အခန်း (၁၀၉-၁၁၀)
Vol. 10 Ch. 109-110
အခန်း ၁၀၉ အကြံဉာဏ်ရယူခြင်း
ချင်းဖုန့်နန်းတော်၏ ခန်းမဆောင်...
အနီရောင်အုတ်တံတိုင်းနှင့် အစိမ်းရောင်ကြွေပြားများအောက်တွင် အဖြူရောင်ဂန္ဓမာပင်များ စိုက်ပျိုးထားသည့် ဝင်းငယ်တစ်ခု ရှိနေသည်။ ဆောင်းဦးပေါက်နေပြီ ဖြစ်သော်လည်း ဂန္ဓမာပင်များက စိမ်းလန်းနေဆဲဖြစ်ကာ အပင်များတွင် အထူးဖမ်းစားနိုင်သော ဝတ်မှုန်သစ်များ တိုးထွက်နေသည်။ ခြံဝင်းက မကြီးမားလှသော်လည်း အလယ်မှ စိမ်းလန်းစိုပြေနေသော သစ်ပင်ပန်းမာန်များက အလွန်ပင် ဆွဲဆောင်မှုရှိနေပြီး တိုက်ခတ်လာသော လေပြေလေညင်းတို့က ကျက်သရေရှိလှသော ရနံ့တို့ကို သယ်ဆောင်လာသည်။
ခြံဝင်းအတွင်းရှိ သစ်ပင်ကြီးတစ်ပင်၏ အရိပ်က ဝင်းတစ်ခုလုံး၏ တစ်ဝက်ခန့်ကို လွှမ်းမိုးထားသည်။ ထူထဲသော ပင်စည်မှ ဖြာထွက်နေသည့် အကိုင်းအလက်များက ဆောင်းဦးလေနှင့်အတူ ရံဖန်ရံခါ လှုပ်ခတ်နေကြသည်။ ထိုသစ်ရိပ်အောက်တွင် တော်ဝင်ဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးက ပိုးဖျင်ထိုင်ဖုံများ ခင်းထားသည့် ညောင်စောင်းပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ မျက်လုံးများကို ခပ်ဖွဖွမှိတ်ထားကာ သူမ၏မျက်နှာက အလွန်တည်ငြိမ်နေသော်လည်း မို့ဖောင်းနေသော ဝမ်းဗိုက်လေးက သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သက်သေပြနေသည်။ သူမ၏နောက်တွင် နန်းတွင်းအစေခံနှစ်ဦးက ငြိမ်သက်စွာ ရပ်နေကြပြီး မိမိတို့သခင်၏ အနားယူခြင်းကို မနှောင့်ယှက်မိစေရန် အသက်ရှူသံကိုပင် ထိန်းထားကြသည်။
ထိုစဉ် အခြားအစေခံများထက် အဆင့်အတန်းမြင့်ပုံရသော ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးငယ်တစ်ဦး နန်းတော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာသည်။ သူမက ခဏတာ တုံ့ဆိုင်းနေပြီးမှ တိုးညှင်းစွာ သတင်းပို့လိုက်သည်။
"သခင်မ... လို့သခင်မက မြောက်ဘက်တံခါးကို ရောက်လာပါတယ်။ အခု နန်းတော်ထဲကို ဝင်လာပါပြီ"
လို့သခင်မက တော်ဝင်သင်္ကေတကို သုံးကာ နန်းတော်တံခါးသို့ ရောက်လာချိန်တွင် အစောင့်တစ်ဦးက သူမထံ သတင်းပို့ခဲ့သည်။ လို့လူကြီးမင်းက အကျဥ်းကျနေပြီး သူ၏ဇနီးက နန်းတော်သို့ ရောက်လာကာ ထိုကိစ္စအတွက် အကူအညီ တောင်းခံပြီး သူမသခင်မက ထိုအရာအား လျစ်လျူမရှုနိုင်မည်ကို သူမ စိုးရိမ်နေမိသည်။
မူလက ပျင်းရိစွာ အနားယူနေသော ချင်းဖုန့်က ရုတ်တရက် မျက်လုံးပွင့်လာကာ ညောင်စောင်းပေါ်၌ မတ်မတ်ထထိုင်လိုက်သည်။
"သူ(မ)ကို အမြန်ခေါ်သွားကြိုပြီး ချင်းဖုန့်ခန်းမဆောင်ကို ခေါ်လာခဲ့ပါ၊ အခြားသူများ သူ(မ)ကို မမြင်အောင် သတိထားဦး"
"ဟုတ်ကဲ့"
ဖူလင်းက အနည်းငယ် ဦးညွှတ်အရိုအသေပြုပြီးနောက် အမြန်လှည့်ထွက်သွားသည်။
ချင်းဖုန့် မတ်တပ်ထရပ်လိုက်စဉ် အစေခံများက သူမကို ကူညီရန် ရှေ့တိုးလာကြသော်လည်း သူမက လက်ကာပြကာ နောက်ဆုတ်ခိုင်းလိုက်သည်။ သူမကိုယ်တိုင်လည်း ခြံတံခါးဝကို စိုက်ကြည့်ရင်း မသိစိတ်ဖြင့် လက်သီးကို ခပ်တင်းတင်း ဆုပ်ထားမိသည်။
ခဏအကြာတွင် ဖူလင်းက ကျွော့ချင်းကို ခေါ်ဆောင်လာရာ ချင်းဖုန့်က ချက်ချင်းပင် ဆီးကြိုလိုက်သည်။
"အစ်မ!"
ကျွော့ချင်း ခြံထဲသို့ ဝင်လိုက်သည်နှင့် ချင်းဖုန့်ကို တွေ့လိုက်ရသည်။ ချင်းဖုန့် ပိန်သွယ်သော်လည်း ကိုယ်ဝန်ကြောင့် ဖောင်းကားနေသော ဝမ်းဗိုက်က အလွန်သိသာနေသည်။
"ကျွန်မနောက်ကို လိုက်ခဲ့ပါ"
ချင်းဖုန့်က ကျွော့ချင်း၏လက်ကို ဆွဲကာ ခန်းမဆောင်အတွင်းသို့ ခေါ်သွားခဲ့သည်။
အတွင်းခန်းသို့ ရောက်သောအခါ ချင်းဖုန့် အချက်ပြလိုက်သောကြောင့် ဖူလင်းက အလိုက်သိစွာဖြင့် တံခါးကို ညင်သာစွာ ပိတ်ပေးပြီး အပြင်မှ စောင့်နေရှာသည်။
"အစ်မ... နင် အဆင်ပြေရဲ့လား"
ချင်းဖုန့်က စိုးရိမ်တကြီး မေးလိုက်သည်။
‘အစ်မရဲ့မျက်လုံးတွေက အနည်းငယ်မို့ဖောင်းနေပြီး သူမမျက်နှာက ဖြူဖျော့နေလွန်းတယ်။ အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ အစ်မက ဒီလိုပြောင်းလဲမှုတွေကို ဘယ်လို သည်းခံပြီး ရပ်တည်နိုင်ပါ့မလဲ။’
ချင်းဖုန့်က ကျွော့ချင်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမလည်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
ကျွော့ချင်းက ချင်းဖုန့်၏လက်ကို အသာအယာ ပွတ်သပ်ပေးရင်း အားတင်းကာ ပြုံးပြလိုက်သည်။
"ငါ အဆင်ပြေပါတယ်"
ကျွော့ချင်းက သူမ၏ဝမ်းနည်းမှုကို တမင်တကာ ဖုံးကွယ်ထားသည်ဟု ယုံကြည်နေသော ချင်းဖုန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ချင်းလင်ကို နှစ်သိမ့်ပေးလိုက်သည်။ "တကယ်တော့၊ အစ်မက ခဲအိုရဲ့ကိစ္စအတွက် သိပ်စိတ်ပူနေစရာ မလိုပါဘူး၊ ယန်းဟုန်ထျန်းက အာဏာရှင်ဆိုးတစ်ယောက်ဖြစ်ပေမယ့်၊ သူက အရည်အချင်းမရှိတာတော့ မဟုတ်ပါဘူး။ ကျွန်မတို့ခဲအိုက သူရဲ့ဝမ်းကွဲဖြစ်နေရုံသာမကဘဲ တိုင်းပြည်ရဲ့ အားထားရတဲ့ ဝန်ကြီးချုပ်တစ်ယောက်ပါ၊ ပြီးတော့ သူ့ရဲ့ညာလက်ဆိုလဲ ဟုတ်တယ်၊ ဒါပေမယ့် ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်။ အစ်မလည်း ဘာဖြစ်လာမယ်ဆိုတာကို ခနတော့ စောင့်ကြည့်ရလိမ့်မယ်"
သူမက ယန်းဟုန်ထျန်း၏ နောက်ဆုံးသဘောထားကို သုံးသပ်နိုင်သည်။ သူက ဤကိစ္စနှင့်ပတ်သက်ပြီး သိသိသာသာ ဒေါသပေါက်ကွဲနေပုံမရဘဲ တည်ငြိမ်လွန်းနေခြင်းက တစ်ခုခုမှားယွင်းနေသည်ဟု သူမ အမြဲခံစားနေရသည်။
ကျွော့ချင်းက ခေါင်းကို ခပ်တင်းတင်း ခါယမ်းလိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။
"ငါက စောင့်နိုင်ပေမယ့် ရှီးယန်ရဲ့ ခန္ဓာကိုယ်က မစောင့်နိုင်တော့ဘူး။ သူသာ အဲဒီအကျဉ်းထောင်ထဲမှာ ဆက်နေရမယ်ဆိုရင် ဒီအမှုကို ရှင်းလို့မပြီးခင် သူ သေသွားမှာကို ငါ တကယ်ကြောက်တယ်။ ငါ သူ့ရဲ့ သေခြင်းတရားကို ဒီအတိုင်း ထိုင်စောင့်မနေချင်ဘူး"
အမှန်တရားက တစ်နေ့ပေါ်လာမည်ကို သူမ ယုံကြည်သော်လည်း ယနေ့ လို့ရှီးယန်၏ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် သူမ စက္ကန့်ပိုင်းမျှပင် ထပ်မစောင့်နိုင်တော့ပေ။
ချင်းဖုန့်လည်း အနည်းငယ် ထိတ်လန့်သွားရသည်။ သူမအစ်မ၏ မျက်လုံးများထဲတွင် ဤမျှလောက် ပြတ်သားသော ဆုံးဖြတ်ချက်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခင်က သူမအစ်မက ကံကြမ္မာကိုသာ အလိုက်သင့် လက်ခံတတ်သူ ဖြစ်ခဲ့ဖူးသည်။
‘လို့ရှီးယန်က အစ်မကို ဒီလောက်အထိ ပြောင်းလဲသွားစေခဲ့တာလား?!”
