အခန်း (၁၀၅-၁၀၆)
Vol. 10 Ch. 105-106
အခန်း ၁၀၅ ဟန့်တားခံရတဲ့ မင်္ဂလာပွဲ (အပိုင်း ၁)
မင်္ဂလာဝေါယာဉ်က အနည်းဆုံး နှစ်နာရီခန့် ယိမ်းနွဲ့လှုပ်ခါနေခဲ့ပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဝေါယာဉ်က ကျယ်ဝန်းလှသဖြင့် ကျွော့ချင်းအတွက် ကျဉ်းကျပ်မှု မရှိခဲ့ပေ။ သို့သော် လမ်းတစ်လျှောက် ဆူညံလှသော ဗောက်အိုးဖောက်သံများနှင့် တူရိယာသံများက သူမ၏ နားစည်များကို တော်တော်လေး နာကျင်စေခဲ့သည်။
"သတို့သမီး တံခါးကနေ ဝင်နိုင်ပါပြီ!!"
မင်္ဂလာဝေါယာဉ်အပြင်ဘက်မှ ဟိန်းထွက်လာသော အော်သံနှင့်အတူ မင်္ဂလာဝေါယာဉ်၏ကန့်လန့်ကာ ညင်သာစွာ ပွင့်လာခဲ့သည်။ ကျွော့ချင်း မော့ကြည့်လိုက်သည့်အချိန်တွင် တည်ငြိမ်နွေးထွေးသော အပြုံး ပြည့်နှက်နေသည့် လို့ရှီးယန်ကို တွေ့လိုက်ရသည်။ သူက သူမအတွက် သူ့လက်ကို ကမ်းပေးထားပြီး သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်ဟူ၍ အနည်းငယ်မျှပင် မရှိပေ။ ကျွော့ချင်းက ရုတ်တရက် သူ့အပေါ် အထင်ကြီးလေးစားမှုများ တိုးလာပြီး စိတ်ထဲမှ ပို၍ သဘောကျလာမိသည်။
ကျွော့ချင်းက သူမလက်ကို ဆန့်ကာ သူ့လက်ကို တွဲလျက် ဝေါယာဉ်ပေါ်မှ ဆင်းလိုက်ပြီး သူ့နောက်မှ လိုက်ပါလာခဲ့သည်။ ဝန်ကြီးချုပ်အိမ်တော်၏ အရှေ့တံခါးတွင်လည်း လူများ ပြည့်ကျပ်နေသည်။ မူလကတည်းက ခမ်းနားထည်ဝါသော အိမ်တော်ကြီးတွင် ကြက်သွေးရောင် မီးပုံးနီများ ချိတ်ဆွဲထားပြီး အနီရောင် ပိုးထည်များဖြင့် နေရာအနှံ့ အလှဆင်ထားသည်။ မီးရှူးများ ဖောက်ထားသဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အနီရောင် အမှုန်အမွှားများကလည်း နေရာတိုင်းကို အနီရောင် ကော်ဇောခင်းထားသကဲ့သို့ ဖြစ်စေသည်။
အတောက်ပဆုံးအရာက ပင်မအဝင်ပေါက်ရှေ့ရှိ စတုဂံပုံသဏ္ဍာန် မီးသွေးအိုးကြီးပြီး အနီရောင် မီးသွေးခဲများ တဖျပ်ဖျပ် တောက်လောင်နေသည်။ ကျွော့ချင်းတစ်ယောက် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချနေမိပြန်သည်။
'ငါ ဒီစကတ်ရှည်ကြီးကို မပြီးတော့ ဒီအပေါ်ကနေ လှမ်းကျော်ရဦးမယ်ပေါ့'
"မီးသွေးဖိုကို ကျော်ဖြတ်ပြီးရင် သတို့သားနဲ့ သတို့သမီးတို့ရဲ့ အိမ်ထောင်ရေးက အနှစ်တစ်ရာ သာယာဝပြောလိမ့်မယ်!"
‘တကယ်လား?!’
အောင်သွယ်တော်အဖြစ် ဆောင်ရွက်သူက အင်အားပါသော အသံဖြင့် ကြွေးကြော်နေသည်။
'ကောင်းပြီလေ... ကျော်ဖြတ်လိုက်ရုံပေါ့။ ကံကောင်းတာက ငါ့မင်္ဂလာဝတ်စုံက အရမ်းတော့ မရှုပ်ထွေးနေဘူး မဟုတ်လား။ ငါ အဲဒါကို ခုန်ကျော်နိုင်ရမယ်!!!'
ကျွော့ချင်းက သူမ၏ စကတ်ကို ဆုပ်ကိုင်ကာ အမြန်ကျော်ရန် ပြင်ဆင်နေသော်လည်း ကြည်လင်ပြတ်သားသော အသံတစ်သံက ဝင်ရောက်နှောင့်ယှက်လိုက်သည်။
"သတို့သားက သတို့သမီးကို ပွေ့ပြီး ကျော်ဖြတ်သင့်တာ မဟုတ်ဘူးလား။ မီးတောက်က အရမ်းပြင်းတယ်၊ သတို့သမီးကို ဒဏ်ရာမရနဲ့လေ!"
ကျွော့ချင်း ဘေးသို့ လှမ်းကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံနှင့် ပိုင်ရိက သူမကို မျက်စိမှိတ်ပြနေသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်!"
"လို့လူကြီးမင်း... ကျေးဇူးပြုပြီး သခင်မကို အထဲကို ပွေ့ခေါ်သွားပါ!!"
ဘေးမှ လူအုပ်ကြီးက ဝိုင်းဝန်း ဆူညံအော်ဟစ် အားပေးကြတော့သည်။ ဂုဏ်သရေရှိ လူကြီးမင်းများဖြစ်စေ၊ သာမန်လူများဖြစ်စေ အားလုံးက ရွှင်မြူးနေကြပြီး တံခါးဝတွင် စည်ကားနေသည်။
ကျွော့ချင်းက သူမ၏ စကတ်ကို ပြန်ချလိုက်ပြီး စနောက်ချင်နေသော အမူအရာများဖြင့် လို့ရှီးယန်ကို လှမ်းကြည့်လိုက်သည်။ လူအုပ်ကြီးလည်း အော်ဟစ်နေကြဆဲပင်။
လို့ရှီးယန်က ဟက်ဟက်ပက်ပက် ရယ်မောရင်း သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ ကျွော့ချင်း မတုံ့ပြန်နိုင်မီမှာပင် သူမ၏ ခြေထောက်များ မြေပြင်မှ ကြွတက်သွားပြီး သူမ ပေါ့ပါးသွားသလို ခံစးလိုက်ရသည်။ လို့ရှီးယန်က သူမကို ခါးမှ ဆွဲပွေ့လိုက်ပြီး အစေခံများကလည်း ရှေ့သို့ ပြေးလာကာ ဝတ်ရုံစများကို မပေးထားကြသည်။ လို့ရှီးယန်က သက်သောင့်သက်သာပင် ခြေလှမ်းကျဲကြီးဖြင့် မီးဖိုပေါ်မှ ကျော်ဖြတ်ကာ သူမကို သယ်ဆောင်သွားခဲ့သည်။
တံခါးအပြင်ဘက်တွင် အားပေးသံများ ဟိန်းထွက်သွားပြန်သည်။ ကျွော့ချင်းက သူ့ရင်ဘတ်ကို အသာမှီထားရင်း သူ့ရင်ဘတ်မှ တုန်ခါမှုကို ခံစားနေရသည်။ သူ ယနေ့ အမှန်တကယ် ပျော်ရွှင်နေပုံရပြီး သူက လူတိုင်း၏ လှောင်ပြောင်စနောက်မှုများကို လိုလိုလားလား ခံယူနေခဲ့သည်။ သူ၏ ပုံမှန် အပြုံးတုများကလည်း ယနေ့တွင်မူ စစ်မှန်သော အပြုံးများအဖြစ် ပြောင်းလဲနေသည်။ သူ၏သည်းသည်းထန်ထန် ရယ်မောနေမှုနှင့် ပြင်းထန်သော စိတ်လှုပ်ရှားမှုများက သူမနှလုံးသားကို နွေးထွေးစေခဲ့သည်။
လို့ရှီးယန်က သူမကို ပင်မခန်းမဘေးရှိ သီးသန့်အခန်းဆီသို့ ခေါ်ဆောင်သွားပြီး လူအုပ်ကြီးက နောက်မှ တကောက်ကောက် လိုက်ပါချင်နေကြသည်။ ရွှယ်ရှန်းရှင်းက ရယ်မောရင်း သူတို့ကို အမြန်တားလိုက်ရသည်။
"တော်ပြီ၊ တော်ပြီ။ သတို့သမီးအခန်းကို နှောက်ယှက်ဖို့ အချိန်အထိ စောင့်ကြရအောင်။ လူတိုင်းကို ကျေးဇူးတင်ပါတယ်၊ အရှေ့ခန်းမမှာ မင်္ဂလာအရက်နဲ့ အစားအသောက်တွေ ပြင်ထားတယ်၊ အဲဒီကို သွားကြမယ်"
လို့ရှီးယန်က သူမ အနားယူရန် သီးသန့်အခန်းတစ်ခု ပြင်ဆင်ပေးထားပြီး ထိုအခန်းထဲတွင် မုန့်မျိုးစုံနှင့် သောက်စရာများ အဆင်သင့်ရှိနေသည်။ လို့ရှီးယန်က သူမကို ကြမ်းပြင်ပေါ်သို့ အသာအယာ ပြန်ချပေးလိုက်သည်နှင့် စိတ်မရှည်သည့် ကျွော့ချင်းက သူမ၏ ခေါင်းဆောင်းပုဝါကို ချက်ချင်း ဆွဲဖွင့်လိုက်သည်။
‘ဒါကို နာရီအနည်းငယ်ကြာအောင် ဖုံးအုပ်ထားရတာက သူမအတွက် သိပ်အဆင်မပြေဘူးလေ!’
