← Chapters

နဂါးငွေ့တန်းဓားမျိုးစေ့

Vol. 4 Ch. 367

နဂါးငွေ့တန်းဓားမျိုးစေ့

Vol. 4 Ch. 367

"အဲဒီမျှော်စင်က ဘာလဲ"

ဆန်းလျန်က ရုတ်တရက် မေးလိုက်သည်။

ဝူချင်ကျီက ဆန်းလျန်၏ အေးစက်သည့် အကြည့်များကို စိုက်ကြည့် နေလိုက်သည်။

ဆန်းလျန်၏ မျက်ဝန်းများက မှန်သားကဲ့သို့ ကြည်လင်နေပြီး ထိုမျက်ဝန်းများ ထဲတွင် ဝူချင်ကျီသည် သူ၏ ပုံရိပ်ကို ပြန်မြင် နေရလေသည်။

သူသည် ဆန်းလျန်ကို လိမ်မပြော ဝံ့တော့ဘဲ အမှန်အတိုင်း ဝန်ခံလိုက်လေ၏။

"ဒီမျှော်စင်က ဟေးဟွမ် အရံအတား မျှော်စင်ပဲ"

"မဆိုးပါဘူး ၊ ဒါပေမဲ့ ခင်ဗျားရဲ့ အသက်ကိုတော့ အဲဒီမျှော်စင်က ကာကွယ်ပေးနိုင်မယ် မထင်ဘူး"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ဆန်းလျန်၏ လက်ထဲတွင် အနက်ရောင်နှင့် အဝါရောင် ပေါင်းစပ်ထားသည့် ရွှမ်တယ်ဓား ပေါ်လာလေသည်။

သူ၏ တာအိုဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေပြီး ဝူချင်ကျီ ရှိရာသို့ တစ်လှမ်းချင်း လှမ်းလာလေသည်။

ဟေးဟွမ် အရံအတား မျှော်စင်သည် သူ့ကို ကယ်တင် နိုင်လိမ့်မည်ဟု ဝူချင်ကျီ ကတော့ ယုံကြည် နေလေသည်။ ထို့ပြင် သူက ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဆရာသခင် တစ်ပါးဖြစ်သည့် အတွက် ဆန်းလျန်က သူ့ကို သတ်လိမ့်မည် မဟုတ်ဟုလည်း ထင်မှတ် ထားလေသည်။ အကယ်၍ ဆန်းလျန်သာ သူ့ကို သတ်ခဲ့ပါက ထိုက်စန့် နတ်ဘုရားဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါး၏ ဆက်ဆံရေး ပျက်ပြား သွားရမည် ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်နှင့် ဝူချင်ကျီမှာ နတ်ဘုရား ဈေးပွဲတော်တွင် အလွန်မှ ခင်မင်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် နားလည်ခဲ့ကြသူများ ဖြစ်လေသည်။  ဆန်းလျန် အနေဖြင့် မိတ်ဟောင်းဆွေဟောင်းကို တန်ဖိုး ထားလိမ့်မည် ဟုလည်း သူက ယူဆထားသည်။

ထိုက်စန့် စက္ခုတန်ခိုး ကျင့်စဉ် ကျမ်းစာများသည် ဝူချင်ကျီ၏ နှလုံးသားထဲတွင် စီးဆင်း နေလေသည်။ သူ၏ တာအိုစိတ်ထားသည် နေနှင့်လ ကဲ့သို့ ထွန်းလင်းနေပြီး အဆိုးမြင်သည့် ခံစားချက်များကို တွန်းလှန် လိုက်လေသည်။ ဝူချင်ကျီ၏ပုံစံမှာ ပိုပြီး တည်ငြိမ် လာလေသည်။

ဆန်းလျန်သည် ဝူချင်ကျီ၏ ခြေလှမ်းငါးလှမ်းခန့် အဝေးတွင် ရောက်ရှိ နေလေသည်။

ဆန်းလျန်မှာ လောက နတ်ဘုရားတစ်ပါး ဖြစ်နေပြီ ဖြစ်သည့်အတွက် ဝူချင်ကျီမှာ ဆန်းလျန်ကို လျှော့မတွက်ရဲပါ။

နွားရိုင်းကြီး တောင်ငါးလုံး အောက်မှ ပြန်လည် လွတ်မြောက်လာသည် အထိ ဆန်းလျန်ကို အချိန်ဆွဲထားရန် ဝူချင်ကျီက စဉ်းစား ထားလေသည်။

သူတို့နှစ်ယောက် စကားထပ် မပြော ဖြစ်ကြတော့ပါ။

ဆန်းလျန်၏ အေးစက်သည့် အကြည့်များကို ကြည့်ရင်း …

"ငါကတော့စပြီး တိုက်ခိုက်လို့ မဖြစ်ဘူး"

ဟု ဝူချင်ကျီက တွေးလိုက်မိသည်။

ထို့ပြင် သူက စတင် တိုက်ခိုက်လိုက်ပါက ဟေးဟွမ် အရံအတား မျှော်စင်၏ ဟာကွက်ကို ဆန်းလျန်က ကျိန်းသေ သိရှိ သွားနိုင်လေသည်။

ဟေးဟွမ် အရံအတား မျှော်စင်မှ အဝါရောင် တန်ခိုးစွမ်းအား များသည် ဝူချင်ကျီကို ခေါင်းအစ ခြေအဆုံး အကာအကွယ် ပေးထားလေသည်။ ဟေးဟွမ် အရံအတား မျှော်စင်မှ တန်ခိုးစွမ်းအား အလွှာများကို ဆန်းလျန်၏ ဓားဝိညာဉ်သည် မည်သည့် နည်းနှင့်မှ ထိုးဖောက်နိုင်မည် မဟုတ်ပေ။

ဝူချင်ကျီသည် ယနေ့ တိုက်ခိုက်ခြင်း မပြုဘဲ သူ့ကိုသူ ကာကွယ်ရန်သာ ရွေးချယ်ခဲ့သည်။ သို့သော် ယနေ့ကို ကျော်လွန်ခဲ့ပါက နောင်တစ်ချိန်တွင် သူသည် ဆန်းလျန်ကို ကျိန်းသေ တိုက်ခိုက်မည် ဖြစ်လေသည်။

ဆန်းလျန်၏ ပုံစံက မည်သည့်အရာကိုမှ ဂရုမစိုက်သည့် ပုံမျိုး ပေါက်နေလေသည်။ ဆန်းလျန်၏ ရွှမ်တယ်ဓားသည် တုန်ခါ နေလေသည်။ ဆန်းလျန်၏ ဓားဝိညာဉ်ကို စကြဝဠာတွင် မည်သည့် အရံအတား ကမှ တားဆီးနိုင်ခြင်း ရှိမည် မဟုတ်ပေ။

ဆန်းလျန်သည် "ရှိခြင်း မရှိခြင်း ဓားဝိညာဉ်" ကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

ဝူချင်ကျီသည် မယုံကြည် နိုင်လောက်အောင် အံ့သြ သွားရလေသည်။

သို့သော် ထို အံ့သြသွားမှုသည် ဝူချင်ကျီ၏ ဘဝတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံး အပြုအမူပင် ဖြစ်လေသည်။ ဟေးဟွမ် အရံအတား မျှော်စင်က သူ့ကို ကာကွယ် ပေးနေသည့်တိုင် ဝူချင်ကျီ၏ နဖူးထက်တွင် အပေါက်တစ်ပေါက်ကို တွေ့မြင်လိုက် ရလေသည်။

ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ တန်ခိုးစွမ်းအား အလွန် မြင့်မားသည့် ဝူချင်ကျီသည် ချင်းရွှမ် နတ်တံခါးမှ ဆန်းကျန်းရန်၏ ဓားချက် တစ်ချက်ကိုပင် မရှောင်တိမ်း နိုင်ခဲ့ပါ။

"ဆန်းကျန်းရန်နှင့် ရင်ဆိုင်ရလျှင် မည်သူမဆို ဖုန်မှုန့်မျှသာ ဖြစ်သည်"

