← Chapters

နှလုံးခုန်မြန်၍ သွေးပွက်ပွက်ဆူလာခြင်း

Vol. 19 Ch. 279

နှလုံးခုန်မြန်၍ သွေးပွက်ပွက်ဆူလာခြင်း

Vol. 19 Ch. 279

" ကျွန်တော် မိုရို သွေးစွန်း တစ္ဆေက သခင်ကြီးကို ဂါရဝ ပြုပါတယ်"

 

ဒုစရိုက်ဧကရာဇ်၏ အသံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီးနောက် လမ်းကြားလေးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

 

မဟူရာ ဧကရာဇ်နှင့် မရဏ အစေခံ ခုနစ်ယောက်တို့ မှင်တက်သွားကြသည်။ ဒုစရိုက် ဧကရာဇ်သည် ကမ္ဘာတစ်ဝှမ်းမှ အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်သည့် ထိပ်တန်း သိုင်းပညာရှင် ခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သလို အကြမ်းဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများထဲမှ တစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်သည်။

 

သို့သော် သူသည် လူငယ်တစ်ယောက်၏ ရှေ့တွင် ဒူးထောက်နေပြီး ထိုသူအား သခင်ကြီးဟု ခေါ်ဝေါ်နေသည်။

 

ဒီအဖြစ်က … မဟူရာ ဧကရာဇ်နှင့် သူ့လူများ၏ အတွေးအမြင်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။

 

အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းများကို ရရှိထားသည့် ဒဏ္ဍာရီလာအဆင့်များသည် သာမန် ဒဏ္ဍာရီလာ အဆင့် သိုင်းပညာရှင်များနှင့် အခြေခံအားဖြင့် ခြားနားလှသည်။

 

သူတို့၌ အင်မော်တယ်များကဲ့သို့ မခန့်မှန်းနိုင်သော ၊ ဆန်းကြယ်သည့် တိုက်ပွဲဝင် တိုက်ကွက်များ ရှိသည်။ အလွန် ရှေးကျသော လျှို့ဝှက် သိုင်းကွက်များ၏ အင်အားသည် အလွန် လက်ဖျားခါလောက်သည်။

 

မဟူရာ ဧကရာဇ်နှင့် သူ့လူများသည် ယဲ့ဖန်၏ အင်အားစုကို မြင်ပြီး သူတို့၏ မျက်နှာများက မည်းမှောင်သွားသည်။ မြေအောက်သခင်တောင်မှ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

 

"ကြောက်ဖို့ကောင်းတဲ့ လူနှစ်ယောက်ဖြစ်တဲ့ ကျိုချင်းချန်နဲ့ ဒုစရိုက် ဧကရာဇ်က သူ့ကို သခင်ကြီးလို့ ခေါ်နေတယ် …"

 

"သူက … ဘယ်လိုလူစားမျိုးလဲ"

 

မြေအောက်သခင် အလွန် မှင်တက်သွားသည်။ သူ ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း ဤလူငယ်လေး၏ နောက်ခံကို စဉ်းစားလို့ မရချေ။

 

ကမ္ဘာတစ်ဝှမ်း၌ အလွန် ထိတ်လန့်စရာကောင်းသော အင်အားစုများ ရှိသော်လည်း သူ တစ်ခါမှ ယဲ့ဖန်အကြောင်း လုံးဝ မကြားဖူးပေ။

 

ကျိုချင်းချန်နှင့် အခြားအမှောင်ဂိုဏ်းသားများတောင်မှ အတော်လေး ထိတ်လန့်သွားကြသည်။

 

သူတို့သည် ယဲ့ဖန်အား သူတို့ ဘိုးဘေး၏ အမိန့်အရ သူတို့ သခင်ကြီးအဖြစ် မှတ်ယူခြင်း ဖြစ်သည်။ သို့သော်ယဲ့ဖန်သည် ဆရာသခင်နောက်ဆုံးအဆင့်၌သာ ရှိသေးပြီး ခွန်အားနည်းလှသည်။

 

သို့သော် ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည့် အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်က သူ၏ အစေခံဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။

