အခန်း (၁၀၇-၁၀၈)
Vol. 10 Ch. 107-108
အခန်း ၁၀၇ - အခွင့်ကောင်းယူနိုင်သည့် အခွင့်အရေးတစ်ခု
ညအချိန်...
လရောင်ရှိနေသော်လည်း ကြယ်များက ခပ်ကျဲကျဲသာ တောက်ပနေသည်။ အိမ်ဝင်းအတွင်းရှိ သစ်ပင်များနှင့် ကျောက်တောင်တုများကို ဝေဝါးစွာ မြင်နေရသော်လည်း မဖယ်ရှားရသေးသော အနီရောင် ပိုးမီးပုံးများကြောင့် ခြံဝင်းတစ်ခုလုံးတွင် အနီရောင်ဖျော့ဖျော့ အလင်းများ လွှမ်းမိုးနေသည်။ ထိုအနီရောင်များက မင်္ဂလာအငွေ့အသက်ထက် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုနှင့် အေးစက်တိတ်ဆိတ်မှုကိုသာ ပိုမိုထင်ဟပ်စေသည်။ အင်းဆက်များ၏ အသံနှင့် ညလေညင်းကတော့ ပုံမှန်အတိုင်းပင်။ ပြောင်းလဲသွားသည်က မြင်ကွင်းကို ကြည့်နေသူ၏ နှလုံးသားသာ ဖြစ်သည်။
အိမ်တော်မှ အစေခံများက ပင်မခန်းမဆောင်အတွင်းမှ သခင်မအသစ်ကို မနှောင့်ယှက်ဝံ့ကြဘဲ ခန်းမအပြင်ဘက်တွင်သာ မီးပုံးနှစ်လုံး ထွန်းပေးထားကြသည်။ ခန်းမ၏ အလင်းရောင်ဖျော့ဖျော့အောက်၌ ကျွော့ချင်းက နေ့လယ်ကတည်းက ထိုင်နေသော ပုံစံအတိုင်း မလှုပ်မယှက် ရှိနေဆဲပင်။ သူမ ထိုင်နေသည်မှာ အကြာကြီး ရှိနေကြောင်းကို သူမ သိနေသော်လည်း မလှုပ်ရှားချင်သေးပေ။
ခပ်ဖွဖွ ခြေသံများနှင့်အတူ သွယ်လျသော အရိပ်တစ်ခု ရောက်လာပြီး လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"တစ်ခုခု အရင်စားလိုက်ပါဦး"
စကားသံဆုံးသည်နှင့် သူက အသားပါဝင်သော ယာဂုနွေးနွေးတစ်ပန်းကန်ကို သူမလက်ထဲသို့ အသာအယာ ထည့်ပေးလိုက်သည်။ ကျွော့ချင်း ခေါင်းမော့ကြည့်လိုက်ရာ နတ်သားလေးတစ်ပါးကဲ့သို့ ဖြူစင်သောအသွင်ရှိသည့် မျက်နှာလေးတစ်ခုကို တွေ့လိုက်ရသည်။ သို့သော် သူ၏မျက်နှာတွင် အရင်ရက်များကလို ဆော့ကစားချင်သော အမူအရာများ မရှိတော့ဘဲ စိုးရိမ်ပူပန်မှုများသာ ပြည့်နှက်နေသည်။
"ဘာလို့ ထွက်မသွားသေးတာလဲ"
ရောက်လာတဲ့လူကို ရှင်းရှင်းလင်းလင်း မြင်ပြီးတဲ့နောက် ကျွော့ချင်းက တိုးတိုးလေး မေးလိုက်သည်။
‘သူ ထွက်သွားသင့်သည်တာ ကြာပြီမဟုတ်ဘူးလား’
"သွားရမယ်?"
ပိုင်ရိက မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။
"ငါက ဘယ်ကို သွားရမှာလဲ"
ကျွော့ချင်းက ယာဂုပန်းကန်ကို စားပွဲပေါ်တင်ရင်း ပြန်ဖြေလိုက်သည်။
"လူကြီးလူကောင်းတစ်ယောက်က အန္တရာယ်ရှိတဲ့ တံတိုင်းရဲ့နောက်ကွယ်မှာ ရပ်မနေသင့်ဘူး။ မင်းက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားတစ်ယောက်အနေနဲ့ ဒီအမှန်တရားကို ပိုသိသင့်တယ်။ လက်ရှိ ဝန်ကြီးချုပ်အိမ်တော်က မင်း နေဖို့ မသင့်တော်တော့ဘူး... ထွက်သွားတော့"
"နံရံက အန္တရာယ်ရှိရှိ၊ မရှိရှိ ငါ ဂရုမစိုက်ဘူး!"
ပိုင်ရိက စိတ်လှုပ်ရှားဟန်ဖြင့် အော်လိုက်ပြီး ယောက်ျားနှင့် မိန်းမကြားမှ ကွာခြားချက်များကို ဂရုမစိုက်တော့ဘဲ ကျွော့ချင်း၏လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"လို့ဝန်ကြီးချုပ်က ဘယ်လိုလုပ် ပုန်ကန်မှာလဲ။ သေချာတာကတော့ သူ့ကို ဆန့်ကျင်ချင်နေတဲ့ တစ်စုံတစ်ယောက်ရှိနိုင်တယ်။ အဲ့လူက သူ့ကို ထောင်ချောက်ဆင်ထားတာ ဖြစ်နိုင်တယ်! ဝန်ကြီးချုပ်အိမ်တော် အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ငါက မင်းကို ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး! စိတ်မပူပါနဲ့၊ ငါက တိုင်းပြည်ရဲ့အမွေခံမင်းသားတစ်ယောက်ပါ။ အခု ဝန်ကြီးချုပ်က ဒီမှာ မရှိဘူး၊ ငါ မင်းကို ကာကွယ်ပေးမယ်!"
ပိုင်ရိ၏ လက်ချောင်းလေးများက ပါးလွှာနေသော်လည်း နွေးထွေးနေသည်။ ကျွော့ချင်းက သူမလက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ကောင်းပြီ... မင်းရဲ့ စေတနာကို ငါ လက်ခံပါတယ်။ ဒါပေမဲ့ မြန်မြန် ထွက်သွားတော့"
ဆယ်ကျော်သက်အရွယ် တိုင်းတစ်ပါးမင်းသားလေးက သူမကို ကာကွယ်ပေးမည်ဟု ပြောနေခြင်းက သူမအတွက် ရယ်စရာကောင်းနေသော်လည်း သူ၏ ရည်ရွယ်ချက်ကောင်းအတွက်တော့ ကျွော့ချင်း ကျေးဇူးတင်နေမိသည်။
"ငါ မသွားဘူး!"
သူက ကလေးတစ်ယောက်လို ဂျစ်တိုက်နေပြီး ကျွော့ချင်း၏ ခြေရင်းတွင် ထိုင်ချလိုက်သည်။
" ငါ ထွက်သွားမှာမဟုတ်ဘူး၊ မင်းကို ကူညီဖို့ ငါ နည်းလမ်းရှာနိုင်တယ်၊ ဝန်ကြီးချုပ်အပေါ်မှာ ရှိနေတဲ့ သံသယတွေကို ဆေးကြောပေးပြီး သူ့ရဲ့အပြစ်ကင်းစင်မှုကို ရှာဖွေပေးမယ်!"
"မင်း?!"
သူ၏ ကလေးဆန်သော အပြုအမူက ကျွော့ချင်းကို အံ့အားသင့်သွားစေသည်။
‘အမှန်တော့ သူက မင်းသားတစ်ပါးဖြစ်ပြီး ဒီလို မိုက်မဲတဲ့အရာတွေကို ဘယ်လို လုပ်နိုင်တာလဲ? သူမက သူမအတွက် ဘယ်သူကိုမှ ဒုက္ခရောက်စေမှာ မဟုတ်ပါဘူး!’
ကျွော့ချင်းနှင့် ပိုင်ရိတို့ တစ်ဦးကို တစ်ဦး အချိန်အတော်ကြာအောင် စိုက်ကြည့်နေကြသည်။ နောက်ဆုံးတွင် ပိုင်ရိက အလျှော့ပေးသည့်အနေဖြင့် သူမအနားသို့ တိုးကပ်လာပြီး လျှို့ဝှက်ဟန်ဖြင့် ခပ်တိုးတိုး ပြောလာခဲ့သည်။
"မင်း ငါ့ကို လျှော့မတွက်ပါနဲ့။ ငါ စုံစမ်းဖို့ လူလွှတ်ထားပြီးသားပါ။ ငါ ဘာတွေ့ခဲ့လဲ သိလား? မင်း မှန်းကြည့်ပါဦး"
“ဘာလဲ”
ကျွော့ချင်းက စိတ်မပါဟန်ဖြင့် ပြန်မေးလိုက်သည်။
‘တစ်နေ့လည်ခင်းနဲ့ ညတစ်ဝက်လောက်မှာ သူ တစ်ခုခုကို ရှာတွေ့နိုင်မယ်လို့ သူမ လုံးဝ မယုံနိုင်ဘူး”
ပိုင်ရိက သူ့အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ဂုဏ်ယူစွာ ထုတ်လိုက်ပြီး ကျွော့ချင်းကို လှမ်းပေးလိုက်သည်။ ကျွော့ချင်း ဖွင့်ကြည့်လိုက်သည့်အခါ ၎င်းက သူပုန်များကို စစ်ဆေးမေးမြန်းထားသည့် စစ်ကြောရေးမှတ်တမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရက်စွဲအရ ဤစစ်ဆေးမှုက သူပုန်များ မြို့တော်သို့ မရောက်ရှိမီကပင် ပြုလုပ်ထားခြင်းဖြစ်သည်။
ကျွော့ချင်းက သူ့ကို ပြန်ကြည့်လိုက်ချိန်တွင် ပိုင်ရိက ကျေနပ်သွားပြီး လက်ပိုက်လိုက်ကာ ပြတ်ပြတ်သားသား ခွဲခြမ်းစိတ်ဖြာပြနေသည်။
"စုမိသားစုစစ်တပ်က သူပုန်တွေကို ဖမ်းမိခဲ့ပြီး သူတို့ တစ်ခါတည်း စစ်ဆေးမေးမြန်းပြီးသွားပြီ။ အဲဒီတုန်းက သူတို့က သူတို့နဲ့ ပူးပေါင်းခဲ့တာက ဘဏ္ဍာတိုက်ကို ဖွင့်ပေးခဲ့တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အခွန်ဌာနလို့ ပြောပြီး ဝန်ခံချက်မှာ လက်မှတ်ရေထိုးထားပြီးသွားပြီ၊ သူတို့အားလုံးကို ပြန်ခေါ်ဆောင်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ စစ်သူကြီးအိမ်တော်က လူတွေက လွဲရင် ဘယ်သူမှ သူတို့နားကို မချဥ်းကပ်နိုင်ဘူး။ မမျှော်လင့်ဘဲ မှုခင်းဌာနကို ရောက်တော့ သူတို့က နောက်ကွယ်က ကြိုးကိုင်တဲ့သူက လို့စစ်သူကြီးနဲ့ သူ့သားလို့ ပြောနေတယ်၊ အဲ့တာက မထူးဆန်းဘူးလား?? ဘာလို့ သူ့တို့က ဝန်ကြီးချုပ်လို့ကို ချောက်ချနေတာလဲ?? တစ်ယောက်ယောက်က သူတို့ ဒီလိုလုပ်ဖို့ လှုံ့ဆော်ခဲ့တာဖြစ်မယ်"
ကျွော့ချင်းက ပိုင်ရိ၏ နုပျိုသောမျက်နှာကို စူးစိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။
"မင်း ဒါတွေကို ဘယ်ကရလာတာလဲ"
‘ဒီလိုပစ္စည်းမျိုးက တရားရေးဌာနမှာပဲဖြစ်ဖြစ်၊ စစ်သူကြီးအိမ်တော်မှာဘဲ ဖြစ်ဖြစ် ရှိနေသင့်တဲ့အရာပါ။ တိုင်းတစ်ပါးက မင်းသားတစ်ပါးက အဲ့တာကို အချိန်တိုလေးအတွင်းမှာ ဘယ်လိုရလာနိုင်တာလဲ??? ဒါမှမဟုတ် သူမ သူ့ကိုအရမ်းလျှော့တွက်ခဲ့မိပြီလား?? ဒီအရာအားလုံးက သူနဲ့ပတ်သတ်နေတာလား??!’