သူမ၏ ရဲတင်းလွန်းသော အပြုအမူကြောင့် အနောက်မှ အစေခံများက တိုးတိုးလေး ရယ်မောနေကြသည်။ လို့ရှီးယန်က ဘာမှဝင်မပြောဘဲ သူမလက်ထဲမှ ပုဝါကို ယူကာ ဘေးသို့ ဖယ်ရှားပေးလိုက်ပြီး သူမကို စားပွဲခုံလေးဆီသို့ ခေါ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"အနားယူလိုက်ဦးနော်၊ ဒီမှာ စားစရာတွေလည်း ရှိတယ်၊ ဆာရင် စားထား။ အခမ်းအနားစမယ့် အချိန်ရောက်ရင် အစေခံတွေက မင်းကို လာခေါ်လိမ့်မယ်။ အရမ်းပင်ပန်းနေရင်လည်း ခဏလောက် အိပ်နေလိုက်နော်"
"အင်း"
ကျွော့ချင်းက ခေါင်းညိတ်လိုက်သည်။ သူမ မနက်အစောကြီးကတည်းက အလုပ်ရှုပ်ခဲ့ရသဖြင့် ယခု တကယ် အိပ်ချင်နေပြီ ဖြစ်သည်။
ရွှယ်ရှန်းရှင်းက စိုးရိမ်တကြီး ပြန်ပြေးလာပြီး သူတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် ဝင်ပြောလာသည်။
"ရှီးယန်... မြန်မြန် ပြန်ထွက်တော့လေ။ အပြင်မှာ မင်း နှုတ်ဆက်မှာကို စောင့်နေတဲ့ ဧည့်သည်တွေ အများကြီးပဲ"
အရာရှိများ ဤမျှအစောကြီး ရောက်လာကြလိမ့်မည်ဟု သူမလည်း မမျှော်လင့်ထားခဲ့ပေ။ ယခု သူမ အလုပ်များလွန်း၍ လက်ခြေများစွာ ရှိနေလျှင်ပင် မလောက်ငတော့သလို ခံစားနေရသည်။ လို့ရှီးယန်က ဖြည်းညင်းစွာ ထရပ်လိုက်ကာ ကျွော့ချင်း၏ ပါးပြင်ကို ဖွဖွလေး ပုတ်လိုက်ရင်း ထပ်ပြောလာသည်။
"ကိုယ် အရင်ထွက်သွားလိုက်ဦးမယ်"
ယနေ့ သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို တွေ့ရသဖြင့် ကျွော့ချင်းက သူ့လက်ကို လှမ်းဆွဲရင်း သတိပေးလိုက်သည်။
"ရှင့်ကျန်းမာရေးကို ဂရုစိုက်ဦးနော်၊ အရမ်းမသောက်နဲ့!"
အပြင်မှ လူများက ပျော်ချင်နေကြသူများဖြစ်ရာ သူတို့ကို ထိန်းနိုင်မည်မဟုတ်သဖြင့် မိုးမြေကန်တော့သည့် အချိန်အထိ သူ တောင့်မခံနိုင်ဘဲ မူးလဲသွားမည်ကို သူမ စိုးရိမ်နေမိသည်။
လို့ရှီးယန်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ... ဒီခင်ပွန်းက ဇနီး ပြောသမျှကို အမြဲမှတ်ထားပါ့မယ်!"
ကျွော့ချင်း မျက်လုံးအပြူးသားဖြင့် ကြည့်နေစဉ်မှာပင် လို့ရှီးယန်က ပြုံးပြုံးကြီး ထွက်ခွာသွားတော့သည်။ ကျွော့ချင်းက စားပွဲပေါ်မှ မုန့်များကို စိတ်မဝင်စားဘဲ ဘေးနားရှိ နူးညံ့သော ညောင်စောင်းပေါ်တွင် လှဲလျောင်းရင်း ကုယွင်တစ်ယောက် ဘယ်ရောက်နေသည်ကို တွေးတောနေလေသည်။
........။.......။........
မင်္ဂလာဝေါယာဉ် ဝန်ကြီးချုပ်အိမ်တော်ရှေ့သို့ ရောက်သွားချိန်တွင် ကုယွင်က အိမ်ရှေ့မှ လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် ခဏတာ ရှောင်ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ညနေခင်း မင်္ဂလာအရက်သောက်ချိန်မှသာ သူမ ပြန်လာမည်ဖြစ်သည်။ သူမက ဤကဲ့သို့ ဆူညံလှသော လူအုပ်ကြီးကြားတွင် အကြာကြီး နေရခြင်းကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ။
ကုယွင် စစ်သူကြီးအိမ်တော်သို့ ပြန်ရောက်ချိန်တွင် တံခါးဝ၌ စုယွိကို တွေ့လိုက်ရသည်။ ကုယွင်က သူ့ကို ဂရုမစိုက်ဘဲ ဖြတ်သွားရန် ပြင်သော်လည်း စုယွိက သူမကို မြင်သွားပြီး အံ့သြသွားဟန်ဖြင့် မေးလာခဲ့သည်။
"မင်း... ဘာလို့ ပြန်လာတာလဲ"
ကုယွင်က သူမ၏ခြေလှမ်းများကို ရပ်ရင်း ပြန်မေးလိုက်သည်။
"ငါ ပြန်လာလို့ မရဘူးလား"
‘အခုက ချင်းရဲ့မင်္ဂလာပွဲဖြစ်ပြီး သူမရဲ့မင်္ဂလာပွဲ မဟုတ်ဘူးလေ၊ ကိစ္စမရှိရင် သူမ အကြာကြီးနေဖို့ လိုလို့လား?’
စုယွိက သူမမျက်နှာကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။
"အော်... ဝန်ကြီးချုပ်အိမ်တော်မှာ ဘာကိစ္စရှိလို့လဲ? တစ်ခုခု ထူးခြားတာရှိလို့လား?"
ကုယွင်က သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။
‘စုယွိက ဒီနေ့ ထူးထူးခြားခြား ပြုမူနေတာ မဟုတ်ဘူးလား’
သူမက သူ့ကို အေးအေးဆေးဆေး ပြန်ကြည့်ရင်း မေးလိုက်ပြန်သည်။
"ဝန်ကြီးချုပ်အိမ်တော်မှာ ဘာကိစ္စ ရှိရမှာလဲ"
ကုယွင်က မေးခွန်းကို မေးခွန်းဖြင့် ပြန်ဖြေလိုက်သဖြင့် စုယွိက သူမ တစ်စုံတစ်ခုကို သိ၊ မသိ ဇဝေဇဝါ ဖြစ်သွားပြီး ပြုံးရုံလေး ပြုံးပြကာ သူ့စကားကို လျောချလိုက်သည်။
"မဟုတ်ပါဘူး၊ ငါက ဒီတိုင်း မေးကြည့်တာပါ"
'သူမ မသိသေးရင် ငါ စကားလွန်သွားလို့ မဖြစ်ဘူး'
ကုယွင်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေသဖြင့် စုယွိတစ်ယောက် စိတ်မသက်မသာ ဖြစ်လာပြီး အပြင်သို့ ထွက်သွားရန် ပြင်သော်လည်း ကုယွင်၏ နူးညံ့သော လက်များက သူ့လမ်းကို ပိတ်ဆို့ထားလိုက်သည်။
"နင် ဘာတွေ ထိတ်လန့်နေတာလဲ"
စုယွိ၏ တုံ့ပြန်ပုံကို ကြည့်ရုံဖြင့် ဤကိစ္စတွင် တစ်စုံတစ်ခု ပတ်သက်နေသည်မှာ သေချာနေပြီး သူ တစ်ခုခုကို သိထားကြောင်း ကုယွင် ရိပ်မိလိုက်သည်။
‘ဝန်ကြီးချုပ်အိမ်တော်မှ တစ်ခုခုရှိနေတာလား? ပြီးတော့ အဲ့တာက စစ်သူကြီးအိမ်တော်နဲ့ ပတ်သက်နေတာ သေချာနေပြီး စုယွိက သိထားခဲ့တယ်!’
"ထိတ်လန့်... ငါ မလန့်ပါဘူး! ငါ မင်းကို နောက်ပြောင်နေတာပါ"
စုယွိက သူ လိမ်ညာခဲ့သော နောက်ဆုံးအကြိမ်ကို သတိရပြီး သူမကို တစ်ချက်ကြည့်ကာ တံတွေးမျိုချလိုက်သည်။ သေချာသည်မှာ သူ၏ တည်ငြိမ်ချင်ယောင်ဆောင်နေမှုက ကုယွင်ကို ပုံမှန်မဟုတ်သော အရာတစ်ခုခု ရှိနေကြောင်း သတိပြုမိစေခဲ့ပြီး ကျွော့ချင်းအတွက်ပါ သူမ စိုးရိမ်သွားခဲ့သည်။
ကုယွင်က စုယွိ၏ ပုခုံးကို တင်းတင်းဆုပ်ကိုင်ကာ စိုးရိမ်တကြီး ထပ်မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ... အမှန်အတိုင်းပြော!"
စုယွိက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ရင်း ပြန်ဖြေလိုက်သည်။
"ငါလည်း သေချာတော့ မသိဘူး... ဒီမနက်စောစော တာ့ကောကို နန်းတော်ထဲဝင်ဖို့ ဆင့်ခေါ်တယ်မလား၊ အာ့ကောလည်း အခုပဲ နန်းတော်ထဲကို အမြန်ဝင်သွားတယ်လို့ ကြားတယ်။ အာ့ကော မြို့တော်ကို ဖမ်းခေါ်လာတဲ့ ပုန်ကန်တဲ့ ဓားပြခေါင်းဆောင် နှစ်ယောက်က အခိုင်အမာ ပြောနေတာက..."
ထိုသို့ပြောပြီးနောက် စုယွိက သူ့စကားကို ခဏရပ်ထားပြီး ကုယွင်၏မေးခွန်းထုတ်နေသော မျက်လုံးများကို တစ်ချက်ကြည့်ကာ သူ့ခေါင်းကို သူ ပြန်ပုတ်ရင်း ဆက်ပြောလာသည်။
"အဲ့တုန်းက ရွှေအမှုကိစ္စကို စီစဉ်ဖို့ သူတို့နဲ့ ပူးပေါင်းခဲ့တာက လို့စစ်သူကြီးနဲ့ သူ့သားတဲ့!"
"ဘာ?!"
ကုယွင်တစ်ယောက် အလွန်တုန်လှုပ်သွားပြီး စုယွိ၏လက်ကို လှမ်းကိုင်ကာ ခါယမ်းလိုက်သည်။
‘ဒါက လုံးဝ မဖြစ်နိုင်ဘူး’
‘သူမက လို့ရှီးယန်နဲ့ သူ့အဖေရဲ့စရိုက်ကို မျက်စိမှတ် ယုံကြည်နေတာမျိုး မဟုတ်ဘဲ သူပုန်တွေကို နှိမ်နှင်းတဲ့ အချိန်မှာ သူမ ရှိနေခဲ့တာ ကြောင့်ပဲ။ သူပုန်တွေက ချုံယွဲ့ကဝန်ကြီးတွေနဲ့ ပေါင်းပြီး လုပ်ခဲ့တဲ့ အရိပ်အယောင်တွေ ရှိခဲ့ပေမဲ့ လို့ရှီးယန်နဲ့တော့ မဖြစ်နိုင်ပါဘူး။ သူ့အဖေလား??!! လို့မူဟိုင်က ဓားပြတွေကို ဝိုင်းရံနှိမ်နှင်းရာမှာ မရှိမဖြစ် အရေးပါခဲ့တဲ့လူလို့ မှတ်ယူနိုင်တယ်။’
ခဏမျှ စဉ်းစားပြီးနောက် ကုယွင်က ထပ်မေးလိုက်သည်။
"သူတို့က ဘာအထောက်အထားတွေ ထုတ်ပြလို့လဲ"
"တာ့ကောနဲ့ အာ့ကော နှစ်ယောက်လုံးကို နန်းတော်ထဲ ခေါ်ထားတာ။ အာ့ကောမှာ ဘယ်လို အထောက်အထားတွေ ပါလာသလဲဆိုတာ ငါလည်း သေချာမသိဘူး"
စုယွိပင်လျှင် တရားရေးဝန်ကြီးဌာနမှ ရောက်လာသော အမိန့်ကို ခိုးနားထောင်ထားခဲ့သဖြင့်သာ သိရခြင်းဖြစ်သည်။ အကျဉ်းသားများက လို့မိသားစုကို စွပ်စွဲလိုက်သဖြင့် ဒုတိယအစ်ကိုဖြစ်သူလည်း နန်းတော်ထဲသို့ ချက်ချင်း ဝင်သွားရသည်။
အမှန်တကယ်တွင် သစ္စာဖောက်များ၏ ဝန်ခံချက်တစ်ခုတည်းက အရေးကြီးလှသည် မဟုတ်ပေ။ ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ရာဇဝတ်သားအချို့၏ စွပ်စွဲမှုကြောင့် ကျရှုံးသွားရန် မဖြစ်နိုင်ပေ။ အရေးကြီးဆုံးက သူတို့ထံတွင် မည်သည့် အထောက်အထား ရှိနေသနည်း ဆိုသည့် အချက်ဖြစ်သည်။ တော်ဝင်မိသားစု၏ အကြီးပိုင်းမှ ပါဝင်ပတ်သက်နေပြီး တမင်စီစဉ်ထားသော ပူးပေါင်းကြံစည်မှုသာ ဖြစ်ခဲ့လျှင် လို့ရှီးယန်အတွက် ဖိအားက အလွန်ကြီးမားသွားပေလိမ့်မည်။
ကုယွင်က စုယွိကို လွှတ်ပေးလိုက်ပြီး ဝန်ကြီးချုပ်အိမ်တော်သို့ သွားရန် ပြင်လိုက်သည်။ စုယွိက စိုးရိမ်တကြီး တားဆီးသည်။
"မင်း ဘယ်သွားမလို့လဲ၊ ဒါတွေကို သူတို့ကို အမှန်အတိုင်း သွားပြောလို့ မရဘူးနော်!"
‘အခြေအနေ ဘယ်လိုတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ အတိအကျ မသိသေးပါဘူး၊ အခုက သူရထားတဲ့ သဲလွန်စအသေးလေးတွေသာဖြစ်နေပြီး ကြားလိုက်ရတဲ့သူက နားလည်မှုလွဲမှားပြီး သူ့ကို ပြန်ပြောခဲ့တာဆိုရင် သူမက မိုက်မဲတဲ့စကားတွေ သွားပြောမိရင် သူ လှောင်ပြောင်ခံရမှာလေ။ တကယ်လို့ ဒီကိစ္စက ဝန်ကြီးချုပ်အိမ်တော်နဲ့ အမှန်တကယ် ပတ်သက်နေပြီး ပေါက်ကြားသွားတယ်ဆိုရင်လည်း သူ့အပြစ်ပဲ ဖြစ်သွားလိမ့်မယ်’
သူမ သိထားသော အချက်အလက်များအရ ဤရာဇ၀တ်မှုက အသေးအဖွဲ မဖြစ်နိုင်သည်ကို တွေးလိုက်မိသောကြောင့် ကုယွင်က သူမ၏မျက်လုံးများကို မှေးကျဥ်းထားပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ငါ့မှာ ကိုယ်ပိုင်အသိဉာဏ် ရှိပါတယ်"
စုယွိတစ်ယောက် စိတ်မသက်မသာ ဖြစ်နေသော်လည်း ကုယွင်၏နောက်မှ ဝန်ကြီးချုပ်အိမ်တော်သို့ လိုက်ပါသွားခဲ့ရသည်။
........။........။........
ဝန်ကြီးချုပ်အိမ်တော် အပြင်ဘက်တွင် စုဝေးနေသူများ လူစုခွဲလုနီးပါး ဖြစ်နေသော်လည်း အိမ်တော်ကြီး အတွင်း၌မူ အခမ်းအနား တက်ရောက်လာကြသော တော်ဝင်ဆွေမျိုးများနှင့် အရာရှိများက အိမ်တော်၏ ထောင့်စွန်းများအထိ ပြည့်ကျပ်နေဆဲပင်။
ကုယွင်က ကျွော့ချင်း အနားယူနေသည့်အခန်းကို စိတ်အားထက်သန်စွာ လိုက်လံရှာဖွေနေခဲ့ပြီး အဝေးသို့ လှမ်းကြည့်လိုက်ချိန်တွင် လူများဖြင့် စည်ကားနေသော အဓိက ခန်းမကြီးကို မြင်လိုက်ရသည်။ လို့ရှီးယန်က ကျွော့ချင်းကို ပင်မခန်းမဆီသို့ ခေါ်ဆောင်သွားသည်ကို သူမ တွေ့လိုက်ရသဖြင့် ကုယွင်တစ်ယောက် လူအုပ်ကြားမှ အတင်းတိုးထွက်လာခဲ့သည်။
နောက်ဆုံးတွင် အခမ်းအနားမှူး၏ အသံ ဟိန်းထွက်လာသည်။
"ကြင်စဦး ဇနီးမောင်နှံ ဂါရဝပြုပါမယ်!"
လို့ရှီးယန်၏ မျက်လုံးများက ကြည်လင်နေဆဲ ဖြစ်သော်လည်း သူ့မျက်နှာက အနည်းငယ် နီမြန်းနေပြီ ဖြစ်သည်။ သူ အရက်အတော်များများ သောက်ထားရပုံပေါ်သည်။ သူတို့က ပင်မခန်းမတွင် ရပ်နေကြပြီဖြစ်ရာ ကုယွင်အနေဖြင့် ကျွော့ချင်းနှင့် စကားပြောခွင့်ရရန် သူတို့ ကန့်တော့ပြီးသည်အထိ စောင့်ဆိုင်းရုံသာ ရှိတော့သည်။
"ကောင်းကင်နဲ့ မြေကြီးကို အရိုအသေပေးပါ!"
ဓလေ့ထုံးတမ်းရေးရာ အရာရှိ၏ စူးရှသော အသံအဆုံးတွင် ကြင်စဦး ဇနီးမောင်နှံက ကောင်းကင်သို့ ဦးတည်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။
"နှစ်ဖက် ဘိုးဘွား မိဘများကို အရိုအသေပေးပါ!"
သူတို့ တစ်ဖက်သို့ လှည့်လိုက်သည့်အခါ လို့မူဟိုင်နှင့် ချင်းလင်၏ ဦးလေးဖြစ်သူတို့ ထိုင်နေသည်ကို တွေ့ရသည်။ လို့မူဟိုင်၏ မျက်နှာတွင် အလွန်အမင်း ပျော်ရွှင်မှုကို မတွေ့ရသော်လည်း ယနေ့ သူ၏ တစ်ဦးတည်းသောသား မင်္ဂလာဆောင်သည့်နေ့ ဖြစ်သဖြင့် ချွေးမဖြစ်သူကို သဘောမကျသော်လည်း အခက်တွေ့အောင်တော့ မလုပ်ပေ။ ဇနီးမောင်နှံနှစ်ဦးက လူကြီးမိဘများကို လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။
"ဇနီးမောင်နှံ အချင်းချင်း..."
အခမ်းအနားမှူး၏ စကားမဆုံးမီမှာပင် ပို၍ ကြီးကျယ်ခမ်းနားပြီး တည်ကြည်လှသော အမျိုးသား အသံတစ်သံက ဤနောက်ဆုံး အပိုင်းလေးကို ဖြတ်တောက် နှောင့်ယှက်လိုက်လေသည်။
"တော်ဝင် အမိန့်စာ ရောက်လာတယ်!"
