← Chapters

ဆန်းလျန်ရှိတယ်

Vol. 4 Ch. 368

ဆန်းလျန်ရှိတယ်

Vol. 4 Ch. 368

ငွေရောင်မီးပွင့်များ လောင်ကျွမ်းနေရင်း မှာပင် ကျောက်စိမ်း သစ်ပင်သည် ကိုးပေမှ ပေကိုးဆယ် အထိ မြင့်မား လာလေသည်။

ချင်းရှောင်း နတ်သမီးသည် ကျောက်စိမ်းသစ်ပင် အောက်တွင် ထိုင်နေလေသည်။

ကျောက်စိမ်းသစ်ပင်ကို လောင်ကျွမ်း ပွင့်လန်းနေသည့် ငွေရောင် မီးပွင့်များသည် အလွန် လှပလွန်းလေသည်။ သို့သော် ချင်းရှောင်း နတ်သမီး၏ အလှတရားနှင့် ယှဉ်လျှင်တော့ မိုးနှင့် မြေပမာ ကွာခြား လွန်းလှလေသည်။

ချင်းရှောင်းသည် ကျောက်စိမ်းသစ်ပင် အောက်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူမ၏ လက်နှစ်ဖက်ကို သူမ၏ ပေါင်ပေါ်တွင် တင်ထားလေသည်။ သူမက မျက်လုံးများကို မှိတ်ထားပြီး သူမ၏မျက်နှာက ခံစားချက် ကင်းမဲ့နေသည်။

သူမ၏ အစိမ်းရောင် အဝတ်အစားများမှာ တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ခရမ်းရောင် အဝတ်အစား တစ်စွန်းတစ်စ ပေါ်လာလေသည်။

ခရမ်းရောင်လည်း မဟုတ်၊ အစိမ်းရောင်လည်း မဟုတ်။

ခရမ်းရောင်နှင့် အစိမ်းရောင် ရောထွေး နေလေသည်။

ထို့ကြောင့် ဆန်းလျန်မှာ ကျိလင် နတ်သမီးလား ချင်းရှောင်း နတ်သမီးလား မဝေခွဲနိုင် ဖြစ်နေရလေသည်။

ဆန်းလျန်သည် မိန်းကလေး များကို စိတ်ဝင်စားတတ်သူ မဟုတ်ပါ။ သို့သော် ဆရာဘွားဘွား ကိုတော့ အရူးအမူး စွဲလမ်းမိပြီ ဖြစ်လေသည်။

သို့သော် သူမကတော့ ဆန်းလျန် သူမအပေါ်တွင် အရူးအမူး စွဲလမ်း နေသည်ကို အရေးပင် မစိုက်ပါ။

"ဆန်းလျန် ၊ နောက်သုံးရက် အတွင်း ဒီခရမ်းရောင် ကလပ်အနားကို ဘယ်သူမှ မလာစေနဲ့"

ဆန်းလျန် ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ဆန်းလျန်က ခရမ်းရောင် ကလပ်ရှိရာ အနီး ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်ပြီး နဂါးငွေ့တန်း ရေလိုက်ကာဖြင့် အရံအတား ပြုလုပ်ထား လိုက်လေသည်။

နဂါးငွေ့တန်း ဓားသိုင်း၏ ကျယ်ပြန့်မှုသည် သူတွေးနိုင်သည် ထက်ပိုပြီး ကျော်လွန် နေသည်ကို ဆန်းလျန် နားလည်ခဲ့ပြီ ဖြစ်လေသည်။ နဂါးငွေ့တန်းသည် မိုးနှင့်မြေတွင် မည်သည့် နေရာကိုမဆို အတားအဆီး မရှိ စီးဆင်းနိုင်သည့် မြစ်ရေပင် ဖြစ်လေသည်။