အခြေအနေ လေးနက်ကြောင်း သိသွားပြီးနောက် ချင်းဖုန့်က ဖျောင်းဖျနေခြင်းကို ရပ်တန့်လိုက်ကာ ပြန်မေးလိုက်သည်။
"အခု အစ်မရဲ့ အစီအစဉ်က ဘာလဲ? ကျွန်မကို ဘာလုပ်စေချင်တာလဲ?"
‘သူမအစ်မက သူမကို လာရှာတယ်ဆိုမှတော့ သူမမှာ အစီအစဉ် ရှိနေတာဖြစ်ရမယ်။’
ကျွော့ချင်း၏ အကြည့်များက ချင်းဖုန့်၏ မို့ဖောင်းနေသော ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီး ပြောမည့်စကားများကို ခဏမျှ မျိုချလိုက်မိသည်။ သူမ တုံ့ဆိုင်းသွားပြီးမှ ပြောလာခဲ့သည်။
"မင်း နန်းတော်မှာ နေရတာ မလွယ်ဘူးဆိုတာ ငါ သိပါတယ်။ ငါ မင်းကို တောင်းဆိုစရာရှိတယ်၊ ဒါပေမယ့် မင်းတတ်နိုင်သလောက်ပဲ ကြိုးစားပြီး လုပ်လို့ ရတယ်၊ အလုပ်မဖြစ်ရင် အဲဒါကို မေ့လိုက်တော့၊ အရေးကြီးဆုံးက မင်းကိုယ်မင်း ကာကွယ်ဖို့ပဲ”
ချင်းဖုန့် ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး ကျွော့ချင်း၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မ သတိထားပါ့မယ်။ ဘာလုပ်ရမလဲဆိုတာသာ ပြောပါ၊ အစ်မပြောသမျှ ကျွန်မ လုပ်ပေးမယ်"
‘သူမ အရင်ကတည်းက သူမကို ကူညီပေးခဲ့တဲ့လူတွေကို ကြင်နာမှုတွေ ပြန်ပေးမယ်လို့ ကတိပြုခဲ့ပြီး သူမ မုန်းတဲ့သူတွေကို လက်စားချေမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒီနှစ်ဝက်အတွင်းမှာ လို့ရှီးယန်က သူမကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တာကို သူမ ဘယ်တော့မှ မမေ့ပါဘူး။ ဒီနေ့ အစ်မက သူမကို ဘာပဲ တောင်းဆိုပါစေ သူမက ပြီးအောင်လုပ်ပေးမှာပါ။’
ကျွော့ချင်းက ရှေ့သို့ ညင်သာစွာ ကိုင်းညွတ်လိုက်ပြီး ချင်းဖုန့်၏ နားနားသို့ကပ်ကာ အစီအစဉ်ကို ခဏမျှ တိုးတိုးလေး ပြောပြလိုက်သည်။
ချင်းဖုန့်က ကျွော့ချင်းကို အံ့အားသင့်စွာ ပြန်ကြည့်နေမိသည်။ အစပိုင်းတွင် သူမ၏အစ်မက သူမကို ယန်းဟုန်ထျန်းဆီသွားပြီး အသနားခံခိုင်းမည်ဟု သူမ ထင်ထားသော်လည်း အစ်မဖြစ်သူ၏အစီအစဉ်က လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ချင်းဖုန့်၏ အံ့သြနေသော မျက်လုံးများက ကျွော့ချင်း၏ စူးရှသော မျက်ဝန်းများနှင့် ဆုံမိသွားသည်။
‘အစ်မမှာ တကယ်ပဲ ဒီလို အစီအစဉ်မျိုး ရှိနေတာလား? သူမက အရင်ကလို ရိုးရှင်းပြီး နူးညံ့တဲ့ အစ်မ မဟုတ်တော့ဘူးလား?’
ကျွော့ချင်းက အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။
"မင်း လုပ်နိုင်မလား?"
ချင်းဖုန့်က သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မ သေချာပေါက် လုပ်ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်"
ထို့နောက် ကျွော့ချင်းက မတ်တပ်ထရပ်ရင်း နှုတ်ဆက်လိုက်သည်။
"ဒါဆို ငါ အရင် ပြန်တော့မယ်။ မင်းကိုယ်မင်း ဂရုစိုက်ဦး"
ကျွော့ချင်းက ချင်းဖုန့်ကို အလွန်ကျေးဇူးတင်နေမိသော်လည်း ဤအခိုက်အတန့်တွင် သူမ နန်းတော်ထဲ၌ ကြာကြာနေလေလေ၊ ချင်းဖုန့်အပေါ် သက်ရောက်မှုများလေလေ ဖြစ်မည်ကို သူမ သိနေခဲ့သည်။
ချင်းဖုန့်ကလည်း ထရပ်လိုက်ပြီး ကျွော့ချင်း၏ ပခုံးများကို ခဏမျှ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထို့နောက်မှ ပြန်လွှတ်ပေးကာ သတိပေးနေပြန်သည်။
"အစ်မလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော်"
သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး စကားမပြောတော့ဘဲ နားလည်မှု ယူလိုက်ကြသည်။ သို့သော် သူတို့ တံခါး ဖွင့်လိုက်သည်နှင့် ဖူလင်းက အပြင်ဘက်မှ အပြေးအလွှား ရောက်လာသည်။ သူမက မောဟိုက်နေရင်း အရေးတကြီး သတင်းပို့လာခဲ့သည်။
"သခင်မ... ဧကရာဇ်မင်းမြတ်က ချင်းဖုန့်နန်းတော်ဆီကို ကြွလာနေပါပြီ!"
မကြာသေးခင်ကမှ ချင်းဖုန့်နန်းတော်သို့ အရောက်အပေါက် နည်းပါးနေသော ဧကရာဇ် ယနေ့ ရုတ်တရက် ရောက်ရှိလာခြင်းက အစ်မဖြစ်သူ ရောက်နေခြင်းကြောင့် ဖြစ်နိုင်မလားဟု တွေးကာ ချင်းဖုန့် စိုးရိမ်သွားရပြန်သည်။
ကျွော့ချင်းနှင့် ချင်းဖုန့်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး အပြန်အလှန် သံသယဝင်နေကြသည့် အရိပ်အယောင်များကို မြင်လိုက်ရသည်။ ချင်းဖုန့်က သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းကာ အမိန့်ပေးလိုက်သည်။
"ဖူလင်း! အစ်မကို ဘေးတံခါးကနေ အမြန်ဆုံး လိုက်ပို့ပေးလိုက်!"
"ဟုတ်ကဲ့ပါ သခင်မ"
ကျွော့ချင်းက အပိုစကားများဖြင့် အချိန်မဖြုန်းတော့ဘဲ ချင်းဖုန့်ကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်ပြီး ဖူလင်း၏နောက်မှ နေ၍ ခြံဝင်းဘေးရှိ တံခါးငယ်မှတစ်ဆင့် အပြေးအလွှား ထွက်ခွာသွားသည်။
"ဧကရာဇ်မင်းမြတ် ကြွရောက်လာပါပြီ!"
မိန်းမစိုး၏ ဟိန်းထွက်လာသော အသံက ခြံတံခါးဝတွင် ပဲ့တင်ထပ်နေသည်။ ချင်းဖုန့်က အပြင်ထွက်ပြီး ခရီးဦးကြိုပြုရမည့်အစား အတွင်းခန်းထဲသို့ ချက်ချင်း ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်သည်။ ယန်းဟုန်ထျန်သာ သူမ၏အစ်မကို ရှာရန် လာခြင်းဖြစ်ပါက သူမ အခန်းထဲ၌ အိပ်ချင်ဟန်ဆောင်နေလျှင် အစ်မ နန်းတော်ပြင်ပသို့ လွတ်မြောက်ရန် အချိန်ပိုရနိုင်မည်ဟု သူမ တွေးလိုက်ခြင်းပင်။
ခဏအကြာတွင် ယန်းဟုန်ထျန်းက တံခါးကို မောက်မာစွာ တွန်းဖွင့်ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ချင်းဖုန့်က ခုတင်ပေါ်မှ ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး ကန့်လန့်ကာကို လက်ဖြင့် မကာ အပြင်သို့ ထွက်လာခဲ့သည်။ ထို့နောက် သူမက အနည်းငယ် ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။
"ချန်ချဲ့က ရုတ်တရက် ကိုယ်လက်မအီမသာ ဖြစ်နေလို့ ခဏနားနေမိတာပါ။ ဧကရာဇ်မင်းမြတ်ကို ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အပြစ်ပေးဖို့ တောင်းဆိုပါတယ်"
ယန်းဟုန်ထျန်း၏ စူးရှသော လင်းယုန်မျက်လုံးများက အခန်းငယ်လေးအတွင်း တစ်ချက်ဝေ့ကြည့်လိုက်သည်။ တည်ငြိမ်နေပုံရသော ချင်းဖုန့်မှ လွဲ၍ အခြားမည်သူ့ကိုမျှ မတွေ့ရသဖြင့် သူ နှုတ်ခမ်းတစ်ချက် တွန့်လိုက်သည်။
.........။.........။.........
ထူထပ်သော သစ်ပင်များ၏အရိပ်အောက်တွင် ညက လုံးဝ တိတ်ဆိတ်နေပြီး လရောင်က ညင်သာစွာ လှုပ်ခတ်နေသော ကြာပန်းများ၏အရိပ်ကို ဖြိုခွင်းလိုက်သည်။ အပြင်ဘက်ကနေပြီး အနည်းငယ်ဝါနေသော စက္ကူပြတင်းပေါက်မှတဆင့် လှမ်းကြည့်လိုက်လျှင် အခန်းတွင်း၌ ဆည်းဆာအဝါရောင် ဖယောင်းတိုင်မီးများထွန်းထားသော်လည်း လုံးဝ လင်းထိန်နေတာတော့ မဟုတ်ပေ။ အထဲ၌ ဘယ်သူရှိနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ အရိပ်အနည်းငယ်ရှိနေသောကြောင့် လူရှိနေသည်ဟု သိနိုင်သည်။ အတွင်းခန်းထဲတွင် စကားစမြည်ပြောနေသည့် တီးတိုးသံများ ထွက်ပေါ်လာနေပေမယ့် တိုးလျလျသာ ဖြစ်နေကာ ဆူညံသံများကို လုံးဝ မကြားနိုင်ပေ။
ဝန်ကြီးချုပ်အိမ်တော်၏ စာကြည့်ခန်းအတွင်း၌...
