← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 10 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 10 Ch. 103-104

အခန်း ၁၀၃ မင်္ဂလာပွဲ၏ရှေ့ပြေးနိမိတ်များ

ကျိုက်ရှင်းအဆောင်...

ဆောင်းဦးပေါက်ရာသီက မကြာမီရောက်ရှိလာတော့မည် ဖြစ်သော်လည်း ရာသီဥတုက ကြောက်ခမန်းလိလိ ပူပြင်းနေဆဲပင်။ တောက်ပနေသော နေရောင်ခြည်နှင့် အုံ့ဆိုင်းပူအိုက်သော လေထုက လူများကို စိတ်မသက်မသာ ဖြစ်စေသည်။

ကျွော့ချင်းက ထုံးစံအတိုင်း ပြတင်းပေါက်ဘေးမှ ထိုင်ခုံတွင် မှီနေပြီး အဝေးမှ ကြာကန်ကို ငေးကြည့်နေသည်။ သို့သော် သူမ၏ မျက်ဝန်းများကတော့ ဗလာကျင်းနေပြီး အတွေးထဲသို့ နစ်ဝင်နေပုံရသည်။ လို့ရှီးယန် အတွင်းခန်းထဲသို့ ဝင်လာပြီး သူမဘေးတွင် ရပ်လိုက်သည်အထိ သူမ သတိမပြုမိခဲ့ပေ။ လို့ရှီးယန်က သဘောကျစွာ ပြုံးနေခဲ့သည်။

'ငါ့ဇနီးလောင်းလေးက အတွေးထဲ ဘယ်လောက်တောင် နစ်နေလဲဆိုရင် ဘေးနားကလူကိုတောင် အာရုံမရနိုင်တော့ပါလား'

လို့ရှီးယန်က ကျွော့ချင်း၏ခါးကို အနောက်မှ ညင်ညင်သာသာ ပွေ့ဖက်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ဘာတွေကို ဒီလောက်တောင် တွေးနေရတာလဲ"

နူးညံ့သိမ်မွေ့သော အသံတိုးတိုးနှင့် ရင်းနှီးသော ပွေ့ဖက်မှုကြောင့် ကျွော့ချင်း သတိပြန်ဝင်လာသည်။ သူမက ထိတ်လန့်သွားခြင်းမရှိဘဲ သူမနောက်မှ ရင်ခွင်ထဲသို့ မှီချလိုက်ကာ သက်ပြင်းတစ်ချက်ချရင်း သူ့ကို မေးလိုက်သည်။

"စုမူဖုန်းက တကယ်သေရတော့မှာလား"

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမနှင့် ကုယွင်တို့ စုမူဖုန်း၏ စရိုက်နှစ်မျိုးအကြောင်းကို ရှန်ယုလန်နှင့် လို့ရှီးယန်တို့အား အသေးစိတ် ဆွေးနွေးပြခဲ့ကြသည်။ အစပိုင်းတွင် သူတို့ မယုံကြည်နိုင်သော်လည်း နောက်ပိုင်းတွင် နားလည်သွားကြသည်။ သူမတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း ရလဒ်က ပြောင်းလဲမသွားခဲ့ပေ။ ချုံယွဲ့၏ ဥပဒေအရ စုမူဖုန်းက သေချာပေါက် ကွပ်မျက်ခံရမည် ဖြစ်သည်။

လူသားတို့၏ စိတ်ပညာကို လေ့လာခဲ့ဖူးသည့် ဆရာဝန်တစ်ယောက်အနေဖြင့် ကျွော့ချင်းက စုမူဖုန်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် သူ သေဒဏ်ကျခံရမည်ကို လက်ခံရန် သူမအတွက် ခဲယဉ်းနေဆဲပင်။

လို့ရှီးယန်က ခဏမျှ နှုတ်ဆိတ်နေပြီးမှ အလေးအနက် ပြန်ပြောလိုက်သည်။

"ဘယ်သူက လူသတ်သမားပဲဖြစ်ဖြစ်... စုမူဖုန်းပဲဖြစ်ဖြစ်၊ ရှီဖုန်းပဲဖြစ်ဖြစ်၊ သူ အပြစ်မဲ့တဲ့ အမျိုးသမီးသုံးယောက်ကို သတ်ခဲ့တာက ငြင်းလို့မရတဲ့ အမှန်တရားပဲ။ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးရင် သေသွားရတဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ဘယ်ရှိတော့မှာလဲ။ ဒီအချိန်မှာ စုမူဖုန်းက အပြစ်ကင်းလို့ မသေသင့်ဘူးလို့ ပြောရင် အသတ်ခံလိုက်ရတဲ့ အမျိုးသမီးတွေကရော သေဖို့ ထိုက်တန်လို့လား"

အမှန်တကယ်တွင် လို့ရှီးယန်လည်း ဤကိစ္စနှင့် ပတ်သက်၍ ကျွော့ချင်းနှင့် အငြင်းအခုံ မလုပ်ချင်ပေ။ သူမ၏ ရပ်တည်ချက်နှင့် အမြင်ကို သူ နားလည်ပေးနိုင်သော်လည်း ဥပဒေနှင့် တရားမျှတမှုဆိုသည်က လူတို့၏ စိတ်ခံစားချက်ကို အလေးပေးထားခြင်း မဟုတ်ကြောင်း သူ ကောင်းစွာ သိနေခဲ့သည်။

ကျွော့ချင်းက လို့ရှီးယန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားလိုက်သည်။

"ကျွန်မဆိုလိုတာက အဲဒီသဘောမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ပင်ကိုယ်စရိုက်ဖြစ်တဲ့ စုမူဖုန်းက သတိလွတ်နေခဲ့တာ။ တကယ်တော့ သူက လူနာတစ်ယောက်ပါ။ သူ့ရဲ့ စိတ်မကျန်းမာနေတဲ့ အချိန်မှာ ဒီရာဇဝတ်မှုကို ကျူးလွန်ခဲ့တာ။ စိတ်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပဲဖြစ်ဖြစ် မကျန်းမာတဲ့သူကို အပြစ်ပေးလို့ မရဘူးလို့ ကျွန်မ ထင်တယ်။ ဒီကိစ္စကို ပြောင်းလဲဖို့ တကယ်ပဲ ဘာရွေးချယ်စရာမှ မရှိတော့ဘူးလား"

လို့ရှီးယန်က သူ့ခေါင်းကို လေးလေးနက်နက် ခါယမ်းပြလိုက်ကာ သက်ပြင်းချလိုက်သည်။

"တစ်စုံတစ်ယောက်က လူတစ်ယောက်ကို သတ်ခဲ့ရင် သူ့ရဲ့အသက်နဲ့ ပြန်ပြီး ပေးဆပ်ရမယ်၊ ဟိုရှေးရှေးကတည်းကလူတွေက အဲ့ဒါကို ကောင်းကင်ရဲ့ဥပ‌ဒေနဲ့ မြေကြီးရဲ့နိယာမအဖြစ် လက်ခံထားကြပြီး အဲ့ကတည်းက လိုက်နာ ကျင့်သုံးခဲ့တာက အမှန်တရားပဲ။ မနာကျန်းမှုဆိုတဲ့ စကားလုံးကို သုံးပြီး အပြစ်မဲ့သူတွေကို အလွယ်တကူ သတ်နိုင်ရင် တရားမျှတမှုက ဘယ်မှာရှိတော့မှာလဲ၊ ပြီးတော့ စုမူဖုန်းဆီကနေ အသတ်ခံခဲ့ရတဲ့သူတွေက သာမန်လူတွေ မဟုတ်ကြဘူး။ သူတို့မိသားစုတွေက သူတို့ရဲ့ချစ်လှစွာသောသမီးလေးတွေကို ဆုံးရှုံးလိုက်ရတဲ့အတွက် သူ့ကို ဘယ်လို လွှတ်ပေးနိုင်မလဲ။ ချင်းအာ... ဒီကိစ္စကို မင်းပဲ မဖြေရှင်းပေးနိုင်တာ မဟုတ်ပါဘူး၊ ရှန်ယုလန်နဲ့ ကိုယ် အပါအဝင် နောက်ဆုံး ဧကရာဇ်တောင် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး"

သူမ ထိုအဖြေကို ကြိုတွေးထားပြီးသားဖြစ်သော်လည်း လို့ရှီးယန်၏ စကားများကို ကိုယ်တိုင်ကြားလိုက်ရချိန်တွင် သူမ အားကိုးရာမဲ့သွားသလို ခံစားလိုက်ရသည်။ သူမ လက်ကိုင်ထားသည့် ခေတ်သစ်အတွေးအခေါ်များနှင့် ယခုရောက်ရှိနေသော ကမ္ဘာကြီး၏ အယူအဆများကြားတွင် ကြီးမားသော ကွဲလွဲမှုများရှိနေသည်ကို သူမ သေသေချာချာ နားလည်လိုက်ရသည်။

'ခေတ်သစ်လူ့အဖွဲ့အစည်းမှာဆိုရင် ဒီလိုစိတ်ဝေဒနာရှင်မျိုးကို ဘယ်လိုပဲဖြစ်ဖြစ် နားလည်ပေးကြမှာပါ။ ဒီအချိန်မှာ ငါ့ရဲ့ အယူအဆတွေကို လက်ခံလာအောင် ချုံယွဲ့ကလူတွေကို ငါ ဘယ်လိုများ နားချနိုင်ပါတော့မလဲ'

‘စုမူဖုန်းကို သနားတာကလွဲရင် သူ့အတွက် တခြား ဘာမှ မလုပ်ပေးနိုင်တော့ဘူး ထင်ပါရဲ့’

ကျွော့ချင်းက တခြားဘာမှ ထပ်မပြောတော့သော်လည်း လို့ရှီးယန်က သူမ စိတ်အခြေအနေ မကောင်းသည်ကို မြင်နိုင်ခဲ့သည်။ သူက သူမ၏ပါးကို ခပ်ဖွဖွလေး ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ကောင်းပါပြီ... မင်း အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီပဲ၊ အဲဒါကို ဆက်မတွေးနဲ့တော့"

ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏စိတ်ထဲတွင် စိတ်မသက်မသာ ဖြစ်နေဆဲပင်။ လို့ရှီးယန်က အခြေအနေကို ပြောင်းလဲရန် စားပွဲပေါ်မှ အနီရောင် မင်္ဂလာဝတ်စုံကို တစ်ချက်ကြည့်လိုက်သည်။ ထိုဝတ်စုံ ရောက်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း သူမက ထိပင် မထိကြည့်ရသေးချေ။ သူက ကျွော့ချင်း၏ လက်ကိုဆွဲကာ စားပွဲဆီသို့ ခေါ်သွားရင်း အပြုံးဖြင့် ပြောလိုက်ပြန်သည်။

"အင်္ကျီ လာပို့ ထားပြီးပြီ။ စမ်း ဝတ်ကြည့်ပြီးပြီလား"

လို့ရှီးယန်က အကြောင်းအရာကို ပြောင်းလဲပြီး သူမ စိတ်အခြေအနေ ကောင်းအောင် ကြိုးစားနေသည်ကို သိသဖြင့် ကျွော့ချင်းက ခေါင်းခါပြလိုက်ရင်း သူ့ကို ပြုံးပြလိုက်သည်။

"ဘယ်လိုဝတ်ရမှန်း မသိဘူး"

ထိုဝတ်စုံကို မနက်ကတည်းက လာပို့ထားသော်လည်း သူမ စမ်းဝတ်ကြည့်ရန် စိတ်မပါသဖြင့် ထိုလူများကို ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။ အင်္ကျီက ရိုးရိုးရှင်းရှင်းနှင့် လှပသော်လည်း မင်္ဂလာဝတ်စုံဖြစ်သည့်အတွက် အလွှာများစွာ ရှိနေသောကြောင့် သူမတစ်ယောက်တည်း ဝတ်ရန် လုံးဝ မလွယ်ကူနေပေ။

