စက္ကန့်တွင် ဧကရာဇ်ယုံချန်နှင့် သူ၏ ပတ်လည်ရှိ ရှုမင်းသားအိမ်တော်မှ စစ်သည်များမှာ လုံးဝကို အံ့အားသင့် မှင်သက်သွားကြရသည်။

သူတို့၏ အထင်တွင်မူ ရှောင်မူကျစ်၏ လူထောင်ပေါင်းများစွာမှာ အလွန်အမင်း စွမ်းအားကြီးမားပြီး အထူးသဖြင့် ခွန်လွန်ကျွန်စစ်သည် ရာနှင့်ချီ၍ ပါဝင်နေသည်။

တုပိုင်၏ လက်အောက်၌ သွေးမိစ္ဆာမြင်းတပ်သား တစ်ထောင်နှင့် သာမန်မြင်းတပ်သား တစ်ထောင် ရှိနေသော်လည်း တိုက်ပွဲရလဒ် ပေါ်ထွက်လာရန် အနည်းဆုံး နာရီဝက်ခန့်တော့ ကြာမြင့်မည်ဟု သူ ထင်ထားခဲ့သည်။

သို့သော် အစစ်အမှန်ရလာဒ်မှာ တစ်ဖက်သတ် အပြတ်အသတ် အသတ်ခံရခြင်းမျိုး ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ရှောင်မူကျစ်၏ ကွပ်ကဲမှုအောက်ရှိ လူသုံးထောင်မှာ တုပိုင်၏ စစ်တပ်အတွက် လုံးဝကို ပြိုင်ဘက် မဖြစ်ခဲ့ချေ။

သာမန်မြင်းတပ်သားဖြစ်စေ ၊ ခွန်လွန်ကျွန်စစ်သည်ဖြစ်စေ အားလုံးမှာ တုပိုင်၏ စစ်တပ်မှ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။ ခက်ခက်ခဲခဲ အကြိတ်အနယ် တိုက်ခိုက်နေကြခြင်း မဟုတ်ပေ။ လမ်းဘေးမှ ပေါင်းရှင်းသလိုကို အသာအယာလေး ဓားကလေးယမ်းကာ သတ်ဖြတ်နေခြင်းပင်ဖြစ်လေ၏။

ပို၍ ကြောက်စရာကောင်းသည်မှာ တုပိုင်၏ စစ်တပ်မှ ဓားဖြင့် ခုတ်ပိုင်းလိုက်သောအခါ ဓားသွားပေါ်တွင် လျှပ်စစ်အလင်းတန်းများ လက်ခနဲ ဖြစ်ပေါ်သွားခြင်းပင်။

ရှောင်မူကျစ်၏ ကွပ်ကဲမှုအောက်ရှိ စစ်သည်များမှာ အခုတ်ခံရသည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားကာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိကြချေ။

ထိုနည်းဖြင့် ရှောင်မူကျစ်နှင့်အတူ ထွက်ပြေးလာသော တပ်သားထောင်ပေါင်းများစွာမှာ နေရောင်အောက်မှ နှင်းများကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားပြီး ဆက်တိုက် သေဆုံးသွားကြလေသည်။

ဧကရာဇ်ယုံချန်မှာ သူ၏ တစ်ကိုယ်လုံးသည် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကြောင့် တစ်ဆတ်ဆတ် တုန်ယင်လာသည်ကိုပင် ခံစားလိုက်ရ၏။

ထို့နောက် သူသည် မည်သူမျှ တွေးမထားသည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။ ချက်ချင်းပင် မြင်းပေါ်သို့ တက်ကာ ထွက်ပြေးသွားခြင်းပင်။

"ဆုတ်... ပြန်ဆုတ်ကြစမ်း..."

ရှုအိမ်တော်မှ စစ်သည်ရာပေါင်းများစွာသည် မြင်းများပေါ်သို့ တက်ကာ ဧကရာဇ်ယုံချန်ကို ကာကွယ်ရင်း အနောက်တောင်ဘက်သို့ ထွက်ပြေးကြတော့၏။

ချက်ချင်းဆိုသလိုပင် ဧကရာဇ်ယုံချန်၏ သောင်းနှင့်ချီသော စစ်တပ်ကြီးသည်လည်း သူတို့နောက်မှ အသည်းအသန် ထွက်ပြေးကြတော့၏။

တုပိုင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

မဟာဆရာသခင်အဆင့် သိုင်းပညာရှင် လီတောက်ယွဲ့နှင့် စစ်သူကြီး ဖူဟုန်ပင်းတို့က သွေးမိစ္ဆာမြင်းတပ်သား သုံးရာကို ချက်ချင်း ဦးဆောင်ကာ ဧကရာဇ်ယုံချန်နောက်သို့ လိုက်လံ ဖမ်းဆီးကြတော့သည်။

ဖြစ်စဉ်တစ်ခုလုံးတွင် တုပိုင်သည် ဧကရာဇ်ယုံချန်ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။

--------------

အချိန် ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ရှောင်မူကျစ်၏ ပတ်လည်ရှိ စစ်သည်ထောင်ပေါင်းများစွာမှာ ပြောင်စင်အောင် အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ထိုအထဲတွင် ခွန်လွန်ကျွန်စစ်သည် ရာပေါင်းများစွာလည်း ပါဝင်လေ၏။

သူ၏ ဘေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။ တုပိုင်၏ လူတစ်ထောင်ကျော်က ရှောင်မူကျစ်ကို ဝိုင်းရံထားလိုက်ကြသည်။

"ညီအစ်ကို တုပိုင်... ငါတို့ စကားပြောကြရအောင်" ရှောင်မူကျစ်က ပြုံးလျက် ပြောလိုက်သည်။

တုပိုင်ကလည်း ပြုံးကာ ပြော၏။ "ပြောလေ"

ရှောင်မူကျစ်က ပြောသည်။ "မင်းဆီမှာရှိတာက ကျောက်သလင်း မှော်အမြောက်လား။ ပြီးတော့ အလင်းတန်း သံဓားတွေလား"

တုပိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မင်းတို့ အရှေ့ဘက် ပြည်ထောင်စုကလည်း အဲဒါကို လေ့လာနေတာလား"

ရှောင်မူကျစ်က ခေါင်းညိတ်အတည်ပြုကာ ပြောလိုက်သည်။ "ဟုတ်တယ်။ ငါတို့ အဲဒါကို လေ့လာနေတာ ဆယ်နှစ်ကျော်ပြီ။ ဒါပေမဲ့ ဘာတိုးတက်မှုမှ မရှိသေးဘူး။ သြစတြေးလျ ကုန်းမြေမှာလည်း ငါတို့ တခြားကမ္ဘာက စွမ်းအင်ကျောက်သလင်း အမြောက်အမြားကို တူးဖော်ရရှိထားတယ်"

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၃ + ၇၇၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters