အခန်း (၇၇၉-၇၈၀)
Vol. 78 Ch. 779-780
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၉ + ၇၈၀
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင်သည် တုကျန်းကို သေချာစွာ ကြည့်လိုက်၏။ သူ့ကို မတွေ့ရသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခင် ကွမ်ရှီးဘုရင်ခံ ကျန်းရန်မင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ကွေ့မင်းသားကို ဖယ်ရှားခဲ့ကြသူများမှာ ဤလူနှစ်ဦးပင် ဖြစ်သည်။
အမှန်တကယ် နက်ရှိုင်းသော ရန်ငြိုးပင် ဖြစ်၏။
“ဦးလေးလေး” တုပိုင်က ပြောလိုက်သည်။ (ဦးလေး ၄)
မြေပြင်ပေါ်တွင် ဒူးထောက်နေသော တုကျန်းမှာ အနည်းငယ် တုန်ယင်သွားပြီးနောက် ခေါင်းမော့လာခဲ့သည်။ ယခုအချိန်အထိ လက်တွေ့ကို တုကျန်း အပြည့်အဝ လက်မခံနိုင်သေးသည့်ဟန် ရှိနေ၏။
တုပိုင် အနိုင်ရသွားသည်လော။ ထို့အပြင် တစ်ဖက်သပ် အောင်ပွဲတစ်ခုလည်း ဖြစ်နေသေး၏။
အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်အင်အား ခြောက်သိန်းခြောက်သောင်းသည် ဤတိုက်ပွဲတွင် အနည်းဆုံး လေးသိန်းခန့် အသေအပျောက် ရှိခဲ့သည်။
တစ်သိန်းကျော်မှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားသူ တစ်သိန်းပင် မပြည့်သောကြောင့် စစ်တပ်တစ်ခုလုံးနီးပါး ပျက်စီးသွားပြီဟု ဆိုရမည်။
ထိုသို့ဆိုလျှင် တုပိုင်စစ်တပ်၏ ထိခိုက်ကျဆုံးမှုများ မည်မျှရှိသည်နည်း။ လျန်ကျိုးနှင့် ဝူကျိုး တိုက်ပွဲတွင် တုပိုင်၏ စစ်တပ်သည် သိန်းနှင့်ချီ၍ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
သို့သော် ပိုင်ဆယ်နှင့် ကျန့်ရှီးမင်းသားမြို့တော်ကြားရှိ အဆုံးအဖြတ်တိုက်ပွဲတွင်မူ တုပိုင်စစ်တပ်၏ ထိခိုက်ကျဆုံးမှုများမှာ အလွန်ပင် နည်းပါးလှသည်။
တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့၏ စိတ်နှလုံးထဲတွင် ဤတိုက်ပွဲမှာ သေချာပေါက် အနိုင်ရမည့် တိုက်ပွဲဖြစ်ပြီး တုပိုင်ကို သတ်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ချေမွရသကဲ့သို့ လွယ်ကူလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် ရလဒ်အနေဖြင့် လုံးဝ ပြောင်းပြန်ဖြစ်နေ၏။ သူတို့ကသာ ပုရွဲဆိတ်များကဲ့သို့ ချေမွခံလိုက်ရကြသည်။
တုကျန်း ခေါင်းမော့လာပြီး တုပိုင်ကို အလေးအနက် ကြည့်လိုက်သည်။
တုပိုင်တစ်ယောက် လီရူဟိုင်နှင့် ဂျာချင်အင်ပါယာကို ဖျက်ဆီးခဲ့စဉ်က သူ၏ တန်ဖိုးမရှိသော တူဖြစ်သူသည် အမှန်တကယ်ပင် ကံတရား၏ သားတော် ဖြစ်နေမလားဟု တုကျန်း တွေးတောခဲ့ဖူးသည်။ ထိုသို့မဟုတ်လျှင် ဆက်တိုက်ဆိုသလို အံ့ဖွယ်ဖြစ်ရပ်များကို မည်သို့ ဖန်တီးနိုင်မည်နည်း။
သို့သော်လည်း အရှေ့ဘက် ပြည်ထောင်စု၏ အင်အားကို မြင်တွေ့ခဲ့ရပြီးနောက်တွင် သခင်လေး ဖန်းချန်သာလျှင် အစစ်အမှန် ကံတရား၏ သားတော်ဖြစ်ပြီး ကမ္ဘာကြီးကို အုပ်စိုးတော့မည့် မဟာအရှင်သခင် ဖြစ်သည်ဟု တုကျန်းက အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။
တုပိုင်အား အကောင်းပြောရလျှင် အမြင့်ဆုံးအနေဖြင့် သခင်လေး ဖန်းချန်အတွက် နင်းခုံတစ်ခုမျှသာဖြစ်ပြီး စင်မြင့်ထက်သို့ တက်ခွင့်မရှိသော နင်းခုံတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ဤတိုက်ပွဲတွင် အရှေ့ဘက် ပြည်ထောင်စုမှ စစ်သည် ခြောက်သိန်းခြောက်သောင်း စေလွှတ်ခဲ့သော်လည်း အဆုံးတွင်မူ ရှုံးနိမ့်သွားခဲ့ပြီး လုံးဝနီးပါး ပျက်စီးသွားခဲ့ရသည်။