“သူခိုးတွေက တံဆိပ်ပါတဲ့ စာခုနစ်စောင် ထုတ်ပြလာတယ်၊ ငါးစောင်မှာ လို့လူကြီးမင်းရဲ့တံဆိပ်တုံးပါပြီး နှစ်စောင်မှာသခင်ရဲ့တံဆိပ်တုံးပါနေတယ်၊ အကြောင်းအရာအများစုက သူပုန်တွေကို လိုအပ်တဲ့ စစ်သည်နဲ့ ရိက္ခာစုဆောင်းဖို့ ညွှန်ကြားထားတာတွေပါပဲ”
မော့ပိုင်၏ သတင်းပို့ချက်ကြောင့် အခန်းတွင်းရှိ လေထုက အေးစက်တင်းမာသွားသည်။ ပင်မထိုင်ခုံတွင် ထိုင်နေသော ကျွော့ချင်း၏ မျက်လုံးများကလည်း ပို၍ အေးစက်လာသည်။ သူမက စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း မော့ပိုင် ပြောသမျှ အချက်တိုင်းက သူမ၏ ဒေါသကို ဆွပေးနေသကဲ့သို့ ဖြစ်နေလေသည်။
"တံဆိပ်တုံးတွေအပြင် စာမူလက်ရေးတွေကိုရော စစ်ဆေးပြီးပြီလား"
မော့ပိုင်က ဆက်လက်တင်ပြနေသည်။
"စစ်ဆေးပြီးပါပြီ။ သခင်နဲ့ လို့လူကြီးမင်းရဲ့ လက်ရေးအစစ်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် အရာရှိ လီဟုန်မင်နဲ့ မှတ်တမ်းဌာနက ယန်ဇီရှီတို့ကတော့ ဒါက တိုင်းပြည်ကို ပုန်ကန်တဲ့အမှုလို့ အခိုင်အမာ စွပ်စွဲနေကြပါတယ်။ ဒါက ကြီးလေးတဲ့ ရာဇဝတ်မှုမို့ သခင်ကို အကျဉ်းထောင်ထဲမှာ ဆက်ထားဖို့ သူတို့ အတင်းအကျပ် တောင်းဆိုနေကြတာပါ"
ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံချင်း ငုံ့သောက်ကာ သူမ၏စိတ်ကို ထိန်းချုပ်နေခဲ့သည်။ ထို့နောက် ကျင်းစဘက်သို့ လှည့်ကာ ထပ်မေးလိုက်သည်။
"တရားစီရင်ရေးဌာနကရော ဘာထူးလဲ"
“ရှန်လူကြီးမင်း အကျဉ်းသားတွေကို အရှိန်မြှင့်ပြီး စစ်ဆေးမေးမြန်းနေပေမယ့် သူတို့နှစ်ယောက်က နောက်ကွယ်ကလူက သခင်လို့ အခိုင်အမာ ပြောနေကြပါတယ်”
"ဘန်း!"
လက်ဖက်ရည်ခွက်ကို စားပွဲခုံနိမ့်လေးပေါ် ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် ကျွော့ချင်း၏လက်က ဒေါသကြောင့် အနည်းငယ် တုန်နေပုံရပြီး သူမက ဖုန်းကွယ်ချင်နေပုံရသည်။ ကျွော့ချင်းက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းတို့ အရင်ပြန်သွားလိုက်တော့၊ ငါ ခဏလောက် တစ်ယောက်တည်း နေချင်တယ်"
"ဟုတ်ကဲ့"
မော့ပိုင်နှင့် ကျင်းစတို့က တိတ်ဆိတ်စွာပင် အပြင်သို့ ပြန်လည်ထွက်ခွာသွားကြသည်။
တိတ်ဆိတ်ခြောက်ကပ်သွားသော စာကြည့်ခန်းအတွင်း၌ ဖိတ်စင်သွားသော လက်ဖက်ရည်များက စားပွဲခုံပေါ်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တစက်စက် ကျဆင်းနေသည်။ ကျွော့ချင်းက လက်နှစ်ဖက်ဖြင့် သူမ၏ နားထင်များကို ဖိနှိပ်ထားမိသည်။ သူမ၏ မျက်နှာက ဒေါသနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် နီရဲနေပြီး သူမကို ကြည့်ရသည်မှာ အလွန် စိတ်ဓာတ်ကျဆင်းနေပုံရသည်။
ပိုင်ရိက စာကြည့်ခန်းတံခါးဝသို့ ရောက်ရှိနေသော်လည်း ချက်ချင်းဝင်မလာဘဲ အပြင်မှ ခေတ္တစောင့်ကြည့်နေခဲ့သည်။ ယခု သူမ အားကိုးရာမဲ့ ဖြစ်ပြီး အားနည်းဆုံးအချိန် ရောက်နေပြီလားဟု သူ တွေးတောနေခြင်းပင်။ ထိုအချိန်တွင် ကျွော့ချင်း၏ ပင်ပန်းနွမ်းနယ်နေသောအသံက အခန်းထဲမှ ခပ်တိုးတိုး ထွက်ပေါ်လာသည်။
"ပိုင်ရိ... ငါနဲ့ ခဏလောက် လာထိုင်ပေးလို့ ရမလား?"
ပိုင်ရိက "အိုး" ဟူသော အသံဖြင့် စာဖတ်ခန်းထဲသို့ ဝင်လာပြီး ကျွော့ချင်းဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သော်လည်း စကားပြောရန် အလျင်စလို မလုပ်ခဲ့ပေ။
ခဏအကြာတွင် မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော ကျွော့ချင်းက သူမကိုယ်သူမ ရေရွတ်နေသကဲ့သို့ လေးနက်သော စကားလုံးများကို ဖွင့်ဟလာသည်။
"လူ့သဘာဝမှာ လောဘနဲ့ အရှက်ကင်းမဲ့မှုတွေကို အကြိမ်ပေါင်းမျာစွာ မရေမတွက်နိုင်အောင် ငါ မြင်ဖူးပြီးပြီ၊ ငါကိုယ်ငါတော့ မွန်မြတ်ပြီး ဖြောင့်မတ်တဲ့လူလို့ ငါ အမြဲပြောနိုင်ခဲ့တယ်၊ ဒါပေမယ့် ဒီအချိန်မှာတော့ ငါ နည်းနည်းတော့ ရှုပ်ထွေးနေပြီ။ လောကရဲ့နိယာမတွေက ပိုအရေးကြီးလား၊ ဒါမှမဟုတ် ငါ့နှလုံးသားထဲက အရာက ပိုအရေးကြီးလား၊ တကယ်လို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ တစ်ခုခုလုပ်မိရင် ငါက သူတို့နဲ့ ဘာများ ကွာခြားတော့မလဲ"
ပိုင်ရိက သူမ၏ စကားများကို နားထောင်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
‘သူမက ဘာကို ဆိုလိုနေတာလဲ။ ဒါက သူမ တုန်လှုပ်နေပြီလို့ ဆိုလိုနေတာလား?!’
ပိုင်ရိက တစ်ခုခုတော့ မှားနေသည်ဟု ခံစားနေရသော်လည်း ဘာမှားနေမှန်း အတိအကျ မပြောနိုင်ပြန်ပေ။ သူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမ၏ စကားကို ထောက်ခံသည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"အစ်မလင်အာ၊ တော်ဝင်တရားရုံးဆိုတာက အန္တရာယ်ရှိတဲ့နေရာပါ။ တစ်ခါတလေ မင်းက သူတပါးကို မထိခိုက် မနစ်နာစေချင်ပေမယ့် သူတစ်ပါးက မင်းကို မထိခိုက်စေဘူးလို့ မဆိုလိုနိုင်ဘူး။ အချိန်အများစုမှာ လူတွေက သူတို့ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးရဲ့ အသက်နဲ့ သေခြင်းတရားကိုတောင် ဂရုမစိုက်ကြဘူး။ အဲ့ဒါက တော်ဝင်တရားရုံးရဲ့ သဘောသဘာဝဖြစ်ပြီး ဝန်ကြီးချုပ်လို့ ရှင်သန်နေရတဲ့ နေရာပါ”
သူက နောက်ဆုံးစကားလုံးကို ပြောရင်း ကျွော့ချင်းနှင့် လို့ရှီးယန်တို့ အတူရှိရန် မဖြစ်နိုင်တော့ကြောင်း သွယ်ဝိုက် ပြောနေခြင်းပင်။
ကျွော့ချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ပိုင်ရိကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်ပြန်သည်။
"မင်းက တကယ်ပဲ အဲဒီလို ထင်နေတာလား?"
လူတစ်ယောက်၏ စိတ်အစဉ်ကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ကြည်လင်စူးရှလွန်းသော ထိုမျက်ဝန်းတစ်စုံကြောင့် ပိုင်ရိ၏ နှလုံးခုန်သံပင် ရုတ်တရက် ကျယ်လောင်လာရသည်။ သူက သူ့စိတ်ကို အမြန်ထိန်းချုပ်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြန်ဖြေလိုက်သည်။
"အင်း... မင်း တကယ်ပဲ သူ့ကို ကယ်တင်ချင်တယ်ဆိုရင်တော့ တစ်ခါတလေမှာ တခြားသူရဲ့ အသက်ကို စတေးသင့်ရင် စတေးရမှာပဲလေ"
ကျွော့ချင်းက တိတ်ဆိတ်စွာဖြင့် သူ့ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ထို့နောက်မှ သူမ၏အကြည့်ကို ပြန်လွှဲလိုက်ပြီး မကြားရုံတမည် တိုးညှင်းသော သက်ပြင်းတစ်ချက်ကို ချလိုက်ကာ ရေရွတ်လိုက်ပြန်သည်။
"ဖြစ်နိုင်ပါတယ်... မင်းပြောတာ မှန်လောက်မှာပါ"
ကျွော့ချင်း အကြည့်လွှဲသွားမှသာ ပိုင်ရိလည်း သက်ပြင်းချနိုင်တော့သည်။
‘ငါ ဘာဖြစ်နေတာလဲ? ဒါ မိန်းမတစ်ယောက်ရဲ့ အကြည့်လေးပဲလေ၊ ဘာလို့ ငါ့စိတ်တွေ ဒီလောက် တုန်လှုပ်သွားရတာလဲ?’
