← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း ၁၁၁ နောက်ဆုံးအနိုင်ရသူ

မီးတိုင်များ ထွန်းချိန်ရောက်သောအခါ ဧကရာဇ်မင်းမြတ်၏မိန်းမစိုးက ဧကရီမယ်တော်ကြီးထံ ချဉ်းကပ်လာပြီး တော်ဝင်စာကြည့်ဆောင်သို့ လာရန် ဖိတ်ခေါ်ခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် ယန်ကျီလန်၏ မျက်ခွံများက ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ ယန်ကျီလန်က ခါတိုင်းကဲ့သို့ ပြေပြစ်ငြိမ်သက်နေပုံရသော်လည်း သူမ၏စိတ်အတွင်းမှ ထိတ်လန့်တုန်လှုပ်လာသည်။

သူမ အဝေးကနေ လှမ်းကြည့်လိုက်ရာ တော်ဝင်စာကြည့်ဆောင်၏အတွင်းရော အပြင်ပါ မီးများ ထွန်းထားပြီး နန်းတော်တံခါးက ပွင့်နေကာ အထဲ၌ လူ အများကြီး ရပ်နေမှန်း သိသိသာသာ မြင်နေရသည်။

ယန်ကျီလန်က လျှို့ဝှက်စွာ အသက်ပြင်းပြင်းရှူလိုက်ရင်း ခါတိုင်းကဲ့သို့ ပြေပြစ်သော အပြုံးဖြင့် ခေါင်းကို မော့ကာ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ သူမက နဂါးပုလ္လင်ပေါ်မှ လူကို ပြုံးပြလိုက်ပြီး ချက်ချင်း လှမ်းမေးလိုက်သည်။

“ဧကရာဇ်မင်းမြတ်က အိုက်ကျားကို ဖိတ်ခေါ်ဖို့ အရမ်း စိတ်အားထက်သန်နေတာလား?? ဘာကိစ္စရှိလို့လဲ??"

“မယ်တော်၊ ထိုင်ပါဦး”

ယန်းဟုန်ထျန်းက သူ့၏လက်ကို အနည်းငယ် မြှောက်ပြလိုက်ရာ နန်းတော်ထဲမှ မိန်းမစိုးတစ်ဦးက ကုလားထိုင်ကြီးတစ်လုံးကို ချက်ချင်းယူလာပြီး နဂါးပုလ္လင်၏ ညာဘက်ခြမ်း၌ နေရာချပေးလိုက်သည်။ ယန်ကျီလန် ဝင်ထိုင်လိုက်ချိန်တွင် ယန်းဟုန်ထျန်းက အနည်းငယ် ရယ်မောလိုက်ပြီး သူမကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြည့်နေကာ အကြောင်းအရာကို စပြောလာခဲ့သည်။

"ကျန်း ဒီနေ့ မယ်တော်ကို ဖိတ်ခေါ်လိုက်တာက စိတ်ဝင်စားစရာ ကိစ္စတစ်ခု ရောက်လာလို့ပါ။ ဒီကိစ္စက လို့ဝန်ကြီးချုပ်ရဲ့ ကိစ္စနဲ့ ပတ်သက်နေကြောင်း လို့သခင်မက လျောက်တင်လာတယ်။ ပြီးတော့ အဲ့အရာတွေထဲမှာ မယ်တော်နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ တစ်ခုခု ရှိနေသေးတယ်လည်း ပြောနေတယ်”

"အိုး?!"

ယန်ကျီလန်က လန့်ဖျပ်သွားသော်လည်း သူမ၏မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခုသာ ပေါ်လာခဲ့သည်။ သူမက ခန်းမဆောင်အလယ်ဘက်သို့ လှမ်းကြည့်လိုက်ရာ စုလင်း၊ ရှန်ယုလန်၊ လို့ရှီးယန်နှင့် လို့မူဟိုင်တို့အားလုံး ဤနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ရှေ့တွင် ရပ်နေသူက သူမကြောင့် ရေနစ်လုနီးပါးဖြစ်ခဲ့သော ချင်းလင် ဖြစ်နေသည်။

ယန်ကျီလန်က ချင်းလင်ကို ကြည့်လိုက်ပြီး စပ်စုချင်သည့် အပြုံးလေးဖြင့် မေးနေပြန်သည်။

"အဲ့လိုလား?? အိုက်ကျားတောင်မှ သိချင်လာပြီ၊ လို့သခင်မက သူ့(မ)လက်ထဲမှာ တစ်ခုခု ရှိတယ်လို့ ပြောတယ်ပေါ့။ အိုက်ကျား ကြည့်ဖို့ ယူလာပေးပါဦး”

ချင်းလင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ သူမ၏အင်္ကျီလက်အတွင်းတွင် ဝှက်ထားသော အရာကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး နှိမ့်ချသော လေသံဖြင့် လျောက်တင်လိုက်သည်။

"လျောင်ယွဲ့ရဲ့သတ္တမမင်းသားဖြစ်တဲ့ ပိုင်ရိက ဧကရာဇ်မင်းမြတ်ရဲ့အထူးခွင့်ပြုချက်နဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ ခေတ္တတည်းခိုနေထိုင်တာကို အားလုံး သိကြပါတယ်၊ ဒီနေ့ ပိုင်ရိရဲ့အခန်းထဲမှာ ချုံယွဲ့ရဲ့တရားရုံးတော်နဲ့ဆိုင်တဲ့ အရေးကိစ္စတွေကို အခါအားလျော်စွာ ဖော်ပြထားတဲ့ စာအချို့ကို ကျွန်တော်မျိုးမ မမျှော်လင့်ဘဲ တွေ့ခဲ့ရပါတယ်။ ချင်းလင်က အမျိုးသမီးတစ်ယောက်အနေနဲ့ နန်းတော်ရဲ့တော်ဝင်အ‌လေ့အထတွေနဲ့ တိုင်းပြည်ရေးရာကိစ္စတွေကို မသိ နားမလည်ပါဘူး၊ အဲ့တာကြောင့် မယ်တော်မိဖုရားကြီးက အဲ့တာတွေကို ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ချင်းလင်က မယ်တော်မိဖုရားကြီးကို တောင်းဆိုချင်ပါတယ်”

စုလင်း၏အနက်ရောင်မျက်လုံးများက အနည်းငယ် တောက်ပလာပြီး ရှန်ယုလန်က ရယ်မောနေရင်း သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ လို့ရှီးယန်က ပြုံးနေပြီး ဘာမှ မပြောသော်လည်း လို့မူဟိုင်ကတော့ စိတ်ရှုပ်နေပုံရသည်။

လူတစ်ချို့ကတော့ စိတ်ထဲမှ လှောင်ပြောင်နေကြသည်။

သူမက တိုင်းပြည်ရေးရာတွေကို သူမ နားမလည်ဘူးလို့တောင် ပြောနေသေးတယ်ပေါ့၊ အဲ့တာဆိုရင် ဒီကစားပွဲမှာ တစ်ယောက်ယောက်ကို လှည့်စားဖို့ ကြံစည်နေတဲ့ အစီအစဥ်ကို ဘယ်သူက တွေးတော ကြံဆခဲ့တာပါလိမ့်!!

ယန်းဟုန်ထျန်းက သူ့နံဘေးမှ ယန်ကျီလန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ၏ မျက်နှာတွင် ထူးထူးခြားခြား အရိပ်အယောင် မရှိသော်လည်း သူမ၏လက်များက အလိုအလျောက် တုန်ရီနေသည်။ ယန်းဟုန်ထျန်း၏ မျက်လုံးများက မှေးမှိန်သွားကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ယူလာခဲ့"

မိန်းမစိုးက ချင်းလင်ထံမှ စာများကို ယူလိုက်ပြီး ယန်းဟုန်ထျန်းထံ ပေးအပ်လိုက်သည်။ ယန်းဟုန်ထျန်းက ထိုအရာများကို အကြိမ်အနည်းငယ်မျှသာ ကြည့်လိုက်ပြီး သူ့မျက်နှာက ချက်ချင်းပင် အုံ့မှိုင်းသွားသည်။ သူက ဘာမှ နားမလည်သေးသော ယန်ကျီလန်ရှေ့သို့ စာကို ပစ်ချလိုက်သည်။ ထို့နောက် ယန်းဟုန်ထျန်းက အော်ဟစ်အမိန့်ပေးလိုက်သည်။

"ကောင်းကျင်း၊ လျောင်ယွဲ့ရဲ့ သတ္တမမင်းသား ပိုင်ရိကို နန်းတော်ထဲဝင်ရမယ်လို့ ကြေငြာဖို့ ဝန်ကြီးချုပ်အိမ်တော်ကို သွားလိုက်"

"အမိန့်တော်ကို နာခံပါတယ်"

ကောင်းကျင်းလည်း တုံ့ဆိုင်းမနေဝံ့ဘဲ တော်ဝင်စာကြည့်ဆောင်မှ ချက်ချင်း ပြေးထွက်သွားသည်။

ယန်းဟုန်ထျန်း၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသောကြောင့် ယန်ကျီလန်လည်း စိတ်ရှုပ်ထွေးသွားရသည်။ စာတစ်စောင်ကို ကောက်ယူ ဖတ်ကြည့်လိုက်ချိန်တွင်တော့ ယန်ကျီလန်၏မျက်ဝန်းများက ရုတ်တရက် ပြူးကျယ်သွားကာ ခန်းမထဲတွင် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသော ကျွော့ချင်းကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် တုန်လှုပ်နေသော လေသံဖြင့် ညည်းညူလိုက်သည်။

"ဒါ.... ဒါက မဖြစ်နိုင်ဘူး?!"

......။.........။......

ဝါးဦးထုပ်ကြီးကို ဆောင်းထားသည့် သန်မာသောလူက ခေါင်းကို ငုံ့ကာ ရထားလုံးကို ဂရုတစိုက် မောင်းနှင်နေသည်။ ပိန်ပိန်ပါးပါး မြင်းနက်ကြီးနှစ်ကောင် ဆွဲနေသည့် မီးခိုးရောင်နှင့်အပြာရောင် များပါဝင်သော ရထားလုံးတစ်စီးက မြို့တော်၏ လမ်းမများကို ဖြတ်ကျော်မောင်းနှင်နေပြီး မည်သူကမျှ မော့မကြည့်ရဲကြပေ။

ရထားလုံးပေါ်ရှိ ပိုင်ရိက ပြတင်းပေါက်တွင် တဝက်စောင်းလျက်အနေအထားဖြင့် မှီနေကာ ဝါးကန့်လန့်ကာကို ဟထားပြီး သူ့ကိုယ်သူ ထုတ်ဖော်ပြသထားသည်။ မတင်ထားသော ကန့်လန့်ကာမှတဆင့် သူက လပြည့်ည၏အလှကို ခံစားနေရင်း ချင်းလင်က ထိုစာများကို နန်းတော်ထဲသို့ ယူဆောင်သွားမည့်အကြောင်းကို စဉ်းစားနေခဲ့သည်။

ယန်းဟုန်ထျန်း... ဟား..ဟား.. စိတ်ထဲမှာ အရမ်းသက်တောင့်သက်သာရှိတယ်။ ဒီတစ်ကြိမ် ချုံယွဲ့ကို လာခဲ့တာက ဒီလိုဆုလာဘ်ကို ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ တကယ်ကို ကျေနပ်စရာပါပဲ။

ပိုင်ရိက ပြတင်းပေါက်ဘောင်ကို သူ့လက်ဖြင့် ပျော်ရွှင်စွာ ပုတ်နေရင်း သူ့အင်္ကျီလက်စထဲတွင် ဝှက်ထားသော အရာတစ်ခုကို ရှာဖွေကာ ထုတ်ယူလိုက်သည်။ ထိုအရာများက ယနေ့နေ့လည်တွင် ချင်းလင် သူ့ကို ရေးပြခိုင်းခဲ့သည့် အမျိုးသမီးလက်ရေးများ ဖြစ်သည်။ ထိုအရာက ပေါ့ပေါ့ပါးပါး စကားများကို အနည်းငယ်ပြောဆိုထားခြင်း ဖြစ်သော်လည်း သူက ဝန်ကြီးချုပ်အိမ်တော်တွင် ချန်မထားခဲ့ပေ။

သူ စာရွက်ဖြူကို ဆုတ်ဖြဲခါနီးတွင် လရောင်က ခေါက်ထားသော စာရွက်ဖြူပေါ်သို့ ထင်ဟပ်လာခဲ့သည်။ ပိုင်ရိက တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ စာရွက်ဖြူကို ဖွင့်ကြည့်လိုက်ရာ သူ့၏မူလက ပြုံးနေသော မျက်နှာက ရုတ်တရက် အေးစက်လာပြီး သူ့မျက်လုံးများထဲမှ ထွက်လာသည့် အအေးဓာတ်က ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တစ်ခုလို ဖြစ်နေခဲ့သည်။

"ဖူယု"

အေးစက်စက် ဒေါသတကြီး ဟိန်းဟောက်သံက အရပ်မြင့်မြင့်လူကြီးကို ထိတ်လန့်သွားစေပြီး လူကြီးက အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

"လျောင်ယွဲ့ကို ချက်ခြင်းပြန်သွား!"

ထိုစကားက လှည်းပေါ်ရှိလူ ဒေါသပေါက်ကွဲထွက်လုနီးပါး ဖြစ်နေကြောင်း ပြသနေသည်။

သူ့သခင်က အခုနကအထိ စိတ်ကောင်းဝင်နေခဲ့တာ မဟုတ်ဘူးလား?? သူက ဘာကို အရမ်းစိတ်ဆိုးသွားတာလဲ??!

ထိုလူကြီးက အလွန်သိချင်နေသော်လည်း အခြားစကားလုံးကို မမေးဝံ့ဘဲ လေးလေးနက်နက် အသံဖြင့်သာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ပိုင်ရိ၏ဒေါသများပြည့်နေသော မျက်လုံးများက စာရွက်ဖြူအလွတ်ကို စိုက်ကြည့်နေရင်း သူ့လက်သီးများကို ဖြည်းညှင်းစွာ တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ရာ သူ့လက်ကောက်ဝတ်မှ သွေးကြောများပင် တစတစ ပေါ်လာခဲ့သည်။ သူ့လက်ထဲရှိ စက္ကူဖြူများ အရည်ပျော်လုနီးနီး ဖြစ်နေသည့်တိုင်အောင် ပိုင်ရိက ထိုစာရွက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားခဲ့သည်။ ထိုနောက် ရထားလုံး၏အခြားထောင့်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။

‘ချင်းလင်က ဘာလုပ်လိုက်တာလဲ!’

‘ဘယ်လောက်တောင် သတ္တိရှိနေလို့ ငါကို ဒါမျိုးလုပ်ရဲတာလဲ!’

‘ငါ့ကို ဘယ်သူကမှ ဒီလိုမျိုး လှည့်စားလို့ မရဘူး။’

‘နောက်တစ်ကြိမ် ထပ်တွေ့ဖို့ အခွင့်အရေးရှိသေးရင် သူမဘဝကို သေတာထက် ပိုဆိုးအောင်လုပ်ပစ်မယ်။’

ဒေါသကြောင့် အနီရောင်သွေးချည်မျှင်များ ဖုံးအုပ်နေသော မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး နုနယ်သော မျက်နှာက ဒေါသမောဟများနှင့် ပြည့်နှက်နေသည်။ ယခုအချိန်တွင် တစ်ယောက်ယောက်က သူ့ကို စကားလာပြောမိလျှင် နောက်တကြိမ် စကားထပ်ပြောရန် အခွင့်အရေးမရှိနိုင်တော့မည်မှာ သေချာနေခဲ့သည်။

......။......။......

ဧကရာဇ်မင်း၏မျက်နှာက ပျက်ယွမ်းလုနီးပါး မှောင်မိုက်နေသော်လည်း ဘာကြောင့်မှန်း မသေချာ မရေရာဖြစ်နေသည်။ မယ်တော်မိဖုရားကြီး၏မျက်နှာကလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး အလွန်တုန်လှုပ်နေပုံရသောကြောင့် လေထုက ထူးဆန်းနေခဲ့သည်။

ယန်ကျီလန်က သူမလက်ထဲမှ ပစ္စည်းများကို စားပွဲခုံပေါ်ပစ်ချလိုက်ရင်း ကျွော့ချင်းကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

"အိုက်ကျားက ဒီအရာတွေကို တစ်ခါမှ မမြင်ဖူးသလို လျောင်ယွဲ့နဲ့လည်း အဆက်အသွယ် မရှိဖူးဘူး။ နောက်ပြီး သူတို့ရေးထားတဲ့ စာထဲမှာပါတဲ့ လက်ရေးတွေကလည်း အိုက်ကျားလက်ရေးမှ မဟုတ်တာ၊ ဒီအရာတွေက အိုက်ကျားကို စွပ်စွဲဖို့လုပ်ထားတဲ့ အတုအယောင်တွေပဲ"

ယန်ကျီလန်၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် ချင်းလင်က နဂိုပုံစံအတိုင်း တည်ငြိမ်နေဆဲပင်။

"အဲ့ဒါက မယ်တော်မိဖုရားကြီးရဲ့လက်ရေး မဟုတ်ဘူးလို့ ဆိုလိုတာလား၊ ဒီအရာတွေက အတုအပတွေလို့ မယ်တော်ကြီးက သက်သေပြပေးနိုင်လား"

ယန်ကျီလန်က စိတ်မထိန်းနိုင်တော့ဘဲ မာမာထန်ထန် ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့!"

‘ဘာကြောင့် ဒီလိုဖြစ်သွားတာလဲဆိုတာ သူမလည်း မသိတော့ဘူး။ စာပေါ်က တံဆိပ်တုံးက သူမရဲ့ကိုယ်ပိုင်တံဆိပ်တုံးဖြစ်ပေမယ့် သူမရဲ့တံဆိပ်တုံးကို ရှီးရှနန်းတော်မှာ အမြဲသိမ်းဆည်းထားခဲ့တယ်၊ ချင်းလင်က ဘယ်လိုလုပ်လိုက်တာလဲ?? ပြီးတော့ သတ္တမမင်းသားရဲ့တံဆိပ်တုံးကို ဘယ်လိုရခဲ့တာလဲ???’

ကျွော့ချင်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြသော်လည်း ဤတစ်ကြိမ်တွင် သူမက ယန်းဟုန်ထျန်းကို ကြည့်ကာ အေးစက်စွာ ပြန်မေးလိုက်သည်။

"ဒါဆို ဒီအယူအဆကို ရှီးယန်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ မကျင့်သုံးနိုင်ရတာလဲ?! သူခိုးတွေ ယူလာတဲ့ စာထဲက လက်ရေးတွေက လို့မိသားစုက သားအဖရဲ့ လက်ရေးတွေ မဟုတ်ဘူး၊ မယ်တော်မိဖုရားကြီးရဲ့ သဘောထားအရဆိုရင် အဲဒီအရာတွေက အတုတွေပဲ ဖြစ်သင့်တယ်။ အတုလုပ်ထားတဲ့ အထောက်အထားအချို့က တိုင်းပြည်ရဲ့ဝန်ကြီးချုပ်တစ်ယောက်ကို ထောင်ထဲထည့်ဖို့ လုံလောက်တယ်ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ? ဒါမှမဟုတ် တော်ဝင်မိသားစုနဲ့ သာမာန်အရာရှိကြားမှာ ကွာခြားမှုရှိတာလား??”

ချင်းလင်၏ ရန်လိုမှုကြောင့် ယန်းဟုန်ထျန်း၏မျက်နှာက အေးစက်ပြီးရင်း အေးစက်လာသည်။ ယန်ကျီလန်က ထိတ်လန့်သွားပြီး ချင်းလင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချလိုက်သည်။

"မင်းက အရမ်းကို မာန်မာနကြီးလွန်းတယ်။ လို့ရှီးယန် ကျူးလွန်ခဲ့တာက တိုင်းပြည်ကိုသစ္စာဖောက်မှုနဲ့ ပုန်ကန်မှုပဲ။ ထုံးစံအတိုင်း ဒါက အလွယ်တကူ လျစ်လျူရှုလို့ မရဘူး။"

ဒီပူးပေါင်းရေးစာတွေက ဒီအမျိုးသမီး အတုလုပ်ထားတယ်ဆိုတာ အခု သေချာနေပါပြီ။ လို့ရှီးယန်က သူမကို တိတ်တဆိတ် ကူညီခဲ့တာလား? ဒါမှမဟုတ် စုလင်းနဲ့ ရှန်ယုလန်က သူတို့ဘက်မှာ ရှိနေတာလား?

ယန်ကျီလန်က သူတို့၏ခေါင်းများကို အနည်းငယ်ငုံ့ထားကြပြီး အပြစ်ကင်းသည့်ပုံဖြင့် မတ်တပ်ရပ်နေသာ အောက်နားမှ အမျိုးသားများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူမ အခု နောင်တရရုံပဲ တက်နိုင်တော့တယ်။ ဘာကြောင့် သူမကို ရေနစ်ပြီး မသေစေခဲ့တာလဲ??

ကျွော့ချင်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး နားမလည်ဟန်ဆောင်ကာ ကျယ်လောင်စွာ မေးနေပြန်သည်။

"ဒါဆို မယ်တော်မိဖုရားကြီး ဆိုလိုတဲ့အဓိပ္ပါယ်က ပုန်ကန်မှုက ကြီးလေးတဲ့ ရာဇ၀တ်မှု ဖြစ်ပေမယ့် ရန်သူနဲ့ ပေါင်းသင်းဆက်ဆံတာကတော့ အပြစ် မဟုတ်ဘူးပေါ့"

"မင်း!"

ကျွော့ချင်းကို လက်ညှိုးညွှန်ထားသော ယန်ကျီလန်လက်က ဒေါသကြောင့် တုန်ယင်နေပြီး သူမ ခဏတာမျှ စကားမပြောနိုင်ဖြစ်နေကာ မည်သို့ တုံ့ပြန်ရမှန်းလည်း မသိတော့ပေ။

ကျွော့ချင်းက အကြောင်းအရာကို ပြောင်းလိုက်ပြီး ယန်းဟုန်ထျန်းကို ထပ်ကြည့်က မေးလိုက်ပြန်သည်။

"ဧကရာဇ်မင်းမြတ်... ချင်းလင် သိချင်တာက... ဒီအထောက်အထားက ခိုင်လုံလား၊ မခိုင်လုံဘူးလား"

ယန်းဟုန်ထျန်း၏လင်းယုန်မျက်လုံးများမှ အေးစက်သောအကြည့်များက ပိုမို အေးစက်နေပြီး အန္တရာယ်ရှိသော လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဒါက အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မလဲ"

‘ဒီလူရဲ့မျက်လုံးတွေက အပ်နဲ့တူတယ်။ သူ့ရဲ့ဒီလို အကြည့်တွေကို ကြံကြံခံနိုင်ဖို့ ခွန်အားတွေ လိုအပ်တယ်။ အထူးသဖြင့် သူ့ဆီက စကားတစ်ခွန်းတည်းက လူတစ်ယောက်ရဲ့အသက် ဒါမှမဟုတ် သေခြင်းတရားကို ဆုံးဖြတ်နိုင်တယ်။ အဲဒီအကြောက်တရားက လူတွေကို သူ့ခြေဖဝါးအောက်မှာ တွယ်ကပ်နေစေတယ်။’

ကျွော့ချင်းလည်း တိတ်တဆိတ် ထိတ်လန့်သွားရသည်။ သူမ သူ့ကိုကြည့်လိုက်တိုင်း သူမကို လည်ပင်းညှစ်သတ်လုနီးပါး ဖြစ်ခဲ့သည့်ညကို သူမ ပြန်တွေးနေမိသည်။ ထိုသေလုမျောပါး ခံစားချက်ကို ပြန်တွေးလိုက်တိုင်း သူမ၏လည်ချောင်းပင် ပူလောင်လာပြီး အသက်ရှူရ ခက်လာသလို ခံစားရသည်။ ကျွော့ချင်းက အချိန်ခဏတာလောက် သူမကိုယ်သူမ ပြန်ထိန်းလိုက်ပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

"ဒီအထောက်အထားက ခိုင်လုံတယ်ဆိုရင် မယ်တော်မိဖုရားကြီးက ရန်သူနဲ့ ဆက်ဆံရေး ရှိနိုင်တယ်လို့ ပြသနေတယ်။ ဧကရာဇ်က ဥပဒေကို ဖောက်ဖျက်ရင်တောင် ကျူးလွန်တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်က အတူတူပဲ ဖြစ်သင့်တယ်။ အဲ့ဒါကြောင့် မယ်တော်မိဖုရားကြီးကို အကျဥ်းထောင်ထဲ ထည့်ပြီး ရာဇ၀တ်မှုနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံသင့်တယ်၊ ဧကရာဇ်မင်းမြတ်ရဲ့အမြင်မှာ ဒီအထောက်အထားတွေက အသေးအဖွဲ ဖြစ်ပြီး မယုံကြည်ရလောက်ဘူးဆိုရင် ရှီးယန်က ဒီလို သက်သေအထောက်အထားတွေကြောင့် ထောင်ထဲမှာ နေရမယ့်အစား အိမ်ကို ပြန်ပြီး စုံစမ်းထောက်လှမ်းမှုတွေမှာ ပူးပေါင်းနိုင်သင့်တယ်”

သူမက ဘာအတွက် တိုက်ပွဲဝင်နေလဲဆိုတာကို သူမ သိနေတဲ့အတွက် သူမက ဘယ်တော့မှ နောက်ပြန် ဆုတ်မှာ မဟုတ်ဘူး။

ယန်းဟုန်ထျန်းက မျက်ခုံးပင့်ကာ တီးတိုးရေရွက်လိုက်သည်။

‘ချင်းမိသားစုက အမျိုးသမီးတွေအားလုံးက အတူတူပဲလား။ သူမက သူ့ကို မကြောက်ဘူးလား? သူမက ငါကို အော်ငေါက်ဝံ့တဲ့ မောင်းမဆောင်က အမျိုးသမီးလိုပဲလား??’

ယန်းဟုန်ထျန်းက သူ့မျက်လုံးများထဲမှ စိတ်ဝင်စားမှုများကို ဖုံးကွယ်လိုက်ပြီး သူ ခေါင်းပြန်မော့လာချိန်တွင် ထိုမျက်လုံးများက ချက်ချင်း အေးစက်သွားပြီး သူ့ဘေးနားမှ ယန်ကျီလန်ဆီသို့ ဦးတည်သွားပြန်သည်။

ယန်းဟုန်ထျန်းက စိတ်မသက်မသာဖြစ်နေသော ယန်ကျီလန်ကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။

"မယ်တော်ကရော ဘယ်လိုထင်လဲ"

ယန်ကျီလန်က သူမကိုယ်သူမ ခုခံကာကွယ်ချင်နေသော်လည်း ခဏလောက်စဉ်းစားပြီးမှ ပါးစပ်ကို ပြန်ပိတ်လိုက်ကာ အရှိအတိုင်း လက်ခံရန် ဆုံးဖြတ်လိုက်သည်။

"အရာရာတိုင်းကို ဧကရာဇ်မင်းမြတ်ကပဲ ဆုံးဖြတ်သင့်ပါတယ်!"

နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရှိနေသော်လည်း တစ်ချိန်လုံး နှုတ်ဆိတ်နေသော လူကို စိတ်မသက်မသာ တစ်ချက် လှမ်းကြည့်လိုက်ပြီး ယန်းဟုန်ထျန်းက မေးလိုက်ပြန်သည်။

"ဝန်ကြီးချုပ်လို့ကရော ဘယ်လိုထင်လဲ?"

လို့ရှီးယန်က သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ယခင်အတိုင်း ငြိမ်သက်နေဆဲ အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"အရာရာတိုင်းကို ဧကရာဇ်မင်းမြတ်က ဆုံးဖြတ်သင့်ပါတယ်"

သူက အခု အပြစ်ကို စောင့်နေရတဲ့ ရာဇဝတ်သားလေ...

လို့ရှီးယန်ကို လျှို့ဝှက်စွာ စိုက်ကြည့်ပြီးနောက် ယန်းဟုန်ထျန်းက ရှန်ယုလန်ဘက်ကို လှည့်လာပြန်သည်။

"တရားသူကြီးရှန်က ရွှေချောင်းအမှုကို စုံစမ်းနေတာ အတော်ကြာပြီ၊ ဘာတွေ ရှာတွေထားလဲ?"

ရှန်ယုလန်ကတော့ စိတ်ထဲမှ တိတ်တဆိတ် ‌စောဒကတက်နေခဲ့သည်။

‘ဒီကိစ္စမှာ စုလင်းက ခေါင်းဆောင်မဟုတ်ဘူးလား?? ငါက သူကို့ ကူညီနေရတာ မဟုတ်ဘူးလား??! ဧကရာဇ်က ဘာကြောင့် စစ်သူကြီးစုကို မမေးရတာလဲ??!’

ရှန်ယုလန်က ခေါင်းကို အနည်းငယ်လှည့်ကာ သူ့ဘေးမှ စုလင်းကို ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ စုလင်းက သူ့အကြည့်ကို မမြင်ဟန်ဆောင်ကာ ဘေးဘက်သို့ လှည့်ကြည့်နေလေသည်။ ရှန်ယုလန်က သူ့ရာထူးမှ နုတ်ထွက်ရန် မှတပါး ရွေးချယ်စရာ မရှိတော့သလို ခံစားလိုက်ရပြီး ပြန်ဖြေလိုက်သည်။

“ဧကရာဇ်မင်းမြတ်ကို အစီရင်ခံ ပါတယ်၊ သူပုန်ခေါင်းဆောင်တွေနဲ့ အပြန်အလှန်ဖလှယ်တဲ့ စာအနည်းငယ်ရှိနေပေမယ့် လို့စစ်သူကြီးနဲ့ သူရဲ့သားဖြစ်သူ လို့ဝန်ကြီးချုပ်တို့က သူ့တို့ကို အမိန့်ပေးခဲ့ကြောင်း သက်သေ မပြနိုင်သေးပါဘူး။ တိုင်းပြည်တစ်ဝှမ်းမှာရှိတဲ့ စစ်သူကြီးတွေရဲ့တရားဝင်တံဆိပ်တုံးတွေက လွန်ခဲ့တဲ့ တစ်နှစ်မှာ တစ်ကြိမ် ပြောင်းလဲခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ရေးခဲ့တဲ့ စာ‌တွေမှာ ဒီတစ်နှစ်အတွင်း ပြောင်းလဲထားခဲ့တဲ့ တရားဝင် တံဆိပ်တုံးအသစ်ကို တံဆိပ်တုံး ထုထားခဲ့ပါတယ်။ အဲ့ဒါက သံသယဖြစ်ဖို့ ကောင်းလွန်းပါတယ်၊ ဒုတိယအနေနဲ့ သူပုန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ယုရှင်းက ဝူပြည်နယ် ဇာတိဖြစ်ပြီး အသက် ၂၄ နှစ်ကနေ ၃၀နှစ် အတွင်း လက်ရှိ အရပ်ဘက်ရေးရာ ဝန်ကြီး လီဟုန်မင်ရဲ့ ကိုယ်ရံတော် အကြီးအကဲ ဖြစ်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ သူက ထွက်ခွာသွားပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ စစ်ဆေးမေးမြန်းချိန်မှာ ယုရှင်းက သူက လီလူကြီးမင်းရဲ့အိမ်တော်မှာ ရှိခဲ့ဖူးတယ်ဆိုတာကို ဝန်မခံပါဘူး။ သူက တုန်လှုပ်ချောက်ချားနေပြီး သူ့စကားတွေ ဗရမ်းဗတာဖြစ်နေတာက တကယ့်ကို သံသယဖြစ်စရာပါပဲ”

ရှန်ယုလန် ပြောပြီး ပြီးချင်းမှာပင် ယန်ကျီလန်၏အမူအရာက ထပ်ခါထပ်ခါ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် ဝန်ကြီးချုပ်အိမ်တော်သို့ သွားနေသည့် ကောင်းကျင်းကလည်း အမြန်ပြန်ရောက်လာပြီး နန်းတော်တံခါးဝ၌ ပေါ်လာခဲ့သည်။ ကောင်းကျင်းက အမှန်အတိုင်း လျောက်တင်လိုက်သည်။

"ဧကရာဇ်မင်းမြတ်ကို လျောက်တင်ပါတယ်၊ လို့သခင်မ နန်းတော်ထဲကို ဝင်သွားပြီးတဲ့နောက်မှာ သတ္တမမင်းသားက ဝန်ကြီးချုပ် အိမ်တော်ကနေ ချက်ချင်း ထွက်ခွာသွားပြီး အခု ပျောက်ဆုံးနေပါတယ်”

"ဘယ်လိုတောင် တိုက်ဆိုင်မှုကြီးလဲ"

ယန်းဟုန်ထျန်းက ကျွော့ချင်းကို ကြည့်လိုက်ရာ သူမက အပြစ်ကင်းသည့်မျက်နှာဖြင့် သူ့ကို ပြန်ကြည့်နေသည်။ ယန်းဟုန်ထျန်းက ယန်ကျီလန်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ယန်ကျီလန်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်ရင်း လှမ်းပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဒါက လျောင်ယွဲ့ရဲ့သွေးခွဲတဲ့ အစီအစဉ်ပဲ ဖြစ်ရမယ်။ ပိုင်ရိက ကြိုတင် မျှော်လင့်ထားပြီး လွတ်မြောက်ဖို့ အချိန်ကောင်းကို စောင့်နေတာ သိသာတယ်။ တကယ်ကို မယုံနိုင်လောက်စရာပဲ!!"

ရန်သူနှင့် ပေါင်းသင်းခြင်း၏ ရာဇ၀တ်မှုကို သူမ မခံနိုင်ရုံသာမက ယန်မိသားစုတစ်ခုလုံးကလည်း ဒီပြစ်မှုကို ခံနိုင်မည် မဟုတ်ပေ!

ယန်းဟုန်ထျန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

"မယ်တော်မိဖုရားကြီးက ဒီလို စာတွေက ယုံကြည်ဖို့ မထိုက်တန်ဘူးလို့ သတ်မှတ်တဲ့အတွက် လို့မိသားစုက သားအဖရဲ့ပုန်ကန်မှုကို ရာဇ၀တ်မှုလို့ ခေါ်ဆိုလို့ မရနိုင်တော့ဘူး။ လို့မိသားစုက သားအဖကို အကျဥ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်မယ်၊ အိမ်တော်ကို ပြန်ပြီး မူရင်းတာဝန်တွေကို ပြန်ထမ်းဆောင်ပါ"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချကာ လို့ရှီးယန်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့၏လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်သည်။ လို့ရှီးယန်က သူမ၏လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ပြုံးပြနေသည်။ လို့မူဟိုင်က ပင်မခန်းမကြီးရှိ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူ အနည်းငယ် နားလည်ပုံပေါ်သော်လည်း အပြည့်အဝတော့ နားလည်ပုံမပေါ်ပေ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံး အဆင်ပြေပြီး သူတို့ ထွက်သွားနိုင်တော့မယ်။

ယန်းဟုန်ထျန်းက ရုတ်တရက် ယန်ကျီလန်ကို အဓိပ္ပါယ်များပါဝင်သော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး စိတ်ဆင်းရဲဟန်ဆောင်ကာ မေးလိုက်သည်။

"ဘယ်လိုပဲပြောပြော မယ်တော်မိဖုရားကြီးရဲ့အမြင်အရ တခြားအရာရှိကြီးတွေက ကန့်ကွက်စရာမရှိဘူးလောက်ဘူးမလား?"

ယန်ကျီလန်က ထိတ်လန့်တုန်လှုပ်သွားပြီး သွားများကို တင်းတင်းစေ့ထားကာ အပြုံးဖြင့် ပြန်ဖြေလိုက်ရသည်။

"အစိုးရအဖွဲ့က အရာရှိတွေက ဧကရာဇ်မင်းမြတ်ရဲ့ အမျှော်အမြင်နဲ့ ဆုံးဖြတ်မှုကို တလေးတစား လိုက်နာကြမှာပါ"

သူမ၏အပြုံးက မည်မျှ အတုအယောင်ဆန်နေမှန်း သူမကိုယ်တိုင် မသိနိုင်သော်လည်း ယန်းဟုန်ထျန်း၏ရင်ဘတ်အတွင်းမှ မီးပွားများက ဘာကြောင့်မှန်းမသိ မြင့်တက်လာကာ သူက စားပွဲကို လက်ဖဝါးဖြင့် ရုတ်တရက် ပုတ်လိုက်သည်။ ထို့နောက် ရှန်ယုလန်ကို အသံခပ်အုပ်အုပ်ဖြင့် အော်ဟစ် အမိန့်ပေးလိုက်သည်။

"အမှုက မပြီးသေးဘူး၊ ရှန်တရားသူကြီးအနေနဲ့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လိုနေသေးတယ်။ ဘဏ္ဍာတိုက်က ငွေကို ခိုးယူပြီး သစ္စာရှိတဲ့ အရာရှိတွေကို ချောက်ချချင်နေတဲ့ သစ္စာဖောက်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်!"

ရုတ်တရက်ဖြစ်ပေါ်လာသော ယန်းဟုန်ထျန်း၏ဒေါသက အနည်းငယ် နားမလည်နိုင်စရာကောင်းနေသော်လည်း ရှန်ယုလန်က ထိုဧကရာဇ်၏ ဝန်ကြီးတစ်ဦးအနေဖြင့် ၎င်းကို ကျင့်သားရနေခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ ရှန်ယုလန်က သူ့လက်သီးနှစ်ဖက်ကို လက်ခုပ်အုပ်လိုက်ကာ ပုံမှန်အမူအရာအတိုင်း ပြန်ဖြေလိုက်သည်။

"အမိန့်တော်ကို နာခံပါတယ်"

"ပြန်ကြ‌တော့"

ယန်းဟုန်ထျန်းက သူ့အင်္ကျီလက်များကို ဝှေ့ယမ်းပြလိုက်ပြီး သူတို့ ပြန်ထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။

အခန်း ၁၁၁ မှ အဆက်

လက်ချောင်းများကို တွဲယှက်ထားသော လူနှစ်ယောက်က နန်းတော်၏ ဆိတ်ငြိမ်သော ညအမှောင်၏အောက်မှ အပြာရောင် ကျောက်ပြားခင်းလမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေကြသည်။ သူ့၏သွယ်လျသောလက်များကို တင်းတင်းဆုပ်ကိုင်ထားရင်း ကျွော့ချင်းက ယခုအခိုက်အတန့်တွင် သူမ၏နှလုံးသားက ပြီးပြည့်စုံနေပြီး နွေးထွေးနေသည်ဟု ခံစားနေမိသည်။

"ရှီးယန်!"

တစ်စုံတစ်ယောက်၏အမည်ကို အသံတိုးတိုးဖြင့် ခေါ်ဆိုနိုင်ပြီး သူက ကိုယ်‌ခေါ်သည်ကို ချက်ခြင်းတုံ့ပြန်နိုင်ခြင်းက အမှန်တကယ်ကို ပျော်ရွှင်မှုတစ်မျိုး ဖြစ်နေခဲ့သည်။

သူ့၏နူးညံ့သိမ်မွေ့သော လက်တစ်ဖက်က သူမနောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးနေရင်း လို့ရှီးယန်က အနည်းငယ် ပြုံးနေကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ချင်းအာ၊ အိမ်ပြန်ကြရအောင်"

"အင်း"

‘အိမ်ပြန်ကြမယ်!’