 

အံ့ဩစရာကောင်းလှသည်။

 

"မင်း ပြန်လာပြီလား"

 

ယဲ့ဖန်က သွေးစွန်းတစ္ဆေအား စိတ်အေးစေရန် အားပေးသော အကြည့်မျိုးနှင့် ကြည့်၍ မေးလိုက်သည်။ ထိုစဉ် သွေးစွန်းတစ္ဆေ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များဖြင့် စိုရွှဲနေပြီး ပြန်ပြောလိုက်သည်။

 

"သခင်ကြီး … သွေးစွန်း တစ္ဆေက သခင်ကြီးရဲ့ ခံယူချက်၊ ဂုဏ်သိက္ခာတွေနဲ့ လျော်ညီအောင် နေနိုင်ပါပြီ။

 

ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်လိုက်ကြသည်။ သူတို့သည် သခင်နှင့် အစေခံဖြစ်သော်လည်း သူတို့သည် ညီအစ်ကိုများလည်း ဖြစ်ကြသည်။

 

သူတို့ဘေးရှိ ဒုစရိုက်၏ အကြောက်အလန့်ကင်းသော တိုက်ခိုက်ရေးသမားများသည် ဤမြင်ကွင်းကြောင့် အကြီးအကျယ် အံ့အားသင့်သွားကြသည်။

 

သူတို့၏ ဧကရာဇ်က ကျန်းရှီမြို့သို့ လုံးဝ မနားဘဲ အသည်းအသန် ခရီးဆက်လာခဲ့သည်ကို သူတို့သိသည်။

 

သူသာ ဆယ့်ငါးမိနစ် နောက်ကျသွားလျင် သူ့နှလုံးသား လောင်ကျွမ်းတော့မည့်ဟန်ဖြင့် အလွန် စိုးရိမ်ပူပန်နေခဲ့သည်။

 

သို့သော် သူ အပတ်တကုပ် ကြိုးစားခဲ့သမျှက သည်လူငယ်နှင့် ဆုံတွေ့ရန်ဖြစ်သည်တဲ့လား။

 

ဒုစရိုက်၏ အကြောက်အလန့်ကင်းသော တိုက်ခိုက်ရေးသမားများက သည်လောက် ဂရုစိုက်ခြင်း ခံရအောင် မည်မျှ ဩဇာတိက္ကမနှင့် ပြည့်စုံသလဲဆိုတာကို သိချင်မိကြသည်။ ဒုစရိုက် ဧကရာဇ်၏ ဤမျှ အလွန်အကျွံ လေးစားမှုခံရအောင် သူ ဘယ်လိုများ လုပ်ခဲ့တာပါလိမ့်။

 

သို့သော် ထိုစဉ် သူတို့ ကြုံးဝါးသံတစ်ခုကို ကြားလိုက်ရသည်။

 

"မဟူရာ ဧကရာဇ်က ခေါင်းဖြတ်ခံရတော့မှာ။ နတ်ဆိုး ဧကရာဇ်က သူ့ရဲ့ ဂုဏ်သိက္ခာတွေ တိုးမြင့်လာတော့မှာ။ ကျုပ်ကိုလည်း မေ့မနေကြနဲ့ဦး"

 

ထိုစဉ် လူများစွာက ရူးသွပ်နေသော ဝံပုလွေများကဲ့သို့ ရှေ့သို့ ပြေးလာကြသည်။ သူတို့သည် အလွန် လျင်မြန်စွာ လှုပ်ရှားကြသဖြင့် လေထုကို‌တောင် ခွဲဖြတ်သွားသဖြင့် ပေါက်ကွဲသံများ‌တောင် ဖြစ်ပေါ်လာရသည်။

 

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မဟူရာ ဧကရာဇ်နှင့် စင်တီမီတာခန့်သာ ကွာဝေးတော့သည်။ လူဦးရေ ဒါဇင်အနည်းငယ်ခန့်သာ ဖြစ်သော်လည်း သူတို့၏ ချီဓာတ်များက အလွန် ရက်စက်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

 

