နတ်ဆိုးဘုရင် ပြန်လည်ထွက်ပေါ်လာခြင်း
Vol. 19 Ch. 280
လမ်းကြားအပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောအခါ မဟူရာ ဧကရာဇ်နှင့် သူ့လူများ အလွန် မှင်တက်သွားကြသည်။
"မဖြစ်နိုင်ဘူး။ သူ့မှာ ကြောက်စရာကောင်းတဲ့ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် သုံးယောက်တောင် ရှိပြီးနေပြီလေ။ အဲ့ခွေးမသားလေးမှာ နောက်ထပ် ဒဏ္ဍာရီလာအဆင့် အစေခံ နောက်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မယုံဘူးကွာ"
မဟူရာ ဧကရာဇ်သည် မျက်ခုံးတလှုပ်လှုပ်နှင့် ရေရွတ်လိုက်မိသည်။
ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိသွားသည့် လူနှစ်ယောက်က ယဲ့ဖန်၏ အစေခံ ဖြစ်နေသည်။ ထို့ပြင် အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်ကလည်း သူ့အစေခံ ဖြစ်နေသေးသည်။
ဤလူများ ထွက်ပေါ်လာခြင်းက မဟူရာ ဧကရာဇ်အား အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ အကယ်၍များ နောက်ထပ် ကြောက်စရာကောင်းသော ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ရှိနေဦးမည်ဆိုပါက မဟူရာ ဧကရာဇ် သေချာပေါက် ကြောက်လန့်သွားလိမ့်မည်။
သူ့ဘေးမှ မရဏ အစေခံ ခုနစ်ယောက်လုံးသည် အသစ်ကြားလာရသော ခြေသံများကြောင့် အလွန် ရင်လေးလာကြသည်။ ထို့အပြင် သူတို့နဖူးမှ ချွေးတဒီးဒီးကျနေကြသည်။
မြေအောက်သခင်သည် သူ့နှလုံးသားက အစာအိမ်ထဲ၌ ပတ်ချာလည် လှည့်နေသည်ဟု ခံစားနေရသည်။ ယနေ့သည် မြေအောက်သခင်၏ ဘဝတွင် ထိတ်လန့်ဖွယ် အကောင်းဆုံးနေ့တစ်နေ့ ဖြစ်နေသည်။
သို့သော် ရာနှင့်ချီသော လူများ၏အကြည့်အောက်မှပင် ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်က လမ်းကြားလေးထဲသို့ ဖြည်းညှင်းစွာ ဝင်လာသည်။
ဟောင်းနွမ်း စုတ်ပြတ်နေသော အဝတ်အစားများနှင့် သူမသည် ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ပြီးပုံ ပေါ်သည်။
သူမ၏ လှပသော မျက်နှာသေးသေးလေးက ပေရေလို့နေသည်။ သူမသည် ချစ်စဖွယ်ကောင်းသော သူတောင်းစား အသေးစားလေးနှင့် တူနေ၏။
*ဟင်*
သူမကို မြင်လိုက်ရပြီးနောက် လူတိုင်း မှင်တက်သွားကြသည်။ ကလေးမလေး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိကြပါ။
သို့သော် ထိုအချိန်တွင် သည်ကလေးမလေးက သိုင်းပညာရှင်များစွာကို ကြောက်လန့်ဟန်မပြသည်ကို သူတို့ သတိထားမိလိုက်ကြသည်။ ထိုအစား သူမက ယဲ့ဖန်အား စိုစွတ်နေသော မျက်လုံးရွဲကြီးများနှင့် တောက်ပစွာ ပြုံး၍ ကြည့်နေသည်။
"အစ်ကိုကြီး"
သူမ ယဲ့ဖန်အား ချိုသာစွာ ခေါ်လိုက်သည်။ သူမ၏ အပြုံးသည် သူမ မိသားစုဝင်နှင့် တွေ့ဆုံလိုက်ရသကဲ့သို့ အလွန် ပျော်ရွှင်၍ ဖြူစင်လှသဖြင့် အခြားသူများ၏ ရင်အား တဒိတ်ဒိတ်ခုန်သွားစေသည်။
"ထိပ် … ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်ပါလား"
မဟူရာ ဧကရာဇ်သည် ကလေးမလေးကို မြင်လိုက်သည်နှင့် သူ့မျက်လုံးထဲ၌ ထိတ်လန့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ထို့နောက် သူသည် တက်ကြွပျော်ရွှင်လာပြီး ပြောဆိုလိုက်သည်။