လရောင်က လူနှစ်ယောက်၏ပုံသဏ္ဌန်များကို ရှည်လျားစွာ ဖြန့်ကျက်နေပြီး အရိပ်များက မြူခိုးများကြားတွင် တစ်ခုနှင့်တစ်ခု ထပ်နေပုံရပြီး ၎င်းတို့က လူတစ်ဦး သို့မဟုတ် နှစ်ဦးလားဟုတောင် ပြောရခက်နေသည်။ ခပ်ဝေးဝေးကနေလှမ်းကြည့်လိုက်လျှင် လူနှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဘဝ၏အဆုံး အတူတူလျှောက်သွားကြမည်ဟု ယုံကြည်စေသည်။

လို့မူဟိုင်က မဝေးလှသော အကွာအဝေးမှ လျှောက်လှမ်းနေသော လူနှစ်ယောက်ကို ကြည့်ပြီး သူ့စိတ်နှလုံးက မတုန်လှုပ်ဘဲ မနေနိုင်ပေ။

သူ့သားပြောခဲ့တာတွေက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီမိန်းခလေးက တကယ်ကိုပဲ ထိုက်တန်ပါတယ်။

သူတို့အချင်းချင်းသာ မြင်နေပုံရသော ချစ်သူစုံတွဲကို ကြည့်ရင်း တုန်လှုပ်နေသည်က လို့မူဟိုင်တစ်ယောက်တည်း မဟုတ်ခဲ့ပေ။ စုလင်းကလည်း သူ့စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ ယားယံသွားသလို ခံစားလိုက်ရသည်။ အကြောင်းမှာ သူ့၏စိတ်ထဲတွင် လှပသော ပုံရိပ်လေးတစ်ခု လင်းလက်သွားသော်လည်း အပြန်ပြန် အလှန်လှန် ထိုးချက်၊ကန်ချက်များ ဖလှယ်နေခြင်းသာ ဖြစ်နေသောကြောင့်ပင်။

နန်းတော်တံခါး၏အပြင်ဘက်တွင် ရထားလုံးလေးစီး ရပ်ထားပြီး နန်းတော်ထဲမှ သူတို့အုပ်စုထဲ ထွက်လာသည်ကို တွေ့လိုက်သည်နှင့် သေးငယ်ပြီး သန်စွမ်းပုံရသောအသွင်သဏ္ဍန်တစ်ခုက ရထားလုံးပေါ်မှ ခုန်ဆင်းကာ လို့ရှီးယန်နှင့် ကျွော့ချင်းရှိရာသို့ လျှောက်သွားပြီး ဆုပ်ကိုင်ထားသော လက်များနှင့် မျက်နှာများကို ကြည့်နေခဲ့သည်။ ကုယွင်က သက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်လိုက်ပြီး ရွှင်ပြုံးပြုံးရွှင် ပြောလာခဲ့သည်။

"နောက်ဆုံးတော့ ထွက်လာနိုင်ပြီ၊ ငါ့ရဲ့သရုပ်ဆောင်မှုနဲ့ အားထုတ်မှုတွေ အားလုံးက အချည်းနှီးတော့ မဟုတ်ဘူးဘဲ"

လို့ရှီးယန်က သူမကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ချင်းသခင်မလေး၊ မဟုတ်ဘူး၊ ငါ မင်းကို... ခယ်မလို့ ခေါ်ရတော့မယ်"

"ခယ်မ" ဟူသော စကားလုံးက ကုယွင်နှင့် ကျွော့ချင်းတို့ကို မျက်လုံးပြူးသွားစေသည်။

သူမတို့ အသက်တွေကို တွက်ချက်ကြည့်ရင် ကုယွင်က ကျွော့ချင်းထက် လအနည်းငယ်ကြီး နေသေးတယ်လေ။

ကုယွင်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး အပြုံးဖြင့် ပြန်ပြောလာသည်။

"ကျေးဇူးတင်တယ်လို့ ပြောနေစရာ မလိုပါဘူး။ ဒါက ကျွန်မရဲ့ပထမဆုံး သရုပ်ဆောင်မှုပါ၊ နောက်ဆုံး အကြိမ်ဖြစ်ဖို့လည်း ကျွန်မ မျှော်လင့်ပါတယ်"

တခြားသူတွေရဲ့ လိမ်ညာမှုကို ကြည့်တတ်တာနဲ့ ကိုယ့်တိုင် လိမ်ညာရတာက မတူညီတဲ့ အရာနှစ်ခုပဲ။ ပြီးတော့ သူမရဲ့သရုပ်ဆောင်မှုစွမ်းရည်က ညံ့ဖျင်းတယ်လို့ သူမ ခံစားနေမိတယ်။

ကျွော့ချင်းက သူမဘေးကို ငုံ့ကြည့်လိုက်ပြီး မကျေမနပ် လှမ်းပြောလိုက်သည်။

"ငါ့ပခုံးတွေကို နင့်ဆီကနေ အညှစ်ခံရတာကလဲ ဒါနောက်ဆုံးအကြိမ်ဖြစ်ဖို့ မျှော်လင့်တယ်!"

ဒီအမျိုးသမီးလေးရဲ့လက်က ယောက်ျားတွေထက် ပိုသန်မာတယ်။ အဲ့အချိန်တုန်းက​ သူမ မျက်​ရည်​ကျလုမတတ် နာကျင်ခဲ့ရတယ်​။

ကုယွင်က ပခုံးတွန့်ရင်း ပြန်ပြောလိုက်သည်။

"အဲဒါကို ရင်းနှီးမြုပ်နှံမှုလို့ ခေါ်တယ်!"

အမှန်တော့ သူမက စိတ်လှုပ်ရှားနေလို့ပါ၊ သူမက သူတပါးကို မလိမ်ညာဖူးဘူးပေ။ ချင်းအတွက်သာ မဟုတ်ရင် သူမက ဒီလို အလုပ်တွေကို အားအားလျားလျား လုပ်နေမှာ မဟုတ်ပါဘူး။

အပြစ်ကင်းစင်သည့် မျက်နှာလေး၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ပိုင်ရိ၏ လိမ္မာပါးနပ်ပြီး ကောက်ကျစ်သည့် မျက်လုံးများကို ပြန်တွေးလိုက်မိသောကြောင့် ကုယွင်က စိုးရိမ်စိတ်တစ်ချို့ဖြင့် မေးလိုက်သည်။

"ဒီကောင်လေးက လျောင်ယွဲ့ကို တကယ်ပြန်သွားတာရော သေချာရဲ့လား"

သူက မြို့တော်ရဲ့တစ်နေရာရာမှာ ထပ်ပုန်းနေရင် ဘာတွေ ဖြစ်လာနိုင်မလဲ။

ကျွော့ချင်းက သူမ၏ ကြည်လင်သောမျက်လုံးများကို တစ်ချက်မော့လိုက်ပြီး ရယ်မောရင်း ပြန်ဖြေလာသည်။

"သူ မတုံးဘူးဆိုရင်တော့ သူ အရူးလုပ်ခံရတာကို သူ သိသင့်တယ်"

ပိုင်ရိလို သတိထားတတ်တဲ့လူက သူ ရေးထားတဲ့ စာရွက်တွေကို သေချာပေါက် ပြန်သိမ်းသွားလိမ့်မယ်၊ သူ အလိမ်ခံရတာကို သိသွားတာနဲ့ သူ တစ်ရက်တောင် သက်တောင့်သက်သာ နေနိုင်တော့ မဟုတ်ဘူး၊ လျောင်ယွဲ့ပြန်ရောက်သွားရင်တောင် သူတို့ကြောင့် တစ်နေ့တစ်ရက်မှ သက်သာရာရနိုင်တော့မှာ မဟုတ်ပါဘူး။

"ကောင်းပြီ"

ချင်းက ဒီလိုပြောပြီးဆိုကတည်းက သူမ ကြိုသိနေတာပဲ ဖြစ်ပါလိမ့်မယ်။

ကျွော့ချင်းက ကုယွင်၏နောက်ကွယ်မှ စုလင်းကို ကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။

"နင် ငါနဲ့ ဝန်ကြီးချုပ်အိမ်တော်ကို ပြန်လိုက်မှာလား"

ယွင်က စစ်သူကြီးအိမ်တော်ဆီ မပြန်ချင်ဘူးဆိုရင် သူမတို့နဲ့ အတူနေခွင့်ပေးရမှာ သူမ ကြောက်နေမိတယ်...

"သူ(မ)က စစ်သူကြီးအိမ်တော်က လူ"

ကျွော့ချင်း မျှော်လင့်ထားသည့်အတိုင်း သူမ၏စကားမဆုံးခင် စုလင်း၏ ဒေါသမျက်လုံးများက သူမကို စိုက်ကြည့်လာသည်။ ည၏လရောင်အောက်တွင်ပင် ကျွော့ချင်းက ထိုမျက်လုံးများမှ အေးစက်မှုကို ခံစားနိုင်ပြီး အေးစက်မာကျောသောအသံက ကုယွင်၏နေရာအထားကို သေချာဖော်ပြနေသည်။

ကုယွင်က ခဏလောက် အံ့အားသင့်နေပြီးမှ ပြန်လှည့်ထွက်သွားပြီး ကျွော့ချင်းနောက်မှ ဝန်ကြီးချုပ်အိမ်တော်၏ရထားလုံးပေါ်ကို ခုန်တက်သွားရင်း "အရူး"ဟု အေးစက်စွာ ပြောလိုက်သည်။ (T/N: အဲ့နားမှာ e-tranမှာ ပြောထားတာတော့ ကုယွင်ပြောလိုက်တာက ခောတ်သစ်မှာ အသုံးများတဲ့ ဗန်းစကားတဲ့)

ထိုစာကြောင်းက ဘာကိုဆိုလိုမှန်းကို မသိသော်လညး ကောင်းသည့်ကိစ္စတော့ မဟုတ်မှန်း သေချာနေသောကြောင့် စုလင်း၏မျက်နှာကြီး မည်းမှောင်သွားကာ သူမ တက်သွားသော ရထားလုံးပေါ်သို့ ခုန်တက်သွားသည်။ ခဏအကြာတွင် ထိုရထားလုံးဆီမှ လက်သီးသံနှင့် ကန်ကျောက်သံများ ထွက်ပေါ်လာပြီး ရထားလုံး၏ကိုယ်ထည်သေးသေးလေးက တဆတ်ဆတ်တုန်နေကာ အသံမျိုးစုံထွက်ပေါ်လာသည်။

ကျွော့ချင်းက တံတွေးမျိုချလိုက်ရင်း လို့ရှီးယန်ကို လှမ်းပြောလိုက်သည်။

"အိမ်ကိုပဲ ပြန်ကြရအောင်လေ... ဘယ်လိုလဲ"

လို့ရှီးယန်က မျက်ခုံးပင့်လိုက်ကာ ကွဲထွက်လာတော့မည့်ပုံပေါ်နေသည် ရထားလုံးကို တစ်ချက်ကြည့်လိုက်ပြီး စိုးရိမ်စိတ်ဖြင့် မေးလိုက်ပြန်သည်။

"ချင်းသခင်မလေး... တကယ် အဆင်ပြေပါ့မလား"

စစ်သူကြီးစုက အမျိုးသမီးများအပေါ် မည်သို့ သနားညှာတာမှု ပြရမည်ကို မသိသောသူ ဖြစ်သည်။

"ဒါ.."

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျွော့ချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"သူ(မ) အဆင်ပြေလိမ့်မယ်..."

........။.......။.......

တော်ဝင်စာကြည့်ဆောင်တွင်...

လူတစ်စုက တော်ဝင်စာကြည့်ဆောင်မှ ထွက်ခွာသွားကြပြီး ယန်းဟုန်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သောကြောင့် နန်းတော်မှ အစေခံများနှင့် မိန်းမစိုးများအားလုံး ထွက်သွားကြပြီး နန်းတော်ကြီးက ပိုပြီးဗလာဖြစ်လာကာ ပိုပြီးအေးစက်နေပုံရသည်။

ယန်းဟုန်ထျန်းက ဘာမှမပြောဘဲ မှုန်ကုပ်ကုပ်အမူအရာဖြင့် ထိုနေရာတွင် ထိုင်နေခဲ့သည်။ ယန်ကျီလန်က အနည်းငယ် မောဟိုက်နေပြီး သူမ၏ နှလုံးသားက လေထဲတွင် တွဲလောင်းကျနေသလို ခံစားနေရသည်။ သူက သူမကို တစ်ခုခုပြောချင်နေသည်လား သို့မဟုတ် ဒီအတိုင်း ထိုင်နေသလားဆိုသည်ကို သူမလည်း မသိနိုင်တော့ပေ။

‘ဒီသားက ဘာတွေတွေးနေတယ်ဆိုတာကို သူမ ဘယ်တော့မှ မသိနိုင်ခဲ့ပါဘူး။’

တစ်ရှီးချန်၏လေးပုံတစ်ပုံလောက်ကြာသွားပြီးနောက် ယန်းဟုန်ထျန်းက စကားမပြောသေးသော်လည်း သူ့မျက်နှာက ပိုပိုညို့မှိုင်းလာသည်။ ယန်ကျီလန်က သည်းမခံနိုင်တော့ဘဲ ဖြည်းညှင်းစွာ ထရပ်ကာ သက်ပြင်းချလိုက်ရင်း နှုတ်ဆက်လိုက်သည်။

“ဒီနေ့ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရတာကြောင့် ဧကရာဇ်လည်း စိတ်ဆိုးနေမှာ သေချာတယ်၊ အဲ့ဒါကြောင့် စောစောအနားယူတာ ပိုကောင်းပါတယ်၊ အိုက်ကျားလည်း နည်းနည်းပင်ပန်းနေပြီ"

ယန်ကျီလန် ခန်းမဆောင်အလယ်အထိ လျှောက်သွားပြီးချိန်တွင် ယန်းဟုန်ထျန်း၏ အေးစက်သောအသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒါက မယ်တော်မိဖုရားကြီး ပြောချင်တဲ့ တစ်ခုတည်းသော အရာပဲလား?၊ မယ်တော်မိဖုရားကြီးက ဒီနေ့ အဖြစ်အပျက်တွေအကြောင်းကို ရှင်းပြစရာ မရှိတော့ဘူးလား?"

ယန်ကျီလန်၏ခြေထောက်များ တုံ့ဆိုင်းသွားပြီး နောက်သို့ လှည့်ကြည့်လာသည်။

"ဒါက လျောင်ယွဲ့ရဲ့ လှည့်ကွက်ပဲ။ သူက ပထမဆုံး ဝန်ကြီးချုပ်လို့ကို ထောင်ချောက်ဆင်တယ်၊ ပြီးတော့ အိုက်ကျားကို ချောက်ချတယ်၊ တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းတယ်။ အိုက်ကျားက ဘာပြောစရာလိုသေးလဲ”

"တကယ်လား? ကျန်းကတော့ အဲ့လို မထင်ဘူး!"

ယန်းဟုန်ထျန်းက ရုတ်တရပ် ထရပ်လိုက်ပြီး သူမဆီသို့ ခြေလှမ်းတစ်လှမ်းချင်းဆီ လှမ်းလာနေသည်။ သူ၏မျက်နှာတွင် ပုံမှန်အတိုင်း အေးစက်ခြင်းနှင့် မာနကြီးခြင်းအပြင် စိတ်ရှုပ်ထွေးမှုနှင့် ဝမ်းနည်းမှုအနည်းငယ်လည်း ရှိနေသည်။

"မယ်တော်မိဖုရားကြီးက သူ့(မ)ရဲ့ကြိုးစားမှုအားလုံးကို အကုန်သုံးပြီး ဒီလိုမျိုးတွေလုပ်တဲ့အခါ သူ(မ)က လို့မိသားစုကို လက်စားချေချင်တာလား ဒါမှမဟုတ် ကျန်းအပေါ် ကလဲ့စားချေချင်တာလား”

ယန်ကျီလန်က သားဖြစ်သူ၏မျက်လုံးများကို ပြန်မကြည့်ခင် သူမ၏တုန်ယင်နေသောလက်များကို သူမနောက်ကျောဘက်တွင် အမြန်ဖွက်ထားလိုက်သည်။ ထို့နောက် သူမ၏အသက်ရှုသံကို အရင် ထိန်းညှိနေပြီးမှ ပြန်ပြောလိုက်သည်။

"အိုက်ကျားက ဧကရာဇ်ပြောချင်တဲ့ အဓိပ္ပါယ်ကို နားမလည်ပါဘူး"

‘နားမလည်ဘူးတဲ့လား?!’

ယန်းဟုန်ထျန်းက သူမကို လှောင်ပြောင်လိုက်သည်။

‘အားလုံးပြီးဆုံးနေတာကိုတောင်မှ သူမက ဝန်ခံဖို့ ကြောက်နေသေးတာလား?!’

ယန်းဟုန်ထျန်းက သူ့ကို လှည့်စားဖို့ လုပ်နေသည့် ထိုအမျိုးသမီးကို ကြည့်ကာ ကဲ့ရဲ့လိုက်ပြန်သည်။

"အတိအကျပြောရရင် လို့မိသားစုက တရားရုံးတော်နဲ့ ကျန်းအတွက် မရှိမဖြစ် လက်ရုံးတွေပဲ။ ခင်ဗျား ဒီလိုအရာတွေကို စီမံနေတဲ့အချိန်မှာ တိုင်းပြည်အတွက် ထည့်တွေးဖူးလား။ ကျန်းကိုရော ထည့်တွက်ခဲ့ရဲ့လား။ ခင်ဗျားက ကျန်းရဲ့အမေအရင်းပဲ၊ အဲ့ဒါကြောင့် ခင်ဗျားလုပ်ခဲ့တာတွေကို နှစ်တွေအတော်ကြာအောင် ကျန်း မျက်ကွယ်ပြုထားပေးခဲ့တယ်၊ ကျန်း မှားသွားပုံရတယ်။ ခင်ဗျားက ဝူတိနဲ့ပေါင်းပြီး ကိုယ်ကျိုးအတွက် အဖွဲ့တွေ ဖွဲ့နေတာကို ခွင့်မပြုခဲ့သင့်ဘူး၊ အဲ့တာဆိုရင် နောက်မှာ ပုန်ကန်ပြီး ထီးနန်းကို သိမ်းပိုက်ဖို့ ဘယ်လို ဆုံးဖြတ်ရဲမှာလဲ?”

ယန်းဟုန်ထျန်းက သူမ၏ဝူအာအကြောင်း မပြောလျင် အကောင်းဆုံး ဖြစ်သော်လည်း သူ ထိုသို့ ပြောလိုက်သည်နှင့် ယန်ကျီလန်တစ်ယောက် ရူးသွပ်သွားတော့သည်။

အဲ့ဒါက သူမနှလုံးသားထဲက ထာဝရ နာကျင်မှုဖြစ်ပြီး နှစ်ပေါင်းများစွာ သူမကို နှိပ်စက်နေခဲ့တဲ့အရာပဲ!

ယန်ကျီလန်က အမည်ခံအထောက်အထားကိုပင် ဂရုမစိုက်တော့ဘဲ ယန်းဟုန်ထျန်းကို လက်ညှိုးထိုးကာ ကြိမ်းမောင်လိုက်သည်။

"ငါက ငါ့သားကို ကောင်းကောင်း မသင်ပေးနိုင်ခဲ့ဘူးလို့ မင်းက စွပ်စွဲနေတာလား။ ငါက ငါ့သားတွေကို ဘယ်လိုသင်ပေးရမလဲဆိုတာ တကယ် မသိခဲ့ဘူး၊ မဟုတ်ရင် ငါက ဒီလို ရိုင်းစိုင်းရက်စက်ပြီး သွေးဆာနေတဲ့ သားရဲကောင်ကို မွေးထုတ်ခဲ့မှာ မဟုတ်ဘူး!!"

