ဝိညာဉ်စားခေါင်းခွံ
Vol. 19 Ch. 283
ထိုအချိန်တွင် လမ်းကြားလေးထဲမှ မိုးကောင်းကင်သည် အရောင်ပြောင်းလဲလာသည်။ လေနှင့် တိမ်တိုက်တို့သည်လမ်း တစ္ဆေ နတ်ဘုရား ရောက်ရှိလာခါနီးသကဲ့သို့ တစ်ဟုန်ထိုး တိုက်ခတ် ရွေ့လျားနေ၏။
လမ်းကြားလေးထဲမှ လူတိုင်းသည် သူတို့၏ လှုပ်ရှားမှုများအား ရပ်တန့်ကာ ကောင်းကင်ထက်မှ မည်းနက်နေသော တိမ်တိုက်များကို ထိတ်လန့်တကြား မော့ကြည့်မိကြသည်။
ထူးဆန်းသော အင်အားတစ်ခုက ချဉ်းကပ်လာသည်ကို လူတိုင်းနီးပါး အာရုံခံမိသည်။ လွှမ်းမိုး ချုပ်ခြယ်နိုင်သော ချီဓာတ်ကြောင့် လမ်းကြားလေးတစ်ခုလုံး ကြောက်စိတ်များဖြင့် ပြည့်လျှံသွားသည်။
"သောက်ကျိုးနည်း … အဲ့ဒါ ဘာကြီးလဲ"
ယဲ့ဖန်၏ နောက်လိုက်များ ကြက်သီးတဖြန်းဖြန်းထလာပြီး သူတို့တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီဟု သတိပြုလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ကျန် မဟူရာကြက်ခြေခတ် အဖွဲ့သားများက ပျော်ရွှင်အံ့ဩသွားကြသည်။ ဒုန်းခနဲ အသံနှင့်အတူ သူတို့အားလုံးသည် လေးဘက်ထောက် ဝပ်တွား၍ ကောင်းကင်ကို အလွန် ရူးမတတ်ဖြစ်နေသော မျက်နှာများဖြင့် မော့ကြည့်ကာ နှုတ်ဆက်လာကြသည်။
"တစ္ဆေ နတ်ဘုရားကို ဂါဝရပြုပါတယ်"
*ချီးပဲ*
သူတို့စကားကြောင့် ယဲ့ဖန်ဘေးမှ လူများအားလုံး အလွန် ထိတ်လန့်ကြောက်ရွံကာ တုန်ယင်လာကြသည်။
မဟူရာ ဧကရာဇ်သည် အလွန် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလာသည်။
"ဟားဟား … ငါ့အရှင်သခင် တစ္ဆေ နတ်ဘုရား ရောက်လာပြီကွ … မင်းတို့အားလုံး သေရတော့မယ်"
သူ့နှလုံးသားအား လက်နှစ်ဘက်ဖြင့် ကိုင်ထားရင်း မဟူရာ ဧကရာဇ်က ဟားတိုက်ရယ်မောလာသည်။ သူ့ကို ကြည့်နေရင်း မြေအောက်သခင် ထခုန်မိကာ သူ့မျက်နှာ၌ အလွန် ထိတ်လန့်ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းလာသည်။
"သူ အနောက်ဘက်က တားမြစ်တားတဲ့ အရာကို ပြောချင်တာလား"
မြေအောက်သခင် တစ်စုံတစ်ခုကို လျင်မြန်စွာ သတိထားမိပြီး အလွန် စိတ်ဓာတ်ကျသွားဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"မဟူရာ ကြက်ခြေခတ်အဖွဲ့က ဒီလောက် လျင်မြန်တဲ့ အရှိန်နဲ့ တိုးတက်လာတာ အံ့ဩစရာ မရှိတော့ဘူးပဲ … မင်းရဲ့ တိုက်ပွဲဝင် ခွန်အားက အရမ်း ရက်စက်လွန်းတာကို ငါ မအံ့ဩတော့ဘူး … လက်စသတ်တော့ မင်းက မင်းနောက်ကွယ်မှာ အနောက်တိုင်း တစ္ဆေ နတ်ဘုရား ရှိနေတာပဲ"