နဂါးငွေ့တန်းဓား မျိုးစေ့သည် ဆန်းလျန်ကို နဂါးငွေ့တန်း ဓားသိုင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် ကူညီ ပေးခဲ့သည်။ သူ့အနေဖြင့် နဂါးငွေ့တန်း မြစ်ရေကို အသုံးပြုကာ ကောင်းကင်ဘုံ နန်းတော်က သိမ်းပိုက်ခဲ့သည့် မည်သည့် နေရာမဆို သွားရောက်နိုင်ပြီ ဖြစ်လေသည်။ ထိုသို့ သွားရောက်နိုင်ရန် အတွက် လောကကို ကျော်လွန်သည့် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်စရာပင် မလိုတော့ပေ။

နဂါးငွေ့တန်းဓား မျိုးစေ့သည် ကျင်းချွယ်ကျောက်စိမ်း စာအုပ်နီးပါး အဖိုးတန်သော အရာဖြစ်လေသည်။

သို့သော် ဆရာဘွားဘွားက တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ကို ပေးအပ် ခဲ့လေသည်။

ထိုအချိန်တွင်…

ဆန်းလျန် ရှေ့တွင် သက်လတ်ပိုင်း အရွယ် နတ်ဘုရား တစ်ပါး ပေါ်လာလေသည်။

ထိုသူမှာ အခြားသူ မဟုတ်ပေ။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ယွိမင် နတ်ဘုရားပင် ဖြစ်လေသည်။

သူ၏ ဘေးတွင် တောက်ချင် နတ်ဘုရားနှင့် လင်ကွမ်း နတ်သမီးတို့ ရပ်နေကြသည်။

"မိတ်ဆွေ ဆန်းလျန် ၊ မင်းက ကျုပ်တို့သွားမယ့် လမ်းကို တားဆီး မလို့လား"

တောက်ချင် နတ်ဘုရားက မေးလိုက်ခြင်း ဖြစ်သည်။

"တားဆီးတော့ရော ဘာဖြစ်သေးလဲ"

ဆန်းလျန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ ငါတို့ဂိုဏ်း နှစ်ဂိုဏ်းကြားက ပြဿနာတွေကို ဒီနေ့ပဲ ဖြေရှင်း ကြတာပေါ့"

လင်ကွမ်း နတ်သမီးက အေးစက်စွာဖြင့် ပြောလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကောင်းပြီလေ … လင်ကွမ်းနတ်သမီး၊ ကျုပ်က မင်းအဲဒီလို ပွင့်ပွင့်လင်းလင်း ပြောတာ သဘောကျတယ်"

ယွိမင် နတ်ဘုရား ကတော့ စကားတစ်လုံးမှ ဝင်ပြောခြင်း မရှိပေ။

ရုတ်တရက် …

ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားပြီး ကြီးမားသည့် ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ် လာလေသည်။ အလွန်ကြီးမားသည့် ရွှမ်ချင်း အလင်းလက်ကြီး ပေါ်ထွက်လာပြီး ဆန်းလျန်ကို ဖမ်းယူ စုပ်ကိုင်ရန် ကြိုးစား နေလေသည်။

ချောင့်တုန့်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ရွှမ်ချင်း အလင်းလက် တန်ခိုးစွမ်းအားကို ကျင့်ကြံ နိုင်လေသည်။ သို့သော် … တန်ခိုးစွမ်းအား မြင့်မားမှု အရာတွင်တော့ ကျင့်ကြံသူ၏ ကျင့်စဉ်လမ်း အဆင့်အတန်း ပေါ်တွင် မူတည်လေသည်။

ယခုတစ်ကြိမ် ဆန်းလျန် ရင်ဆိုင်လိုက်ရသည့် ရွှမ်ချင်း အလင်းလက်မှာ ထိုက်ချန်းတောင်တွင် ပထမဆုံး အကြိမ် မြင်တွေ့ ခဲ့ရသည့် ရွှမ်ချင်း အလင်းလက်နှင့် မတူညီတော့ပေ။ ယွိမင် နတ်ဘုရား၏ တန်ခိုးစွမ်းအားများ မည်မျှ မြင့်တက်လာသည်ကို ပြသခြင်း ဖြစ်လေသည်။