‘ရိုင်းစိုင်းရက်စက်ပြီး သွေးဆာနေတဲ့ သားရဲကောင်တဲ့လား! အခု တစ်စုံတစ်ယောက်က သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သလိုမျိုး... တစ်စုံတစ်ယောက်က လက်တစ်ဖက်နဲ့ သူ့နှလုံးသားကို မညှာမတာ ဖိညှစ်နေသလိုမျိုး... နာကျင်မှုကလွဲလို့ သူ ဘာမှ မခံစားရတော့ပါဘူး။’

ယန်းဟုန်ထျန်းက ရုတ်တရက် ရယ်လိုက်သည်။ သူ့ကို လက်ညှိုးထိုးပြီး အော်ငေါက်နေသော သူ့ရှေ့မှ အမျိုးသမီးက သူ့အမေအရင်းဖြစ်နေခဲ့သည်။ သူ့ညီငယ်ကို နှစ်ခြိုက်ပြီး ထီးနန်းကို သိမ်းပိုက်ပေးချင်သော... သူမ၏ဆွေမျိုးများကိုသာ ချစ်မြတ်နိုးသော... ဤအမျိုးသမီးက သူ့မိခင်ဖြစ်နေခဲ့သည်။

ကောင်းတယ်! ကောင်းတယ်!!

ယန်းဟုန်ထျန်းက စားပွဲခုံဆီကို တရွေ့ရွေ့ လျှောက်သွားလိုက်ပြီး တုန်ယင်နေသော သူ့ကိုယ်ကြီးကို အေးစက်နေသော စားပွဲခုံပေါ် မှီထားလိုက်သည်။ သူ၏စကားများက သူ မှီထားသော ကျောက်စားပွဲကဲ့သို့ မာကြောနေပြီး ခံစားချက်မဲ့နေသည်။

"ကျန်းရဲ့အမေအရင်းက ကျန်းကို ဒီလိုမျိုး မှတ်ချက်ပေးပြီဆိုမှတော့ ကျန်းက အဲ့လိုလူမျိုးဆိုတာ ပြရမှာပေါ့၊ ကျန်းလုပ်နိုင်တာကို လုပ်ပြမယ်၊ မီးတောက်ထဲကို လောင်စာထည့်ပြီး ကျန်းကို လူယုတ်မာဖြစ်အောင် ကူညီပေးတဲ့ ဝန်ကြီးတွေအားလုံးကိုလည်း လူကောင်းတွေကို ပြစ်မှားတဲ့ပြစ်မှုအတွက် သေဒဏ်ပေးလိုက်မယ်”

သူမက ညီလာခံနဲ့ရုံးတော်မှာ သူမရဲ့ကိုယ်ပိုင်ခွန်အားတွေကို တိတ်တဆိတ် ပြုစုပျိုးထောင်ထားခဲ့ပြီး အဲ့တာကို သူ မသိဘူးလို့ တကယ် ထင်ခဲ့တာပဲ။ ယန်မိသားစုက တရားရုံးတော်ရဲ့ လေးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ထားခဲ့တယ်။ သူမအနေနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရတာကြောင့် သူမရဲ့ဝမ်းနည်းပူဆွေးမှုတွေ လျော့ပါးစေဖို့ သူမ လုပ်သမျှကို သူ သည်းခံပေးခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူပြန်ရလိုက်တာက "သားရဲကောင်" ဆိုတဲ့ စကားတဲ့လား??

ယန်းဟုန်ထျန်း၏ နီရဲနေသောမျက်လုံးများနှင့် ကြောက်မက်ဖွယ် အော်ဟစ်သံက နောက်ဆုံးတွင် ယန်ကျီလန်အား သူမ၏အသိတရားဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

သူမမှာ ဝူအာ မရှိတော့ပါဘူး။ အခု ယန်မိသားစုတောင် မရှိတော့ရင် သူမမှာ ဘာကျန်နေဦးမှာလဲ??!

“မင်း အဲ့ဒီလိုလုပ်လို့ မရနိုင်ဘူး…”

ထိုစကားကို ပြောလိုက်ပြီးမှ ယန်ကျီလန်က သူမ ဘယ်လောက်ရယ်စရာကောင်းမှန်း သိလိုက်ရသည်။

‘တကယ်တော့ သူ မလုပ်နိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။ သူက သူ့ညီအရင်းကိုတောင် သတ်ပစ်နိုင်တယ်၊ သူ မလုပ်ရဲတာ ဘာမှ မရှိဘူး!’

ယန်ကျီလန်က မောပန်းနွမ်းနယ်စွာဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။

"ဒီကိစ္စက အိုက်ကျားရဲ့ အကြံအစည်တွေပဲ၊ တခြားသူတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ယန်မိသားစုကို လွှတ်ပေးမယ်ဆိုရင် မင်းလုပ်ချင်တာ လုပ်လို့ရတယ်!"

‘သူမကို သေစေချင်တယ်ဆိုရင်တောင် ကိစ္စမရှိဘူး၊ ဒါပေမယ့် သူမက ယန်မိသားစုရဲ့အပြစ်သားတစ်ယောက်တော့ မဖြစ်ချင်ပါဘူး။’

ယန်းဟုန်ထျန်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးကို အေးတိအေးစက် လှမ်းကြည့်လိုက်သည်။ သူမ၏ဆံပင်ဖြူအနည်းငယ်က သူမပုခုံးပေါ်သို့ ရောက်ရှိနေပြီး နောက်ဆုံးတွင် သူမ၏လှပသောမျက်နှာက အချိန်ကာလ၏ တိုက်စားမှုကို မခံနိုင်သဖြင့် သူမ၏မျက်လုံးနောက်တွင် အိုမင်းရင့်ရော်မှု အရိပ်အယောင်များကို ချန်ထားခဲ့လေသည်။

‘သူက အဲ့လိုဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ်နဲ့ ဘာကြောင့် ဒီလိုတွေ ရန်ဖြစ်နေရမှာလဲ!’

ယန်းဟုန်ထျန်းက သူ့ကို ဒေါသဖြစ်စေသော သို့မဟုတ် ဝမ်းနည်းစေသော မျက်နှာကို လှည့်မကြည့်တော့ဘဲ သက်ပြင်းတိုတစ်ချက်ချလိုက်သည်။

"ကျန်းရဲ့မယ်တော်က ဘုရားတရားကို အမြဲကိုးကွယ်ပြီး ရိုသေတတ်တယ်၊ ဒါကြောင့် အသက်ရှည်ဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းတရားအားထုတ်ဖို့ ဘာလို့ တော်ဝင်သုသာန်ကို မသွားတာလဲ”

ယန်ကျီလန်က တုန်ရီနေသော သူမခေါင်းကို အနည်းငယ် မော့ကာ အရပ်ရှည်ရှည်နှင့် ဘာမှထူးခြားပုံမပေါ်သောလူ၏ နောက်ကျောပြင်ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူမက ဖြည်းညှင်းစွာ ထရပ်ကာ လှောင်ပြောင်သည့် အမူအရာဖြင့် ပြောလိုက်ပြန်သည်။

"ဧကရာဇ်ရဲ့မျက်နှာသာနဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်!!"

ယန်ကျီလန်က တော်ဝင်စာကြည့်ဆောင်မှ တစ်လှမ်းပြီးတစ်လှမ်း ထွက်ခွာသွားခဲ့ပြီး တောက်ပပြီး ခမ်းနားသော အလင်းရောင်က သူမ၏ဘဝကဲ့သို့ပင် တဖြည်းဖြည်း သူမကို စွန့်ခွာသွားခဲ့သည်။

........။........။........  

ချုံယွဲ့သက္ကရာဇ် ၁၃၄ ခုနှစ် ကိုးလပိုင်းတွင် အဓိက အဖြစ်အပျက် နှစ်ခု ဖြစ်ပွားခဲ့သည်။ ပထမတစ်ခုက အနောက်မြောက်ဘက်မှ သူပုန်များက ၀န်ကြီးချုပ် လို့ရှီးယန်ကို လုပ်ကြံရန် လျောင်ယွဲ့နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ရာဇ၀တ်မှု အတွင်းဝန်ရှန်ယုလန်က ၎င်းကို ရှာဖွေတွေ့ရှိခဲ့ပြီး သူပုန်များက ၎င်းတို့၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကျရှုံးခဲ့သည်။ ရွှေအမှုက အောင်အောင်မြင်မြင် ပြေလည်သွားခဲ့သည်။ ဒုတိယတစ်ခုက အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက ယန်မိသားစု၏ဘိုးဘေးများအတွက် ကောင်းချီးမင်္ဂလာပြုရန်နှင့် ဆုတောင်းရန်အတွက် တော်ဝင်သုသာန်တွင် အမြဲနေထိုင်ရန် နန်းတော်မှထွက်ခွာခြင်း ဖြစ်သည်။

 အခန်း ၁၁၂ (အပိုင်း ၁) ပန်းများ၊ ဖယောင်းတိုင်များနှင့် မင်္ဂလာည (Grand Finale)

ဝန်ကြီးချုပ်အိမ်တော်၏ ပင်မခန်းမကြီးက ယခင်အချိန်တွင် ဧည့်ခံပွဲကျင်းပခဲ့သည့် ခန်းမကြီး ဖြစ်သော်လည်း ခြားနားချက်က အနီရောင်တောက်တောက် အပြင်အဆင်များနှင့် ဆူညံသော ဧည့်သည်များ၏ ပျော်ရွှင်ဖွယ်ချီးမြှောက်နေသော စကားများ မရှိခြင်းပင်။ စားပွဲဝိုင်းရှေ့တွင် ထက်မြတ်ပုံရသော်လည်း မတူညီသော စရိုက်လက္ခဏာများရှိသည့် လူချော သုံးယောက်က စားပွဲဝိုင်းတစ်ခုထဲတွင် ထိုင်နေကြသည်။

ရှန်ယုလန်က သူ့လက်ကို အနည်းငယ် အုပ်ကိုင်လိုက်ပြီး စကားစပြောလိုက်သည်။

"ဂုဏ်ယူပါတယ်၊ နောက်ဆုံးအကြိမ်က ဒီစကားကို ပြောခွင့် မရခဲ့ဘူး"

‘အဲ့ဒါက သူ တခြားသူရဲ့ မင်္ဂလာဆောင်ပွဲကို နှောင့်ယှက်မိတာ ပထမဆုံးအကြိမ်ပါပဲ၊ အဲ့ဒါက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ဆိုပေမယ့်.... သူက လို့ရှီးယန်အပေါ် အားနာစိတ်နဲ့ စိတ်မကောင်းဖြစ်နေမိတယ်။’

စုလင်းကလည်း တောင်းပန်စကားဆိုရန် လက်ခုပ်အုပ်လိုက်သည်။

လို့ရှီးယန်က တည်တည်ငြိမ်ငြိမ် ပြုံးနေဆဲပင်။

"ကျေးဇူးအများကြီးတင်ပါတယ်၊ အခုလည်း မင်္ဂလာအရက်သောက်ဖို့ အချိန်မနှောင်းသေးပါဘူး"

အစေခံများက သူတို့အတွက် အရက်ထည့်ပေးရန် ရှေ့သို့ တိုးလာပြီး အဝါဖျော့ရောင်အရည်များက ဖြည်းညှင်းစွာ ထွက်လာကာ အရက်၏ မွှေးရနံ့က အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူတို့ မသောက်ရသေးခင်မှာပင် စုလင်းက ချီးကျူးလိုက်သည်။

"ချန်လုဟွားတျောင်... အရက်ကောင်းပဲ!"

လို့ရှီးယန်က အပြုံးဖြင့် ချီးမွန်းလိုက်ပြန်သည်။

"စစ်သူကြီးစုက အရက်မြည်းစမ်းတာနဲ့ ပတ်သက်ပြီး အရမ်း ဗဟုသုတများပြီး ထိုးထွင်းသိမြင်နိုင်တယ်လို့ ကြားဖူးတယ်၊ အဲ့ဒါက လုံးဝကို တရားမျှတတဲ့ ဂုဏ်သတင်းပဲ”

စုလင်းက အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ကျုပ်က သောက်ပဲ သောက်တတ်တာပါ"

စုလင်း၏ ရဲရင့်မှုနှင့်ယှဉ်လျှင် ရှန်ယုလန်နှင့် လို့ရှီးယန်တို့က ပိုပြီး သန့်စင်ပြေပြစ်ပုံပေါ်နေသည်။ သူတို့က လည်ချောင်းထဲသို့ ဝင်လာသော အရက်ကို ဂရုတစိုက် အရသာခံ မြည်းစမ်းနေကြသည်။

တမင်ဗလာကျင်းထားသော လို့ရှီးယန်၏ဘေးမှ ပင်မထိုင်ခုံကို တစ်ချက်ကြည့်လိုက်ပြီး ရှန်ယုလန်က အံ့သြတကြီး မေးလိုက်သည်။

"အခြားမြင့်မြတ်တဲ့ ဧည့်သည် လာဦးမှာလား?"

ရောက်လာမယ့်လူက လို့ရှီးယန်ကတောင် ပြန်ဂုဏ်ပြုပေးရပြီး မြင့်မြတ်တဲ့ ဧည့်သည်အဖြစ် သတ်မှတ်ပေးနိုင်သူတစ်ယောက်လား??

"ကျန်းကို မြင့်မြတ်တဲ့ဧည့်သည်တစ်ယောက်လို့ သတ်မှတ်နိုင်မလား??"

အိမ်အပြင်ဘက်မှ ယောက်ျားပီသပြီး ဂုဏ်သိက္ခာရှိသော အမျိုးသားတစ်ဦး၏ အသံထွက်လာချိန်အထိ ရှန်ယုလန်က မှန်းဆနေဆဲဖြစ်သည်။

ဧည့်သည်တော်က ပေါ့ပါးပြီး သက်တောင့်သက်သာရှိသော ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ဘေးတွင် လှပကြော့ရှင်းသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ နှစ်ယောက်သား အိမ်ထဲသို့ ဝင်လာကြချိန်တွင် သူတို့ သုံးယောက်က ချက်ချင်း မတ်တပ်ထရပ်ကာ ဒူးတဝက်ထောက် အရိုအသေပေးလိုက်ကြသည်။

“ဘုရင်မင်းမြတ်နဲ့ ချင်းဖေးကို နူတ်ဆက်ပါတယ်"

ယန်းဟုန်ထျန်း၏မျက်နှာပေါ်တွင် ရွှင်မြူးသော အပြုံးများရှိနေပြီး သူ စိတ်အခြေအနေကောင်းနေကြောင်း သိသာထင်ရှားနေသည်။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"မင်းတို့ ထကြပါ၊ ဒီနေ့ ဝန်ကြီးချုပ်ရဲ့မိသားစု ညစာစားပွဲဆိုတော့ မလိုအပ်တဲ့ နူတ်ဆက်စကားတွေကို ရှောင်လို့ရတယ်"

"ဟုတ်ကဲ့"

ချင်းဖုန့်က ကျယ်ဝန်းသော ပင်မခန်းမကို ဖြတ်ကျော်ကြည့်လိုက်သော်လည်း ကျွော့ချင်း၏အရိပ်ကိုတောင် မတွေ့ရပေ။ ထို့ကြောင့် လို့ရှီးယန်ကိုသာ မေးလိုက်ရသည်။

"ခဲအို ကျွန်မအစ်မ ဘယ်မှာလဲ?"

ခဲအို?!

ယန်းဟုန်ထျန်းက သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

ဒီခဲအိုခေါ်သံက တကယ်ကို ခင်မင်ရင်းနှီးနေပြီး သူမက သူမရဲ့ အထောက်အထားကို လုံးဝ မေ့သွားပုံရတယ်။ သူမက ရှီးယန်ကို ခဲအိုလို့ခေါ်နေတော့ သူက ရှီးယန်ကို ဘယ်လိုခေါ်ရမှာလဲ???

(T/N: အေးဟ ပတ်သတ်မှုတွေက ရှုပ်ထွေးကုန်ပြီ၊ ဘုရင်နဲ့မှူးမတ်လား? ဝမ်းကွဲလား?? မယားညီကိုလား?? ပြီးတော့ ချင်းဖုန့်အနေနဲ့ကျတော့ သူအမ ယောက်ကျားဆိုတော့ ခဲအိုပေါ့၊ သူ့ယောကျာ်းရဲ့ညီအနေနဲ့တွက်ရင် မတ်လေး လို့ခေါ်ရမှာထင်တယ်)

လို့ရှီးယန်ကလည်း ခဏလောက် ကြောင်နေပြီးမှ ပြုံးကာ ပြန်ဖြေလိုက်သည်။

"သူ(မ)နဲ့ ချင်းမော့က အခန်းထဲမှာ ရှိနေတယ်"

မော့အာလည်း ဒီမှာ ရှိနေတာလား?!

ချင်းဖုန့်က သူမ၏မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုကို ခက်ခက်ခဲခဲ ပြန်ဖုံးကွယ်လိုက်သော်လည်း လို့ရှီးယန်က သူ့ဘေးနားမှ အစေခံကို လှမ်းခေါ်လိုက်သည်။

"လာစမ်း၊ ချင်းဖေးကို လန်ယွဲ့အဆောင် လိုက်ပို့ပေးလိုက်"

"ဟုတ်ကဲ့"

ချင်းဖုန့်က လို့ရှီးယန်ကို ကျေးဇူးတင်စွာ ပြုံးပြပြီး အစေခံနောက်မှ အိမ်နောက်ဖေးသို့ ချက်ချင်း လိုက်ပါသွားခဲ့သည်။

ချင်းဖုန့် ထွက်သွားပြီးနောက် ပင်မခန်းမကြီးထဲတွင် လူအနည်းငယ်သာ ကျန်တော့ပြီး လေထုက ပိုမိုသာယာလာကာ သက်တောင့်သက်သာဖြစ်လာသည်။

အခန်းထဲတွင် အရက်နံ့သင်းသင်းလေး ပျံ့လွင့်နေပြီး ယန်းဟုန်ထျန်းက ထိုအရာကို ရှူရှိုက်ပြီးနောက် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ လက်ကို ညင်သာစွာ ဝှေ့ယမ်းပြလိုက်သည်။ တော်ဝင်ကိုယ်ရံတော် ဝတ်စုံကို ဝတ်ဆင်ထားသော လူအများအပြား ‌ရောက်လာပြီး သူတို့လက်ထဲတွင် အရက်အိုး ခုနစ်အိုး၊ ရှစ်အိုးလောက်ကို ကိုင်ဆောင်ထားကြသည်။ ယန်းဟုန်ထျန်းက အားရပါးရပြုံးနေပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဒီနေ့က ပျော်ရွှင်စရာ နေ့တစ်နေ့ပဲ။ အဲ့သောကြောင့် ကျန်းက သက်တမ်းရင့်ရှီဖုန်းကို အထူးယူဆောင်လာခဲ့တယ်၊ ဒီည မမူးရင် အိမ် မပြန်ဘူး"

သက်တမ်းရင့်ရှီဖုန်းလား?