ထို့ကြောင့် တုပိုင်မှာ အမှန်တကယ်ပင် ကံတရား၏ သားတော် ဖြစ်နေလေမလားဟု တုကျန်း လုံးဝ သံသယဝင်သွားမိတော့သည်။
နှစ်ဖက်စလုံးမှာ စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ကြလေ၏။
အချိန်အတန်ကြာပြီးနောက် တန်ဖိုးမရှိသော ဦးလေးလေး တုကျန်းက ပြောလိုက်သည်။ “တုပိုင်... ငါ လက်နက်ချချင်တယ်။ နောက်ကျသွားပြီလား။”
သူ၏ အသံမှာ အလွန် တည်ငြိမ်နေလေ၏။
ယွမ်ထျန်ကျောက်သည် ထိုစကားကို ကြားပြီးနောက် အံ့အားသင့်သွားခြင်းကို မထိန်းချုပ်နိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တုကျန်း... မင်း ရူးနေတာလား။”
တုကျန်းက ယွမ်ထျန်ကျောက်ကို လျစ်လျူရှုကာ တုပိုင်ကို ဆက်ကြည့်ပြီး ထပ်မေးလိုက်၏။ “အခု လက်နက်ချဖို့ အချိန်မီသေးလား။”
ယွမ်ထျန်ကျောက်က တင်းမာစွာ ပြောလိုက်သည်။ “တုကျန်း... မင်းက အရူးပဲ။ ပျက်စီးနေတဲ့ တုပိုင်ဆီမှာ မင်းက လက်နက်ချချင်တယ်ပေါ့။ သခင်လေးနဲ့ ယှဉ်ရင် သူက ဘာလုပ်နိုင်မှာလဲ။ တိုက်ပွဲနိုင်သွားတယ် ဆိုရင်တောင်မှ ဘာဖြစ်လဲ။ သခင်လေးနဲ့ ယှဉ်ရင် သူက လိပ်ပျော့တစ်ကောင်ပါပဲ။ သခင်လေးက ကမ္ဘာလောကရဲ့ နဂါးတစ်ကောင်ဖြစ်ပြီး ယူနိုင်ရဲ့ အရှင်သခင်ပဲ။”
တုပိုင်က တုကျန်းကို ကြည့်ကာ ခေါင်းခါလျက် ပြောလိုက်၏။ “နောက်ကျသွားပြီ ၊ အရမ်း ဒုက္ခများတယ်။”
တုကျန်း၏ မျက်နှာမှာ တုန်ယင်သွားတော့သည်။
“လူလာကြ... တုကျန်းကို ခေါင်းဖြတ်သတ်ပြီး ယွမ်ထျန်ကျောက်ကို လင်းချီပြစ်ဒဏ်ပေးလိုက်” တုပိုင်က အမိန့်ပေးလိုက်သည်။
**--**--**--**--**--**--**--**
နာရီဝက် ကြာပြီးနောက်။
လျန်ကျန်းဘုရင်ခံ တုကျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေရပြီး ကွပ်မြက်သူက ထက်မြက်သော ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
“ရွှမ်းးး”
တုကျန်း၏ ရည်မှန်းချက်ကြီးမားသော ဦးခေါင်းမှာ တိုက်ရိုက်ပင် လိမ့်ဆင်းသွားတော့သည်။
မသေဆုံးမီလေးတွင် သူ၌ မည်သည့် နောက်ဆုံးစကားမှ မရှိခဲ့ဘဲ သက်ပြင်းချသံတစ်ခုသာ ရှိခဲ့သည်။ “ဟူး...”
တစ်ချိန်တည်းမှာပင် ယွမ်ထျန်ကျောက်မှာ လင်းချီပြစ်ဒဏ်၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ရှိနေပြီး အသည်းအသန် အော်ဟစ်နေရလေ၏။
.**--**--**--**--**--**--**--**
စစ်ပွဲပြီးဆုံးပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင်။
အရှေ့ဘက် ပြည်ထောင်စု၏ ကြီးမားသော ရှုံးနိမ့်မှုနှင့် တုပိုင် အပြည့်အဝ အောင်ပွဲရရှိခဲ့သည်ဟူသော သတင်းမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားတော့သည်။
ကွမ်တုံသို့ ပျံ့နှံ့သွားခဲ့ပြီး ၊ လူဇွန်းကျွန်းဆီသို့ ပျံ့နှံ့သွားကာ ၊ အရှေ့ဘက် ပြည်ထောင်စုနှင့် တာ့နင်အင်ပါယာ၏ မြို့တော်ဆီသို့လည်း အသီးသီး ပျံ့နှံ့ရောက်ရှိသွားခဲ့လေသည်။
သတင်းကို ပထမဆုံး လက်ခံရရှိသူမှာ သေချာပေါက် အနီးဆုံးဖြစ်သည့် ကွမ်တုံပင် ဖြစ်၏။
နှစ်ရက်ပင် မပြည့်သေးမီ စစ်ပွဲအစီရင်ခံစာသည် ကွမ်တုံရှိ ကျန့်ရှီးတပ်စခန်းသို့ ရောက်ရှိလာခဲ့သည်။
“တိုက်ပွဲအခြေအနေကို ငါ ဂရုမစိုက်ဘူး ၊ ဘယ်လောက်အထိ ဖြစ်သွားလဲဆိုတာကို အသေးစိတ် ပြောပြဖို့ မလိုဘူး။” တာ့နင်အင်ပါယာ အစိုးရအဖွဲ့၏ ဒုတိယအမတ်ချုပ်ကြီးဖြစ်ပြီး ယခုတစ်ကြိမ်တွင် စစ်တပ်၏ တပ်မှူးဖြစ်လာသူ တုဟွေးက စာရေးသားနေလေသည်။