…
မြေအောက်သခင်၏ စကားကြောင့် ဝံပုလွေ နတ်ဘုရားတောင်ကြားမှ အဖွဲ့သားများ၏ မျက်နှာများက အလွန် ထိတ်လန့်သွားဟန် ပြလာသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဝံပုလွေ နတ်ဘုရားတောင်ကြားသည် အတုမရှိ ဖြစ်ခဲ့သည်။ ဝံပုလွေ နတ်ဘုရားသည် အလွန် လွှမ်းမိုး ချုပ်ကိုင်နိုင်ခဲ့ပြီး သူ၏ ကြမ်းကြုတ် ရက်စက်ခြင်းကြောင့် ကျော်ကြားခဲ့သည်။
သို့သော် ဝံပုလွေ နတ်ဘုရား တောင်ကြားသည် သူ၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်နေချိန်တွင် လူမဆန်သော သိုင်းပညာရှင်တစ်ယောက် ဆင်းသက်လာသည်။
ထိုအကျိုးဆက်ကြောင့် ဝံပုလွေ နတ်ဘုရားသည် တစ်ရက်တည်းနှင့် အသတ်ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ဝံပုလွေ နတ်ဘုရား တောင်ကြားသည် ယိုယွင်းပျက်စီးလာတော့သည်။
ထိုလူမဆန်သော သိုင်းပညာရှင်သည် အနောက်တိုင်း တစ္ဆေနတ်ဘုရားပင် ဖြစ်သည်။
*အဲ့ကြောက်စရာကောင်းတဲ့ လူသားက တစ်ကမ္ဘာလုံးက လျှို့ဝှက် ထိပ်တန်း သိုင်းပညာရှင်တွေ သတ်ခဲ့တာကို ခံခဲ့ရတာ မဟုတ်ဘူးလား*
*မဖြစ်နိုင်ဘူး … သူ အသက်ရှင်နေသေးတာပါလား*
ဝံပုလွေ နတ်ဘုရား တောင်ကြားမှ လူများသာမက အမှောင်ဂိုဏ်းမှ လူများပါ အလွန် ထိတ်လန့်သွားကြသည်။
အနောက်တိုင်း တစ္ဆေ နတ်ဘုရား၏ ဒဏ္ဍာရီလာ အဖြစ်အပျက်များကို သူတို့ ကြားဖူးပါသည်။ ထိုလူမဆန်သော သိုင်းပညာရှင်က အနောက်တိုင်း၌ သွေးမိုး ရွာစေခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
သူ ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို၌ အနောက်တိုင်းရှိ ဂိုဏ်းတိုင်း၏ အဖွဲ့သားများအားလုံး အရိုးများအဖြစ်သို့ ပျက်စီး ပြောင်းလဲသွားကြသည်။
သူသည် သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကို စားသုံးပြီး ထိုသူများ၏ အရိုးကို ကိုက်ဖြတ်ခဲ့သည်။ သူသည် သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်များကို ဆွဲထုတ်၍ သူတို့အား မိစ္ဆာ ဝိညာဉ်များအဖြစ် သန့်စင်ခဲ့သည်။
အနောက်တိုင်းတွင် သူသည် နာမည်ဆိုးဖြင့် ကျော်စောလေ၏။ သူသည် တစ်ချိန်တစ်ခါက သူ၏ ရက်စက်မှုကြောင့် ထိပ်တန်း လျှို့ဝှက် သိုင်းပညာရှင်အချို့အား ဒေါသထွက်စေခဲ့ပြီး အနောက်ဘက် ဝိညာဉ် ငရဲမှ ကြောက်မက်ဖွယ်ကောင်းသော လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြသည်။