လင်ရှောင် ခန်းမဆောင်ကို မှော်ဝင် ခန်းမဆောင် တစ်ခုဖြစ်သည် အထိ ကျင့်ကြံ နိုင်ခဲ့ပြီးသည့် နောက်ပိုင်း ယွိမင် နတ်ဘုရားသည် အဆင့်တစ်ဆင့် တက်သွားခဲ့လေသည်။ မည်သည့် လောက နတ်ဘုရားမှ ယွိမင် နတ်ဘုရားကို လျှော့တွက် ရဲကြမည် မဟုတ်ပေ။

ဆန်းလျန်ကလည်း ယွိမင် နတ်ဘုရားကို လျှော့မတွက်ရဲပါ။

ရွှမ်ချင်း အလင်းလက်သည် ဆန်းလျန်ကို တစ်စစီ ဖြစ်အောင် သုတ်သင် ရှင်းလင်းပစ်ရန် ဝင်ရောက် လာလေသည်။ ဆန်းလျန်က မိုးမြေစွမ်းအားကို အသုံးပြုကာ ရေခဲထု တစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ရေခဲထု၏ အအေးဓာတ်ကြောင့် ရွှမ်ချင်း အလင်းလက်သည် အနည်းငယ် နှေးကွေးသွားသည့် အချိန်တွင် ဆန်းလျန်က အချိန်မီ ရှောင်တိမ်းလိုက်လေသည်။

ယွိမင် နတ်ဘုရားက သူ၏ ရွှမ်ချင်း အလင်းလက်ကို ဆန်းလျန် ရှောင်တိမ်း သွားနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဆန်းလျန်သည် အေးဆေး တည်ငြိမ် နေလေသည်။

ယွိမင် နတ်ဘုရားသည် ဝူချင်ကျီထက် တန်ခိုး စွမ်းအားများစွာ ကြီးမားသူ ဖြစ်လေသည်။ သူ့အနေဖြင့် ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ကို အသုံးပြုကာ ယွိမင် နတ်ဘုရားကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ထို့ပြင် သူရင်ဆိုင်ရမည့် ရန်သူမှာ ယွိမင် နတ်ဘုရား တစ်ပါးတည်း မဟုတ်ပေ။

ဆန်းလျန်သည် သူ၏လက်ကို ဓားသဏ္ဌာန် အသုံးပြု လိုက်လေသည်။

သူ၏လက်မှ နဂါးငွေ့တန်း ဓားဝိညာဉ် ထွက်ပေါ် လာလေသည်။ ဓားဝိညာဉ်သည် လက်နှစ်လုံးမျှသာ ကျယ်ပြန့်ပြီး သုံးပေခန့် ရှည်လျားလေသည်။

သူ့ထံသို့ ပြန်လည် ဝင်ရောက်လာသည့် ရွှမ်ချင်း အလင်းလက်၏ ဗဟိုချက် နေရာကို ဆန်းလျန်က နဂါးငွေ့တန်းဓား ဝိညာဉ်ဖြင့် ထိုးစိုက် ချလိုက်လေသည်။

ထို့နောက် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားပြီး ယွိမင် နတ်ဘုရားနှင့် ဆန်းလျန်တို့၏ ကြားတွင် နဂါးငွေ့တန်း မြစ်ရေများ ခြားနား သွားလေတော့သည်။

နဂါးငွေ့တန်း မြစ်ရေသည် နည်းပါးသည့်တိုင် ကျော်ဖြတ်ရန် ခက်ခဲလေသည်။

နဂါးငွေ့တန်း မြစ်ရေသည် ဘယ်သောအခါမျှ ကြင်နာမှု မရှိပါ။ ရေမျက်နှာပြင်က တည်ငြိမ်နေသည့်တိုင် ရေအောက်မှ တန်ခိုး စွမ်းအားများကို သူတို့ သုံးယောက်လုံး ရှင်းရှင်းလင်းလင်း သိမြင် ထားကြလေသည်။