စုလင်းနှင့် ရှန်ယုလန်တို့ အတူတူ ရောက်ရှိလာခြင်း ဖြစ်သည်။ အားလုံး လှည့်ကြည့်လိုက်သည့်အခါ ရှန်ယုလန်၏ လက်ထဲတွင် တောက်ပသော အဝါရောင် အမိန့်တော်စာလိပ် ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ ဧကရာဇ်ကိုယ်တိုင် မလာရောက်နိုင်သဖြင့် ဝန်ကြီးချုပ်၏ မင်္ဂလာပွဲအတွက် ဂုဏ်ပြုဆုလာဘ် ပေးသနားသည့် အမိန့်တော်ဟု လူတိုင်းက ထင်မှတ်လိုက်ကြသည်။ ဝင်လာသူ နှစ်ဦးစလုံးက အိမ်ရှေ့ခန်းမထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်လာခဲ့ကြသည်။
ကုယွင်က သူမနောက်တွင် ရှိနေသော စုယွိကို လှည့်ကြည့်လိုက်သည်။ စုယွိက သူမကို ခေါင်းယမ်းပြရင်း တိုးတိုးလေး သတိပေးသည်။
"စိတ်ရှည်ရှည်ထား... အရင်ဆုံး စောင့်ကြည့်ရအောင်!"
လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ တစ်စုံတစ်ခုကို ရိပ်မိသွားပုံပေါ်သော်လည်း သူ့မျက်နှာကတော့ ငြိမ်သက်မြဲ ငြိမ်သက်နေဆဲပင်။ သူက စုလင်းနှင့် ရှန်ယုလန်တို့ဘက်သို့ လှည့်ကာ လက်ဟန်ဖြင့် လေးစားမှု ပြုလိုက်သည်။
လို့မူဟိုင်က ဂုဏ်ယူစွာ ရယ်မောရင်း ကြိုဆိုလိုက်သည်။
"စစ်သူကြီးစု... ရှန်လူကြီးမင်း... မင်းတို့နှစ်ယောက် ဒီမင်္ဂလာအရက်ကို မမီတော့ဘူးလို့ ငါ ထင်နေတာ!"
ဓားပြများအား နှိမ်နင်းရာတွင် သူ စုမိသားစု စစ်တပ်နှင့် ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ရသဖြင့် စုလင်းအပေါ် အထင်အမြင် ပို၍ ကောင်းနေခဲ့ခြင်း ဖြစ်သည်။
စုလင်းနှင့် ရှန်ယုလန်တို့၏ မျက်နှာများက အနည်းငယ် တောင့်တင်းနေသော်လည်း ဟန်ဆောင်အပြုံးဖြင့် ပြန်ပြောလိုက်ကြသည်။
"လို့စစ်သူကြီးက ဖော်ရွေလွန်းနေပါပြီ"
သူတို့ စိတ်ထဲတွင်မူ ဤမင်္ဂလာအရက်ကို သူတို့ မသောက်နိုင်တော့မည်ကို စိုးရိမ်နေကြသည်။
ရှန်ယုလန်က ချောင်းတစ်ချက်၊ နှစ်ချက် ဟန့်လိုက်ပြီး အမိန့်တော်ကို ဖြန့်ကာ ကြေညာလိုက်သည်။
"လို့လူကြီးမင်း... အမိန့်တော်ကို လက်ခံပါ!"
ခန်းမကြီးအတွင်းရှိ လူတိုင်းက ဒူးထောက်ထိုင်ချလိုက်ကြသည်။ တီးမှုတ်နေသော တူရိယာသံများ ရုတ်ချည်းရပ်တန့်သွားပြီး စည်ကားသိုက်မြိုက်နေသော ပင်မခန်းမကြီးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှန်ယုလန်က သူ့လက်ထဲမှ တော်ဝင်အမိန့်စာကို ဖတ်ရန် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ သူ၏ အသံက လေးလံနေသော်လည်း ခန်းမအနှံ့ ပဲ့တင်ထပ်လာခဲ့သည်။
"မိုးနတ်မင်း၏အလိုအရ... ဧကရာဇ်မင်းမြတ်က အနောက်မြောက်အရပ်မှ သူပုန်များကို နှိမ်နင်းနိုင်ခဲ့ပြီ။ သို့သော် ဖမ်းမိထားသော သူပုန်များက လို့စစ်သူကြီးနှင့် သူ့၏သားဖြစ်သူ လို့ဝန်ကြီးချုပ်တို့ နိုင်ငံတော်ဘဏ္ဍာငွေများအား ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုထားခဲ့သည်။ ဘဏ္ဍာတော်ခိုးယူမှုနှင့် ပုန်ကန်ရန် ကြံစည်မှုတို့အတွက် မှုခင်းဌာနခွဲမှ စစ်ဆေးရန် အမိန့်ချမှတ်လိုက်သည်။ တရားသူကြီးချုပ် ရှန်ယုလန်နှင့် စစ်သူကြီးချုပ် စုလင်းတို့ ပူးပေါင်းစစ်ဆေးရမည်။ စစ်ဆေးနေစဉ်အတွင်း လို့သားအဖနှစ်ယောက်ကို တော်ဝင်အကျဉ်းထောင်သို့ ချက်ချင်း ပို့ဆောင်စေ... အမှားအယွင်း မရှိစေရ!"
‘အကျဉ်းထောင်ထဲ ထည့်မယ်!!’
‘ဒါက ဘယ်လိုမှ မဖြစ်နိုင်တာ!!’
ကြီးမားသော ခန်းမကြီးက သေမင်းတမန်နဲ့ ကြုံနေရသလို တိတ်ဆိတ်ငြိမ်သက်သွား ပြန်သည်။ မည်သူကမျှ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိကြတော့ပေ။
‘အာဏာစက် ပြင်းထန်လှသော ဝန်ကြီးချုပ် လို့ရှီးယန်က အကျဉ်းသားအဖြစ် ထောင်ထဲဝင်ရမယ်တဲ့လား။ ပြီးတော့ ဒါက သူ့မင်္ဂလာဆောင်နေ့မှာလေ! ကမ္ဘာမြေကြီးပေါ်မှာ ဘာတွေဖြစ်နေတာလဲ?? ဧကရာဇ်မင်းကရော ဘာတွေ တွေးနေတာလဲ??!’
ကုယွင်၏ နှလုံးခုန်သံလည်း မြန်ဆန်လာရသည်။
‘တခြားတစ်ဖက်က ဘယ်လို သက်သေမျိုးတွေကို ထုတ်ပြခဲ့တာလဲ??! ယန်းဟုန်ထျန်းက လို့ရှီးယန်ကို ထောင်ချထားဖို့ အမိန့်ထုတ်ရလောက်အောင် ဘယ်အရာက စွမ်းဆောင်နိုင်ခဲ့တာလဲ!’
ဤမြင်ကွင်းကို ဘေးမှကြည့်နေသော ပိုင်ရိအတွက်မူ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။ သူက မျက်မှောင်ကြုတ်လျက် လို့ရှီးယန်ကို စိုက်ကြည့်နေခဲ့သည်။ အားလုံး ထိတ်လန့်တုန်လှုပ်နေကြသော်လည်း အကျဉ်းထောင်ထဲ ဝင်ရတော့မည့် လို့ရှီးယန်ကတော့ ထူးထူးခြားခြား တည်ငြိမ်နေဆဲပင်။ 'ထိုက်တောင်ကြီး ပြိုကျလျှင်ပင် မျက်နှာမပျက်သူ' ဟူသော စကားက လို့ရှီးယန်အတွက် ဆိုထားခြင်းပင် ဖြစ်နိုင်နေသည်။
ထို့အပြင် ဤနေရာတွင် စစ်နတ်ဘုရားဟု ကျော်ကြားသော စုလင်းလည်း ရှိနေခဲ့သည်။ လျောင်ယွဲ့ပြည်အတွက် ကြီးမားသော အတားအဆီးများဖြစ်သည့် လို့ရှီးယန်နှင့် စုလင်းတို့ကို တစ်နေရာတည်းတွင် မြင်တွေ့ရခြင်းက ပိုင်ရိအတွက် အခွင့်အရေးတစ်ခုပင်။
လို့မူဟိုင်က သတိပြန်ဝင်လာပြီး ဒေါသတကြီး အော်ဟစ်နေသည်။
"အဓိပ္ပာယ်မရှိတာ! ဒါက သေချာပေါက် လုပ်ကြံစွပ်စွဲတာပဲ။ ငါ မင်းတို့နဲ့ အခုချက်ချင်း လိုက်ခဲ့မယ်။ အဲဒီသူခိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မယ်!"
လို့မိသားစု၏ သစ္စာရှိမှုကို မည်သူကမှ သံသယမရှိခဲ့ကြသော်လည်း ယခုကဲ့သို့ သိက္ခာချခံရခြင်းကို သူ လုံးဝ လက်မခံနိုင်ပေ။
လို့ရှီးယန်ကတော့ နှုတ်ဆိတ်နေဆဲပင်။ ရှန်ယုလန်က ရှေ့သို့ တစ်လှမ်းတိုးကာ ဖိတ်ခေါ်သည့် အမူအရာဖြင့် ထပ်ပြောလိုက်သည်။
"လို့ဝန်ကြီးချုပ်... ကျွန်တော်တို့လည်း ဧကရာဇ်ရဲ့ အမိန့်တော်ကို ငြင်းဆန်လို့ မရပါဘူး။ ကျွန်တော် ခင်ဗျားကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"
"ခဏနေပါဦး!"
ဖြူစင်နုနယ်သော လက်ကလေးတစ်ဖက်က သူမခေါင်းပေါ်မှ အနီရောင် တောက်ပနေသော ပုဝါကို ဖြုတ်ချလိုက်သည်။ ပုဝါလေး မြေပြင်ပေါ်သို့ အသာအယာ ကျသွားချိန်တွင် အေးစက်ကြည်လင်သော အမျိုးသမီးအသံတစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
အခန်း ၁၀၆ ဟန့်တားခံရတဲ့ မင်္ဂလာပွဲ (အပိုင်း ၂)
"ခဏနေပါဦး!"