ကျွော့ချင်းက ဆက်ပြောနေပြန်သည်။
"ငါ ဒီနေ့ ရှီးယန်ကို သွားကြည့်ခဲ့တယ်။ အဲဒီအချုပ်ခန်းထဲမှာ ဖုန်မှုန့်တွေ အရမ်းများလွန်းလို့ သူ အသက်ရှူဖို့တောင် ခက်ခဲနေပြီ။ အခု သူ ပြန်သက်သာလာပြီ ဆိုပေမယ့် ကောက်ရိုးတွေပေါ်မှာ အိပ်နေရတုန်းပဲ။ ငါ ရှီးယန်ကို အဲဒီလိုနေရာမှာ ဆက်မထားနိုင်တော့ဘူး"
သူမက နဖူးကို ဖိထားရင်း စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။
"လောလောဆယ်တော့ တရားစီရင်ရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း ဘာမှ ထူးမလာဘူး။ တရားရုံးက အရာရှိတွေကလည်း သူ့ကို လွှတ်မပေးချင်ကြဘူး။ အခု ငါ ဘာလုပ်ရမလဲဆိုတာ တကယ်ကို မသိတော့ဘူး"
‘ငါ လိုချင်တာကလည်း မင်း အဲ့လို စိတ်တွေ ရှုပ်ထွေးလောက်အောင် စိတ်ပူနေတာကိုပဲ’
ကျွော့ချင်း၏ တုံ့ပြန်မှုက သူ မျှော်လင့်ထားသည်ထက် အနည်းငယ် မှေးမှိန်းနေသေးသော်လည်း ပိုင်ရိ၏ စိတ်အခြေအနေကို ချက်ချင်း ပြန်လည် တက်ကြွသွားစေခဲ့သည်။ သူ့စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေသော်လည်း သူ့မျက်နှာပေါ်တွင်မူ လုံးဝ မပြသခဲ့ပေ။
"ချုံယွဲ့မှာဆိုရင် ရှန်ယုလန်က ရာဇဝတ်မှုတွေ ဖြေရှင်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့လူတစ်ယောက်လို့ ငါ ကြားဖူးပါတယ်။ အချိန်အတန်ကြာရင် ဒီအမှုရဲ့ အမှန်တရားက ပေါ်လာမှာပါ"
ခေတ္တနားပြီးနောက် ပိုင်ရိက ကျွော့ချင်းကို တမင်စိုက်ကြည့်ရင်း စိုးရိမ်မှုအပြည့်ဖြင့် သက်ပြင်းချကာ ထပ်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့... လို့လူကြီးမင်းက အခု နေမကောင်းဘူး။ သူက အဲ့လောက်ကြာအောင် မစောင့်နိုင်တော့မှာကို ငါ စိုးရိမ်တယ်"
သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုစကားကို ကြားသည်နှင့် ကျွော့ချင်း၏ စိုးရိမ်ပူပန်မှုများက သိသိသာသာ တိုးလာပြီး သူမက စိုးရိမ်တကြီး မေးလာခဲ့သည်။
"ဒါကြောင့် ငါ စိတ်ပူနေတာပေါ့၊ ပိုင်ရိ... ငါ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ!"
‘ငါးက ငါးစာကို လာချိတ်ပြီ!’
ပိုင်ရိက ပြန်မဖြေခင် ခဏမျှ စဉ်းစားဟန်ပြုပြီးမှ ဟန်ဆောင်ပန်ဆောင် အကြံပေးလိုက်သည်။
"လို့လူကြီးမင်းကို အမြန်ဆုံးနည်းနဲ့ ကယ်တင်ချင်ရင် အဲဒီဝန်ကြီးတွေရဲ့ အာရုံကို လွှဲပေးမှ ရမယ်။ စုလင်းကို ငြိစွန်းဖို့ မီးစရှို့ပေးလိုက်ရင် လို့လူကြီးမင်းက နစ်နာသူ ဖြစ်သွားလိုက်မယ်။ အဲ့ဒါဆိုရင် သူ မကြာခင် ထွက်လာနိုင်လိမ့်မယ်"
ကျွော့ချင်းက သဘောမတူဟန်ဖြင့် ငြင်းဆန်လိုက်သည်။
"စုလင်းနဲ့ရှီးယန်က အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို အသီးသီး ဦးဆောင်နေကြတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် သိပ်မရှိပေမယ့် သူတို့က မင်းဆက်တစ်ခုတည်းက အရာရှိတွေပဲ၊ တစ်ယောက်နဲ့တစ်ယောက် လုပ်ပုံကိုင်ပုံ မတူဘဲ သူ့ကိစ္စ ကိုယ်ကိစ္စလုပ်နေကြပေမယ့် တိုင်းပြည်အတွက်လုပ်နေကြတာကို မြင်နိုင်တယ်။ သူက ရှီးယန်ကို ချောက်ချတယ်လို့ စွပ်စွဲဖို့က လွယ်မှာ မဟုတ်ဘူး။ ဒီအကြောင်းပြချက်က နည်းနည်းတော့ ကျိုးကြောင်းမဲ့နေသေးတယ်၊ ဝန်ကြီးတွေရဲ့ အာရုံကို လွှဲဖို့ မလုံလောက်နိုင်ဘူး”
ပိုင်ရိက မျက်ခုံးပင့်ကာ ကျွော့ချင်းကို တိတ်တဆိတ် မော့ကြည့်လိုက်သည်။
ဒီအမျိုးသမီးက တကယ်ကို ဦးနှောက်ရှိတယ်၊ အင်းလေ... မဟုတ်ရင်လည်း သူ ဆက်ကစားရကျိုးဘယ်နပ်ပါ့မလဲ??
ပိုင်ရိက သူ၏ ဖြူစင်သောအပြုံးကို ဆက်ထိန်းထားရင်း ပြောလာပြန်သည်။
"အစ်မလင်အာ... စစ်သူကြီးတစ်ယောက်အနေနဲ့ ခုခံကာကွယ်ဖို့ မဖြစ်နိုင်တဲ့ အလွယ်ကူဆုံး အပြစ်တင်ခံရနိုင်တဲ့ ရာဇဝတ်မှုက ဘာလဲဆိုတာ မင်း သိလား"
"ဘာလဲ"
ကျွော့ချင်းက ပြန်မေးလိုက်သည်။
"ရန်သူနဲ့ ဆက်သွယ်တာ။ ဒီရာဇဝတ်မှုသာဆိုရင် သူက ဝန်ကြီးချုပ်လို့ကို ချောက်ချနိုင်တယ်လို့ ထင်သွားအောင် လုပ်လို့ရတယ်!"
ပိုင်ရိက နူးညံ့စွာ ပြုံးနေပြီး သူ၏ လေသံကို ပုံမှန်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ ၎င်းက ကျွော့ချင်း၏ နိုးကြားမှုကို ပြေလျော့စေမည့် သူ၏ အစွမ်းထက်ဆုံး လက်နက်ဖြစ်သည်။
"ဒါ... မဖြစ်နိုင်ဘူး"
ကျွော့ချင်းက ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြန်သည်။
"ရန်သူနဲ့ ဆက်သွယ်တယ်ဆိုရင် စုလင်း အသတ်ခံရလိမ့်မယ်။ ဒါ့ထက်... သူနဲ့ ဆက်ဆံရေးရှိတယ်ဆိုတဲ့ ရန်သူဘက်က အထောက်အထားကို အတုလုပ်ဖို့က မလွယ်ဘူးလေ"
သူမ ပြောလာမည့် စကားများကို သူ မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် ပိုင်ရိက ချက်ချင်း ပြန်ပြောလိုက်သည်။
"အစ်မလင်အာ၊ စိတ်မပူပါနဲ့။ ငါတို့က စစ်သူကြီးစုကို သေအောင်သတ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ အရာအားလုံးက ယာယီ အစီအစဉ်တစ်ခုပါပဲ။ ရန်သူတိုင်းပြည်နဲ့ စုလင်းအကြားမှာ လျှို့ဝှက်ဆက်ဆံရေးရှိတယ်လို့ ထင်ရလောက်တဲ့ အထောက်အထား အနည်းငယ်လောက်ပဲ အတုလုပ်ဖို့ လိုတာပါ။ တခြားတိုင်းပြည်နဲ့ လျှို့ဝှက်စာတွေ ဖလှယ်နေတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားရင် လုံလောက်နေပြီ"
ကျွော့ချင်းက မေးလိုက်သည်။
"မင်းက ဘာလုပ်ချင်တာလဲ"
"ငါက လက်ရေးတော်တော်များများကို တုပနိုင်တယ်။ စစ်သူကြီးစုရဲ့ တံဆိပ်တုံးကိုပါ ရနိုင်ရင် အဲဒီစာပေါ်မှာ ရိုက်နှိပ်ပြီး တခြားတစ်ဖက်မှာ ငါ့ရဲ့ တံဆိပ်တုံးကို ထားလိုက်မယ်။ ငါ့တံဆိပ်တုံးက ခမည်းတော်ရဲ့ တံဆိပ်တော်လောက် မယုံကြည်ရပေမယ့် စစ်သူကြီးစုကို အစစ်ဆေးခံရအောင် လုပ်ဖို့တော့ လုံလောက်နေပြီ"
‘အရေးကြီးတာက စုလင်းရဲ့တံဆိပ်တုံးကို ဘယ်လိုရအောင်ယူရမလဲဆိုတာပဲ။ သူမရဲ့ညီမကနေတစ်ဆင့် စုလင်းရဲ့တံဆိပ်တုံးကို ရနိုင်သောကြောင့် သူက ချင်းလင်ကို သွေးဆောင်ဖို့ အရမ်းကြိုးစားခဲ့တာလေ’
ကျွော့ချင်းက အတွေးဖြင့် မျက်ခုံးပင့်ကာ အလွန်အကျွံ စဥ်းစားနေသော်လည်း နောက်ဆုံးတွင် သူမ ခေါင်းခါလိုက်ပြန်သည်။
"ဒီလိုလုပ်ဖို့က မသင့်တော်ဘူးလို့ ငါ ထင်တယ်။ မင်းက အခု ချုံယွဲ့မှာ ရှိနေတုန်းပဲ၊ သက်သေလို့ ခေါ်တဲ့ အထောက်အထားကို ငါက သူတို့ကို လွှဲပေးလိုက်တာနဲ့ မင်းအတွက် အန္တရာယ်ဖြစ်လာလိမ့်မယ်။ မင်းက ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ ကူညီပေးနေတယ်၊ ငါ မင်းကို ဒုက္ခမပေးနိုင်ဘူး။ ဒုတိယအနေနဲ့ စစ်သူကြီးအိမ်တော်ရဲ့တံဆိပ်တုံးလို အရေးကြီးတဲ့အရာတစ်ခုကို ရဖို့က မဖြစ်နိုင်ဘူး”
"ကိုယ်ရေးကိုယ်တာ လျှို့ဝှက်စာတွေအတွက်က စစ်သူကြီး တံဆိပ်တုံးအစစ်ကြီးအထိ မလိုပါဘူး။ စုလင်း သုံးလေ့ရှိတဲ့ သူ့ကိုယ်ပိုင် တံဆိပ်တုံးလေးဆိုရင် ရပါပြီ"
ပိုင်ရိက ပခုံးတွန့်ကာ ဂရုမစိုက်သလို ပြုံးပြလိုက်ရင်း ထပ်ပြောနေပြန်သည်။
"ငါ ချုံယွဲ့မှာ နေခဲ့တဲ့ ကာလပတ်လုံး မင်းနဲ့ ဝန်ကြီးချုပ်လို့ကို ကျေးဇူးတင်ရမယ်။ ငါ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့တဲ့ မင်းတို့ကို ပြန်ကူညီနိုင်လို့ ငါ တကယ်ပဲ ဝမ်းသာပါတယ်။ ငါ့အတွက် မင်း စိတ်မပူပါနဲ့။ အရာရာ အဆင်သင့်ဖြစ်တာနဲ့ ငါက လျောင်ယွဲ့ပြည်ကို ပြန်တော့မှာ။ သူတို့ ငါ့ကို ဘာမှ လုပ်လို့ မရတော့ဘူး။ အတိအကျ ပြောရရင် ငါ ဝန်ကြီးချုပ်အိမ်တော်က ထွက်သွားပြီးမှ ငါ့အိတ်ထဲကနေ ဒီစာတွေကို ရှာတွေ့ခဲ့တယ်လို့ ပြောလိုက်ရင် ရပြီလေ။ အဲဒီအချိန်ကျရင် ငါက မရှိတော့ဘူးဆိုတော့ ဘာသက်သေမှလည်း ကျန်မှာ မဟုတ်ဘူး!"
