← Chapters

အခန်း (၇၇၇-၇၇၈)

Vol. 78 Ch. 777-778

အခန်း (၇၇၇-၇၇၈)

Vol. 78 Ch. 777-778

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၇ + ၇၇၈

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

စစ်သူကြီး တူစန်းစစ်က အမိန့်ပေးလိုက်သည်နှင့် သူ၏နောက်ရှိ သောင်းနှင့်ချီသော စစ်သည်များမှာ ရုတ်တရက် သူတို့၏ ဓားများကို ဆွဲထုတ်ကာ တုပိုင်၏ ဘေးရှိ လူနှစ်ထောင်ခန့်ဆီသို့ ပြေးဝင်လာကြပြီး ဝိုင်းရံလိုက်ကြသည်။

"သနားညှာတာမနေနဲ့" တုပိုင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ "သူတို့ စခုတ်တာနဲ့ တစ်ယောက်မကျန် သတ်ပစ်"

"အမိန့်အတိုင်းပါ" ဖူဟုန်ပင်းက ပြန်ဖြေလိုက်၏။

ထို့နောက် မျိုးဗီဇပြောင်း သားရဲဝံပုလွေ တပ်သားတစ်ထောင်နှင့် ပြိုင်ဘက်ကင်း မြေအောက်စစ်သည်တော် တစ်ထောင်တို့သည် သူတို့၏ အလင်းတန်း သံဓားများကို ဆွဲထုတ်လိုက်ကြသည်။

ထိုအချိန်မှာပင် လူတစ်ယောက်နှင့် မြင်းတစ်ကောင်မှာ လျင်မြန်စွာ ဒုန်းစိုင်းပြေးဝင်လာခဲ့ရာ သူမမှာ မင်းသမီးယွီကျိန်းပင် ဖြစ်လေ၏။

"ရပ်ကြ... ရပ်ကြစမ်း"

မင်းသမီးယွီကျိန်းသည် လူအုပ်ထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး ကျန်းနန်နယ်စားမင်း၏ လက်အောက်ရှိ စစ်တပ်ကို ကျယ်လောင်စွာ ပြောလိုက်သည်။ "နင်တို့ ဘာလုပ်ချင်နေကြတာလဲ။ ကိုယ့်လူအချင်းချင်း သတ်ကြဖြတ်ကြတော့မလို့လား"

ကျန်းနန်နယ်စားမင်း၏ လက်အောက်မှ စစ်သူကြီးက ပြန်လည်ပြောဆိုလိုက်သည်။ "တုပိုင်က ပုန်ကန်တဲ့အပြင် ပထမဧကရာဇ်ကိုပါ လုပ်ကြံခဲ့သေးတယ်။ အခုလည်း ဧကရာဇ်ကိုသတ်ချင်နေတယ်"

"ဧကရာဇ်တဲ့လား" မင်းသမီးယွီကျိန်းက လှောင်ပြုံး ပြုံးလိုက်သည်။ "ယုံချန် ရုပ်သေးဧကရာဇ်ဆိုတဲ့ ခွေးသူခိုးကလည်း ဧကရာဇ်ပဲလား။ ငါ့အဖေက သူ့အပေါ် အရမ်းကို ကောင်းခဲ့တာ ၊ ငါ့အဖေက သူ့အပေါ် အရမ်းကို သစ္စာရှိခဲ့တာ။ ဒါပေမဲ့ ရလဒ်ကတော့ စစ်အာဏာကို လိုချင်လို့ သူက ငါ့အဖေကို သတ်ပစ်ခဲ့တယ်"

"မဖြစ်နိုင်ဘူး" စစ်သူကြီး တူစန်းစစ်က ဒေါသတကြီး ပြောလိုက်သည်။ "အရှင်မင်းမြတ်က စစ်သည်တွေကို သားသမီးလို ချစ်ခင်တဲ့ သန့်ရှင်းမွန်မြတ်တဲ့ ဧကရာဇ်တစ်ပါးပဲ။ သူက ဘယ်လိုလုပ် ဒီလို ရူးမိုက်တဲ့ ကိစ္စမျိုးကို လုပ်ရက်မှာလဲ။ မင်းသမီးယွီကျိန်း... မင်းက မင်းရဲ့ ကိုယ်ပိုင်ခံစားချက်တွေကြောင့် အမှားအမှန်ကို ပြောင်းပြန်လှန်ပြီး ကျန်းနန်နယ်စားမင်းရဲ့ ဂုဏ်သိက္ခာကို မြေကြီးပေါ် ဆွဲချနေတာပဲ"

မင်းသမီးယွီကျိန်းမှာ ရုတ်တရက် အမျက်ဒေါသများ ထွက်ပေါ်လာတော့သည်။

နှစ်လ သုံးလမျှသော အချိန်တိုအတွင်း၌ ဤစစ်တပ်မှ စစ်သူကြီးများသည် ယုံချန် ရုပ်သေးဧကရာဇ်၏ အပြည့်အဝ သိမ်းသွင်းခြင်းကို ခံလိုက်ရပြီး လူအများ၏ နှလုံးသားကိုပါ ဖမ်းစားနိုင်ခဲ့လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ချေ။ ယုံချန် ရုပ်သေးဧကရာဇ်၌ အမှန်တကယ်ပင် ကောင်းမွန်သော နည်းဗျူဟာများ ရှိနေသည်ဟု ဆိုရပေမည်။