ကျွော့ချင်း၏ သံသယမျက်လုံးများကို ရင်ဆိုင်လိုက်ရသော်လည်း ပိုင်ရိကတော့ အရိပ်အကဲမသိဟန်ဖြင့် ချီးကျူးခံချင်သည့် ကလေးတစ်ယောက်လို မျက်လုံးများ တောက်ပနေသည်။
"ဟုတ်တယ်... ငါ့မှာ နည်းလမ်းရှိတာပေါ့။ အခု ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိပြီမလား? ငါ မင်းကို ကာကွယ်ပေးနိုင်တယ်လို့ ပြောတာကို မင်းက မယုံဘူး!"
ကျွော့ချင်းက သူမ၏လက်ထဲမှ သာမာန်လူတို့ ထိတွေ့နိုင်ရန် ခက်ခဲသော တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။ ထိုအရာများက သူမရှေ့မှ ကောင်လေးကို လျှော့မတွက်မိစေရန် သတိပေးနေသည်။ သို့သော်လည်း သူ၏ ဖြူစင်လှသော မျက်နှာထားကြောင့် သူမ အစိုးရိမ်လွန်နေသည်ဟုလည်း ခံစားရပြန်သည်။
‘သူ တကယ်ပဲ သူမကို ကူညီချင်နေတာဖြစ်နိုင်သလို ဒီအချက်အလက်တွေ ယူလာတာကလည်း သူမကို ကူညီချင်တာကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သေချာတာကတော့ လျောင်ယွဲ့က တစ်စုံတစ်ယောက်က တော်ဝင်ရုံးတော်တွေရဲ့ အရေးကြီးတဲ့နေရာမှာ ပုန်းနေနိုင်ခဲ့ပြီ။’
သူက သူ၏သူလျှိုများ ဖော်ထုတ်ခံရမည်ကိုပင် ဂရုမစိုက်ဘဲ သူမကို ကူညီရန် စုံစမ်းရေးမှတ်တမ်းများ ပြသခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တွေးမိသောအခါ ကျွော့ချင်းက သူမဘေးမှ ကောင်လေးကို ပို၍ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ပိုင်ရိ၏ စကားများကို ပြန်တွေးရင်း ကျွော့ချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"မင်းပြောချင်တာက ရှီးယန်ကို ဒီလိုကျဥ်းထဲကျပ်ထဲ တွန်းပို့တာက စုလင်းလို့ ဆိုလိုတာလား? မဖြစ်နိုင်ဘူး... စုလင်းက အဲဒီလိုလူမျိုး မဟုတ်ဘူး!"
ပိုင်ရိက နှုတ်ခမ်းစူကာ ထပ်ပြောလာပြန်သည်။
"ငါက စစ်သူကြီးစုလို့ တိုက်ရိုက်မပြောပါဘူး၊ ဒါပေမယ့် သူက သံသယအရှိသင့်ဆုံးလူလို့တော့ ပြောလို့ ရတယ်"
လက်ရှိ အခြေအနေအရ သက်သေအထောက်အထားများက စုလင်းဘက်သို့ ဦးတည်နေသဖြင့် ကျွော့ချင်းအနေဖြင့်လည်း ပိုင်ရိ၏ စကားကို အားတက်သရော မငြင်းဆိုနိုင်တော့ပေ။
ကျွော့ချင်းက မငြင်းတော့သောကြောင့် ပိုင်ရိက ကြမ်းပြင်ပေါ်တွင် ရိုးရိုးတင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ့ဘာသာသူ အားတက်သရော ခွဲခြမ်းစိတ်ဖြာနေပြန်သည်။
"အခု အရေးကြီးဆုံးက သစ္စာဖောက်တွေက လူကောင်းဖြစ်တဲ့ ဝန်ကြီးချုပ်လို့ကို လိမ်ညာစွပ်စွဲနေတာဆိုတာကို ဘယ်လို သက်သေပြမလဲဆိုတာပဲ။ သူက မှားယွင်းစွပ်စွဲခံရသူဖြစ်ကြောင်း သက်သေပြနိုင်သရွေ့ သူ့ကို တော်ဝင်အကျဉ်းထောင်ထဲကနေ အရင်ထုတ်ပေးလို့ရမယ်။ နောက်ကွယ်က လက်မည်းက ဘယ်သူလဲဆိုတာကိုတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ထွက်လာပြီးမှ စုံစမ်းစစ်ဆေးတာက ပိုသင့်လျော်လိမ့်မယ်။ သူက အရမ်းပညာရှိပြီး ဘက်စုံထူးချွန်တဲ့သူဆိုတော့ ငါတို့ထက် ပိုကောင်းတဲ့ နည်းဗျူဟာတွေကို တွေးနိုင်မှာပေါ့!"
ကျွော့ချင်းက ပင်ပန်းနွမ်းနယ်နေသည့်ပုံစံဖြင့် ခေါင်းကို လေးလေးပင်ပင် ခါယမ်းပြရင်း ညည်းတွားလိုက်သည်။
"ပြောရတာက လုပ်ရတာထက် ပိုလွယ်တယ်!"
ပိုင်ရိ ပြောနေသည့်အကြောင်းအရာကို သူမ နားလည်နေသော်လည်း လို့ရှီးယန် ရင်ဆိုင်နေရသည်က 'တိုင်းပြည်အပေါ်သစ္စာဖောက်မှု' ဖြစ်သည်။ ၎င်းက ခေတ်အဆက်ဆက်တွင် အပြင်းထန်ဆုံး ရာဇဝတ်မှု ဖြစ်နေသလို သူ့ကို အကွက်ချ ချောက်ချခဲ့သူကလည်း သူတို့ ပြန်လည်အခွင့်ကောင်းယူနိုင်မည့် ဟာကွက်မျိုး လွယ်လွယ်နှင့် ချန်ထားခဲ့မည် မဟုတ်ပေ။
ပိုင်ရိက ကျွော့ချင်းကို သူ့အနားတိုးလာရန် လက်ဟန်ဖြင့် ဝှေ့ယမ်းပြလိုက်သည်။
"ဒါက တကယ်တော့ မခက်ပါဘူး"
မခက်ဘူးလား?!
ကျွော့ချင်းက သူမရှေ့မှ ထူးဆန်းသော ကောင်လေးကို စိတ်ရှုပ်စွာ စိုက်ကြည့်လိုက်ပြန်သည်။ သူမ သံသယဖြစ်နေသော်လည်း ခန္ဓာကိုယ်ကတော့ အလိုအလျောက် သူ့အနားသို့ ငုံ့သွားမိသည်။
ပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိကြောင်း သေချာအောင် ကြည့်ပြီးနောက် ပိုင်ရိက ကျွော့ချင်း၏ နားနားကပ်ကာ တိုးတိုးလေး ပြောလာခဲ့သည်။
"သူပုန်တွေကို စစ်သူကြီးစုက ဝန်ကြီးချုပ်လို့ကို လိမ်ညာစွပ်စွဲဖို့ အမိန့်ပေးထားတယ်ဆိုတဲ့ သက်သေတချို့ကို တင်ပြနိုင်ရင် ရပြီလေ။ အဲဒါကို အတုလုပ်ရင်တောင် ငါတို့လုပ်တယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ဝန်ကြီးချုပ်လို့ ထွက်လာတဲ့အခါ သေသေချာချာ ပြန်စုံစမ်းလိုက်ရင် နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ သဘာဝကျကျ သိလာမှာပဲ။ ဘာပဲဖြစ်ဖြစ် သူ့နာမည်ကို အရင်ရှင်းရမယ်!"
"မရဘူး!"
ကျွော့ချင်းက လန့်အော်လိုက်ပြီး ပိုင်ရိကို စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒါက တခြားသူကို ပြန်ပြီး ချောက်ချတဲ့အလုပ်ပဲ!!"
ပိုင်ရိက သူ့မျက်နှာကို ငုံ့ထားရင်း ပြန်ပြောလိုက်သည်။
"တခြားသူတွေက ဝန်ကြီးချုပ်လို့ကို အရင်ချောက်ချတာလေ။ သူတို့က အထောက်အထားအတုတွေ သုံးခဲ့တယ်၊ ငါတို့ကျတော့ ဘာလို့ မရမှာလဲ? ဒါက သင့်တော်တဲ့ တန်ပြန်စီမံချက်ပဲ။ ဘာပဲဖြစ်ဖြစ် လူတွေကို အရင်ကယ်ကြမယ်၊အဲ့ဒါက အရေးကြီးဆုံးပဲ!!"
ကျွော့ချင်းတစ်ယောက် ဒေါသထွက်နေလေသည်။ အကယ်၍ သူမသာ ထိုသို့လုပ်ခဲ့လျှင် သူမနှင့် လို့ရှီးယန်ကို ချောက်ချခဲ့သော လူယုတ်မာများနှင့် ကွာခြားတော့မည် မဟုတ်ပေ။ ထို့အပြင် စုလင်းက ရိုးသားဖြောင့်မတ်သူ ဖြစ်ကြောင်း သူမ ယုံကြည်နေသည်။
ကျွော့ချင်းက မကျေမနပ်ဖြင့် ပိုင်ရိ၏ ခေါင်းကို ပုတ်ကာ ပြန်ပြောလိုက်သည်။
"မင်းက ကလေးပဲ ရှိသေးတာ၊ ဒီလိုမျိုးတွေကို ကလေးကစားစရာလို့ ထင်နေတာလား??"
ပိုင်ရိက အရိုက်ခံရသော ဦးခေါင်းကို ပြန်ပွတ်ရင်း မကျေမနပ် ခံပြောနေပြန်သည်။
"အဲဒါကို ကလေးကစားစရာလို့ မမှတ်ပါဘူး။ ဒါကို ‘အရှေ့ကနေ အယောင်ပြပြီး အနောက်က တိုက်ခိုက်တယ်' လို့ ခေါ်တယ်။ ငါတို့က လူတွေကို နည်းနည်းလောက် ရှုပ်ထွေးသွားအောင် လုပ်ရုံပါပဲ။ စစ်သူကြီးစုအပေါ်မှာ အများကြီး သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ငါတို့က လို့လူကြီးမင်း ချောက်ချခံရတာဆိုတဲ့ သက်သေကိုပဲ လုပ်ဖို့ လိုတာ။ အဲဒါဆိုရင် သူတို့ရဲ့ ဟာကွက်တွေက အလိုလို ပေါ်လာလိမ့်မယ်။ အဲဒါက မကောင်းဘူးလား?"
ကျွော့ချင်းတစ်ယောက် သူမရှေ့မှ ခေါင်းမာသော ကောင်လေးကို ကြည့်ရင်း ဘာပြောရမှန်း မသိတော့ဘဲ ခေါင်းကိုက်လာပြန်သည်။ ယခုအချိန်တွင် သူမ၏ ခေါင်းထဲ၌ နာကျင်မှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသဖြင့် နားထင်ကို ပြန်ပွတ်နေမိသည်။ ကျွော့ချင်းက စိတ်မရှည်စွာဖြင့် ပိုင်ရိကို လက်ယမ်းပြလိုက်ပြီး ထပ်ပြောလိုက်သည်။
"ထားလိုက်ပါတော့... မင်း အရင်ထွက်သွားပေးဦး။ ငါ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်"
"အိုး..."
သူမ၏ နာကျင်နေသော အကြည့်ကို မြင်ရသောကြေင့် ပိုင်ရိက မခံမရပ်နိုင် ဖြစ်သွားပုံရသည်။ သူက ကြမ်းပြင်ပေါ်မှ ထရပ်ကာ အဝတ်အစားများကို ပုတ်ခါလိုက်ပြီး တံခါးအပြင်သို့ ထွက်သွားရင်း မမေ့မလျော့ မှာသွားသေးသည်။
"စားဖို့လည်း သတိရဦးနော်"
ကျွော့ချင်းက သူမ၏ မျက်လုံးများကို မှိတ်ချလိုက်ရင်း တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
"အင်း..."
နောက်ဆုံးတွင် ပိုင်ရိ၏ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားကာ မှိန်ဖျော့သွားခဲ့သည်။ ထိုအခါမှ ကျွော့ချင်းက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။ သူမက သူမလက်ထဲရှိ စုံစမ်းရေးမှတ်တမ်းကို စိုက်ကြည့်နေရင်း သူမ၏ မျက်နှာက ပို၍ နီမြန်းလာပြီး ပိုတင်းမာလာခဲ့သည်။
တစ်ဖက်တွင်မူ ဝန်ကြီးချုပ်အိမ်တော်၏ အဝေးဆုံး ခန်းမဆောင်ဆီသို့ လျှောက်သွားနေသော ပိုင်ရိ၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်နေသည်။ နက်မှောင်ပြီး သန်မာသော အရိပ်တစ်ခုက သူ့အနောက်မှ တစ်လျှောက်လုံး လိုက်ပါလာသည်။ ထိုလူကြီးက စကားပြောလိုသော်လည်း တွန့်ဆုတ်နေပုံရသည်။ ပိုင်ရိက စိတ်ကြည်လင်နေပုံရပြီး နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်ကာ လှမ်းမေးလိုက်သည်။
"ဘာကိစ္စလဲ?"
ထိုလူကြီးက ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဦးညွှတ်ကာ ရိုသေသမှုဖြင့် မေးခွန်းထုတ်လိုက်သည်။
"သခင်... ဒီငယ်သား သတ္တိရှိရှိ မေးမြန်းမိတာကို ခွင့်လွှတ်ပါ။ သခင်က ဘာလို့ လို့ရှီးယန်ကို ကူညီချင်နေရတာလဲ။ သခင်က လျောင်ယွဲ့ပြည်နဲ့ သဘောထားကွဲလွဲခံပြီး ဒီလို ကိစ္စမျိုးကို ပါဝင်ပတ်သက်မလို့လား?"
ထိုမှတ်တမ်းများကို ချင်းလင်ထံသို့ ပေးလိုက်ခြင်းက ချုံယွဲ့ပြည်ထောင်အတွင်း၌ လျောင်ယွဲ့၏ လျှို့ဝှက်သတင်းကွန်ရက် ရှိနေကြောင်းကို ထုတ်ဖော်ပြသလိုက်သလို ဖြစ်နေလေသည်။ သူ့သခင်က အကျင့်ပျက်မှုများနှင့် လျှို့ဝှက်ကြံစည်မှုများကို နားလည်နိုင်သောသူ ဖြစ်သည်။ သခင်ဖြစ်သူ၏ အစီအမံများကို သူ နားလည်နိုင်သော်လည်း ယခုတစ်ကြိမ်မှာမူ လျောင်ယွဲ့ပြည်တစ်ခုလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသဖြင့် သူ မေးမြန်းရခြင်း ဖြစ်သည်။
ပိုင်ရိက ဤမေးခွန်းကို ကြိုတင်မှန်းဆထားပုံရသဖြင့် မအံ့သြဘဲ ထိုလူကြီးကို ပြုံးပြလိုက်သည်။
"လို့ရှီးယန် ဒါမှမဟုတ် စုလင်း... သူတို့နှစ်ယောက်ထဲက ဘယ်သူက လျောင်ယွဲ့ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်လာမယ်လို့ မင်း ထင်လဲ?"
ထိုလူကြီးက ထိတ်လန့်သွားသော်လည်း လေးလေးနက်နက် စဉ်းစားပြီးမှ ပြန်ဖြေသည်။
"လို့ရှီးယန်က ဉာဏ်ရည်ထက်မြက်တယ်၊ စုလင်းက ရဲရင့်ပြီး တိုက်ရည်ခိုက်ရည်ကောင်းတယ်၊ သူတို့နှစ်ယောက်လုံးမှာ ကိုယ်စီအရည်အချင်းရှိပေမယ့် လျောင်ယွဲ့အတွက် ခြိမ်းခြောက်မှုအရှိဆုံးကတော့ စုလင်းက ပိုပြီး ဖြစ်နိုင်တယ်"
စုမိသားစု၏ စစ်တပ်က ယုတ္တိကင်းမဲ့လောက်သည်အထိ အလွန်တရာ အင်အားကြီးမားလှသည်။ ချုံယွဲ့ပြည်ထောင်ကို အခြားတိုင်းပြည်များ မတွန်းလှန်ရဲခြင်း၏ အဓိကအကြောင်းရင်းမှာ စုလင်းပင် ဖြစ်သည်။
(T/N: အခုတောင် စုလင်းကို အဲ့လောက်ကြောက်ရတယ်ပေါ့၊ စုသခင်မက စစ်သူကြီးအိမ်တော်ကို အာဏာသိမ်းတာအောင်မြင်သွားတဲ့တစ်နေ့ ရန်သွားစမိရင်တော့ နင်တို့ ကိုယ့်သေတွင်း ကိုယ်တူးပြီဘဲ)
ပိုင်ရိက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ လရောင်အောက်မှ သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် အရိပ်က တစ်မျိုးတစ်ဖုံ ထူးခြားနေပြီး သန်မာသည့် ခန္ဓာကိုယ်ကြီးကို ဖုံးကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ သူ သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ သူ့မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ပေါ်လာပြီး သူ့နှုတ်ခမ်းထောင့်များက ဆန်းပြားစွာ ကွေးညွှတ်နေသည်။ ၎င်းက ဘေးမှ လူကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
"စုလင်းက လျောင်ယွဲ့နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ သတင်းတွေသာ ထွက်လာရင် ဘာဖြစ်သွားမလဲ? နှစ်နိုင်ငံ စစ်ဖြစ်လာရင်ရော? နောင်အနာဂတ်မှာ ယန်းဟုန်ထျန်းက လျောင်ယွဲ့ကို တိုက်ခိုက်ဖို့ စုမိသားစုစစ်တပ်ကို စိတ်ချလက်ချ စေလွှတ်ဝံ့ပါဦးမလား? စုလင်း ဘက်ပြောင်းသွားမှာကို သူ မကြောက်ဘဲ နေမလား? ဒီနေ့ သက်သေအထောက်အထားတွေ မလုံလောက်ရင်တောင် ယန်းဟုန်ထျန်းရဲ့ နှလုံးသားထဲကို သံသယမျိုးစေ့တွေ စိုက်ဖို့တော့ လုံလောက်နေပြီ။ ဘယ်ဘုရင်ကမှ သံသယကင်းတယ်ဆိုတာ မရှိဘူး"
ပိုင်ရိက ဆက်ပြောနေပြန်သည်။
"အဆုံးကျရင်တော့ ယန်းဟုန်ထျန်းက ချုံယွဲ့ပြည်ထောင် ဟန်ချက်ညီအောင် ပြန်ကြိုးစားလိမ့်မယ်။ ဒါပေမယ့် ဝန်ကြီးချုပ်အိမ်တော်နဲ့ စစ်သူကြီးအိမ်တော်ကတော့ အပြန်အလှန် ဆန့်ကျင်ကြတော့မှာ အသေအချာပဲ။ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေ တစ်ညီတစ်ညွတ်တည်း ပြန်ဖြစ်ဖို့ဆိုတာ မလွယ်တော့ဘူး။ အဲဒီအချိန်ကျရင် ငါတို့ လျောင်ယွဲ့က ချုံယွဲ့ကို ရင်ဘောင်တန်းနိုင်ပြီလေ... မဟုတ်ဘူးလား?"
တိတ်ဆိတ်သော ညတွင် ထိုပြတ်သားသောအသံက လူကြီး၏နားထဲသို့ တိုးဝင်သွားသည်။ သူက တိတ်တဆိတ် တံတွေးမျိုချလိုက်ပြီး လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုး မိုက်မဲမိပါတယ်။ သခင်က အမြော်အမြင် ကြီးမားလှပါပေတယ်။ ဒါပေမယ့်... လို့သခင်မက စုလင်းကို ချောက်ချတဲ့နေရာမှာ ပူးပေါင်းပါ့မလား၊ သူ(မ)က မိုက်မဲတဲ့သူ မဟုတ်ဘူးလို့ ထင်ရတယ်"
သူမက မိုက်မဲသူ မဟုတ်သော်လည်း ယခုအချိန်တွင်တော့ သူမက အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေမှာ သေချာနေသည်။
ပိုင်ရိက ထိုလူကြီး၏ ပုခုံးကို ပုတ်လိုက်ပြီး တိုးတိုးတိတ်တိတ် ရယ်မောကာ ထပ်ပြောလိုက်သည်။
"သာမန်အချိန်တွေမှာ ဆိုရင် သူ(မ)ကို ဘယ်တော့မှ လှည့်စားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုချိန်ကတော့ သူ(မ) လို့ရှီးယန်အတွက် စိုးရိမ်ပူပန်နေရပြီလေ။ ငါ ကြားဖူးတာက လို့ရှီးယန်က အမြဲတမ်း ကျန်းမာရေးချို့တဲ့ပြီး ရောဂါဟောင်း အခံရှိတယ်တဲ့။ တကယ်လို့ ဒီအချိန်မျိုးမှာ သူ ထောင်ထဲမှာ မတော်တဆ ဖျားနာပြီး သေလုနီးပါး ဖြစ်သွားရင်... ခင်ပွန်းကို အရမ်းချစ်တဲ့ လို့သခင်မက အဲဒီအချိန်မှာတောင် ဆင်ခြင်တုံတရား ရှိနေနိုင်ဦးမယ်လို့ မင်း ထင်လား?"
"ဒီငယ်သား ချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်!"
သူ့ပုခုံးပေါ်မှ ပြင်းထန်သော ဖိအားကြောင့် ထိုလူကြီးက ပိုင်ရိ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ပိုင်ရိက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လရောင်အောက်မှ သူ၏ ခြေလှမ်းများက ပေါ့ပါးနေသော်လည်း မျက်လုံးများထဲတွင်တော့ အေးစက်စူးရှသော အရိပ်အယောင်များ ခိုတွယ်နေသည်။
.........။.......။.......
သန်းခေါင်ယံအချိန်ကို ကျော်လွန်သွားပြီဖြစ်သော်လည်း စစ်သူကြီးအိမ်တော်၏ စာဖတ်ခန်းထဲတွင် ဖယောင်းတိုင်မီးများ လင်းလက်နေဆဲပင်။ စာအုပ်စင်ကြီးအောက်မှ ချစ်စဖွယ် အရိပ်သေးသေးလေးတစ်ခုက တစ်စုံတစ်ခုကို ရှာဖွေရန် အလုပ်ရှုပ်နေသည်။
ကုယွင်တစ်ယောက် စာအုပ်ပုံများကြားတွင် ဒူးထောက်ထိုင်ကာ အချက်အလက်များကို ရှာဖွေနေသည်မှာ ငါးနာရီ၊ ခြောက်နာရီခန့် ရှိနေပြီဖြစ်သော်လည်း ဘာမှ ရှာမတွေ့သေးပေ။
နေ့လယ်ပိုင်းတွင် သူမ တရားရေးဌာနသို့ သွားခဲ့သော်လည်း ရှန်ယုလန်နှင့် မတွေ့ခဲ့ရပေ။ လို့ရှီးယန်၏အမှုမှ အဓိက စစ်ကြောရေးမှတ်တမ်းများကို စစ်သူကြီးအိမ်တော်တွင်သာ သိမ်းဆည်းထားဆဲဖြစ်ကြောင်း ချန်ဟန့်က သူမကို ပြောပြခဲ့သည်။
ထိုအခြေအနေက ကုယွင်ကို ပို၍ စိုးရိမ်ပူပန်စေသည်။ သူမ စိတ်မရှည်တော့ဘဲ ပိုဒေါသထွက်လာကာ စာအုပ်များကို လှန်လှောနေသည့် လှုပ်ရှားမှုများကလည်း ကြမ်းတမ်းလာသည်။
တောက်!!! စုလင်းဆိုတဲ့လူက အချက်အလက်တွေကို ဘယ်မှာ ဝှက်ထားတာလဲ?!