"ဒါ... ဒါပေမဲ့... ငါ... ငါ ထပ်စဉ်းစားကြည့်ဦးမယ်!"
ကျွော့ချင်းက သူမ၏ လက်ချောင်းများကို အဆက်မပြတ် ပွတ်သပ်နေပြီး သူမ၏ ရင်ထဲမှ ဝေခွဲမရဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများကို ပြသနေသည်။ သူမက စာကြည့်ခန်းအတွင်း အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေပြီး ပိုင်ရိ၏ မျက်လုံးများက အောင်နိုင်သူတစ်ဦးကဲ့သို့ တောက်ပလာသည်။
‘သူမ စိတ်တွေ ရှုပ်ထွေးနေပြီ။ မီးနည်းနည်းလောက် ထပ်မြှိုက်ပေးလိုက်ရင် သူမ မနာခံဘဲ နေနိုင်မှာ မဟုတ်တော့ဘူး!’
"အစ်မလင်အာ... စိတ်မပူပါနဲ့။ ဒီနည်းလမ်းက မကောင်းဘူးလို့ ထင်ရင်လည်း ဖြည်းဖြည်းချင်း ထပ်စဉ်းစားကြတာပေါ့။ ဝန်ကြီးချုပ်လို့ကို ကယ်ဖို့ တခြားနည်းလမ်းတွေ ပေါ်လာနိုင်ပါသေးတယ်။ သူက အချုပ်ထဲမှာ သေချာပေါက် တောင့်ခံနိုင်မှာပါ။ သူက ကံကြမ္မာကောင်းတဲ့သူပဲဟာ!"
ပိုင်ရိက ကျွော့ချင်း အစိုးရိမ်ဆုံးအချက်ကို ထောက်ပြလိုက်ခြင်းပင်။ သူ တွေးထားသည့်အတိုင်း ဖြစ်လာခဲ့ပြီး လို့ရှီးယန်၏ အခြေအနေကို ထည့်ပြောလိုက်သည်နှင့် မူလက တုံ့ဆိုင်းနေသော ကျွော့ချင်းက အံကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
"ကောင်းပြီ! မင်းပြောတဲ့အတိုင်းပဲ လုပ်မယ်။ အခုချက်ချင်းပဲ စာ ရေးလိုက်တော့!"
အခန်း ၁၁၀ ကုယွင်နှင့် ရန်ဖြစ်ခြင်း
ရှီးရှခန်းမ...
နန်းတော်ခန်းမရှေ့ရှိ ဥယျာဉ်ငယ်လေးတွင် ပွင့်လန်းနေခဲ့သောပန်းများက အားလုံးညှိုးနွမ်းသွားပြီဖြစ်ကာ နူးညံ့သိမ်မွေ့သော အဝါရောင်ပန်းပွင့် အနည်းငယ်သာ ပွင့်ကျန်နေသည်။ ခရမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကတ်ကြေးကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးက အပင်များ၏ အကိုင်းအခက်များနှင့် အရွက်များကို ဂရုတစိုက် ဖြတ်တောက်နေသည်။ သူမမျက်နှာပေါ်ရှိ နူးညံ့သောအပြုံးက နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ဖြစ်နေသည်။
မော့မော့တစ်ဦးက ဖြည်းညှင်းစွာ လှမ်းဝင်လာရင်း အရိုအသေပြုလိုက်သည်။
“သခင်မ”
သူမ၏ လေသံတွင် ပျော်ရွှင်မှုများ သိသိသာသာ ပါဝင်နေသည်။ ယန်ကျီလန်က နောက်သို့ လှည့်မကြည့်ဘဲ ပန်းပင်အကိုင်းအခက်များကို ဖြတ်တောက်ရန် အာရုံစိုက်ရင်း မေးမြန်းလိုက်သည်။
"သတင်းကောင်းရှိလား?"
သူမ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နေသော မော့မော့က ပြန်ဖြေလာသည်။
"လို့ရှီးယန်ရဲ့ ရောဂါဟောင်းက မနေ့က ပြန်ဖြစ်လာပါတယ်။ တော်ဝင်သမားတော်က သူ့ကို ဆေးကုသဖို့ သွားကြည့်ခဲ့တယ်။ အဲ့ဒါက ထပ်တလဲလဲ ပြန်ဖြစ်နေတယ်လို့ပဲ ပြောပြီး တော်ဝင်သမားတော်လည်း အားကိုးရာမဲ့ ဖြစ်နေပါပြီ။ အဲဒီအမြင်ကနေကြည့်ရင် ဒီအမှုကို မစစ်ဆေးရသေးခင်မှာ သူ ထောင်ထဲမှာ သေသွားမှာကို စိုးရိမ်မိပါတယ်"
‘သခင်မက အမှန်တကယ် အမြော်အမြင်ရှိပြီး နှစ်ပေါင်းများစွာ ကြာအောင် သူမက လို့ရှီးယန်အတွက် ဆေးပညာနဲ့ဆိုင်တဲ့ အကြံဉာဏ်တွေ ရှာဖွေနိုင်ခဲ့တယ်။ အမှန်တော့ သူ့အတွက် ဂရုတစိုက်ပြင်ဆင်ပေးထားတဲ့ ဆေးက သူ့ရောဂါကို သက်သာစေဖို့ ဆေးညွှန်းကောင်းတစ်ခု ဆိုပေမယ့် စွဲလမ်းစေတဲ့အရာတွေလည်း ပါဝင်နေသေးတယ်။ အဲ့ဆေးကို နှစ်တွေ အကြာကြီး သောက်နေရာက ဖြတ်လိုက်ရင် အဆင်ပြေတော့မှာ မဟုတ်ဘူး။ သူ့ရောဂါကို အမြစ်မပြတ်အောင် လုပ်ထားတာက နောက်ဆုံးတော့ ဒီနေ့ အဆင်ပြေဖို့ ဖြစ်လာခဲ့ပြီ။’
အရာအားလုံးက သူမ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေသော်လည်း ယန်ကျီလန်၏မျက်နှာတွင် ပျော်ရွှင်မှု မရှိသေးဘဲ မျက်မှောင်ကြုတ်နေဆဲပင်။
"ဧကရာဇ်က ဘာပြောသေးလဲ"
‘ထျန်းအာနဲ့ လို့ရှီးယန်တို့က အတူကြီးပြင်းလာခဲ့ပြီး တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ခံစားချက်တွေ လေးနက်တယ်ဆိုတာကို သူမ သိထားတယ်လေ။ ဒီရောဂါအေကြာင်းကို သိသွားရင် ထျန်းအာက စိတ်ပျော့သွားမှာကို သူမ ကြောက်နေမိတယ်။’
ယန်ကျီလန်၏စိုးရိမ်မှုကို မြင်လိုက်ရချိန်တွင် အထိန်းတော်ကြီးက ထပ်ပြောလာပြန်သည်။
"သခင်မ၊ စိတ်မပူပါနဲ့၊ ရန်နဲ့ လီဦးဆောင်တဲ့ အရာရှိတစ်စုရဲ့ ဖိအားအောက်မှာ ဧကရာဇ်မင်းမြတ်က လို့ရှီးယန်ကို ဆေးကုဖို့ ထောင်ကနေ မလွတ်ပေးနိုင်ပါဘူး။ အကျဥ်းထောင်မှာဘဲ ဆေးကုသဖို့ အမိန့်တော် ချမှတ်ခဲ့တယ်"
"ကောင်းပြီ"
‘မင်းဆက်တစ်လျှောက်လုံးမှာ တော်ဝင်မိသားစုတွေက ပုန်ကန်တဲ့ရာဇ၀တ်မှုကို ဘယ်တုန်းကမှ သည်းမခံနိုင်ခဲ့ဘူး။ ထျန်းအာလိုမျိုး သူ့ညီအပေါ်မှာတောင် ကရုဏာတရား မရှိတဲ့လူက ဝန်ကြီးတစ်ယောက်အပေါ်မှာ ဘယ်လို ကြင်နာနိုင်ပါ့မလဲ! တကယ်တော့ သူမက စိုးရိမ်လွန်းနေတာပါ!’
ယန်ကျီလန်၏ မျက်လုံးများက မှေးမှိန်သွားသော်လည်း ၎င်းက ပျော်ရွှင်ခြင်းကြောင့် သို့မဟုတ် ဝမ်းနည်းမှုကြောင့်လား? နာကျင်ခြင်းကြောင့်လား ဆိုတာကိုတော့ သူမ ကိုယ်တိုင်ပင် မသိနိုင်တော့ပေ။
"သူခိုးခေါင်းဆောင်နှစ်ယောက်ကို အချိန်တိုင်းစောင့်ကြည့်ဖို့ လူတွေကို လွှတ်ထားလိုက်။ သူတို့ကို ပေါက်ကရစကားတွေ မပြောစေနဲ့။ ပြင်းထန်တဲ့ပြစ်ဒဏ်နဲ့ ချို့ယွင်းချက်တွေကို မခံနိုင်တော့ရင် သတ်ပစ်လိုက်တော့၊ ဒီကိစ္စကို ထပ်ပြီး ဂရုမစိုက်တော့ဘူး”
ယန်ကျီလန်က ချစ်စဖွယ်ပန်းပွင့်လေးများကို သူမလက်ဖြင့် နူးညံ့စွာ ပွတ်သပ်နေသော်လည်း သူမ၏ပါးစပ်ထဲမှ ထွက်လာသည့် စကားလုံးများကတော့ ဘာခံစားချက်မှ မရှိသလို အေးစက်နေပြီး တုန်လှုပ်ဖွယ်ဖြစ်နေခဲ့သည်။
"ဟုတ်ကဲ့"
အထိန်းတော်ကြီး၏နှလုံးသားက အနည်းငယ် တုန်ခါသွားပြီး သူမ တွန့်ဆုတ်မနေဝံ့တော့ပေ။
.......။........။......