စုလင်း၏မျက်လုံးများက တောက်ပလာပြီး စမ်းကြည့်ရန် စိတ်အားထက်သန်နေသော်လည်း လို့ရှီးယန်နှင့်ရှန်ယုလန်၏ အမူအရာများက အေးခဲသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မချိပြုံးသာ ပြုံးနိုင်ကြတော့သည်။ သက်တမ်းရင့်ရှီဖုန်းက အလွန်ရှားပါးပြီး ကောင်းမွန်သော အရက်ဖြစ်သော်လည်း ၎င်း အလွန်ကျော်ကြားရခြင်း အကြောင်းရင်းမှာ ၎င်း၏ ပြင်းထန်သော အရသာကြောင့် ဖြစ်သည်။ သောက်နိုင်စွမ်း မရှိသူများအတွက်တော့ ဖန်ခွက်တစ်ခွက်တည်းသောက်ရုံဖြင့် တစ်ညလုံး အိပ်ပျော်သွားနိုင်သည်။

အဲ့လောက် အရက်အိုးတွေ အများကြီးရှိနေမှတော့ ဒီည မမူးဖို့ဆိုတာ စဉ်းစားနေစရာတောင် မလိုတော့ပါဘူး။

လန်ယွဲ့အဆောင်၏အခန်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ ကုယွင်က ကုလားထိုင်နောက်ဘက်ကို တစ်ဝက်လောက်မှီနေပြီး ကျွော့ချင်းကို ကျောခိုင်းထားသည်။ သူမ၏သေးသွယ်သောခန္ဓာကိုယ်က ယခုအချိန်တွင် ပို၍ပင် ပါးလွှာနေပုံရသည်။ သူမ၏အင်္ကျီလက်ဝအောက်မှ သွယ်လျဖြူဖွေးနေသော လက်မောင်းကို ဆွဲယူကြည့်လိုက်ရာ သူမလက်မောင်းတွင် မည်းနက်နေသော ဒဏ်ရာကြီးတစ်ခုရှိနေသည်။ ကျွော့ချင်းက ဆေးအဆီကို ဂရုတစိုက် လိမ်းပေးနေရင်း အေးစက်စွာ ဆူပူနေသည်။

"ဒီစုလင်းက တကယ်ကို မဆင်မခြင်လုပ်တက်တဲ့ ယောက်ျားတစ်ယောက်ပဲ၊ ကြမ်းတမ်းလွန်းတယ်!"

‘ယွင်ကလည်း အမျိုးသမီးတစ်ယောက်ဖြစ်နေတာတောင် သူ တကယ်လုပ်ရဲတယ်။ ဒီဒဏ်ရာက လဝက်လောက်အထိ မပျောက်နိုင်လောက်ဘူးဟု သူမ ခန့်မှန်းနိုင်တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အရိုးတွေ မထိခိုက်လို့ တော်သေးတာပေါ့။’

ကုယွင်က သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး ပျင်းရိဟန်ဖြင့် ပြန်ပြောလာသည်။

"သူလည်း ငါ့ထက်တော့ ပိုကောင်း မနေပါဘူး!"

‘တကယ်တော့ အဲ့ဒီနေ့က သူမတို့ နှစ်ယောက်လုံး ဒေါသတွေ ထွက်နေကြပြီး ရထားလုံးကလည်း မှောင်နေသောကြောင့် ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး။၊ သူမတို့ရဲ့ လက်တွေကို လှုပ်ရှားလိုက်တာနဲ့ ဘယ်လိုမှ ဒဏ်ရာ မရဘဲ မနေဘူး။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက သူမထက် မနည်းတော့တာ သေချာတယ်။’

‘ဒီနှစ်ယောက် ကောင်းကောင်း ပြောဆိုဆက်ဆံလို့ မရဘူးလား?’

ကျွော့ချင်းက သက်ပြင်းချရင်း ကူကယ်ရာမဲ့ ပြန်ပြောလိုက်သည်။

"နင် ငါ့နေရာမှာ ခဏလောက် ရွှေ့နေလိုက်ရင်ရော၊ ပြီးမှ ငါတို့ ဒီအကြောင်းကို ထပ်ပြောကြမယ်"

ကုယွင်က ချက်ချင်း ခေါင်းယမ်းလိုက်သည်။

"သူများတွေရဲ့ကြင်စဦးမှာ ဘယ်သူက မီးသီးတစ်လုံးလုပ်ချင်မှာလဲ?? ပြီးတော့ ရွှေရောင်ပါ့ကွာ့နဲ့ပတ်သက်တဲ့ သတင်းတွေလည်း ရှိနေပြီ"

သူမက အမြန်ဆုံးပြန်သွားဖို့ နည်းလမ်းရှာမယ်လို့ မျှော်လင့်နေမိတယ်။ သူမ တခြားကမ္ဘာမှာ နှစ်တစ်ဝက်လောက်နေခဲ့ရပြီး သူမ အဲ့ဒါကို ကျင့်သား မရသေးဘူး။

ကျွော့ချင်းက ထိုအရာအတွက် စိတ်အားထက်သန်မှု မရှိတော့သော်လည်း မေးတော့မေးလိုက်သေးသည်။

"ဘာသတင်းလဲ?"

ကုယွင်က တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်ပြီး သူမ၏အင်္ကျီလက်စများကို ဖြည်းညှင်းစွာ ဆွဲချနေရင်း ရှင်းပြလာသည်။

"အဲ့ရွှေရောင်ပါ့ကွာ့ပြားက စုမိသားစုရဲ့ဆွေစဉ်မျိုးဆက်တစ်ခုပြီး နှစ်ပေါင်းများစွာ အမွေဆက်ခံလာခဲ့တဲ့ စုမိသားစုရဲ့သင်္ကေတဆိုတာကို ငါ ရှာတွေ့ခဲ့တယ်၊ အဲ့တာက စုမိသားစုကို ကောင်းချီးပေးပြီး အကာအကွယ်ပေးတယ်လို့ ပြောကြတယ်။ သာမာန်အခြေအနေဆိုရင် မျိုးနွယ်တံဆိပ်ကို စုမိသားစုဂူဗိမာန်မှာ သိမ်းဆည်းထားတယ်။ နှစ်စဉ်ပူဇော်ပွဲအတွင်း မျိုးနွယ်စုခေါင်းဆောင်နဲ့ စုမိသားစုရဲ့ အကြီးဆုံးသားက မျိုးဆက်သစ်တွေအတွက် မျိုးနွယ်စုတံဆိပ်ကို ထုတ်ယူလို့ရတယ်။ ဒါပေမယ့် ငါ အခုထိ စုမိသားစု ဂူဗိမာန်က ဘယ်မှာရှိမှန်း မသိသေးဘူး။ ဂူဗိမာန်မှာ သိမ်းဆည်းထားတဲ့ အထိမ်းအမှတ် တံဆိပ်က ဘယ်မှာလဲဆိုတာလဲ မသိသေးဘူး၊ အဲ့ဒါတွေကို သိချင်ရင် စုလင်းကနေ စတင်ရမယ်"

‘စုလင်းက သူမကို တကယ် စိတ်အနှောက်အယှက်ဖြစ်စေပေမယ့် သူမ ပြန်သွားနိုင်ဖို့အတွက် စစ်သူကြီးအိမ်တော်မှာ နေရဦးမှာပါပဲ။’

‘ဒီကိစ္စက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ယွင်က ဆုံးဖြတ်ထားပြီးပြီဆိုရင် သူမ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်မှာပါပဲ။’

ထိုကြောင့် ကျွော့ချင်းက သူမကို ဆွဲဆောင်ရန် မကြိုးစားတော့ဘဲ တိုတိုတုတ်တုတ် ပြန်ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါပေမယ့် နင် သတိထားရမယ်။ အဲ့ပစ္စည်းက အရမ်းထူးဆန်းတယ်။ နင် သတင်းအသစ်ရရင် ငါ့ကို အရင်ပြောပြရမယ်၊ နင် တစ်ယောက်တည်း လျောက်မလုပ်နဲ့"

ငါ သိပါတယ်..."

ကုယွင်က ရုတ်​တရက်​ တိတ်​ဆိတ်​သွားပြီး တံခါးကို သတိထားပြီး စိုက်ကြည့်​လိုက်​သည်​။

ခဏကြာတော့ တံခါးအပြင်ဘက်မှ ယောက်ျားတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

"သခင်မ၊ ချင်းဖေး ရောက်လာပါတယ်"

ချင်းဖေးလား?

ကျွော့ချင်းနှင့် ကုယွင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျွော့ချင်းက တိုးတိုးလေး ပြောလိုက်သည်။

"အဲ့ဒါက ချင်းဖေးတဲ့"

(ချင်းဖေး=ချင်းကိုယ်လုပ်တော်)

ကုယွင်က သူမကို နားလည်မှုသည့် အမူအရာဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သောကြောင့် ကျွော့ချင်းက တံခါးကို ဖွင့်ပေးလိုက်သည်။ ကုယွင်က နောက်လှည့်လိုက်ပြီး စားပွဲပေါ်မှ ဆေးရည်ပုလင်းကို သူမအင်္ကျီလက်ထဲသို့ထည့်လိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ပိတ်ထားသော ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။

ကျွော့ချင်း တံခါးကို ဖွင့်လိုက်ရာ ချင်းဖုန့်က အပြင်ဘက်၌ ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမက ကျွော့ချင်းကို တွေ့သည်နှင့် အပြုံးလေးဖြင့် လှမ်းခေါ်လိုက်သည်။

"အစ်မ"

ကျွော့ချင်းက ဘေးတွင် ရပ်နေသော အစေခံကို ပြန်ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီး ချင်းဖုန့်၏လက်ကို လှမ်းဆွဲလိုက်သည်။

"မြန်မြန်ဝင်လာ"

"မော့အာ!"

အခန်းထဲမှ ကုယွင်ကို မြင်ပြီးနောက် ချင်းဖုန့်က စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ လှမ်းသွားပြီး သူမ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူမက ဆို့နင့်နေပြီး ခဏကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။ ကုယွင်က အနည်းငယ် ရှက်ရွံနေသော်လည်း သူမလက်ကို ပြန်မဆွဲနိုင်သောကြောင့် ထိုနေရာတွင်သာ အေးခဲနေခဲ့သည်။

ချင်းဖုန့်က ကုယွင်၏ ပိုပြီး ပါးလွှာလာသော မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ရင်း တတွတ်တွတ်မေးနေပြန်သည်။

"မော့အာ၊ မင်း ကိုယ်အလေးချိန် ကျသွားတယ်။ စုလင်းက မင်းကို အနိုင်ကျင့်နေတာလား?"

သူမပါးကို ထိုကဲ့သို့ ပွတ်သပ်ခံလိုက်ရသောကြောင့်  ကုယွင်က အဆင်မပြေသလို ခံစားလိုက်ရပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"ဘယ်သူမှ ငါ့ကို အနိုင်ကျင့်တာ မဟုတ်ဘူး"

‘သူမကတောင် တခြားသူတွေကို အနိုင်ကျင့်ဖို့ လုံလောက်နေသေးတယ်။’

သူမ၏ညီမငယ်လေးက သူမနှင့် သိပ်မရင်းနှီးသလို ဖြစ်နေသောကြောင့် ချင်းဖုန့်၏လက်များက တုန့်ဆိုင်းသွားသည်။

‘သူမနဲ့ ထိတွေ့ဖို့တောင် အဆင်မပြေတော့ဘူးလား?’

သူမ၏နှလုံးသားက နာကျင်သွားသော်လည်း ချင်းဖုန့်က သူမလက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်လအတွင်း မင်း ဘယ်လိုတွေ နေခဲ့ရလဲ?"

ကုယွင်က ချင်းဖုန့်၏မျက်လုံးများမှ နာကျင်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း သူမအတွက်မူ သူမရှေ့မှ အမျိုးသမီးက သူမ ပထမဆုံးအကြိမ် တွေ့ဖူးသော သူစိမ်းတစ်ယောက်မျှသာ ဖြစ်နေသည်။ ကုယွင်က သူမအတွက် လေးနက်သော ခံစားချက်များကို ထုတ်ဖော်မပြသနိုင်ခဲ့ပေ။ သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

“ငါ အရမ်း အဆင်ပြေတယ်”

"မော့အာ၊ မင်း ဘာတွေဖြစ်နေတာလဲ?"

ချင်းဖုန့်က အနည်းငယ် စိတ်ရှုပ်သွားသည်။ သူမရှေ့မှ မိန်းခလေးက ယဉ်ကျေးနေသော်လည်း သူမနှင့် ဝေးကွာနေသလို ခံစားနေရသည်။ သူမ၏ မျက်ခုံးများနှင့်မျက်လုံးများက အလင်းတန်းများဖြင့် တောက်ပနေပြီး မာနကြီးကာ သီးသန့်ဆန်သော ခံစားမှုကိုပေးနေသည်။ ထိုအရာက သူမနှင့်ရင်းနှီးနေသော ညီမငယ်လေး၏ပုံမှန်နွေးထွေးမှုများ မဟုတ်ခဲ့ပေ။

‘ရှက်ရွံတက်ပေမယ့် ချစ်စရာကောင်းတဲ့ သူမရဲ့ညီမလေးက ဘယ်ရောက်သွားတာလဲ?!’

ချင်းဖုန့်က ထိတ်လန့်တုန်လှုပ်သွားပြီး စိုးရိမ်တကြီး ထပ်မေးလိုက်သည်။

"မင်းရော အဲ့ဒီဆေးရည်တွေ သောက်မိလို့ မင်းရဲ့မှတ်ဉာဏ်တွေ ပျက်သွားတာလား?"

ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး ကုယွင် ဘယ်လိုပြန်ဖြေမလဲဆိုသည်ကို စောင့်ကြည့်နေရင်း ပြုံးနေလေသည်။

‘သူမက သတိမေ့နေတယ်လို့ ပြောရင် အရမ်းမှားသွားလိမ့်မယ်။’

"ငါ..."

ကုယွင်လည်း အံ့အားသင့်သွားရသည်။

‘အဲ့ဒါက လုံးဝကို တာဝန်မဲ့တဲ့ ဆင်ခြေတစ်ခုပါ၊ ချင်းလိုမျိုး ပျင်းရိတဲ့ အမျိုးသမီးလေးဆီကနေပဲ အဲ့လိုတာဝန်မဲ့တဲ့ ဆင်ခြေတစ်ခု ထွက်လာနိုင်တာပါ။’

ကုယွင်က သူမ၏ကံဆိုးမှုအတွက် ပျော်ရွှင်နေသော ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်ပြီး ချင်းဖုန့်၏ စိုးရိမ်သောကများနှင့် ပြည့်နေသော မျက်လုံးများကို ရင်ဆိုင်လိုက်ကာ ပြုံးပြလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်၊ အစ်မကို မတွေ့ရတာကြာလို့ နည်းနည်းစိတ်လှုပ်ရှားနေပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေတာပါ"

‘စိတ်လှုပ်ရှားနေတာတဲ့လား???’

ကျွော့ချင်းတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောချင်နေသော်လည်း ချင်းဖုန့်ရှိနေသောကြောင့် သူမ၏ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲ မျိုသိပ်နေရသည်။ ကုယွင်၏စူးစူးစိုက်စိုက် မျက်လုံးများကို ခံစားရင်း ကျွော့ချင်းက ရှေ့သို့ တိုးကာ ချင်းဖုန့်ကို ကုလားထိုင်ပေါ်ထိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သူမက ဂရုတစိုက် သတိပေးလိုက်သည်။

"မင်း အရင်ထိုင်လိုက်ဦး။ ပထမသုံးလမှာ သတိထားရမယ်လေ"

ချင်းဖုန့်က သူမရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသလို ခံစားလိုက်ရသည်။

‘မော့အာနဲ့ အစ်မကြားက အကြည့်လေးတွေနဲ့ လှုပ်ရှားမှုလေးတွေက သူမတို့ရဲ့ ရင်းနှီးမှုနဲ့ နားလည်မှုကို ပြသနေတယ်။ ထားလိုက်ပါတော့လေ၊ ညီမလေးက ငယ်ငယ်လေးကတည်းက အစ်မနဲ့ ပိုရင်းနှီးလာတယ်လေ၊ ဘာပဲဖြစ်ဖြစ် သူမအစ်မက သူမကို ဂရုစိုက်ပေးနေသောကြောင့် သူမ စိတ်သက်သာရာရသွားတယ်။’

ချင်းဖုန့်က သူမ၏အနည်းငယ်မို့ဖောင်းနေသော ဝမ်းဗိုက်ကို ပွတ်သပ်နေရင်း နူးညံစွာ ပြုံးလိုက်သည်။

"လေးလကျော်နေပြီ"

‘လေးလကျော်နေပြီလား? မြန်လိုက်တာ?? သူမ နန်းတော်ကို အပို့ခံလိုက်ရတာနဲ့ တပြိုင်နက် ယန်းဟုန်ထျန်းက သူမနဲ့ လိင်ဆက်ဆံခဲ့တာလား??’

ကျွော့ချင်းက ချင်းဖုန့်နှင့် အကြိမ်ပေါင်းများစွာ အဆက်အသွယ်ရှိခဲ့ဖူးပြီး ကျွော့ချင်း၏နှလုံးသားထဲတွင် ချင်းဖုန့်က ဆွေမျိုးများကို ချစ်မြတ်နိုးသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သဘောထားကြီးကာ ခေါင်းမာတတ်သော်လည်း ကံကြမ္မာဆိုးတစ်ခုလည်း ရှိနေပြန်သည်။ နန်းတော်၏အခြေအနေများကို စဉ်းစားရင်း ကျွော့ချင်းက စိုးရိမ်တကြီး ထပ်မေးလိုက်သည်။

"နောက်ဆုံးအကြိမ်က မင်း မယ်တော်မိဖုရားကြီးရဲ့တံဆိပ်တုံး ခိုးခဲ့တာကို ယန်းဟုန်ထျန်း သတိထားမိသွားသေးလား?"