သို့သော် မည်သူမျှ ထင်မှတ်မထားမိလောက်အောင်ပင် ထိုထိတ်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်က အသတ်ခံခဲ့ရမည့်အစား မဟူရာ ကြက်ခြေခတ်အဖွဲ့အား တိတ်တဆိတ် ကြိုးကိုင်နေခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ သွေးမိုးရွာစေခဲ့သည်။
မြေအောက်သခင်နှင့် ယဲ့ဖန်ဘက်မှ အခြားသူများအားလုံး မျက်နှာပြာနှမ်းလာကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်နှင့် ရင်ဆိုင်နေရသဖြင့် သူတို့ ခုခံရန် သတ္တိမရှိကြပါ။
…
သူတို့ ထိတ်လန့်ကာ တောင့်တင်းနေကြစဉ်တွင် အနက်ရောင် တိမ်တိုက်များက ကောင်းကင်တွင် စုစည်းလာပြီး လူပုံသဏ္ဌာန် ဖြစ်ပေါ်လာကာ မြေကြီးပေါ်သို့ ဆင်းလာသည်။
ဒုန်း!
မြေကြီးပေါ်သို့ ဆင်းလာသည်နှင့် မီတာ ထောင့်ငါးရာအတွင်းရှိ နံရံများနှင့် အိမ်များအားလုံး စက္ကန့်ပိုင်းအတွင်း ပြိုလဲကျကုန်သည်။
မြေကြီးတစ်ခုလုံး၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများစွာဖြင့် ပြည့်နှက်သွားသည်။ မည်မျှ အံ့ဩဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
ထိုသူကို မြင်သည်နှင့် မဟူရာ ဧကရာဇ်နှင့် သူ့ဘက်မှ လူများအားလုံး ချက်ချင်း ဒူးထောက်လိုက်ကြသဖြင့် ဒုန်းခနဲ အသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မဟူရာ ဧကရာဇ်က သူ့နှလုံးသားအား လက်နှစ်ဘက်ဖြင့် ကိုင်၍ ပျော်ရွှင်စွာ နှုတ်ဆက်လာသည်။
"တစ္ဆေ နတ်ဘုရား ကိုယ်ပွားကို ဂါဝရပြုပါတယ်"
သူ့စကားသံအဆုံးတွင် အခြားသူများသည် ထိုအရာက လူစင်စစ် နီးပါး အနက်ရောင် အရိပ်တစ်ခု ဖြစ်သည်ကို သိလိုက်ရသည်။
သူ့မျက်နှာက မှုန်ဝါးနေသည်။ ထိုပုံသဏ္ဌာန်အား တစ္ဆေချီဓာတ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
"ငါ့ကို ဘယ်သူ ဆင့်ခေါ်တာလဲ"
ထိုအသံသည် အက်တက်တက်နှင့် အရိုးကွဲမတတ် အေးစက်လှသည်။ မဟူရာ ဧကရာဇ်တောင်မှ ကြောက်စိတ်ကြောင့် တုန်ယင်သွားပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။
"အရှင် တစ္ဆေ နတ်ဘုရားခင်ဗျား တစ္ဆေကျေးကျွန် မဟူရာ ဧကရာဇ်က အရှင့်ကို ကျွန်တော့်အသက်နဲ့ ရင်းပြီး ဆင့်ခေါ်လိုက်တာပါ"
ထိုသို့ပြောပြီး မဟူရာ ဧကရာဇ်က ယဲ့ဖန်နှင့် ယဲ့ဖန်ဘေးမှ အခြားများကို တစ်ချက်ကြည့်လိုက်ပြီး အလွန် မနှစ်မြို့ဖွယ်ကောင်းသော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်တော် နတ်ဆိုးလူသား နှစ်ယောက်နဲ့ တွေ့ခဲ့လိုပါ။ အရှင် တစ္ဆေနတ်ဘုရား ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပြီး သူတို့ကို သတ်ပေးပါ"