ထို့ပြင် သိုင်းပညာရှင်တိုင်းသည် ငရဲမှတန်း၍ ထွက်ပေါ်လာသကဲ့သို့ သူတို့၏ တလက်လက် တောက်နေသော မျက်လုံးများမှ သန်မာ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်နေသည်။

 

သူတို့သည် အလွန် ကြောက်လန့်ဖွယ်ကောင်းလှ၏။ ဝံပုလွေအုပ်စု ရောက်ရှိလာချိန်တွင် သွေးစွန်းနေသော 'ဝံပုလွေ' ဟူသည့် စကားလုံးကို ရေးထွင်းထားသည့် သူတို့၏ လက်ပတ်များကို တွေ့လိုက်ရသည်။

 

"သူ…သူတို့က…"

 

မြေအောက်သခင် အလွန် ကြောက်စိတ်မွှန်နေသော အကြည့်များနှင့် တုန်ယင်လာသည်။

 

"ဝံပုလွေ နတ်ဘုရား တောင်ကြား … ဝိုး … လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ဥရောပ၊ အာရှနဲ့ အမေရိကို သုတ်သင် ရှင်းလင်းခဲ့တဲ့ ဝံပုလွေ နတ်ဘုရား တောင်ကြားက ပြန်ပေါ်လာပြီပဲ"

 

"ဒါ … လုံးဝ မဖြစ်နိုင်ဘူး"

 

ဝံပုလွေ နတ်ဘုရား တောင်ကြားသည် လွန်ခဲ့သည် နှစ်ရာချီတုန်းက တားမြစ်ထားသည့် နေရာဖြစ်ခဲ့သည်။ ဝံပုလွေစစ်တပ် ရည်ရွယ်ချက် တစ်ခုခုဖြင့် စုရုံး၍ ခရီးထွက်ပြီဆိုလျင် သူတို့သည် ဘယ်အရာကိုမှ အရှင်မထားကြပေ။

 

လွန်ခဲ့သည့် နှစ်ရာချီအချိန်တုန်းက ဝံပုလွေ နတ်ဘုရားသည် သူ၏ ဝံပုလွေ စစ်တပ်နှင့်အတူ ကမ္ဘာကြီးကို အုပ်စိုးခဲ့သည်။

 

လွန်ခဲ့သည့် နှစ်ရာချီတုန်းက ဝံပုလွေ နတ်ဘုရား တောင်ကြားသည် မည်သည့် လောကီကိစ္စတွင်မှ ပါဝင်ခြင်း မပြခဲ့ပါ။ သူတို့သည် အလွန် နှိမ့်ချစွာ ပြုမူခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မေ့လျော့ခြင်း ခံရလုနီးပါး ဖြစ်လာခဲ့သည်။

 

ယခုအခါတွင်တော့ ဝံပုလွေနတ်ဘုရားနှင့် ဝံပုလွေ စစ်တပ် ပြန်လည် ပေါ်ထွက်လာခဲ့လေသည်။

 

"မင်း…မင်းက ဆိုက်ဘေးရီးယား ဝံပုလွေ ဘုရင်အသစ်လား"

 

မဟူရာ ဧကရာဇ်က အလွန် သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ ဤမျှ လှည့်ကွက်များစွာ ကြုံရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။

 

သူ၏ ဒေါသထွက်နေသော အကြည့်များအောက်မှာပင် မျက်လုံးထောင့်၌ အမာရွတ်ရှိနေသော လူငယ်တစ်ယောက်က ဝံပုလွေ ဘုရင်၏ ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ရှေ့သို့ လျှောက်လာသည်။

 

သူ ဖြတ်သွားသည့် နေရာတိုင်းတွင် အခြား 'ဝံပုလွေ' အဖွဲ့သားများက ဒူးထောက်လိုက်ပြီး ဝပ်တွားလာကြသည်။

 

သူသည် ဝံပုလွေနတ်ဘုရား၏ ရှေးဟောင်း လျှို့ဝှက်သိုင်းကွက်ကို ရရှိခဲ့သည့် ဆိုက်ဘေးရီးယား ဝံပုလွေဘုရင် အသစ်ပင် ဖြစ်သည်။