ဖြူစင်နုနယ်သော လက်ကလေးတစ်ဖက်က သူမခေါင်းပေါ်မှ အနီရောင် တောက်ပနေသော ပုဝါကို ဖြုတ်ချလိုက်သည်။ ပုဝါလေး မြေပြင်ပေါ်သို့ အသာအယာ ကျသွားချိန်တွင် အေးစက်ကြည်လင်သော အမျိုးသမီးအသံတစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
မင်္ဂလာအခမ်းအနားတွင် မိမိဘာသာ ခေါင်းဆောင်းပုဝါကို ချွတ်ရဲသော သတို့သမီးမျိုးမှာ အလွန်ရှားပါးလှသည်။ သူမ၏ မျက်နှာတွင် မျက်နှာချေလုံးဝ လိမ်းခြယ်ထားခြင်းမရှိဘဲ မျက်နှာပေါ်ရှိ အမာရွတ်များကိုပင် ဖုံးကွယ်ရန် ကြိုးစားထားခြင်း မရှိပေ။ သာမန်သတို့သမီးငယ်များကဲ့သို့ နုနယ်ချစ်စရာကောင်းသော အသွင်မဆောင်သော်လည်း သူမ၏ ပြတ်သားသော မျက်နှာသွင်ပြင်နှင့် သန့်စင်သော စိတ်နေစိတ်ထားက လူအများအပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ သူမ၏ တည်ငြိမ်မှုနှင့် မာန်မာနပြည့်ဝသော အေးစက်မှုတို့က မြင်တွေ့ရသူတိုင်းကို အံ့အားသင့်ကာ ပင့်သက်ရှိုက်မိစေသည်။
ရှန်ယုလန်က ကျွော့ချင်းနှင့် အကျွမ်းတဝင်ရှိသူ ဖြစ်ပြီး သူမ၏ သတ္တိနှင့် အရည်အချင်းကို ယခင်ကတည်းက လေးစားခဲ့သူဖြစ်သည်။ သူက လက်နှစ်ဖက်ကို အသာဆုပ်ကိုင်ပြီး သူမကို ဂါရဝပြုကာ ပြန်မေးလိုက်သည်။
"သခင်မအနေနဲ့ တစ်စုံတစ်ရာ ပြောစရာ ရှိသေးလို့လား?"
ကျွော့ချင်းက ဖြည်းညှင်းစွာ လှမ်းလျှောက်လာပြီး စုလင်းနှင့် ရှန်ယုလန်တို့၏ အလယ်တွင် ရပ်လိုက်ကာ လေးနက်သော အသံဖြင့် ရှင်းရှင်းလင်းလင်း ပြောနေခဲ့သည်။
"စစ်သူကြီးစု... ရှန်လူကြီးမင်း... ဒီနေ့က ကျွန်မတို့ရဲ့ မင်္ဂလာရက်ပါ။ ကျွန်မတို့မှာ လုပ်စရာ ဓလေ့ထုံးတမ်းလေးတွေ အနည်းငယ် ကျန်ပါသေးတယ်။ အဲဒါတွေ ပြီးမြောက်သွားရင်တော့ ဒီမင်္ဂလာပွဲက အောင်မြင်တယ်လို့ ယူဆနိုင်ပါပြီ။ ကျွန်မ နည်းနည်းလေး အတင့်ရဲပြီး တောင်းဆိုချင်တာက... ကျေးဇူးပြုပြီး လူကြီးမင်းတို့အနေနဲ့ တစ်ရှီးချန် ရဲ့ လေးပုံတစ်ပုံလောက် အချိန်ပေးနိုင်မလားလို့ပါ"
စုလင်းနှင့် ရှန်ယုလန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုသို့သော တောင်းဆိုမှုမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မက်ဖူးခြင်းမရှိပေ။ လို့ရှီးယန်က ဆွေစဉ်မျိုးဆက်ကိုးဆက်အထိ သေဒဏ်ပေးနိုင်သော 'တိုင်းပြည်ပုန်ကန်မှု' ဟူသည့် စွပ်စွဲချက်ဖြင့် အကျဉ်းချခံရတော့မည် ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် သူတို့ အိမ်ထောင်မပြုရသေးပါက သူမ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်မည့် အခွင့်အလမ်း ရှိနေသေးသည်။ သို့သော် ယခုအချိန်တွင် သူမ ဤသို့ တောင်းဆိုနေသည်က သေခြင်းတရားကို လိုလိုလားလား ဖိတ်ခေါ်နေခြင်းပင်။
သို့သော် ကျွော့ချင်း၏ ခိုင်မာပြီး တည်ငြိမ်လွန်းသော မျက်လုံးများကို ရင်ဆိုင်ရချိန်တွင် သူတို့ဘက်မှ ငြင်းဆန်ရန် စကားလုံး မရှိတော့ပေ။ လူဖမ်းရန် လာခဲ့ခြင်းကလည်း သူတို့၏ ဆန္ဒမဟုတ်သောကြောင့် ဤမျှသော တောင်းဆိုချက်ကို သဘောမတူပါက၊ သူတို့ဘက်မှ လွန်ရာကျသွားပေလိမ့်မည်။
ကျွော့ချင်းက သူမကို မျက်မှောင်ကြုတ်ကြီးဖြင့် စိုက်ကြည့်နေသော လို့ရှီးယန်ထံသို့ လျှောက်သွားလိုက်သည်။ သူမက သူမ၏လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းပြီး သူ၏လက်ကို ဆွဲကိုင်လိုက်သည်။ ယခင်က သူသည်သာ သူမအတွက် လက်ကို အမြဲတမ်း ကမ်းပေးခဲ့သူဖြစ်သည်။ ယနေ့တွင်မူ သူမက သူမဘဝ၏ အရေးကြီးဆုံး အစိတ်အပိုင်းကို သူ့လက်ကို တွဲလျက် ဆက်လျှောက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
"ချင်းအာ..."
သွယ်လျသော လက်ချောင်းလေးများက သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာပြီး သူမ၏ လက်ဖဝါးမှ နွေးထွေးမှုများက သူ၏ဆီသို့ စီးဝင်လာသည်။ လို့ရှီးယန်တစ်ယောက် အကျဉ်းချခံရမည်ကို သိရချိန်တွင် တစ်စုံတစ်ရာ ခံစားချက် မရှိခဲ့သော်လည်း အခုအချိန်တွင် သူ့ရင်ထဲ၌ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသလို ခံစားနေရပြီး သူ့တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
သူ့စကားမဆုံးမီမှာပင် ကျွော့ချင်းက နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်ကာ ပြုံးပြလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်အလင်းရောင်များ တောက်ပနေပြီး ကြည်လင်ပြတ်သားသော အသံဖြင့် ကြေညာလိုက်သည်။
"ဒီနေ့... ကျွန်မ ရှင့်ရဲ့ ဇနီးဖြစ်ချင်တယ်၊ ရှင်က ရာထူးကြီးတဲ့ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ ရာဇဝတ်သင့်နေတဲ့ အကျဉ်းသားတစ်ယောက်ပဲဖြစ်ဖြစ်... ဒီနေ့ ကျွန်မ ရှင့်ရဲ့ ဇနီး ဖြစ်ကို ဖြစ်ရမယ်!!"
ခန်းမအတွင်းရှိ လူတိုင်းက မိတ်ကပ်မပါသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို မှင်သက်စွာ စိုက်ကြည့်နေကြသည်။ သူမ၏ အပြုအမူက မိုက်မဲသည်ဟု ထင်ရသော်လည်း သူမအပေါ် လေးစားမှုနှင့် စိတ်ခံစားမှုများ ပိုမို တိုးပွားလာခဲ့သည်။ စည်းစိမ်နှင့် ဆင်းရဲကို အတူမျှဝေခံစားဝံ့သော သူမ၏ စိတ်ဓာတ်မှာ အံ့မခန်းပင်။ လို့မူဟိုင်ပင်လျှင် ယခုအခိုက်အတန့်၌ ကျွော့ချင်းကို ပထမဆုံးအကြိမ်အဖြစ် ကျေနပ်စွာ ပြုံးပြနေခဲ့သည်။
"အခမ်းအနားမှူး!"
ကျွော့ချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် အခမ်းအနားမှူးက သတိပြန်ဝင်လာပြီး တုန်ရီသောအသံဖြင့် အော်ပြောလိုက်သည်။
"ဇနီးမောင်နှံ အချင်းချင်း... ဦးညွှတ် အရိုအသေပေးပါ!"
ကြင်စဦး ဇနီးမောင်နှံ၏ အနီရောင် ဝတ်စုံများ လေထဲတွင် ဝဲပျံနေပြီး တစ်ဦးနှင့်တစ်ဦးကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် ဧည့်သည်များလည်း မရှိတော့သကဲ့သို့၊ ကြောက်မက်ဖွယ် အမိန့်တော်လည်း မရှိတော့ပေ... ထိုနေရာတွင် လက်ချောင်းအချင်းချင်း တွယ်ယှက်ထားသော လူနှစ်ဦးသာ တည်ရှိနေခဲ့သည်။
“အခမ်းအနား ပြီးပါပြီ!”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လေးလေးနက်နက် ဦးညွှတ်ပြီးနောက် အခမ်းအနားမှူးက ကြွေးကြော်လိုက်ရာ လက်ထပ်ပွဲလည်း တရားဝင် ပြီးဆုံးသွားခဲ့သည်။
တော်ဝင်အမိန့်တော်ကြောင့် တိတ်ဆိတ်ခြောက်ခြားနေခဲ့သော ခန်းမကြီးအတွင်းမှ လူများက ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အသက်ဝင်လာပြီး ဝမ်းသာအားရ အားပေးကြတော့သည်။ ကျွော့ချင်းက အခမ်းအနားစားပွဲဆီသို့ လျှောက်သွားကာ ခွက်အလွတ်နှစ်လုံးတွင် အရက်ဖြည့်လိုက်သည်။ တစ်ခွက်ကို လို့ရှီးယန်ထံ ပေးလိုက်ပြီး ကျန်တစ်ခွက်ကို သူမကိုယ်တိုင် ကိုင်ထားရင်း လို့ရှီးယန်၏ လက်မောင်းကို ချိတ်ရန် သူမလက်ကို ဆန့်ထုတ်လိုက်သည်။
ကျွော့ချင်းက သူမကိုယ်ကို သူ့ဘက်သို့ အနည်းငယ် တိမ်းလိုက်ပြီး သူ့နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒီမင်္ဂလာအရက်ကို သောက်ပြီးရင် ကျွန်မတို့ ဒီနေ့ကစပြီး ဒီဘဝမှာ ဂုဏ်ကျက်သရေနဲ့ နိမ့်ကျမှုတွေကို အတူတူ မျှဝေခံစားရမယ့် လက်တွဲဖော်တွေ ဖြစ်သွားပြီ။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး”
‘ကျွန်မတို့က ဂုဏ်ကျက်သရေနဲ့ နိမ့်ကျမှုတွေကို အတူတူ မျှဝေခံစားရမယ့် လက်တွဲဖော်တွေ... တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး...’
