အခန်း (၁၀၁-၁၀၂)
Vol. 10 Ch. 101-102
အခန်း ၁၀၁ လူသတ်သမားအစစ်ကို ဖမ်းမိပြီ
ပါးလွှာသော ဓားမြှောင်က ချောမွေ့သော အသားအရေပေါ်သို့ ကျရောက်သွားပြီး အေးစက်သော ဓားဦးက ရင်ဘတ်နေရာကို ခွဲလိုက်သဖြင့် အနီရဲရဲ သွေးစက်များက ဓားရာတစ်လျှောက် စီးကျကာ ပိုးသားအိပ်ရာခင်းပေါ်သို့ ကျဆင်းသွားသည်။
သူက သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး အမျိုးသမီးငယ်၏ ရင်ဘတ်နေရာသို့ ဦးတည်လိုက်သည်။ ခဏအကြာတွင်တ သူက ခုန်နေသော နှလုံးတစ်ခုကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလျက် အမျိုးသမီးလေးကို ပြသလိုက်သည်။ သူက ထိုအမျိုးသမီးလေး၏ ထိတ်လန့်တုန်လှုပ်နေမည့် မျက်နှာထားနှင့် နာကျင်စွာ အော်ဟစ်လာမည့် အသံကို စောင့်မျှော်နေခဲ့သည်။ ဤသည်မှာ သူ့အတွက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်ပင်။
သို့သော် ကျွော့ချင်းက သူ့ကို လှမ်းကြည့်လိုက်သည့်အချိန်တွင် သူ၏ စိတ်ထဲသို့ ထိတ်လန့်မှုတစ်ခု ဝင်ရောက်သွားသည်။ သူမ၏ မျက်လုံးများက တည်ငြိမ်နက်နဲနေပြီး ကြောက်ရွံ့သည့် အရိပ်အယောင်ဟူ၍ မြူတစ်မှုန်စာပင် မရှိနေခဲ့ပေ။
ထိုလူ၏ နှုတ်ခမ်းပေါ်မှ နတ်ဆိုးဆန်ဆန် ညစ်တစ်တစ် အပြုံးလည်း ချက်ချင်း အေးခဲသွားသည်။
‘နှလုံးသားကို ဆွဲထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူမလို တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မှာလဲ?!! ဒါက ဘာတွေ ဖြစ်နေတာလဲ??’
"ဘာတွေ ဖြစ်နေတာလဲ?"
ဤမေးခွန်းကို မေးချင်နေသည့်သူက ထိုလူတစ်ယောက်တည်း မဟုတ်ပေ။ ကုယွင်မှ လွဲ၍ အခန်းထဲရှိ ကျန်လူသုံးဦးလုံးလည်း သူတို့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။
လွန်ခဲ့သည့်အခိုက်အတန့်တွင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားနှင့် ခုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ကျွော့ချင်းတို့က တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေကြပြီး ခဏအကြာတွင် သူက ထထိုင်လိုက်ကာ တွေဝေနေခဲ့သည်။ ထိုခဏလေးအတွင်းတွင် ကျွော့ချင်းက အခြားဘက်သို့ ရှောင်ထွက်သွားပြီး ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလူက ကုတင်အလွတ်ကြီးကို ကြည့်ကာ တစ်စုံတစ်ဦး၏ အဝတ်အစားများကို ချွတ်နေသကဲ့သို့ ပြုမူနေခြင်း ဖြစ်သည်။ ထို့နောက် သူ့အဝတ်အစားထဲသို့ လက်ဖြင့် နှိုက်ကာ ချွန်ထက်သည့် ဓားပါးလေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူ့လက်များက အလွန်ကျွမ်းကျင်နေပုံရပြီး သွက်လက်စွာဖြင့် ဓားကို ဆန့်တန်းလိုက်ကာ တစ်စုံတစ်ရာကို ခွဲနေပြီး အထဲမှ ပစ္စည်းအချို့ကို ဆုပ်ကိုင်ကာ ထုတ်ယူလိုက်နိုင်ပုံရသည်။
သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး နှလုံးကို မည်သို့ ဖယ်ရှားခဲ့သည်ကို ကိုယ်တိုင် သရုပ်ပြနေပုံက ကြည့်နေရသူများအတွက် အလွန်ထူးဆန်းပြီး ထိတ်လန့်ဖွယ်ရာ ကောင်းနေလေသည်။
ကုယွင်က အနည်းငယ် ပြုံးနေပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"ရှင်တို့ ဆက်ကြည့်နေရင် သိလာမှာပါ"
‘ချင်းက တန်ပြန်စိတ်ညှို့ခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပုံရတယ်’
"မင်း..."
ထိုလူက ကျွော့ချင်း၏ တည်ငြိမ်သော မျက်လုံးများကို ကြည့်ရင်း မူးနောက်နောက် ခံစားလိုက်ရကာ သူ၏လက်ထဲမှ နှလုံးသားနှင့် သွေးများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ သိလိုက်ရသည်။ ကျွော့ချင်း၏ စူးရှသော မျက်လုံးများက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ဒါ... မဖြစ်နိုင်ဘူး!"
ထိုလူကလည်း ကျွော့ချင်းကို စိုက်ကြည့်နေပြီး သူ့မျက်နှာပေါ်ရှိ အမူအရာက မာနကြီးသည့် နတ်ဆိုးဆန်ဆန် ညစ်တစ်တစ် ဆွဲဆောင်မှုမှ အံ့သြပြီး စိတ်မသက်မသာဖြစ်ခြင်းများဆီသို့ ပြောင်းလဲသွားသည်။
ကျွော့ချင်းက ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး အေးတိအေးစက် လှမ်းပြောလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ နင်တစ်ယောက်တည်း စိတ်ညှို့နိုင်တာ မဟုတ်ဘူး!"
အကယ်၍ သူမသာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့လျှင် သူ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးများအောက်၌ ကျရှုံးသွားနိုင်သည်ကို သူမ ဝန်ခံရပေမည်။
ထိုလူ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ပြန်လည်ပေါ်လာသောကြောင့် ကျွော့ချင်းတစ်ယောက် ထိတ်လန့်ကာ နောက်သို့ ပြန်လဲချလိုက်ရင်း ရင်ဘတ်ကို လက်ဖြင့် ကာလိုက်သည်။ ထိုလူ၏ ဓားက ကျွော့ချင်း၏ လက်ခုံကို ခြစ်မိသွားပြီး လို့ရှီးယန်၏ စိုးရိမ်တကြီး အော်သံ ထွက်ပေါ်လာသည်။
"မော့ပိုင်၊ အောက်ထျန်း၊ သူ့ကိုဖမ်း!"
မော့ပိုင်က ထုပ်တန်းပေါ်မှ ခုန်ဆင်းလာပြီး ထိုလူ၏လက်ကို တိုက်ခိုက်လိုက်ရာ ထိုလူက ပြန်လှည့်ပြီး အလျင်အမြန် ပြန်ကန်လိုက်သည်။ သူက ခုတင်၏ အတွင်းဘက်ဆုံးနေရာအထိ ကျုံ့ဝင်သွားသော ကျွော့ချင်းကို ဇွဲနပဲအပြည့်ဖြင့် လိုက်လံတိုက်ခိုက်နေသည်။ သူ ကျွော့ချင်း၏ ရင်ဘတ်ကို ဓားဖြင့် လှမ်းထိုးလိုက်ချိန်တွင် ကန့်လန့်ကာနောက်ကွယ်မှ လက်ဖဝါးကြီးတစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး ဓားကိုင်ထားသော သူ့လက်ကောက်ဝတ်ကို ကြားဖြတ်တားဆီးလိုက်သည်။ ထိုတိုက်ခိုက်မှုတွင် အတွင်းအားကို အသုံးပြုထားခဲ့သည်။ ကျွော့ချင်းတစ်ယောက် သူမ၏ပခုံးများ တင်းကျပ်သွားသလို ခံစားလိုက်ရပြီး ကြီးမားသော အင်အားတစ်ခုက သူမကို ခုတင်ပေါ်မှ တွန်းချလိုက်သည်။ သူမဆီသို့ ရောက်လာသည့်အင်အားက အလွန်ပြင်းထန်သောကြောင့် သူမ ခန်းဆီးနှင့် ထိမိလုနီးပါးဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လို့ရှီးယန်နှင့် ကုယွင်တို့က သူမကို အချိန်မီ ဖမ်းမိခဲ့သောကြောင့် သူမ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
မော့ပိုင်နှင့် အောက်ထျန်းတို့ကဲ့သို့ ကျွမ်းကျင်သူနှစ်ယောက်ဆီမှ ဝိုင်းရံခံလိုက်ရသောကြောင့် ထိုလူ ထိတ်လန့်သွားပုံရသည်မှာ သိသာထင်ရှားနေသော်လည်း ဆယ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးသည့်တိုင်အထိ အနိုင်အရှုံး ကွဲပြားမည့် အရိပ်အယောင် မပြသေးပေ။ ကုယွင်က ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးများက အနည်းငယ် ပိုတောက်ပလာသည်။
“မော့ပိုင်၊အောက်ထျန်း၊ သူ့ကို ဒီအခန်းထဲကနေ မလွတ်စေနဲ့!"
သူမ ပြောလိုက်သည်နှင့် ထိုလူက အကြံရသွားပုံဖြင့် ပြတင်းပေါက်ဘက်သို့ ဆုတ်ကာ အပြင်သို့ ခုန်ထွက်သွားတော့သည်။ မော့ပိုင်နှင့် အောက်ထျန်းတို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
‘ဒီအခန်းထဲမှာက သိုင်းပညာမတက်တဲ့ လို့ရှီးယန်နဲ့ ကျွော့ချင်း ရှိနေပြီး တိုက်ပွဲဆက်ဖြစ်နေရင် အဲဒီလူက သူတို့ကို ဓားစာခံအဖြစ် ဖမ်းမိသွားရင် အဆင်မပြေတော့ဘူးလေ။ သူ အပြင်ကို ရောက်သွားရင် သူ့မှာ အတောင်ပံတွေ ပါရင်တောင် ပျံသန်းလွတ်မြောက်ဖို့ ခဲယဉ်းသွားမှာကို သူမ ကြိုတွေးနိုင်တယ်’
ကုယွင် မျှော်လင့်ထားသည့်အတိုင်း ထိုလူ ခြံဝင်းထဲရောက်သည်နှင့် ယဲ့မိန် ၏ မီးတောက်ကြာပွတ်က သူ့ကို ဆီးကြိုနေသည်။ ခြံကျဉ်းလေးတစ်ဝိုက် ချုံခိုနေသော လေးသမားများကလည်း ထိုမီးခိုးရောင်အရိပ်ကို ဝိုင်းရံထားလိုက်ကြသည်။
ကုယွင် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျွော့ချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် လို့ရှီးယန်ကို တွေ့လိုက်ရသည်။ ကျွော့ချင်းအား ဂရုစိုက်ပေးမသည့်သူ ရှိနေပြီး သူမ အားလုံးအဆင်ပြေနေသောကြောင့် ကုယွင်က ခြံဝင်းထဲသို့ လိုက်ပါသွားခဲ့သည်။
အခန်းထဲတွင်မူ လို့ရှီးယန်က ကျွော့ချင်းကို တင်းတင်းပွေ့ဖက်ထားပြီး စိုးရိမ်တကြီး မေးမြန်းနေသည်။
“ဒဏ်ရာက ဘယ်မှာလဲ!”
လွန်ခဲ့သောအခိုက်အတန့်က ကျွော့ချင်းဆီသို့ ဦးတည်သွားသည့် ဓားကို မြင်လိုက်ရသည့် ခဏတာအတွင်းတွင် သူ၏နှလုံးသား ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။
ကျွော့ချင်းအနေဖြင့်လည်း နောက်ဆုံးအကြိမ်က ကြာပန်းရေကန်တွင် သူမ သတိလစ်သွားပြီး လို့ရှီးဝူ ပြောပြသော ကွက်ကွက်ကွင်းကွင်းမြင်သာနိုင်သည့် စကားလုံးများကိုသာ ကြားခဲ့ရသည်။ နောက်ဆုံးတွင် ယနေ့ သူမ လို့ရှီးယန်၏ ဖြူဖျော့နေသော မျက်နှာကို တွေ့ခွင့်ရလိုက်သော်လည်း သူမ၏နှလုံးသားကတော့ နာကျင်လွန်းနေသည်။
‘သူမက သူ ပေါ့ပေါ့ပါးပါးနဲ့ နူးနူးညံညံပြုံးနေပြီး အရာအားလုံးကို အကွက်ချ စီစဥ်နေတဲ့ အချိန်ကို သဘောအကျဆုံးပါပဲ’
“ကျွန်မ အဆင်ပြေပါတယ်...”
ကျွော့ချင်းက ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်ပြီး တုန်ရီသောအသံဖြင့် ပြန်ဖြေလိုက်သည်။
“ကိုယ် ကြည့်ပါရစေ”
သူက ကျွော့ချင်း၏လက်ကို ဆွဲကိုင်လိုက်ပြီး သူမ၏ဘယ်ဘက်လက်ခုံ နောက်ကျောမှ သုံးလက်မလောက်ရှည်သည့် သွေးထွက်ဒဏ်ရာကို တွေ့သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဒဏ်ရာက သိပ်မနက်ဘဲ သွေးပုတီးစေ့လေးများသာ စိမ့်ထွက်နေပြီး သွေးအများကြီး ရှိမနေခဲ့ပေ။
ထိုအခါမှသာ လို့ရှီးယန်လည်း စိတ်သက်သာရာရသွားပြီး သူ၏ အဖိုးတန်အင်္ကျီလက်စကို ဆုတ်ဖြဲကာ ကျွော့ချင်း၏ဒဏ်ရာကို ညင်ညင်သာသာ စည်းပေးလိုက်သည်။ ကျွော့ချင်းလည်း မလှုပ်ရှားရဲသောကြောင့် စကားတစ်ခွန်းကိုသာ အကြိမ်ကြိမ် ပြောနေလေသည်။
"ရှီးယန်၊ ကျွန်မ တကယ်အဆင်ပြေပါတယ်။ ဒဏ်ရာက သေးသေးလေးပါ"
လို့ရှီးယန်က စိတ်ဆင်းရဲခြင်းနှင့် ကူကယ်ရာမဲ့ခြင်းများ ပြည့်နေသော အကြည့်ဖြင့် သူမကို ကြည့်နေပြီး သူ့ဘာသာသူ သက်ပြင်းချနေပြန်သည်။ သူမကို ချစ်မိသွားပြီးသည့်နောက်ပိုင်းတွင် သူ့၏စိတ်နှလုံးက သူထင်ထားသလောက် မသန်မာတော့ကြောင်း သူ သိလိုက်ရသည်။
သူက သူမကို သူ့ရင်ခွင်ထဲ၌ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး သူမ၏ပူနွေးနေသော ခန္ဓာကိုယ်အပူချိန်နှင့် အသက်ရှုသံများက သူမ အမှန်တကယ် အဆင်ပြေနေကြောင်း ပြသနေသည်။ ထိုမှသာ လို့ရှီးယန်၏နှလုံးသားလည်း မူလအနေအထားသို့ အမှန်တကယ် ပြန်ရောက်သွားနိုင်ခဲ့သည်။
သူ့မျက်နှာ ပိုကောင်းလာသည်ကို တွေ့လိုက်သောကြောင့် ကျွော့ချင်းက သူ့ကို တိုးတိုးလေး တိုက်တွန်းလိုက်သည်။
"အပြင်ထွက်ကြည့်ရအောင်၊ သူတို့ အဆင်ပြေ မပြေ မသိရသေးဘူး?"
ခြံဝင်းအတွင်း၌ မော့ပိုင်၊ ယဲ့မိန်နှင့် အောက်ထျန်းတို့က ထိုလူကို ဝိုင်းရံထားသောကြောင့် ထိုလူအတွက် နောက်တဖန် လွတ်မြောက်ရန် အခွင့်အလမ်း မရှိတော့ပေ။ မော့ပိုင်နှင့် အောက်ထျန်းတို့၏ ဝိုင်းရံမှုအောက်တွင် ယဲ့မိန်က ထိုလူကို ကြာပွတ်ရှည်ဖြင့် ထောင်ချောက်ဆင်နိုင်ခဲ့သည်။ အခြားလူများကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထိုလူကို တင်းတင်းကျပ်ကျပ် တုတ်နှောင်ရန် ကြိုတင်ပြင်ဆင်ထားသည့် လျှော်ကြိုးများနှင့် သံခြေကျင်းများကို အသုံးပြုခဲ့သည်။
ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီးနောက်တွင် ချန်ဟန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“စုမူဖုန်း! လူသတ်သမားအစစ်က မင်း ဖြစ်နေမယ်လို့ ငါ မထင်ထားမိဘူး။ မင်းက မင်းရဲ့အဒေါ်ကိုတောင် မင်းအစား အပြစ်ဝန်ခံပေးဖို့ တောင်းဆိုခဲ့တယ်၊ အဲဒါက သားရဲထက်တောင် ပိုဆိုးသေးတယ်!"
ရုန်းကန်နေဆဲဖြစ်သော ထိုအမျိုးသားက ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ချန်ဟန့်ကို စိုက်ကြည့်ကာ ပြန်မေးနေခဲ့သည်။
“ဒေါ်လေးရှင်းက ဘာဖြစ်လို့လဲ?”
ဤလေသံနှင့် အမူအရာက ခါတိုင်းမြင်တွေ့နေရသည့် နူးညံ့သော စုမူဖုန်းနှင့် လုံးဝမတူဘဲ စိမ်းကားလှသည်။
“ဟန်ဆောင်မနေနဲ့တော့! သူ့ကို ခေါ်သွားကြစမ်း!”
ချန်ဟန့်က အမိန့်ပေးလိုက်ပြီး ရုံးတော်အမှုထမ်းများက ထိုလူကို ဝိုင်းအုံလာကာ ဆွဲထုတ်သွားရန် ပြင်လိုက်ကြသည်။ သို့သော်လည်း ကျွော့ချင်းက အားလုံးကို တားဆီးလိုက်သည်။
“ခဏနေဦး... ငါ သူ့ကို မေးစရာရှိသေးတယ်!”
ချန်ဟန့်က ကျွော့ချင်း၏ လက်မှ ပတ်တီးကို မြင်ပြီး စိုးရိမ်သွားသော်လည်း ကျွော့ချင်းကတော့ ထိုလူသတ်သမားကို စူးစမ်းရန်သာ အာရုံစိုက်နေခဲ့သည်။
"သခင်မလေး၊ ဒဏ်ရာကို ပတ်တီးအရင်သွားစည်းလိုက်တာ ပိုကောင်းမယ်ထင်တယ်၊ သခင်မလေး မေးစရာရှိရင် ရုံးတော်မှာ လာမေးလို့ရပါတယ်"
ထိုသို့ပြောပြီးနောက် ချန်ဟန့်က နောက်သို့ ပြန်လှည့်ကာ အမိန့်ပေးလိုက်သည်။
“သူ့ကို ခေါ်သွားတော့!”
‘ဒီတစ်ခါဖမ်းမိတဲ့လူက တကယ့်လူသတ်သမားအစစ်ပဲ ဖြစ်ရမယ်။ နောက်ဆုံးတော့ ရှန်လူကြီးမင်းက ထောင်ကျစရာ မလိုတော့ဘူး!’
အလျင်စလို ထွက်ခွာသွားသော လူအုပ်စုကို ကြည့်နေရင်း ကျွော့ချင်းက ခေါင်းငုံ့ကာ သက်ပြင်းချလိုက်ပြီးမှ တိုးတိုးညင်းညင်း ရေရွတ်လိုက်သည်။
"အဲဒီအချိန်ကျမှ သူ့ကို မေးရင် မေးလို့မရတော့မှာကို ကြောက်တယ်"
သူမအသံက အလွန်တိုးနေသဖြင့် လို့ရှီးယန်ပင် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။
"မင်း ဘာပြောလိုက်တာလဲ"
သူ ပြန်မေးလိုက်သော်လည်း ကျွော့ချင်းက ခေါင်းခါပြလသည်။
"ဘာမှ မဟုတ်ပါဘူး"
‘ငါ မျှော်လင့်ထားတဲ့အရာက တကယ်ဖြစ်မလာဖို့ဘဲ ငါ မျှော်လင့်ပါတယ်’
............။.........။..........
သို့သော် ကံမကောင်းစွာဖြင့် မိုးကောင်းကင်က လူတို့၏ ဆန္ဒကို မလိုက်နာတတ်သောကြောင့် ကျွော့ချင်း စိုးရိမ်ခဲ့သော အရာက တကယ်ဖြစ်လာခဲ့သည်။
အရုဏ်တက်ချိန် ကျွော့ချင်းနှင့် လို့ရှီးယန်တို့ မှုခင်းဌာနသို့ ရောက်ရှိလာစဉ် စာဖတ်ခန်းထဲမှ ချန်ဟန့်၏ ကျယ်လောင်သော ဒေါသသံကို ကြားလိုက်ရသည်။
"ငါ အရမ်းဒေါသထွက်တယ်! စုမူဖုန်းက ငါ့ရှေ့မှာ ရူးသွပ်ဟန်ဆောင်နေတယ်။ ရုံးတော်ကို ပြန်ရောက်ကတည်းက သူက ဘာတွေဖြစ်ခဲ့မှန်း မသိသလို လုပ်နေတယ်။ လက်ရဖမ်းမိထားတာတောင် သူက ငြင်းနေတုန်းပဲ။ ဒါက ယုတ္တိမဲ့လွန်းတယ်!"
ကျွော့ချင်းတစ်ယောက် သက်ပြင်းချလိုက်ရပြန်သည်။ သူမ စိုးရိမ်နေသည့်အရာများ တကယ်ဖြစ်ပျက်သွားခဲ့သည်ကိုလည်း နားလည်လိုက်ရသည်။
နှစ်ယောက်သား အခန်းထဲသို့ ဝင်သွားကြရာ ရှန်ယုလန်က သူတို့ကို အရင်မြင်သွားကာ ဦးညွှတ်နူတ်ဆက်လာသည်။
“လို့သခင်ကြီး၊ သခင်မ”
သူမ အဖြစ်အပျက်ကို မှန်းဆပြီးသားဖြစ်သော်လည်း ကျွော့ချင်းက ထပ်မေးလိုက်သေးသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ချန်ဟန့်က ဒေါသတကြီးဖြင့် ဝင်ဖြေလိုက်သည်။
"စုမူဖုန်းက တကယ်ကို ရူးသွပ်သလို ဟန်ဆောင်နေတယ်။ မနေ့ညက ဘာတွေဖြစ်သွားမှန်း သူ လုံးဝမသိဘူးလို့ ပြောနေတယ်!!"