သူ၏ စာရေးအလှပညာ ကျွမ်းကျင်မှုမှာ အမြဲတမ်း အလွန် မြင့်မားလေ၏။
“တုပိုင်ကို ဖမ်းမိတဲ့အခါကျမှ ငါ့ကို ပြန်ပြောပါ။” တုဟွေးက အရေးမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “တုကျန်းနဲ့ ယွမ်ထျန်ကျောက်ကို သွားပြီး ထပ်သတိပေးလိုက်။ သူတို့ တုပိုင်ကို ညှဉ်းပန်းနှိပ်စက်လို့ ရတယ်။ ခြေလက်တွေကို ဖြတ်တောက်ပြီး နောက်တစ်ကြိမ် ထပ်သင်းကွပ်လို့လည်း ရတယ်။ ဒါပေမဲ့ သတ်ပစ်လို့တော့ မရဘူး။ မြို့တော်ကို ခေါ်လာပြီးမှ လင်းချီပြစ်ဒဏ် ပေးရမယ်။”
တုဟွေးသည် အတင်းအကြပ် ဟန်ဆောင်နေခြင်းမျိုး လုံးဝ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် တိုက်ပွဲအခြေအနေကို အမှန်တကယ်ပင် ဂရုမစိုက်တော့သောကြောင့် ဖြစ်သည်။ တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် တုပိုင်၏ အဓိကမြို့တော်များ အားလုံးနီးပါး ကျဆုံးသွားခဲ့ပြီဖြစ်ပြီး ယာယီအင်ပါယာမြို့တော် ကွေ့ကျင်းပင်လျှင် ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
ဤတိုက်ပွဲတွင် တုပိုင်၏ စစ်တပ်သည် ပြန်လည်တိုက်ခိုက်ရန် ခွန်အား မရှိတော့ကြောင်း ပြသနေခဲ့သည်။
ထို့ကြောင့် ဤတိုက်ပွဲတွင် မည်သည့် ရင်ခုန်စရာမျှ မရှိတော့ချေ။ အကယ်၍ သူက တိုက်ပွဲကို တမင်တကာ ဂရုစိုက်နေမည်ဆိုပါက သူ တုဟွေး၏ အချိန်များမှာ အလွန် တန်ဖိုးမဲ့လွန်းလှပေလိမ့်မည်။ သူသည် အလုပ်များ၏။
လက်ရှိအချိန်တွင် သူ၏ စိတ်ထဲ၌ တုပိုင် ပျက်စီးသွားပြီးနောက်ပိုင်းအတွက်သာ အပြည့်အဝ အာရုံစိုက်ထားလေသည်။
အနောက်တောင်ပိုင်း ပြည်နယ်ငါးခုကို မည်သို့ အုပ်ချုပ်ရမည်နည်း။ ဟူကွမ်ဘုရင်ခံက မည်သူ့ကို စေလွှတ်မည်နည်း။ ယူနန်နှင့် ကွေ့ကျိုး ဘုရင်ခံတို့က မည်သူ့ကို စေလွှတ်မည်နည်း။ စိချွမ်းဘုရင်ခံကရော မည်သို့နည်း။
“တုကျန်းနဲ့ ယွမ်ထျန်ကျောက်ဆီကို စာပို့လိုက်။ တုပိုင်ကို ဖမ်းမိပြီးရင် မြို့တော်ဆီ တိုက်ရိုက် မပို့လာစေနဲ့။ ငါ ကြည့်လို့ရအောင် ကွမ်တုံကို အရင်ပို့ခိုင်းလိုက် ၊ ပြီးမှ လင်းချီပြစ်ဒဏ်ပေးဖို့အတွက် မြို့တော်ဆီ ပင်လယ်ရေကြောင်းကနေ ပို့ဆောင်ခိုင်းလိုက်။” တုဟွေးက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၌ အခြားရည်ရွယ်ချက် မရှိခဲ့ဘဲ ဤသားဖြစ်သူနှင့် တွေ့ဆုံပြီးနောက် စိတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်ချင်ရုံသာ ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ဤလက်ရေးမူကို ရေးသားပြီးစီးသွားလေသည်။ သူသည် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ လူယုံမှာ အပြင်ဘက်တွင် တုန်ရီစွာ ဒူးထောက်နေသည်ကို တွေ့လိုက်ရ၏။
“ဘာကိစ္စလဲ။” တုဟွေးက ဒေါသတကြီး ပြောလိုက်သည်။ “တုကျန်းနဲ့ ယွမ်ထျန်ကျောက်တို့က လက်လွန်ပြီး တုပိုင်ကို သတ်လိုက်မိလို့လား။”
လူယုံမှာ တုန်ယင်သွားပြီး ပြောလိုက်သည်။ “စစ်သေနာပတိချုပ်... ကျွန်တော်တို့ ရှုံးသွားပြီ ၊ ကျွန်တော်တို့ ရှုံးသွားပြီ။ ပိုင်ဆယ်မြို့ စစ်မြေပြင်မှာလည်း ရှုံးနိမ့်သွားသလို ကျန့်ရှီးမြို့မှာလည်း ရှုံးနိမ့်သွားခဲ့ပြီး စစ်တပ် ခြောက်သိန်းခြောက်သောင်းစလုံး လုံးဝနီးပါး ချေမှုန်းခံလိုက်ရပါတယ်။ သခင်ကြီး တုကျန်း ၊ သခင်ကြီး ယွမ်ထျန်ကျောက် ၊ သခင်ကြီး ရှောင်မူကျစ် ၊ သခင်ကြီး ဖန်းထျန်မင်းနဲ့ သခင်ကြီး ဖန်းထျန်ချောက်တို့ အားလုံး အဖမ်းခံလိုက်ရပါပြီ။”
ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် တုဟွေးမှာ ရုတ်တရက် တုန်လှုပ်ချောက်ချားသွားပြီး သူ၏ ကျောရိုးတစ်ခုလုံး တုန်ခါသွားတော့မည့်အလား ခံစားလိုက်ရလေသည်။
“မဖြစ်နိုင်ဘူး ၊ ဒါက ကောလာဟလပဲ ၊ ဒါက ကောလာဟလတစ်ခုပဲ...” တုဟွေးက အော်ဟစ်လိုက်သည်။
“ဒါက ကောလာဟလ မဟုတ်ပါဘူး ၊ အမှန်တရားပါ။” ဖူကျန်နှင့် ကွမ်တုံ ဘုရင်ခံ ကောင်းထင်းသည် လေးနက်တည်ကြည်သော မျက်နှာဖြင့် ဝင်ရောက်လာခဲ့သည်။ “သခင်ကြီးတု... ကျွန်တော့်ရဲ့ လူယုံက စစ်မြေပြင်မှာ အရှေ့ဘက် ပြည်ထောင်စုရဲ့ အလောင်းတွေကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ။ ဒီတိုက်ပွဲမှာ... ကျွန်တော်တို့ ရှုံးသွားပါပြီ။”
“ဒါတင်မကဘူး... ကွမ်တုံက တုပိုင် လက်တစ်ကမ်းမှာ ရှိနေပြီး တုပိုင်ရဲ့ စစ်တပ်က မကြာခင် ရောက်လာတော့မှာပါ။”
“ကွမ်တုံ ၊ ဖူကျန်နဲ့ လျန်ကျန်းတို့ အားလုံး ကျဆုံးရပါတော့မယ်။”
“သခင်ကြီး တုဟွေး... ကျွန်တော်တို့ စောစောစီးစီး ကြိုတင်စီစဉ်ရပါမယ် ၊ မဟုတ်ရင် ကျွန်တော်တို့က တုပိုင်ရဲ့ လက်အောက်က သရဲတစ္ဆေတွေ ဖြစ်သွားရလိမ့်မယ်။”
ချက်ချင်းပင် တုဟွေး၏ ခေါင်းမှာ ကိုက်ခဲလာတော့သည်။ ထို့နောက် သူသည် ပြင်းထန်စွာ ချောင်းဆိုးလာရ၏။ သူ၏ ကိုယ်တွင်းအင်္ဂါများရှိ အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။
“မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ကောင်းကင်ကြီးမှာ မျက်စိမပါဘူးလား။”
တုဟွေး အော်ဟစ်လိုက်ပြီးနောက် သွေးအန်ကျလာကာ နောက်သို့ တန်းတန်းမတ်မတ် လဲကျသွားပြီး သတိလစ်သွားလေတော့သည်။ အချိန်မည်မျှ ကြာသွားခဲ့သည်ကို မသိနိုင်တော့ပေ။ တုဟွေးသည် တိတ်ဆိတ်စွာပင် သတိပြန်လည်လာ၏။
ထို့နောက် သူ လုံးဝ မယုံကြည်နိုင်သော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရပြီး သူ တုံ့ပြန်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရလေ၏။
အဘယ်ကြောင့်ဆိုသော် သူ၏ ဇနီးဖြစ်သူ ကျီမင်းကျစ်က ကုတင်ရှေ့၌ ရပ်နေသောကြောင့်ပင် ဖြစ်သည်။
သူ၏ ဇနီးသည်ကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်လေ၏။
နှစ်နှစ်ဆယ်ကျော် အိမ်ထောင်သက်တမ်းအတွင်း တုဟွေးနှင့် သူ၏ ဇနီးသည်တို့ အတူတကွ နေထိုင်ခဲ့ရသည့် အချိန်မှာ နှစ်ဝက်မျှပင် မရှိချေ။
လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း သူတို့သည် နှစ်အနည်းငယ်ကြာသည်အထိ မျက်နှာချင်းဆိုင်ပင် မတွေ့ခဲ့ရချေ။ ဤအခန်းထဲတွင် မှန်တစ်ချပ်ရှိပြီး တုဟွေးသည် သူနှင့် ကျီမင်းကျစ်၏ မျက်နှာကို မှန်ထဲတွင် မြင်တွေ့လိုက်ရသည်။
ဤသည်က လင်မယားနှင့် မတူတော့ဘဲ သားအဖနှင့် ပိုတူနေလေ၏။ တုဟွေးသည် ယခုနှစ်တွင် အသက်လေးဆယ်ကျော်သာ ရှိသေးသည်။ မူလက သူသည် ဆံပင်နက်နက်ဖြင့် အလွန် ငယ်ရွယ်သော အမျိုးသားတစ်ဦး ဖြစ်သည်။
သို့သော် ဤသတိလစ်ခြင်းမှ နိုးထလာသောအခါ သူ၏ ခေါင်းပေါ်တွင် ငွေရောင်ဆံပင်တချို့ ရှိနေခဲ့ပြီး လူတစ်ကိုယ်လုံးမှာ ဆယ်နှစ်ခန့် ပိုမို အိုမင်းသွားသကဲ့သို့ ထင်ရလေသည်။