"ငါ ရေးပြီးပြီ၊ မင်း အရင်ကြည့်ကြည့်လိုက်၊ ဒီလို ရေးရတာက အဆင်ပြေလား"
ပိုင်ရိက စုတ်တံကို ညင်သာစွာ ချလိုက်ပြီး စာရွက်အနည်းငယ်ကို ဖြန့်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။
ကျွော့ချင်းက ဂရုတစိုက် ကြည့်နေပြီး လက်ရေးပုံစံနှစ်မျိုးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ နှစ်ခုစလုံးက ပုံမှန်အက္ခရာဖြစ်နေသော်လည်း တစ်မျိုးက ရဲရင့်ပြီး တည်ငြိမ်ဟန်ပေါ်နေသော်လည်း နောက်တစ်မျိုးက ချောမောပြီး အထိန်းအကွပ်မရှိသလို ဖြစ်နေကာ ပြေပြစ်နေပြန်သည်။ စကားလုံးများအားလုံးကို ကောင်းမွန်စွာ ရေးသားထားသော်လည်း ၎င်းတို့ကို လူတစ်ဦးတစ်ယောက်ထဲမှ ရေးသားထားခြင်း ဖြစ်ကြောင်း အရိပ်အမြွက်လေးတောင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
စာပါ အကြောင်းအရာကို ကြည့်နေရင်း ကျွော့ချင်းက အမှတ်တမဲ့ပုံစံ မေးလိုက်ပြန်သည်။
"မင်းက လက်ရေးပုံစံအမျိုးမျိုးနဲ့ ရေးလို့ ရတာလား"
ပိုင်ရိက သူ့ခေါင်းကို ကုတ်လိုက်ပြီး ကျိုးနွံစွာ ပြန်ပြုံးပြနေသည်။
"ငါက လက်ရေးလှရေးရတာကို အရမ်းကြိုက်တယ်လေ၊ အဲ့အကြောင်းနဲ့ ပတ်သတ်ရင် အများကြီး သိတယ်"
ကျွော့ချင်းက ခေါင်းကို အနည်းငယ် မော့ထားရင်း အပြုံးဖြင့် မေးလိုက်ပြန်သည်။
"မိန်းမတစ်ယောက်ရဲ့လက်ရေးကို ဘယ်လို ရေးရမလဲဆိုတာရော သိလား?"
ပိုင်ရိက သူ့ခေါင်းကို ခါယမ်းနေရင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ငါ ရေးတော့ ရေးနိုင်ပေမယ့် သိပ်တော့ အဆင်မပြေဘူး"
"ငါကို နည်းနည်းလောက် ကြည့်ခွင့်ပေး"
သူမ၏ စိတ်ဝင်တစား အမူအရာကို မြင်လိုက်ရသောကြောင့် ပိုင်ရိက မငြင်းဆန်တော့ဘဲ သူ့ဘေးနားမှ စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး စာနှစ်ပိုဒ်ကို ပေါ့ပေါ့ပါးပါး ရေးပြလိုက်သည်။
စာလုံးများက သိပ်သည်းနေသော်လည်း ပါးလွှာပြီး အမျိုးသမီးတစ်ယောက်၏လက်ရေးနှင့် အံဝင်ခွင်ကျဖြစ်လောက်အောင် တူညီနေသည်။ ကျွော့ချင်းက ခဏကြာအောင် ဂရုတစိုက် ကြည့်နေပြီးမှ သက်ပြင်းချကာ အပြုံးဖြင့် ချီးကျူးလိုက်သည်။
"ဒါက ငါ့ထက်တောင် ပိုကောင်းနေသေးတယ်"
ထိုနောက် ကျွော့ချင်းက စာပါ အကြောင်းအရာများကို သေချာဖတ်နေပြီး ပိုင်ရိက အေးအေးဆေးဆေး မျက်နှာအမူအရာဖြင့် သူမဘေးတွင် ရပ်နေခဲ့သည်။ သူမ မည်သို့ပင် ကြည့်သည်ဖြစ်စေ စာတွင် သစ္စာဖောက်မှု အကြောင်းကို များများစားစား မရေးထားခဲ့ပေ။ သာမန်လူတစ်ယောက်၏ အမြင်အရ ဤစာကို ကြည့်လျှင် စုလင်းနှင့် သူက တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးကြောင်းပြသနေသည်။ သို့သော် ညီလာခံနှင့် ပတ်သတ်လျှင် လို့ရှီးယန်၏အရေးကိစ္စအချို့ကို ပြောဆိုလေ့ရှိကြပုံပေါ်နေသေးသည်။ သို့သော် ဘုရင်တစ်ပါးနှင့် နန်းတွင်းရှိ အရေးပါသော အရာရှိများ၏အမြင်တွင် မည်သို့သော အဓိပ္ပါယ်ဖြစ်လာမည်ကို ပိုင်ရိက ကောင်းစွာ သိနေခဲ့သည်။
ခဏအကြာတွင် ကျွော့ချင်းက မည်သည့် ကန့်ကွက်ချက်ကိုမျှ မဖော်ပြတော့ဘဲ စုလင်း၏အမည်ကို လက်ရေးကြမ်းဖြင့်ရေးထားသော စာရွက်အပိုင်းအစများကို ကောက်ကိုင်လိုက်ပြီး အောက်ဘက်နေရာမှ ကွက်လပ်ကို လက်ညိုးထိုးပြ မေးလိုက်ပြန်သည်။
"စုလင်းရဲ့တံဆိပ်ကို ရှာတွေ့ရင် ဒီနေရာမှာ ထားရမှာလား”
ပိုင်ရိက ခေါင်းညိတ်လိုက်သည်။
"အင်း၊ တခြားတစ်ရွက်ပေါ်မှာ ငါ့တံဆိပ်ကို ရိုက်ထားလိုက်မယ်။ မင်း စုလင်းရဲ့တံဆိပ်ကို ရှာလို့ရရင် မင်းကို အကုန် ပေးလိုက်မယ်"
ကျွော့ချင်းက စာကို သူမအင်္ကျီလက်ထဲကို ထည့်ထားလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်ပြန်သည်။
"ကောင်းပြီ၊ ငါ နောက်ထပ် အချိန်မဆွဲတော့ဘူး၊ အခုချက်ချင်း စစ်သူကြီးအိမ်တော်ကို သွားမယ်"
ကျွော့ချင်းက လှည့်ထွက်ရန် ပြင်နေသော်လည်း သူမ၏လက်ကောက်ဝတ်က ရုတ်တရက် တင်းကြပ်သွားသောကြောင့် သူမ လှည့်ကြည့်လိုက်ရာ ပိုင်ရိက စိုးရိမ်နေသောအကြည့်ဖြင့် သူမကို ကြည့်နေရင်း တိုးတိုးလေး ပြောလာပြန်သည်။
"အစ်မလင်အာ၊ မင်း သတိထားရမယ်နော်"
ကျွော့ချင်းက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ငါ သတိထားပါ့မယ်၊ စိတ်မပူပါနဲ့"
ထိုစကားကို ပြောပြီးနောက် ကျွော့ချင်း၏ပိန်ပိန်ပါးပါးပုံစံလေးက ခြံဝင်းအပြင်ဘက်ဆီသို့ ပြေးထွက်သွားသည်။
ပိုင်ရိ၏မျက်လုံးများထဲမှ စိုးရိမ်သောကများကလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး သူက မဟော်ဂနီကုလားထိုင်ကြီးပေါ်တွင် ထိုင်ချလိုက်ကာ သစ်သားကုလားထိုင်၏လက်ကိုင်ကို လက်ဖြင့် ပုတ်နေခဲ့သည်။ ကျယ်ဝန်းတောက်ပပြီး အလွတ်ဖြစ်နေသော စာဖတ်ခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုနေရင်း သူ့နှုတ်ခမ်းပါးပါးလေးများက အမှတ်တမဲ့ ကြွတက်လာသည်။
‘အမျိုးသမီးတွေက အမြဲတမ်း စိတ်ခံစားမှုကို ဦးစားပေးပြီး ဦးနှောက်မဲ့တဲ့ သတ္တဝါတွေလို ပြုမှုတတ်ကြတယ်။’
အရပ်ရှည်ရှည်နှင့် သန်မာသော ရုပ်သွင်တစ်ခုက စာဖတ်ခန်း အပြင်ဘက်၌ တိတ်တဆိတ် ထွက်ပေါ်လာပြန်သည်။ သူက အခန်းထဲသို့ ဝင်သွားပြီးနောက် မည်သူမျှမရှိကြောင်း အတည်ပြုပြီးမှ အသံတိုးတိုးဖြင့် ပြောလာပြန်သည်။
"သခင်၊ သူ(မ)က စုလင်းရဲ့ ကိုယ်ပိုင်တံဆိပ်တုံးကို တကယ်ရနိုင်ပါ့မလား။ ဒီတစ်ခေါက် သူ(မ) စစ်သူကြီးအိမ်တော်ကို သွားလိုက်တာက... အားလုံး ပေါ်သွားရင်..."
အနည်းငယ် မောက်မာပြီး ငြိမ့်ညောင်းသော ရယ်မောသံတိုးတိုး ထွက်လာကာ ပိုင်ရိတစ်ယောက် မျက်ခုံးပင့်ရင်း ပြုံးနေပြန်သည်။
"သူ(မ)က အရူး မဟုတ်ဘူး၊ သူ(မ) သေချာမသိရင် အရူးလို ပြုမူနေမှာ မဟုတ်ဘူး။ ပြီးတော့ သူ ယူသွားတဲ့အရာတွေက စာလုံးသက်သက်တွေပဲ၊ အဲဒါက စာတစ်စောင်ပဲ၊ အဲမှာပါတာက ငါ နေ့စဉ်သုံးနေကျ လက်ရေးမဟုတ်ဘူး၊ ငါ့တံဆိပ်တုံးလည်း မပါဘူး၊ ဒါကြောင့် လူမိသွားရင်တောင်မှ ငါနဲ့ ဘာဆိုင်လို့လဲ?"
ပိုင်ရိ၏ဂုဏ်ယူဝင့်ကြွားနေသော ဟန်ပန်ကို မြင်လိုက်ရသောကြောင့် ထိုလူကြီးက ခဏတာတုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်သည်။
"သခင်က ပညာဥာဏ်နဲ့ ပြည့်စုံပါပေတယ်"
စားပွဲပေါ်တွင် အဖြူရောင်ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် ချီလင်ရုပ်ထု တစ်စုံရှိနေပြီး ကျောက်စိမ်းများက ကြည်လင်ပြတ်သားကာ အလွန်လက်ရာမြောက်လှသည်။ ၎င်းတို့ကို ညင်သာစွာ ထိလိုက်သောအခါတွင် အေးမြလန်းဆန်းမှုကို ခံစားရမည်ဖြစ်သည်။ သာမာန်လူတို့ လက်လှမ်းမမီနိုင်သော အရာဝတ္ထုများက လို့ရှီးယန်၏ အကြိုက်ဆုံးအရာ ဖြစ်နိုင်သည်။ ပိုင်ရိက ကျောက်စိမ်းချီလင်ရုပ်ထု သူ့လက်ထဲတွင် ကိုင်ထားပြီး ၎င်းတို့နှင့် ဆော့ကစားနေသည်။ ထိုနောက် သူက ညင်သာစွာ ပြုံးနေပြီး သူဘာသာသူ ရေရွတ်နေပြန်သည်။
"ပွဲကောင်းလေးတစ်ပွဲလောက် စောင့်ကြည့်ရအောင်"
.......။.......။......