ဟူသည့် ကောလာဟလ များသည် လောကတွင် ပျံ့နှံ့ နေခဲ့သည်မှာ အမှန်တရားပင် ဖြစ်လေသည်။

ဟေးဟွမ် အရံအတား မျှော်စင်က ကာကွယ် ပေးထားသည့်တိုင် ဆန်းလျန်၏ ဓားဝိညာဉ်သည် မည်သို့ ထိုးဖောက်ကာ သူ့ကို တိုက်ခိုက် ခဲ့သည်ကို ဝူချင်ကျီသည် သေသည်အထိ နားလည် မသွားခဲ့ရှာပေ။

ဆန်းလျန်၏ ဓားဝိညာဉ်သည် မိုးနှင့်မြေ ကိုပင် လွန်ဆန်ဝံ့သည့် ဓားဝိညာဉ် အလားပင် ဖြစ်လေသည်။

ကျုန်းစန်း တောင်ထိပ်တွင် ချန်ပေသိုသည် တစ်ကိုယ်တည်း ရှိနေလေသည်။ သူက အစကတည်းက ကျုန်းစန်းတောင် တောင်စောင့်နတ် ဖြစ်သည့်အတွက် ကျုန်းစန်းတောင် တွင်ပင် နေထိုင်သူ ဖြစ်လေသည်။

"ရှိခြင်း မရှိခြင်း ဓားဝိညာဉ်"

ချန်ပေသို၏ ပါးစပ်မှ စကားတစ်ခွန်းကို ရေရွတ် လိုက်လေသည်။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်နှင့် လေထဲတွင် ဆန်းလျန်၏ မျက်နှာသည် ပြတ်သား ကြည်လင်စွာ ပေါ်လာလေသည်။

ချန်ပေသို၏ မျက်ဝန်းများတွင် လူသတ်လိုသည့် အငွေ့အသက်များ ရှိမနေခဲ့ပါ။ သို့သော် သူ၏ မျက်ဝန်းများက နက်ရှိုင်းနေပြီး ပျော်ရွှင်နေသည့် သဏ္ဌာန် ထင်ဟပ် နေလေသည်။

ဆန်းလျန်သည် သူ၏ဓားကို ရုပ်သိမ်းလိုက်ပြီး ဝူချင်ကျီ၏ အလောင်းကိုပင် ကြည့်မနေတော့ပါ။

သူက ဟေးဟွမ် အရံအတား မျှော်စင်ကိုလည်း စိတ်မဝင်စားပါ။ သူ့စိတ်ထဲတွင် ဝူချင်ကျီကို သတ်လိုက်ရသည့် အတွက် စိတ်မကောင်း ဖြစ်ခြင်းကိုလည်း ခံစားရခြင်း မရှိပေ။

သူ့ဘဝတွင် လှည့်စားတတ်သော မိတ်ဆွေမျိုးကို အလိုမရှိပေ။

လူတိုင်းသည် ဘဝတွင် ကိုယ်ပိုင် ရွေးချယ်မှုများ ရှိခဲ့ပြီး ထို ရွေးချယ်မှု တိုင်း၏ အကျိုးဆက် ကိုလည်း ခံစားရစမြဲ ဖြစ်လေသည်။ ရွေးချယ်မှု တစ်ခုကြောင့် အသက်ပင် ဆုံးချင် ဆုံးသွားနိုင်မည် ဖြစ်လေသည်။

ချင်းရှောင်း နတ်သမီးသည် အဖြူရောင် အမျိုးသမီးနှင့် အပြင်းအထန် တိုက်ခိုက်နေလေသည်။

တိုက်ခိုက်နေရင်းမှ ချင်းရှောင်းက တစ်ချက် ရယ်မောလိုက်သည်။

ဆန်းလျန်သည် နွားရိုင်းကြီးနှင့် ဝူချင်ကျီ တို့ကို အနိုင်ယူ လိုက်သည်ကို တွေ့မြင် လိုက်ရသည့်အခါ အဖြူရောင် အမျိုးသမီးသည် မယုံကြည် နိုင်လောက်အောင် ဖြစ်သွား ရလေသည်။