ကျီမင်းကျစ်ကမူ အလွန်ဆုံး အသက်သုံးဆယ်ထက် မပိုသေးသည့်ဟန် ရှိပြီး သူမသည် ပြိုင်ဘက်ကင်းလှပနေဆဲပင် ဖြစ်၏။
လွန်ခဲ့သည့် တစ်လခန့်က သူမသည် မဟာဆရာသခင်အဆင့် ကျင့်ကြံခြင်းကိုပင် အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
“မင်း အရမ်း အံ့ဩဖို့ကောင်းတဲ့ သားတစ်ယောက်ကို မွေးဖွားပေးခဲ့တာပဲ။” တုဟွေးက ပြောသည်။ “အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်ခြောက်သိန်းခြောက်သောင်းက တုပိုင်ကို တိုက်ခိုက်ခဲ့ပေမယ့် အခုတော့ လုံးဝ ရှုံးနိမ့်သွားပြီ။”
ကျီမင်းကျစ်မှာ အံ့အားသင့်သွားပြီးနောက် တိတ်ဆိတ်စွာ ပြန်ပြောလိုက်၏။ “အခုလာတာ ငါထွက်သွားတော့မဲ့အကြောင်း လာပြောတာ။ ရှင်ကလည်း ကိုယ့်သဘောနဲ့ကိုယ် ကွာရှင်းစာချုပ် ပေးလို့ရပါတယ်။”
တုဟွေးက မေးလိုက်သည်။ “မင်း ဒီအချိန်မှ ရွေးချယ်စရာ လိုလို့လား။”
ကျီမင်းကျစ်က ပြော၏။ “ငါက အန်ချိုကျွန်း အကြီးအကဲများကောင်စီကို ဝင်ရောက်ပြီးပြီမို့ အိမ်ထောင်ရှင်ဘဝနဲ့ မသင့်တော်တော့ဘူး။”
တုဟွေးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုန်းကန်ထရပ်ကာ ကွာရှင်းစာချုပ်ကို ရေးသားပြီး ကျီမင်းကျစ်ထံသို့ ကမ်းပေးလိုက်သည်။ “အခုကစပြီး မင်း လွတ်လပ်သွားပြီ။”
“ကျေးဇူးတင်ပါတယ်။” ကျီမင်းကျစ်သည် ကွာရှင်းစာချုပ်ကို ရယူပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားလေ၏။
ဖူကျန်နှင့် ကွမ်တုံ ဘုရင်ခံ ကောင်းထင်း အပြေးအလွှား ဝင်ရောက်လာပြီး ပြောလိုက်သည်။ “သခင်ကြီးတု... မြန်မြန်လုပ်ပါ ၊ ကျွန်တော်တို့ အမြန်ဆုံး ဆုတ်ခွာဖို့ လိုတယ်။ တုပိုင်ရဲ့ စစ်တပ်က ကွမ်တုံကို ဝင်လာနေပြီ။”
ထို့နောက် တုဟွေးသည် မည်သည့်အရာကိုမျှ ထုပ်ပိုးရန် အချိန်မရခဲ့ချေ။ လူယုံအနည်းငယ်နှင့်အတူ ကွမ်ကျိုးဆိပ်ကမ်းသို့ အလျင်စလို ထွက်ပြေးခဲ့ပြီး ထွက်ပြေးလွတ်မြောက်ရန်အတွက် စစ်သင်္ဘောပေါ်သို့ တက်ရောက်သွားလိုက်သည်။
နာရီဝက် ကြာပြီးနောက် လီကျန့်သည် စစ်တပ်ကို ဦးဆောင်ကာ မင်ယွဲ့ဘုရင်ခံအိမ်တော်နှင့် ကျန့်ရှီးတပ်စခန်းအတွင်းသို့ ဝင်ရောက်လာသည်။
သို့သော် ထိုနေရာ၌ မည်သူမျှ မရှိတော့ဘဲ ကောင်းထင်းရော တုဟွေးပါ ထွက်ပြေးသွားကြပြီ ဖြစ်၏။
ပင်လယ်ပြင်ပေါ်တွင် တုဟွေးသည် တဖြည်းဖြည်း မှုန်ဝါးသွားသော ကုန်းမြေကြီးကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ “အားးးး ၊ သောက်ပဲ။ ဘာလို့ ဒီတိရစ္ဆာန် တုပိုင်က မသေသေးတာလဲ။ သူ့ရဲ့ သေဆုံးခြင်းနဲ့ လဲလှယ်ရမယ်ဆိုရင် ငါ ဘယ်လို တန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ ဆန္ဒရှိတယ်...”
**--**--**--**--**--**--**--**
အမျိုးသမီးဧကရာဇ်နင်းရွှဲ့သည် ကလေးလေး တုရှောင်ကို ပွေ့ဖက်ထားပြီး လုံးဝ လွှတ်မပေးချင်သည့်ဟန် ရှိနေကာ သူမ၏ မျက်လုံးများမှာ ကလေးလေးအပေါ်တွင် လုံးဝ ကပ်တွယ်နေသကဲ့သို့ပင်။
ယခင်က သူမနှင့် နီရှန် နတ်မိမယ်တို့သည် အမိုးတစ်အောက်တည်း အတူနေထိုင်ခဲ့ကြသော်လည်း သူတို့သည် စကားပြောဆိုဆက်ဆံခြင်းမျိုး လုံးဝနီးပါး မရှိခဲ့ကြချေ။
ကလေးလေး တုရှောင် မွေးဖွားလာပြီးနောက်တွင် အမျိုးသမီးဧကရာဇ်နင်းရွှဲ့သည် နေ့စဉ်နေ့တိုင်း လာရောက်ကာ ကလေးလေးကို နေ့တိုင်း ပွေ့ဖက်လေ့ရှိသည်။
နီရှန် နတ်မိမယ်က ပြောလိုက်၏။ “ကလေးက မွေးတာ ရက်ပိုင်းပဲ ရှိသေးတော့ လက်ထဲမှာ အကြာကြီး ပွေ့ထားလို့ မရသေးဘူး။”