*နတ်ဆိုးလူသား*
ထိုစကားကြောင့် အနက်ရောင် အရိပ်က တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် အလွန် ကြမ်းကြုတ်သော ချီဓာတ်က လမ်းကြားလေးထဲ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တစ်ဘက်လှည့်ကာ ယဲ့ဖန်အား မှုန်ဝါးနေသော မျက်နှာထားဖြင့် ယဲ့ဖန်၏ ဝိညာဉ်အား နုတ်ယူလိုသကဲ့သို့ စိုက်ကြည့်လာသည်။
ဤအဖြစ်အပျက်ကြောင့် ဘေးပတ်ဝန်းကျင်မှ လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ တစ္ဆေ နတ်ဘုရားက လူတိုင်း၏ ဝိညာဉ်အား နုတ်ယူတော့မည်ဟု ခံစားနေကြရသည်။
ဘေးမှ ကြည့်နေသူများ အပြင်းအထန် တုန်လှုပ်လာကာ အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားဖြင့် ယဲ့ဖန်အား သတိပေးလိုက်သည်။
"သခင်ကြီး သတိထားပါ"
အမှောင်ဂိုဏ်းချုပ်၊ ဒုစရိုက် ဧကရာဇ်နှင့် ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်တို့ မှင်တက်နေကြသည်။ သူတို့အားလုံး ဒဏ္ဍာရီလာအဆင့်များ ဖြစ်သော်လည်း သူတို့သည် သူတို့၏ စိတ်ဝိညာဉ်များကို ထိန်းချုပ်၍ မရနိုင်တော့သလို ခံစားနေကြရသည်။
အမှောင်သခင် ပြန်လည်ဝင်စားထားသော သူတစ်ယောက်သာ တည်ငြိမ်မြဲ တည်ငြိမ်နေပြီး လုံးဝ မကြောက်ရွံ့သကဲ့သို့ အနည်းငယ် အထင်သေးသော အပြုံးမျိုး ပြုံးနေသည်။
ထိုအချိန်တွင် ယဲ့ဖန်က မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်သည်။ သတိမထားမိလိုက်သည့် အခိုက်မှာပင် သူတို့၏ စိတ်ဝိညာဉ်များ ပျောက်ကွယ်သွားမည့် ခံစားချက်က ချက်ချင်း ပျောက်ပျက်သွားသည်။
ယဲ့ဖန်က တစ္ဆေ နတ်ဘုရား၏ ကိုယ်ပွားအား စိုက်ကြည့်ကာ အလွန် အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"နိမ့်ကျတဲ့ တစ္ဆေလူသားတစ်ယောက်ရဲ့ ကိုယ်ပွားက ကိုယ့်ကိုယ်ကိုယ် တစ္ဆေ နတ်ဘုရားလို့ ခေါ်ရဲတာလား၊ မင်းတော့ သေချင်နေတာပဲ"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် တစ္ဆေ နတ်ဘုရား ကိုယ်ပွားသည် တုန်ယင်သွားပြီးနောက ခက်ထန်စွာ ဟစ်အော်လိုက်သည်။
"ပုရွက်ဆိတ်လိုကောင် မင်းက ငါ့ကို စော်ကားနေတာပဲ ။ မင်း သေချင်နေပြီလား"
ထိုသူ အလွန် ဒေါသထွက်လို့သွားသည်။ သို့သော် ထိုအဖြစ်ကြောင့် မဟူရာ ဧကရာဇ်နှင့် သူ့လူများ သေချာပေါက် တက်ကြွလာကြသည်။