ချင်းဖုန့်၏မျက်လုံးများက အေးစက်သွားကာ ဘာမှမထူးခြားသလို လှောင်ရယ်နေခဲ့သည်။

"ကျွန်မ မသိဘူး၊ သူ သိတာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ သူက လို့ရှီးယန်ကို ကယ်တင်ချင်တဲ့ သူ့ရည်မှန်းချက်တွေ ပြည့်အောင် အစ်မရဲ့စိတ်ပူနေတဲ့ နှလုံးသားနဲ့ စိတ်အားထက်သန်မှုကို အသုံးချခဲ့တာ၊ နောက်ဆုံးတော့ အရာအားလုံးက သူ ဖြစ်စေချင်သလို ဖြစ်သွားခဲ့တာပဲ၊ သူ သတိထားမိသည်ဖြစ်စေ မထားမိသည်ဖြစ်စေ ဘာမှ မကွာခြားသွားဘူး”

သူမ၏ အငြိုးအတေးနှင့် မုန်းတီးသောစကားများက ကျွော့ချင်းနှင့် ကုယွင်တို့ကို ဝမ်းနည်းခံစားခြင်းကနေ မရှောင်တိမ်းနိုင်စေဘဲ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်ကာ နောက်ဆုံးတွင် တိတ်တိတ်နေရန်သာ ရွေးချယ်နိုင်ခဲ့သည်။

သူမတို့က ချင်းဖုန့်ကို နှစ်သိမ့်ဖို့ ဘယ်လိုစကားလုံးတွေ သုံးရမှန်းကို မသိပါဘူး။ သူမတို့က ချင်းလင်နဲ့ ချင်းမော့ မဟုတ်သောကြောင့် ချင်းမိသားစုရဲ့ဒုက္ခတွေကို နားမလည်နိုင်ကြသလို နန်းတော်မှာလည်း မနေထိုင်ရဘူးလေ။ အဲ့သောကြောင့် ချင်းဖုန့်မှာ ရှိနေခဲ့တဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို သူမတို့ နားမလည်နိုင်ကြပါဘူး။

သူမတို့သုံးယောက်က သူမတို့၏ကိုယ်ပိုင်အတွေးများထဲမှာ ရှိနေကြပြီး အခန်းက တိတ်ဆိတ်သွားပြန်သည်။ ချင်းဖုန့်က ရုတ်တရက် သတိပြန်ဝင်လာပြီး ပြောလာပြန်သည်။

"ဒီနေ့က အစ်မရဲ့ နေ့ထူးနေ့မြတ်ပဲ၊ အဲ့ဒိစိတ်ပျက်စရာအကြောင်းတွေ မပြောပါနဲ့တော့၊ အစ်မရဲ့အကြိုက်ဆုံး ဆံပင်ပုံစံကို ကျွန်မ ဖြီးပေးမယ်လေ”

ကျွော့ချင်းက ချင်းဖုန့်၏ပခုံးကို ကိုင်ထားရင်း ခေါင်းခါပြလိုက်သည်။

"ဒုက္ခခံမနေပါနဲ့"

တကယ်တော့ သူမက ပွဲတက်ပြီး ဧည့်သည်တွေကို ဧည့်ခံရမှာ မဟုတ်တဲ့အတွက် အရမ်းကြီးကြီးကျယ်ကျယ် လုပ်ဖို့မလိုပါဘူး၊ ပြီးတော့ သူမကလည်း မကြိုက်ဘူးလေ။

ချင်းဖုန့်က ကျွော့ချင်း၏လက်ကို ပေါ့ပေါ့တန်တန် ဆုပ်ကိုင်ထားရင်း ပြောလာပြန်သည်။

"ဒါက ဒုက္ခ မဟုတ်ပါဘူး"

ကျွော့ချင်းက အတွင်းခန်းရှိ စားပွဲတင်ခုံရှေ့မှာ ထိုင်ချလိုက်ပြီး ချင်းဖုန့်က သူမ၏အနက်ရောင်ဆံပင်များကို ညင်သာစွာ ဖြီးသင်ပေးနေသည်။

သူမတို့ အိမ်မှာရှိနေစဉ်က ဒီလိုမျိုး မကြာခဏ ဖြီးပေးလေ့ရှိပေမယ့် အခု အဲ့အချိန်တွေကို ပြန်သွားလို့ မရ‌တော့ဘူး။ တကယ်တော့ သူမတို့ အခုလို တွေ့ဆုံဖို့ကတောင် မလွယ်ကူတော့ပါဘူး။

"အစ်မ၊ မော့အာ၊ ကျွန်မတို့ ချုံယွဲ့မှာနေရတော့မယ်ဆိုတာက မပြောင်းလဲနိုင်တဲ့အချက်ပဲ၊ အဲ့သောကြောင့် အစ်မတို့ ပျော်ပျော်နေရမယ် သိလား? အစ်မတို့ရဲ့ပျော်ရွှင်မှုက ကျွန်မရဲ့အကြီးမားဆုံး ပျော်ရွှင်မှုပဲ"

ချင်းဖုန့်က ကျွော့ချင်း၏ ဆံပင်များကို ဂရုတစိုက်နှင့် အာရုံစူးစိုက်ကာ ထုံးဖွဲ့ပေးနေခဲ့ပြီး သူမ၏လှုပ်ရှားမှုတိုင်းက နူးညံ့ပြီး ညင်သာနေသည်။ ကျွော့ချင်းက ​​သူမ၏ချစ်ခင် မြတ်နိုးမှုကို ခံစားနိုင်သော်လည်း သူမက ချင်းဖုန့်၏အစ်မ မဟုတ်သောကြောင့် သူမတို့၏လှပသော အမှတ်တရများကိုတော့ မသိနိုင်တော့ပေ။ တဆက်တည်းမှာပင် ချင်းဖုန့်အပေါ်သူမ၏သနားစိတ်က တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

သူမစကားထဲတွင် ရောနှောနေသော ပျော်ရွှင်မှုများနှင့် စိတ်ပျက်အားငယ်ခြင်းများက ကျွော့ချင်းကို စိတ်ဆင်းရဲစေခဲ့သည်။ သူမက နောက်ပြန်လှည့်ကာ ချင်းဖုန့်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ဗိုက်ပေါ် ညင်သာစွာ တင်ပေးလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။

"ဖုန့်အာ၊ မင်းလည်း စိတ်ချမ်းသာအောင်နေရမယ်နော်၊ ယန်းဟုန်ထျန်းက စိတ်ပျက်စရာကောင်းပေမယ့် အခု မင်းမှာ ကလေးလေးရှိနေပြီ၊ မင်းက သူ့အတွက် ပျော်ရွှင်ရမှာပေါ့"

"ဟုတ်ကဲ့"

ချင်းဖုန့်က သူမ၏ အနည်းငယ်ပြူထွက်နေသော ဝမ်းဗိုက်ကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်နေပြီး နောက်ဆုံးတွင် သူမ၏မျက်နှာပေါ်တွင် နူးညံ့ညင်သာသော အပြုံးတစ်ခု ပေါ်လာသည်။

အရက်အနည်းငယ်သောက်ပြီးနောက် ယန်းဟုန်ထျန်းက လို့ရှီးယန်ကို ရုတ်တရက် ကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။

"ရှီးယန်၊ မင်းရဲ့ကျန်းမာရေးက အဆင်ပြေရဲ့လား? တော်ဝင်သမားတော်တွေကို မင်းကို လာကြည့်စေချင်သေးလား?"

အခုတော့ သူ့ခန္ဓာကိုယ်အကြောင်းကို တွေးမိပြီတဲ့လား??! သူ့ကို တကယ် ဂရုစိုက်ရင် ဒီလောက်ပြင်းတဲ့ အရက်ကို သောက်ခွင့်မပေးသင့်ဘူးလေ။

လို့ရှီးယန်က ခါးခါးသီးသီး လှောင်ပြောင်နေသည့် အမူအရာဖြင့်သာ ပြန်ပြုံးပြလိုက်တော့သည်။ ယန်းဟုန်ထျန်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေမှန်း သူ သိနေသောကြောင့် လို့ရှီးယန်က အရက်ခွက်ကို ပြန်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။

"အရှင့်ရဲ့စိုးရိမ်ကြောင့်ကြမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုးက အခု ပိုကောင်းလာပါပြီ"

အခု သူ့ရင်ဘတ်က မီးတောက်နေသလို ခံစားနေရပြီ ဒီအတိုင်းသာ ဆက်သောက်နေရရင် ပွဲမစခင် သူလဲကျတော့မယ်။

ရှန်ယုလန်ကလည်း သူ့ခွက်ကို အမြန်ပြန်ချလိုက်ပြီး ကျပန်းအကြောင်းအရာတစ်ခုကို ရွေးချယ်လိုက်သည်။

"ဒီတစ်ခါတော့ လို့သခင်မရဲ့ လိမ္မာပါးနပ်မှုကြောင့် ပိုင်ရိက အဲဒါကို အခွင့်ကောင်းမယူနိုင်လိုက်ဘူး"

လို့ရှီးယန်က ရှန်ယုလန်၏အသက်ရှုသံပြင်းပြင်းကို ကြားလိုက်ရသောကြောင့် သူလည်း မူးနေကြောင်း သိသွားခဲ့သည်။ ထို့ကြောင့် သူက ရှန်ယုလန်အတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးနေရင်း စကားစကို ဆက်ပြောပေးလိုက်သည်။

"အဲဒီနေ့က သူ(မ) အကျဥ်းထောင်ကို ရောက်လာပြီး ပြန်မထွက်သွားခင်မှာ ပိုင်ရိက ပြဿနာဖြစ်အောင် လှုံဆော်နေပြီး စုလင်းကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စာကို ထားခဲ့တယ်။ သူ(မ) လှည့်ကွက်တွေ ကြံစည်ရင်းကို အရူးတစ်ယောက်လို ပြုမူမိမှာကို စိုးရိမ်မိခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ မော့ပိုင်က ညဘက် ထောင်ထဲကို ခိုးဝင်လာပြီး သူ(မ)ရဲ့အစီအစဥ်ကို အသေးစိတ် ပြောပြခဲ့တယ်၊ အပြင်မှာတော့ စစ်သူကြီးစုရဲ့ ပံ့ပိုးမူကြောင့် အောင်မြင်နိုင်ခဲ့တာပါ”

လို့ရှီးယန်နှင့် ရှန်ယုလန်က လက်ဖက်ရည်သောက်ရင်း အလုပ်ရှုပ်နေကြပြီး ယန်းဟုန်ထျန်းက သူတို့ကို အတင်းအကျပ် ဖိအားမပေးတော့ပေ။

‘ဒီညက အချိန်အတော်ကြာ နေရဦးမှာဆိုတော့ မြန်မြန်မူးသွားရင် ပျော်စရာကောင်းမှာ မဟုတ်တော့ဘူး။’

ယန်းဟုန်ထျန်းက တစ်ခွက်ပြီး တစ်ခွက်သောက်နေတာတောင် အသက်ရှူမှန်နေသေးသည့် စုလင်းကို ကြည့်လိုက်ပြီး ပြောလိုက်ပြန်သည်။

"စုလင်း၊ အခုတော့ မိန်းမတွေ ဒီလောက်မမိုက်မဲဘူးလို့ မင်း ထင်နေပြီမလား?"

စုလင်းက သူ့လက်ထဲမှ ခွက်ကို ကိုင်ထားရင်း ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် ငေါ့တော့တော့ သည်းတွားလိုက်သည်။

"သူတို့က မမိုက်မဲရင်တောင် စွာတေးလန်နေတုန်းပဲ!"

‘သူနဲ့ အဲ့မိန်းမကြမ်းကြီး ချင်းမော့နဲ့ ရထားလုံးပေါ်မှာ ရန်ဖြစ်ခဲ့ကြပြီး အခု ရက်အနည်းငယ်ကြာနေတာတောင်မှ သူ့​ခါး​နဲ့​ကျောက အခုထိ နာကျင်​နေတုန်းပဲ။’

စုလင်းနှင့်ချင်းမော့တို့၏ ရထားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါး ကန်ချက်များကို သူ့မျက်လုံးများဖြင့် မြင်ခဲ့ရသော လို့ရှီးယန်အတွက်တော့ စုလင်း၏ စကားများမှ "စွာတေးလန်"ဟူသော အဓိပ္ပါယ်ကို သဘာဝကျကျ နားလည်သဘောပေါက်နိုင်သည်။ လို့ရှီးယန်က တဟားဟား အော်ရယ်ပြီးမှ ထပ်ပြောလိုက်သည်။

"ဒီကိစ္စရဲ့ရလဒ်က ဧကရာဇ်ရဲ့ မူလအစီအစဉ်နဲ့ အနည်းငယ် ကွာခြားနေပေမယ့် ဒီအဖြစ်အပျက်အပြီးမှာ ယန်မိသားစုရဲ့ စွမ်းအားတွေလည်း အများကြီး လျော့ကျသွားခဲ့တယ်"

ယန်းဟုန်ထျန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ့၏အေးစက်သော မျက်လုံးများက အနည်းငယ် တောက်ပလာသည်။

"အဲ့ပိုင်ရိက ငယ်ငယ်ရွယ်ရွယ်နဲ့ အခြေအနေတွေကို ဘယ်လို အကဲဖြတ်ရမယ်ဆိုတာ သိနေတယ်၊ ပြီးတော့ နက်နဲတဲ့ အကြံဥာဏ်တွေလည်း ရှိနေသေးတယ်။ သူ ထီးနန်းရယူပြီးရင် ကျန်းတို့ လျောင်ယွဲ့ကို လျစ်လျူရှုလို့ မရလောက်တော့ဘူး"

စုလင်းက ဝင်ပြောလိုက်သည်။

"ကျွန်တော်မျိုးက လျောင်ယွဲ့ရဲ့လှုပ်ရှားမှုတွေကို အချိန်မရွေး သိနိုင်ဖို့ စောင့်ကြည့်နိုင်မယ့် လူတွေကို စေလွှတ်ထားလိုက်ပါ့မယ်"

ပိုင်ရိက ချုံယွဲ့ကို ကျူးကျော်ချင်ရင်တောင် နေ့ချင်းညချင်းတော့ မဖြစ်လာနိုင်သေးပါဘူး။

"သခင်... ချီသခင်လေး ရောက်လာပါတယ်"

ကျင်းစ၏စကားမဆုံးခင်မှာ တံခါးအပြင်ဘက်မှ ချီထျန်းယု၏ မထီမဲ့မြင် အော်သံကို ကြားလိုက်ရသည်။

"ရှီးယန်ရေ၊ ပြောပါဦးဟ၊ ငါ ထွက်သွားတာ လအနည်းငယ်ပဲ ရှိသေးတယ်၊ မင်းက အိမ်ထောင်‌တောင် ပြုပြီးသွားပြီလား?? မင်း ငါ့ကို အကြောင်းကြားဖို့ ဘယ်သူ့ကိုမှ မလွတ်ဘူးပေါ့။ မင်း ရက်စက်တာက မလုံလောက်သေးဘူးလား??”

လို့ရှီးယန်က ရယ်မောနေရင်း ခေါင်းယမ်းလိုက်သည်။

‘နှစ်ပေါင်းများစွာ ကြာခဲ့တာတောင်မှ ချီထျန်းယုဆိုတဲ့သူက လူကို မတွေ့ရသေးခင် အသံကို အရင်ကြားနေရတုန်းပဲ။’

အသံနောက်မှ လူက အခန်းထဲကို ဝင်ရောက်လာခဲ့ပြီး သူက အခန်းထဲတွင် အခြားလူများရှိနေကြောင်း သဘောပေါက်သွားခဲ့သည်။ ချီထျန်းယုက သူတို့နှစ်ယောက်ကို မှတ်မိနေပြီး သူ့လက်ကို အနည်းငယ် လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

"စစ်သူကြီးစုနဲ့ ရှန်လူကြီးမင်းလည်း ရောက်နေတာပဲ"

ပင်မထိုင်ခုံပေါ်ရှိလူက ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေပြီး ထိုမျှ‌အေးစက်သော မျက်လုံးများကို မည်သူမျှ တိုက်ရိုက် ကြည့်ဝံ့မည် မဟုတ်ပေ။ ထိုကဲ့သို့ အရှိန်အဟုန်ရှိနေသောလူက လို့ရှီးယန်၏မိသားစုတွင် ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်သည်။ ချီထျန်းယုက ဤပုဂ္ဂိုလ်၏ အမည်ကို ခန့်မှန်းနိုင်ပြီ ဖြစ်သည်။

"ဒီနိမ့်ကျတဲ့သာမာန်အရပ်သားက..."

ချီထျန်းယု ဂါရဝပြုခါနီးတွင် ယန်းဟုန်ထျန်းက သူ့လက်ကို မြှောက်ကာ တားဆီးလိုက်သည်။

"ကောင်းပြီ၊ ဒီနေ့က မိသားစုပွဲဆိုတော့ အရမ်းယဉ်ကျေးနေစရာ မလိုတော့ဘူး။ ဒါပေမယ့် အရက်တော့ သောက်ရမယ်"

ချီထျန်းယုက ရဲရင့်ပြီး ရိုးရှင်းသောသူတစ်ယောက်ဖြစ်သည်။ ယန်းဟုန်ထျန်း၏ စကားကို ကြားလိုက်သည်နှင့် သူက ချက်ချင်း ရယ်မောလိုက်သည်။

"ထျန်းယုက ဧကရာဇ်မင်းမြတ်ကို အဖော်ပြုပေးပါ့မယ်!"

ချီထျန်းယုကလည်း အရက်သမားဖြစ်နေသောကြောင့် သူ့ကို အတင်းတိုက်မှာကို စိုးရိမ်သွားသည့် လို့ရှီးယန်က သူ့နောက်မှ အစေခံကို လှမ်းပြောလိုက်သည်။

"သွားပြီးတော့ သခင်မနဲ့ ရှီးဝူကို ဒီကိုလာပြီး ပွဲပြင်ဆင်ဖို့ ဖိတ်ခေါ်လိုက်တော့"

"ဟုတ်ကဲ့"

အခန်း ၁၁၂- (အပိုင်း ၂) ပန်းများ၊ ဖယောင်းတိုင်များနှင့် မင်္ဂလာည (Grand Finale)

"ဟုတ်ကဲ့"

သိပ်မကြာခင်မှာပင် ခန်းမဆောင်ကြီးထဲတွင် လို့ရှီးဝူ၏ ချစ်စရာကောင်းသော အသွင်အပြင်လေး ထွက်ပေါ်လာသည်။ သူမက တစ်ယောက်ပြီး တစ်ယောက်ကို ဦးညွှတ်ပြီးနောက် ချီထျန်းယုဘေးတွင် ဝင်ထိုင်လိုက်ကာ နှုတ်ခမ်းစူရင်း ရန်တွေ့နေသည်။

"ချီအစ်ကိုကြီး၊ ရှင် ကျွန်မတို့ကို လာမတွေ့တာ ကြာနေပြီ"

ချီထျန်းယုက သူမကို သူ့ညီမလေးကဲ့သို့ ချစ်မြတ်နိုးပြီး ညီမအရင်းကဲ့သို့ အမြဲဆက်ဆံခဲ့သည်။ အခု သူမက နှုတ်ခမ်းစူနေတာကို မြင်လိုက်ရသောကြောင့် သူက သူ့အင်္ကျီလက်ထဲမှ ရှည်မျောမျော သေတ္တာငယ်လေးကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူမလက်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

"အခု ရောက်လာပြီ မဟုတ်ဘူးလား။ ငါ မင်းအတွက် ရန်ချန်ရဲ့ အကျော်ကြားဆုံး ကျောက်စိမ်းဆံထိုး ယူလာပေးတယ်"

"တကယ်လား?"

လို့ရှီးဝူက အံ့သြစွာဖြင့် သေတ္တာ‌လေးကို ဖွင့်ကြည့်လိုက်ပြီး အထဲတွင် အပြစ်ကင်းစင်ပြီး ဖြူစင်တောက်ပြောင်နေသော ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေသည်။ လို့ရှီးဝူက ထိုအရာကို အလွန် သဘောကျသွားပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ချီအစ်ကိုကြီး"

သူတို့နှစ်ယောက် စကားပြောကာ ရယ်မောနေကြသော်လည်း ကျင်းစ၏ နဂိုမည်းနေသောမျက်နှာက ယခုအခါ ပိုမည်းနေပြီဖြစ်ကာ ပို၍ပင် ကြောက်စရာကောင်းလာသည်ကို သူတို့နှစ်ယောက်လုံး သတိမထားမိကြပေ။

ထိုအချိန်တွင် ကျွော့ချင်းနှင့် သူမ၏အဖွဲ့ကလည်း ဝင်လာခဲ့သည်။ ချီထျန်းယုက ချက်ချင်းပဲ သေးငယ်ပြီး ချစ်စရာကောင်းသော ကုယွင်၏ဆွဲဆောင်မှုကို ခံလိုက်ရပြီး သူမတို့ သုံးယောက် မထိုင်ရသေးမီ သေမှာကို မကြောက်ဘဲ မေးလိုက်တော့သည်။

"မရီး၊ မင်း ဘေးနားက ဒီအလှလေးက ဘယ်သူလဲ?"

"ချီထျန်းယု၊ မတွေ့ရတာ ကြာပြီ၊ ဒါပေမယ့် ရှင်က အရင်အတိုင်းပဲ၊ ဒါပေမယ့် သူ(မ)ကို မနှောင့်ယှက်ဖို့ ကျွန်မ အကြံပေးချင်တယ်"

ကျွော့ချင်းက ရယ်မောနေခဲ့သည်။

ဒီလူက တကယ်ကို လူဆိုးပဲ!! သူက ရုပ်ရည်ချောမောတဲ့ အမျိုးသမီးတိုင်းကို နောက်ပြောင်လိမ့်မယ်။

ချီထျန်းယုက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဘာလို့လဲ?"

ကျွော့ချင်းက သူ့အနောက်မှ တိမ်မည်းများ ပြည့်နေသော မျက်နှာပိုင်ရှင် စုလင်းကို ပြတ်ပြတ်သားသား စိုက်ကြည့်နေလိုက်သည်။ ချီထျန်းယုက သူမ ကြည့်နေသော နေရာကို လှည့်ကြည့်လိုက်ပြီး စုလင်း၏အေးစက်သော လင်းယုန်မျက်လုံးများကို ကြည့်ကာ အလှလေးက သခင်ရှိနေပြီကို သိလိုက်သည်။

ချီထျန်းယုက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ အပြုံးဖြင့် ပြောနေပြန်သည်။

"ငါ့ခြေလှမ်းတွေ အရမ်းနောက်ကျနေပုံရတယ်"

ချီထျန်းယုက အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး သူ့ခွက်ကို လို့ရှီးယန်နှင့် ကျွော့ချင်းထံသို့ မြှောက်ပြလိုက်သည်။

"အရင်ပွဲတုန်းက မင်္ဂလာအရက်ကို မသောက်လိုက်ရဘူး။ ဒီတစ်ခါတော့ ကောင်းကောင်း သောက်ချင်တယ်!"