 

ထိုအချိန်တွင် မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့ အလွန် ထိတ်လန့်နေကြသည်။ သူတို့သည် ယဲ့ဖန်နှင့် ဝံပုလွေဘုရင်တို့အား ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြသည်။

 

မဟူရာ ဧကရာဇ်နှင့် သူ၏ မရဏ အစေခံ ခုနစ်ယောက်တို့သည် မယုံသင်္ကာ မျက်လုံးများဖြင့် ဖြစ်နေကြပြီး နဖူးမှ ချွေးဒီးဒီးကျနေကြသည်။

 

ထိုစဉ် ဒုန်းခနဲ အသံနှင့်အတူ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်ပြီး နှုတ်ဆက်လာသည်။

 

"သံလက် ဝံပုလွေရိုင်းက သခင်ကြီးကို ဂါဝရပြုပါတယ်"

 

….

 

သူ့စကားကြောင့် လမ်းကြားလေး တစ်ခုလုံး ပွက်လောရိုက်သွားသည်။ မဟူရာ ကြက်ခြေခတ်အဖွဲ့နှင့်အတူ ရပ်နေကြသော ဒဏ္ဍာရီအဆင့်များ အားလုံး ခြေထောက်တွေ ခွေယိုင်လာကာ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးချင်စိတ် ပေါက်လာသည်။

 

*သခင်ကြီးတဲ့*

 

*လာပြန်ပြီ ဒီသခင်ကြီး*

 

ဒုစရိုက် ဧကရာဇ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ကျိုချင်းချန်တို့ သုံးယောက်လုံးက ယဲ့ဖန်ကို သခင်ကြီးဟု ခေါ်ဆိုနေကြသည်။

 

သူတို့အားလုံးက ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များပင်။

 

မဟူရာ ဧကရာဇ်၏ မျက်နှာတောင်မှ အနည်းငယ် ဖြူရော်လာသည်။ သူ့ဘေးမှ မြေအောက်သခင်သည်လည်း ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် မြေကြီးပေါ် ပစ်လဲကျသွားသည်။

 

သူသည် ယဲ့ဖန်အား နတ်ဆိုး နတ်ဘုရားတစ်ပါးလေလားဟု တွေးကာ စိုက်ကြည့်နေမိသည်။ ထိုစဉ် ယဲ့ဖန်က ဘေးပတ်ပတ်လည်မှ လူများ၏ အတွေးများကို အလေးထားမနေဘဲ တောက်ပသော အပြုံးနှင့် ဝံပုလွေရိုင်းကိုသာ မတ်တပ်ရပ်နိုင်အောင် ကူညီလိုက်သည်။

 

"တွေ့ရတာ ဝမ်းသာတယ်ကွာ"

 

ဤသို့ တိုတိုတုတ်တုတ် စကားတစ်ခွန်းကပင် ဝံပုလွေရိုင်း၏ မျက်လုံးအား နီမြန်းလာစေပြီး မျက်ရည်ကျလုမတတ် ဖြစ်စေသည်။

 

ဆိုက်ဘေးရီးယား ဒေသတွင် သူသည် သေခြင်းရှင်ခြင်း အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သူသည် ကျန်းနန် စီရင်စုဒေသသို့ ပြန်၍ သူ၏ ညီအစ်ကိုများ၏ ဘေး၌ ရှိနေချင်သည်ဟူသော အိပ်မက်မျိုး ညတိုင်း မက်ခဲ့သည်။

 

သူ ကျန်းနန် စီရင်စုဒေသသို့ ပြန်၍ သူ၏ သခင်ကြီးဘေး၌ ပြန်နေမည်ဟု သူ့ကိုယ်သူ ပြောခဲ့သည်။ သို့သော် သူ မလုပ်နိုင်မှန်းလည်း သူ သိသည်။

 