"ဘာရှာနေတာလဲ!"
အေးစက်စက် ယောက်ျားသံတစ်ခုက သူမ၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
စုလင်း!!
ကုယွင် အနည်းငယ် လန့်သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ရသည်။ ထို့နောက် သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းပြန်လှည့်ကာ သူ့ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမက သူမ လက်ထဲမှ စာမျက်နှာများဆီသို့ အကြည့်ပြန်လွှဲလိုက်ပြီး ပုံမှန်လေသံဖြင့် ပြန်ပြောလိုက်သည်။
"သူခိုးတွေ တင်ပြလာတဲ့ သက်သေက ဘယ်လောက်တောင် ခိုင်လုံလဲဆိုတာ သိချင်လို့ပါ။ အဲဒီသက်သေက ယန်းဟုန်ထျန်းကို လို့ရှီးယန်ရဲ့ မင်္ဂလာဆောင်နေ့မှာတင် ထောင်ထဲထည့်ခိုင်းဖို့အထိ လုံလောက်သွားတာလား??"
စုလင်း၏ အနက်ရောင် မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဤအမျိုးသမီးက အလွန်ရဲရင့်ပြီး ထက်မြက်လွန်းလှသည်။ သူမက စာဖတ်ခန်းရှိ မီးအားလုံးကို ထွန်းထားပြီး တံခါးများကိုလည်း ဖွင့်ထားသဖြင့် ကင်းလှည့်နေသော အစောင့်များက စာဖတ်ခန်းထဲတွင် ရှိနေသူက စုလင်းကိုယ်တိုင်ဟုသာ ထင်မှတ်သွားကြပေလိမ့်မည်။
အခန်းထဲရှိ အနေအထားအရ သူမ ဤနေရာတွင် ရှိနေသည်မှာ အနည်းဆုံး နှစ်ရှီးချန်၊ သုံးရှီးချန်လောက် ရှိနေပြီဖြစ်ကာ သူမ ရှာဖွေပြီးသား မှတ်တမ်းများကိုလည်း စနစ်တကျ ပြန်စီထားခဲ့သည်။ သူသာ ယခု ရောက်မလာခဲ့လျှင် သူ့ပစ္စည်းများ ဖောက်ထွင်းခံရသည်ကို သူ သိလိုက်မည်ပင် မဟုတ်ပေ။
ထို့ပြင် သူမက သူ့ရှေ့မှာပင် သူ့ပစ္စည်းများကို ဆက်လက်ရှာဖွေနေရုံသာမက သူ့ကိုပင် ရိုင်းစိုင်းစွာ ပြန်ပြောနေသေးသည်။ စုလင်းတစ်ယောက် သူမ၏ သေးငယ်သော ကျောပြင်လေးကို ကြည့်နေရင်း သူ့နှုတ်ခမ်းထောင့်များက အလိုအလျောက် အနည်းငယ် ကွေးညွှတ်သွားသည်။ သူ ပြုံးမိနေသည်ကို သတိထားမိလိုက်သဖြင့် ချက်ချင်း မျက်နှာပြန်တည်လိုက်ကာ အေးစက်စက် လှမ်းပြောလိုက်သည်။
"ဒါတွေက မင်း ဂရုစိုက်ရမယ့်ကိစ္စ မဟုတ်ဘူး!"
စုလင်း လုံးဝ စိတ်မပူဘဲ တည်ငြိမ်နေပုံအရ သူမ ရှာနေသည့် အရာက ဤစာဖတ်ခန်းထဲတွင် မရှိကြောင်း ကုယွင် ရိပ်မိလိုက်သည်။
ကုယွင်က သူမလက်ထဲမှ စာရွက်စာတမ်းများကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ စုလင်း၏ အမြဲလိုလို ခက်ထန်မှောင်မှောက်နေသော မျက်နှာကို ရင်ဆိုင်လိုက်ရသော်လည်း သူမက အလျှော့မပေးဘဲ တည့်တည့်စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"အခု ထောင်ကျနေတဲ့လူက ကျွန်မရဲ့ ခဲအိုလေ။ ဒါကြောင့် ကျွန်မ ဂရုစိုက်ရမယ်"
‘သူမက ဘယ်လောက်ပဲ ခံစားချက်နှေးကွေးတဲ့သူ ဖြစ်နေပါစေ... လို့ရှီးယန်အတွက် ချင်းရဲ့ခံစားချက်တွေကို သူမ မြင်နိုင်သေးတယ်၊ သူမ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပြီး ဒီအဖြစ်အပျက်ကို ဘေးကနေ ကြည့်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး’
လင်းယုန်ကဲ့သို့ စူးရှသော မျက်လုံးတစ်စုံနှင့် ကျောက်ဆောင်ကဲ့သို့ ခိုင်မာသော မျက်လုံးတစ်စုံတို့ လေထုထဲတွင် အကြည့်ချင်း စစ်ခင်းနေကြသည်။ သူတို့နှစ်ဦးစလုံးက တစ်ဖက်လူကို စည်းရုံး၍ မရနိုင်မှန်း ကောင်းကောင်းနားလည်ထားသဖြင့် အပိုစကားများ ငြင်းခုံခြင်း မပြုကြတော့ပေ။
"လာကြစမ်း!"
စုလင်း၏ အေးစက်မာကျောသော အသံက ဟိန်းထွက်လာသည်။ ကုယွင်က စိတ်ထဲမှနေ၍ ထိုအတ္တသမားကြီးကို 'လူဆိုးကောင်ကြီး' ဟု တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ သူမ မျှော်လင့်ထားသည့်အတိုင်းပင် စုလင်း၏ စကားမဆုံးမီမှာပင် ညကင်းလှည့်စစ်သည်တစ်စု စာဖတ်ခန်းရှေ့သို့ ရောက်ရှိလာကြသည်။
"သူ(မ)ကို အခန်းထဲမှာ သော့ခတ်ထားလိုက်။ ငါ့အမိန့်မပါဘဲ ဘယ်မှ ထွက်ခွင့်မပေးနဲ့"
ပုံမှန်ဆိုလျှင် စုလင်း၏ စကားက သူတို့အတွက် အမိန့်ဖြစ်ပြီး မည်သူမျှ မေးခွန်းပြန် မထုတ်ရဲကြပေ။ သို့သော် ယခုအချိန်တွင်မူ စစ်သည်များက တစ်ယောက်ကို တစ်ယောက် ဝေခွဲမရစွာ ကြည့်နေကြသည်။ သူတို့က စုလင်းကို ကြောက်သော်လည်း ကုယွင်၏ လက်စွမ်းကိုလည်း သိထားကြသဖြင့် သူမကို ဖမ်းဆီးဖို့ တစ်လှမ်းတိုးရန်ပင် တွန့်ဆုတ်နေကြသည်။
ကုယွင်က ဒေါသကြောင့် သွားများကို ကျစ်ကျစ်ပါအောင် စေ့ကြိတ်ထားသည်။ သူမ ရှေ့သို့ တိုးကာ ထိုအတ္တသမားကြီးကို နှစ်ချက်လောက် ထိုးနှက်ချင်သော်လည်း သူမ၏ဆင်ခြင်တုံတရားက လုံးဝ မပျောက်သေးသောကြောင့် သူမကိုယ်သူမ ထိန်းထားရုံသာ တတ်နိုင်တော့သည်။
"စုလင်း... ရှင်က ကျွန်မကို အိမ်တော်မှာ အကျယ်ချုပ် ချထားချင်တာလား?!"
ကုယွင်၏ မျက်လုံးများက ဓားတစ်ချောင်းကဲ့သို့ စုလင်းကို ပိုင်းဖြတ်ချင်နေပုံရပြီး စုလင်းက သူမ၏အံ့ကြိတ်သံကိုပင် ကြားနေရသည်။
ယင်းကြောင့် စုလင်းက သူမ၏စိတ်မကြည်မသာမှုနှင့် စိတ်တိုဒေါသထွက်မှုက သူ့ကို အနည်းငယ် သက်သာရာရစေကြောင်း နားလည်လိုက်သည်။ သူမ၏ဖြန့်လိုက် ဆုပ်လိုက် လုပ်နေသော လက်သီးများကို ဘေးတိုက်ကြည့်နေရင်း စုလင်းက ရိသဲ့သဲ့အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"မင်းရဲ့ သိုင်းပညာက မနိမ့်ဘူးဆိုတာ ငါ သိတယ်။ မင်းရဲ့ ခံနိုင်ရည်နဲ့ ထက်မြက်မှုကိုလည်း ငါ အသိအမှတ်ပြုတယ်။ ဒါပေမယ့် မင်း တကယ်သာ ထက်မြက်မယ်ဆိုရင် ဒီစစ်သူကြီးအိမ်တော်မှာ ငါ့အမိန့်ကို ဖီဆန်ပြီး မင်းကို အပြင်ထွက်ခွင့်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးဆိုတာ သိသင့်တယ်။ မင်း ဒီအိမ်တော်ကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး!"
"တကယ်လား?"
‘တောက်!!! ဒီမာနကြီးတဲ့လူ!! ငါ တကယ် ဒေါသထွက်လာပြီဟ!! အရမ်း အရမ်းကို ဒေါသထွက်နေပြီဟ!!’
ကုယွင်က ဒေါသထွက်ရမည့်အစား ရုတ်တရက် ပြုံးရယ်လိုက်ပြီး စုလင်းအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။ သူမ၏ သေးသွယ်သော ပုံရိပ်လေးက သူ့ရင်ဘတ်ရှေ့သို့ ရောက်ရှိလာပြီး သူမက သူ့အနားတွင် ရပ်လိုက်သည်။ ကုယွင်က ပေါ့ပါးသည်လည်းမဟုတ် လေးလံသည်လည်းမဟုတ်သော အသံကို ချန်ထားခဲ့လိုက်သည်။
"စစ်သူကြီးစု... ကျွန်မတို့ စောင့်ကြည့်ရအောင်လေ..."
‘သူက လွန်ခဲ့တဲ့ခြောက်လအတွင်း ငါ ဒီစစ်သူကြီးအိမ်တော်မှာ လိပ်ပြာဖမ်းရင်း ပန်းထိုးရင်း အချိန်ကုန်နေခဲ့တယ်လို့ ထင်နေတာလား??! စုလင်း... ငါဆိုတဲ့ ကုယွင်က စစ်သူကြီးအိမ်တော်ထဲက လမ်းလျှောက်ထွက်သွားချင်တယ်ဆိုရင် အဲ့တာက ငါ့အိမ်ဘေးက ဟင်းသီးဟင်းရွက်ဈေးထဲကို လျှောက်ရတာထက်တောင် ပို လွယ်တယ်! ဟာ..ဟ!!’
စုလင်း လှည့်ကြည့်လိုက်ချိန်တွင် ကုယွင်က စစ်သည်များ၏ ခေါ်ဆောင်မှုကို စောင့်မနေဘဲ သူမကိုယ်တိုင်ဦးဆောင်ကာ ရင်ကော့လျက် ခန်းမထဲမှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ၎င်းက အကျဉ်းသားတစ်ယောက်ထက် စစ်သူကြီးတစ်ဦးက စစ်သည်များကို ဦးဆောင်သွားသည့် ပုံစံနှင့် ပိုတူနေသည်။
‘မဟုတ်သေးဘူး၊ သူမက ဘာလို့ ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ??’
‘အဆုံးမှာတော့ သူက စစ်သူကြီးအိမ်တော်ရဲ့ သခင်ဖြစ်ပြီး သူမက သူ့အိမ်တော်ထဲမှာရှိနေတာတောင် ဘာက သူမကို အဲ့လောက်ယုံကြည်ချက်တွေ ရှိနေစေတာလဲ!’
"ဘန်းးးး----"
ညလယ်ခေါင်အချိန်တွင် စာဖတ်ခန်းထဲမှ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားလိုက်ကြရပြီး နောက်နေ့ စာဖတ်ခန်းကို သန့်ရှင်းရေးလုပ်သည့် အစေခံများက နှစ်ခြမ်းကွဲနေတဲ့ စားပွဲခုံကြီး ကြမ်းပြင်ပေါ်သို့ လဲကျနေသည်ကို တွေ့လိုက်ကြရသည်။
‘မနေ့ညက ဘယ်သူက စစ်သူကြီးကို ထပ်ပြီး ဒေါသထွက်စေခဲ့ပြန်တာလဲ!!’
အခန်း ၁၀၈ လို့ရှီးယန် အပြင်းအထန် နေမကောင်းဖြစ်ခြင်း
လန်ယွဲ့အဆောင်တွင်...
ဆောင်းဦးလေက စတင်တိုက်ခတ်နေပြီဖြစ်သည်။ နေရောင်ခြည်မှ လွင့်ပျံလာသော ရွှေရောင်အမှုန်အမွှားလေးများက ကောင်းကင်ယံမှ တိမ်ဖြူဖြူများကို ရွှေအလွှာဖုံးအုပ်ပေးထားသကဲ့သို့ တဖျပ်ဖျပ် တောက်ပနေစေသည်။ အေးမြသော လေနုအေးက ရေကန်ကို ဖြတ်တိုက်သွားရာ ကြာပန်းတို့မှာ ညှိုးနွမ်းစပြုနေပြီ ဖြစ်သော်လည်း ကျန်ရစ်ခဲ့သော ကြာစေ့ခေါင်းလေးများမှာ ကြာရွက်များကြားတွင် ဟန်ချက်ညီစွာ ယိမ်းနွဲ့နေကြသည်။
အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသော ရုပ်သွင်လှလှလေးတစ်ခုက ကြာပန်းရေကန်ဘေးရှိ ကျောက်ခုံတန်းရှည်ပေါ်တွင် ထိုင်နေသည်။ သူမ၏ လက်ထဲတွင် စာအုပ်လေးတစ်အုပ် ကိုင်ထားပြီး အလွန်အမင်း အာရုံစိုက် ဖတ်ရှုနေသည်။
အချိန်အတော်ကြာပြီးနောက် ကျွော့ချင်း ခေါင်းမော့လာပြီး မေးမြန်းလိုက်သည်။
"ချင်းမော့ ငါ့ကို လာတွေ့သေးလား?"
"မလာပါဘူး"
‘ယွင်က သူမကို တွေ့ချင်သည်ဖြစ်စေ မတွေ့ချင်သည်ဖြစ်စေ ဒီမနက် လာတွေ့သင့်တယ်ဆိုတဲ့ အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်ပေမယ့် အခုဆို မွန်းတည့်ချိန်နီးနေပြီ၊ ဒါပေမယ့် ယွင်က သူမကို လာမတွေ့ခဲ့ဘူး! အမှုက တိုးတက်မှုရှိနေတာလား?? ဒါမှမဟုတ် ယွင် တစ်ခုခုဖြစ်နေတာလား??!’
ကျွော့ချင်းက အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်ရင်း ဆက်မေးလိုက်သည်။
"ကျင်းစရော ပြန်လာပြီလား"
မော့ပိုင်၏ အမြဲတစေ ပုံမှန်ဖြစ်နေတက်သော အေးစက်သည့်မျက်နှာက ယခုအခါ အနည်းငယ် တုန်လှုပ်နေပုံရပြီး လေးလေးနက်နက် အသံဖြင့် ပြန်ဖြေလာသည်။
"မလာသေးပါဘူး"
ကျင်းစက လို့ရှီးယန်၏ အခြေအနေကို စုံစမ်းရန် ယနေ့နံနက် အစောပိုင်းကတည်းက မှုခင်းဌာန အကျဉ်းထောင်သို့ သွားနေခဲ့ခြင်းဖြစ်သည်။ သူ ရှီးချန်နှစ်ခုစာ ကြာနေပြီဖြစ်သော်လည်း အခုအချိန်အထိ ပြန်မရောက်လာသေးပေ။ အကယ်၍ ကျင်းစသာ သတင်းမရခဲ့ပါက ယနေ့ညတွင် မော့ပိုင်ကိုယ်တိုင် အကျဉ်းထောင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်စုံစမ်းရတော့မည် ဖြစ်သည်။
ကျွော့ချင်းက လက်ထဲမှ စာအုပ်ငယ်ကို တင်းတင်းဆုပ်ကိုင်ရင်း ငေးမောနေမိသည်။
‘ငါပဲ အစိုးရိမ်လွန်နေတာလား? ဘာလို့ ဒီလောက်တောင် မကောင်းတဲ့ နိမိတ်တွေကို ခံစားနေရတာလဲ?’
သူမက မော့ပိုင် တစ်ညလုံး အပင်ပန်းခံ ပြင်ဆင်ပေးထားသော အချက်အလက်များကို ပြန်လည် အာရုံစိုက်ရန် ကြိုးစားလိုက်သည်။ လို့မိသားစုနှင့် ချုံယွဲ့မင်းဆက်ကြား ဆက်ဆံရေးက အလွန်ပင် ရှုပ်ထွေးလှသည်။ လို့ရှီးယန်က ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် အမြဲတမ်း အားသာချက်၊ အားနည်းချက်များကို ချိန်ဆကာ ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရမှန်း သူမ နားလည်လာခဲ့သည်။
"အစ်မလှလှလေး!"
ဝင်းတံခါးမှ ကြည်လင်ပြတ်သားသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ကျွော့ချင်း မျက်လုံးတစ်ချက်စွေကြည့်လိုက်ရာ လက်ထဲတွင် ဗန်းတစ်ချပ်ကို ကိုင်ထားသည့် ပိန်ပိန်ပါးပါးသွင်ပြင်က နေရောင်လို တောက်ပနေသော မျက်နှာဖြင့် သူမဆီသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
၎င်းက ပိုင်ရိ ဖြစ်သည်။
ကျွော့ချင်းက သူမလက်ထဲမှ စာအုပ်ငယ်လေးကို သူမ၏အင်္ကျီလက်ထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်ပြီး သူမနောက်တွင် ရပ်နေသော မော့ပိုင်ကို ခပ်တိုးတိုးပြောလိုက်သည်။
"မင်းအရင် ထွက်သွားလိုက်"
"ဟုတ်ကဲ့" မော့ပိုင်က ဦးညွှတ်နှုတ်ဆက်ကာ ပြန်ထွက်ခွာသွားသည်။ သူက ပိုင်ရိ၏ ဘေးမှ ဖြတ်သွားစဉ် ဗန်းပေါ်မှ အစားအစာများကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။
‘အမြဲတမ်း ဆော့ကစားချင်နေတဲ့ ဒီကောင်လေးက ဘာလို့ အကြောင်းပြချက်မရှိဘဲ ကြင်နာမှုတွေ ပြနေရတာလဲ? သူ ဘာလုပ်ချင်နေတာလဲ?’
ပိုင်ရိက ကျွော့ချင်း၏ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး ဗန်းကို သူမရှေ့သို့ တွန်းပို့ကာ အပြုံးဖြင့် ပြောလာခဲ့သည်။
"မင်း မနက်စာ မစားမှာ စိုးလို့ ငါ မင်းနဲ့အတူ စားဖို့ လာခဲ့တာ"
ကျွော့ချင်းက စုပုံထားသော အစားအစာများကို ငုံ့ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"မင်းဘာသာ စားလိုက်ပါ၊ ငါ ဗိုက်မဆာဘူး"
"ဗိုက်မဆာလည်း စားရမယ်။ မင်းရဲ့ ကျန်းမာရေးသာ ချို့ယွင်းသွားရင် လို့လူကြီးမင်းကို ဘယ်လိုလုပ် ကယ်တင်နိုင်တော့မှာလဲ?"
ပိုင်ရိက ပြောပြောဆိုဆိုနှင့် ထမင်းတစ်ပန်းကန်ကို ကောက်ယူကာ အသီးအရွက်တစ်ဇွန်း ခပ်ထည့်ပေးလိုက်ပြီး ကျွော့ချင်း၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"စားပါ... မြန်မြန်စား!"
ကျွော့ချင်းက ပန်းကန်ကို လှမ်းယူလိုက်ပြီး ကူကယ်ရာမဲ့ ခေါင်းယမ်းနေခဲ့သည်။ သူမက ငြင်းဆန်နေခြင်းကို ရပ်တန့်လိုက်ပြီး ထမင်းစားရန် ခေါင်းငုံ့လိုက်သည်။ ပိုင်ရိကတော့ ကျေနပ်အားရစွာ ပြုံးနေရင်း မေးလာပြန်သည်။
"စားလို့ ကောင်းရဲ့လား"
သူတို့နှစ်ဦး တစ်လုပ်နှစ်လုပ်ခန့် စားပြီးချိန်တွင် အစေခံတစ်ဦးက ခြံဝင်းတံခါးဝသို့ ရောက်ရှိလာသည်။ ထိုအစေခံက အရိုအသေပေးကာ ရှင်းလင်းပြတ်သားသောအသံဖြင့် သတင်းပို့လိုက်သည်။
"သခင်မ... ချင်းသခင်မလေး ရောက်လာပါတယ်"
‘ကုယွင်’
ကျွော့ချင်းက သူမလက်ထဲမှ ပန်းကန်လုံးကို ချက်ချင်း ပြန်ချလိုက်ရင်း အမိန့်ပေးလိုက်သည်။
"သူ့ကို မြန်မြန်ခေါ်လာခဲ့"
အစေခံ ထွက်ခွာသွားပြီး ခဏအကြာတွင် မီးတောက်တစ်ခုအလား ထက်မြက်ဖျတ်လတ်သော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦး လန်ယွဲ့အဆောင်ထဲသို့ အမြန်လျှောက်ဝင်လာသည်။
ပိုင်ရိက ရောက်လာမည့်လူအပေါ်ထားသော ကျွော့ချင်း၏မျှော်လင့်ချက်ကို ခံစားနိုင်သည်။ ဤလူက သူမ၏ခွန်အားနှင့် မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ဖြစ်နေပြီး သူမက ခုနကအတိုင်း ထမင်းကို ဆက်စားနေခဲ့သော်လည်း သူမ၏မျက်လုံးများက ပြောင်းလဲသွားသည်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။
ထိုလူက ချင်းမော့ ဖြစ်နေပြီး ပိုင်ရိက သူမနှင့် အကြိမ်ပေါင်းများစွာ ဆုံဖူးပြီး ဖြစ်ရာ ထိုအမျိုးသမီး၏ စူးရှလှသော မျက်လုံးများကို သူ သတိထားသင့်ကြောင်း ကောင်းကောင်းသိထာခဲ့သည်။
ကုယွင်က ကျွော့ချင်းအနားရှိ ကျောက်ခုံတန်းဆီသို့ လျှောက်လာပြီး ဝင်ထိုင်လိုက်သည်။ ကျွော့ချင်းက မူလက သူမ၏ အခြေအနေကို မေးရန် ပြင်ဆင်ထားသော်လည်း ကုယွင်၏ အဝတ်အစားများတွင် ပေကျံနေသော ရွှံ့များနှင့် သစ်ရွက်ခြောက်များ၊ ထို့အပြင် ရှုပ်ထွေးနေသည့် ဆံပင်များကို မြင်လိုက်ရသဖြင့် ချီတုံချတုံ မေးမြန်းလိုက်သည်။
"အဲဒါတွေက... နင် ဘာဖြစ်လာတာလဲ..."