လို့ရှီးယန်ကလည်း သူ့၏ခွက်ကို မြှောက်လိုက်ပြီး အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။

"အားလုံးအတူတူ သောက်ကြရအောင်"

လူတိုင်းက ခွက်မြှောက်လိုက်ကြပြီး ယန်းဟုန်ထျန်းက သူ့ဘေးနားမှ လက်ဖက်ရည်ကို ကောက်ကိုင်လိုက်ကာ ချင်းဖုန့်ကို လှမ်းပေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါကို သောက်"

ထိုမြင်ကွင်းက ကျွော့ချင်းနှင့်ကုယွင်တို့၏ မျက်လုံးများမှ လွတ်ကင်းမသွားနိုင်သောကြောင့် သူမတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ယန်းဟုန်ထျန်းကလည်း ချင်းဖုန့်အတွက် ခံစားချက်များ ရှိနေခဲ့သည်။

လူတစ်စုက အရက်သောက်ရင်း စကားစမြည် ပြောနေကြသည်။ သူတို့ စားသောက်ပြီးနောက် လက သစ်ကိုင်းထိပ်ကို ရောက်နေကာ သန်းခေါင်ကျော်နေပြီဖြစ်သည်။ ပွဲအတွင်းတွင် တရားဝင် သတို့သားတစ်ယောက်ဖြစ်သော လို့ရှီးယန်က အရက်ခွက် အများအပြားကို သောက်ခဲ့ရပြီး အလွန်မူးနေကာ လမ်းမလျှောက်နိုင်တော့ပေ။ နောက်ဆုံးတွင် သူက မော့ပိုင်နှင့် ကျွော့ချင်းတို့၏ ပံ့ပိုးမှုဖြင့် လန်ယွဲ့အဆောင်သို့ ပြန်လာခဲ့ပြီး ယိုင်ထိုးနေဆဲဖြစ်သည်။

လန်ယွဲ့အဆောင်၏အပြင်ဘက်တွင် ချီထျန်းယုက ဧည့်ခန်းထဲသို့ လိုက်၀င်ရန် ပြင်ဆင်နေခဲ့သော်လည်း ခြံအပြင်ဘက်တွင် ရပ်နေသော ကျင်းစက အေးစက်သောမျက်နှာဖြင့် ငြင်းပယ်လိုက်သည်။

"သခင်က အရမ်းမူးနေပြီ၊ ကျေးဇူးပြုပြီး... သခင်လေးချီက ပြန်သွားပါတော့"

အရမ်းမူးနေသော လို့ရှီးယန်နှင့် နှိုင်းယှဉ်လျှင် ချီထျန်းယုက နီမြန်းနေသည့် သူ့မျက်နှာမှ လွဲ၍ သူ့မျက်လုံးများက သိသိသာသာ ကြည်လင်နေသေးသည်။ သူက သူ့လက်ကို ကျင်းစပုခုံးပေါ် တင်လိုက်ပြီး အပြုံးဖြင့် ငြင်းဆန်နေသည်။

"မဖြစ်နိုင်ဘူး၊ ငါတို့ သတို့သမီး အခန်းကို မနှောက်ယှက်ရသေးဘူး!"

ယန်းဟုန်ထျန်းနှင့် သူ့အဖွဲ့က မူလက ထွက်ခွာရန် စီစဉ်ထားသော်လည်း ချီထျန်းယုနှင့်ကျင်းစက အပြန်ပြန်အလှန်လှန် ငြင်းပယ်နေကြတာကို တွေ့လိုက်ရသောကြောင့် သူတို့က အလျင်စလို မထွက်ခွာကြတော့ဘဲ အားလုံးက လန်ယွဲ့အဆောင်အပြင်ဘက်တွင် စုရုံးနေခဲ့ကြသည်။

ကျင်းစက အရင်အတိုင်း မတုန်မလှုပ်ရှိနေကာ အေးစက်စက် ပြန်ပြောလိုက်သည်။

"နောက်ကျနေပြီ ချီသခင်လေး၊ ကျေးဇူးပြုပြီး ပြန်ပါတော့!"

ချီထျန်းယုက မျက်လုံးများ မှေးကျဥ်းထားရင်း စဥ်းစားနေသည်။

ရှီးယန်က ဒီသစ်သားတုံးလို အိမ်တော်ထိန်းကို ဘာကြောင့် ရှာထားခဲ့တာလဲ?? သူ လုံးဝ နားမလည်နိုင်ဘူး။

ချီထျန်းယုက စိတ်မပျက်မသွားဘဲ ကျင်းစ၏ပခုံးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ကာ ဆက်ပြောနေပြန်သည်။

"ကျင်းစ၊ အရမ်းကြီး အလေးအနက် မထားပါနဲ့၊ သတို့သမီး အခန်းကို နှောက်ယှက်တာက မင်္ဂလာပွဲရဲ့တစ်စိတ်တပိုင်းပဲ၊ အရမ်းပျော်စရာ ကောင်းတယ်၊ ရှီးယန်ကလည်း စိတ်ဆိုးမှာ မဟုတ်ပါဘူး"

ကျင်းစက နောက်သို့ ခြေတလှမ်းပြန်ဆုတ်သွားပြီး သူ့စကားများကို လျစ်လျူရှုထားလိုက်သည်။

ချီထျန်းယု နံဘေးတွင် ရပ်နေသော လို့ရှီးဝူက အရက်အနည်းငယ်သောက်ထားသောကြောင့် သူမ၏မျက်နှာက နီရဲနေပြီး သူမ၏ခြေလှမ်းများက အနည်းငယ် ယိုင်နေသော်လည်း သူမက ရယ်နေသေးသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မတို့ အထဲကိုသွားမယ်။ အထဲကို သွား​ကြစို့!!"

သူမက မတည်မငြိမ် ရပ်နေပြီး ဆူညံစွာ အော်ဟစ်နေသည်ကို ကြည့်နေရင်း ကျင်းစက သူမ၏ ယိမ်းယိုင်နေသော ခန္ဓာကိုယ်ကို ကူတွဲပေးရန် ရှေ့တိုးလာကာ တိုးညှင်းသော လေသံဖြင့် ဆူပူလိုက်သည်။

“ဒုက္ခမပေးနဲ့တော့”

ချီထျန်းယုက ကျင်းစ၏ရှားရှားပါးပါး နူးညံမှုကို စိတ်ဝင်တစား ကြည့်နေပြီး မနေနိုင်တော့ပေ။

"ကျွစ်... ကျွစ်၊ ကျွစ်၊ မင်းက တစ်ယောက်ကိုကျတော့ မျက်နှာသာပေးပြီး တယောက်ကိုကျတော့ ခွဲခြားဆက်ဆံနေတာပဲ၊ ငါ ထွက်သွားတဲ့ သုံးလအတွင်းမှာ ဝန်ကြီးချုပ်အိမ်တော်က ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေခဲ့တာပဲ!”

နောက်ဆုံးတော့ ဒီကျောက်တုံးကတောင်မှ သူ့ကို အလင်းပြနေပြီ။ သူက အပြင်ထွက်ဖို့ အချိန်ကို မှားရွေးခဲ့မိပြီး ပွဲကောင်းတွေ အများကြီးကို လွတ်သွားပုံရတယ်။

ထိုကဲ့သို့ ထင်ရှားသော ပြက်ရယ်ပြုမှုက လို့ရှီးဝူကို အလွန်အရှက်ရစေခဲ့ပြီး သူမက ကျင်းစ၏လက်မှ ရုန်းကန်နေသည်။

"ချီအစ်ကိုကြီး! ရှင်ဘာတွေ လျောက်ပြောနေတာလဲ?!”

"လျောက်ပြောနေတာ ဟုတ်လား?"

ချီထျန်းယုက သူ့ရင်ဘတ်မှာ လက်ပိုက်လိုက်ပြီး ကျင်းစကို ဘေးစောင်းကြည့်လိုက်သည်။

"ငါက မင်းရဲ့ မင်္ဂလာအရက်ကို အမူးသောက်ရတော့မယ်လို့ ထင်နေတာ၊ ဒါပေမယ့် ငါ တွက်ဆတာ မှားသွားပြီထင်တယ်?"

သူက ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေသော်လည်း ကျင်းစက မျက်မှောင်ကြုတ်လဲမကြုတ်သလို အသက်ရှူသံကလည်း မှန်နေဆဲရှိကာ အေးစက်သောအမူအရာဖြင့်သာ တုံ့ပြန်လာခဲ့သည်။

ထိုအချိန်တွင် မော့ပိုင်က ခြံဝင်းထဲမှ ပြန်ထွက်လာပြီး တံခါးအပြင်ဘက်မှ မပြီးပြတ်သေးသော လူတစ်စုကို မြင်လိုက်သောအခါ သူက သူတို့ ဘာလုပ်ချင်သည်ကို ချက်ချင်း သိလိုက်သည်။ မော့ပိုင်နှင့်ကျင်းစက ဘေးချင်းကပ်လျက် ရပ်နေပြီး ခြံတံခါးငယ်၏ဘယ်ဘက်နှင့် ညာဘက်တွင် တစ်ယောက်စီရပ်နေကာ ခြံတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားလိုက်သည်။

ချီထျန်းယုဆီကနေ နောက်ပြောင်ခံထားရသည့် လို့ရှီးဝူ၏မျက်နှာက နီရဲနေပြီး ပူလောင်လုနီးပါးဖြစ်နေခဲ့သည်။ သူမက သူ့ကို ဒေါသတကြီးစိုက်ကြည့်နေရင်း ပြောလာပြန်သည်။

"ရှင်က လူတွေကို လှောင်ပြောင်ဖို့ဘဲ သိတယ်! ရှင်မှာ တကယ်အရည်အချင်းရှိရင် နည်းလမ်းရှာပြီး အဲ့ဒီတံခါးစောင့်နတ်မင်းကြီးနှစ်ပါးကို ကျော်သွားလိုက်”

ချီထျန်းယုက သူ့မျက်ခုံးများကို အနည်းငယ် မြှင့်တင်လိုက်သည်။ သူတို့ကို ကျော်ဖြတ်ရန်က မဖြစ်နိုင်ပေ။

ကိုယ်ခံပညာအရ ပြောရရင် ကျင်းစ တစ်ယောက်တည်းသာဆိုရင် သူ စမ်းကြည့်လို့ ရနိုင်ပေမယ့် အခု မော့ပိုင်ရောက်လာပြီဆိုတော့ သူက မော့ပိုင်ကိုတော့ မယှဉ်နိုင်ဘူး။ ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြတတဲ့ သူ့နောက်က လူတစ်စုကို သူ ပြန်ကြည့်လိုက်တော့လဲ သူတို့က သူ့ကို ကူညီမယ့်ပုံ မပေါ်ပါဘူး။

ချီထျန်းယုက သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့လည်း သူ့ကိုယ်သူပဲ အားကိုးရတော့မှာပေါ့။

ချီထျန်းယုက ခဏလောက် စဉ်းစားပြီးမှ ရုတ်တရက် ပြောလာပြန်သည်။

"ငါမှာ အကြံတစ်ခုရှိတယ်!"

ချီထျန်းယုက ပြောပြီးသည်နှင့် ပြန်လှည့်သွားပြီး အိမ်နောက်ဖေးကို ပြေးသွားလိုက်သည်။ ကျန်နေသည့် လူများအားလုံးက သူ ဘာသွားလုပ်နေမှန်း မသိဘဲ စိတ်ရှုပ်နေကြသော်လည်း သူ့ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်က သူ့၏ယုံကြည်မှုများ ပြည့်နေသည့် အမူအရာကို မြင်လိုက်ရသောကြောင့် သူတို့က အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်နေကြသည်။

အတွင်းထဲတွင်တော့ ကျွော့ချင်းက မော့ပိုင်ကို ခေါင်းကနေ ခြေဖျားအထိ ကျိန်ဆဲနေခဲ့သည်။

လို့ရှီးယန် မူးနေတာကို သိနေတာတောင်မှ သူက တံခါးအထိဘဲ ကူတွဲပေးပြီး ပြန်ထွက်သွားတယ်။ အနည်းဆုံးတော့ သူ့သခင်ကို အိပ်ရာပေါ်တင်ဖို့ ကူညီပေးသင့်တာ မဟုတ်ဘူးလား??!

ကျွော့ချင်းက လို့ရှီးယန်ကို လက်တစ်ဖက်နှင့် တွဲထားရင်း အခြားလက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ မထင်မှတ်ပဲ သစ်သားတံခါးက အလွန်လေးလံနေပြီး သူမ တွန်းနေသော်လည်း ပွင့်မလာခဲ့ပေ။ ကျွော့ချင်းက အံကြိတ်ကာ လို့ရှီးယန်၏ခါးကို သူမလက်နှစ်ဘက်ဖြင့် ပွေ့ဖက်လိုက်ပြီး သူမ၏ညာခြေကို မြှောက်ကာ တံခါးကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။ တံခါးက ကျယ်လောင်စွာ အသံထွက်လာပြီး ပွင့်သွားသောကြောင့် နောက်ဆုံးတွင် သူမက ပါးစပ်ကို ဖွင့်ပြီး အသက်ရူနိုင်ခဲ့သည်။ ကျွော့ချင်းက လို့ရှီးယန်၏လက်မောင်းကို ပြန်ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား အိမ်ထဲသို့ ယိမ်းထိုးဝင်သွားကြသော်လည်း တံခါးခုံက အနည်းငယ် မြင့်နေပြီး ကျွော့ချင်းက ယနေ့ ကြမ်းပြင်အထိရှည်သော စကတ်ကို ၀တ်ဆင်ထားသောကြောင့် ခလုတ်တိုက်ပြီး နှစ်ယောက်လုံး ရှေ့ကို ထိုးကျသွားတော့သည်။

ကျွော့ချင်း၏ နှလုံးခုန်သံက ကျဆင်းသွားတော့သည်။ ယခုတကြိမ်တွင် အော်ဟစ်ငိုယိုရလောက်အောင် ဖြစ်သွားစေမည့် နာကျင်မှုကို သူမ စောင့်မျှော်နေမိသော်လည်း သူမ မြေပြင်ပေါ် ဒူးထောက်မကျခင်လေးမှာပင် သူမ၏ခါးက တင်းကျပ်မှုတစ်ခုကို ခံစားလိုက်ရပြီး လက်ကြီးကြီးတစ်စုံက သူမကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည်။ လို့ရှီးယန်က သူ့လက်နှစ်ဖက်ဖြင့် သူမကို ဆုပ်ကိုင်ထားပြီး သူ့၏ တုန်လှုပ်ချောက်ချားစွာ မေးမြန်းနေသံက သူမနားထဲသို့ တိုးဝင်လာသည်။

"သတိထားလေ၊ တစ်နေရာရာကို ထိခိုက်မိသွားသေးလား?"

ကျွော့ချင်း မော့ကြည့်လိုက်ရာ လို့ရှီးယန်က စိုးရိမ်သည့်အကြည့်ဖြင့် သူမကို ကြည့်နေသည်အား တွေ့လိုက်ရပြီး သူ့၏မျက်လုံးများက ကြည်လင်နေကာ သူ့ခြေလှမ်းများကလည်း တည်ငြိမ်နေလေသည်။

‘သူက မူးနေပုံမပေါ်ဘူး။’

ကျွော့ချင်းက အေးစက်စက် နှာမှုတ်ပြီး ရန်တွေ့လိုက်သည်။

"ရှင် မူးနေတာ မဟုတ်ဘူးလား??”

သူ မမူးရင် ဘာလို့ သူမကို အကြာကြီး ကူတွဲခိုင်းရတာတုန်း?? အခု သူမ ချွေးတွေ ထွက်နေပြီ။

လို့ရှီးယန်က သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ရင်း သူ့၏ဖီးနစ်ကဲ့သို့ လှပသည့်မျက်လုံးများကို မှေးကျဥ်းထားကာ ရယ်မောရင်း ပြန်ဖြေလာခဲ့သည်။

"ဒီလိုညမျိုးမှာ အရက်ကို အမူးသောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သူ့၏လက်ဖဝါးမှ အပူများနှင့် သူ၏ မရေရာသော လေသံများက ကျွော့ချင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသော်လည်း ယခု သူ မည်မျှ လန်းဆန်းနေသည်ကို မြင်လိုက်ရသောကြောင့် အခုန သူ မူးဟန်ဆောင်နေသောကြောင့် သူမ ဘယ်လောက် ပင်ပန်းနွမ်းနယ်ခဲ့ရသည်ကို ပြန်တွေးမိပြီး ကျွော့ချင်းက ဒေါသမထွက်ပဲ မနေနိုင်တော့ပေ။ သူမက အေးစက်စက်ဖြင့် ဆူပူလိုက်သည်။

"ရှင်က တကယ်ကို မြေခွေးကြီးပဲ"

လို့ရှီးယန်၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားပြီး ဒေါသထွက်နေသော သူမကို စိုက်ကြည့်နေကာ ပြောလာပြန်သည်။

"ဒီခင်ပွန်းက အရက်အများကြီး မသောက်နိုင်ပါဘူး၊ အရမ်းမူးနေတဲ့ ပုံစံဟန်ဆောင်မနေရင် ကိုယ့်ကို တကယ် ပြန်သယ်လာရလိမ့်မယ်!"