သူသည် သံလက် ဝံပုလွေရိုင်း ဖြစ်သည်။ သူသည် သန်မာ၍ ရင့်ကျက်လာရမည်။ ဒုက္ခပေးသော လေ့ကျင့်မှုများကို သူ ဖြတ်ကျော်ပြီးမှသာ သူသည် ယဲ့ဖန်နောက်သို့ လိုက်၍ တစ်ကမ္ဘာလုံးကို ရှင်းလင်း၍ စကြဝဠာကြီးကို အုပ်စိုးနိုင်မည် ဖြစ်သည်။

 

သူ၏ သွေး၊ချွေးများကို သုတ်ပြီး သူသည် ကြမ်းကြုတ်သော လူသတ်လက်နက်ကဲ့သို့ သူ့ရန်သူများကို အကြိမ်ကြိမ် အခါခါ သတ်ဖြတ်ခဲ့သည်။

 

သူသည် အင်အားကြီးသော ရန်သူများကို သတ်ဖြတ်ခဲ့ပြီး အခက်အခဲနှင့် ခလုတ်ကန်သင်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော် ရှင်းလင်းခဲ့သည်။

 

နောက်ဆုံးတွင် သူသည် ဝံပုလွေ နတ်ဘုရားထံမှ ရှေးဟောင်း လျှို့ဝှက် သိုင်းကွက်ကို ရရှိခဲ့ပြီး ဒဏ္ဍာရီလာအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

 

ကျန်းနန်စီရင်စု ဒေသသည် မဟူရာ ဧကရာဇ်ကြောင့် ဒုက္ခအကြီးအကျယ် ရောက်ရတော့မည်ကို သူ သိရှိပြီးနောက် သူ ချက်ချင်း သူ့လူများနှင့် ခရီးပြင်း နှင်လာခဲ့သည်။

 

သူ့ဘဝတစ်လျှောက်လုံး လိုက်ပါ၍ အမှုထမ်းလိုသည့် ထိုလူအတွက် သူ အရာအားလုံးကို လုပ်ခဲ့သည်။

 

"သခင်ကြီး ဝံပုလွေရိုင်း ပြန်လာပါပြီ"

 

သံလက် ဝံပုလွေရိုင်းက မျက်ရည်သုတ်ကာ ယဲ့ဖန်နှင့် သွေးစွန်းတစ္ဆေတို့အား တင်းနေအောင် ဖက်လိုက်သည်။

 

သူတို့၏ နှလုံးခုန်သံများ မြန်နေ၏။ သူတို့၏ သွေးများက ပွက်ပွက်ဆူနေသည်။ ဤသည်ကား သွေးသောက်ညီအစ်ကို စိတ်ဓာတ်ပင်။

 

သူတို့ အတူတူ မွေးဖွားလာကြခြင်း မဟုတ်သော်လည်း သူတို့ အတူ သေဆုံးကြရန် ဆုံးဖြတ်ထားကြသည်။

 

သို့သော် သည်လောက်နှင့် မပြီးသေးချေ။ ထိုစဉ် နောက်ထပ် ခြေသံတစ်ခုက လမ်းကြားလေးထဲသို့ တဖြည်းဖြည်းနှင့် နီးကပ်လာသည်။

 

ဤအဖြစ်ကြောင့် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ နောက်ထပ်တစ်ယောက် ရောက်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။

 

မဟူရာ ဧကရာဇ်နှင့် သူ့လူများသည် သူတို့လည်မျိုမှ နှလုံးအန်ထွက်လာတော့မည်ဟု ခံစားလိုက်မိသည်။

 

*ဒီမှာ ကြောက်ဖို့ကောင်းတဲ့ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် သုံးယောက်တောင် ရှိနေပြီလေကွာ*

 

…

 

*ထပ်ပြီးတော့များ…*

 

မဟူရာ ဧကရာဇ်နှင့် သူ့လူများ ကြက်သီးတဖြန်းဖြန်းထကာ တုန်လှုပ်လာကြသည်။ သူတို့၏ အံ့ဩနေသော အကြည့်များအောက်မှာပင် နောက်ထပ်လူတစ်ယောက်က လမ်းကြားလေးထဲသို့ ဝင်ရောက်လာသည်။

 

All Chapters