ဆောင်းဦးပေါက်ရာသီ၏ နေမင်းကြီးက အနောက်အရပ်ကို တိုးဝင်သွားချိန်အား အလှဆုံးအချိန်ဟု ပြောကြပြီး ကျန်နေသေးသည့် နေရောင်က မပူတော့ဘဲ နောက်ဆုံးလက်ကျန် နေရောင်ခြည်များက လူကို နွေးထွေးမှုပေးနိုင်သည်။ ထိုနွေးထွေးမှုက လူများအား ဘယ်တော့မှ ပူလောင်စေမည် မဟုတ်ပေ။ သို့သော် နေဝင်ချိန်က လှပသည့်တိုင် ကြာရှည်မခံသည်ကတော့ စိတ်မကောင်းစရာပင်။
ရှီးချန်နှစ်ခုစာလောက် ကြာသွားသည်နှင့်အမျှ ပိုင်ရိ၏အမူအရာက မူလကျေနပ်နေသည့်အမူအရာမှ နက်နဲသည့်အခြေအနေသို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သူ စစ်ဆေးရန် တစ်စုံတစ်ဦးအး စေလွှတ်မည်ဟု ဆုံးဖြတ်လိုက်ချိန်တွင် သွယ်လျသောပုံရိပ်လေးတစ်ခုက စာကြည့်ခန်းဆီသို့ အလျင်အမြန် ပြန်ပြေးလာခဲ့သည်။
ပိုင်ရိက သူမကို တွေ့ရန် ချက်ချင်း ခြေလှမ်းပြင်လိုက်သော်လည်း သူမ၏မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်ကို မြင်လိုက်ရသောကြောင့် စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"အစ်မလင်အာ၊ အဆင်ပြေရဲ့လား"
ကျွော့ချင်းက သူ့လက်ကို ဆုပ်ကိုင်ကာ စာဖတ်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
အခန်းထဲကို ရောက်သွားသည်နှင့် ကျွော့ချင်းက မစောင့်နိုင်တော့သည့် ပုံစံဖြင့် သူမ၏အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ပိုင်ရိကို လှမ်းပေးလိုက်သည်။
"မင်းကြည့် ကြည့်လိုက်ဦး၊ အဆင်ပြေရဲ့လား"
ပိုင်ရိက စာကို ဖွင့်ကြည့်လိုက်ပြီး အနီရောင်တံဆိပ်ရိုက်နှိပ်ထားသော တံဆိပ်တုံးရာတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ အောက်ဘက်က နေရာအလွတ်တွင် ရှိနေသည့် အနီရောင်တောက်တောက်စတုရန်းပုံ တံဆိပ်တုံးက စုလင်း၏ တံဆိပ်တုံး အတိအကျ ဖြစ်နေခဲ့သည်။ ပိုင်ရိ၏နှုတ်ခမ်းပေါ်တွင် သူ့၏အောင်မြင်မှုအတွက် ဂုဏ်ယူနေသည့် အပြုံးတစ်ခု ရှိနေခဲ့သည်။
"အင်း၊ ဒါက အတိအကျဘဲ!"
ပျော်ရွှင်မှုအပြီးတွင် ပိုင်ရိက သံသယဝင်လာပြန်သည်။ သူက သူ့မျက်လုံးများမှ စူးရှသော အရိပ်အယောင်များကို ဖုံးကွယ်ထားလိုက်ပြီး စူးစမ်းချင်ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။
"အစ်မလင်အာ၊ မင်း ဒါကို ဘယ်လိုရလာတာလဲ?"
ကျွော့ချင်းက အနည်းငယ် မောဟိုက်နေပုံနဲ့ ခေါင်းခါင်း ပြန်ဖြေလိုက်သည်။
"ငါ..."
သူမ ပါးစပ်ဖွင့်ရန် ပြင်လိုက်ချိန်မှာပင် ရှုပ်ယှက်ခတ်နေသော လူနှစ်ယောက်က စာဖတ်ခန်းဆီသို့ လာနေရင်း တလျှောက်လုံး တွန်းထိုးငြင်းခုံနေကြသည်။ ပိုင်ရိက သူ့၏မျက်လုံးများကို စူးစိုက်ပြီး လှမ်းကြည့်လိုက်ရာ လူကောင်သေးငယ်သော်လည်း မာနကြီးသော မိန်းမနှင့် သူမကို တားဆီးနေသော လို့မိသားစု၏အစေခံဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာများ အပြည့်ဖြင့် ရောက်ရှိလာသောလူက ချင်းမော့မှ လွဲ၍ အခြားသူ မဟုတ်ပေ။
ပိုင်ရိက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် နောက်ပြန်ဆုတ်လိုက်သည်။ ဝင်လာသူက မည်သူဖြစ်သည်ကို မြင်သောအခါ ကျွော့ချင်းက စာကို သူမအင်္ကျီလက်ဝထဲသို့ အမြန် ပြန်ထည့်လိုက်သည်။
"ချင်းသခင်မလေး၊ မင်း ဒီလိုမျိုး အတင်းဝင်သွားလို့ မရဘူး"
"ငါ အထဲဝင်မယ်"
သူတို့နှစ်ယောက်လုံးက လုံးထွေးနေကာ မကြာခင် စာဖတ်ခန်းရှေ့ကို ရောက်လာကြပြီး အစေခံက ကျွော့ချင်းကို ရှက်ရွံ့တဲ့ အကြည့်ဖြင့် ကြည့်ကာ သတင်းပို့လာခဲ့သည်။
"သခင်မ၊ သူ(မ)က အတင်းဝင်လာဖို့ တောင်းဆိုနေတယ်..."
ချင်းမော့က ချင်းလင်၏ညီမဟူသော ပင်ကိုယ်လက္ခဏာရှိနေသောကြောင့် အစေခံများက သူမကို ဘာမှ မလုပ်ဝံ့သလို ဘာမှလည်း မပြောရဲကြောင်းကို ကျွော့ချင်းက သဘာဝကျကျ သိထားပြီး ဖြစ်သည်။ သူမက လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"မင်း ပြန်ထွက်သွားလို့ ရပြီ"
ကုယွင်က အခန်းထဲသို့ ဝင်လာပြီး ကျွော့ချင်း၏နောက်မှ ပိုင်ရိကို တစ်ချက်ကြည့်လိုက်သည်။ ပိုင်ရိက အပြစ်ကင်းတဲ့မျက်နှာလေးဖြင့် ရှိနေကာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခဏလောက် စိုက်ကြည့်နေကြပြန်သည်။ ထိုနောက် ကုယွင်က ကျွော့ချင်းကို လှည့်ကြည့်လိုက်ပြီး အေးစက်စက် လှမ်းပြောလိုက်သည်။
"ငါနဲ့လိုက်ခဲ့... ငါ နင့်ကို ပြောစရာရှိတယ်"
ထိုစကားကို ပြောပြီးနောက် ကုယွင်က လှည့်ထွက်သွားပြီး သူမ အပြင်သို့ ရောက်ခါနီးတွင် မမျှော်လင့်ဘဲ ကျွော့ချင်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ငါ နေမကောင်းဘူး၊ နောက်တစ်ခေါက်မှ ပြောကြရအောင်"
ကုယွင်၏ ခြေလှမ်းများက တုန့်ဆိုင်းသွားပြီး ပြန်လှည့်လာကာ သူမ၏ အနက်ရောင်မျက်လုံးများက ကျွော့ချင်းကို အနီးကပ် စိုက်ကြည့်လာသည်။ ကျွော့ချင်းက သူမကို မကြည့်ဘဲ အဝေးကို လှမ်းကြည့်နေသောကြောင့် သူမက ကျွော့ချင်း၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး စကားတစ်ခွန်းကို အော်ပြောလိုက်သည်။
"နင် လိမ်နေတာ!"
ကျွော့ချင်းက ငြင်းရန် နေနေသာသာ သူမကို ကြည့်တောင်ပြန်မကြည့်ရဲပဲ အဝေးသို့ လှမ်းကြည့်နေသောကြောင့် ကုယွင်၏မျက်နှာက ပိုပျက်ယွင်းလာသည်။
"ဒီနေ့ နင် ငါ့ကို စစ်သူကြီးအိမ်တော်မှာ လာတွေ့တယ်ဆိုတာက အစကတည်းက နင် ကြံစည်ထားခဲ့တာပဲ၊ နင်က အထောက်အထားရှာချင်တယ်ဆိုပြီး ငါ့ကို စာဖတ်ခန်းကို လိုက်ပို့ခိုင်းတယ်၊ ပြီးတော့ ဗိုက်နာတယ်ဆိုပြီး သမားတော် ခေါ်ခိုင်းတယ်။ အဲ့တာတွေအားလုံးက နင်ရဲ့ယုတ်မာတဲ့ အကြံတွေပဲ မဟုတ်လား?"
"ပြီးတော့ နင် စာဖတ်ခန်းအနှံ အကုန်လိုက်ရှာခဲ့တယ်။ နင် ဘာကို ရှာနေတာလဲ၊ ဘာလုပ်ချင်တာလဲ"
ကုယွင်၏လေသံက ပြင်းထန်လွန်းနေပြီး ကျွော့ချင်းက သူမ၏ မျက်လုံးများကို မှိတ်ချထားလိုကာ ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကုယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ပြော!"
အချိန်အတော်ကြာပြီးနောက် ကျွော့ချင်းက သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ အေးစက်သည့် လေသံဖြင့် ထပ်ပြောလိုက်သည်။
"ငါမှာ ပြောစရာ မရှိဘူး၊ နင်ပြန်တော့"
ကျွော့ချင်းက သူမကို ထွက်သွားဖို့ တကယ်ပြောနေခဲ့တာလား??!
ကုယွင်က မယုံကြည်နိုင်စွာ မျက်လုံးပြူးလာပြီး သူမ၏ပုခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ ထပ်မေးလာပြန်သည်။
"အတိတ်တုန်းက ဖြစ်သမျှပြဿနာတွေကို ငါတို့ အတူတူ ဖြေရှင်းခဲ့တာ မဟုတ်ဘူးလား၊ ငါ သေချာပေါက် နင်ကို့ ကူညီပေးမှာပါ၊ ကျေးဇူးပြုပြီး သတိဝင်လာစမ်းပါ၊ နင် ဘာတွေလုပ်နေလဲ နင် သိလား?”