အမျိုးသမီးဧကရာဇ်နင်းရွှဲ့သည် မလိုလားစွာဖြင့် ကလေးလေး တုရှောင်ကို ပုခက်ထဲတွင် ချထားလိုက်လေသည်။
“ငါ ဘယ်တော့ ကိုယ်ဝန်ရမလဲ။” အမျိုးသမီးဧကရာဇ်နင်းရွှဲ့က ပြောလိုက်သည်။ “ကလေးလေးက အရမ်း ချစ်ဖို့ကောင်းပြီး အရမ်းလှတာပဲ။”
နီရှန် နတ်မိမယ်က ပြန်ပြောသည်။ “မကြာခင် ရောက်လာတော့မှာပါ။”
အမျိုးသမီးဧကရာဇ်နင်းရွှဲ့မှာ အံ့အားသင့်သွားပြီး မေးလိုက်၏။ “နင်က ဘယ်လိုလုပ် သိတာလဲ။”
နီရှန် နတ်မိမယ်က ပြန်ပြောသည်။ “ငါ သိနေလို့ပေါ့။”
အနည်းငယ် တွေဝေသွားပြီးနောက် အမျိုးသမီးဧကရာဇ်နင်းရွှဲ့က မေးလိုက်၏။ “နီရှန်... လတ်တလောမှာ ယောကျ်ားက ကောင်းကင်ကြီးကို မကြာခဏ မော့ကြည့်နေတာကို ငါ သတိထားမိတယ်။ သူက တစ်ခုခုကို အရမ်း အရေးတကြီး စောင့်မျှော်နေသလို ၊ လွမ်းဆွတ်နေသလိုနဲ့ စိုးရိမ်ပူပန်နေသလိုပဲ။”
နီရှန် နတ်မိမယ်က ခေါင်းညိတ်လိုက်ပြီးနောက် မည်သည့်စကားမျှ မဆိုတော့ချေ။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် တုပိုင်က မေးလိုက်သည်။ “စနစ်... ဘယ်လောက်ကြာဦးမလဲ။”
အိပ်မက်စနစ်က ပြန်ဖြေလိုက်၏။ “ရက်ပေါင်း တစ်ရာ့သုံးဆယ့်ကိုးရက်ပါ။”
**--**--**--**--**--**--**--**
တာ့နင်် မင်းနေပြည်တော်၌ လတ်တလောတွင် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ဧကရာဇ်ယုံတယ်၏ ဇနီးသည် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ယုံတယ်သည် နင်တောက်ရွှမ်၏ ခွေးသားဖြစ်ပြီး မိခင်အရင်းကို သတ်ဖြတ်သည့် ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ထုတ်ဖော်ခံလိုက်ရချိန်မှစ၍ သူ၏ ဇနီးသည်မှာ အပြင်းအထန် ဖျားနာခဲ့ကာ အိပ်ရာထဲ လဲနေခဲ့ပြီး မည်သည့်အခါမျှ ပြန်လည် မကျန်းမာလာခဲ့တော့ချေ။
ရက်အနည်းငယ် အကြာတွင် နောက်ဆုံး၌ သူမ ကွယ်လွန်သွားခဲ့လေရာ ဧကရာဇ်ယုံတယ်သည် သူမအတွက် ခမ်းနားသော်လည်း တိတ်ဆိတ်သော ဈာပနအခမ်းအနားကို ကျင်းပပေးခဲ့ပြီး ဧကရီတွမ်ကျင်းဟု ဘွဲ့အမည် ပေးအပ်ခဲ့လေသည်။
ထို့နောက် ဧကရီအသစ်က တရားဝင် ဝင်ရောက်လာသည်။
ဤဧကရီအသစ်မှာ ဖန်းကျိုး၏ သမီးဖြစ်သူ ဖန်းချင်းယီဖြစ်ပြီး တစ်ချိန်က တုပိုင်၏ စေ့စပ်ထားသူဖြစ်ကာ နောက်ပိုင်းတွင် တုယန်နှင့် လက်ထပ်ခဲ့သူပင် ဖြစ်သည်။
သေချာပေါက်ပင် ယခုအချိန်အထိ ဤဖန်းချင်းယီသည် အပျိုစင်တစ်ဦး ဖြစ်နေဆဲပင်။
လက်ရှိအချိန်တွင် တောင်ပိုင်းရှိ အဆုံးအဖြတ်တိုက်ပွဲ သတင်းမှာ ရောက်ရှိမလာသေးဘဲ လမ်းခရီးတွင်သာ ရှိနေသေး၏။
ဘိုးဘွားစဉ်ဆက် ဥပဒေသများအရ ပထမဧကရာဇ် ကွယ်လွန်သွားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး မယ်တော်ကြီး ကွယ်လွန်သွားသည်မှာလည်း လအနည်းငယ်သာ ရှိသေးသည်။ ထို့ကြောင့် ဧကရာဇ်ယုံတယ်အနေဖြင့် ဇနီးအသစ် မယူနိုင်ဘဲ ဝမ်းနည်းပူဆွေးခြင်းကို ပြသရမည် ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင် မည်သို့သော ဝမ်းနည်းပူဆွေးခြင်းမျိုး ရှိနေမည်နည်း။
ဧကရာဇ်ယုံတယ်သည် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်ခဲ့ဘဲ ခမ်းနားသော်လည်း ရိုးရှင်းသော မင်္ဂလာပွဲဖြင့် ဖန်းချင်းယီကို လက်ထပ်ခဲ့ခြင်းမျှသာ ဖြစ်သည်။