သူမက နေရာမှ ချက်ချင်း ထွက်ပြေးရန် ကြံစည်လိုက်သည့် အချိန်တွင် ချင်းရှောင်း နတ်သမီးထံမှ ရေခဲမီးတောက်များ စတင်ထွက်ပေါ် လာလေသည်။

မိုးနှင့်မြေသည် ရုတ်တရက် ရပ်တန့် သွားလေသည်။

ချင်းရှောင်း နတ်သမီး၏ ရေခဲမီးတောက် များကြောင့် အဖြူရောင် အမျိုးသမီး၏ အတွေးများပင် အေးခဲ သွားရလေသည်။

ချင်းရှောင်း၏ ဗလာနယ်ဖျက်ဓားသည် အဖြူရောင် အမျိုးသမီး၏ နဖူး တည့်တည့်ကို ထိုးဖောက် ဝင်ရောက် သွားလေသည်။

အဖြူရောင် အမျိုးသမီး၏ အသွေးအသား များသည် ရေခဲမီးတောက် အောက်တွင် လောင်ကျွမ်း သွားလေသည်။ ရေခဲပြင်ထဲတွင် အဖြူရောင် အရိုးစု တစ်ခုကိုသာ တွေ့မြင်ရတော့သည်။ ထိုအရိုးစု မှာလည်း တဖြည်းဖြည်း အမှုန့် ဖြစ်သွားလေသည်။

ရုတ်တရက် …

အဖြူရောင် အမျိုးသမီး၏ ကျန်ရစ်ခဲ့သည့် ပုံရိပ်ယောင် ထွက်ပေါ်လာပြီး ချင်းရှောင်း နတ်သမီးကို တိုက်ခိုက် လိုက်လေသည်။ သို့သော် ဆန်းလျန်၏ ရွှမ်တယ်ဓားက ထိုပုံရိပ်ယောင်ကို ထိုးစိုက် ချလိုက်လေသည်။ ပုံရိပ်ယောင်သည် ဆန်းလျန်၏ ဓားချက်အောက်တွင် ပြာမှုန့်ပင် မကျန်အောင် လောင်ကျွမ်းပျက်စီး သွားရလေသည်။

ချင်းရှောင်း နတ်သမီးသည် ပြုံးနေလေသည်။

သို့သော် သူမသည် ပြုံးနေရင်းနှင့်ပင် မြေပြင်ထက်သို့ လဲကျ သွားရလေသည်။

အဖြူရောင် အမျိုးသမီးနှင့် တိုက်ခိုက်ရင်း ချင်းရှောင်း ဒဏ်ရာ ရသွားသည်ကို ဆန်းလျန်က ရိပ်မိလိုက်သည်။

သူသာ အနားတွင် မရှိလျှင် အဖြူရောင်ဝတ် အမျိုးသမီး၏ ပုံရိပ်ယောင် လက်ချက်ဖြင့် ချင်းရှောင်း နတ်သမီးမှာလည်း အသက် ဆုံးရမည် ဖြစ်လေသည်။

ချင်းရှောင်း နတ်သမီးကို အချိန်မီ ကာကွယ် လိုက်နိုင်သည့် အတွက် ဆန်းလျန်မှာ စိတ်သက်သာရာ ရသွားမိသည်။ သူ၏ဓားချက်သာ အနည်းငယ် နောက်ကျသွားလျှင် ချင်းရှောင်း နတ်သမီးမှာ အသက်ပျောက် သွားနိုင်လေသည်။

ဆန်းလျန်က လဲကျသွားသည့် ချင်းရှောင်း နတ်သမီးအနားသို့ သွားကာသူ၏ တန်ခိုး စွမ်းအားများကို ချင်းရှောင်း နတ်သမီး၏ မူလဝိညာဉ် ခန္ဓာအတွင်းသို့ ထည့်သွင်း ပေးလိုက်သည်။ သူက ချင်းရှောင်းဒဏ်ရာ သက်သာသွားအောင် ကူညီလိုက်ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာမှ ချင်းရှောင်း၏ မူလဝိညာဉ် ခန္ဓာအတွင်းသို့ စီးဝင်သွားသည့် တန်ခိုးစွမ်းအား များသည် ကျန်ရှိနေသေးသည့် တန်ခိုး စွမ်းအားများကိုပင် ဝါးမျို ပစ်လိုက်လေသည်။