ပြတ်သားလှသော ထိုစကားသံက စောစောကလို ကျယ်လောင်စွာ ကြေညာခြင်း မဟုတ်သော်လည်း စကားလုံးတိုင်းက လို့ရှီးယန်၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူ ရွေးချယ်ခဲ့သည့် အမျိုးသမီးက သူ့ကို စိတ်ပျက်စေမည်မဟုတ်ကြောင်း သူ သိထားခဲ့သော်လည်း ယခုကဲ့သို့ ဘေးဒုက္ခနှင့် ရင်ဆိုင်ရချိန်တွင် သူမ ဤမျှအထိ လုပ်ဆောင်ပေးလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
နှစ်ယောက်သား မျက်လုံးချင်းဆုံကာ လက်ကောက်ဝတ်ချင်း ချိတ်လျက် မင်္ဂလာအရက်ကို တစ်ပြိုင်နက် သောက်ချလိုက်ကြသည်။ လို့ရှီးယန်က သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသော သူမ၏ လက်ဖဝါးများကို ပြန်လည် ဆုပ်ကိုင်ထားရင်း နူးညံ့သိမ်မွေ့သော လေသံဖြင့် တိုးတိုးလေး ပြောလာခဲ့သည်။
“ကိုယ် အိမ်တော်ကို ပြန်လာတဲ့အထိ စောင့်နေနော်”
“အင်း!”
ကျွော့ချင်းက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ ၎င်းက သူ ပေးသော ကတိဖြစ်ပြီး သူ အိမ်ပြန်လာမည်ဟု အာမခံနေခြင်းပင်။
ထို့နောက် နှစ်ယောက်သား ဆုပ်ကိုင်ထားသော လက်များကို လွှတ်ပေးလိုက်ပြီး လို့ရှီးယန်က ရှန်ယုလန်နှင့် စုလင်းတို့ဆီသို့ လျှောက်သွားလိုက်သည်။
“စစ်သူကြီးစု... ရှန်လူကြီးမင်း... ကျေးဇူးပြုပြီး...”
သူတို့သုံးယောက်၏ ပုံစံက သာမန်နေ့များတွင် ရုံးတော်၌ မတော်တဆ တွေ့ဆုံကြသလို သဘာဝကျနေပြီး ပေါ့ပေါ့ပါးပါး ရှိနေသည်။ လို့ရှီးယန်၏ မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပုံက သူ၏ ဂုဏ်သိက္ခာကို မည်သူမျှ လိုက်မမီနိုင်ကြောင်း သက်သေပြနေသကဲ့သို့ပင်။
ဤနေရာတွင် လူများ များပြားနေပြီး လူအုပ်ကြီးဖြစ်နေသော်လည်း သူတို့က တိတ်ဆိတ်သော အမူအရာဖြင့် ပင်မခန်းမမှ ထွက်ခွာသွားကြသည်။ ရွှယ်ရှန်းရှင်းက သူတို့နောက်ကနေ အပြင်ကို လိုက်ပါသွားခဲ့သည်။
"သခင်...သခင်ကြီး!!"
"အစ်ကို!"
ရွှယ်ရှန်းရှင်းက သူတို့နောက်ကနေ အပြင်ကို လိုက်ပါသွားခဲ့သည်။
ယခုအချိန်တွင် လွန်ခဲ့သော အခိုက်အတန့်ကမှ လို့ရှီးယန်ကို လက်ထပ်ခဲ့ပြီး လို့မိသားစု၏ တရားဝင် သခင်မဖြစ်လာသော ကျွော့ချင်း တစ်ဦးတည်းသာ ခန်းမအလယ်၌ မတ်တပ်ရပ် ကျန်ရစ်နေရင်း လူအုပ်ကြီးကို ရင်ဆိုင်နေခဲ့သည်။ သူမက ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ဧည့်သည်များကို ကြည့်ကာ ယဉ်ကျေးပြေပြစ်သော်လည်း ပြတ်သားလှသော အသံဖြင့် လှမ်းပြောလိုက်သည်။
“ဒီနေ့ လို့မိသားစုမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့တာကြောင့် မင်္ဂလာပွဲက ဒီမှာပဲ ပြီးဆုံးသွားပါပြီ။ နောင်အနာဂတ်မှာ အခွင့်အရေးရရင် ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို လို့မိသားစုက ထပ်ပြီး သေသေချာချာ ဧည့်ခံမှာပါ။ အခုတော့ ကျေးဇူးပြုပြီး အားလုံး ပြန်နိုင်ပါပြီ။ ကျင်းစ... ဧည့်သည်တွေကို သေသေချာချာ ပြန်ပို့ပေးလိုက်ပါ”
အိမ်တော်ထိန်း ကျင်းစက ချက်ချင်း ရှေ့သို့တိုးလာကာ အမိန့်ကို လက်ခံလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်မ”
“အားလုံး... ကျေးဇူးပြုပြီး!”
ဝန်ကြီးချုပ်အိမ်တော်က ဝန်ကြီးချုပ်အိမ်တော်ဖြစ်ရန် အမှန်တကယ် ထိုက်တန်လှပေသည်။ ထိုကဲ့သို့ ပြင်းထန်သော အပြောင်းအလဲနှင့် ရုတ်ချည်း ကြုံတွေ့ခဲ့ရသော်လည်း အိမ်တော်တစ်ခုလုံးက တည်ငြိမ်အေးဆေးစွာ ရပ်တည်နေနိုင်ဆဲပင်။ အစေခံများအားလုံးကလည်း တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ စည်းစနစ်တကျဖြင့် ဧည့်သည်တော်များ အပြင်သို့ ပြန်လည်ထွက်ခွာနိုင်ရန် လမ်းညွှန်ဖိတ်ခေါ်နေကြသည်။
လူအုပ်ကြီး တိတ်ဆိတ်စွာ ပြန်ထွက်သွားချိန်တွင် ကုယွင်က သူမနောက်မှ စုယွိကို တိုးတိုးလေး ပြောလိုက်သည်။
"နင် စစ်သူကြီးအိမ်တော်ကို အရင်ပြန်နှင့်တော့"
စုယွိက သူမ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလာခဲ့သည်။
"မင်းရော ဘယ်လိုလဲ?"
"ငါ သူ(မ)နဲ့ စကားပြောစရာရှိလို့"
‘ချင်းရဲ့လက်ထပ်ပွဲက ဒီလိုဖြစ်သွားပြီး ချင်းက အစကနေ အဆုံးအထိ တချိန်လုံး တည်ငြိမ်စွာ ပြုမူနေခဲ့ပေမယ့် ချင်းစိတ်ထဲမှာ အဆင်မပြေဖြစ်နေမှာကို သူမ ကြောက်နေမိတယ်’
စုယွိက သူမအင်္ကျီလက်ကို အသာဆွဲကာ သတိပေးလိုက်သည်။
"ဒီအမှုကို တာ့ကောက ဦးဆောင်စစ်ဆေးရမှာ၊ ပြီးတော့ သူပုန်တွေကို ပြန်ခေါ်လာခဲ့တဲ့သူက အာ့ကောနော်၊ ဝန်ကြီးချုပ်အိမ်တော်က လူတွေက မင်းကို မကြိုဆိုမှာကို ငါကြောက်တယ်၊ မင်း အရင်ထွက်သွားတာ ပိုကောင်းလိမ့်မယ် "
ယခုအချိန်တွင် ကုယွင်က စစ်သူကြီးအိမ်တော်မှ လူဖြစ်နေသဖြင့် အကယ်၍ သူမ နှင်ထုတ်ခံရပါက အမြင်မတင့်တယ်ဖြစ်မည်ကို သူ တွေးပူနေခြင်းပင်။
သို့သော် ကုယွင်က သူမအင်္ကျီစကို ပြန်ဆွဲထုတ်လိုက်ပြီး စိတ်မရှည်စွာဖြင့် ထပ်ပြောလိုက်သည်။
"မဟုတ်ဘူး၊ နင် အရင်ပြန်သွားလိုက်"
စုယွိလည်း ဆက်မနေနိုင်တော့ဘဲ သူမကို တိုးတိုးလေး ထပ်သတိပေးကာ ပြန်သွားတော့သည်။
"ကောင်းပြီ၊ မင်း သတိထားနော်"
ချင်းလင်က အသိတရားမဲ့သူတစ်ဦး မဟုတ်သဖြင့် သူ စိတ်ချလက်ချ ပြန်သွားနိုင်ခြင်းပင်။
အခန်းထဲတွင် လူများ နည်းပါးသွားချိန်၌ ပိုင်ရိက ခန်းမအလယ်တွင် တည်ငြိမ်စွာ ရပ်နေသော ကျွော့ချင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ့နောက်မှ လူယုံက တိုးညှင်းစွာ သတိပေးလာခဲ့သည်။
"သခင်... ဒီအခြေအနေမှာ ဝန်ကြီးချုပ်အိမ်တော်မှာ ဆက်နေဖို့ မသင့်တော်ဘူး ထင်ပါတယ်"
ပိုင်ရိက သူ၏ ထက်မြက်သော မျက်ဝန်းများကို ဖုံးကွယ်ကာ ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားသော လူအုပ်နောက်သို့ လိုက်ပါသွားခဲ့သည်။
မူလက စည်ကားသိုက်မြိုက်ခဲ့သော ပင်မခန်းမကြီးတွင် ယခုအခါ သန့်ရှင်းရေးလုပ်နေသော အစေခံအနည်းငယ်သာ ကျန်တော့သည်။ တစ်ခန်းလုံး အနီရောင်များဖြင့် ပြည့်နှက်နေသော်လည်း ကမောက်ကမ ဖြစ်နေသည့် ပုံစံက ဝမ်းနည်းဖွယ် ကောင်းလှသည်။ ထိုအခိုက်အတန့်တွင် ဝမ်းနည်းပူပန်နေသော ရွှယ်ရှန်းရှင်းက ခန်းမထဲသို့ ပြန်ဝင်လာပြီး မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
"ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ!! သခင်ကြီးနဲ့ ရှီးယန် နှစ်ယောက်လုံး အကျဉ်းထောင်ထဲ ရောက်သွားပြီ၊ အခု ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲ!"