ဤသည်မှာ အမှန်တကယ်ပင် အလွန် သင့်လျော်သော လက်ထပ်ခြင်းမျိုး မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်က ဟန်မင်းဆက် မဟုတ်သောကြောင့် ဖြစ်သည်။ ဟန်မင်းဆက်တွင်မူ အမျိုးသမီးတစ်ဦး အိမ်ထောင်ရှိသည်ဖြစ်စေ ၊ မုဆိုးမဖြစ်စေ အရေးမကြီးဘဲ နောက်အိမ်ထောင်ပြုခြင်းက မည်သည့် ပြဿနာမှ မရှိခဲ့ချေ။ ဧကရာဇ်ဟန်ကျင်း၏ ဧကရီဝမ်မှာ နောက်အိမ်ထောင်ပြုခဲ့ရုံသာမက ကလေးများပင် မွေးဖွားခဲ့ဖူးသူ ဖြစ်သည်။
တာ့နင်အင်ပါယာရှိ အမျိုးသမီးများမှာမူ မုဆိုးမများ ဖြစ်လာသည်ဖြစ်စေ ၊ ကွာရှင်းခံရပြီးနောက်တွင်ဖြစ်စေ အိမ်ထောင်ရေးတွင် အတော်လေး နောက်တန်းကျလေ့ရှိပြီး အများအားဖြင့် လက်ထပ်ရန် ခက်ခဲတတ်ကြလေသည်။
ဖန်းချင်းယီတော် မပါချေ။ ဧကရာဇ်ထျန်ယွင် မကွယ်လွန်မီက ဖန်းအုပ်စုနှင့် ဧကရာဇ်တို့ကြား စေ့စပ်ညှိနှိုင်းမှုတစ်ခုတွင် ထိုစဉ်က အိမ်ရှေ့စံမင်းသားကို ဖန်းချင်းယီနှင့် လက်ထပ်ပေးရန် အချက်တစ်ချက် ပါဝင်ခဲ့သည်။
သေချာပေါက် ဧကရာဇ်ယုံတယ်မှာ အလွန် ဝမ်းသာနေခဲ့သည်။ မည်သို့ပင်ဆိုစေ ဖန်းချင်းယီသည် သူ၏ ဇနီးသည်ထက် များစွာ ပိုမို လှပပေသည်။ ထို့အပြင် သူမသည် တစ်ချိန်က တုပိုင်၏ စေ့စပ်ထားသူ ဖြစ်ခဲ့ဖူးရာ သူမကို လက်ထပ်လိုက်ပြီးနောက်တွင် သေချာပေါက် တုပိုင်ကို ဦးထုပ်စိမ်း ဆောင်းပေးလိုက်ရသကဲ့သို့ ခံစားချက်မျိုးကို ရရှိလိမ့်မည်ဖြစ်၏။
**--**--**--**--**--**--**--**
ပျော်ရွှင်ဖွယ်ကောင်းသော မင်္ဂလာအခန်းအတွင်း၌ ဖန်းချင်းယီသည် တိတ်ဆိတ်စွာ ထိုင်နေပြီး ယခင်အတိုင်း လှပကာ ဟန်ဆောင်မှု ကင်းမဲ့နေဆဲပင် ဖြစ်၏။
လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် သူမ၏ နှလုံးသားမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး လောက၏ အမြင့်မြတ်ဆုံး အရှင်သခင်နှင့် လက်ထပ်ရန် အိပ်မက်မက်နေမည်သာ ဖြစ်သည်။
သို့သော် ယခုအခါ၌ သူမ ရင့်ကျက်လာခဲ့ပြီ ဖြစ်၏။
သူမသည် ပထမဆုံးအနေဖြင့် ရိုးအသော ပညာတတ်တစ်ဦးဖြစ်သည့် တုယန်နှင့် လက်ထပ်ခဲ့သော်လည်း ရလဒ်အနေဖြင့် မည်သည့် ရင်းနှီးကျွမ်းဝင်မှုမျှ မရှိခဲ့ဘဲ တုယန် သေဆုံးသွားခဲ့သည်။
သေချာပေါက်ပင် ဖန်းချင်းယီသည် တုယန်၏ သေဆုံးရခြင်း အကြောင်းရင်းကို သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။
သို့သော် သူမသည် အရူးတစ်ယောက် မဟုတ်ရာ တုယန် မည်သူ့လက်ချက်ဖြင့် သေဆုံးသွားရသနည်းဆိုသည်ကို တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်။
ဖန်းချင်းယီသည် တုယန်အပေါ်တွင် ကြီးမားသော သံယောဇဉ်မျိုး မရှိခဲ့ဘဲ အထူးသဖြင့် ယောက်ျားနှင့် မိန်းမကြားရှိ အချစ်မျိုး လုံးဝ မရှိခဲ့ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ သူတို့သည် လက်ထပ်ထားခဲ့ကြပြီး တုယန်ကလည်း သူမ၏ စကားကို နားထောင်ခဲ့ရာ သေဆုံးသွားသော တုယန်အပေါ် ဖန်းချင်းယီ လုံးဝ လျစ်လျူမရှုနိုင်ခဲ့ချေ။
ယခင်က ဖန်းချင်းယီသည် အလွန်တရာ မောက်မာဝင့်ကြွားတတ်ပြီး အထက်စီးဆန်သော ခံစားချက်မျိုးဖြင့် ခပ်တန်းတန်းနေတတ်ကာ မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ပေမင်ဓားဂိုဏ်း၏ အန်ချိုကျွန်းပေါ်တွင် တုပိုင်သည် သူမ၏ သာလွန်သည်ဟူသော ခံစားချက်ကို ဖျက်ဆီးပစ်ခဲ့ပြီး အရင်က မကြုံစဖူးသော နည်းလမ်းများဖြင့် သူမကို အရှက်ခွဲကာ သူမ၏ စိတ်ထဲတွင် လုံးဝ ဖျောက်ဖျက်၍မရနိုင်သော အမှတ်အသားတစ်ခုကို ချန်ရစ်ထားခဲ့သည်။