*သူတော့ သွားပြီပဲ*
သည်ခွေးမသားလေး မုချ သေရတော့မည်ကို သူတို့ သိလိုက်သည်။ တစ္ဆေ နတ်ဘုရား ကိုယ်ပွားအား ရန်စမိပြီးနောက် သူသည် အသေဆိုးနှင့် သေချာပေါက် သေကို သေရတော့မည်ပင်။
"သေခြင်းတရားလား"
သူ့စကားကြောင့် ယဲ့ဖန်က ကြောက်လန့်ဖွယ်ကောင်းသော ရယ်သံတစ်ခုဖြင့် ပြန်ပြောလာသည်။
"နှစ်ထောင်ချီနေတဲ့ ကမ္ဘာခြား တစ္ဆေလူသားတစ်ယောက်ရဲ့ ပါးစပ်က ဒီလို စကားမျိုး ထွက်လာမယ်လို့ ငါ ထင်မထားခဲ့မိဘူး။ အမှန်အတိုင်းပြောရရင် မင်းက ချက်ကောင်းကို ထိမိတာပဲ"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် တစ္ဆေ နတ်ဘုရား ကိုယ်ပွား တဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ ဒေါသတကြီး ကြုံးဝါးပြန်သည်။
"ကောင်းပါ့ … ကောင်းပါ့ကွာ။ ဘယ်လိုတောင် မောက်မာတဲ့ ပုရွက်ဆိတ်လေးလဲ။ မင်း ဒီနေ့ ဒီမှာ သေကိုသေရမယ်ကွ"
ထိုသို့ပြောပြီး တစ္ဆေနတ်ဘုရားက သူ၏ အနက်ရောင် ကိုယ်ခန္ဓာကို လှုပ်ခါလိုက်သည်။ ထို့နောက်တွင် တစ္ဆေချီမျှင်စုများက လေဟုန်ကို ခွင်း၍ ယဲ့ဖန်ထံသို့ တိုးဝင်သွားသည်။
ဥက္ကာပျံတစ်ခု ကျဆင်းလာသလိုပင်။ မြင်ကွင်းကား အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဒဏ္ဍာရီလာအဆင့်များတောင်မှ ထိုတိုက်ကွက်နှင့် ရင်ဆိုင်ရလျင် သေသွားလောက်သည်။
ဤမြင်ကွင်းကို မဟူရာ ဧကရာဇ်နှင့် သူ့လူများ အလွန် တက်ကြွလာသည်။
"တစ္ဆေ နတ်ဘုရားရဲ့ အလင်းတန်း၊ ဟဟ အဲ့ငနာလေးတော့ သေချာပေါက် သေမှာပဲကွ"
ဆိုက်ဘေးရီးယား ဝံပုလွေ နတ်ဘုရားသည် တစ္ဆေ နတ်ဘုရား၏ အလင်းတန်းနှင့် ရိုက်ခတ်မိပြီးနောက် သူ၏ စိတ်ဝိညာဉ်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်ကို မဟူရာ ဧကရာဇ် သိရှိထားသည်။
တစ္ဆေ နတ်ဘုရား၏ အလင်းတန်းကို အထူးသဖြင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သုတ်သင်ရာ၌ အသုံးပြုသည်။
ထိုအရာနှင့် ရိုက်ခတ်မိသည့် မည်သူမဆို စိတ်ဝိညာဉ်ကိုပါ ဆုံးရှုံးရပြီး ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်မည် မဟုတ်ပေ။
မဟူရာ ဧကရာဇ်နှင့် သူ့လူများသည် ယဲ့ဖန်၏ ဆိုးရွားသော သေခြင်းအား မြင်ပြီးသကဲ့သို့ ပြုမူနေကြသည်။
"သခင်ကြီး … မြန်မြန် … ရှောင်လိုက်ပါ"
ကျိုချင်းချန်နှင့် ယဲ့ဖန်ဘက်မှ အခြားသူများ အလွန် ကြောက်လန့်ကာ ရှေ့သို့ အလျင်မြန် ပြေးတက်၍ တစ္ဆေနတ်ဘုရား၏ အလင်းတန်းအား ယဲ့ဖန်ထံသို့ မရောက်ခင် တားဆီးရန် ကြံစည်လိုက်ကြသည်။