ကျွော့ချင်း စကားမဆုံးမီမှာပင် ကုယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"မနေ့ညက ငါ စစ်သူကြီးအိမ်တော်မှာ အချက်အလက်တွေ ရှာနေတာကို စုလင်း သိသွားပြီး သူက ငါ့ကို အကျယ်ချုပ် ချခဲ့တယ်လေ!!"
ကျွော့ချင်းတစ်ယောက် ‘ဂလု’ ဆိုသော အသံမြည်သွားအောင် တံတွေးမျိုချလိုက်မိသည်။
‘ဆိုတော့ သူမက စစ်သူကြီးအိမ်တော်ကနေ ဖောက်ထွက်လာတာပေါ့။ အံ့သြစရာတော့ မရှိပါဘူး။’
ပိုင်ရိ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ စုလင်းက သူမကို နေအိမ်အကျယ်ချုပ်ချထားရန် ဆန္ဒရှိသော်လည်း သူမက စစ်သူကြီးအိမ်တော်မှ လွတ်မြောက်နိုင်ခဲ့သည်။ ပိုင်ရိက သူ့ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်ချင်ဟန်ဆောင်လျက် ဝင်ပြောလိုက်သည်။
"အဲဒါဆို နင်က မြေကြီးတွေကို တူးပြီး ထွက်လာခဲ့တာလား"
ကုယွင်က ပိုင်ရိကို တစ်ချက်စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျှက် ကျွော့ချင်းဘက်သို့ လှည့်လာပြီး ပြန်မေးလိုက်သည်။
"သူက ဘာလို့ ဒီမှာ ရှိနေတာလဲ?"
ဒီကလေးက လျောင်ယွဲ့ရဲ့ မင်းသား မဟုတ်ဘူးလား။ ဒီလိုအချိန်မှာ သူက သံသယကင်းအောင် ရှောင်နေရမှာ မဟုတ်ဘူးလား?!
ကျွော့ချင်း စကားမပြောရသေးမီမှာပင် ပိုင်ရိက ကုယွင်ကို ပြန်စိုက်ကြည့်ပြီး ပြန်အော်လိုက်သည်။
"ငါက ဘာလို့ ဒီမှာ ရှိနေလို့ မရရမှာလဲ!"
ကျွော့ချင်းက ပိုင်ရိ၏ ပခုံးကို အသာပုတ်လိုက်ပြီး သူ့ကို ထွက်သွားခိုင်းလိုက်သည်။
"ပိုင်ရိ... မင်း မနက်စာစားဖို့ ပင်မခန်းမဆောင်ကို ပြန်သွားလိုက်ပါ။ ငါ ချင်းမော့နဲ့ ပြောစရာ ရှိတယ်"
"ကောင်းပြီလေ၊ ငါလည်း စားလို့ ပြီးတော့မှာပါ"
ပိုင်ရိက ကုယွင်ကို ကလေးတစ်ယောက်လို စိုက်ကြည့်ပြီးမှ မတ်တပ်ထရပ်ကာ ထွက်သွားခဲ့သည်။ နောက်မှ ကြည့်လျှင်တော့ သူက စိတ်ကောက်သွားသည့် ကလေးတစ်ဦးအလား ထင်ရသော်လည်း လှည့်ထွက်သွားချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ အေးစက်စူးရှသော အရိပ်အယောင်များ ထွက်ပေါ်နေခဲ့သည်။
ကုယွင်၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော အသွင်အပြင်ကြောင့် ကျွော့ချင်းလည်း စိတ်မကောင်းဖြစ်သွားရသည်။ သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်ပြန်သည်။
“နင် ငါ့ဆီလာတာ အဝတ်အစား လိုချင်လို့ မဟုတ်လား။ ငါ့နောက်ကို လိုက်ခဲ့... ငါ နင့်အတွက် အဝတ်အစားရှာပေးမယ်"
"အင်း”
ကုယွင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူမလည်း ဤကဲ့သို့ ဖရိုဖရဲ ပုံစံဖြင့် လမ်းပေါ်သို့ မထွက်ချင်ပေ။
သူမတို့နှစ်ဦး တံတားကွေးလေးကို ဖြတ်ကျော်ကာ ကျိုက်ရှင်းအဆောင်ထဲသို့ ဝင်သွားကြသည်။ ကျွော့ချင်းက ဗီရိုထဲမှ အတော်လေးတိုသည့် ၀တ်စုံတစ်စုံကို ရှာတွေ့သွားပြီး ကုယွင်ဆီကို ပစ်ပေးလိုက်သည်။ ထို့နောက် ကျွော့ချင်းက အခန်းအပြင်သို့ ခဏထွက်ပေးပြီး ခန်းဆီးကို နောက်ပြန်မှီလျက် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို မှိတ်ချလိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။
"သဲလွန်စ ရှာတွေ့သေးလား?"
အတွင်းခန်းထဲမှ အဝတ်အစားများ လဲလှယ်နေသည့် တရှရှအသံများနှင့်အတူ ကုယွင်၏ ပြတ်သားသော စကားသံက ထွက်ပေါ်လာသည်။
"မရသေးဘူး၊ နင် စိတ်ပူနေမှာကို ကြောက်လို့ နင့်ဆီ အရင်လာခဲ့တာ၊ ပြီးမှ မှုခင်းဌာနကို သွားလိုက်မယ်။ ပြီးရင် အဲဒီလူဆိုးနှစ်ယောက်ကို အရင်တွေ့ဖို့ နည်းလမ်းရှာပြီး တစ်ခုခုမေးနိုင်ဖို့ ကြိုးစားရမယ်"
"အင်း..."
ကျွော့ချင်းက တိုးတိုးလေး ထောက်ခံလိုက်သည်။ သူမ၏ လက်ရှိ အဆင့်အတန်းအရ ထိုသူခိုးများကို သွားတွေ့ရန် မဖြစ်နိုင်သော်လည်း ကုယွင်သာ သွားရောက်စစ်ဆေးခွင့်ရပါက တစ်ခုခုတော့ သေချာပေါက် ရှာတွေ့မည်ဟု သူမ ယုံကြည်နေသည်။
ခဏအကြာတွင် ကုယွင်က သူမ၏ ဆံပင်ရှည်များကို မြင်းမြီးပုံစံ ခပ်မြင့်မြင့် ချည်နှောင်လျက် အတွင်းခန်းမှ ထွက်လာခဲ့သည်။ ခန်းဆီးကို မှီလျက် မျက်လုံးမှိတ်ထားသော ကျွော့ချင်းကို မြင်လိုက်ရသည့်အခါ ကုယွင်လည်း စိတ်မကောင်းဖြစ်သွားရသည်။ အလင်းရောင်အောက်တွင် ကျွော့ချင်း၏ မျက်လုံးအောက်မှ အမည်းရောင်အကွင်းကြီးများက သိသာလွန်းနေပြီး သူမ၏နှုတ်ခမ်းများကလည်း အရောင်ဖျော့ကာ ညှိုးနွမ်းနေရှာသည်။
ကုယွင်က ကျွော့ချင်း၏ ပုခုံးလေးများကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ချင်း... နင့်ပုံစံက တော်တော်လေး အခြေအနေ ဆိုးနေပြီနော်"
ကျွော့ချင်းက ကုယွင်၏ ပုခုံးပေါ်သို့ ခေါင်းလေး မှီချလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ငါ... အဆင်ပြေပါတယ်"
အဆင်ပြေတယ် ဟုတ်လား?
ကုယွင်က ကျွော့ချင်းကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်ပြီး လေပြည်လေးဖြင့် စနောက်ကာ အားပေးလိုက်သည်။
"ကဲပါ... အရမ်းကြီးလည်း စိတ်မပူပါနဲ့။ လို့ရှီးယန်ပြန်လာလို့ နင့်ကို ဒီလိုပုံစံမျိုးနဲ့တွေ့ရင် နင်တို့လက်ထပ်ပွဲအတွက် သူ နောင်တရသွားနိုင်တယ်ဆိုတာကို သတိထားဦး "
ထိုစကားကြောင့် ကျွော့ချင်းလည်း ပြုံးလိုက်မိသည်။
‘ယွင်တစ်ယောက်ကတော့ တခြားလူကို နှစ်သိမ့်ပေးတာတောင် ကြမ်းတမ်းရက်စက်တဲ့ လှည့်ကွက်တွေကို သုံးနေတုန်းပဲ။’
သို့သော် ထိုစကားကြောင့် တစ်ညလုံး လမ်းလွဲနေသည့် သူမ၏ နှလုံးသားက မူလနေရာသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ကျွော့ချင်း တစ်ခုခုကို တွေးတောမိသွားပြီး ရုတ်တရက် ပြောလိုက်သည်။
"အင်း... ငါ ပြောစရာ နောက်တစ်ခု ရှိသေးတယ်"
"ဘာလဲ"
ကျွော့ချင်းက ရှေ့သို့ အနည်းငယ် တိုးကပ်သွားပြီး ကုယွင်၏ နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောပြလိုက်သည်။ မူလက တည်ငြိမ်နေသော ကုယွင်၏ မျက်နှာထားက ကျွော့ချင်း၏ စကားကြောင့် ပို၍ ပို၍ လေးနက်လာသည်။
"သခင်မ!"
တံခါးအပြင်ဘက်မှ ကျင်းစ၏ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော အသံကြောင့် အမျိုးသမီးနှစ်ဦးလုံး လန့်သွားကြသည်။ သူမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး ရင်ထဲတွင် မကောင်းသော အငွေ့အသက်များ ခံစားလိုက်ရသည်။
ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
"ဒီမနက် အကျဉ်းထောင်ထဲမှာ သခင်ရဲ့ ရောဂါဟောင်း ရုတ်တရက် ပြန်ဖြစ်လာပါတယ်။ တော်ဝင်သမားတော် သွားကြည့်နေပေမယ့် အခုထိ ဘယ်လိုနေလဲ မသိရသေးပါဘူး!"
ကျင်းစ၏ စကားကြောင့် ကျွော့ချင်း၏ မျက်နှာ ဖြူလျော်သွားကာ တံခါးဆီသို့ ပြေးသွားတော့သည်။
"မြန်မြန်... ရထားလုံး ပြင်လိုက်! အကျဉ်းထောင်ကို အခုချက်ချင်း သွားမယ်!"
"အကုန် အဆင်သင့် ဖြစ်နေပါပြီ"
ကျင်းစက ပြန်ဖြေလိုက်သည်။
ကျွော့ချင်းနှင့် ကုယွင်တို့က ကျင်းစ၏နောက်သို့ လိုက်ပါသွားပြီး ဝန်ကြီးချုပ်အိမ်တော်၏အပြင်ဘက်သို့ အမြန်ပြေးထွက်သွားကြသည်။ အိမ်တော်ရှေ့တွင် အနက်ရောင် ရထားလုံးတစ်စီးနှင့် အရန်မြင်းတစ်ကောင် အဆင်သင့် ရှိနေသည်။ ကျွော့ချင်းက ရထားလုံးပေါ်သို့ အပြေးတက်သွားသော်လည်း ကုယွင်က ခဏမျှ တုံ့ဆိုင်းသွားပြီး မြင်းပေါ်သို့ ခုန်တက်လိုက်သည်။
ကုယွင်က မြင်းကို ရထားလုံး ပြတင်းပေါက်နားသို့ ကပ်မောင်းလာပြီး တိုးတိုးလေး ပြောလိုက်သည်။
"နင် လို့ရှီးယန်ကို သွားတွေ့လိုက်၊ ငါ ရှန်ယုလန်ကို သွားရှာမယ်"
"ကောင်းပြီ"
ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ ကုယွင်က မြင်းဖြင့် ထွက်ခွာတော့မည့်ဆဲဆဲတွင် ကျွော့ချင်းက ကုယွင်၏ အင်္ကျီလက်ကို ဆွဲထားလိုက်သည်။
"ငါ ခုနက ပြောတဲ့ကိစ္စ..."
ကုယွင်က သူမ ဆက်ပြောမယ့် စကားကို တားဆီးသည့်အနေ ကြိုဖြတ်ပြောလိုက်သည်။
"ငါ သိပြီ... ငါ နင့်ကို ပြန်ဆက်သွယ်မယ်!"
"အင်း!"
ကျွော့ချင်းက သူမအင်္ကျီလက်ကို လုံးဝ လွှတ်ပေးလိုက်ပြီး ရထားလုံးကန့်လန့်ကာများကို ချလိုက်ကာ အပြင်ဘက်ရှိ ကျင်းစကို ညွှန်ကြားလိုက်သည်။
"သွားကြမယ်"
...........။........။.........
ရထားလုံးက တရားစီရင်ရေးဌာန၏ အကျဉ်းထောင်သို့ တည့်တည့်မတ်မတ် ဦးတည်မောင်းနှင်သွားပြီး ထောင်တံခါးဝရှေ့၌ ရပ်တန့်သွားသည်။
(T/N: အဲ့နားမှာ အကျဥ်းထောင်ကို E-Tran အမျိုးမျိုး သုံးနေတယ်၊ တော်ဝင်အကျဥ်းထောင် သုံးလိုက်၊ ရာဇဝတ်မှုအကျဥ်းထောင်သုံးလိုက်၊ တရားရေးဌာနအကျဥ်းထောင်သုံးလိုက်နဲ့၊ တခုထဲလား တူလားမတူလားလဲ မသိ)
ကျွော့ချင်းက ရထားလုံးပေါ်မှ ဆင်းကာ ကျင်းစနှင့်အတူ ထောင်အစောင့်များရှိရာသို့ လျှောက်သွားရင်း ကျင်းစကို အချက်ပြလိုက်သည်။
ကျင်းစက ရှေ့သို့ တိုးသွားပြီး အစောင့်နှစ်ဦး၏ လက်ထဲသို့ ရွှေနှစ်ချောင်း အသာအယာ ထည့်ပေးလိုက်သည်။
"ကျွန်တော်တို့ မိသားစုရဲ့ သခင်မက ဝန်ကြီးချုပ်လို့ရဲ့ အခြေအနေကို ခဏလောက် တွေ့ချင်ရုံပါပဲ။ အရာရှိတို့အနေနဲ့ သင့်တော်သလို စီစဉ်ပေးပါဦး"
သူတို့လက်ထဲရောက်သွားသော ရွှေချောင်းများက သူတို့၏ တစ်နှစ်စာလစာထက်ပင် များပြားနေသော်လည်း အစောင့်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘေးတွင် ရိုးရှင်းသောအဝတ်အစားများဖြင့် တည်ငြိမ်စွာ ရပ်နေသော ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်ကြသည်။ အဆုံးတွင် သူတို့က ထိုရွှေများကို လက်မခံဝံ့ဘဲ ပြန်တွန်းထုတ်ကာ တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလာကြသည်။
"အခုအချိန်မှာ ဝန်ကြီးချုပ်ကို တွေ့ဖို့ဆိုရင် တရားစီရင်ရေးဌာန ဒါမှမဟုတ် စစ်သူကြီးအိမ်တော်ရဲ့ တံဆိပ်တစ်ခုခု မပါရင် မရပါဘူး။ တခြားဘယ်အမိန့်နဲ့မှ ကျွန်တော်တို့ ဝင်ခွင့်မပြုဝံ့ပါဘူး။ သခင်မအနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
ကျွော့ချင်း၏ စိုးရိမ်စိတ်များက မြင့်တက်လာပြန်သည်။
‘အခု သူ့ကိုတွေ့ဖို့က ဒီလောက်တောင် ခက်ခဲသွားပြီလား?!’
"လူကြီးမင်းက အမိန့်ပေးလိုက်ပြီ၊ ဝင်ခွင့်ပြုလိုက်ပါ"
သူတို့နောက်မှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျွော့ချင်း လှည့်ကြည့်လိုက်ရာ လုကျင်းက တရားစီရင်ရေးဌာန၏ တံဆိပ်ပြားကို ကိုင်ဆောင်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"လုလူကြီးမင်း!"
အစောင့်များက သူ့ကို အမြန် အရိုအသေပေးကာ လမ်းဖယ်ပေးလိုက်ကြသည်။
လုကျင်းက ကျွော့ချင်းအနားသို့ တိုးကပ်လာပြီး အလွန်တိုးညှင်းသော လေသံဖြင့် လှမ်းပြောလိုက်သည်။
"ဝင်သွားလိုက်ပါ၊ ဒါပေမယ့် မြန်မြန် ပြန်ထွက်လာရပါမယ်"
ကျွော့ချင်း၏ ကျောပြင်က ခဏတာ တောင့်တင်းသွားသည်။
‘ဒါ ရှန်ယုလန် သူမကို ပေးတဲ့ အခွင့်အရေးလား?!’
သူမ မော့ကြည့်လိုက်ရာ အမြဲတမ်း စည်းစနစ်ကျလွန်းသော လုကျင်းက သူမကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။ ကျွော့ချင်း ချက်ချင်း နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်... လုကျင်း"
နောက်ဆုံးတွင် ကျွော့ချင်းက တရားစီရင်ရေးဌာန၏ အကျဉ်းခန်းထဲသို့ ၀င်ရောက်နိုင်ခဲ့သော်လည်း ယခင်အကြိမ်များနှင့်မတူဘဲ အကျဥ်းထောင်အစောင့်များက သူမကို အချုပ်ခန်း၏အခြားတစ်ဖက်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဤနေရာရှိ အစောင့်များက သိသိသာသာပင် တင်းကျပ်ပြီး ခြေလှမ်းသုံး၊ လေး၊ ငါးလှမ်း လှမ်းပြီးတိုင်း တကြိမ် ကင်းသမားတစ်ယောက်ကို တွေ့နေရသည်။ သို့သော်လည်း အခန်းက ပိုမိုကျယ်ဝန်းပြီး ပိုအလင်းရောင်ရကာ ပတ်ဝန်းကျင်က အနည်းငယ် ပိုကောင်းနေပုံရသည်။ သို့သော် အိပ်ရာကိုတော့ အရင်ကလို ကျောက်ပြားဖြင့် ပြုလုပ်ထားဆဲဖြစ်သည်။
အတွင်းဆုံးအခန်းသို့ ရောက်သောအခါ အစောင့်က ရပ်တန့်လိုက်ပြီး ပြောပြလာသည်။
"သခင်မ... ဝန်ကြီးချုပ်က အထဲမှာ ရှိပါတယ်"
ပူပင်သောကရောက်ခဲ့ရသည့် ညတစ်ညကို ကျော်ဖြတ်ခဲ့ရသောကြောင့် ကျွော့ချင်း၏နှလုံးခုန်နှုန်းက ရုတ်တရက် အနည်းငယ် မြန်လာခဲ့သည်။ သူမ အသက်ကို ပြင်းပြင်းရှူပြီးနောက် အကျဉ်းခန်းတံခါးသို့ တိုးဝင်လာခဲ့သည်။
အချုပ်ခန်းက သူမမြင်ဖူးသည့် အရင်ပုံစံများထက် ပိုကျယ်သော်လည်း လေဝင်လေထွက်အတွက် ပြတင်းပေါက်သေးသေးလေးတစ်ခုသာ ပါရှိသည်။ အလင်းရောင်ကောင်းစွာရပုံမပေါ်ပဲ ကျဥ်းကျပ်သော ခံစားမှုကို ပေးနေသည်။ ကောက်ရိုးများ ခင်းထားသော ကျောက်ခုတင်ပေါ်တွင် သွယ်လျသော လူတစ်ဦးက သူမကို ကျောပေးလျက် လဲလျောင်းနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် စောင်ပါးတစ်ထည်ကို ဖုံးအုပ်ထားသည်။
‘အဲ့ဒါ ရှီးယန်လား?? သူ့ရောဂါဟောင်းက ပြန်ဖြစ်နေတယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား?? ဘာလို့ သူ့ကို ကောက်ရိုးပေါ်မှာ အိပ်ခိုင်းနေကြသေးတာလဲ?? တော်ဝင်သမားတော်ကရော ဘယ်မှာလဲ??!’
ကျွော့ချင်းက သူ့နံဘေးသို့ အမြန်လျှောက်သွားချင်နေသော်လည်း သူမ၏ခြေထောက်များက တုန်ယင်နေပြီး လှုပ်ရမ်းနေကာ လမ်းလျှောက်ရန်ပင် ခက်ခဲစွာ ကြိုးစားနေရသည်။ နောက်ဆုံးတွင် သူမက သူ့ခုတင်အနားသို့ ရောက်သွားပြီး ဝင်ထိုင်လိုက်သည်။ ကျွော့ချင်းက သူ့ကို မထိရက်မကိုင်ရက် ဖြစ်နေပြီး အသံတိုးတိုးလေးဖြင့်သာ တီးတိုးခေါ်လိုက်သည်။
“ရှီးယန်...”
“...ရှီးယန်... ရှင် နေကောင်းရဲ့လား"
သူမ အကြိမ်ကြိမ် ခေါ်နေသော်လည်း ခုတင်ပေါ်ရှိလူထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ မရခဲ့ပေ။ ကျွော့ချင်း စိုးရိမ်စိတ်များ တိုးလာပြီး သူ့လက်ကို ချက်ချင်း ဆွဲယူကာ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
နော်ကဆုံးတွင် သူမ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် သူမ တရုတ်တိုင်းရင်းဆေးပညာကို မသင်ခဲ့ရသော်လည်း သူ့သွေးခုန်နှုန်းက တည်ငြိမ်နေပြီး အားအင်ရှိနေသေးကြောင်းကိုတော့ နားလည်နိုင်သေးသည်။
ကျွော့ချင်းက လို့ရှီးယန်၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဆွဲလှည့်လိုက်ပြီး သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ကာ ထပ်ပြောလိုက်သည်။
"ရှီးယန်၊ ရှင် ကျွန်မခေါ်နေတာကို ကြားတယ် မဟုတ်လား?"
လို့ရှီးယန်က မနေ့က ဝတ်ဆင်ခဲ့သော သတို့သားဝတ်စုံနီကြီးကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ရင်သပ်ရှုမောဖွယ် အနီရောင်က သူ့ကို ပို၍ ချောမောနေစေသော်လည်း အရောင်ဖျော့နေသော သူ့လက်များက ခါတိုင်းထက် ပို၍ အေးစက်နေခဲ့သည်။
ပျော်ရွှင်မှုနှင့် မင်္ဂလာအပေါင်းကို ကိုယ်စားပြုသည့် အနီရောင်တောက်တောက်က ကျွော့ချင်း၏ မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း ထိခိုက်သွားစေသည်။ သူမ မမျှော်လင့်ထားသော မျက်ရည်များက သူမ၏ဆန္ဒမပါဘဲ စီးကျလာပြီး ပါးပြင်မှတစ်ဆင့် သူ့အေးစက်နေသော လက်ချောင်းများပေါ်သို့ ကျရောက်သွားသည်။
လို့ရှီးယန်၏လက်က ရုတ်တရက် လှုပ်ရှားသွားပြီး မျက်ခွံများ တုန်ခါလာကာ သူ့မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ ကျွော့ချင်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ထပ်မေးလိုက်သည်။
"ရှီးယန်! ရှင်... နိုးလာပြီ!"
"ချင်းအာ..."
အချိန်အတော်ကြာမှ လို့ရှီးယန်က သူ့ရှေ့မှ လူကို ရှင်းလင်းစွာ မြင်သွားပုံရသည်။ သူ့လက်က ကျွော့ချင်း၏ ပါးပြင်ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိလာပြီး အေးစက်နေသော လက်မဖြင့် သူမမျက်ဝန်းထောင့်မှ မျက်ရည်များကို ညင်ညင်သာသာ သုတ်ပေးနေသည်။ သူ့အသံက အနည်းငယ် အက်ရှနေသော်လည်း ပုံမှန်အတိုင်း ညင်သာနေဆဲပင်။
"မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ"
သူ့အသံက ရှတတဖြစ်နေပြီး အလွန်တိုးလွန်းနေသဖြင့် ဘာပြောနေသည်ကို ရှင်းလင်းစွာ မကြားရသလောက်ပင်။ သို့သော် ကျွော့ချင်း၏ မျက်ရည်များက ထပ်မံ စီးကျလာပြန်သည်။ သူမ ရှိုက်ကြီးတငင် ငိုချင်နေသော်လည်း မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ရင်း အားတင်းကာ ပြန်ဖြေလိုက်သည်။
"ကျွန်မ... အဆင်ပြေပါတယ်!"