လို့ရှီးယန်က ခပ်ဖွဖွရယ်မောလိုက်သည်။

'မင်္ဂလာဝတ်စုံနဲ့ ပတ်သက်ရင် ကိုယ်တိုင် ဆုံးဖြတ်ချင်တယ်လို့ ပြောခဲ့ပြီး အခုတော့ ဘယ်လိုဝတ်ရမှန်းတောင် မသိဘူးတဲ့လား'

သူက မင်္ဂလာဝတ်စုံကို ကောက်ကိုင်လိုက်ရင်း သူမကို ကြည့်ကာ ပြောလိုက်ပြန်သည်။

"ကိုယ် မင်းကို ကူညီပေးမယ်"

"ဘယ်လိုဝတ်ရမလဲဆိုတာ ရှင် သိလို့လား"

ကျွော့ချင်းက အံ့အားသင့်ကာ သူ့ကို စိုက်ကြည့်နေသည်။ လို့ရှီးယန်က ဘာမှပြန်မပြောဘဲ အဝတ်အလွှာများကို သေသေချာချာ ကောက်ယူကာ သူမ ခန္ဓာကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ဆင်မြန်းပေးနေသည်။ အဝတ်အစားများက များပြားလွန်းသဖြင့် ကျွော့ချင်းတစ်ယောက် ညည်းတွားလိုက်သည်။

"ဒီလိုဝတ်ရတာ သေချာလို့လား။ ကျွန်မ မှတ်မိတာ ဒီလောက်မရှုပ်ထွေးပါဘူး"

လို့ရှီးယန်က ခေါင်းမထောင်ဘဲ အာရုံစိုက်ကာ ၀တ်စားဆင်ယင်မှုအတွက် သူ့နဲ့ပူးပေါင်းဖို့ အလေးအနက် အမူအရာပြနေခဲ့သည်။ အမျိုးသမီးတစ်ဦးကို အဝတ်ဝတ်ပေးခြင်းက သူနှင့် မရင်းနှီးသော်လည်း ခက်ခဲမည်မဟုတ်ဟု သူ ယူဆထားပုံရသည်။

သူမ အနားတွင် ပြုံးလျက် မင်္ဂလာဝတ်စုံကို လေးလေးနက်နက် ဂရုတစိုက် ဝတ်ဆင်ပေးနေသော လို့ရှီးယန်ကို ကြည့်ရင်း ကျွော့ချင်း၏ ရင်ထဲသို့ ပျော်ရွှင်မှုများ ရိုက်ခတ်လာသည်။ ထို့ကြောင့် သူမ ငြိမ်သက်နေခဲ့ပြီး သူ ဝတ်ပေးသမျှကို ငြိမ်ခံနေလိုက်သည်။

သိပ်မကြာခင်မှာပင် လို့ရှီးယန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျွော့ချင်းက အောက်ကို ငုံ့ကြည့်လိုက်ပြီး အနည်းငယ် လိုအပ်ချက်ရှိနေသော်လည်း အဆင်ပြေသည်ဟု သူမ ယူဆလိုက်သည်။

‘ဒါက သူမတို့ ပထမဆုံးအကြိမ်ကြိုးစားခဲ့တာ ဖြစ်ပြီး နောက်တစ်ကြိမ်မှာ နည်းနည်း ထပ်ပြင်လိုက်ရင်တော့ ဒီထပ် ပိုကောင်းလာမယ် ထင်ပါတယ်’

"ကြည့်လို့ကောင်းလား"

သူမက မေးလိုက်ရင်း ခေါင်းမော့လိုက်သည့်အခါ လို့ရှီးယန်က သူမကို ကြောင်တက်တက်နှင့် ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ အစပိုင်းတွင် သူမကိုယ်သူမ အဆင်ပြေသည်ဟု ထင်ထားခဲ့သော်လည်း သူက ဤသို့ စိုက်ကြည့်နေသဖြင့် ကျွော့ချင်းတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူမက မျက်မှောင်ကြုတ်ရင်း သူမကိုယ်တိုင် စိတ်ကြိုက် ပြင်ဆင်ထားသော စကတ်စကို ဆွဲဆန့်လိုက်ကာ မေးလိုက်ပြန်သည်။

"ပုံမှန် သတို့သမီးဝတ်စုံရဲ့ ပုံစံက ပိုကောင်းတယ်လို့ ရှင် ထင်နေတာလား"

သူမ၏ မင်္ဂလာဝတ်စုံ ပြုပြင်ပြောင်းလဲမှုက ရှေးရိုးစွဲအယူအဆများဖြင့် ကြည့်လျှင် အနည်းငယ် လွန်ကဲနေသည်ဟု ထင်ရသော်လည်း လို့ရှီးယန်က ယခုမှ ပြန်ပြောင်းခိုင်းလျှင်တောင် သူမကတော့ ခရစ္စမတ်သစ်ပင်ကဲ့သို့ ဖောင်းကြွရှုပ်ထွေးနေသော ဝတ်စုံမျိုးကို ဘယ်တော့မှ ဝတ်ဆင်မည်မဟုတ်ပေ။

အချိန်အတော်ကြာ ငေးကြည့်ပြီးနောက် လို့ရှီးယန်က သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး အပြုံးလေးဖြင့် ပြောလာခဲ့သည်။

"မင်းက ဒီလိုပုံစံနဲ့ တကယ်ကို အရမ်းလှတယ်"

မင်္ဂလာဝတ်စုံကို သူမ စိတ်ကြိုက် ပြောင်းလဲထားသော်လည်း မင်္ဂလာဝတ်စုံအစစ်၏ အငွေ့အသက်လည်း ကျန်ရှိနေသေးသည်။ သတို့သမီးအများစုက အဆင့်မြင့်ပြီး စကတ်အနားသတ်များ မြေပြင်ပေါ်တွင် ဝဲနေသော ဝတ်စုံမျိုးကို ဝတ်ဆင်ချင်ကြသည်ဟု သူ ကြားဖူးသော်လည်း သူ၏ ချင်းအာကတော့ မည်သည့်အခါမျှ သမားရိုးကျ မတွေးဘဲ အမြဲတမ်း ထူးခြားနေတတ်သူ ဖြစ်သည်။

သို့သော် သူ မလိမ်ခဲ့ပေ။ ဤဝတ်စုံကို ဝတ်ဆင်ထားသည့် သူမက အလွန် လှပနေပြီး အနီရောင်က သူမ၏ အသားအရောင်နှင့် လိုက်ဖက်လွန်းလှသည်။ ရှည်လျားတွဲကျနေသော အပိုအဆင်တန်ဆာများ မပါဝင်ဘဲ သူမ၏ ချောမောသော အသွင်အပြင်ကို အပြည့်အဝ ပေါ်လွင်နေစေသည်။ ခါးတစ်ဝိုက်တွင် တင်းတင်းကျပ်ကျပ် စည်းထားသော အနီရောင် ခါးစည်းကြိုးပြားက သူမကို ပို၍ပင် သွယ်လျကြော့ရှင်းသွားစေသည်။ လို့ရှီးယန်က စိတ်မပျက်သည့်အပြင် ထိုခါးလေးကို ဖက်ထားရန် ဆန္ဒရှိနေခြင်း ပင်။

လို့ရှီးယန်က ကျွော့ချင်း၏ နဖူးကို သူ့နဖူးနှင့် တိုက်လိုက်ရင်း ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"သုံးရက်ပဲ... သုံးရက်ပဲ လိုတော့တယ်။ ဒီသုံးရက် ပြီးသွားရင် မင်းက ကိုယ့်အပိုင် ဖြစ်လာတော့မယ်"

သူ့ဘဝတွင် အချိန်များက ဤမျှကြာလွန်းသည်ဟု မည်သည့်အခါမှ မခံစားခဲ့ဖူးပေ။

သူမ၏ ခါးပေါ်မှ တင်းကျပ်လာသော သူ၏ လက်အင်အားနှင့် နှစ်ဦးသား၏ ရောယှက်နေသော အသက်ရှူသံများကြောင့် လို့ရှီးယန်၏ စိတ်ခံစားချက်များ တဟုန်ထိုး မြင့်တက်လာသည်ကို ကျွော့ချင်း ခံစားမိသည်။ သူမက လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး သူမ၏ သွယ်လျသော လက်များကို လို့ရှီးယန်၏ လည်ပင်းတွင် ရစ်ပတ်လိုက်ကာ သူမ၏ ပါးလွှာသော နှုတ်ခမ်းများကို သူ၏ နားရွက်နားသို့ ကပ်ရင်း အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

"ဒီမင်္ဂလာဝတ်စုံကို ဘယ်လို ချွတ်ရမလဲဆိုတာကိုရော ရှင် မလေ့ကျင့်ချင်ဘူးလား"

လို့ရှီးယန်တစ်ယောက် ထိတ်လန့်သွားပြီး အက်ရှရှအသံဖြင့် ခေါ်လိုက်မိသည်။

"ချင်းအာ——!"

'ဒီကောင်မလေးကတော့... သူမက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ! နေရောင်က တောက်ပနေပြီး တံခါးကို ကျယ်ကျယ်ဖွင့်ထားတာတောင်မှ သူက ငါ့ကို လာပြီး ဆွဲဆောင်နေသေးတယ်!'

ကျွော့ချင်းက သူ့ကို ဆက်ပြီး စနောက်ချင်နေသော်လည်း ထိုအချိန်မှာပင် ပွင့်နေသော တံခါးအပြင်ဘက်မှ ကြည်လင်သော ယောက်ျားလေး အသံတစ်သံ ထွက်ပေါ်လာသည်။

"အစ်မလှလှလေးရေ... မင်း ဒီမှာ ရှိနေလား"

နှစ်ယောက်သား ချက်ချင်း ကိုယ်ဟန်ပျက်ကာ တောင့်တင်းသွားကြပြီး လို့ရှီးယန်က ရှက်ကိုးရှက်ကန်းပုံစံဖြင့် သူမလက်ကို လွှတ်ပေးလိုက်သည်။ ယခုအချိန်တွင် သူက သူ့၏ ဒုက္ခနှင့် ကံဆိုးမှုများကိုသာ တွေးနေခဲ့သည်။

‘သူနဲ့ ချင်းအာ ရင်းရင်းနှီးနှီးနေတဲ့ အချိန်ဆိုရင် အမြဲတမ်း အနှောက်အယှက်တစ်ခုခု ရောက်လာတော့မှာလား????’

ကျွော့ချင်းလည်း ကူကယ်ရာမဲ့ မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားရတော့သည်။ အိမ်အပြင်ဘက်တွင် နေရောင်ခြည်ထက် ပို၍ တောက်ပစွာ ပြုံးနေသော ချစ်စဖွယ် မျက်နှာလေးကို သူမ မြင်လိုက်ရသည်။ ကျွော့ချင်း စကားမပြောရသေးမီမှာပင် ထိုလူက အော်ဟစ်လိုက်သည်။

"ဝိုး... အရမ်းလှတာပဲ!"

ကျွော့ချင်းကတော့ သူ လွန်ကဲလွန်းနေသည်ဟူသော အကြည့်ဖြင့်သာ တုန့်ပြန်လိုက်သည်။

‘ဒါက ရိုးရိုးအနီရောင် ၀တ်စုံတစ်ခုပဲလေ။ ရှီးယန်က လှတယ်လို့ ပြောတာကို သူမ ရက်ရက်ရောရော လက်ခံနိုင်တယ်! ဒါပေမယ့် ဒီကောင်လေးက ဘာလို့ ဆူညံပွက်လောရိုက်နေရဝာာလဲ???’