"ဟဟ … ဒါ ထိပ်တန်းအဆင့် အဆိပ် ခန္ဓာကိုယ်ပဲ … ဘုရားသခင်က ငါ့ကို ကူညီလိုက်တာပါလား"
သူသည် တစ္ဆေလူသား တစ်ဦးဖြစ်သောကြောင့် မဟူရာ ဧကရာဇ်၏ တစ္ဆေကလေးငယ်က ထိပ်တန်း အဆိပ် ခန္ဓာကိုယ်အား ဝါးမျိုနိုင်သရွေ့ သူ၏ တိုက်ပွဲဝင် ခွန်အားက တစ်မဟုတ်ချင်း တိုးပွားလာမည် ဖြစ်သည်။
အကယ်၍ ထိုသို့ ဖြစ်လာပါက ကျိုချင်းချန်၊ ဒုစရိုက် ဧကရာဇ်နှင့် ဝံပုလွေဘုရင်တို့ သေချာပေါက် သေလိမ့်မည် ဖြစ်သည်။
ထိုအကြောင်း တွေးလိုက်မိသည်နှင့် မဟူရာ ဧကရာဇ်က အလွန် စိတ်လှုပ်ရှားလာကာ လက်တစ်ဘက် လှုပ်၍ အချက်ပြလိုက်ပြီး ပြောလိုက်သည်။
"တစ္ဆေကလေးငယ်တွေ … ငါ့အမိန့်ကို နာခံစမ်း"
"သူမကို ဝါးမျိုကြ"
သူ့စကားအဆုံးတွင် လေထုထဲ၌ အနက်ရောင်ချီဓာတ်များ တိုးပွားလာပြီး များစွာသော မနှစ်မြို့ဖွယ်ကောင်းသည့် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များက သွေးများ ပေကျံနေသော သူတို့ပါးစပ်ကို ခပ်ကျယ်ကျယ်ဟကာ သူတို့၏ အစွယ်များကို ထုတ်ဖော်၍ ရွှင်းအာထံသို့ အရှိန်နှင့် ပြေးဝင်သွားကြသည်။
သူတို့၏ ထိုးစစ်သည် အလွန် ဖျက်ဆီးတတ်လှသဖြင့် ကျန်သူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။
"ချီးပဲ … သူက ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်ကို ဝါးမျိုချင်နေတာဟ … သူ့ကို တားပါဦး"
မြေအောက်သခင်၏ မျက်နှာက ကြောက်စိတ်များဖြင့် ဖုံးလွှမ်းနေပြီး ယဲ့ဖန်အား အော်ဟစ် ပြောဆိုလိုက်သည်။
ထူးဆန်းစွာပင် ယဲ့ဖန်က အနည်းငယ် အထင်သေးသော အပြုံးမျိုး ပြုံးနေပြီး ရပ်မြဲအတိုင်း ရပ်နေ၏။ သူသည် ရွှင်းအာအတွက် လုံးဝ စိတ်မပူသဖြင့် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များကို သူ တိုက်ခိုက်လိုစိတ် မရှိချေ။
ဤမြင်ကွင်းကြောင့် မြေအောက်သခင်၏ မျက်နှာက ပြာနှမ်းသွားပြီး မြေကြီးကို ဖနောင့်ပေါက်ကာ သက်ပြင်းချလိုက်သည်။
သို့ပေမဲ့ မဟူရာ ဧကရာဇ်သည် အလွန်ပျော်ရွှင်လို့နေ၏။ ယဲ့ဖန်က ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီလာအဆင့် သုံးယောက်အား သူ့ကို တားဆီးရန် ပြောလိုက်မည်ကို သူ အလွန်ကြောက်နေမိခဲ့သည်။ သို့သော် ယဲ့ဖန်က ယောင်လို့တောင် မကြိုးစားပေ။ ထို့ကြောင့် မဟူရာ ဧကရာဇ်၏ ပါးစပ်က ပြုံးဖြီးဖြီး ဖြစ်လာသည်။
*အရူး … ဟဟ … ဘယ်လိုတောင် ရူးတာလဲကွာ*
*ငါ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်ကို ဝါးမျိုပြီးတာနဲ့ မင်းကို ငရဲရောက်သလို ဖြစ်အောင် လုပ်ပေးမယ်*
မဟူရာ ဧကရာဇ်သည် အကြံကြီး ကြံနေပြီး သူ့မျက်လုံးများက ရူးသွပ်မှုကြောင့် နက်မှောင်လို့နေ၏။ ထို့နောက် သူသည် လက်ကို ထပ်လှုပ်လိုက်သဖြင့် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များစွာ ထပ်မံ၍ ထွက်ပေါ်လာသည်။
စုစုပေါင်း ရာနှင့်ချီရှိနေသည်။
*ငါတို့တော့ သွားပါပြီ*