လို့ရှီးယန်က သူမ၏လက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောကာ ခေါင်းခါပြသည်။ ခဏအကြာတွင် သက်ပြင်းတစ်ချက်ချရင်း ပြောလာပြန်သည်။
"မင်းရဲ့ မျက်လုံးအောက်က ဒီအကွင်းကြီးတွေက ဘယ်ကရောက်လာတာလဲ။ အဲဒါကိုတောင် အဆင်ပြေတယ်လို့ ပြောနေသေးတယ်။ ကိုယ်အနားမှာ မရှိရင် မင်းကိုယ်မင်း ဂရုမစိုက်နိုင်တော့ဘူးလား?”
‘တစ်ညပဲရှိသေးတာကို သူမက ဘာလို့ အဲ့လို ဖြစ်သွားရတာလဲ??’
"ကျွန်မ..."
ကျွော့ချင်း စကားပြောရန် ပါးစပ်ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားရပြန်သည်။ သူမ၏ ယခုပုံသဏ္ဍာန်ကို သူမကိုယ်တိုင် သိနေသဖြင့် ပြန်လည်ချေပရန် နည်းလမ်းမရှိတော့ပေ။
လူနှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ လို့ရှီးယန်က သူမအတွက် စိုးရိမ်နေသကဲ့သို့ သူမကလည်း သူ့အတွက် ရင်တထိတ်ထိတ် ဖြစ်နေမိသည်။ ကျွော့ချင်းက စိုးရိမ်တကြီး မေးလိုက်ပြန်သည်။
"ရှင် ဘာဖြစ်နေတာလဲ? ရှင့်ရဲ့ ပန်းနာရင်ကြပ်က ပြန်ဖြစ်နေတာလား??"
လို့ရှီးယန်က ခေါင်းကို အနည်းငယ် ခါယမ်းပြလာသည်။
"ကိုယ် အဆင်ပြေပါတယ်၊ သူတို့က အရမ်းစိတ်ရှုပ်စရာ ကောင်းနေလို့ပါ"
စကားမဆုံးမီမှာပင် လို့ရှီးယန်တစ်ယောက် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာခဲ့သည်။ ခဏအကြာတွင် ဖျော့တော့နေသော သူ့မျက်နှာက နီရဲလာပြီး အသက်ရှူကြပ်လာသည်မှာ သိသာထင်ရှားနေသည်။
"ရှီးယန်!"
ကျွော့ချင်းက သူ့ကို တွဲကူကာ မတ်မတ်ထိုင်စေပြီး အသက်ရှူချောင်စေရန် ကျောကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။ လို့ရှီးယန်၏ လက်များက သူမလက်မောင်းကို အားကိုးတကြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာ သူ့လက်ချောင်းများက သူမအသားထဲသို့ နစ်ဝင်လုနီးပါး ဖြစ်နေခဲ့သည်။ ကျွော့ချင်း၏ လက်မောင်းများ နာကျင်နေသော်လည်း သူ၏ ပြင်းထန်လွန်းသော အသက်ရှူသံများကြောင့် သူမ၏ နှလုံးသားထဲမှ ခံစားနေရသော နာကျင်မှုကိုတော့ မမှီနိုင်ခဲ့ပေ။
အချိန်အတော်ကြာ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် လို့ရှီးယန် တဖြည်းဖြည်း ပြန်လည်သက်သာလာကာ တည်ငြိမ်မှု ရရှိလာခဲ့သည်။ ပြတင်းပေါက်ငယ်မှ ဖြတ်သန်းဝင်ရောက်လာသော နေရောင်အောက်တွင် ဖုန်မှုန့်များ ထူထပ်စွာ ပျံဝဲနေသည်ကို မြင်နေရသည်။ အခန်းထဲတွင် လေဝင်လေထွက် မရှိသလောက်ဖြစ်ရာ ကျန်းမာသောလူပင် အသက်ရှူကျပ်ချင်စရာ ကောင်းနေခဲ့သည်။
‘ဒါက ရှီးယန်လို လူနာတစ်ယောက်အတွက် ပိုပြီး ခက်ခဲစေမှာပဲ။ သူတို့က ရှီးယန်ကို ဒီလို ဖုန်ထူတဲ့ ကောက်ရိုးပုံပေါ်မှာတောင် အိပ်ခိုင်းထားကြတယ်!’
လို့ရှီးယန်၏ မောပန်းနွမ်းနယ်နေသော အသက်ရှူသံများက သူမနားထဲတွင် ဆက်တိုက် ကြားယောင်နေဆဲ ဖြစ်သကဲ့သို့၊ ပျံဝဲနေသော ဖုန်မှုန့်များကလည်း သူမ၏ ဒေါသကို ဆွပေးနေသည်။ ကျွော့ချင်းက သူမ၏ နှလုံးခုန်နှုန်း ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရပြီး လို့ရှီးယန်၏ အေးစက်သောလက်ကို ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်သည်။
"ရှီးယန်... ကျွန်မ ရှင့်ကို ဒီလိုနေရာမျိုးမှာ ဆက်နေခွင့် မပေးနိုင်တော့ဘူး!! ကျွန်မ ရှင့်ကို သေချာပေါက် ကယ်ထုတ်မယ်။ အခုချက်ချင်း လုပ်တော့မယ်!"
"ချင်းအာ?"
လို့ရှီးယန်လည်း အနည်းငယ် ထိတ်လန့်သွားပုံရသည်။
‘သူ့ရဲ့ချင်းအာက ဘာဖြစ်နေတာလဲ?? သူမက အမြဲတမ်း တည်ငြိမ်တယ်လေ။ ဒီနေ့ သူမက ဘာလို့ ဒီလောက်ပုံမှန် မဟုတ်နေရတာလဲ??’
လို့ရှီးယန်၏စိတ်ထဲတွင် မဝံ့မရဲ မှန်းဆချက်များ ပေါ်လာပြီး သူက စိုးရိမ်တကြီး တားမြစ်လိုက်သည်။
"မင်း ဘာတွေလုပ်ဖို့ ကြံနေတာလဲ... မိုက်မဲတာတွေ လျှောက်မလုပ်နဲ့နော်!"
"ကျွန်မ ရှင့်ကို ကယ်တင်နိုင်သရွေ့တော့ အရာအားလုံးက လုပ်ရကျိုးနပ်ပါတယ်!"
ဤအခိုက်အတန့်တွင် သူမ၏ခေါင်းမာပြီးအလျော့မပေးတက်သော မျက်ဝန်းများက တောက်ပလာပြီး စိတ်အားထက်သန်မှုအပြည့် ဖြစ်နေသည်။ ပုံမှန်အချိန်များတွင် သူမ၏ထိုပုံစံလေးက သူ အလေးစားရဆုံးဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် သူမ၏ ဇွဲလုံ့လကြောင့် သူ တုန်လှုပ်သွားရသည်။ လို့ရှီးယန်က သူမ၏ပါးလွှာသောပခုံးလေးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူကိုယ်တိုင်လည်း အနည်းငယ် တုန်လှုပ်နေသလို ခံစားနေရသည်။ သူက သူမကို ချော့မော့လိုက်သည်။
"ချင်းအာ... မင်း ဘာတွေဖြစ်နေတာလဲ၊ ဒီကိစ္စက သက်ရောက်မှုတွေ အများကြီးရှိနိုင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဒေါသအလျောက် လျောက်မလုပ်မိစေနဲ့၊ မဟုတ်ရင် အပြစ်မဲ့သူတွေကို ဒီထက်ပိုပြီး ထိခိုက်စေလိမ့်မယ်"
သူမပခုံးကို ကိုင်ထားသည့် သူ့လက်များ၏ခွန်အားကို ကြည့်ပြီး သူ သူမအတွက် စိုးရိမ်ပူပန်နေသည်ကို ခံစားနိုင်သော်လည်း ကျွော့ချင်းက သူမ ဘာလုပ်ရမည်ကို အတိအကျ သိနေခဲ့သည်။
"ရှီးယန်၊ ကျွန်မက ရှင့်ရဲ့ဇနီးပါ။ ရှင် ဒုက္ခရောက်နေတာကို ကူကယ်ရာမဲ့ ရပ်ကြည့် မနေနိုင်ဘူး!! ဒီကမ္ဘာမှာ ဘယ်သူကမှ လူတိုင်းကို လိုက်ကယ်မနေနိုင်ဘူး။ ကျွန်မက မိန်းမသားတစ်ယောက်ပါ၊ အဲ့ဒါကြောင့် ကျွန်မ ရှင့်အတွက်ပဲ တွေးပြီး ရှင့်ကိုဘဲ ဂရုစိုက်မယ်၊ ကျွန်မ ရှင့်ကို ကယ်နိုင်သရွေ့ ကျွန်မ ကျေနပ်တယ်။ တခြားအပြစ်မဲ့တဲ့သူတွေကို ကယ်ဖို့တော့ ကျွန်မှာ အစွမ်းအစမရှိဘူးလို့ပဲ သတ်မှတ်လိုက်မယ်!"
"ချင်းအာ?"
ကျွော့ချင်း၏ အေးစက်သော မျက်လုံးများတွင် ဝေခွဲမရခြင်းများ မရှိတော့ပေ။ သူမက အလွန် သတိရှိနေပုံရသော်လည်း လို့ရှီးယန်ကတော့ စိတ်ရှုပ်ထွေးနေမိသည်။
‘သူ့ချင်းအာက ဘာဖြစ်သွားတာလဲ? သူမက ရုတ်တရက် ဘာလို့ ဒီလို ရက်စက်တဲ့ စကားတွေ ပြောနေတာလဲ??’
ကျွော့ချင်းက ထပ်မရှင်းပြတော့ဘဲ သူ၏လက်ကို ပြန်ညှစ်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ရှင် ကောင်းကောင်း အနားယူနော်... ကျွန်မ အရင် ပြန်တော့မယ်"
ထိုသို့ပြောပြီးနောက် ကျွော့ချင်းက အကျဉ်းခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ လို့ရှီးယန်က သူမ ထွက်သွားသည်ကို ငေးကြည့်နေပြီးနောက် မူလအတိုင်း ပြန်လှဲနေလိုက်ကာ သူ့မျက်လုံးများကို မှိတ်ချထားလိုက်သည်။ ကျွော့ချင်း မထွက်ခွာမီ သူ၏လက်ထဲသို့ ထည့်ပေးသွားသော စာတိုလေးတစ်စောင်က သူ၏ လက်ဖဝါးထဲတွင် ရှိနေခဲ့သည်။
ကျွော့ချင်း အကျဉ်းခန်းတံခါးမှ ထွက်လာသည်နှင့် ကျင်းစက သူမရှေ့သို့ ရောက်လာခဲ့သည်။ သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်စများ ရှိနေသော်လည်း မျက်လုံးများကတော့ ထူးထူးခြားခြား တည်ငြိမ်နေသည်။
"အခု ဘယ်အချိန်ရှိပြီလဲ"
ကျင်းစက ကောင်းကင်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ရှန်ရှီကို ကျော်သွားပြီ" (ရှန်ရှီ- ညနေ ၃-၅နာရီ)
ကျွော့ချင်းက ရထားလုံးပေါ်သို့ တက်လိုက်ပြီးနောက် အေးစက်ပြတ်သားသော အသံဖြင့် အမိန့်ပေးလိုက်သည်။
"နန်းတော်ရဲ့ မြောက်ဘက်တံခါးကို မောင်း။ ငါ နန်းတော်ထဲကို ဝင်ချင်တယ်"