ဆန်းလျန်သည် ချင်းရှောင်းကို ကုသပေးခြင်းကို ချက်ချင်းပင် ရပ်တန့် လိုက်လေသည်။

ချင်းရှောင်း နတ်သမီးသည် အလွန်မှ နာကျင် ခံစားနေရဟန် ပေါ်နေလေသည်။

"ငါ့ကို ကူညီဖို့ မကြိုးစားနဲ့၊ ငါ့ကို ခရမ်းရောင် ကလပ်ဆီကိုသာ ခေါ်သွားပေးပါ"

ချင်းရှောင်းက တည်ငြိမ်စွာဖြင့် စကားပြောလိုက်သည်။

ထို့နောက် ချင်းရှောင်းက ခရမ်းရောင် ကလပ်ရှေ့တွင် ဂါထာတစ်ပုဒ်ကို ရွတ်လိုက်လေသည်။

ထိုအခါ ကာရံထားသည့် နဂါးငွေ့တန်း ရေလိုက်ကာသည် ပွင့်သွားလေသည်။ သူတို့နှစ်ယောက်သည် ခရမ်းရောင် ကလပ်ရှိရာသို့ ခြေလှမ်း နှစ်ဆယ့်ခုနစ်လှမ်း သွားပြီးသည့်နောက် ကျောက်စိမ်းသစ်ပင်ကို မြင်တွေ့ လိုက်ကြရလေသည်။

ကျောက်စိမ်းသစ်ပင်သည် ကိုးလက်မခန့် ရှည်လျားပြီး အကိုင်းအခက် များက ချောမွေ့ကာ စိုပြည် လန်းဆန်း နေလေသည်။ ကျောက်စိမ်းသစ်ပင်၏ ထိပ်တွင် ဓားတိုလေး တစ်ချောင်း စိုက်ဝင် နေလေသည်။

"အဲဒီ ဓားတိုလေးကို သွားယူလိုက်"

ချင်းရှောင်း နတ်သမီးက ပြောလိုက်သည်။

ဆန်းလျန်က ချက်ချင်းပင် ကျောက်စိမ်းသစ်ပင် အနားသို့ ရောက်သွားပြီး ဓားတိုလေးကို ယူလိုက်လေသည်။

ဆန်းလျန် ဓားတိုလေးကို ယူလိုက်သည်နှင့် ကျောက်စိမ်းသစ်ပင် ထက်တွင် ငွေရောင်မီးပွင့်များ ပြန်လည် ထွက်ပေါ် လာကာ ကျောက်စိမ်းသစ်ပင်ကို စတင်လောင်ကျွမ်း နေလေတော့သည်။

ဆန်းလျန်သည် ဓားတိုလေးကို ကိုင်လိုက်မိသည်နှင့် သူ၏ နှလုံးသား အတွင်းသို့ များပြားလှသည့် သတင်း အချက်အလက်များ ဝင်ရောက် လာလေသည်။

ထိုဓားတိုလေးမှာ နဂါးငွေ့တန်းဓား မျိုးစေ့ဖြစ်ကြောင်း ဆန်းလျန် ချက်ချင်း နားလည် သွားရလေသည်။

သူ၏ နဂါးငွေ့တန်း ဓားသိုင်းစွမ်းမှာ မြင့်တက်လာပြီး နဂါးငွေ့တန်းရှိ ထျန်းဟယ် မြစ်ကမ်းမှ မည်သည့် နတ်ဘုရား နှင့်မဆို ယှဉ်ပြိုင်နိုင်သည့် အနေအထားသို့ ရောက်ရှိ သွားရလေသည်။

***

All Chapters