စုလင်းက ဘယ်လောက်သောက်သောက် အမြဲတမ်း သူ့ကိုယ်သူ ထိန်းထားနိုင်တယ်။ ယန်းဟုန်ထျန်းက​​ ခွက်တစ်ထောင် သောက်ရင်တောင် မမူးဘူး။ ချီထျန်းယုကတော့ ပြောမနေနဲ့တော့၊ သူက အရက်အိုးထဲမှာ ကြီးပြင်းလာတယ်လို့တောင် ပြောလို့ရတယ်။ သူက အဲ့လူတွေနဲ့ ဘယ်လို ပြိုင်သောက်နိုင်မှာလဲ! ရှန်ယုလန်က စောစောစီးစီး အကြောင်းပြချက်နဲ့ ထွက်သွားပြီး သူက မူးချင်ယောင်ဆောင်နေလိုက်သောကြောင့် မဟုတ်ရင် မိုးလင်းတဲ့အထိ သောက်ရလိမ့်မယ် သူ ခန့်မှန်းနိုင်တယ်။

သူမ၏အဝတ်အထည်များမှ တစ်ဆင့် ကျွော့ချင်းက သူ့လက်ဖဝါးမှ ပူလောင်နေသောအပူကို ခံစားရဆဲဖြစ်ပြီး သူမက သူ့လက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကျွော့ချင်းက သူ့အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ထည့်ပေးလိုက်ပြီး သက်ပြင်းချလိုက်သည်။

"လက်ဖက်ရည် အရင်သောက်လိုက်။ ရှင် ဒီည အများကြီး သောက်ထားတယ်"

ယန်းဟုန်ထျန်းယူလာတဲ့ အရက်က အရမ်းပြင်းပြီး ယွင်ကတော့ အမူအရာ မပြောင်းဘဲ သောက်နေခဲ့တယ်။ သူမနဲ့ ရှီးဝူနှစ်ယောက်စလုံးက ပျော့တဲ့အရက်ကိုပဲ ရွေးသောက်ခဲ့ကြတယ်။

လို့ရှီးယန်က ကျွော့ချင်း၏လက်ထဲမှ လက်ဖက်ရည်ပူပူကို ဖယ်ထုတ်လိုက်ပြီး သူ့ဘေးနားတွင် ချထားလိုက်ကာ သူ့လက်များက သူမ၏သေးသွယ်သော ခါးဆီသို့ တစ်ဖန်ရောက်လာပြန်သည်။ သူက သူမကို သူ့ရင်ခွင်ထဲ ညင်သာစွာ ဆွဲယူလိုက်ပြီး သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ လို့ရှီးယန်က သူ အရင်ကတည်းက ပြင်ဆင်ထားသည့် အရက်ခွက်နှစ်ခုကို ကောက်ယူလိုက်ပြီး အရက်နှစ်ခွက်ကို လောင်းထည့်ကာ တစ်ခွက်ကို ကျွော့ချင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျန်တစ်ခွက်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး အပြုံးလေးဖြင့် ပြောလာခဲ့သည်။

"ကိုယ်တို့ တစ်ခွက်လောက်တော့ သောက်သင့်တယ် ထင်တယ်"

သောက်ဦးမှာလား?? ဒီည သူ တော်တော်မူးနေပြီ။

ကျွော့ချင်းက သူမလက်ထဲမှ ခွက်ကို ပြန်ချရင်း ထပ်ပြောလိုက်သည်။

"မိုးမြေ ကန်တော့တဲ့နေ့က ကျွန်မတို့ သောက်ပြီးပြီးလေ၊ ဒါကြောင့် ဒီည မသောက်နဲ့တော့"

ထိုနေ့က အရက်ခွက်ကို လဲလှယ်သောက်ပြီးနောက် သူမ ပေးခဲ့သော ကတိစကားများကို ပြန်တွေးတောရင်း လို့ရှီးယန်က သူ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းကို ငုံ့ကာ သူ့ခွက်ထဲမှ အရက်များကို တစ်ချက်ကြည့်လိုက်ပြီး လေးလေးနက်နက် ပြုံးနေကာ ပြန်ပြောလာသည်။

"ကောင်းပြီ၊ ဒီခွက်ထဲက အရက်က နည်းနည်းလေးပဲ ရှိတယ်၊ ဒီခွက်ကို ကိုယ် မင်းကို တိုက်မယ်"

ကျွော့ချင်း မတုံ့ပြန်ခင်မှာ လို့ရှီးယန်က ခွက်ထဲက အရက်ကို သောက်ပြီးသွားပြီဖြစ်ကာ သူ့၏ပူနွေးနေသည့်နှုတ်ခမ်းများက သူမ၏နူတ်ခမ်းပေါ်သို့ ဖုံးအုပ်လာကာ အရက်များက သူမ၏ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာခဲ့သည်။ လို့ရှီးယန်ထဲမှ ထူးခြားပြီးလန်းဆန်းသောရနံ့က အရက်၏ချိုမြိန်သော အရသာနှင့် ပေါင်းစပ်သွားချိန်တွင် ထိုယစ်မူးမှုက ကျွော့ချင်းကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။

"အင်း..."

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် လို့ရှီးယန်က သူမကို လွှတ်ပေးလိုက်သည်။ ကျွော့ချင်း၏မျက်နှာက နီရဲလာပြီး သူမက သူ၏ဂုဏ်ယူ ကျေနပ်နေသော အပြုံးကို စိုက်ကြည့်နေရင်း တိုးတိုးလေး ဆူပူနေတော့သည်။

"ရှင် မူးချင်ယောင်ဆောင်နေဖို့ မကြိုးစားနဲ့တော့၊ ရှင်က အခု လူဆိုးတစ်ယောက်ပဲ!"

လို့ရှီးယန်က သူမပြောနေသည့်စကားများကို အလေးအနက်မထားဘဲ သူ့မေးစေ့ကို သူမပုခုံးပေါ်တင်ကာ မျက်လုံးများကို ခပ်ဖွဖွမှိတ်ထားပြီး ခေါင်းငြိမ့်ပြနေကာ ရယ်မောနေခဲ့သည်။

"အင်း ကိုယ် တကယ်မူးနေပြီ... အလှတရားအောက်မှာ တကယ်ကို မူးနေပြီ"

"သာမန်အချိန်တွေမှာ ရှင် ဒီလောက်စကားအရမ်းပြောတတ်တာကို ကျွန်မ ဘာလို့ သတိမထားမိတာလဲ?"

သူမပခုံးပေါ်မှ သူ့၏အသက်ရှုသံခပ်ဖွဖွလေးက သူမကို ယားယံလာစေသောကြောင့် ကျွော့ချင်းက လို့ရှီးယန်၏ချောမောသောမျက်နှာကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ သူမ ယနေ့ည လို့မူဟိုင်ကို မတွေ့မိသောကြောင့် သူမ သူ့ကို မေးလိုက်မိသည်။

"ရှင့်အဖေ ဘယ်မှာလဲ?"

"ပြန်သွားပြီ"

"အိုး"

ကျွော့ချင်းက ဘာမှ ပြန်မပြောဘဲ တိုးညှင်းသော အသံဖြင့် တုံ့ပြန်လိုက်သော်လည်း သူမက အနည်းငယ် စိတ်မကောင်းဖြစ်နေသေးသည်။ သူ့၏လူကြီးများက နောက်ဆုံးအထိ သူမကို မနှစ်သက်နိုင်သေးပေ။

သူ့၏ ရင်ခွင်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် စိတ်ဓာတ်ကျလာသည်ကို ခံစားလိုက်ရသဖြင့် လို့ရှီးယန်က သူ့ခေါင်းကို ပြန်မော့ကာ လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် သူမနားထဲသို့ တီးတိုးပြောလိုက်သည်။

"သူ မထွက်ခွာခင် ပြောခဲ့တာက..."

ဘာတဲ့လဲ?

ကျွော့ချင်းက လို့ရှီးယန်ကို စူးစူးစိုက်စိုက်ကြည့်နေရင်း ရုတ်တရက် သူက သူမဘက်သို့ စောင်းလာသည်ကို မြင်လိုက်ရပြီး သူ့၏နှုတ်ခမ်းများက ကျွော့ချင်းနားရွက်ကို ဖိကပ်လာကာ နွေးထွေးစွာဖြင့် တိုးတိုးလေး ပြောလာခဲ့သည်။

"မင်း သူ့ကို မြေးလေးတစ်ယောက် အမြန်ဆုံး ပေးစေချင်တယ်တဲ့ ..."

ကျွော့ချင်းက သူ၏ချောမောသောမျက်နှာကို ညင်သာစွာ တွန်းထုတ်လိုက်ရင်း နုံအဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ?"

"အဲ့တော့ ကိုယ်တို့က အဲ့လူအိုကြီးကို စိတ်ပျက်စေလို့ မဖြစ်ဘူးလေ"

"အား!"

လို့ရှီးယန်က ရုတ်​တရက်​ သူမကို ပွေ့ချီလိုက်သောကြောင့် ကျွော့ချင်းက ​ထိတ်​လန့်တကြား ​အော်​လိုက်မိ​သည်​။

သူက အတွင်းခန်းထဲသို့ တိုးဝင်သွားပြီး ကျွော့ချင်းကို အနီရောင်တောက်တောက် ခုတင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။ လို့ရှီးယန်က ရှေ့သို့ ဖြည်းညှင်းစွာ ငုံလာပြီး နှစ်ယောက်သား မျက်လုံးချင်းဆုံနေကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေကာ နှာခေါင်းများက ထိလုထိခင် ဖြစ်လာပြီး တဖြည်းဖြည်းနှင့် အသံရှူသံများက မတည်မငြိမ်ဖြစ်လာကြသည်။ လို့ရှီးယန်၏သွယ်လျသော လက်များက သူမ၏နူးညံသော ပခုံးလေးများကို ဆုပ်ကိုင်ထားပြီး သူ့၏ဖီးနစ်မျက်လုံးများက တောက်ပနေကာ ကျွော့ချင်း၏ရင်ဘတ်ပေါ်တွင် တဝဲလည်လည်ဖြစ်နေသည်။ သူက ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။

"ကိုယ့်ယောက္ခမရဲ့ ဆေးမှင်ကြောင်ကျွမ်းကျင်မှုက ကမ္ဘာမှာ ဘယ်သူမှ တုနှိုင်းမရဘူးလို့ ကိုယ် ကြားဖူးတယ်။ နောက်ဆုံးအကြိမ်တုန်းက ဟိုရေပူစမ်းမှာ သေချာမတွေ့လိုက်ရပေမယ့် ဒီတစ်ခါတော့ ကိုယ် သေသေချာချာ တန်ဖိုးထားပြီး ကြည့်ချင်တယ်”

"ရှီးယန်!"

ဒီလူရဲ့စကားက ပိုပိုပြီး ရဲတင်းလာပြီ!

သူမတို့နှစ်ဦးလုံး တစ်ချိန်တည်းမှာပင် ထိုပူပြင်းသော စမ်းရေများထဲမှ မြင်ကွင်းကို ပြန်မြင်ယောင်နေကြသည်။ လို့ရှီးယန်၏ ခံစားချက်များက ပိုမိုပြည့်နှက်လာပြီး ကျွော့ချင်းကလည်း ပိုရှက်သွားခဲ့သည်။

လို့ရှီးယန်က ကန့်လန့်ကာကို ညင်သာစွာ ဆွဲချလိုက်သောကြောင့် ပိတ်စများက တအိအိ လျှောကျလာကာ တစ်ခန်းလုံးကို ချစ်စရာကောင်းသော လေထုက ဖုံးအုပ်သွားသည်။

လန်ယွဲ့ခြံဝင်းအပြင်ဘက်မှ ဘာမှ လုပ်စရာမရှိသောလူတစ်စုက အထဲသို့ မဝင်နိုင်သော်လည်း ထွက်ခွာသွားရန်လည်း ငြင်းဆန်နေကြသည်။ သူတို့က လန်ယွီခြံဝင်းရှေ့တွင် ရပ်နေပြီး ချီထျန်းယု၏"နည်းလမ်း"ကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။ .

ခဏအကြာတွင် ချီထျန်းယုက သစ်သားအင်တုံနှစ်ခုနှင့် အမျိုးသမီးတစ်ယောက်၏လက်ကောက်ဝတ်ထက် အနည်းငယ် ပိုပါးသော သစ်ကိုင်းအချို့ကို ကိုင်ထားရင်း အပြုံးတစ်ခုနှင့်အတူ ပြန်ရောက်လာသည်။ လူတိုင်း သူ့ကို ကြည့်ကာ စိတ်ရှုပ်သွားကြသည်။

‘ဒါက ဘာလဲ???!’

ချီထျန်းယုက သစ်သားအင်တုံများကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီး သူ့လက်ထဲတွင်ရှိနေသော သစ်ကိုင်းများကို စိတ်ရှုပ်နေပုံပေါက်သည့် စုလင်းနှင့် ယန်းဟုန်ထျန်း၏လက်ထဲသို့ အပ်လိုက်ပြီး ဂုဏ်ယူနေသော အပြုံးဖြင့် ပြောလာခဲ့သည်။

"မဝင်နိုင်ဘူးမလား၊ သူတို့ကို ထွက်လာခိုင်းလိုက်မယ်"

ကုယွင်က ချီထျန်းယုကို ဘေးတစောင်းစိုက်ကြည့်နေပြီး သူက ရူးသွပ်နေသည့်လူတစ်ယောက်လို ကြောင်တောင်တောင် ဖြစ်နေသည်ဟု တွေးလိုက်သည်။

‘ထွက်လာရမယ်? ဘယ်လို့ ထွက်လာရမှာလဲ’

‘နွေဦးရဲ့ အခိုက်အတန့်လေးက ရွှေအသပြာတစ်ထောင်မက တန်တယ်။ ဒီအချိန်မှာ လို့ရှီးယန်က ထွက်လာဖို့ ဆန္ဒရှိနေရင် သူက တစ္ဆေပဲ! !’

ချီထျန်းယုက အားပါးတရ ရယ်မောနေပြီး လူတိုင်း၏သံသယမျက်လုံးတွေအောက်မှာပင် သစ်ကိုင်းတစ်ကိုင်းကို မြှောက်လိုက်ကာ သစ်သားအင်တုံကို ခေါက်လိုက်ပြီး ထူးထူးခြားခြား ပေါက်ကွဲသံတစ်ခုက သူ့အဆုပ်ထိပ်မှ ထွက်ပေါ်လာခဲ့သည်။

“မီးဗျို့...မီး...မီးလောင်နေပြီ...မြန်မြန်ငြိမ်းကြ”

"မြန်မြန်လာကြ၊ မီးငြိမ်းကြ!"

တိတ်ဆိတ်နေသည့်ညတွင် ရုတ်တရက် ထွက်ပေါ်လာသည့် အော်သံက စူးစူးရဲရဲဖြစ်နေပြီး ညကောင်းကင်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားတော့မလို ဖြစ်နေခဲ့သည်။

သစ်သားအင်တုံကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသော ချီထျန်းယုကို အံသြစွာ ကြည့်နေရင်း ကုယွင်က သူမနဖူးကို ညင်သာစွာ ပြန်ထိလိုက်ကာ မြည်တမ်းလိုက်မိတော့သည်။

"အို ဘုရားသခင်..."

‘လို့ရှီးယန်က ဒီလူမိုက်လို သူငယ်ချင်းဆိုးကို ဘယ်လို ပေါင်းသင်းနေခဲ့တာပါလိမ့်!’

လို့ရှီးဝူလည်း အံသြသွားခဲ့သည်။

‘အဲ့ဒါက ချီအစ်ကိုကြီးပြောတဲ့ နည်းလမ်းလား???’

ထိုနည်းလမ်းက အမှန်တကယ် မိုက်မဲပြီး ငြီးငွေ့ဖွယ်ကောင်းသည်ဆိုသော်လည်း တစ်ညလုံး အရက်သောက်ထားပြီး စိတ်အားထက်သန်နေသည့် အမျိုးသားနှစ်ယောက်အတွက်တော့ ထိုရူးသွပ်သည့် အမူအရာက အတော်လေးကို ဆွဲဆောင်မှုရှိပုံပေါ်သည်။ စုလင်းနှင့် ယန်းဟုန်ထျန်းတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ပြီးနောက်တွင် သစ်ကိုင်းများကို လက်ဖြင့်ဝှေ့ယမ်းကာ သစ်သားအင်တုံကို ရိုက်နှက်ရင်း အော်ဟစ်လိုက်ကြတော့သည်။ ကုယွင်နှင့် ချင်းဖုန့်တို့က သူတို့ကို တိတ်တိတ်ဆိတ်ဆိတ် ကျောခိုင်းထွက်ခွာသွားပြီး ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

အော်ဟစ်သံများကြောင့် ဝန်ကြီးချုပ်အိမ်တော်မှ အစောင့်များနှင့် အစေခံများက ရေပုံးနှင့် သစ်သားအင်တုံများကို ထမ်းကာ တယောက်ပြီး တယောက် အပြေးအလွှား ပြေးလာကြသော်လည်း သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

အိမ်တော်ထိန်းကျင်းနှင့် သက်တော်စောင့်မော့တို့က ခြံဝင်းရှေ့တွင် မှောင်မဲနေသော မျက်နှာများဖြင့် ရပ်နေကြပြီး သူတို့ရှေ့မှ အော်ဟစ်နေသော လူများကို စိုက်ကြည့်နေကြသည်။ သို့သော် သူတို့က ထိုလူများကို တားဆီးရန် ရှေ့မတိုးခဲ့ပေ။

“ဒုက္ခပေး” နေကြတဲ့သူတွေက ဧကရာဇ်၊ စစ်သူကြီးစုနဲ့ သခင်ရဲ့ကောင်းမြတ်ခြင်းမှတပါး အခြားမရှိတဲ့ သူငယ်ချင်း ချီသခင်လေးဖြစ်နေမှတော့ သူတို့ ဘာတက်နိုင်ဦးမှာလဲ??

ထို့ကြောင့် လန်ယွဲ့ခြံဝင်းရှေ့တွင် ထိုအမျိုးသားများက မူးယစ်နေကြပြီး အစေခံတစ်စု ဘာလုပ်မှန်းမသိဖြစ်နေကာ ညသန်းခေါင်တွင် ဝန်ကြီးချုပ်အိမ်တော်ကြီးက ပရမ်းပတာဖြစ်နေတော့သည်။

အပြင်က အော်သံတွေက တဟုန်ထိုး တိုးထွက်နေသလို အိမ်ထဲက နွေဦးရှုခင်းကလည်း အကန့်အသတ်မရှိ ဖြစ်နေပြီဖြစ်သည်။ လို့ရှီးယန်က ကျွော့ချင်း၏အဝတ်အစားများကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်ထားပြီး ကျွော့ချင်းက သူမခန္ဓာကိုယ်ကို ဖုံးရန် စောင်ပါးပါးလေးကို ဆွဲယူလိုက်ကာ သူမခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး လို့ရှီးယန်၏အုပ်မိုးလာမှုကို ရှောင်တိမ်းလိုက်သည်။ သူက သူမလည်ပင်းကို ညင်သာစွာ နမ်းလိုက်ချိန်တွင် ကျွော့ချင်းက အနည်းငယ် လန့်သွားပြီး သူ့ကို မေးလိုက်သည်။

"မီးတဲ့... ရှင်... အပြင်ကို သွားကြည့်ချင်လား?"

နွေးထွေးပြီး မွှေးကြိုင်သော ကျောက်စိမ်းတုံးကြီးကို စွဲလန်းနေသော အမျိုးသားက ချက်ချင်း ပြန်ဖြေလိုက်သည်။

"မသွားဘူး"

‘ဒီနေ့တော့ သူမက သူ့မိန်းမ ဖြစ်ကို ဖြစ်စေရမယ်၊ အကြောင်းတစ်ခုခုနဲ့ သူ့ကို တားဖို့ မကြိုးစားနဲ့တော့၊ အဲဒါက သူတို့ရဲ့ လုံခြုံရေးကို တကယ်ခြိမ်းခြောက်နိုင်ရင် မော့ပိုင်က ထုံးစံအတိုင်း ဝင်လာပြီးနေလောက်ပြီ၊ ဒီလို ဆူဆူညံညံ လုပ်နေတာက ဟိုပျင်းရိနေတဲ့လူတွေပဲ ဖြစ်လိမ့်မယ်။’

"ဒါပေမယ့်..."

ကျွော့ချင်းက တခြားအရာကို ပြောချင်နေသော်လည်း လို့ရှီးယန်က သူမ၏လက်များကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်များက ပို၍ နီးကပ်လာခဲ့သည်။ သူ၏ပူပြင်းသော ခန္ဓာကိုယ်အပူချိန်က ကျွော့ချင်း၏ အသက်ရှူသံကို ပိုပိုပြီး မတည်မငြိမ်ဖြစ်လာစေခဲ့သည်။

"လောင်ကျွမ်းလိုက်ကြစို့"

ကျွော့ချင်း၏ပခုံးက ခပ်ဖွဖွ အကိုက်ခံလိုက်ရပြီး လို့ရှီးယန်၏အက်ရှရှအသံက ချိုမြိန်သော အရက်ကဲ့သို့ တိုးဝင်လာကာ သူမကို ထိတ်လန့်သွားစေသည်။

ညက ပိုမှောင်လာပြီး ဆောင်းဦးလေက တဖျပ်ဖျပ် တိုက်ခတ်နေသည်။ ​​ခြံအပြင်ဘက် ကြာပန်းရေကန်မှ ရေများက တဆတ်ဆတ် လှုပ်ခါနေပြီး ‌ရေသံ‌လေးတွေ ပလုံစီနေသည်။ အိမ်ခန်းအတွင်းမှ ဖယောင်းတိုင်မီးများက နူးညံသော ညည်းညူသံနှင့်အတူ ဖြည်းညှင်းစွာ ယိမ်းနွဲ့ကခုန်နေကြတော့သည်။ ။

ပြီးပါပြီ။

.......။.......။........

All Chapters