လို့ရှီးဝူက ကျွော့ချင်း၏ နောက်သို့ လျှောက်လာပြီး အားကိုးတကြီး မေးနေခဲ့သည်။
"ယောင်းမ... ငါတို့ ဘာဆက်လုပ်ကြမလဲ!"
ဖခင်နှင့် အစ်ကိုဖြစ်သူ မရှိတော့သဖြင့် သူမနှင့် သူမ၏ ဒုတိယမိခင် အထိတ်တလန့် ဖြစ်နေကြသော်လည်း ကျွော့ချင်းကတော့ အေးဆေးတည်ငြိမ်နေဆဲပင်။ ထို့ကြောင့် သူမအပေါ်တွင်သာ မျှော်လင့်ချက် ထားရတော့မည်ဟု လို့ရှီးဝူ တွေးနေခြင်း ဖြစ်နိုင်သည်။
ကျွော့ချင်းက ခန်းမပြင်ပမှ ပူပြင်းသော နေရောင်ကို ငေးမောရင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမ၏ မျက်ဝန်းများက တောက်ပနေသော်လည်း ဘာစကားမှ မပြောသေးပေ။ ရွှယ်ရှန်းရှင်းက စိတ်တိုတိုဖြင့် အော်ပြောလိုက်သည်။
"သူ့(မ)ကို မေးလို့ ဘာထူးမှာလဲ၊ သူ(မ)က ဘာသိမှာလဲ? နောက်ခံ အဆက်အသွယ်လည်း မရှိတဲ့သူဆီက ဘာအကြံရမှာလဲ!"
ထို့နောက် မျက်ရည်များ သုတ်လိုက်ပြီး ဧည့်ခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ ခဏအကြာတွင် သူမက ထပ်ပြောလိုက်သည်။
"နန်းတော်ထဲကို ချက်ချင်းဝင်ပြီး မယ်တော်မိဖုရားကြီးဆီမှာ အကူအညီတောင်းတာ အကောင်းဆုံးပဲ!!"
လို့ရှီးဝူက လက်ကို ဝှေ့ယမ်းပြီး တားဆီးလိုက်သည်။
"အခု အစ်ကိုက အိမ်တော်မှာ မရှိဘူးလေ၊ မေမေလေးမှာလည်း နန်းတွင်းကို ဝင်နိုင်တဲ့ တံဆိပ်ပြား မရှိဘူး။ အဒေါ် နဲ့ တွေ့ဖို့ ဘယ်လိုလုပ် ခွင့်တောင်းနိုင်မှာလဲ"
‘မှန်တယ်။ နန်းတော်ကို ဝင်ဖို့ တံဆိပ်ပြားမရှိရင် သူတို့ခေါ်တာကိုပဲ စောင့်ရတော့မယ်!’
"ဒါဆိုရင်..."
ရွှယ်ရှန်းရှင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အခန်းထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်နေခဲ့သည်။ ထို့နောက် သူမ ထပ်ပြောလာပြန်သည်။
"ဒါဆို သခင်ကြီးရဲ့ လက်အောက်ငယ်သားဟောင်းတွေရော၊ ဒီနှစ်တွေအတွင်း ရှီးယန် ပြုစုပျိုးထောင်ပေးထားတဲ့ လူတွေရော... သူတို့ကို အမြန်ဆက်သွယ်လိုက်ကြ!"
‘လို့မိသားစုက ဒီမင်းဆက်မှာ အင်အားတွေ ရှိနေတုန်းပဲမလား??!’
"ကျင်းစ၊ မော့ပိုင်!! လာကြစမ်း၊ အဲဒီလူကြီးမင်းတွေအားလုံးကို အိမ်တော်ထဲကို အမြန်ဖိတ်ခေါ်လိုက်!!"
ရွှယ်ရှန်းရှင်းက အမိန့်ပေးနေသော်လည်း ထိုလူနှစ်ယောက်က ကျွော့ချင်းကိုသာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
သူတို့နှစ်ယောက်စလုံး မလှုပ်မယှက် ရပ်နေသောကြောင့် ရွှယ်ရှန်းရှင်းက စူးရှသောအသံဖြင့် ငေါက်ငမ်းလိုက်သည်။
"မြန်မြန်သွားလေ! မင်းတို့ ဘာရပ်လုပ်နေတာလဲ!"
‘ဒီကျွန်တွေက ပုံမှန်အားဖြင့် ရှီးယန်ရဲ့အမိန့်ကိုပဲ နာခံကြတယ်၊ သူတို့က အခုထက်ထိ သူမကို သခင်လို့ မသတ်မှတ်သေးဘူး။’
နောက်ဆုံးတွင် ကုယွင်က မနေနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်သည်။
"အခုသွားလည်း အလကားပဲ။ အခုနက ဧည့်သည်တွေထဲမှာ လို့လူကြီးမင်းရဲ့ တပည့်တွေနဲ့ လက်အောက်ငယ်သားတွေ ပါတာပဲလေ။ သူတို့က ဝန်ကြီးချုပ်အိမ်တော်ထဲ ရောက်နေတာတောင် ဘာလို့ ပြန်ထွက်သွားကြတာလဲ? အခု လို့ရှီးယန်က တိုင်းပြည်ပုန်ကန်မှုနဲ့ အကျဉ်းကျနေတာ။ ဒီအချိန်မှာ သူတို့ ကူညီချင်ရင်တောင် ဝန်ကြီးချုပ်အိမ်တော်မှာ ပြောင်ပြောင်တင်းတင်း စုဝေးဖို့ ဘယ်သူက လုပ်ရဲမှာတုန်း"
'အခု ချင်းက တန်ပြန်အစီအမံတွေ စဉ်းစားနေတာ ဖြစ်နိုင်တယ်၊ အဲဒါကို ဒီကြက်မအိုကြီးက လာပြီး ဆူညံပွက်လောရိုက်နေတာလား'
ကုယွင် ပြောသည်က အမှန်တရားပင်။ ရွှယ်ရှန်းရှင်းကလည်း အရူးမဟုတ်ပေ။ သို့သော် သူမ အလွန်အမင်း စိုးရိမ်နေသောကြောင့် ဗရုတ်သုတ်ခ ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ ကုယွင်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် သူမ ဘာမှမတတ်နိုင်ကြောင်း သိသွားခဲ့သည်။ သို့သော် သူမက မိန်းမပျိုလေးတစ်ဦး၏ ရှေ့တွင် အရှုံးမပေးချင်ပြန်ပေ။
ရွှယ်ရှန်းရှင်းက ကုယွင်ကို လက်ညှိုးထိုးပြီး ထပ်ပြောလာပြန်သည်။
"နင်က စစ်သူကြီးအိမ်တော်က လာတာမလား။ ဒီမှာ ဘာလာလုပ်နေတာလဲ?? ငါတို့ကို ရယ်စရာလို့ ထင်နေတာလား! အဲဒီသူခိုးတွေကို စစ်သူကြီးအိမ်တော်ကပဲ ခေါ်လာတာလို့ ငါ ထင်တယ်။ နင်တို့က သူခိုးတွေနဲ့ ပူးပေါင်းပြီး ရှီးယန်နဲ့ သခင်ကြီးကို ထောင်ချောက်ဆင်တာ မဟုတ်လား! အခု နင်က ကြောင်သူတော်ယောင်ဆောင်နေသေးတယ်ပေါ့?! ထွက်သွား! အခုချက်ချင်း ထွက်သွားစမ်း!!"
ထိုစူးရှသော အော်ဟစ်သံက တိတ်ဆိတ်ငြိမ်သက်နေသော ကျွော့ချင်းကို နှိုးဆွလိုက်သလို ဖြစ်သွားခဲ့သည်။ သူမက အေးစက်လှသော အသံဖြင့် ဟန့်တားလိုက်သည်။
"တော်တော့... ဒီလောက်ဆို လုံလောက်နေပြီ!"
ရွှယ်ရှန်းရှင်းတစ်ယောက် အလွန်ထိတ်လန့်သွားပြီး ပါးစပ်ပိတ်သွားသည်။ ကျွော့ချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရွှယ်ရှန်းရှင်းကို လှမ်းပြောလိုက်သည်။
"ရှင်လည်း ဒီနေ့ တစ်နေ့လုံး ပင်ပန်းနေပြီ၊ အရင်ပြန်ပြီး အနားယူလိုက်ပါ"
"အနားယူရမှာလား?!"
ရွှယ်ရှန်းရှင်းက ပြန်အော်လိုက်သည်။
"နင်က အခု အနားယူဖို့ စိတ်ကူးရှိနေသေးတာလား?! နင်က လူကောင်း မဟုတ်ဘူးဆိုတာ ငါ သိခဲ့သင့်တယ်။ နင်..."