ကုယွင်က တံခါးကို မှီရပ်နေရင်း လေးလေးနက်နက် ဝင်ပြောသည်။
"သူက မနေ့ညကနဲ့ အရမ်းကွာခြားသွားပြီ”
‘အဝတ်အစား တူနေတာကလွဲရင် လူတစ်ကိုယ်လုံးရဲ့ အရှိန်အဝါကလည်း လုံးဝ ပြောင်းလဲသွားပြီ။ ပြဿနာက ဘယ်မှာလဲဆိုတာ ချင်းပဲ သိနိုင်တော့မယ်’
ကျွော့ချင်းက စိတ်ပျက်လက်ပျက်ပုံစံဖြင့် ပြန်ပြောလိုက်သည်။
"ငါ သူ့ကို တွေ့ချင်တယ်"
ကျွော့ချင်း၏လော်ဆော်မှုကြောင့် ကျွော့ချင်းနှင့် ကုယွင်တို့ အချုပ်ခန်းအတွင်းသို့ ဝင်သွားကြသည်။ နောက်ဆုံးတွင် လို့ရှီးယန်နှင့် ရှန်ယုလန်တို့က ဤကဲ့သို့သော အန္တရာယ်ရှိသော အကျဉ်းသားတစ်ဦးကို အမျိုးသမီးနှစ်ဦးတည်း ဝင်ကြည့်ရန် ဘာကြောင့်သဘောတူခဲ့သည်ကို သူမ နားလည်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် အပြင်ဘက်နေရောင် တောက်ပနေပြီ ဖြစ်သောကြောင့် အချုပ်ခန်းထံ၌ အလင်းရောင်အချို့တောက်ပနေဆဲပင်။ အချုပ်ခန်း၏အတွင်းဘက် အကျဆုံးထောင့်နေရာတွင် မီးခိုးရောင်အဝတ်အစားများ ဝတ်ထားသော အမျိုးသားတစ်ဦးက တင်ပျဉ်ခွေထိုင်နေပြီး သူ့လက်ကို သံကြိုးနှစ်ချောင်းဖြင့် သော့ခတ်ထားသည်။ သံကြိုးရှည်များက အမျိုးသမီးများ၏ လက်ကောက်ဝတ်နီးပါး လုံးပတ်ရှိကာ သံကြိုး၏ အဆုံးတစ်ဖက်ကို သူ့လက်တွင် ချည်နှောင်ထားပြီး ကျန်တစ်ဖက်ကို နံရံတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသည်။
သာမန်လူတစ်ယောက်ဆိုရင် သူ့လက်များနှင့် ခြေများအား ထိုသို့သံကြိုးဖြင့် ချည်နှောင်ထားရင် လှုပ်ရှားဖို့နေနေသာသာ ခြေလက်များပင် လှုပ်ရှားရန် ခက်ခဲနေပေလိမ့်မည်။
သံကြိုးရဲ့အရှည်က အကန့်အသတ်ရှိပြီး သူ အမှန်တကယ် မတ်တပ်ထရပ်ကာ တစ်စုံတစ်ယောက်အား တိုက်ခိုက်ချင်လှင်ပင် အကျဉ်းခန်း၏တစ်ဝက်အထိ ရောက်နိုင်မည် မဟုတ်ပေ။ ယခုကဲ့သို့ ချည်နှောင်ခံထားရသောကြောင့် သူ သူမတို့ကို ဘာမှ မလုပ်နိုင်မည် မဟုတ်တော့ပေ။
ကျွော့ချင်းက မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေသော ထိုလူကို အနီးကပ် စိုက်ကြည့်နေသည်။ လို့ရှီးဝူ၏ ခြံဝင်းတွင် ပထမဆုံး စတွေ့စဉ်ကအတိုင်းပင် သူက ငြိမ်သက်အေးချမ်းစွာ ထိုင်နေခဲ့သည်။ ပတ်ဝန်းကျင်တွင် ပန်းရနံ့နှင့် တေးဂီတများ မရှိသော်လည်း သူ၏ ထူးခြားသော အရှိန်အဝါက စီးဆင်းနေဆဲပင်။ ဤလူက သူမတို့ ရင်းနှီးသော စုမူဖုန်း အစစ်အမှန် ဖြစ်နေပြန်သည်။
စုမူဖုန်းက သူမတို့ရောက်ရှိလာသည်ကို သတိပြုမိသွားပုံရပြီး သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ရင်း ပြုံးပြလာသည်။ သူ၏ အပြုအမူက အကျဉ်းသားတစ်ဦးနှင့် မတူဘဲ အိမ်ကို လာသည့် ဧည့်သည်ကို ကြိုဆိုနေသည့် အိမ်ရှင်နှင့် ပိုတူနေသည်။ ဤမျှ မိမိကိုယ်ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သည့် သူမျိုးကား ရှားလှသည်။
ကုယွင်က သက်ပြင်းချပြီး ကျွော့ချင်းကို တစ်ချက်ကြည့်ကာ စုမူဖုန်းကို ကြည့်လိုက်ပြန်သည်။
‘လက်ရှိစုမူဖုန်းကို မနေ့ညက ကြမ်းတမ်းလွန်းတဲ့ အရူးနဲ့ ဘယ်သူက ဆက်စပ်ကြည့်နိုင်မှာတဲ့လဲ???’
အခန်း ၁၀၂ သနားစဖွယ် စုမူဖုန်း
ကျွော့ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးသွားကာ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
"သခင်လေးစု"
စုမူဖုန်းက ဘာမှမထူးခြားသလို တည်တည်ငြိမ်ငြိမ် ပြန်ပြုံးပြရင်း ပြောလာခဲ့သည်။
"မင်း မေးချင်တာမှန်သမျှ မေးလို့ရပါတယ်"
ကျွော့ချင်းက အပိုနှုတ်ခွန်းဆက်စကားများ ပြောနေခြင်းကို ရပ်လိုက်ပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
"မနေ့ညက အဖြစ်အပျက်ကို ရှင် သိလား"
စုမူဖုန်းက သူ၏ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး အေးအေးဆေးဆေး လေသံဖြင့် ပြန်ဖြေလိုက်သည်။
"မနေ့ညက ကျွန်တော် မင်းကို တိုက်ခိုက်ခဲ့တယ်လို့ သူတို့ ပြောကြတယ်။ ကျွန်တော်က နှလုံးတွေကို ခိုးယူနေတဲ့ အရူးတစ်ယောက်လို့လည်း ပြောကြတယ်"
'ဒီလို အေးဆေးတည်ငြိမ်မှုမျိုးက အံ့သြစရာပါပဲ'
သူကိုယ်တိုင်တောင် ဘာတွေဖြစ်သွားမှန်း မသိသော်လည်း၊ ရုတ်တရက် လူသတ်သမားအဖြစ် စွပ်စွဲခံရချိန်တွင် မည်မျှပင် အေးဆေးတတ်သူဖြစ်ပါစေ အနည်းဆုံးတော့ ငြင်းဆန်သင့်သည်ဟု ကျွော့ချင်း တွေးမိခဲ့သည်။ သူမက တည်ငြိမ်မှုကို ပြန်ထိန်းကာ ထပ်မေးလိုက်သည်။
"ရှင်ရော အဲဒီအပေါ် ဘယ်လိုထင်လဲ"
"ကျွန်တော် ဖြစ်နိုင်တယ်လို့ ထင်တာပဲ။ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် အိပ်ရာက နိုးလာတဲ့အခါ တရားရေးဝန်ကြီးဌာနရဲ့ အချုပ်ခန်းထဲ ရောက်နေတယ်။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပါပဲ"
သူ အိပ်ရာမှ နိုးလာသည့်အခါ အကျဉ်းထောင်ထဲ ရောက်နေခြင်းကို သူ မအံ့သြတော့ပေ။ လွန်ခဲ့သည့် နှစ်များအတွင်း သူ ဘာလုပ်ခဲ့သည်ကို သူ မမှတ်မိနိုင်သော်လည်း နိုးလာသည့်အချိန်တွင် ထူးဆန်းသော နေရာများသို့ ရောက်ရှိနေတတ်သည်။ ပို၍ ထူးဆန်းသည်က သူ၏ ခန္ဓာကိုယ်တွင် နားမလည်နိုင်သော ဒဏ်ရာများ ရှိနေခြင်းပင်။ တစ်ခုခု မှားနေသည်ဟု သူ ခံစားမိခဲ့သော်လည်း မိမိကိုယ်ကိုယ် လူသတ်သမားတစ်ယောက် ဖြစ်နေမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
စုမူဖုန်းက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ကုယွင်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏မျက်နှာက တည်ငြိမ်သွားပြီး ထပ်မေးလာပြန်သည်။
"ကျွန်တော်က လူသတ်သမားလို့ မင်း ဆုံးဖြတ်ပြီးပြီဆိုရင် ဒေါ်လေးရှင်းကို လွှတ်ပေးနိုင်မလား"
"မရဘူး"
ကုယွင်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သဖြင့် စုမူဖုန်းက ပြန်မေးလာသည်။
"ဘာလို့လဲ"
‘သူသာ လူသတ်သမားဆိုရင် ဒေါ်လေးရှင်းက အပြစ်ကင်းစင်တယ် မဟုတ်လား’
ကုယွင်က သက်ပြင်းချလိုက်ပြီး အမှန်အတိုင်း ရှင်းပြလိုက်သည်။
"လူသတ်သမားက ဘယ်သူလဲဆိုတာကို သူ(မ) သိထားတယ်။ ဒါပေမယ့် သူ(မ)က ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ဝန်ခံပြီး ပြစ်ဒဏ်ကျခံဖို့ အခိုင်အမာ ပြောခဲ့တယ်။ သူ(မ)က ရာဇဝတ်မှုကို ဖုံးကွယ်ထားတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပါ"
"ရာဇဝတ်မှုကို ဖုံးကွယ်ထားတာလား..."
စုမူဖုန်းက ခဏမျှ စဉ်းစားနေပြီးမှ ကျောက်နံရံကို မှီလိုက်ကာ အသံတိုးတိုးဖြင့် ရေရွတ်သည်။
"အင်း... အနည်းဆုံးတော့ သူ(မ) မသေရတော့ဘူးပေါ့"
သူ၏ မျက်နှာပေါ်မှ တည်ငြိမ်လွန်းသော အကြည့်ကြောင့် ကျွော့ချင်း စိတ်မသက်မသာ ဖြစ်သွားကာ စိုးရိမ်တကြီး မေးမိပြန်သည်။
"ရှင့်မှာ ပြောစရာ ဘာမှ မရှိတော့ဘူးလား"
'သူ့မှာ စရိုက်နှစ်ခု ရှိနေတာကြောင့် ဒါက သူ့တစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ဘူးလေ။ သူ့ကိုယ်သူ ခုခံဖို့ တကယ် မကြိုးစားတော့ဘူးလား'
"မရှိတော့ပါဘူး။ မင်းတို့ ဘယ်လို အပြစ်ပေးချင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"
ထိုစကားကို ပြောပြီးနောက် စုမူဖုန်းက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။ သူက သူမတို့နှင့်ထပ်ပြီး စကားမပြောချင်တော့ပုံရသည်။
သူ့အဖြေက ကျွော့ချင်းကို တကယ် စိတ်ပျက်စေခဲ့သည်။ နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်ကာ အကျဉ်းခန်းအတွင်းမှ ပြန်ထွက်လာကြသည်။ စုမူဖုန်းက သူ မသိသော ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံယူနေမည်ဟု ကျွော့ချင်း မထင်ထားခဲ့ပေ။ သူ့ကို ချီးမွမ်းရမလား၊ ကဲ့ရဲ့ရမလားပင် သူမ ဝေခွဲမရတော့ပေ။
အကျဉ်းခန်းတံခါးဝတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ကုယွင်က သူမ၏လက်ကို ကျွော့ချင်းပခုံးပေါ် တင်လိုက်သည်။
"ကုယွဲ့ရှင်းကို အရင်သွားရှာပြီး အကြောင်းရင်းမှန်ကို စုံစမ်းကြည့်ရအောင်"
"အင်း..."
စုမူဖုန်းက သူမတို့ကို အဖြေပေးနိုင်တော့မည် မဟုတ်သောကြောင့် ကျွော့ချင်း ခေါင်းညိတ်လိုက်သည်။
ကျွော့ချင်း၏ လက်မှ ပတ်တီးစကို ကြည့်ရင်း ကုယွင်က စိုးရိမ်တကြီး မေးလိုက်ပြန်သည်။
"နင့်လက်က တကယ် အဆင်ပြေရဲ့လား"
မနေ့ညက ရင်ခုန်စရာကောင်းသော မြင်ကွင်းက လို့ရှီးယန်ကို ထိတ်လန့်စေရုံတင်မကဘဲ ကုယွင်ကိုယ်တိုင်လည်း အေးစက်စက် ချွေးများ ထွက်ခဲ့ရသည်။ ကျွော့ချင်းက သူမ၏ ပျော့ပြောင်းသော လက်ချောင်းများနှင့် လက်ကောက်ဝတ်များကို ခါယမ်းပြရင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"တစ်ခုခု ဖြစ်သွားရင် ငါ ဒီမှာ ရှိနေနိုင်ပါ့မလား"
ကုယွင်က ပုခုံးတွန့်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"မှန်တယ်"
‘ချင်းသာ တကယ် အဆင်မပြေဖြစ်နေရင် လို့ရှီးယန်က သူမထက် ပိုစိုးရိမ်နေနိုင်တယ်။ နောက်ဆုံးတော့ သူတို့မင်္ဂလာဆောင်မယ့်နေ့က ရက်အနည်းငယ်ပဲ လိုတော့တာလေ။ လို့ရှီးယန်က ချင်းကို နှစ်လိုဖွယ်ကောင်းလောက်အောင် လိုက်လျောပေးတယ်လို့ ယူဆနိုင်တယ်။ အဲ့လိုနေ့ထူးရက်မြတ်နီးကပ်နေတာတောင်မှ သူက သူမကို တနေကုန် ပြေးလွှား သွားလာခွင့်ပြုထားတုန်းပါပဲ’
နှစ်ယောက်သား စကားစမြည် ပြောရင်း ကုယွဲ့ရှင်း အကျဉ်းကျနေသည့် အချုပ်ခန်းဆီသို့ ရောက်လာကြသည်။ သူမတို့ ရောက်လာသည်ကို မြင်သောအခါ ကုယွဲ့ရှင်းက ကျောက်ခုတင်ပေါ်တွင် မှီထိုင်နေရင်း အေးစက်စွာ မေးလိုက်သည်။
"ဘာလဲ... မင်းတို့ ဒီမှာ လုပ်စရာ ရှိသေးလို့လား"
ကုယွင်က အချုပ်ခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာရင်း အေးဆေးစွာ ပြောလိုက်သည်။
"သတင်းကောင်းတစ်ခု ပြောချင်လို့ပါ။ မနေ့ညက လူသတ်သမားကို ဖမ်းမိသွားပြီမို့ ရှင့်ကို မလိုအပ်တော့ဘူး"
သူမတို့ မျှော်လင့်ထားသည့်အတိုင်းပင် ကုယွင်၏စကားမဆုံးခင်မှာပင် ကုယွဲ့ရှင်းက ကျောက်ခုတင်ပေါ်မှ အလျင်စလို ထရပ်လာသည်။ သူမက ကုယွင်ကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"မင်းတို့ ဘယ်သူ့ကို ဖမ်းလိုက်တာလဲ"
"စုမူဖုန်း"
ကုယွင်က တမင်တကာပင် ခပ်ဖြည်းဖြည်းနှင့် ရှင်းလင်းစွာ ပြောလိုက်သည်။
"မဟုတ်ဘူး!"
ကုယွဲ့ရှင်းက ကုယွင်ဆီသို့ အမြန်ပြေးသွားသော်လည်း ကုယွင်က သွက်လက်စွာ ရှောင်ဖယ်လိုက်သည်။ ကုယွဲ့ရှင်းက သိသိသာသာ ထိတ်လန့်နေပြီး အော်ဟစ်နေပြန်သည်။
"မင်းတို့ လူမှားဖမ်းလိုက်ပြီ! မူဖုန်းက လူသတ်သမား မဟုတ်ဘူး၊ သူက အပြစ်ကင်းတယ်!"
‘ဒီကလေး... မူဖုန်းက ထွက်သွားတာ မဟုတ်ဘူးလား။ မင်း ဘာလို့ မသွားသေးဘဲ ဒီမှာ ရှိနေရတာလဲ’
တံခါးကို မှီရပ်နေသော ကျွော့ချင်းက အေးစက်စွာ ဝင်မေးလိုက်သည်။
"သူက လူသတ်သမား မဟုတ်ဘူးဆိုရင် ဘယ်သူက လူသတ်သမားလဲ"
ကုယွဲ့ရှင်း၏ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူမ ပါးစပ်ကို ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာဘဲ ပြန်ပိတ်သွားပြန်သည်။ ထိုကဲ့သို့ အကြိမ်ကြိမ် အခါခါ ဖြစ်နေပြီး သူမခန္ဓာကိုယ်မှ ရှိသမျှ အားအင်များအားလုံး ကုန်ဆုံးသွားသလို သူမ ခံစားနေရသည်။
'ငါ ဘယ်လို ရှင်းပြရမလဲ။ ငါ ပြောရင်တောင် လူဘယ်နှစ်ယောက်က ယုံပေးမှာလဲ'
'သူမ တကယ် သိနေတယ်!'
ကျွော့ချင်းက ထိုအမူအရာကို သေသေချာချာ မြင်နိုင်ခဲ့ပြီး အချုပ်ခန်းထဲသို့ ဝင်လာကာ ကုယွဲ့ရှင်း၏ဘေး၌ ငုတ်တုတ် ထိုင်ချလိုက်သည်။ သူမက ကုယွဲ့ရှင်း၏ လက်ကို ဆုပ်ကိုင်ရင်း ထပ်ပြောလိုက်သည်။
"စုမူဖုန်းနဲ့ တစ်ကိုယ်တည်း အတူရှိနေတဲ့သူက... စုမူဖုန်းကို တစ်စုံတစ်ယောက်က လာထိမိရင် အဲဒီမိန်းကလေးတွေကို သတ်ချင်နေတာလား။ သူက ဘယ်သူလဲ၊ ကျွန်မတို့ သူ့ကို ဘယ်လို တွေ့နိုင်မလဲ"
"မင်း..."
ကျွော့ချင်း ပြောလိုက်သည်နှင့် ကုယွဲ့ရှင်းတစ်ယောက် အပ်နှင့် အထိုးခံလိုက်ရသလို တွန့်သွားပြီး သူမလက်ကို ချက်ချင်း ပြန်ရုတ်လိုက်သည်။ သူမ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများက ကျွော့ချင်းကို အံ့အားတကြီး စိုက်ကြည့်နေသည်။
'သူမ သိနေတာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဖြစ်ရော ဖြစ်နိုင်ပါ့မလား'
သူမ၏ တုံ့ပြန်မှုက ကျွော့ချင်းကို အားတက်သွားစေသည်။ ကျွော့ချင်းက နူးညံ့သော အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
"ရှင် အံ့သြနေစရာ မလိုပါဘူး။ စုမူဖုန်းရဲ့ ခန္ဓာကိုယ်မှာ လုံးဝကွဲပြားတဲ့ စိတ်ဝိညာဉ်နှစ်ခု ရှိတယ်ဆိုတာကို ကျွန်မ သိပါတယ်။ စုမူဖုန်းက လူတွေကို မသတ်ခဲ့ပေမယ့် တခြားလူက... အဲဒီ လူသတ်တဲ့သူက ဘယ်သူလဲ။ သူ့နာမည်က ဘယ်သူလဲ၊ ရှင် သူ့ကို မြင်ဖူးတယ် မဟုတ်လား"
ကုယွဲ့ရှင်းက သူမ၏မျက်လုံးများကို မှိတ်ကာ ခေါင်းငုံ့ထားသော်လည်း အတွင်းစိတ်ကတော့ အပြင်းအထန် ရုန်းကန်နေပုံရသည်။
'ငါ့ရှေ့က အမျိုးသမီးကို ယုံလို့ ရပါ့မလား။ သူမက မူဖုန်းအကြောင်း ဘယ်လို သိတာလဲ။ မူဖုန်းဘက်မှာရော ဘာတွေ ဖြစ်သွားတာလဲ'
သူမ၏စိတ်အတွင်းမှ တုံ့ဆိုင်းနေသော ခံစားချက်များကို မြင်လိုက်ရသဖြင့် ကုယွင်က ပို၍ပြတ်သားသော စကားတစ်ခွန်းကို ထပ်မံထုတ်ပြလိုက်သည်။
"ရှင် မပြောချင်ဘူးဆိုရင် ကျွန်မတို့လည်း စုမူဖုန်းကို မကူညီနိုင်တော့ဘူး။ သူ သေဒဏ်ကျမှာ သေချာတယ်!"
ထိုစကားက ကုယွဲ့ရှင်းကို ထိတ်လန့်တကြား ခေါင်းမော့လာစေသည်။ သူမ၏မျက်လုံးများက သူရှေ့မှ ထူးဆန်းသော မိန်းကလေးနှစ်ယောက်အကြား အချိန်အတော်ကြာ ကူးသန်းနေကာ အပြန်ပြန်အလှန်လှန် စူးစမ်းနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမက စိတ်ကို လျှော့ချလိုက်ကာ သက်ပြင်းတစ်ချက်ချရင်း စတင်ဝန်ခံလိုက်တော့သည်။
“ဒီအဖြစ်အပျက်က အစကတည်းက အမှားတစ်ခုကနေ စတင်ခဲ့တာပါ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ငါ့ရဲ့ ဒုတိယအစ်မက မူဖုန်းရဲ့အဖေ စုကျန့်ယိကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ စုကျန့်ယိမှာက တရားဝင်ဇနီးနဲ့ ကိုယ်လုပ်တော်နှစ်ယောက် ရှိနေပြီးသားဖြစ်နေတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိခဲ့ကြပြီး ငါ့အစ်မက စုမိသားစုထဲကို လက်ထပ်ဝင်ဖို့ အခိုင်အမာ တောင်းဆိုခဲ့တယ်။ ငါတို့ ကုယွဲ့မိသားစုက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက အစ်မက စုကျန့်ယိရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်"
သူမက အတိတ်ကို ပြန်တွေးနေပုံဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလာသည်။
"သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အမှန်တကယ် ကောင်းမွန်ခဲ့တယ်၊ စုကျန့်ယိက ဒုတိယအစ်မကို အရမ်းဂရုစိုက်ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ မူဖုန်းကို မွေးဖွားခဲ့တယ်။ စုကျန့်ယိ အိမ်မှာ ရှိနေတဲ့ အချိန်တွေမှာ အဓိကဇနီးနဲ့ တခြားမောင်းမမိဿံတွေက ဒုတိယအစ်မကို ဘာမှ မလုပ်ရဲကြဘူး၊ ဒါပေမယ့် စုကျန့်ယိက အမြဲတမ်း အပြင်ထွက်နေရတော့ ငါ့အစ်မက ငြင်းခုံမှုတွေနဲ့ အခက်အခဲတွေကို ရှောင်လွှဲလို့ မရခဲ့ဘူး။ ဒုတိယအစ်မရဲ့ အဖြစ်ဆိုးက မူဖုန်းအတွက် ကြေကွဲစရာ ဖြစ်သွားခဲ့တယ်။ အဲဒါတွေက မူဖုန်း အသက်ဆယ်နှစ်မှာ ဖြစ်ပျက်ခဲ့တာ”
ကျွော့ချင်းနှင့် ကုယွင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူမ အမှန်အတိုင်း ပြောတော့မည်ကို နားလည်လိုက်သဖြင့် သူမတို့ ကုယွဲ့ရှင်း၏ ဘေးတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ တိတ်တဆိတ် နားထောင်နေကြသည်။
“အဲဒီနှစ်မှာ စုကျန့်ယိက မြို့တော်ကို ရောက်နေပြီး အိမ်တော်မှာ မရှိဘူး။ အဓိကဇနီးရဲ့ မွေးရင်းမိသားစုက ကလေးတော်တော်များများ စုမိသားစုအိမ်တော်ကို ဆော့ကစားဖို့ ရောက်လာကြတယ်။ မူဖုန်းက ငယ်ငယ်လေးကတည်းက အရမ်းချောမောပြီး ချစ်စရာကောင်းတော့ အဲဒီကလေးတွေက သူ့ကို သူ့နဲ့အတူ ကစားချင်ကြတယ်။ သူက ငယ်ငယ်လေးကတည်းက အဲလိုပုံစံ ဖြစ်နေတာကို ဘယ်သူကမှ မသိကြဘူး။ သူ့ရဲ့ ရှက်ရွံ့တတ်တဲ့ စိတ်ထားနဲ့ လျစ်လျူရှုတတ်တဲ့ စရိုက်က အဓိကဇနီးရဲ့ တူမလေးကို စိတ်ဆိုးစေခဲ့တယ်။ သူ(မ)က မူဖုန်းကို သူမနဲ့ ကစားဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်။ ငြင်းခုံကြရင်း နှစ်ယောက်သား တွန်းထိုးမိကြလို့ အဝတ်အစားတွေ ရှုပ်ပွကုန်ကြတယ်"
ထိုနေရာအရောက်တွင် ကုယွဲ့ရှင်းက မျက်နှာပျက်သွားပြီး အံကြိတ်ကာ ဆက်ပြောနေခဲ့သည်။
"တခြားလူတွေ အသံကြားလို့ ဝင်လာတာကို မြင်လိုက်တာနဲ့ အဲဒီကောင်မလေးက မြေပြင်ပေါ် လှဲချလိုက်တော့တာပဲ။ မိန်းကလေးက အဝတ်အစားတွေ ရှုပ်ထွေးနေပြီး မြေပြင်မှာ လဲလျောင်းနေတာကို မြင်တော့ ဝင်လာတဲ့သူတွေက ပင်မဇနီးကို ကမန်းကတန်း သွားခေါ်လိုက်ကြတယ်”
ထိုအချိန်တွင်တော့ ကုယွဲ့ရှင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမ၏လေသံတွင် ဒေါသရိပ်များ လွှမ်းမိုးလာသည်။
“လူကြီးတွေ ရောက်လာတာကို မြင်တော့ ကောင်မလေးက သူ(မ) မူဖုန်းကို ဆွဲထားခဲ့တာကို ဝန်မခံဘူး။ သူ(မ) ပါးစပ်ကနေ မူဖုန်းက သူမကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိပါးခဲ့တယ်လို့ ငိုယိုပြီး အခိုင်အမာ ပြောခဲ့တယ်။ အခြားကလေး တော်တော်များများကလည်း အမှန်တရားကို မပြောရဲကြဘဲ မူဖုန်းကို တစ်ယောက်ပြီးတစ်ယောက် စွပ်စွဲကြတော့တာပဲ။ မူဖုန်းလည်း ပြန်မငြင်းနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ပင်မဇနီးက အကြောင်းပြချက်ကောင်း ရသွားတာကို အခွင့်ကောင်းယူပြီး မိသားစုစည်းကမ်းလို့ အကြောင်းပြလိုက်တယ်၊ နောက်ဆုံးမှာ သူ့ကို ကြိမ်ဒဏ်ငါးဆယ် ပေးဖို့ ဆုံးဖြတ်လိုက်တယ်"
"ဆယ်နှစ်အရွယ်ကလေးက ကြိမ်ဒဏ်ငါးဆယ်ကို ဘယ်လိုခံနိုင်မှာလဲ။ ဒုတိယအစ်မက ခွင့်လွှတ်ပေးဖို့ အချိန်အကြာကြီး တောင်းပန်ခဲ့ပေမယ့် အဓိကဇနီးသည်က ငြင်းဆိုခဲ့တယ်။ အတင်းအကျပ် ဆယ်ကြိမ်လောက် ရိုက်နှက်ခံရပြီးတဲ့နောက်မှာ မူဖုန်းက မေ့မြောလုနီးပါး ဖြစ်နေပြီ။ အဲဒါကြောင့် ဒုတိယအစ်မက မူဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ လှဲလျောင်းပေးခဲ့ပြီး ကျန်နေတဲ့ ရိုက်ချက်လေးဆယ်ကို အစားခံပေးခဲ့တယ်။ ဒုတိယအစ်မက ဆေးပညာ ကျွမ်းကျင်ပေမယ့် သူ(မ)ရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းတယ်။ အဲဒီဒဏ်ကြောင့် သုံးရက်အကြာမှာ သေဆုံးသွားခဲ့တယ်။ ငါတို့ ရောက်သွားတော့ မူဖုန်းက သတိလစ်နေတုန်းပဲ။ ငါတို့က ဒေါသတကြီးနဲ့ မူဖုန်းကို ကုယွဲ့အိမ်တော်ကို ပြန်သယ်သွားခဲ့ကြတယ်"
‘တကယ်ပဲ လူကို သေတဲ့အထိ ရိုက်နှက်ခဲ့ကြတာလား!’
ကုယွင်တစ်ယောက် ဒေါသကြောင့် လက်သီးကို တင်းနေအောင် ဆုပ်ထားမိသည်။ ကျွော့ချင်းကတော့ အတော်လေး ငြိမ်သက်နေပြီးမှ တစ်စုံတစ်ခုကို တွေးတောကာ ထပ်မေးလိုက်သည်။
"အဲဒီအချိန်ကစပြီး စုမူဖုန်းမှာ စိတ်နှစ်ခု ရှိသွားတာလား"
'မိခင်ဖြစ်သူက သူ့ကိုကယ်တင်ဖို့ ကြိုးစားရင်း ဘာမှမစွမ်းဆောင်နိုင်ဘဲ သေဆုံးသွားခဲ့တာကြောင့် ပြင်းထန်တဲ့ စိတ်ဒဏ်ရာရပြီး ပင်ကိုယ်စရိုက် ကွဲထွက်သွားတာ ဖြစ်နိုင်တယ်။ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဒီလိုအတွေ့အကြုံတွေက သူ့ရဲ့ စရိုက်လက္ခဏာ ဖွဲ့စည်းမှုမှာ အဆုံးအဖြတ် အခန်းကဏ္ဍကနေ ပါဝင်နေမှာပဲ'
ကုယွဲ့ရှင်းက သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည့် ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြကာ ဆက်ပြောပြနေသည်။
"မင်းပြောနေတဲ့ စိတ်နှစ်ခုဆိုတာ ဘာလဲတော့ ငါတို့ မသိဘူး။ ပထမတော့ ဒီကလေးက ထူးဆန်းတယ်လို့ပဲ ထင်ခဲ့တာ။ သူ နိုးလာတဲ့ မနက်ခင်းဆိုရင် ပုံမှန်အတိုင်းပဲ၊ ဒုတိယအစ်မ သေဆုံးသွားတာကိုတောင် မမှတ်မိတော့ဘူး။ ငါတို့လည်း သူ စိတ်မကောင်းဖြစ်မှာ စိုးလို့ အစ်မက ဖျားပြီး သေသွားတယ်လို့ပဲ လိမ်ပြောခဲ့ရတယ်။ ဒါပေမဲ့ ညဘက်ရောက်ရင်တော့ သူက တခြားလူတစ်ယောက်လို ဖြစ်လာတယ်"
သူမက စုမူဖုန်း၏ ငယ်ဘဝကို ပြန်မြင်ယောင်နေသည့်အလား သူမ၏မျက်ဝန်းများတွင် နာကျင်မှုများ ပြည့်နှက်လာပြန်သည်။
"ညဘက်ရောက်ရင် သူက စိတ်တိုလွယ်လာတယ်၊ ရက်စက်ကြမ်းကြုတ်လာတယ်၊ ရန်လိုမှုတွေနဲ့အတူ နှလုံးသားကလည်း နာကြည်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သူက ကုယွဲ့မိသားစုရဲ့ ကိုယ်ခံပညာစာအုပ်တွေအားလုံးကို ရှာဖွေပြီး အပြင်းအထန် လေ့ကျင့်ရင်း အကြိမ်ကြိမ် ရူးလုနီးပါး ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ နည်းလမ်းမရှိတော့တဲ့အဆုံး သူ့ဘဝ ပျက်စီးသွားမှာကို စိုးရိမ်လို့ ငါတို့မိသားစုက သူ့ကို သိုင်းပညာ သင်ပေးခဲ့ကြတယ်။ သူက နေ့နဲ့ညမှာ လုံးဝကွဲပြားနေတာ။ သူတို့ကို ခွဲခြားသိဖို့ နေ့ဘက်ဆို 'မူဖုန်း' လို့ ခေါ်ပြီး ညဘက်ဆိုရင်တော့ 'ရှီဖုန်း' လို့ ခေါ်ကြတယ်"
ကုယွဲ့ရှင်းက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောနေပြန်သည်။
"အဲဒီလိုနဲ့ ငါးနှစ်ကြာသွားခဲ့တယ်။ အဲဒီကာလအတွင်း ရှီဖုန်းရဲ့ သိုင်းပညာက ပိုအားကောင်းလာသလို မူဖုန်းရဲ့ ဗျပ်စောင်းကျွမ်းကျင်မှုကလည်း ပိုအဆင့်မြင့်လာခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ရှီဖုန်းက ပေါ်လာဖို့ ခဲယဉ်းလာတော့ ဒီပြဿနာ ပျောက်သွားပြီလို့ ငါတို့ ထင်ခဲ့မိတာ။ လွန်ခဲ့တဲ့ ခြောက်နှစ်က စုကျန့်ယိက လာတောင်းပန်တော့ ကုယွဲ့မိသားစုက မူဖုန်းကို အိမ်ပြန်ခွင့်ပြုဖို့ သဘောတူလိုက်ကြတယ်"
'အဲဒီတော့ ထွက်ပေါ်လာတဲ့သူရဲ့ နာမည်က ရှီဖုန်းပေါ့!'
ကျွော့ချင်းက အခြေအနေကို သုံးသပ်နေခဲ့သည်။ အမှန်တကယ် စရိုက်နှစ်မျိုး ကွဲထွက်နေခြင်း ဖြစ်ပြီး တစ်ခုစီတွင် ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးများ ရှိနေကြသည်။ စုမူဖုန်းက ရှီဖုန်း၏ တည်ရှိမှုကို မသိသော်လည်း ရှီဖုန်းကတော့ မိမိကိုယ်ကိုယ် မူဖုန်း၏ စောင့်ရှောက်သူအဖြစ် သတ်မှတ်ထားခြင်းပင်။
"ဒါဆို မိန်းကလေးတစ်ယောက်ယောက်က မူဖုန်းကို လာထိမိတိုင်း ရှီဖုန်းက ညဘက်မှာ ပေါ်လာပြီး အဲ့မိန်းခလေးကို သတ်ပစ်တာလား"
"ဟုတ်တယ်၊ ရှီဖုန်းရဲ့ နှလုံးသားထဲမှာ မူဖုန်းကို ကျီစယ်တဲ့ မိန်းကလေးတွေအားလုံးက ဟန်ဆောင်တတ်တဲ့ မြေခွေးမတွေပဲ။ သူတို့အားလုံးက သေဖို့ ထိုက်တန်တယ်လို့ သူက ယူဆထားတာ!"
ကုယွဲ့ရှင်းက သူမ၏မျက်လုံးများကို ခပ်ဖွဖွ မှိတ်ချလိုက်သည်။ သူမ၏နှလုံးသားလည်း နက်ရှိုင်းစွာ နာကျင်နေသည်မှာ ထင်ရှားနေသည်။ စုမူဖုန်းတွင် ဤကဲ့သို့သော ပြဿနာရှိနေသည်ကို သူမ သိနေခဲ့သော်လည်း သူ့ကို မတားဆီးနိုင်ခဲ့သလို မည်သူ့ကိုမျှလည်း မကူညီနိုင်ခဲ့ပေ။ နောက်ဆုံးတွင် အားလုံးက ဤကဲ့သို့သော အခြေအနေဆိုးဖြင့် အဆုံးသတ်ခဲ့ရသည်။
မနေ့ညက သူမ သည်းမခံနိုင်လုနီးပါးဖြစ်အောင် ဆွဲဆောင်နိုင်လွန်းသည့် မျက်လုံးတစ်စုံကို ပြန်လည်တွေးတောရင်း ကျွော့ချင်းက ထပ်မေးလိုက်သည်။
"သူ့ရဲ့စွမ်းရည်... သူ့ရဲ့စိတ်ညှို့ပညာကို ဘယ်သူသင်ပေးတာလဲ။ ကျွန်မ အဲ့ဒါကို သိချင်တယ်"
'သူ့ဆရာက စိတ်ပညာရှင်ဖြစ်နိုင်တယ်လေ၊ တကယ်လို့ အဲ့လူက ပြဿနာကို စောစောရှာတွေ့ခဲ့ရင် စုမူဖုန်းကို ကုသဖို့ ကူညီပေးနိုင်ခဲ့မှာ မဟုတ်ဘူးလား'
ကျွော့ချင်း ထိုမေးခွန်းကို မေးလိုက်ချိန်တွင် ကုယွဲ့ရှင်း၏မျက်နှာက ပို၍ ဝမ်းနည်းကြေကွဲသွားဟန် ဖြစ်လာခဲ့သည်။
"တကယ်တော့ မူဖုန်းက စိတ်ညှို့နည်းကို မသိဘူး။ စိတ်ညှို့နည်းကို သိတဲ့သူက ရှီဖုန်းပါ။ ကုယွဲ့မိသားစုရဲ့ အရင်မျိုးဆက်တိုင်းမှာ ငွေမှင်ရောင်မျက်လုံးနဲ့ မွေးဖွားလာသူတွေက စိတ်ညှို့လှည့်စားနိုင်တဲ့ အရည်အချင်း ရှိကြတယ်။ ဒီမျိုးဆက်မှာတော့ ရှီဖုန်းဆီမှာ အဲဒီအရည်အချင်း ပြန်ပေါ်လာခဲ့တယ်။ အဲဒါက ကံကြမ္မာလား၊ ဘေးဒုက္ခလားဆိုတာ မသိနိုင်တော့ပါဘူး"
'ပင်ကိုယ်စွမ်းရည်တဲ့လား! အို... မိုးနတ်မင်းကြီးရေ၊ အဲဒီလိုမျိုးတွေတောင် ရှိသေးတာလား'
ကုယွဲ့ရှင်းက ကုယွင်နှင့် ကျွော့ချင်းတို့၏ လက်များကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ အမြဲတမ်း မာနကြီးပုံရသော ဤအမျိုးသမီး၏ မျက်လုံးများတွင် မျက်ရည်များဖြင့် မှုန်ဝါးနေခဲ့ပြီ ဖြစ်သည်။
"မူဖုန်းဖြစ်ဖြစ်၊ ရှီဖုန်းဖြစ်ဖြစ် မင်းတို့မျက်လုံးထဲမှာတော့ သူတို့က တစ်ယောက်တည်းပါပဲ။ သူက လူသတ်သမားဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ငါ့အမြင်မှာတော့ သူတို့နှစ်ယောက်လုံးက သနားစရာကောင်းတဲ့သူတွေပါ။ အထူးသဖြင့် မူဖုန်းက ဘာတွေဖြစ်သွားမှန်းတောင် မသိခဲ့ရှာဘူး။ မင်းတို့... သူ့ကို ကူညီပေးနိုင်မလား"
တစ်ကိုယ်လုံးကို သံကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသော်လည်း တည်ငြိမ်စွာ ပြုံးနေဆဲဖြစ်သည့် စုမူဖုန်းကို မြင်ယောင်ရင်း သူမတို့နှစ်ယောက်လုံး တုန်လှုပ်မိကြသည်။ သို့သော် ဤနေရာကား ခေတ်သစ်ကမ္ဘာ မဟုတ်ပေ။ ခေတ်သစ်ကမ္ဘာတွင်ဆိုပါက စုမူဖုန်းတွင် စိတ်နှစ်ခွရောဂါ ရှိနေသောကြောင့် သေဒဏ်မှ ကင်းလွတ်ခွင့် ရနိုင်သော်လည်း ဤရှေးခေတ်ကာလတွင်မူ ထိုအချက်ကို သက်သေပြရန် ဆေးပညာအထောက်အထားများ မရှိချေ။ ထို့ပြင် သူ သတ်ခဲ့သူများက အဆင့်မြင့်အရာရှိကြီးများ၏ သမီးများဖြစ်နေသဖြင့် မည်သူကမျှ သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ကုယွင်နှင့် ကျွော့ချင်းတို့ လေးလေးနက်နက် တွေးတောနေမိကြတော့သည်။