လက်ရှိအချိန်၌ ဖန်းချင်းယီသည် ဝမ်းနည်းပူဆွေးမှုများဖြင့်သာ ပြည့်နှက်နေတော့သည်။ သူမသည် ကိရိယာတစ်ခုမျှသာ ဖြစ်နေကြောင်းကို ရှင်းလင်းစွာ ခံစားနေရလေ၏။
ထို့အပြင် ယခု သူမ လက်ထပ်ရမည့် ဧကရာဇ်ယုံတယ်ဆိုသည်မှာ လုံးဝ တိရစ္ဆာန်တစ်ကောင်သာဖြစ်ပြီး မိခင်အရင်းကိုပင် သတ်ဖြတ်ခဲ့သည့် တိရစ္ဆာန်ကောင်ဖြစ်သည်။
**--**--**--**--**--**--**--**
“ဧကရီ... မင်း တုပိုင်ကို မုန်းတယ်ဆိုတာ ကိုယ်တော် သိတယ်။” ဧကရာဇ်ယုံတယ်က ပြောလိုက်သည်။ “မဟုတ်ဘူး... ခွေးတုပိုင်။”
မှန်ပေသည်။ ခွေးတစ်ကောင်ပင် ဖြစ်၏။
ယနေ့ခေတ်တွင် တရားဝင် ရေးသားထားသော မှတ်တမ်းမှတ်ရာများ အားလုံးနှင့် အရာရှိများ၏ နှုတ်ဖျားမှ တုပိုင်၏ အမည်နာမများ အားလုံးသည် တုခွေး ဟု ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“အခု ကိုယ်တော့်ရဲ့ ခေတ်သစ်စစ်တပ်အင်အား ခြောက်သိန်းခြောက်သောင်းက တုခွေးနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲနေတယ်။” ဧကရာဇ်ယုံတယ်က ပြောလိုက်၏။ “တစ်လလောက် အတွင်းမှာတင် တုခွေးက အဓိကမြို့တော်တွေ အားလုံးနီးပါးကို ဆုံးရှုံးလိုက်ရပြီ။ အချိန်တွက်ကြည့်ရမယ်ဆိုရင် နောက်ဆုံးတိုက်ပွဲက ပြီးဆုံးသွားလောက်ပြီ။”
“သုံးရက်လောက်အတွင်းမှာ တုခွေးရဲ့ စစ်တပ်က ခေါင်းဖြတ်သတ်ခံရပြီး ချေမှုန်းခံရတော့မှာပဲ။ သူကိုယ်တိုင်လည်း မြို့တော်ဆီ ဖမ်းဆီးခေါ်ဆောင်ခံရလိမ့်မယ်။” ဧကရာဇ်ယုံတယ်က ဆက်ပြောသည်။ “အဲဒီအချိန်ကျရင် ကိုယ်တော် သူ့ကို ချက်ချင်း ကွပ်မျက်ပစ်မယ်။ ဧကရီ... မင်းက ကိုယ်တော်နဲ့အတူ ပထမဆုံး ဓားချက်ကို ဝင်ခုတ်ချင်လား။”
ဖန်းချင်းယီက ခေါင်းမော့ကြည့်ကာ ပြန်ပြောလိုက်၏။ “ကောင်းပါပြီ။”
ဧကရာဇ်ယုံတယ်သည် သူ၏ လက်ထဲတွင် စုတ်တံကို ကိုင်ဆောင်ထားပြီး နောက်ဆုံး စုတ်ချက်ကို ရေးဆွဲလိုက်လေသည်။
စက္ကူပေါ်ရှိ တုပိုင်၏ ပုံတူကားချပ်မှာ အလွန် ထင်ရှားပေါ်လွင်နေပြီး အသက်ဝင်နေလေ၏။
ဧကရာဇ်ယုံတယ်သည် တုပိုင်၏ ပုံတူကားချပ်ကို ကြည့်ကာ စိတ်ထဲမှ ပြောလိုက်သည်။ “တုခွေး... နောက်ဆုံးတော့ ငါ ဒီနေ့ကို ရောက်လာဖို့ စောင့်ဆိုင်းခဲ့ရပြီ။ တကယ်ကို မလွယ်ကူခဲ့ဘူး။ ဒီရက်ပိုင်းတွေအတွင်း မင်းကို ငါ ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲဆိုတာ မင်းသိလား။ နေ့တိုင်းလိုလို ငါ မင်းနဲ့ ပြန်တွေ့ရတဲ့ မြင်ကွင်း ၊ မင်းကို ရိုက်သတ်ပစ်ရတဲ့ မြင်ကွင်းတွေကိုပဲ အိပ်မက်မက်နေခဲ့တာ။”
“ယူသွားလိုက်။” ဧကရာဇ်ယုံတယ်က ပြောလိုက်၏။
ရုတ်တရက် မိန်းမစိုးတစ်ဦးက အပြေးအလွှား ဝင်ရောက်လာပြီး ဒူးထောက်အရိုအသေပေးလျက် ပြောလိုက်သည်။ “အရှင်မင်းမြတ်ရဲ့ ပန်းချီဆွဲတဲ့ အတတ်ပညာက တကယ်ကို ပိုပိုပြီး ထူးကဲလာပါပြီ။”
ထို့နောက် ထိုမိန်းမစိုးသည် တုပိုင်၏ ပုံတူကားချပ်ကို ယူဆောင်ကာ မိန်းမစိုးများအတွက် သီးသန့်ထားရှိသော အိမ်သာဆီသို့ အပြေးအလွှား သွားရောက်လေတော့သည်။
မိန်းမစိုး တစ်အုပ်ကြီးမှာ အုံ့အုံ့ကျည်ကျည် ရောက်ရှိလာကြပြီး တုပိုင်၏ ပုံတူကားချပ်ပေါ်သို့ သေးပေါက်ကာ ချေးပါချကြတော့သည်။ ဤသည်ကိုပင် နံစော်နေသော အမွေအနှစ်တစ်ခုဟု ခေါ်ဆိုရပေမည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၇၉ + ၇၈၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team