မြေအောက်သခင်၏ မျက်နှာက အလွန် ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ ရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များသည် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များကိုတောင်မှ သတ်ဖြတ်နိုင်သဖြင့် ဤအရွယ်မရောက်သေးသော ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်ကိုဆိုလျင် ပြောနေစရာတောင် မလိုတော့ပေ။
ရွှင်းအာ မုချ သေဆုံးသွားရလိမ့်မည်။ မဟူရာ ဧကရာဇ်သည် သေချာပေါက် ပို၍ အင်အားကြီးလာလိမ့်မည်။
"သေပေတော့"
ထိုစည် မဟူရာ ဧကရာဇ်၏ ဟားတိုက်ရယ်မောသံများက လမ်းကြားလေးထဲ ပဲ့တင်ထပ်နေပြီး ရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များက ရွှင်းအာအရှေ့သို့ ပါးစပ်ကိုဟပြီး လက်သည်းများကို ထုတ်ဖော်၍ ရောက်ရှိလို့လာသည်။
လေတိုးသံနှင့်အတူ သူတို့၏ ရူးသွပ်စေလောက်သော ချီဓာတ်များက ရွှင်းအာ၏ လှပသော ဆံနွယ်များကို လေထဲ၌ လှုပ်ခါသွားစေသည်။
သို့သော် သူမ၏ မျက်နှာသေးသေးလေးက အလွန် တည်ငြိမ်ပုံ ပေါက်နေဆဲပင်။ သူမသည် မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များအား မျက်လုံးရွဲကြီးများနှင့် တိရစ္ဆာန်ပေါက်လေးများကို ကြည့်သကဲ့သို့ ကြည့်နေသည်။
"ရှင်က ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ"
ရွှင်းအာက နီမြန်းနေသော နှုတ်ခမ်းများနှင့် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ စက္ကန့်ပိုင်းမျှ အကြာတွင် နားကွဲမတတ် အော်သံနှင့်အတူ အနက်ရောင် ချီလှိုင်းလုံးများက ရွှင်းအာ၏ ခန္ဓာကိုယ်တွင်းမှ အလွန် ကြောက်မက်ဖွယ်ကောင်းစွာ ဖိနှိပ်နိုင်သည့် ဟန်ပန်ဖြင့် တိုးထွက်လာသည်။
ထိုအနက်ရောင် ချီဓာတ်အား အာရုံခံမိပြီးနောက် ရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များသည် ကြောက်စိတ်မွှန်နေသော အမူအရာဖြင့် စီခနဲ အော်မြည်လာသည်။
ထိုတစ္ဆေကလေးငယ်များသည် ချက်ချင်း လှုပ်ရှားနေရာမှ ရပ်သွားသည်။ ထို့နောက် အလွန် တုန်လှုပ်ဟန်ဖြင့် အဝေးသို့ ထွက်ပြေးရန် ပြင်လာကြသည်။
"ပုရွက်ဆိတ်လိုဟာတွေ … ဒီမှာ နေစမ်း"
သို့သော် ထိုရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များ ထွက်မပြေးနိုင်ခင်မှာပင် ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လက်ကြီးတစ်ဘက် ထွက်ပေါ်လာသည်။
တဖျစ်ဖျစ် မြည်သ့နှင့်အတူ လေထုသည်လည်း ဆုတ်ပြဲသွားပုံပေါ်သည်။ ရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များ အားလုံး ဆုတ်ပြဲသွားကြသည်။ ထို့နောက် အနက်ရောင် ပုံရိပ်တစ်ခုက သူ့ပါးစပ်ကို အစွမ်းကုန် ဟလာသည်။
လေတိုးသံနှင့်အတူ ရာနှင့်ချီသော မိစ္ဆာ စိတ်ဝိညာဉ် တစ္ဆေကလေးငယ်များသည် ထိုပါးစပ်ထဲသို့ ဆုတ်ယူခြင်း ခံလိုက်ရသည်။
လမ်းကြားလေးတစ်ခုလုံး ချက်ချင်း တိတ်ကျသွားသည်။ ဘုန်းခနဲ အသံနှင့်အတူ မဟူရာ ဧကရာဇ် ခြေပစ်လက်ပစ် လဲကျသွားသည်။
သူ တွေဝေငေးငိုင်လို့နေ၏။ ဤကဲ့သို့ ရုတ်တရက် ကံဆိုးမိုးမှောင်ကျမှု ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