သို့သော်လည်း ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို ယုံချန် ရုပ်သေးဧကရာဇ် သတ်ဖြတ်ခဲ့သည်ဟူသော သက်သေအထောက်အထား လုံးဝ မရှိပေ။

မင်းသမီးယွီကျိန်းသည် ယုံချန် ရုပ်သေးဧကရာဇ်ထံသို့ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ပြောစမ်း... ရှင် ငါ့အဖေကို သတ်ခဲ့တာလား"

ဧကရာဇ်ယုံချန်က အားနည်းစွာဖြင့် ပြန်ပြောလိုက်သည်။ "ယွီကျိန်း... ကိုယ်တော် မင်းကို မြတ်နိုးပေမယ့် မင်းကတော့ တုပိုင်ကို သဘောကျတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် မင်းအပျက်စီးခံခဲ့ရပြီး သူ့လူ ဖြစ်နေပြီလို့လည်း ပြောခဲ့တယ်။"

"ကိုယ်တော် မစွန့်လွှတ်နိုင်ပေမယ့်လည်း မင်းကို သွားခွင့်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုသွားတဲ့ သမီးမိန်းကလေးဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲလို့ ဆိုကြတယ်။ မင်းက ပုန်ကန်တဲ့ အမတ်ဖြစ်တဲ့ တုပိုင်ကို ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားနေတယ်ဆိုတာ ကိုယ်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ကိုယ်တော် သဘောမတူဘူး။ မင်းက ကိုယ်တော့်ကို စော်ကားရုံတင်မကဘဲ သေဆုံးသွားပြီဖြစ်တဲ့ မင်းရဲ့ အဖေကိုပါ စော်ကားလိုက်တာပဲ"

မင်းသမီးယွီကျိန်းမှာ အမျက်ဒေါသများ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရ၏။ လူတစ်ယောက်သည် အဖြူအမည်းကို ဤမျှအထိ ပြောင်းပြန်လှန်နိုင်လောက်အောင် ယုတ်မာကောက်ကျစ်နိုင်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။

"ရှင် ငါ့အဖေကို သတ်ခဲ့တာ သိသာနေတာပဲ။ တိရစ္ဆာန်... တိရစ္ဆာန်ကောင်" မင်းသမီးယွီကျိန်းက ငိုယိုလျက် အော်ဟစ်လိုက်သည်။

သူမ အပြေးအလွှား ထွက်လာခဲ့ရခြင်း၏ အကြောင်းရင်းမှာ တစ်ချိန်က သူမဖခင်၏ လက်အောက်တွင် ရှိခဲ့သော စစ်တပ်ကို ကယ်တင်ရန်အတွက် ဖြစ်သည်။ သူမသည် တုပိုင်၏ အမျိုးသမီး ဖြစ်လာပြီးနောက်တွင် သူမ၏ အမျိုးသားသည် ယခုအခါ၌ မည်မျှအထိ စိတ်မရှည်တတ်ဘဲ ရက်စက်ကြမ်းကြုတ်တတ်ကြောင်းကို ပို၍ပင် သိရှိနားလည်ထားလေသည်။

သူသည် ဖခင်ဖြစ်သူ၏ လက်အောက်ရှိ စစ်တပ်ကို အမှန်တကယ်ပင် သတ်ပစ်လိမ့်မည် ဖြစ်၏။

"ဟီးဟီး..." ဧကရာဇ်ယုံချန်က တုပိုင်ကို လှောင်ပြုံး ပြုံးပြလိုက်ပြီး မင်းသမီးယွီကျိန်းကိုလည်း လှောင်ပြောင်လိုက်သည်။

သူသည် အလွန် ဂုဏ်ယူဝင့်ကြွားနေလေ၏။

မင်းသမီးယွီကျိန်း ထွက်ပေါ်လာမှုက သူ့အား အောင်နိုင်သူတစ်ယောက်၏ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

သူက ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို သတ်ခဲ့သည် ဆိုလျှင်တောင် ဘာဖြစ်မည်နည်း။ မည်သူကမှ သူမကို ယုံကြည်ကြမည် မဟုတ်ပေ။

ဤသောင်းနှင့်ချီသော စစ်သည်များကို သူက အပြည့်အဝ သိမ်းသွင်းထားပြီး ဖြစ်သည်။ သူတို့က အမှန်တရားကို မဟုတ်ဘဲ သူ့ကိုသာ ယုံကြည်ကြလေသည်။

ဤသောင်းနှင့်ချီသော စစ်တပ်ကြီး၏ နှလုံးသားများကို သူမ သိမ်းပိုက်လိုပါက အိပ်မက်ထဲတွင်သာ မက်ရန်ရှိတော့သည်။

"သူ့လည်ပင်းကို ဆွဲမလိုက်စမ်း" တုပိုင်က ပြောလိုက်သည်။

သွေးမိစ္ဆာစစ်သည်တစ်ဦးက ရှေ့သို့ လှမ်းတက်လာပြီး ယုံချန် ရုပ်သေးဧကရာဇ်၏ လည်ပင်းကို ညှစ်ကာ အပေါ်သို့ ဆွဲမလိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံးကို ဓားဖြင့် ဆွဲဖြဲပစ်လိုက်သည်။

သူ၏ အောက်ပိုင်းမှာ သင်းကွပ်ခံထားရပြီး နောက်ပိုင်းတွင် ပြောင်လင်းကျွန်းသခင်၏ လူယုံက ပြန်လည် ချုပ်နှောင်ပေးထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးအကျည်းတန်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေဆဲပင် ဖြစ်၏။

"အားးးးးးးးးးးး"

"မြန်မြန်... ငါ့ကို အဝတ်အစားတွေ ပြန်ဝတ်ပေးကြစမ်း။ မြန်မြန် ၊ မြန်မြန်လုပ်"

ယုံချန် ရုပ်သေးဧကရာဇ်သည် ဂုဏ်သိက္ခာကို အလွန်အမင်း မြတ်နိုးသူတစ်ဦးဖြစ်ပြီး အချိန်တိုင်းတွင် ကြော့ရှင်းသပ်ရပ်ကာ သည်းခံခွင့်လွှတ်တတ်သည့်ဟန် ရှိသူဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူသည် လူတိုင်း၏ရှေ့၌ တွဲလောင်းချိတ်ဆွဲခံထားရပြီး သူ၏ သင်းကွပ်ခံထားရသော အောက်ပိုင်းမှာ လူအများရှေ့တွင် အထင်းသား ပေါ်လွင်နေလေရာ ထိုသည်က သူ့အား အလွန်အမင်း ဂနာမငြိမ် ဖြစ်စေပြီး မည်သည့် လုံခြုံမှုမျိုးကိုမျှ မခံစားရတော့ဘဲ အသည်းအသန် ဖုံးကွယ်ရန် ကြိုးစားနေတော့သည်။

အလွန်လှပကျော့ရှင်းသော မိန်းမချောလေးတစ်ဦး၏ ရင်ဘတ်ပေါ်တွင် မြေတီကောင်ကဲ့သို့ ရုပ်ဆိုးအကျည်းတန်ပြီး ရွံရှာဖွယ်ကောင်းသော အမာရွတ်မည်းကြီး ရှိနေပါက သူမက အသည်းအသန် ဖုံးကွယ်ထားချင်မည်သာ ဖြစ်သည်။ သူမ၏ သာလွန်ထူးကဲမှုများ အားလုံး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ ယုံကြည်မှုများ အားလုံးလည်း ပျောက်ကွယ်သွားမည်သာ ဖြစ်သကဲ့သို့ပင်။

တုပိုင်က ပြောလိုက်သည်။ "နင်ချုံးလီ... မင်း ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို သတ်ခဲ့တယ်။ ဒါက အမှန်တရားပဲ။ ဒါပေမဲ့ ဒီသောင်းနဲ့ချီတဲ့ စစ်သည်တွေ ယုံကြည်ကြမလားဆိုတာကိုတော့ ငါ နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ အဆိုးဆုံးကတော့ သူတို့အားလုံးကို သုံ့ပန်းအဖြစ် ဖမ်းဆီးပြီး သတ္တုတွင်းကျေးကျွန်တွေအဖြစ် သတ္တုတွင်းဆီကို ပို့ပစ်လိုက်ရုံပေါ့။ ငါ့ဆီမှာ စစ်သည်အင်အား လိုမနေဘူး"

တုပိုင်က ဓားကို ဆွဲထုတ်လိုက်ပြီး ယုံချန် ရုပ်သေးဧကရာဇ်၏ ပေါင်ကြားထဲသို့ တေ့ထားလိုက်သည်။ "အစက မင်းကို ရိုက်သတ်ဖို့ စဉ်းစားထားပေမယ့် မင်းက ဒီလို ရွံစရာကောင်းတဲ့ ပြဇာတ်ကို ခင်းကျင်းပြခဲ့တာပဲလေ။ ငါ မင်းကို သေခွင့်ပေးမယ်... ဒါပေမဲ့ မင်းကို နောက်တစ်ကြိမ် ထပ်ပြီး သင်းကွပ်ပစ်မယ်။ ပြီးမှ သွေးထွက်လွန်ပြီး သေသွားစေရမယ်"

ထိုစကားကို ကြားလိုက်သည်နှင့် ဧကရာဇ်ယုံချန်၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထသွားတော့သည်။

သူသည် တစ်ကြိမ် သင်းကွပ်ခံခဲ့ရပြီးဖြစ်ရာ ဒုတိယအကြိမ် ထပ်၍ အသင်းကွပ် မခံချင်တော့ပေ။ ထို့အပြင် သင်းကွပ်ခံရပြီး သွေးထွက်လွန်ကာ သေဆုံးရခြင်းမှာ အရှက်ရဖွယ်အကောင်းဆုံး သေဆုံးခြင်းနည်းလမ်းပင် ဖြစ်သည်။

လက်ရှိအချိန်တွင် သူသည် တုပိုင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ တုပိုင်က ဧကရာဇ်ကို သတ်သည့် ပြစ်မှု သို့မဟုတ် သူ၏ ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်ချေ။