"ကျွန်မတို့ ကြားမှာ နဂါးငွေ့တန်း ခြားနေတာပဲ၊ ဂိုဏ်းတူအစ်ကို၊ ကျွန်မတို့ရဲ့ မိတ်ဆွေလေး ဆန်းလျန်ရဲ့ နဂါးငွေ့တန်း ဓားသိုင်းက ဘယ်လောက် ထက်မြက်လဲ ဆိုတာ သိရအောင် ကျွန်မကို တိုက်ခိုက် ခွင့်ပေးပါ"

လင်ကွမ်း နတ်သမီးက ပြောလိုက်လေသည်။

လှပသော လင်ကွမ်း နတ်သမီးသည် သူမ၏ ဓားရှည်ကို ကိုင်ကာ ရှေ့သို့ တက်လာလေသည်။ သူမ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဆန်းလျန် ဖန်ဆင်းထားသည့် နဂါးငွေ့တန်း မြစ်ရေက နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလေသည်။

လင်ကွမ်း နတ်သမီး ခြေလှမ်း ဆုံးသည်နှင့် နဂါးငွေ့တန်း မြစ်ရေသည် ပျောက်ကွယ် သွားလေသည်။

ဆန်းလျန်က လင်ကွမ်း နတ်သမီးကို တစ်ချက် ကြည့်လိုက်ပြီး …

"လင်ကွမ်း နတ်သမီး၊ မင်းရဲ့ နဂါးငွေ့တန်း ဓားသိုင်းက ကျုပ်ထက်ပိုပြီး ကောင်းတာပဲ"

လင်ကွမ်း နတ်သမီးက ပြုံးလိုက်လေသည်။ သူမ၏ အပြုံးက နက်ရှိုင်းသည့် မြစ်တစ်စင်း အလား ခန့်မှန်း ရခက်သည့်တိုင် အလွန်မှ အေးစက် လွန်းလှသည်။

"မင်းလေ့ကျင့်ထားတဲ့ နဂါးငွေ့တန်း ဓားသိုင်းဆိုတာ ငါတို့ဂိုဏ်းက ဓားသိုင်းလေ၊ ငါက မင်းလောက် မတော်ပေမယ့် အဲဒီဓားသိုင်းကို လေ့ကျင့်ခဲ့တာ နှစ်ပေါင်းသုံးရာ ကျော်ခဲ့ပြီ၊ ထျန်းဟယ် မြစ်ကမ်းက နတ်ဘုရားတွေတောင် ငါ့ကို ဘာမှ ထပ်သင် ပေးနေစရာ မလိုတော့ဘူး"

လင်ကွမ်း နတ်သမီးက ပြောလိုက်လေသည်။

လင်ကွမ်း နတ်သမီးသည် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသူ တစ်ယောက် ဖြစ်လေသည်။ သူမသည် နတ်ဘုရား တစ်ပါးလည်း ဖြစ်သလို နဂါးငွေ့တန်း ဓားသိုင်းပညာ ကိုလည်း နှစ်ပေါင်း သုံးရာကျော် ကျင့်ကြံထားသည့် အတွက် ဆန်းလျန်ကို စိန်ခေါ်ရဲခြင်း ဖြစ်လေသည်။

ထို့ပြင် သူမသည် မူလ နဂါးငွေ့တန်း ဓားသိုင်းမှ ခွဲထွက်ပြီး အသစ်သော နဂါးငွေ့တန်း ဓားသိုင်းကိုလည်း တီထွင် ထားသေးသည်။ ထို့ကြောင့် ဆန်းလျန်ကိုသာ အနိုင်ရခဲ့လျှင် သူမအတွက် မဆုံးနိုင်သော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်လေသည်။

သူမသည် နဂါးငွေ့တန်း ဓားသိုင်းပညာကို အသုံးပြုကာ လောကကို ကျော်လွန်သည့် မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်ရန်ပင် မျှော်မှန်းထားသူ ဖြစ်လေသည်။

***

All Chapters