ထိုကြီးမားသော အနက်ရောင် ပုံရိပ်အား စိုက်ကြည့်နေရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာ အမူအရာ ဖြစ်ပေါ်လာပြီး ကြောက်စိတ်ကြောင့် အလွန်အမင်း တုန်ယင်လာ၏။
"နတ်ဆိုး … သူ … သူက နတ်ဆိုးပဲ"
မဟူရာ ဧကရာဇ် သေမတတ် ကြောက်လန့်သွားရသည်။ ထိပ်တန်းအဆင့် ခန္ဓာကိုယ်အား နတ်ဆိုးလူသား တစ်ယောက်က စောင့်ရှောက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ ထိုသူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကြောင့် ကြက်သီး တဖြန်းဖြန်း ထလာရသည်။
"သူ ဘယ်သူလဲဆိုတာ ငါ သိပြီ"
"သူက … နတ်ဆိုးတောင်ကြား အရှင်သခင် ပြန်ဝင်စားလာတာပဲ"
…
မဟူရာ ဧကရာဇ်၏ စကားအဆုံတွင် လမ်းကြားလေးတစ်ခုလုံး ထပ်မံ၍ တိတ်ကျသွားသည်။
*နတ်ဆိုးတောင်ကြား*
*သိုင်းပညာရှင်များ၏ သင်္ချိုင်းမြေ*
ဆရာသခင်အဆင့်အထက်ရှိသော သိုင်းပညာရှင်များအားလုံး ထိုနေရာသို့ ဝင်ရောက်သွားလျင် သေပွဲဝင်ရလိမ့်မည်။
လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဆယ်ယောက်တို့ နတ်ဆိုးတောင်ကြားထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။ သို့သော် သူတို့ ဘယ်တော့မှ ပြန်မလာခဲ့ကြပေ။
ထိုအချိန်မှစ၍ နတ်ဆိုးတောင်ကြားသည် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များ၏ တားမြစ်နယ်မြေ ဖြစ်လာသည်။
နတ်ဆိုးတောင်ကြား၌ ကြောက်စရာအကောင်းဆုံးသော သူက နတ်ဆိုးတောင်ကြား၏ အရှင်သခင် ဖြစ်သည်ကို လူတိုင်း သိကြသည်။
သို့သော် သူ ဘယ်ကလာသည်ဆိုတာကို မည်သူမျှ မသိသလို သူ ဘယ်လောက် အင်အားကြီးသည်ဆိုတာကိုလည်း မည်သူမျှ မသိကြပေ။
သူတို့သိသည့် တစ်ခုတည်းသော အရာကတော့ နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက်သွားသည့် မည်သူမဆို သေကို သေလိမ့်မည်ဆိုတာပင်။
သို့သော် နတ်ဆိုးတောင်ကြား၏ အရှင်သခင် လွတ်မြောက်လာမည် ဆိုတာကို မည်သူမျှ ထင်မထားခဲ့ကြပေ။
သူသည် ပြန်လည်ဝင်စားလာခြင်း ဖြစ်သော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်နိုင်သော ချီဓာတ်က မဟူရာ ဧကရာဇ်နှင့် ကျန်လူများအားလုံးကို ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာစေသည်။
"မဖြစ်နိုင်ဘူး … နတ်ဆိုးတောင်ကြားရဲ့ အရှင်သခင် စွန့်ခွာလာပြီလို့ ငါ တစ်ခါမှ မကြားဖူးပါဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး"
မဟူရာ ဧကရာဇ်၏ မျက်လုံးများက အလွန် ထိတ်လန့်နေဟန် အထင်းသား ပေါ်လွင်နေ၏။ သို့သော် ထိုအချိန်တွင် အနက်ရောင်ချီဖြင့် ပြန်လည်ဝင်စားထားသော ပုံရိပ်က ယဲ့ဖန်ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ဒုန်း! ဒုန်း! ဒုန်း!
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ငလျင်လှုပ်မတတ် ဖြစ်စေပြီး မြေကြီးများအား ပြိုပျက်လာစေသည်။ ယဲ့ဖန်၏ ခြေဖဝါးရှေ့သို့ ရောက်သောအခါ သူက ဒူးတစ်ဘက်ထောက်၍ နှုတ်ဆက်လာသည်။
"ပြန်လည် ဝင်စားလာတဲ့ အမှောင်သခင်က သခင်ကြီးကို ဂါဝရပြုပါတယ်"