ယနေ့တွင် သူ သေချာပေါက် သေရမည်ကိုလည်း ဧကရာဇ်ယုံချန် ရှင်းလင်းစွာ သိမြင်သွားလေ၏။ ကွာခြားချက်မှာ သူ မည်သို့ သေဆုံးရမည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

နာကျင်မှု ၊ အရှက်ကွဲမှုတို့ဖြင့် သေဆုံးရမည်လား... သို့မဟုတ် အေးအေးချမ်းချမ်းပင် သေဆုံးရမည်လား။

"တုပိုင်... မင်းက လူမဟုတ်ဘူး ၊ မင်းက လူမဟုတ်ဘူးကွ" ဧကရာဇ်ယုံချန်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

ထို့နောက် ဧကရာဇ်ယုံချန်က ကောင်းကင်ဆီသို့ မော့ကာ အသံကိုမြှင့်၍ အော်ဟစ်လိုက်၏။ "ဟုတ်တယ်... ငါ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို သတ်ခဲ့တာ။ ဘာလို့လဲဆိုတော့ သူက သန်လုံစီရင်စုဆီကို စစ်သည်တွေ ခေါ်သွားချင်နေလို့ပဲ။"

"ဒါက သေလမ်းသွားတာ မဟုတ်ဘူးလား။ ဘုရင်မ မိုဟန်က ဧကရာဇ်ဖြစ်တဲ့ ငါ့ကိုတောင် စိတ်မဝင်စားဘူး။ သူက အန်နမ်နိုင်ငံရဲ့ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကို လုယူချင်နေရုံပဲ။ အသက်ရှင်ကျန်ရစ်ဖို့ ၊ ဒီစစ်တပ်ရဲ့ အာဏာကို ရယူနိုင်ဖို့အတွက် ငါက သူ့ကို သတ်ပစ်မှပဲ ရတော့မှာပေါ့"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံးမှာ လုံးဝ အံ့အားသင့် မှင်တက်သွားကြတော့သည်။

ထိုအချိန်က ဧကရာဇ်ယုံချန်သည် အလွန် သူရဲကောင်းဆန်ခဲ့ပြီး ရန်သူများသည် ရုပ်သေးဧကရာဇ် ယုံတယ်၏ လက်ပါးစေများဖြစ်ကာ ရည်ရွယ်ချက်မှာ ဧကရာဇ်ယုံချန်ဖြစ်သည့် သူ့ကို သတ်ဖြတ်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။

ထို့ကြောင့် သူသွားလေရာ နေရာတိုင်းတွင် စစ်မီးလျှံများ တောက်လောင်လာမည် ဖြစ်၏။ အန်နမ်နိုင်ငံ၏ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဧကရာဇ်ယုံချန်သည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ အနောက်ဘက်သို့ ချီတက်ခဲ့ပြီး လွမ်ပရာဘွမ်နိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် ဧကရာဇ်ယုံချန်က စွန့်လွှတ်အနစ်နာခံမှုနှင့် ပေးဆပ်မှုတို့အကြောင်းကို အမြဲတစေ ပြောဆိုလေ့ရှိခဲ့သည်။

သူသည် စစ်သူကြီးများနှင့် နေ့စဉ်ရက်ဆက်ဆိုသလို စကားပြောဆိုဆွေးနွေးလေ့ရှိပြီး စစ်သည်တော်များနှင့်လည်း ဆင်းရဲဒုက္ခကို အတူတကွ မျှဝေခံစားကာ ပူးပေါင်းနေထိုင်ခဲ့သည်။ စစ်သည်တစ်ဦးတွင် ပြည်တည်နာ ရှိနေခဲ့လျှင်ပင် သူက လူတိုင်း၏ရှေ့တွင် ထိုပြည်နှင့် သွေးများကို ကိုယ်တိုင် စုပ်ထုတ်ပေးခဲ့သေး၏။

ထိုအချိန်က မရေမတွက်နိုင်သော စစ်သည်များမှာ မျက်ရည်ကျခဲ့ရပြီး ဤသည်မှာ ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူးသော သန့်ရှင်းမွန်မြတ်သည့် ဧကရာဇ်တစ်ပါးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားခဲ့ကြသည်။

ဤအကြောင်းကြောင့်ပင် ဤသောင်းနှင့်ချီသော စစ်တပ်ကြီးသည် ဧကရာဇ်ယုံချန်၏ နောက်သို့ မိုင်ထောင်ချီသည်အထိ တကောက်ကောက် လိုက်ပါခဲ့ကြပြီး လုံးဝ စွန့်ခွာမသွားခဲ့ကြခြင်း ဖြစ်ပေသည်။

"ဒါတင်မကဘူး... ငါက အရှေ့ဘက် ပြည်ထောင်စုနဲ့လည်း ပူးပေါင်းပြီး တုပိုင်ကို တိုက်ခိုက်ခဲ့သေးတယ်" ဧကရာဇ်ယုံချန်က ရယ်မောလျက် ပြောလိုက်သည်။ "လက်မှတ်ရေးထိုးခဲ့တဲ့ လျှို့ဝှက်သဘောတူစာချုပ်ထဲမှာ ငါက အရှေ့ဘက် ပြည်ထောင်စုရဲ့ ခွေးတစ်ကောင် ဖြစ်သွားပြီး မင်းတို့အားလုံးကလည်း အရှေ့ဘက် ပြည်ထောင်စုရဲ့ ခွေးလက်ပါးစေတွေ ဖြစ်သွားကြပြီ"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှိနေကြသော သောင်းနှင့်ချီသည့် စစ်တပ်ကြီးမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားကြတော့သည်။

ဧကရာဇ်ယုံချန်၏ စကားများသည် ဤစစ်တပ်ကို နောင်တရစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဤစစ်တပ်၏ စိတ်ဓာတ်ခွန်အားနှင့် အခြေခံအမြစ်များကို လုံးဝ ဖျက်ဆီးပစ်ရန် ၊ သူတို့၏ သစ္စာစောင့်သိမှုဆိုသော အယူအဆကို လုံးဝ ပြောင်းပြန်လှန်ပစ်ရန် ဖြစ်သည်။

ထိုအခါမှသာ ဤစစ်တပ်သည် နောက်ပိုင်းတွင် အပြောင်းအလဲများကို တားဆီးရန်အတွက် မည်သည့်အခါမျှ အသုံးဝင်လာမည် မဟုတ်တော့ချေ။

ဧကရာဇ်ယုံချန်က တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "တုပိုင်... ငါ ရှုံးသွားတာက မင်း လူမဟုတ်လို့ပဲ။ အခု မင်း ကျေနပ်ပြီလား။ ငါ့ကို မြန်မြန်သာ အဆုံးသတ်ပေးလိုက်ပါတော့"

တုပိုင်က မင်းသမီးယွီကျိန်းကို ပြောလိုက်၏။ "မင်းပဲ လုပ်လိုက်တော့။ မင်းအဖေအတွက် လက်စားချေလိုက်"

မင်းသမီးယွီကျိန်းသည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ဧကရာဇ်ယုံချန်၏ နှလုံးသားထဲသို့ အရှိန်ပြင်းပြင်း ထိုးစိုက်ချလိုက်လေသည်။

"အားးး"

မသေဆုံးမီလေးတွင် ဧကရာဇ်ယုံချန်က သက်ပြင်းချလိုက်သည်။ "လှပတဲ့ အိပ်မက်လေးတစ်ခုပါပဲလား"

"ရွှမ်း..." မင်းသမီးယွီကျိန်းက ဓားဖြင့် ပိုင်းချလိုက်၏။

ယုံချန် ရုပ်သေးဧကရာဇ်၏ ဦးခေါင်းမှာ အထက်သို့ လွင့်စင်သွားတော့သည်။

ဤသူသည် အလွန် စွမ်းဆောင်ရည်မြင့်မားသော လူတစ်ယောက် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ သူ့လို သူရဲကောင်းတစ်ယောက်အတွက် နေရာ မရှိတော့ချေ။

"ဒီစစ်တပ်က အသုံးမဝင်တော့ဘူး။ ဧကရာဇ်ယုံချန်ရဲ့ စကားတွေကြောင့် ပျက်စီးသွားခဲ့ပြီ။ သိမ်းသွင်းလို့ မရနိုင်တော့ဘူး" တုပိုင်၏ အသံက တိုးညင်းနေသော်လည်း လူတိုင်း ရှင်းလင်းစွာ ကြားနိုင်လေသည်။

တုပိုင်၏ စကားက စစ်သူကြီး တူစန်းစစ်၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သကဲ့သို့ပင် ဖြစ်၏။

"စစ်သူကြီး ဖူဟုန်ပင်း... မင်း လူငါးရာ ခေါ်ပြီး ချယ်လီစီရင်စုကို သွားလိုက်" တုပိုင် ပြောလိုက်သည်။ "ယုံချန်ဧကရာဇ်ရဲ့ လက်အောက်က အရပ်ဘက်အရာရှိတွေ အားလုံးကို ဖမ်းဆီးပြီး သတ္တုတွင်းမှာ ကြမ်းတမ်းတဲ့ အလုပ်တွေ လုပ်ဖို့ နယ်နှင်ဒဏ် ပေးလိုက်"

တုပိုင်သည် စစ်သူကြီး တူစန်းစစ်နှင့် သူ၏ဘေးရှိ သောင်းနှင့်ချီသော စစ်တပ်ကြီးကို အေးတိအေးစက် ကြည့်လိုက်ပြီးနောက် မိစ္ဆာဝံပုလွေဘုရင်ကို စီးနှင်ကာ ထိုနေရာမှ တိုက်ရိုက်ပင် ထွက်ခွာသွားလေတော့သည်။ ဤသောင်းနှင့်ချီသော စစ်တပ်ကြီးကို ထိုနေရာမှာပင် ပစ်ထားခဲ့လေ၏။

မင်းသမီးယွီကျိန်းသည် ဤစစ်တပ်၏ ရှေ့သို့ ရောက်ရှိလာလေသည်။

စစ်သူကြီး တူစန်းစစ်က မျက်ရည်များ ဝဲလျက် ပြောလိုက်သည်။ "မင်းသမီး... ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ ဘာတွေ မှားခဲ့လို့လဲ။ အရှင်မင်းမြတ်အပေါ် သစ္စာစောင့်သိတာက မှားနေလို့လား။"