ကျွော့ချင်းက ဆူညံသံများကို သည်းမခံနိုင်တော့သဖြင့် နားထင်ကို ဖွဖွလေး ပွတ်ရင်း ကျင်းစကို အမိန့်ပေးလိုက်သည်။
"ကျင်းစ... ဆူညံပွက်လောရိုက်နေတဲ့ ဒီအမျိုးသမီးကို သူ(မ) ပိုင်တဲ့နေရာ သွားပို့လိုက်။ သူ(မ) အသံကို ထပ်မကြားရစေနဲ့!"
"ဟုတ်ကဲ့!"
ကျင်းစက ဦးညွှတ်လိုက်ပြီး ရွှယ်ရှန်းရှင်း၏ လက်မောင်းကို ကိုင်ကာ ခန်းမထဲမှ အလွယ်တကူ ဆွဲထုတ်သွားသည်။
"နင်... နင်က ငါ့ကို ပုန်ကန်ရဲတယ်!! လွှတ်... လွှတ်စမ်း... ချင်းလင်... နင်က ကောင်းကင်ကြီးကို လက်တစ်ဖက်နဲ့ အုပ်ချင်နေတာလား? ငါ့ကိုလွှတ်..."
သူမ၏ အော်ဟစ်သံများက ဝေးသထက် ဝေးသွားသော်လည်း ကျွော့ချင်း၏ မျက်နှာကတော့ ပြန်မကောင်းလာသေးပေ။
လို့ရှီးဝူက တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း လှမ်းပြောလိုက်သည်။
"ယောင်းမ... ဒါဆို ငါလည်း အရင်ပြန်လိုက်ပါဦးမယ်"
“အင်း”
ကျွော့ချင်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
လို့ရှီးဝူက ကျွော့ချင်းကို ဆက်လက်အနှောင့်အယှက် မပြုဝံ့တော့ဘဲ ခန်းမကြီးထဲမှ သုတ်ခြေတင် ပြေးထွက်သွားသည်။
ကျွော့ချင်းက သူမ၏နားထင်ကို ဖိထားသော လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။ သူမ၏ မျက်နှာက ခဏတာအတွင်း ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီးနောက် အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
"မော့ပိုင်... ငါ့အတွက် တရားရုံးအရာရှိတွေရဲ့ ဆက်ဆံရေးစာရင်းကို သွားပြင်ဆင်ပေး။ တရားရုံးက ပဉ္စမအဆင့်အထက် အရာရှိတွေရဲ့ ရာထူးတွေ၊ သူတို့ရဲ့ ဂိုဏ်းခွဲတွေ၊ ပြီးတော့ လို့မိသားစုနဲ့ အကျိုးစီးပွားတူတဲ့သူတွေနဲ့ အတိုက်အခံတွေ... အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်သားပြီး မနက်ဖြန် မနက်စောစော ငါ့လက်ထဲ အရောက်ပေးပါ။ ဝန်ကြီးချုပ်အိမ်တော်အတွက် တတ်နိုင်သမျှ လူအင်အားအားလုံးကို အမြန်ဆုံး ပြန်စုစည်းရမယ်"
"ဟုတ်ကဲ့"
မော့ပိုင်က ကျွော့ချင်းကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ ပြတ်သားမှုကြောင့် သူ ဘာမှထပ်မမေးတော့ဘဲ တိတ်တဆိတ် ထွက်ခွာသွားသည်။
နောက်ဆုံးတွင် ခန်းမကြီးထဲ၌ ကျွော့ချင်းနှင့် ကုယွင် နှစ်ဦးတည်းသာ ကျန်ရစ်နေခဲ့သည်။
ကျွော့ချင်းက ဘေးဘက်ရှိ သစ်သားထိုင်ခုံဆီသို့ လျှောက်သွားနေပြီး သူမ၏လှုပ်ရှားမှုများက အလွန်နှေးကွေးလွန်းလှသဖြင့် တစ်စုံတစ်ယောက်ကသာ တွန်းလိုက်လျှင် လဲပြိုကျသွားတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။ နောက်ဆုံး သူမ ထိုင်ခုံပေါ် ထိုင်ချလိုက်ချိန်တွင် သူမ၏ မျက်လုံးများက မှေးမှိန်အုံမှိုင်းနေပြီး သူမ၏လက်များက ကုလားထိုင်လက်တန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ကုယွင်ကလည်း သူမကို ကြည့်နေရုံဖြင့် ကျွော့ချင်းတစ်ယောက် အတွင်းစိတ်ထဲ မည်မျှ တုန်လှုပ်နေသည်ကို မြင်နိုင်နေခဲ့သည်။
ကုယွင်က သူမဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ချင်း... နင် အဆင်ပြေရဲ့လား"
စောစောက သူတို့နှစ်ဦး အပြန်အလှန် ဂါရဝပြုနေသည့် မြင်ကွင်းက ကုယွင်ကို အလွန်ကြေကွဲစေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွော့ချင်းက လို့ရှီးယန်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ မည်မျှ နက်ရှိုင်းသည်ကို သူမ သိလိုက်ရသည်။ မူလက ပျော်ရွှင်စရာ အကောင်းဆုံးနေ့ ဖြစ်သင့်သော်လည်း ယခုတော့ ဆောက်တည်ရာမရ ဖြစ်နေရချေပြီ။
ကုယွင်က ကျွော့ချင်း၏ အေးစက်နေသော လက်ချောင်းလေးများကို ဆုပ်ကိုင်လျက် နှစ်သိမ့်ပေးချင်သော်လည်း ဘာပြောရမည်မှန်း မသိဘဲ သက်ပြင်းရှည်ရှည်သာ ချနေမိသည်။
"ငါ... အနောက်မြောက်က သူခိုးတွေ ပြောသလောက်နဲ့ လို့ရှီးယန်ကို ဒုက္ခပေးနိုင်မယ့် အထောက်အထား ခိုင်ခိုင်လုံလုံ ရှိမှာမဟုတ်ဘူးလို့ ထင်တယ်။ သိပ်စိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ"
ကုယွင်ကိုယ်တိုင်လည်း ဤစကားက အားပေးစကားသက်သက်သာ ဖြစ်ကြောင်း သိနေခဲ့သည်။ လို့ရှီးယန်၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မှသာ ကျွော့ချင်းအတွက် အစစ်အမှန် ကူညီရာရောက်မည် ဖြစ်သည်။
ကျွော့ချင်းက တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။ အပြင်ဘက်မှ နေရောင်ခြည်က ပူပြင်းနေသော်လည်း သူမ၏ လက်နှင့်ခြေများကတော့ ရေခဲကဲ့သို့ အေးစက်နေသည်။ သူမတို့နှစ်ယောက် သူမ၏နေရာမဟုတ်၊ သူမတို့၏အချိန်မဟုတ်သော သူစိမ်းများ၏ ပြင်ပကမ္ဘာသစ်သို့ ရောက်လာခဲ့သည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်သည်။ သို့သော် အခြေခံအားဖြင့် သူမက ကိုယ်ပိုင်စိတ်နေစိတ်ထားနှင့် ကိုယ့်နည်းကိုယ်အတိုင်း ပြုမူနေထိုင်နိုင်ကာ သူမ ဝါသနာပါရာကိုသာ စိတ်လွတ်ကိုယ်လွတ်လုပ်နေခဲ့ခြင်း ဖြစ်သည်။ ဤနေရာက သူမအတွက် နေထိုင်ရန် သက်တောင့်သက်သာရှိသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ထိုအရာများက လို့ရှီးယန် သူမကို သည်းခံပေးပြီး အကာအကွယ်ပေးထားသောကြောင့် သူမ လွတ်လွတ်လပ်လပ်နှင့် သက်တောင့်သက်သာ နေထိုင်နိုင်ခဲ့ခြင်းပင်။ သူမက သူ့၏တိတ်တိတ်ဆိတ်ဆိတ် အလိုလိုက်မှုနှင့် အကာအကွယ်များကို ကျင့်သားရနေခဲ့ပြီး သူ့အတောင်ပံတွေအောက်၌ လွပ်လပ်ပေါ့်ပါးစွာ ပျော်ရွှင်နေခဲ့သည်။ သို့သော် ယခု သူ သူမနှင့် ဝေးရာသို့ ထွက်ခွာတော့မသည့် အချိန်တွင် သူမ အလွန်ကြောက်လန့်နေမိသည်။
‘ဒါက အနှစ်(၂၀)ကျော်အတွင်း သူမ မကြုံဖူးတဲ့ အရာတစ်ခုပါပဲ။ တကယ်တော့ သူမက သူ့ကို ဆုံးရှုံးရမှာကြောက်လို့ သူ့ကို လက်ထပ်ချင်ခဲ့တာပါ။ ဒါကို အချစ်လို့ ယူဆနိုင်မလားဆိုတာကို သူမ မသိခဲ့ပါဘူး၊ ဒါပေမယ့် သူမက သူနဲ့အတူ နေထိုင်ပြီး သူနဲ့အတူ သေဖို့ ဆန္ဒရှိနေခဲ့ပြီး သူ့ကို ဘယ်တော့မှ ထားမသွားနိုင်တော့ဘူးဆိုတာ သူမ သေသေချာချာ သိလိုက်ရတယ်’
ကျွော့ချင်းက ဤပဒေသရာဇ်စနစ်မှ အာဏာ၏ အရေးပါမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ကို နားလည်နေခဲ့သော်လည်း ပါဝင်ပတ်သတ်ရန် သို့မဟုတ် ရင်ဆိုင်ရန် ဆန္ဒမရှိခဲ့ပေ။ သူမ ရေနစ်သေဆုံးလုအချိန်တွင်ပင် သူမ ၎င်းကို ရင်ဆိုင်ရန် မလိုလားခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူမ အာဏာနှင့် ပတ်သတ်ပြီး အနှိုင်းမဲ့နားလည်လာကာ ထိုအရာကို အရမ်းလိုအပ်နေခဲ့ပြီ ဖြစ်သည်။
ရှီးယန်၊ ဒီတိုက်ပွဲကို အနိုင်တိုက်ဖို့ ကျွန်မ ရှင်နဲ့အတူ ရှိနေပါ့မယ်.....