ကျွော့ချင်းက သူမ၏ပုခုံးပေါ်မှ နာကျင်မှုကို ဂရုမစိုက်သော်လည်း ကုယွင်၏ အေးစက်စက် မျက်လုံးများက သူမကို ပို၍ နာကျင်စေပုံရသည်။ နောက်ဆုံးတွင် ကျွော့ချင်းက သူမ၏ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများကို ရင်ဆိုင်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"အခုလောလောဆယ် အခြေအနေက အရင်က ပြသနာတွေလို ရှင်းရှင်းလင်းလင်း မရှိဘူး။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို ချစ်ရတာကို နင် နားလည်လာတဲ့အခါ ငါ ဒီနေ့လုပ်ခဲ့သမျှအားလုံးက မမှန်ကန်ဘူးဆိုရင်တောင် လုပ်ဖို့ ထိုက်တန်တယ်ဆိုတာကို နင် နားလည်လာလိမ့်မယ်!"
ကျွော့ချင်း၏ပခုံးပေါ်မှ ကုယွင်၏လက်က ဖြေလျော့သွားသော်လည်း သူမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အလျှော့မပေးဘဲ စိုက်ကြည့်နေကြပြန်သည်။ ကုယွင်က အံကြိတ်သံဖြင့် ထပ်ပြောလာပြန်သည်။
"နင် ငါ့ကို လိမ်နေတာ၊ ပြီးတော့ နင်က ငါ့ကို အသုံးချဖို့ နည်းနည်းလေးတောင် တုံ့ဆိုင်း မနေဘူးမလား?"
ကုယွင်၏အသံက ကျွော့ချင်း၏နှလုံးသားကိုပါ တုန်လှုပ်သွားစေခဲ့သောကြောင့် သူမက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ရင်း အကြည့်ပြန်လွှဲသွားသည်။
"ကောင်းတယ်! အရမ်းကောင်းတယ်!!"
ကုယွင်က သူမ ဒေါသထွက်နေတာလား၊ နာကျင်နေတာလား မသိနိုင်သော်လည်း သူမက တကယ်ကို ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်။
ပိုင်ရိက သူ့မျက်လုံးများကို မှေးကျဥ်းထားရင်း သူမတို့ နှစ်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
‘ချင်းလင်က သူမရဲ့ညီမကိုတောင် သူတို့ရဲ့ အစီအစဉ်အကြောင်း မပြောပြဘဲ လိမ်ထားခဲ့ပုံရတယ်။’
ထိုအချိန်တွင် ကုယွင်က ပိုင်ရိကို ရုတ်တရက် ကြည့်လိုက်သောကြောင့် ပိုင်ရိတစ်ယောက် လန့်သွားပြီး စိုးရိမ်ထိတ်လန့်နေသည့် အမူအရာဖြင့် သူမကို ပြန်ကြည့်လိုက်သည်။ ကုယွင်က သူ့အပြုအမူများထဲသို့ မျောဝင်မလာဘဲ သူ့၏အပြစ်ကင်းစင်နေသော မျက်နှာကို လက်ညှိုးထိုးကာ ကြိမ်းမောင်းလိုက်ပြန်သည်။
"နင် သတိထားနေ!"
ထိုသို့ပြောပြီးနောက် ကုယွင်က ကျွော့ချင်းကို တစ်ဖန်ပြန်လှည့်ကြည့်ကာ စာဖတ်ခန်းမှ အမြန်ထွက်သွားလေသည်။
ထွက်ခွာသွားသော ကုယွင်၏ပုံရိပ်ကို ကြည့်နေရင်း ကျွော့ချင်းက တုန်လှုပ်နေကာ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူမ တည်ငြိမ်မှု ပြန်လည်ရရှိရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ပြီး ပိုင်ရိရှေ့သို့ လျင်မြန်စွာ ရောက်လာကာ ပိုင်ရိ၏လက်ကို ဆုပ်ကိုင်ရင်း တိုက်တွန်းလိုက်သည်။
"မြန်မြန်၊ မြန်မြန် လုပ်မှ ဖြစ်မယ်၊ သူ(မ) စုလင်းကို သေချာပေါက် ပြန်သွားပြောလိမ့်မယ်၊ တံဆိပ်တုံးရိုက်ထားတာကို သူ သိသွားရင် အရမ်းကြောက်စရာကောင်းသွားလိမ့်မယ်"
ပိုင်ရိက သူမ၏ပခုံးကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်လိုက်ပြန်သည်။
"စိတ်မပူပါနဲ့ ငါ မင်းအတွက် အခုချက်ချင်း တံဆိပ်နှိပ်ပေးလိုက်မယ်"
"ကောင်းပြီ"
ထိုသို့ပြောပြီးနောက် ပိုင်ရိက သူနှင့်အတူ သယ်ဆောင်ထားသော တံဆိပ်တုံးကို ချက်ချင်း ထုတ်လိုက်ပြီး စာ၏အခြားအစိတ်အပိုင်းတွင် သူ့ကိုယ်ပိုင်တံဆိပ်တုံးကို ဖိနှိပ်လိုက်သည်။
ပိုင်ရိထံမှ စာကို ပြန်ရပြီးနောက်တွင် ကျွော့ချင်းက တံဆိပ်နှိပ်ထားခြင်းရှိ မရှိ သေချာအောင် စစ်ဆေးနေသေးသည်။ ထို့နောက်မှသာ တီးတိုးတီးတိုးအသံလေးဖြင့် ထပ်ပြောလာခဲ့သည်။
“ကျေးဇူးတင်ပါတယ်”
ပိုင်ရိက ခေါင်းယမ်းရင်း ပြုံးနေပြန်သည်။
"အစ်မလင်အာ၊ သိပ်ပြီး ယဉ်ကျေးမနေပါနဲ့၊ လို့လူကြီးမင်း စောစောစီးစီး ထွက်လာနိုင်အောင် ကူညီခွင့်ရလို့ ငါက အရမ်းဝမ်းသာနေတာပါ။ ဒါပေမယ့် တရားစီရင်ရေးဌာနနဲ့ အထွေထွေရုံးတော်တို့ ပူးပေါင်းထားတယ်လို့ ငါ ကြားတယ်။ တကယ်လို့ ဒီအရာတွေက တရားစီရင်ရေးဌာနကို ရောက်သွားရင် နောက်ထပ်ဒုက္ခတစ်ခု ထပ်တိုးလာမှာကို ငါ စိုးရိမ်တယ်၊ အနှောက်အယှက်တွေကို ရှောင်ဖို့ နန်းတော်ကို တိုက်ရိုက်သွားလိုက်တာက ပိုကောင်းမယ် ထင်တယ်”
ဘာလို့ ဒီအရာတွေကို နန်းတော်ကို တိုက်ရိုက်မပို့ရမှာလဲ? အဲ့တာမှ ပိုပြီးစိတ်ဝင်စားဖွယ် ကောင်းတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူတို့က ယန်းဟုန်ထျန်းရဲ့ခြေတွေ လက်တွေပဲ မဟုတ်ဘူးလား??!
ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မြန်မြန်သွားမှ ဖြစ်မယ်၊ ငါ ချက်ချင်း သွားလိုက်မယ်၊ မင်းလည်း မြန်မြန်သွားလိုက်တော့"
ပိုင်ရိက နာခံမှုအပြည့်ဖြင့် ပြုံးနေပြန်သည။
"အင်း၊ မင်း ငါ့အတွက် စိတ်ပူစရာ မလိုဘူး။ မင်းလည်း လမ်းခရီးမှာ သတိထားနော်"
"အင်း၊ ငါ ဂရုစိုက်လိုက်မယ်"
သူ ပြောပြီးသည်နှင့် ကျွော့ချင်းက စာနှစ်စောင်ကို သပ်သပ်ရပ်ရပ်ခေါက်လိုက်ပြီး သူမအင်္ကျီလက်ထဲသို့ ထိုးထည့်ကာ တံခါးအပြင်ဘက်သို့ ထွက်သွားတော့သည်။
ပိုင်ရိက တံခါးဘောင်ကို တဝက်တစ်ပျက် မှီနေပြီး ကျွော့ချင်းကို လက်ဝှေ့ယမ်းနှုတ်ဆက်နေသည်။
"အစ်မလင်အာ၊ တစ်နေ့နေ့ ငါတို့ ပြန်ဆုံမှာ သေချာတယ်"
သူတို့ ပြန်ဆုံဖို့ အခွင့်အရေးရှိသေးရင်ပေါ့လေ!
ခြံတံခါးဝသို့ လှမ်းနေသော ကျွော့ချင်း၏ခြေလှမ်းများက ရပ်တန့်သွားပြီး နောက်ပြန်လှည့်လာကာ တောက်ပသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလာသည်။
"နောက်မှတွေ့မယ်"
သူမ၏တောက်ပလွန်းသော အပြုံးကြောင့် ပိုင်ရိ အံ့သြသွားရပြီး စိတ်မသက်မသာဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ့နောက်မှ လူကြီးက တိတ်တဆိတ် ပေါ်လာပြန်သည်။
"သခင်"
ချင်းလင်က နန်းတော်ထဲကို ဝင်သွားပြီဆိုတော့ သူတို့က ချက်ချင်း ထွက်သွားရမှာပေါ့။
ပိုင်ရိက သူ့ရင်ထဲမှ ရုတ်တရတ် ဖြစ်ပေါ်လာသော မတင်မကျမှုတွေကို ဖုံးကွယ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"သွားကြမယ်"
"လျောင်ယွဲ့ကို ပြန်သွားမှာလား?"
ပိုင်ရိက သူ့လက်ညိုးကို ကွေးလိုက်ဆန့်လိုက် လုပ်နေရင်း စိတ်လှုပ်ရှားနေသည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"မြို့တော်မှာ နေထိုင်ဖို့ သီးသန့်နေရာ ရှာထားလိုက်၊ ပွဲကောင်းလေးတောင် မကြည့်ရသေးတာကို ဘာလို့ ထွက်သွားချင်ရတာလဲ?"
"ဟုတ်ကဲ့"
‘တကယ်တော့ ဒီအချိန်မှာ သူတို့က ဒီအန္တရာယ်ကို လုံးဝ လက်မခံသင့်ပါဘူး။’
နောက်ဆုံးတွင် ထိုလူကြီးက မျက်မှောင်ကြုတ်သွားခဲ့သောလည်း ဘာမှ ထပ်မပြောရဲတော့ပေ။
သတ္တမမင်းသားက စကားပြောကောင်းသူ ဖြစ်ဟန်တူသော်လည်း သူက ဘယ်သူကိုမှ မနာခံတတ်ကြောင်း သူ၏နည်းလမ်းများကို မြင်ဖူးသူတိုင်း သိကြလိမ့်မည်ပင်။