"ဒီဧကရာဇ်ကို ကျန်းနန်နယ်စားမင်းကိုယ်တိုင် လူသိရှင်ကြား ရွေးချယ်တင်မြှောက်ခဲ့သလို ကျွန်တော်တို့ကိုယ်တိုင်လည်း ရွေးချယ်ခဲ့တာလေ။ သူ့ရဲ့ အမှန်တကယ် စရိုက်မှန်ကို မြင်နိုင်လောက်အောင် ကျွန်တော်တို့က မထက်မြက်ခဲ့တာပါ ၊ ဒါပေမဲ့ အဲဒါကရော မှားနေလို့လား"

မင်းသမီးယွီကျိန်းက ပြောလိုက်၏။ "ရှင်တို့ မှားခဲ့တာ မဟုတ်ပါဘူး။ တုပိုင်အပေါ်မှာတောင် ရှင်တို့ တောင်းပန်စရာ မလိုဘူး။ ရှင်တို့ လုပ်ခဲ့သမျှ အရာအားလုံးက တာ့နင်အင်ပါယာအတွက်ပဲလေ။ ဒါပေမဲ့ ရှင်တို့ တောင်းပန်ရမယ့် တစ်ဦးတည်းသောသူက လီချန်မင်းကြီးပဲ။"

"ယုံချန် ရုပ်သေးဧကရာဇ်ရဲ့ လှည့်စားမှုကို ခံခဲ့ရတယ်ဆိုပေမယ့် ရှင်တို့က အန်နမ်နိုင်ငံမှာ စစ်ပြေးတွေ ဖြစ်နေတုန်းပဲ။ အကယ်၍ ရှင်တို့က အပြစ်ကို ဆေးကြောချင်တယ်ဆိုရင် ၊ အစားထိုး ပြန်ပေးဆပ်ချင်တယ်ဆိုရင်တော့ ရှင်တို့ဘာသာ စဉ်းစားကြပေါ့"

**--**--**--**--**--**--**--**

ကျန့်ရှီးမင်းသားမြို့တော်၌ တုပိုင်သည် သူ၏ သမီးလေးကို ပွေ့ဖက်ထားပြီး သူ၏ မျက်ဝန်းများမှာ ပူနွေးနေလေ၏။

ဤသည်မှာ ဤကမ္ဘာမြေပေါ်ရှိ သူ၏ အစစ်အမှန် ဆွေမျိုးသားချင်း ဖြစ်ပြီး သူ၏ သွေးသားရင်းချာပင် ဖြစ်သည်။

ယနေ့မှစ၍ သူ အထီးကျန်စွာ မနေရတော့ချေ။

မကြာမီကမှ မွေးဖွားလာသော ဤလှပသည့် မိန်းကလေးငယ်သည် သူမ၏ ကြီးမားလှပသော မျက်လုံးလေးများကို ပျင်းရိပျင်းတွဲ ဖွင့်ကာ ဖခင်ဖြစ်သူအား ကြည့်လိုက်ပြီးနောက် ပျင်းရိစွာပင် ပြန်မှိတ်သွားလေ၏။ သူမ၏ ပန်းရောင် လက်သီးဆုပ်လေးက တုပိုင်၏ လက်ချောင်းတစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

တုပိုင်သည် သူမ၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်လိုက်ပြီး သူ၏ နှလုံးသားတစ်ခွင်လုံး အရည်ပျော်ကျတော့မလို ခံစားလိုက်ရသည်။

"ယောကျ်ား... သမီးလေးနာမည်ကို ဘယ်လိုပေးမလဲ" နီရှန် နတ်မိမယ်က မေးလိုက်သည်။

"တုရှောင်" တုပိုင်က အလိုအလျောက်ပင် ပြောလိုက်၏။

"ကောင်းတယ်" နီရှန် နတ်မိမယ်က ပြောသည်။ "ကျွန်မ အရမ်း သဘောကျတယ်"

မိဘအများစုမှာ သူတို့၏ သားသမီးများကို အလွန် ထူးဆန်းသော သို့မဟုတ် အလွန် တစ်မူထူးခြားသော အမည်များ ပေးရန် ဝန်လေးတတ်ကြသည်။ ထိုအစား ကြားရအဆင်ပြေပြီး သာမန်ဖြစ်ကာ လှပသော အဓိပ္ပာယ်ရှိသည့် အမည်များကိုသာ ရွေးချယ်တတ်ကြ၏။

ထူးခြားဆန်းပြားခြင်းနှင့် တစ်ကိုယ်ရည်ဆန်ခြင်းတို့သည် အထီးကျန်ခြင်းကို ဆိုလိုလေ့ရှိတတ်သောကြောင့်ပင်။

နီရှန် နတ်မိမယ် ပြော၏။ "ဒီနာမည်က ယောကျ်ားရဲ့ စိတ်ထဲမှာ အရင်ကတည်းက ရှိနေခဲ့တာလား"

မှန်ပေသည်။ တုပိုင်က ကလေး၏ နာမည်ကို အစောကတည်းက တွေးထားခဲ့ပြီး ဖြစ်၏။

ခေတ်သစ်ကမ္ဘာမြေပေါ်တွင် သူ စေ့စပ်ထားသူနှင့် ချစ်သူဘဝတွင် ရှိစဉ်က အဘိဓာန်ကို အကြိမ်ရေ မရေမတွက်နိုင်အောင် ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် တုရှောင် ဟူသော အမည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုအမည်ကို ယောကျ်ားလေးရော မိန်းကလေးပါ အသုံးပြုနိုင်သည်။