သို့သော် အလွန် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းက တိုက်ခိုက်မှုထက် အရင် ဖြစ်ပေါ်လာသည်။
ယဲဖန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး တစ္ဆေချီဓာတ်များ ပါဝင်သော အနက်ရောင် အလင်းတန်းများအား ကြောက်လန့်ရမည့်အား ပျော်ရွှင်စွာ ကြည့်နေသည်။
သူ ကြည့်နေပုံက ဆာလောင်နေသော ဝံပုလွေက သူ၏ အရသာရှိသော အစားအသောက်ကို ကြည့်နေသလိုပင်။
"သူတို့အားလုံးကို ဝါးမျိုလိုက်"
သူ့စကားအဆုံးတွင် နတ်ဆိုးချီမျှင်တန်းများ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ ဦးခေါင်းထက်၌ အနက်ရောင် ဦးခွံတစ်ခု ဖြစ်တည်လားသည်။
ထိုဦးခွံက သူ၏ ကြီးမားသော ပါးစပ်အား ဟလိုက်စဉ်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စုပ်ယူအားကို ထုတ်လွှတ်လာသည်။ ထို့နောက် အနက်ရောင် အလင်းတန်းများသည် ဦးခွံ၏ ပါးစပ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ကျွိ! ကျွိ!
ဝါးစားသံများနှင့်အတူ နတ်ဆိုးချီ ဦးခွံသည် အနက်ရောင် အလင်းတန်းများအား ကိုက်ဝါးနေလေသည်။
မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
ဘေးဘက်မှ ကြည့်နေရင်း လမ်းကြားလေးထဲမှ သူများအားလုံး အလွန်ထိတ်လန့်သွားကြသည်။
"ဝိညာဉ်စား ဦးခွံ၊ နှစ်တစ်သောင်းကြာပြီးတဲ့နောက်မှာ သခင်ကြီးက ဝိညာဉ်စား ဦးခွံကို ထပ်အသုံးပြုတာကို ငါ နောက်ဆုံးတော့ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရပြီ"
လွန်ခဲ့သည့် နှစ်တစ်သောင်းလောက်က နတ်ဆိုးဧကရာဇ်သည် ဤတိုက်ကွက်ကိုသုံး၍ ကမ္ဘာခြား တစ္ဆေ ဧကရာဇ်အား အနိုင်ယူခဲ့သည်။ စကြဝဠာအနှံ့ ဝရုန်းသုန်းကား ပြေးလွှား သောင်းကျန်းကာ သက်ရှိများကို ရှင်းလင်း သုတ်သင်ခဲ့သော ထိုထိပ်တန်း တစ္ဆေအိုကြီးသည် တစ်စစီ ကိုက်ဖြတ် ဝါးမျိုခြင်းကို ခံခဲ့ရသည်။
ယခုအခါတွင် ဝိညာဉ်စား ဦးခွံ ပြန်လည်ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် ဝိညာဉ်စား ဦးခွံသည် ကျေနပ်သေးပုံမရပေ။ ထိုဦးခွံက သွေးစွန်းနေသော ပါးစပ်ကို ခပ်ကျယ်ကျယ် ဟထားသည်။
လေတိုးသံနှင့်အတူ လွှမ်းမိုး ချုပ်ကိုင်နိုင်သော စုပ်ယူအားက တစ္ဆေကိုယ်ပွားအား ချက်ချင်း ဝါးမျိုသွားလေတော့သည်။
တစ်ခဏအကြာတွင် ဦးခွံ၏ ပါးစပ်မှ အသံမြည်အောင် ဝါးစားနေသံများ ထွက်ပေါ်လာ၏။
ကျွိ! ကျွိ!