ပိုင်ရိက ကျွော့ချင်းကို ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုရင်း အားတက်သရော ပြောနေလေသည်။

"ငါလည်း အနာဂတ်မှာ မင်းလို လှပတဲ့ မင်းသမီးလေးကို လက်ထပ်မယ်!"

လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသော်လည်း သူက ဘာမှဝင်မပြောဘဲ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လျက် ထိုကောင်လေး ဘာထပ်ပြောမည်ကို စောင့်ကြည့်နေခဲ့သည်။

“ချိုသာတဲ့ ပါးစပ်က စကားချိုချိုတွေကို ချောချောမွေ့မွေ့ ပြောတတ်တာပဲ”

ကျွော့ချင်းက သူ့ကို သဘောမကျသဖြင့် ခပ်အေးအေး မေးမြန်းလိုက်သည်။

“မင်းသားက ဒီကို ဘာလာလုပ်တာလဲ”

'သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူမဆီကို မကြာခဏ ပြေးလာတတ်တယ်။ သူမတို့က အဲဒီလောက်လည်း မရင်းနှီးဘူး မဟုတ်လား'

ပိုင်ရိက သူ့အင်္ကျီလက်ပွကြီးထဲမှ ဆလင်ဒါပုံစံ အသုံးအဆောင်တစ်ခုကို ထုတ်ယူပြီး ကျွော့ချင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျွော့ချင်းက ထိုအရာကို ကြည့်ကာ မေးလိုက်ပြန်သည်။

“ဒါက ဘာလဲ”

သူက နေ့တိုင်း သူမဆီသို့ ကလေးကစားစရာကဲ့သို့ ပစ္စည်းအသေးအမွှားလေးများ ယူလာပေးတတ်သဖြင့် သူ ဘာကြောင့် ဤသို့ ပြုမူနေသည်ကို သူမ တကယ်ပင် နားမလည်တော့ပေ။

ပိုင်ရိက ထိုအရာ၏ အဆုံးတစ်ဖက်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြရင်း ပြုံးပြနေသည်။

“ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ အရင်ကြည့်ကြည့်ပါဦး”

ကျွော့ချင်းလည်း ကူကယ်ရာမဲ့စွာဖြင့် ထိုဆလင်ဒါကို လှည့်ကြည့်လိုက်ရာ အတွင်းမှ အရောင်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သို့သော် ယခုခေတ်တွင် မှန်မရှိသေးဘဲ ကြေးနီပြားကို ရောင်ပြန်ဟပ်ရန် သုံးထားသဖြင့် အရောင်မှာ သိပ်ပြီး ကြည်လင်လှပခြင်းမရှိပေ။

ကျွော့ချင်းက မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။

“ဒါက Kaleidoscope လေ၊ ဘာထူးဆန်းလို့လဲ”

ပိုင်ရိ၏ မျက်လုံးဝိုင်းကြီးများ ပြူးကျယ်သွားကာ ခေါင်းကုတ်ရင်း ပြန်မေးလာခဲ့သည်။

“ဒါကို Kaleidoscope လို့ ခေါ်တာလား။ အဲဒါကို ရောင်းတဲ့သူဌေးက 'နတ်ကြေးမုံ' လို့ ပြောခဲ့တာ။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်လို့ မင်းအတွက် ဝယ်လာခဲ့တာ”

ကျွော့ချင်းက သူမလက်ထဲမှ အသုံးမဝင်သော အရာကို ကြည့်လိုက်ပြီး ကလေး၏ စိတ်အားထက်သန်မှုကို မဖျက်စီးလိုသဖြင့် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ပိုင်ရိက ချက်ချင်းဆိုသလို ဝမ်းသာအားရပြန်ဖြစ်သွားပြီး မရပ်မနား ပြောလာပြန်သည်။

“ရပါတယ်၊ နောက်တစ်ခါ ပိုကောင်းတာတွေ့ရင် ထပ်ဝယ်ပေးဦးမယ်။ ဒီရက်ပိုင်း မြို့တော်ထဲမှာ နေရာအနှံ့လျှောက်ကြည့်ပြီး အများကြီး ဝယ်ဖြစ်ခဲ့တယ်။ ပြန်ရင် ခမည်းတော်နဲ့ မယ်တော်ကို ပေးဖို့လည်း ဝယ်ထားသေးတယ်။ ချုံယွဲ့က အရင်းအမြစ် တကယ်ပေါများတဲ့ နေရာပဲ”

ကျွော့ချင်းက အပြုံးမပျက် ခေါင်းညိတ်လိုက်သည်။ သူမ ဆယ်ကျော်သက်လေးများနှင့် စကားမပြောဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် အနည်းငယ် ထူးဆန်းနေသလို ခံစားနေရသည်။ သူမက အကူအညီတောင်းလိုသည့် အကြည့်ဖြင့် လို့ရှီးယန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ဝင်ပြောလာခဲ့သည်။

“သတ္တမမင်းသား သဘောကျတယ်ဆိုရင် ဒီမှာ အချိန်အကြာကြီး ကစားလို့ရပါတယ်”

“လို့လူကြီးမင်း!”

ပိုင်ရိက လို့ရှီးယန်ကို အံ့အားသင့်စွာ ကြည့်နေပြီး မေးလာခဲ့သည်။

“မင်းလည်း ဒီမှာ ရှိနေတာလား၊ ငါ သတိမထားမိလိုက်ဘူး!”

'တကယ်က သူ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာ မဟုတ်ဘူးလား'

လို့ရှီးယန်က အနည်းငယ် ပြုံးသော်လည်း ဘာမှ မတုံ့ပြန်ခဲ့ပေ။ ပိုင်ရိက အိမ်ထဲသို့ ဝင်လာကာ လို့ရှီးယန်၏ဘေးတွင် ထိုင်လိုက်ပြီး စပ်စုချင်သော ပုံစံဖြင့် မေးလိုက်သည်။

“ဝန်ကြီးချုပ် အိမ်တော်မှာ မီးပုံးတွေနဲ့ အလှဆင်ထားတယ်၊ အဲ့ဒါကို သတိထားမိတာ ရက်တော်တော်ကြာနေပြီ။ မင်္ဂလာဆောင်ရက်က ဘယ်နေ့လဲ”

“နောက်သုံးရက်အတွင်း”

အမြင့်ငါးပေခန့်သာရှိသော ပိုင်ရိက ဝမ်းသာအားရ လက်ခုပ်တီးကာ ခုန်ပေါက်ရယ်မောနေပြန်သည်။

“ဒီတစ်ခေါက် လာရတာ ကောင်းချီးမင်္ဂလာ အခမ်းအနားရဲ့ ခမ်းနားမှုကို မြင်ရရုံတင်မကဘဲ ဝန်ကြီးချုပ်နဲ့ အစ်မလှလှလေးရဲ့ မင်္ဂလာဆောင်အရက်ကိုလည်း သောက်ရဦးမှာပေါ့!”

ဤအချိန်အတောအတွင်း သူ၏ အပြုအမူများက အကြံအစည်မရှိသော ကလေးတစ်ယောက်ကဲ့သို့ပင်။ လို့ရှီးယန်က ပုံမှန်အတိုင်းပင် ယဥ်ယဥ်ကျေးကျေး စကား ဆိုလိုက်သည်။

“ဒါက သတ္တမမင်းသားအတွက် ချုံယွဲ့ကို ပထမဆုံးအကြိမ် ရောက်လာတာပါ၊ ဒီလူက မင်းသားကို ကောင်းကောင်း ဧည့်မခံနိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါ”

ပိုင်ရိက သူ့လက်များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းနေရင်း ပြုံးပြုံးရွှင်ရွှင် ပြန်ပြောလာသည်။

“ရပါတယ် ဝန်ကြီးချုပ်၊ ငါကသာ မင်းကို အနှောင့်အယှက် ပေးသလို ဖြစ်နေတာပါ...”

“တော်တော့!”

ကျွော့ချင်းက သူတို့နှစ်ဦးကြားမှ အသုံးမဝင်သော စကားဝိုင်းကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။

“အပြင်ကို ထွက်ပြီး အေးအေးဆေးဆေး စကားပြောကြပါ၊ ကျွန်မ အဝတ်လဲဖို့ လိုတယ်!”

‘အခုလို ပူပြင်းတဲ့နေ့မှာ သူမ ဝတ်စုံနှစ်ထပ်ဝတ်ထားရတာလေ’

ပိုင်ရီက နာခံမှုအပြည့်ဖြင့် မြန်မြန်ဆန်ဆန် ထရပ်လိုက်ပြီး လို့ရှီးယန်ကို ပြုံးပြလိုက်သည်။

"လို့လူကြီးမင်း... ကျေးဇူးပြုပြီး"

"သတ္တမမင်းသား... ကျေးဇူးပြုပြီး"

လို့ရှီးယန်ကလည်း ယဉ်ကျေးစွာ ပြန်လည်ဖိတ်ခေါ်လိုက်သည်။ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့က အပြန်အလှန် ယဉ်ကျေးပြနေကြပြီး နောက်ဆုံးတွင် ကျိုက်ရှင်းအဆောင်မှ ထွက်ခွာသွားကြသဖြင့် ကျွော့ချင်းလည်း အနည်းငယ် အံ့သြသွားရသည်။

သူမ တံခါးကို ပိတ်ပြီး မင်္ဂလာဝတ်စုံကို အမြန်လဲလှယ်ရန် ပြင်နေစဉ်မှာပင် တံခါးခေါက်သံက ထပ်မံထွက်ပေါ်လာပြန်သည်။

"ဘယ်သူလဲ"

ကျွော့ချင်း အံ့သြသွားရသည်။

'ဒါက ဘယ်သူဖြစ်နိုင်ဦးမလဲ'

"ယောင်းမ... ငါပါ"

လို့ရှီးဝူ၏ အားအင်ကုန်ခမ်းနေသော အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။ ကျွော့ချင်း တံခါးဖွင့်ပေးလိုက်သည်နှင့် သူမ၏ အလွန်အမင်း စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်လိုက်ရတော့သည်။ ကျွော့ချင်းက သူမကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး ချက်ချင်း မေးလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ"

လို့ရှီးဝူက စိတ်ပျက်လက်ပျက်ဖြင့် စားပွဲဝိုင်းပေါ်သို့ မှောက်ချလိုက်ရင်း ညည်းတွားနေသည်။

"ငါ ကျင်းစကို အရမ်းစိတ်ဆိုးနေတယ်!"

ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ်ပင့်ကာ လှောင်ပြောင်လိုက်သည်။

"နင်... နင်တို့နှစ်ယောက်ရဲ့ အခြေအနေက ကောင်းကောင်း ဖွံ့ဖြိုးနေပြီ မဟုတ်လား။ နင်တို့ တစ်ယောက်ရဲ့ တံတွေးကိုတောင် တစ်ယောက်က မျိုချပြီးပြီလေ၊ လမ်းမှန်ပေါ်ကို ရောက်သင့်နေပြီ"

ကျွော့ချင်း၏ မျက်နှာပေါ်တွင် အဓိပ္ပါယ်ပါသော အပြုံးတစ်ခု ထင်ရှားနေသဖြင့် လို့ရှီးဝူ၏ မျက်နှာလည်း အနည်းငယ် နီမြန်းလာသည်။

"အရင်ကထက် နည်းနည်း ပိုကောင်းလာတာကတော့ အမှန်ပဲ၊ ဒါပေမဲ့... သူက ငါ့အစ်ကိုဆီမှာ ငါ့ကို လက်ထပ်ဖို့ အခုထိ မကမ်းလှမ်းသေးဘူး!"

ကျင်းစ၏ သူမအပေါ် သဘောထားက တကယ်ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

‘တခါတရံမှာ သူက သူမနဲ့ စကားများ ရန်ဖြစ်တတ်ပြီး သူ ဒေါသအရမ်းထွက်တဲ့အခါ သူမနာမည်ကို ခေါ်တတ်နေပြီ။ ဒါတွေက သူအရင်က မလုပ်ဖူးတဲ့ အရာတွေပါ...ဒါပေမယ့် သူမတို့က နမ်းပြီးနေတာတောင် သူက ဘာလို့ လက်ထပ်ခွင့်မတောင်းသေးတာလဲ??! သူက သူမကို သေတဲ့အထိ စိတ်ပူအောင်လုပ်နေတယ်’

ကလေးမလေးက သူမ၏ အတွေးများကို သူမမျက်နှာပေါ်တွင် အထင်အရှား ဖော်ပြနေသဖြင့် ကျွော့ချင်းတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်။

"နင်က လက်ထပ်ဖို့ အဲဒီလောက်တောင် စိတ်အားထက်သန်နေတာလား"

"ယောင်းမ!!"

လို့ရှီးဝူက ကျွော့ချင်းကို ရှက်ကိုးရှက်ကန်းနှင့် စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများပင် ကျွတ်ထွက်မတတ် ဖြစ်နေခဲ့သည်။

"ကောင်းပြီ... ကောင်းပြီ၊ ငါ မရယ်တော့ဘူး"

ကျွော့ချင်းက သူမ၏အပြုံးကို အသာဖုံးကွယ်ကာ ချောင်းဟန့်လိုက်ပြီး လို့ရှီးဝူကို နှစ်သိမ့်ပေးလိုက်သည်။

"ကျင်းစက အစီအစဉ်မရှိဘဲ တာဝန်မဲ့တတ်တဲ့သူ မဟုတ်ပါဘူး။ သူက နင့်ကို ဖြည်းဖြည်းချင်း လက်ခံနေပြီလေ၊ သူ့ကို အချိန်နည်းနည်းလောက် ပေးလိုက်ပါဦး"

"အင်း..."

လို့ရှီးဝူက သက်ပြင်းချနေပြန်သည်။

‘နောက်ဆုံးတော့ သူမယောင်းမ ပြောတာက တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံပါပဲ’

လို့ရှီးဝူက ကုတင်ပေါ်ရှိ အနီရောင် မင်္ဂလာဝတ်စုံကို တစ်ချက်ကြည့်လိုက်ပြီး ကျွော့ချင်းထံသို့ ရုတ်တရက် ချဉ်းကပ်လာကာ တိုးတိုးလေး ပြောလာပြန်သည်။

"ယောင်းမ... စကားမစပ် အဖေ မနေ့ညက ဝန်ကြီးချုပ်အိမ်တော်ကို အမြန်ပြန်လာခဲ့ပေမယ့် သူ တော်တော် ဒေါသထွက်နေပုံရတယ်။ ဒါပေမယ့် နင် စိတ်မပူပါနဲ့၊ အစ်ကိုက နင့်ကို လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီမို့ အဖေ ဘယ်လောက်စိတ်ဆိုးနေပါစေ နင့်ကို ဘာမှ မလုပ်ရဲတော့ပါဘူး။ သူက မင်္ဂလာဆောင်ပြီးတာနဲ့ အနောက်မြောက်ဘက်ကို ချက်ချင်း ပြန်သွားလိမ့်မယ်။ အဲဒါကြောင့် သတို့သမီးလေးက စိတ်အေးလက်အေးနဲ့ နေနိုင်မှာပါ!"

ကျွော့ချင်းက အမှန်တကယ် စိုးရိမ်နေခြင်းမျိုး မရှိသော်လည်း သူမ လို့ရှီးယန်ကို လက်ထပ်ရန် ပြင်ဆင်နေချိန်တွင် လို့မူဟိုင်က သူမကို မနှစ်သက်ခြင်း၊ မိဘများ၏ ကောင်းချီးကို မရရှိခြင်းတို့က သူမ၏ အိမ်ထောင်ရေးအတွက် ဟာကွက်တစ်ခု ဖြစ်နေမည်ကိုတော့ သူမ သိနေခဲ့သည်။ ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ ကိုယ်ပိုင်မိဘများကိုလည်း သတိရမိပြန်သည်။ သူမ၏မိဘများ သူမ၏ မင်္ဂလာပွဲကို မြင်တွေ့ခွင့် မရှိတော့ခြင်းက သူမ၏ နှလုံးသားကို နာကျင်စေသည်။

လို့ရှီးဝူက ကျွော့ချင်း၏ လက်ကို ဆုပ်ကိုင်ထားပြီး သူမထက်ပင် စိတ်လှုပ်ရှားနေပုံရသည်။

"နောက်သုံးရက်ပဲ ကျန်တော့တယ်၊ နင် စိတ်လှုပ်ရှားနေလား"

ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"နည်းနည်းပေါ့"

လို့ရှီးဝူက မကျေမနပ် နှုတ်ခမ်းစူကာ ပြန်ပြောလာသည်။

"နည်းနည်းဆိုတာက ဘာကို ဆိုလိုတာလဲ။ ငါ့အစ်ကိုကို လက်ထပ်ရမှာက နင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ မျှော်လင့်နေဖို့ မထိုက်တန်ဘူးလို့ ပြောချင်တာလား"

ကျွော့ချင်းက ဘေးသို့စောင်းကာ လို့ရှီးဝူကို ကြည့်လိုက်ပြီး ခပ်နောက်နောက် ပြန်ပြောလိုက်သည်။

"နင် ကျင်းစကို လက်ထပ်လိုက်တဲ့နေ့ကျရင် ငါ ဘယ်လောက်တောင် စောင့်မျှော်နေခဲ့သလဲဆိုတာ နင် သိလာလိမ့်မယ်!"

လို့ရှီးဝူမှာ ရှက်ရွံ့သွားပြီး ရှက်‌ဒေါသဖြင့် အော်ဟစ်ကာ အခန်းထဲမှ ပြေးထွက်သွားသည်။

"နင်က ဘာလို့ ငါ့ဘက်ကိုပဲ အမြဲ ခေါင်းစဉ်ပြောင်းလာတာလဲ။ ငါ ပြန်တော့မယ်... နင်နဲ့ စကားမပြောတော့ဘူး!"

ကျွော့ချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ နောက်ဆုံးတွင် ပတ်ဝန်းကျင်က ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ လို့ရှီးဝူနှင့် ထိုကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် သူမ၏ ရင်ထဲတွင်လည်း အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။ သုံးရက်အတွင်း ရောက်ရှိလာတော့မည့် သူမ၏ လက်ထပ်ပွဲကို သူမ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိသည်။

.......။............။.......

ချင်းရွှယ်နန်းတော်တွင် ရာသီများ ပြောင်းလဲသွားသကဲ့သို့ လူများလည်း ပြောင်းလဲလာကာ အရာရာက အသွင်သစ်ဆောင်နေသည်။

သစ်တော်မွှေးပင်များလည်း အသီးသီးရန် အချိန်တန်ပြီ ဖြစ်သောကြောင့် အကိုင်းအခက်များပေါ်တွင် သစ်တော်မွှေးသီးများ ပြည့်နှက်နေကာ တွဲလောင်းကျနေသည်။ ယခင်ကဆိုလျှင် ဤအချိန်က မင်းသမီးလေးအတွက် အပျော်ဆုံး အချိန်ပင်။ ယခုမူ ရှောင်လျန်က မင်းသမီးလေးကို ကြည့်လိုက်ရာ မင်းသမီးလေးက ပြတင်းပေါက်တွင် ဝမ်းနည်းပူဆွေးစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်လျန်က ပိန်ပါးသွားသော မင်းသမီးလေးကို ကြည့်ကာ လို့ရှီးယန်နှင့် ချင်းလင်ကို စိတ်ထဲမှ ထပ်မံ ကြိမ်းမောင်းမိပြန်သည်။

'သူတို့လို လူတွေက မင်္ဂလာပွဲအတွက် ပျော်ရွှင်စွာ ပြင်ဆင်နေနိုင်ပေမယ့် မင်းသမီးလေးကတော့ ဒီလို ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတယ်။ ဒီကမ္ဘာကြီးက လုံးဝကို မတရားဘူး!'

ယန်ကျီလန်က ယန်းရူရွှယ်၏ နောက်တွင် အကြာကြီး ရပ်နေပြီးနောက် ရှေ့သို့ လှမ်းလိုက်ကာ သမီးဖြစ်သူ၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။

"ရွှယ်အာ... ဆောင်းဦးပေါက်တော့မယ်၊ မင်း အမဲလိုက်ကွင်းကို သွားကစားချင်လား"

ယန်းရူရွှယ်က ပြတင်းပေါက်အပြင်ဘက်ရှိ သစ်တော်သီးပင်ကိုသာ စိုက်ကြည့်နေမြဲကြည့်နေပြီး ခေါင်းကို တဆတ်ဆတ် ခါပြနေသည်။

ယန်ကျီလန်က ယန်းရူရွှယ်၏ပိန်ပါးသော ပါးပြင်ကို သူမ၏လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေသည်။ ထို့နောက် သူမက ယန်းရူရွှယ်၏မျက်နှာကို သူမဘက်သို့ ဆွဲ့လှည့်ကာ ညင်ညင်သာသာ ချော့မော့လိုက်သည်။

"မင်း မသွားဘူးဆိုရင် တော်ဝင်ဆွေမျိုးတွေက သိမ်းကျုံးပြီး အမဲလိုက်ကြလို့ တိရစ္ဆာန် ဘယ်လောက်တောင် သေကုန်မလဲဆိုတာ မယ်တော် မသိတော့ဘူး။ အဲဒါက တိရစ္ဆာန်လေးတွေအတွက် ဘေးအန္တရာယ်ပဲ"

ရှောင်လျန်ကလည်း ချက်ချင်း ရှေ့သို့ တိုးလာပြီး ယန်းရူရွှယ်၏ရှေ့တွင် ဒူးထောက်ထိုင်ချကာ တိုးတိုးလေး ပြောလိုက်သည်။

"မင်းသမီး... သွားကြရအောင်လေ၊ မနှစ်က မြစ်ကမ်းနားမှာ ကယ်တင်ခဲ့တဲ့ သမင်လေးကို မှတ်မိသေးလား။ ဒီနှစ် ထပ်လာလည်မယ်လို့ မင်းသမီး ပြောခဲ့တယ်လေ!"

လို့ရှီးယန်၏ မင်္ဂလာပွဲမှာ သုံးရက်သာ လိုတော့သဖြင့် နန်းတော်တစ်ခုလုံး ကောလဟာလများ ပြည့်နှက်နေသည်။ မည်သူမျှ မင်းသမီးလေးကို မပြောရဲသော်လည်း သူမ မတော်တဆ ကြားသွားမည်ကို အားလုံးက စိုးရိမ်နေကြသည်။

ယန်းရူရွှယ်က အချိန်အတော်ကြာအောင် မျက်မှောင်ကြုတ်နေပြီးမှ သူမကို ပြောနေသည့် စကားအချို့ကို နားစွင့်နေပုံရသည်။  ယန်ကျီလန်က မီးပူနေတုန်း သံကို ရိုက်ချင်သည့် ပုံစံဖြင့် ဆက်ပြောလိုက်သည်။

"သွားလိုက်လေ... မယ်တော် စီစဉ်ပေးမယ်၊ မနက်ဖြန် စောစော ထွက်ကြမယ်"

အချိန်အတော်ကြာပြီးနောက်တွင် ယန်းရူရွှယ်က အသံမထွက်လာဘဲ ခေါင်းညိတ်ပြလာခဲ့သည်။ နောက်ဆုံးတွင် ယန်ကျီလန်လည်း သူမ၏နှလုံးသားထဲမှ ကျောက်တုံးကြီးကို လွှတ်ချနိုင်လိုက်သည်။ သူမက စိတ်ချလက်ချ ပြုံးရင်း ထပ်ပြောလိုက်သည်။

"အခု မွန်းတည့်နေပြီ၊ မင်းလည်း ပင်ပန်းနေပြီဆိုတော့ အနားယူတော့နော်"

'ငါ့ရဲ့ လိမ္မာတဲ့ သမီးလေး... မင်း ပြန်လာတဲ့အခါ မင်းရဲ့အမေက လို့ရှီးယန်ရဲ့ အထီးကျန်ဆန်တဲ့ အသွင်အပြင်ကို သေချာ ပြပေးမယ်!'

တော်ဝင်ဥယျာဉ်တွင် ယန်ကျီလန်က ပန်းများ အကြား၌ ရှိနေပြီး သူမအနားမှ အထိန်းတော်တစ်ယောက်နှင့်အတူ လမ်းလျှောက်နေသည်။

"ဘယ်လိုစီစဉ်ထားလဲ"

ယန်ကျီလန်က နူးညံ့သောပန်းပွင့်ကို ပွတ်သပ်နေရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။

မော့မော့က ယန်ကျီလန်၏နောက်တွင် ကိုယ်တစ်ဝက်ကို ငုံ့ကိုင်းထားပြီး သူမ၏မျက်နှာပေါ်တွင် ယုံကြည်မှုရှိ အပြုံးဖြင့် လိုက်ပါလာကာ သေသေချာချာ ပြန်ဖြေလိုက်သည်။

"ဒီတစ်ခါတော့ အမှားအယွင်း မရှိမှာ သေချာပါတယ်။ လို့ရှီးယန်ကို လုံးဝ မဆွဲချနိုင်ရင်တောင် သူ အပြည့်အဝ တာဝန်ယူရမှာပါ”

"သူက လှည့်ပတ်သွားလာနေတဲ့ မြေခွေးတစ်ကောင်လို ပါးနပ်တဲ့သူနော်၊ မင်း ဒီတစ်ခါ ပိုသတိထားရမယ်"

"စိတ်မပူပါနဲ့ မိဖုရားကြီး၊ ဒီတစ်ခါတော့ လုံးဝ မလွဲစေရပါဘူး!"

"ကောင်းပြီ!"

ယန်ကျီလန်က မပွင့်သေးသော ဂန္ဓမာပန်းတစ်ပွင့်ကို ခူးဆွတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

'လို့ရှီးယန်... မင်းရဲ့ မင်္ဂလာပွဲကို အေးအေးဆေးဆေး ကျင်းပနိုင်မလားဆိုတာကို အိုက်ကျား စောင့်ကြည့်ချင်သေးတယ်'

အခန်း ၁၀၄ သတို့သမီး ကြိုဆိုခြင်း

ချုံယွဲ့၏ ဟောင်ယွဲ့တည်းခိုဆောင်တွင်...

နေရောင်ခြည်က သာယာသော ရာသီဥတုကို ဖော်ဆောင်နေပြီး လေနုအေးလေးများက အေးမြမှုကို သယ်ဆောင်လာသည်။ ရိုးရိုးရှင်းရှင်း သစ်သားအဆောက်အဦးက အနည်းငယ် သေးနေသော်လည်း ယနေ့တွင်မူ အနီရောင် ပိုးနံ့သာတိုင်များဖြင့် ခမ်းနားစွာ အလှဆင်ထားသည်။ အခန်းထဲတွင် အိမ်ထောင်သည် အမျိုးသမီးကြီး ငါးခြောက်ယောက်ခန့်နှင့် မိန်းမပျိုလေး သုံးလေးယောက် စည်ကားနေသဖြင့် ကျွော့ချင်းတဟ်ယောက် အသက်ရှူ ကျပ်ချင်လာသည်။ ပိုပြီး စိတ်ပျက်စရာကောင်းသည်မှာ သူတို့က သူမ၏မျက်နှာကို မိတ်ကပ်နှင့်တူသော အမှုန့်များ အထပ်ထပ် လိမ်းခြယ်ပေးနေပြီး လေးလံသော လက်ဝတ်ရတနာများ ဆင်မြန်းပေးကာ အရေးမပါသော စကားများကို တတွတ်တွတ် ပြောဆိုနေကြခြင်းပင်။

သတို့သမီးကို ကြိုဆိုသည့် ဓလေ့အရ လို့ရှီးယန်က မနေ့ညကတည်းက သူမကို ဤတည်းခိုဆောင်သို့ ပို့ထားခဲ့ခြင်းဖြစ်သည်။ သူမ၏ စိတ်ကူးအရဆိုလျှင် ဤကဲ့သို့သော ရှုပ်ထွေးမှုများကို ခံစားနေရန် မလိုအပ်ဟု ထင်ခဲ့သည်။ သူမ သဘောအတိုင်းသာဆိုလျှင် မိုးမြေကန်တော့သည့် အခမ်းအနားကို ရိုးရိုးရှင်းရှင်း ကျင်းပလိုက်ရုံသာ လုပ်ဆောင်မည် ဖြစ်သည်။ လို့ရှီးယန်က အရာရာတွင် သူမ၏ အကြံဉာဏ်ကို နားထောင်လေ့ရှိသော်လည်း ယခုကဲ့သို့ ရှေးရိုးရာအတိုင်း တည်းခိုဆောင်သို့ ပို့လိမ့်မည်ဟု သူမ မမျှော်လင့်မိခဲ့ပေ။

ထို့ကြောင့်ပင် သူမ ယခုအခါ အမျိုးသမီးတစ်စု၏ ဝိုင်းဝန်း "နှိပ်စက်ခြင်း" ကို ခံနေရခြင်းပင်။ ဤလူများအားလုံးက ချင်းဖုန့် ပေးထားသော စာရင်းအရ ဖိတ်ကြားထားသည့် ချင်းမိသားစုမှ ဆွေမျိုးရင်းချာများ ဖြစ်သည်။ သို့သော် သူတို့က ချင်းလင်၏ သွေးသားများသာ ဖြစ်ပြီး ကျွော့ချင်းနှင့် ဘာမှမသက်ဆိုင်ပေ။ ထိုလူများက သူမကို အလွန်ရင်းနှီးပုံပြသနေသော်လည်း သူမကတော့ သူတို့ထဲမှ တစ်ယောက်ကိုမှ မသိနေခဲ့ပေ။

ကျွော့ချင်းတစ်ယောက် မျက်လုံးများကို မှိတ်ထားပြီး ဘာမှ မကြားချင်ယောင်ဆောင်ကာ အောင့်အည်းသည်းခံနေရသည်။

"လင်အာ... မင်းတို့မိသားစုထဲက ညီအစ်မသုံးယောက်စလုံး ဒီလိုဘဝကောင်းတွေ ပိုင်ဆိုင်ထားကြတယ်။ မင်း ဒီနေ့ ဝန်ကြီးချုပ်နဲ့ လက်ထပ်ရတာ ကံကောင်းတယ်၊ ပြီးတော့ မင်းက ပင်မဇနီးဖြစ်နေတုန်းပဲ။ ငါတို့ ချင်းမိသားစုရဲ့ဘိုးဘေးတွေက တကယ့်ကို ကုသိုလ်တွေအများကြီး စုဆောင်းခဲ့ပုံပဲ"

သူမ၏ ဆံပင်ကို ဖြီးပေးနေသော အမျိုးသမီးကြီးက သူမ၏ ဒုတိယအဒေါ်ဟု ပြောကြပြီး ထိုအမျိုးသမီး၏ လေသံကို နားထောင်ရုံဖြင့် မည်မျှ ဂုဏ်ယူဝင့်ကြွားနေသည်မှာ ထင်ရှားလှသည်။

"ဟုတ်တယ်... လင်အာက ဝန်ကြီးချုပ်ရဲ့ ပင်မဇနီး၊ ဖုန့်အာကလည်း ချင်းဖေး ဖြစ်နေပြီ၊ ငါတို့ ချင်းမိသားစုမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့နေ့မျိုး ရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး!"

ထိုစကားကို ပြောသူက မည်သူမှန်းပင် ကျွော့ချင်းက မမှတ်မိခဲ့ပေ။ အတိုချုပ်ပြောရလျှင် သူတို့က သူမ သို့မဟုတ် ချင်းဖုန့် ကောင်းမွန်သောမိသားစုတစ်ခုတွင် လက်ထပ်လိုက်ရသည့်အတွက် ပျော်ရွှင်နေခြင်းမျိုး မဟုတ်ဘဲ ချင်းညီအစ်မများက သူမတို့ဘဝများ ကောင်းကောင်း မွန်မွန်နေထိုင်ရန် လုံလောက်သော အိမ်ထောင်ဘက်များကို ပိုင်ဆိုင်ထားလျှင် ဟောင်ယွဲ့၌ သူတို့ လူအထင်ကြီးဖွယ်ဖြစ်နေသည်ကို ပျော်နေကြခြင်းပင်။

တစ်စုံတစ်ယောက်က သူမ၏ အင်္ကျီလက်စကို ဆွဲလိုက်သလို ကျွော့ချင်း ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အလွန်လှပသော မိန်းကလေးတစ်ယောက် သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးက ကျွော့ချင်း၏ ရိုးရှင်းသော မင်္ဂလာဝတ်စုံကို ကြည့်ကာ လှောင်ရယ်လိုက်သည်။

"ဒီမင်္ဂလာဝတ်စုံက အရမ်းရုပ်ဆိုးပြီး ရယ်စရာကောင်းတယ်။ လို့ရှီးယန်က နောင်တရနေတော့မှာလား မသိဘူး"

သူမက ချင်းလင်၏ ဝတ်စုံ ခမ်းနားထည်ဝါနေမည်ဟု ထင်ထားခဲ့သော်လည်း ယခု သာမန်မိသားစုလေးတစ်ခုထက်ပင် ပို၍ ရိုးရှင်းနေသည်ဟု သူမက သတ်မှတ်လိုက်သည်။ သူမက ချင်းညီအစ်မ သုံးယောက်နှင့် အမြဲ နှိုင်းယှဉ်ခံရသူဖြစ်ပြီး ယခု ချင်းလင်၏ မျက်နှာ ပျက်စီးသွားပြီးနောက် သူမက ချင်းလင်ထက် ပိုသာသွားပြီဟု ထင်မြင်နေပုံရသည်။

‘သူမရဲ့ အမဝမ်းကွဲသုံးယောက်က လှပပြီး လူအများစုက သူမတို့က ရုပ်ရည်ချောမော နုပျိုလှပတယ်လို့ အမြဲတမ်း ထင်နေခဲ့ကြတယ်။ သူတို့က သူမတို့ကို "တောက်ပတဲ့လမင်းသုံးစင်းလို အလှတရား"လို့ ဂုဏ်သတင်းပေးခဲ့တဲ့တာက ချဲ့ကားမှုတစ်ခုပဲ.. အခု သူမတို့ရဲ့မျက်နှာတွေ ပျက်ဆီးသွားတော့ ဘယ်လိုဆွဲဆောင်မှုမျိုး ရှိနေနိုင်အုန်းမှာလဲ?!’

‘လို့ဝန်ကြီးချုပ်ဆိုတာလည်း သူတို့တိုင်းပြည်မှာ မိန်းကလေးတွေ ရှားနေလို့လား မသိဘူး၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့သူကိုတောင် လက်ထပ်ဖို့ ပြင်ဆင်နေတယ်"

ဒုတိယအဒေါ်ဖြစ်သူက ချက်ချင်း ဝင်တားလိုက်သည်။

"လီရှု... မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

‘ဒီကောင်မလေးကတော့... တခြားကြုံရာကျပန်း ဘာဘဲ ပြောပြောရနေပေမယ့် ဘယ်လိုလုပ် ဒီလိုမိုက်မဲတဲ့စကားကို ပြောနိုင်ရတာလဲ? လို့ရှီးယန်ဆိုတဲ့နာမည်က သူမ ပေါ့ပေါ့ပါးပါး ခေါ်ဆိုနိုင်တဲ့ နာမည်မျိုးလား?!’

ဤမင်္ဂလာဝတ်စုံက အဘယ်ကြောင့် ဤမျှရိုးရှင်းနေသည်ကို သူတို့ မသိနိုင်သော်လည်း ပိုင်းခြားသိမြင်နိုင်သော မျက်လုံးရှိသူတိုင်းက ထိုမင်္ဂလာဝတ်စုံတွင် အသုံးပြုထားသောပစ္စည်းများနှင့် ပန်းထိုးလက်ရာက အကောင်းဆုံးများထဲမှ အကောင်းဆုံးဖြစ်ကြောင်း သေချာပေါက် မြင်နိုင်သည်။

လီရှုအနေဖြင့် ငယ်စဉ်ကတည်းက ချင်းညီအစ်မများနှင့် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူဖြစ်သော်လည်း ယခုကဲ့သို့ အချိန်အခါမျိုးတွင် သူမ၏ မနာလိုမှုကို ထိန်းသိမ်းထားသင့်သည်။

ဒုတိယအဒေါ်ဟု ပြောထားသူက ကျွော့ချင်းကို ဂရုတစိုက် စူးစမ်းနေပြီး မျက်နှာချိုသွေးရင်း ပြုံးပြလာသည်။

"လင်အာ... စိတ်မဆိုးပါနဲ့နော်၊ သူ(မ)က ငယ်သေးလို့ မသိတတ်တာပါ"

ကျွော့ချင်းက ထိုမိန်းကလေးကို အမှတ်မထားသော်လည်း သူမ၏ နားရွက်များကတော့ ထိုတတွတ်တွတ်အသံများကို ဆက်၍ သည်းမခံနိုင်တော့ပေ။ သူမလည်ပင်းတွင် ပုလဲကုံးများ ထပ်မံချိတ်ဆွဲရန် ပြင်နေသည့် အဒေါ်ဖြစ်သူ၏ လက်ကို ညင်သာစွာ တားမြစ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"ရှင်တို့အားလုံး ခဏလောက် အပြင်ထွက်ပေးလို့ရမလား။ ကျွန်မ ချင်းမော့နဲ့ သီးသန့်စကားပြောစရာ ရှိလို့ပါ"

ကျွော့ချင်း၏ မျက်နှာထားက တည်တင်းမာကျောနေသဖြင့် ထိုအမျိုးသမီးတစ်စုလည်း သူမ ဒေါသထွက်သွားပြီဟု ထင်သွားကာ ဘာမှ ထပ်မပြောရဲကြတော့ပေ။ ဒုတိယအဒေါ်ဖြစ်သူက အခြေအနေကို ပြန်လည်ထိန်းညှိသည့်အနေဖြင့် ဟန်ဆောင်ပန်ဆောင် ရယ်မောရင်း ပြန်ပြောလိုက်သည်။

“ကောင်းပြီ... ကောင်းပြီ၊ မင်းနဲ့ မင်းညီမ အေးအေးဆေးဆေး စကားပြောကြပေါ့။ ဒါပေမဲ့ အချိန်အကြာကြီးတော့ စကားမပြောစေချင်ဘူး၊ သတို့သမီးကို လာကြိုမယ့် ဝန်ကြီးချုပ် အိမ်တော်ကလူတွေ ဒီကို မြန်မြန်ရောက်လာနိုင်တယ်”

နောက်ဆုံးတွင် ထိုလူအုပ်စု ထွက်ခွာသွားပြီးနောက် အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်မှု ပြန်လည်စိုးမိုးသွားခဲ့သည်။

ကျွော့ချင်း နောက်သို့လှည့်ကြည့်လိုက်ရာ ကုယွင်က အခန်းထောင့်ရှိ ပြတင်းပေါက်ဘောင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး ခြေထောက်များကို လွှဲယမ်းနေကာ သူမကို စနောက်လိုသည့် အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကုယွင်က ရိုးရှင်းသော ခရမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမြဲတမ်း ponytail စတိုင် ချည်နှောင်ထားတတ်သော ဆံပင်များကို ယနေ့တွင် ကျော့ရှင်းသော ဆံထုံးလေးထုံးကာ မြကျောက်ဆံထိုးလေး ဆင်မြန်းထားသည်။ ၎င်းက ကျွော့ချင်း မြင်ဖူးသမျှထဲမှ ကုယွင်၏ အလှပဆုံးပုံစံ ဖြစ်သည်။ အကယ်၍ သူမသာ ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုသို့ ယောကျာ်းဆန်ဆန် ထိုင်မနေခဲ့ပါက ချမ်းသာသော မိသားစုမှ မြင့်မြတ်သော သခင်မလေးတစ်ဦးဟုပင် ထင်မှတ်ရပေမည်။

ကျွော့ချင်းတစ်ယောက် မတ်တပ်ရပ်လိုက်ပြီးမှ သူမ၏လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဘယက်နှင့် ပုလဲငါးသွယ်ကြိုးများ၏ လေးလံမှုကို သတိပြုမိသွားသည်။ သူမ၏လက်ကောက်ဝတ်တွင်လည်း တန်ဆာပလာများစွာ ရှိနေပြီး ခေါင်းပေါ်မှ ရွှေဆံညှပ်များကြောင့် သူမ ခေါင်းမမော့နိုင်လုနီးပါး ဖြစ်နေရှာသည်။

ပြတင်းပေါက်မှ ကုယွင်၏ ပေါက်ကွဲထွက်လာသော ရယ်မောသံကို ကြားလိုက်ရပြီး ကျွော့ချင်းက သူမကို စိတ်ပျက်လက်ပျက် စိုက်ကြည့်ရင်း လှမ်းမေးလိုက်သည်။

"အရမ်းရယ်ရတယ် မဟုတ်လား"

ကုယွင်က အားရပါးရ ရယ်မောပြီးနောက် ချောင်းဟန့်ကာ ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။

"မဟုတ်ပါဘူး... တကယ်တော့ ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အရင်က ငါ မြင်ယောင်ခဲ့တာက မြင်းနက်ကြီးစီးလာတဲ့ ဝတ်စုံဖြူနဲ့ မင်းသားက နင့်လက်ကိုဆွဲပြီး ဘုရားကျောင်းထဲ ခေါ်သွားမယ်၊ ဘေးမှာ နှင်းဆီပန်းတွေနဲ့ ရှန်ပိန်တွေ ဝန်းရံထားမယ်... အဲ့လို မြင်ကွင်းမျိုးကို မျှော်လင့်ထားခဲ့တာ၊ ဒီလို မင်္ဂလာပွဲမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူးတာကြောင့်ပါ၊ ကြည့်ရတာ အရမ်း အဆင်ပြေပါတယ်”

(T/N: တို့ရဲ့ယွင်ယွင်လေး ဘယ်လောက်ပဲ ယောကျာ်းဆန်တယ်ပြောပြော မင်္ဂလာပွဲလှလှလေးကိုတော့ စိတ်ကူးယဥ်တတ်သားပဲ)

‘ဒါက လှတာလား?! ယွင်က သူမရဲ့ကျီးကန်းခြေထောက်ပေါ်လာအောင် ပြင်းပြင်းထန်ထန် မပြုံးပြနေရင် ငါက မိုက်မဲဟန်ဆောင်ပြီး ယုံပေးနိုင်သေးတယ်’

ကုယွင်၏ မျက်လုံးထောင့်တွင် ရယ်မောလွန်း၍ မျက်ရည်များပင် ထွက်နေသည်ကို မြင်နေရသဖြင့် ကျွော့ချင်းက လက်ဝတ်ရတနာများကို တစ်ခုပြီးတစ်ခု ဒေါသတကြီး ဆွဲချွတ်ရင်း ပြန်ပြောလိုက်သည်။

"နင် စုလင်းနဲ့ လက်ထပ်တဲ့နေ့ကျရင် ဒါတွေကို နင်ကိုယ်တိုင် ခံစားရမှာပါ”

‘ပြီးရင် နင် တစ်သက်လုံး မမေ့နိုင်စေရဘူးလို့ ငါ အာမခံတယ်...’

(T/N: ကိုယ်လဲပဲ အဲ့အခန်းကို အရမ်းမျှော်လင့်မိတယ်)

စောစောက ပြုံးပျော်နေသော ကုယွင်၏ မျက်နှာက ချက်ချင်းပင် ပြန်တည်သွားပြီး လေသံကလည်း ပြတ်သားလွန်းလှသည်။

“သူနဲ့ ငါက လုံးဝ မဖြစ်နိုင်ဘူး!"

‘ဟာ... ဟ၊ လေသံကိုက ယမ်းမှုန့်တွေ အပြည့်ပဲ’

ကျွော့ချင်းက အပြုံးဖြင့် သတိ‌ပေလိုက်သည်။

"စကားကို အဲဒီလောက် အပြတ်မပြောနဲ့ဦး၊ နင့်လျှာကို နင် သတိထားဦးနော်"

ကုယွင်က ပြတင်းပေါက်ဘောင်ပေါ်မှ သပ်သပ်ရပ်ရပ် ခုန်ချလိုက်ပြီး သဘောမတူသည့် အမူအရာဖြင့် ပြန်ပြောလာသည်။

"စစ်သူကြီးအိမ်တော်မှာ ငါ အောင့်သက်သက်နဲ့ နေနေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဟိုရွှေရောင်ပါကွာ့စက်ဝိုင်းပြားအတွက်ပဲ၊ အဲ့လိုမဟုတ်ရင် ငါ ထွက်သွားတာ ကြာလှပြီ"

ရွှေရောင်ပါကွာ့စက်ဝိုင်းပြား....

သူမတို့အား ဤနေရာသို့ ရောက်ရှိလာစေခဲ့သည့် ထူးဆန်းသော အရာဝတ္ထုအကြောင်းကို ကြားလိုက်ရသဖြင့် ကျွော့ချင်းလည်း စိတ်ဝင်တစား ပြန်မေးလိုက်သည်။

"သဲလွန်စတစ်ခုခု ရှာတွေ့လို့လား"

ကုယွင်က ကျွော့ချင်းဆီသို့ လျှောက်လာရင်း စားပွဲပေါ်မှ ကြေးမှန်တစ်ချပ်ကို ကောက်ယူလိုက်ပြီး ကျွော့ချင်းရှေ့သို့ ခပ်ကြမ်းကြမ်း ချပေးလိုက်ရင်း ညည်းတွားသလို ပြောလာပြန်သည်။

"အဲဒီအကြောင်းကို မပြောနဲ့တော့။ သူနဲ့ ငါက ဘယ်တော့မှ သဘောထား တိုက်ဆိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ စကားကောင်းကောင်း တစ်ခွန်းတောင် ပြောလို့ မရဘူး။ သူက ငါ့ကို ဒေါသဖြစ်ပြီး လှည့်ထွက်သွားရုံတင် မကဘူး၊ ငါကလည်း သူကို မြင်ရင် ဒေါသထွက်လွန်းလို့ သွေးတောင် အန်ထွက်မတတ်ပဲ"

ကျွော့ချင်းက ကုယွင်၏ ဒေါသကို နားမလည်နိုင်စွာဖြင့် ကြေးမှန်ကို ကောက်ကိုင်ကာ သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ ထိုအခါမှ သူမ ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။

'ဒီဆွေမျိုးတွေက ငါ့ကို ရုပ်ဖျက်ပြီး ဒုက္ခပေးနေကြတာလား! သူတို့ကိုယ်တိုင်ရော ဒီလို ဂျုံမှုန့်ပုံးထဲ ခေါင်းနှစ်ထားသလို မိတ်ကပ်မျိုးနဲ့လူကို မြင်ချင်ပါ့မလား။ လို့ရှီးယန်သာ ဒီခေါင်းဆောင်းပုဝါကို ချွတ်လိုက်လို့ ငါ့မျက်နှာကို မြင်ရင် ချက်ချင်း ကွာရှင်းပစ်မှာ သေချာမယ်'

ကံကောင်းထောက်မစွာဖြင့် ကုယွင်၏ အသိစိတ်က တည်ငြိမ်နေသေးသဖြင့် သူမကို အချိန်မီ သတိပေးခဲ့ခြင်းဖြစ်သည်။ ကျွော့ချင်းက ဘေးနားရှိ ပိုးထည်စကို ဆွဲယူကာ ရေထဲသို့ နှစ်လိုက်ပြီး မျက်နှာပေါ်ရှိ အမှုန့်များနှင့် အမဲစက်များကို အသည်းအသန် သုတ်ပစ်လိုက်သည်။ ထို့နောက်မှသာ သူမ သက်ပြင်းရှည်ကြီး ချနိုင်ခဲ့သည်။

ကုယွင်၏ အချိန်မီ အကူအညီကြောင့် ကျွော့ချင်းက သူမကို ဆက်မစတော့ဘဲ ထပ်မေးလိုက်သည်။

"စုလင်းလည်း ဒီနေ့ လာမှာမလား"

ကုယွင်က ခေါင်းခါလိုက်သည်။

"ငါလည်း မသေချာဘူး။ ငါထွက်လာတုန်းက ယန်းဟုန်ထျန်းက သူ့ကို နန်းတော်ထဲ အရေးတကြီး ခေါ်နေတယ်လို့ ပြောသံ ကြားတယ်။ သူ ရောက်လာရင်တေင် နောက်ကျမှပဲ ရောက်လာမယ် ထင်တယ်"

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ဒုတိယအဒေါ်ဖြစ်သူ၏ အသံက တံခါးအပြင်ဘက်မှ ထိုးဖောက်ဝင်ရောက်လာပြန်သည်။

"လင်အာ... ရှောင်ဖုန့်... မဟုတ်သေးဘူး၊ ချင်းဖေးက မင်္ဂလာလက်ဆောင် ပို့ပေးဖို့ လူလွှတ်လိုက်တယ်"

'ချင်းဖုန့်?'

ကျွော့ချင်းနှင့် ကုယွင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျွော့ချင်းက တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ဝင်လာခဲ့ပါ"

တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ဝင်လာသည်။ သူမ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာနှင့် သန့်စင်သော ပုံစံက ကြည့်ကောင်းလွန်းလှသည်။ သူမ၏ နောက်တွင် မိန်းမစိုးနှင့်တူသော အမျိုးသားနှစ်ဦး ရှိနေပြီး သူတို့လက်ထဲတွင် အနီရောင်အ၀တ်များဖြင့် ဖုံးအုပ်ထားသော သေတ္တာနှစ်လုံးကို ကိုင်ကာ ရိုရိုကျိုးကျိုး ရပ်နေကြသည်။

"သခင်မကို အရိုအသေပေးပါတယ်"

ထိုအမျိုးသမီးက ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ နှုတ်ဆက်လာသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိသော ကျော့ရှင်းမှု တစ်မျိုးကို ပေါ်လွင်စေသည်။

ကျွော့ချင်းက သူမကို အထင်ကြီးသွားပြီး အပြုံးဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

"ဒီအစေခံက 'ဖူလင်း' ပါ၊ တော်ဝင်ကြင်ယာတော်ချင်းရဲ့ အစေခံပါ။ ဒါက သခင်မရဲ့ မင်္ဂလာပွဲအတွက် တော်ဝင်ကြင်ယာတော်က အထူးရွေးချယ်ပေးလိုက်တဲ့ ကျောက်စိမ်းရုပ်တုလေးတွေပါ။ သခင်မနဲ့ လို့ဝန်ကြီးချုပ်တို့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ပြီး အနှစ်တစ်ရာတိုင် ကျန်းမာချမ်းသာဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်"

ထိုသို့ပြောပြီးနောက် သူမက အနီရောင်အဝတ်စကို ဖယ်လိုက်ရာ တစ်ပေကျော်ခန့် မြင့်မားပြီး လက်ရာမြောက်လှသော ကျောက်စိမ်းရုပ်တုနှစ်ခု ပေါ်ထွက်လာသည်။ စိမ်းပြာရောင် ကျောက်စိမ်း၏ နူးညံ့တောက်ပသော အလင်းရောင်က ထိုပစ္စည်းများ၏ တန်ဖိုးကြီးမားမှုကို သက်သေပြနေသည်။

ကျွော့ချင်းပင် အံ့အားသင့်နေပြီးမှ ချက်ချင်း ပြန်ပြောလိုက်ရသည်။

"သူ့ကို ငါ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးပါ"

မိန်းမစိုးများက ကျောက်စိမ်းရုပ်တုများကို စားပွဲပေါ်တင်ကာ ပြန်ထွက်သွားသော်လည်း ဖူလင်းက ကုယွင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ကျွော့ချင်းအနားသို့ တိုးကပ်လာသည်။ သူမက သူမ၏ခါးစည်းကြားမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ကာ ကျွော့ချင်း၏ လက်ထဲသို့ အသာအယာ ထည့်ပေးလိုက်ပြီး တိုးတိုးလေး ပြောလာပြန်သည်။

"ဒါလည်း ရှိပါသေးတယ်။ သခင်မအနေနဲ့ ကျေးဇူးပြုပြီး သေသေချာချာ သိမ်းထားပေးပါ"

"ဒါက ဘာလဲ"

ကျွော့ချင်း လက်ကိုင်ပုဝါကို ထိကြည့်လိုက်ရြာ အတွင်း၌ မာကျောသော အရာတစ်ခု ပါနေသည်ကို ခံစားလိုက်ရသည်။

"ဒါက ချင်းဖုန့်နန်းတော်ရဲ့ နန်းတော်သင်္ကေတပါ၊ သခင်မက တော်ဝင်ကြင်ယာတော်ဆီ သတင်းပို့ချင်တာဖြစ်ဖြစ်၊ နန်းတော်ထဲဝင်ပြီး တွေ့ချင်တာဖြစ်ဖြစ် ဒီတံဆိပ်ကို သုံးပြီး မြောက်ဘက်တံခါးကနေ နေ့စဉ် ဝင်ထွက်နိုင်ပါတယ်၊ အချိန်ကတော့ ရှန်ရှီကနေ ယုရှီအထိပဲ ခွင့်ပြုထားပါတယ်"

ထိုသို့ ပြောပြီးနောက် ဖူလင်းက ခေတ္တမျှ ရပ်တန့်နေပြီးမှ ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်ပြီး ထွက်ခွာသွားခဲ့သည်။

ကျွော့ချင်း လက်ကိုင်ပုဝါကို ဖြန့်ကြည့်လိုက်ရာ အတွင်း၌ ထုပ်ပိုးထားသည်က အမှန်တကယ် တော်ဝင်တံဆိပ်တစ်ခု ဖြစ်နေခဲ့သည်။ ကျောက်စိမ်းပြား၏ အရှေ့ဘက်တွင် ပွင့်လန်းနေသော ဂန္ဓမာပန်းပုံ ရှိပြီး အနောက်ဘက်တွင် "ချင်း" ဟူသော စာလုံးအသေးလေးကို ထွင်းထုထားသည်။

ကျွော့ချင်းက ကျောက်စိမ်းပြားကို သေသေချာချာ ပြန်ထုပ်ပိုးပြီး သိမ်းဆည်းလိုက်သည်။ ကုယွင်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကုယွင်က သူမလက်ထဲမှ အရာကို စိုက်ကြည့်ရင်း အတွေးထဲ နစ်ဝင်နေသည်ကို သူမ တွေ့လိုက်ရသည်။

"နင် ဘာတွေ စဉ်းစားနေတာလဲ"

ကုယွင်က သူမကို ဖြည်းညှင်းစွာ မော့ကြည့်လာပြီးမှ ခေါင်းခါပြကာ ပြုံးလိုက်ပြန်သည်။

"ငါ သိချင်နေတာ တစ်ခုရှိတယ်၊ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အထီးကျန်ပြီး အားကိုးရာမဲ့နေတဲ့ အခြေအနေကနေ ဒီနေ့လို အဆင့်အတန်းမျိုး ရောက်အောင် ဘာက သူ့(မ)ကို အောင်မြင်စေခဲ့တာလဲဆိုတာပဲ။ သူ(မ)က ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ ငါ တကယ် သိချင်မိတယ်"

ကုယွင်က ချင်းဖုန့်နှင့် တစ်ခါမှ မဆုံဖူးသော်လည်း ကျွော့ချင်း ပြောပြဖူးသဖြင့် သူမအကြောင်းကို အနည်းငယ် သိထားခဲ့သည်။ ယနေ့တွင်မူ သူမ၏ စပ်စုချင်စိတ်က ပို၍ ပြင်းထန်လာခဲ့သည်။

ကျွော့ချင်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အခွင့်အရေးရရင် သူ့(မ)ကို တွေ့ဖို့ နင့်ကို နန်းတော်ထဲ ခေါ်သွားပေးမယ်လေ"

ကုယွင်က ခဏမျှ စဉ်းစားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ဒါပေမယ့်..."

ရုတ်တရက် ကျယ်လောင်လှသော မီးရှူးမီးပန်းသံများ ထွက်ပေါ်လာသဖြင့် ကုယွင်၏ စကားသံကိုပင် ရှင်းရှင်းလင်းလင်း မကြားရလောက်အောင် ဆူညံသွားခဲ့သည်။ ကုယွင်ကလည်း ပခုံးတွန့်ရင်း ပါးစပ်ပြန်ပိတ်လိုက်သည်။

‘ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ အရေးမကြီးသေးပါဘူးလေ’

"လင်အာ... လင်အာ!!"

စောစောက ထွက်သွားသော အမျိုးသမီးအုပ်စုကြီးက အခန်းထဲသို့ ပြန်လည် တိုးဝှေ့ဝင်လာကြပြန်သည်။

"မြန်မြန်... မြန်မြန်လုပ်! သတို့သမီးကို ကြိုမယ့်သူတွေ ရောက်လာပြီ!"

"လို့လူကြီးမင်းက သတို့သမီးကို သူကိုယ်တိုင် လာကြိုလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အို... ဘုရားရေ၊ လင်အာ... မင်းကတော့ တကယ့်ကို ကံကောင်းတာပဲ!"

သို့သော် ကျွော့ချင်း၏ သန့်ရှင်းနေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ဒုတိယအဒေါ်၏ စိတ်လှုပ်ရှားမှုများက ရုတ်တရက် ပြိုကျသွားသည်။ သူမက မိတ်ကပ်မရှိသော ကျွော့ချင်း၏ မျက်နှာကို စိုးရိမ်တကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။

"လင်အာ! မင်းက ဘာလို့ ဒီလိုပုံစံ ဖြစ်နေတာလဲ။ ငါတို့ အနုစိတ် ပြင်ပေးထားတဲ့ အလှတွေက ဘယ်ရောက်ကုန်တာလဲ!"

‘သူတို့က သူမကို နတ်သမီးလေးလို လှပအောင် ကူညီပေးခဲ့တယ်၊ ဘာကြောင့် အချိန်တိုလေးအတွင်းမှာ သူမက ဒီလိုဖြစ်သွားရတာလဲ??!’

သူမ၏ မျက်နှာကို မိတ်ကပ်များ ထပ်မံ လိမ်းခြယ်တော့မည်ကို သိလိုက်သဖြင့် ကျွော့ချင်းက ချက်ချင်း တားဆီးလိုက်သည်။

"အရမ်း နောက်ကျနေပြီ မဟုတ်လား"

တံခါးအပြင်ဘက်တွင် ဗောက်အိုးသံများ၊ ခေါင်းလောင်းသံများနှင့် ဗုံသံများ ဆူညံပွက်လောရိုက်နေသည်။ ဒုတိယအဒေါ်လည်း အချိန်မရှိတော့သဖြင့် ကိစ္စအတော်များများကို ဂရုမစိုက်နိုင်တော့ဘဲ အော်ပြောလိုက်သည်။

"ဟုတ်ပြီ... ဟုတ်ပြီ! ခေါင်းဆောင်းပုဝါ အမြန်ပေး!"

'လို့ရှီးယန်က ညကျမှ ပုဝါကို ချွတ်မှာပဲ၊ အဲဒီအချိန်ကျရင် မှောင်နေတော့ ဘာမှ သိပ်မြင်ရမှာ မဟုတ်ပါဘူးလေ'

ကျွော့ချင်းက သူမ၏ စိတ်ကြိုက် ရွေးချယ်ထားသော အလင်းဖောက်နိုင်သည့် ခပ်ပါးပါး ခေါင်းဆောင်းပုဝါကို ဝတ်ဆင်လိုက်သည်။ ၎င်းက သူမကို ဖုံးအုပ်ထားသော်လည်း လမ်းကို ခပ်ဝါးဝါး မြင်နေရဆဲ ဖြစ်သဖြင့် မျက်ကန်းကဲ့သို့ စမ်းတဝါးဝါး သွားနေရန် မလိုပေ။

ပုဝါခြုံပေးပြီးသည်နှင့် လူတစ်စုက သူမကို ဝန်းရံကာ အပြင်သို့ ခေါ်ဆောင်လာကြသည်။

"ဘယ်သွားမလို့လဲ"

ကျွော့ချင်းက မေးလိုက်သည်။

ဒုတိယအဒေါ်က သူမကို တွဲကူထားရင်း ပြန်ဖြေလာသည်။

"လို့လူကြီးမင်းက မင်းကို ရိုးရာဓလေ့အတိုင်း ခမ်းခမ်းနားနား လက်ထပ်မယ်လို့ ပြောထားတာလေ။ အခု သူ့ကို တွေ့ရမယ့် အချိန်ရောက်ပြီ"

ကျွော့ချင်းသည် ဘာမှ နားမလည်သော်လည်း လူအုပ်ကြီးနောက်သို့သာ လိုက်ပါသွားရတော့သည်။

တည်းခိုဆောင် တံခါးဝသို့ နီးကပ်လာလေလေ၊ မီးပန်းသံနှင့် တူရိယာသံများက ပိုမို ကျယ်လောင်လာလေ ဖြစ်သည်။ တံခါးဝသို့ ရောက်ရှိသွားသောအခါ ကျွော့ချင်းတစ်ယောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။

လူရှစ်ဦးက ခမ်းနားထည်ဝါလှသော ဝေါယာဉ်ကြီးကို သယ်ဆောင်လာကြသည်။ အနီရောင် ဝတ်စုံများ ဝတ်ဆင်ထားသော ရာနှင့်ချီသည့် ဝန်ကြီးချုပ်အိမ်တော်၏ အစေခံလူအုပ်ကြီးက တည်းခိုဆောင်ကို ဝန်းရံထားသည်။ သို့သော် အံ့သြစရာ အကောင်းဆုံးက ထိုနေရာသို့ ရောက်ရှိနေသော ကြည့်မဆုံးနိုင်သော လူအုပ်ကြီးပင် ဖြစ်သည်။

'ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဒီတည်းခိုဆောင်က မြို့ပြင်မှာ မဟုတ်ဘူးလား'

ကျွော့ချင်း အံ့အားသင့်နေစဉ်မှာပင် ရယ်သံများစွက်နေသော ရင်းနှီးသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

"ဇနီးလေးကို နှုတ်ဆက်ပါတယ်"

ကျွော့ချင်း သတိပြန်ဝင်လာပြီး သူမရှေ့တွင် ရပ်ကာ လေးလေးနက်နက် စိုက်ကြည့်နေသော လူကို လှမ်းကြည့်လိုက်ပြီး ပို၍ အံ့ဩတုန်လှုပ်သွားရသည်။

ယနေ့တွင် လို့ရှီးယန်က တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်နှင့် အဖြူရောင် ရောယှက်နေသည့် ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသည်။ သူ၏ ပုံစံက မြင့်မြတ်ထည်ဝါလွန်းလှသလို ချောမောမှုကလည်း အထူးတလည် ပေါ်လွင်နေသည်။ သူ့မျက်နှာပေါ်မှ နူးညံ့သော အပြုံးက သူ့၏မူပိုင်ပုံစံအတိုင်း ဖြစ်နေသော်လည်း သူ့မျက်ခုံးတစ်စုံကြားမှ သိသာထင်ရှားလှသော ရွှင်လန်းမှုက သူ၏ ကြည်နူးနေသော စိတ်ခံစားချက်ကို အတိုင်းသား ပြသနေသည်။

'ဒါ... ဒါ လို့ရှီးယန်လား?!'

သေချာသည်မှာ သူက ကျောက်စိမ်းကဲ့သို့ ကျက်သရေရှိပြီး နူးညံ့သိမ့်မွေ့လွန်းကာ ဆွဲမက်ဖွယ်ကောင်းသော ရုပ်ရည်ရှိနေခြင်းပင်။ ကျွော့ချင်း၏ ဘေးတွင် ရပ်နေသော လီရှုကတော့ သူမ၏နှလုံးသားထဲတွင် ယုန်ငယ်လေးတစ်ကောင် ခုန်ပေါက်နေသလို ရင်ခုန်နှုန်းများ မြန်ဆန်နေသည်ကို ခံစားလိုက်ရသည်။

'ချင်းလင်က တကယ်ကို ကံကောင်းတာပဲ... ဒီလို ပြီးပြည့်စုံတဲ့လူကို ရသွားတယ်... ဟွန်း...'

နေရာတိုင်းတွင် စပ်စုကြည့်ရှုနေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် ကျွော့ချင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ တိုးကာ လို့ရှီးယန်၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... တော်တော့။ ဘာလို့များ ဒီလောက် ယဉ်ကျေးပြနေရတာလဲ၊ သွားကြရအောင်..."

လို့ရှီးယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူမကို တမင် စနောက်လိုက်သည်။

"ဇနီးလေးက ဒီခင်ပွန်းထက်တောင် ပိုစိတ်စောနေပုံရတယ်!"

‘တကယ်တော့၊ ဒီသာမန်လူတွေက ဝန်ကြီးချုပ်အိမ်တော်ကနေ တည်းခိုဆောင်အထိ သူ့နောက်ကို လိုက်လာမယ်လို့ သူ ကိုယ်တိုင်တောင် မမျှော်လင့်ထားခဲ့ပါဘူး။ မထင်မှတ်ပဲ လူတွေက ပျော်ပျော်ရွှင်ရွှင် လိုက်ပါလာကြပြီး လူတွေက ပိုပို များလာတယ်!’

ကျွော့ချင်းက ခေါင်းဆောင်းပုဝါအောက်မှ နေ၍ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း သတိပေးလိုက်သည်။

"လို့ရှီးယန်... ကျေးဇူးပြုပြီး စကားတွေ အများကြီး မပြောဘဲ မြန်မြန် ထွက်သွားကြရအောင်"

ဇနီးလေးက အမိန့်ပေးနေပြီဆိုမှတော့ သူ မနာခံဘဲ မနေရဲပါဘူး။

ရှုပ်ထွေးလှသော မင်္ဂလာဆောင်ကျင့်ဝတ်အချို့ကို ကျော်ဖြတ်ပြီးနောက် လို့ရှီးယန်က ကျွော့ချင်း၏လက်ကို ဆွဲကာ ဝေါယာဉ်ပေါ်သို့ ပို့ဆောင်ပေးလိုက်သည်။

ကျွော့ချင်း အထဲသို့ ဝင်တော့မည့်အချိန်မှာပင် ဒုတိယအဒေါ်က ရုတ်တရက် သူမလက်ကို လှမ်းဆွဲလိုက်ပြီး ထမင်းပန်းကန်သေးသေးလေးကို ကမ်းပေးကာ ကမန်းကတန်း ပြောလာသည်။

"ခဏနေပါဦး... မင်းအမေရဲ့ ဟင်းတစ်လုပ်ကို စားလိုက်ပါဦး။ သူတို့က မင်းကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကို မမေ့ပါနဲ့"

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်းပုဝါကို အနည်းငယ် မကာ ကျွော့ချင်း၏ ပါးစပ်ထဲသို့ ထမင်းတစ်လုတ် ခွံပေးလိုက်သည်။

'ဒါက ဘယ်လို ထုံးစံကြီးလဲ'

ကျွော့ချင်းတစ်ယောက် ထိုသို့ တွေးနေမိသော်လည်း ဤနေရာမှ အမြန်ဆုံး ပုန်းရှောင်ချင်နေပြီ ဖြစ်သဖြင့် ထိုထမင်းကို အမြန်ပင် မျိုချပစ်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ ထိုအဒေါ်များနှင့် အမျိုးသမီးများက ရုတ်တရက် သူမဆီသို့ ပြေးလာကာ သူမကို ပွေ့ဖက်၍ ငိုယိုတော့သည်။

မဟုတ်သေးဘူး... သူတို့က အော်ဟစ်နေကြတာ!

သူမက မြင်းပေါ်တက်နေပြီ ဖြစ်သော လို့ရှီးယန်ကို ကူကယ်ရာမဲ့သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် ထိုသို့ ငိုယိုခြင်းက သမီးပျိုများ အိမ်ထောင်ပြုသည့်အခါ ပြုလုပ်လေ့ရှိသော သတို့သမီးမိသားစုဘက်မှ ကျင့်ဝတ်တစ်ခု ဖြစ်သဖြင့် သူလည်း ဝင်မတားပေးနိုင်ခဲ့ပေ။

ကျွော့ချင်းက စိတ်တိုလွန်း၍ ပေါက်ကွဲခါနီးအချိန်မှာပင် အေးစက်စက် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

"တော်ကြတော့... အချိန်နှောင်းနေပြီ၊ သွားကြမယ်"

တစ်ချိန်တည်းမှာပင် သူမဘေးမှ တတိယအဒေါ်နှင့် အမျိုးသမီးများအားလုံး တစ်စုံတစ်ခုဖြင့် တွန်းထုတ်ခံလိုက်သလို နောက်သို့ ပြန်ဆုတ်သွားကြသည်။ ကုယွင်က အနှောင့်အယှက်များကို ရှင်းထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိလိုက်သဖြင့် ကျွော့ချင်းလည်း ထိုအခွင့်အရေးကို သုံးကာ ဝေါယာဉ်ထဲသို့ ချက်ချင်း ဝင်လိုက်တော့သည်။

"ဝေါယာဉ် စထွက်မယ်!"

ကျယ်လောင်သော အော်သံနှင့်အတူ တစ်မနက်လုံး ရုန်းကန်နေခဲ့ရသော ကျွော့ချင်းတစ်ယောက် နောက်ဆုံးတွင် ဝန်ကြီးချုပ်အိမ်တော်သို့ ဦးတည်နိုင်ခဲ့ပြီဖြစ်သည်။

သူမ ဝေါယာဉ်အတွင်း၌ သက်ပြင်းချရင်း ညည်းတွားနေမိပြန်သည်။ ဤမင်္ဂလာပွဲက သူမအတွက် အမှန်တကယ် ကြီးမားသော စမ်းသပ်မှုကြီး တစ်ခု ဖြစ်နေခဲ့သည်။

All Chapters