နီရှန် နတ်မိမယ်က တုပိုင်၏ ကျောဘက်မှနေ၍ ညင်သာစွာ ဖက်ထားလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ယောကျ်ား... မိန်းမတွေက ယေဘုယျအားဖြင့် သူတို့ရဲ့ ပထမဆုံး ယောကျ်ားကို မေ့လေ့မရှိကြဘူး။ ယောကျ်ားတွေကရော ဘယ်လိုလဲ။ သူ့ရဲ့ စိတ်ထဲမှာ ပထမဆုံး မိန်းမက မေ့ဖျောက်လို့ မရနိုင်တဲ့သူ ဖြစ်နေတတ်လား"

တုပိုင်၏ ပထမဆုံး အမျိုးသမီးမှာ ခေတ်သစ်ကမ္ဘာမှ စေ့စပ်ထားသူ ရန်ယဲ့ရှောင် ဖြစ်သည်။ သူ၏ ပထမဆုံး အချစ်နှင့် ပထမဆုံး အနမ်းများ အားလုံးသည် သူမနှင့်မှ ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

သေချာပေါက်ပင် တုပိုင်သည်လည်း ထိုအမျိုးသမီး၏ ပထမဆုံး အချစ် ၊ ပထမဆုံး အနမ်းနှင့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

သူမသည် အလွန် နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်ကာ လှပသော နှလုံးသားရှိပြီး ချွဲနွဲ့တတ်ကာ အချစ်ကြီးလွန်းသည့် မိန်းကလေးတစ်ဦး ဖြစ်ပြီး သီးသန့်ပိုင်ဆိုင်လိုစိတ်လည်း အပြည့်အဝ ရှိသည်။

သူမ၏ နှလုံးသားထဲတွင် အချစ်ဟူသည်မှာ လုံးဝ စင်ကြယ်ပြီး အပြစ်အနာအဆာ ကင်းမဲ့ကာ အဆုံးအစမရှိ လှပသည့်အရာပင် ဖြစ်၏။ သူမသည် အခမ်းအနား အစီအစဉ်များကိုလည်း အလွန် သဘောကျတတ်လေသည်။

တုပိုင်၏ လပြက္ခဒိန်အရ မွေးနေ့နှင့် နေပြက္ခဒိန်အရ မွေးနေ့ နှစ်ခုစလုံးကို သူမက ဂရုတစိုက် ပြင်ဆင်ပေးလေ့ရှိသည်။ ထို့အပြင် တုပိုင်နှင့် ချစ်သူဖြစ်ခဲ့သည့် နှစ်ပတ်လည်နေ့ကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိလေသည်။

သူမ၏ စိတ်ကောက်ခြင်းနှင့် ကလေးဆန်ဆန် ချွဲနွဲ့ခြင်းများက ရိုးရှင်းစွာပင် အလိုအလျောက် ဖြစ်တည်လာသော အကျင့်တစ်ခုကဲ့သို့ပင်။

သို့သော်လည်း တုပိုင်မှာမူ အောက်တန်းကျသော မအေလိုးတစ်ယောက် ဖြစ်နေခဲ့၏။ သူက သူ၏ စေ့စပ်ထားသူကို ချစ်နေဆဲ ဖြစ်သော်လည်း အခြားသော အလှပိုင်ရှင် မိန်းမလှလေးများအပေါ်တွင်လည်း သိချင်စိတ်များ အပြည့်ရှိနေခဲ့သည်။

ရန်ယဲ့ရှောင်၏ နှလုံးသားက အလွန် လှပပြီး စင်ကြယ်လွန်းနေသည့်အတွက်ကြောင့်ပင် တုပိုင်၏ ဖောက်ပြန်မှုက ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူမကို ကိုယ့်ကိုယ်ကိုယ် သတ်သေသည်အထိ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

သူမကို ပြန်လည် ကယ်တင်နိုင်ခဲ့သော်လည်း တုပိုင်သည် သူမကို မျက်နှာပြရန် အရှက်မရှိတော့သဖြင့် ထိုအချိန်မှစ၍ လေလွင့်ပျက်စီးသော ဘဝကိုသာ နေထိုင်ခဲ့တော့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဘာမှမရှိခဲ့သော်လည်း အကြောင်းပြချက် မသိရဘဲ တုပိုင် တဖြည်းဖြည်း ရင့်ကျက်လာသည်နှင့်အမျှ ခေတ်သစ်ကမ္ဘာမြေပေါ်မှ ပထမဆုံးအချစ်ဖြစ်သည့် စေ့စပ်ထားသူကို သူ၏ ရင်ထဲတွင် ပို၍ပို၍ မေ့ဖျောက်မရနိုင်အောင် ဖြစ်လာခဲ့လေသည်။

နီရှန် နတ်မိမယ်က ပြောလိုက်သည်။ "အဲဒီအမျိုးသမီးက ယောကျ်ားရဲ့ အချစ်ရဆုံး အမျိုးသမီး ဖြစ်ရမယ်"

တုပိုင်က ပြောလိုက်၏။ "မင်း မီးတွင်းထဲ နေဖို့ မလိုဘူးလား"

နီရှန် နတ်မိမယ်က နူးညံ့စွာ ပြန်ပြောသည်။ "သေချာပေါက် မလိုတာပေါ့။ အလွန်ဆုံး ဆယ်ရက်လောက်ဆိုရင် ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားက နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ"

**--**--**--**--**--**--**--**

ဦးနှောက်မရှိသည့် ဘုရင်မ မိုဟန် ထွက်ပြေးသွား၏။

အရှေ့ဘက် ပြည်ထောင်စုမှ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် သူမ ထွက်ပြေးနိုင်ရန် အစောင့်အရှောက်အဖြစ် လိုက်ပါသွားကြပြီး သူတို့၏ ကိုယ်ဖော့သိုင်းမှာ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများကိုပင် ကျော်လွန်နေသည်။

သူတို့သည် ပင်လယ်ပြင်ဆီသို့ ချက်ချင်း ထွက်ပြေးသွားကြပြီး အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောပေါ်သို့ တက်ရောက်သွားကြသည်။ ထို့နောက် ရေတပ်တစ်ခုလုံးမှာ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး လူဇွန်းကျွန်းဆီသို့ တိုက်ရိုက် ဦးတည် ထွက်ပြေးသွားကြတော့သည်။

**--**--**--**--**--**--**--**

တုပိုင်က ပြောလိုက်သည်။ "စနစ်... မင်း အရင်က ပြောခဲ့တဲ့ ကောင်မလေး မိုဟန်အတွက် လမ်းကြောင်းက ပုံမှန် အလုပ်လုပ်နေတုန်းပဲလား။ အခုကော ဘယ်လိုနေလဲ"

အိပ်မက်စနစ်က ပြန်ဖြေလိုက်၏။ "အခုလည်း ပုံမှန် ချောချောမွေ့မွေ့ပဲ အလုပ်လုပ်နေတုန်းပါပဲ"

တုပိုင်က မေးလိုက်သည်။ "မင်းတို့တွေ ဘာတွေများ လုပ်နေကြတာလဲကွာ"

အိပ်မက်စနစ်က ပြောသည်။ "အချိန်တန်ရင် စနစ်ရှင် သိလာမှာပါ။ သူ့ရဲ့ ခန္ဓာကိုယ်က စနစ်ရှင်ကို ကြီးမားတဲ့ တုန်လှုပ်မှုနဲ့ အံ့အားသင့်မှုတွေ ပေးစွမ်းပါလိမ့်မယ်။ သူ့ရဲ့ ကံကြမ္မာကလည်း တကယ်ကို မယုံနိုင်စရာပါပဲ"

တုပိုင်က မေးလိုက်၏။ "အဲဒါက ဆိုးရွားနာကျင်ရမှာလား"

အိပ်မက်စနစ်က ပြောသည်။ "ဆိုးရွားတယ်လို့တော့ ဖော်ပြလို့ မရပါဘူး ၊ အဲဒါက ကောင်း​ကင်ကို ပုန်ကန်တယ်လို့ ပြောနိုင်တယ်။ စနစ်ရှင်... သူက အလွန် အရေးပါတဲ့သူ တစ်ယောက်ပါ။ အခု သူ့ရဲ့ လမ်းကြောင်းက အရာအားလုံး အဆင်ပြေချောမွေ့နေပြီး သူ့ရဲ့ ကံကြမ္မာကလည အစောကြီးကတည်းက သတ်မှတ်ခံထားရပြီးသားပါ"

**--**--**--**--**--**--**--**

မိုဟန်က ထွက်ပြေးသွားခဲ့သော်လည်း တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့ကမူ ထွက်မပြေးနိုင်ခဲ့ချေ။ သူတို့ကို ဝမ်ယန်ယင်းတူ ၊ လီကျန့် ၊ နင်ဇောင်ဝူနှင့် အခြားသူများက အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့ကြသည်။

တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့၏ စစ်တပ်သည် မိုဟန်၏ စစ်တပ်ထက် အနည်းငယ် နောက်ကျပြီးမှ စစ်ပွဲစတင်ခဲ့သော်လည်း စစ်မြေပြင် နှစ်ခုစလုံး၏ ပြီးဆုံးချိန်မှာမူ တူညီလုနီးပါးပင် ဖြစ်၏။

ထို့အပြင် စစ်မြေပြင် နှစ်ခုစလုံးရှိ အရှေ့ဘက် ပြည်ထောင်စု စစ်တပ်၏ အဖြစ်ဆိုးမှာလည်း ဆင်တူနေခဲ့လေသည်။

လီကျန့်သည် သုဥ့်ပန်းများဖြစ်သည့် တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့ကို ကျန့်ရှီးမင်းသားမြို့တော်သို့ ချက်ချင်းပင် ခေါ်ဆောင်လာခဲ့သည်။ ယခုအချိန်တွင်မူ ထိုလူနှစ်ဦးသည် တုပိုင်၏ရှေ့၌ ဒူးထောက်နေကြရလေ၏။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၇ + ၇၇၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters