ငါ မသာတွေကို ငါ့အစေခံအဖြစ် မထားဘူး
Vol. 19 Ch. 284
ဂလု!
တစ္ဆေ နတ်ဘုရား၏ ကိုယ်ဝါးကို ဧရာမ ဦးခွံက ဝါးမျိုနေသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ လမ်းကြားလေးထဲမှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
"မဖြစ်နိုင်ဘူး"
*အနောက်တိုင်း တစ္ဆေ နတ်ဘုရားရဲ့ ကိုယ်ပွားက သာမန် တိုက်ကွက်လေးနဲ့တောင် ဒဏ္ဍာရီလာအဆင့်ကို သတ်နိုင်တာလေ … ဘယ်လိုလုပ် ယဲ့ဖန် ထုတ်လိုက်တဲ့ ဦးခွံရဲ့ တစ်ချက်တည်းနဲ့ ဝါးစားတာကို ခံလိုက်ရတာလဲ"
*မယုံနိုင်စရာပါလား*
မဟူရာ ဧကရာဇ်၏ အပြုံးသည် သရဲတစ္ဆေအား မြင်တွေ့လိုက်ရသကဲ့သို့ လုံးဝကို အေးခဲသွားသည်။
"မဟုတ်ဘူး မဖြစ်ရဘူး၊ အဲ့ဒါ ဘာကြီးလဲကွာ။ ဘယ်လိုလုပ် အဲ့ဒါကြီးက တစ္ဆေ နတ်ဘုရားရဲ့ ကိုယ်ပွားကို ဝါးမျိုနိုင်ရတာလဲ"
မဟူရာ ဧကရာဇ် သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ ဒီလောက် မကြောက်လန့်ခဲ့ရဖူးပါ။ ယခု သူ မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည့်အရာက လုံးဝကို ကျောချမ်းစရာ ကောင်းလှသည်။
မဟူရာ ကြက်ခြေခတ်၏ အခြားအဖွဲ့သားများ အားလုံး ကြံရာမရ ဖြစ်ကာ ကြောက်လန့်လာကြသည်။ ထို့ပြင် ဦးခွံ၏ ပါးစပ်ထဲမျ စူးရှသော အော်သံများ ထွက်ပေါ်လာသည်။
"အား…အား…အား"
ထိုအသံသည် တစ္ဆေ နတ်ဘုရား၏ အသံပင်။ ထိုအသံထဲတွင် အလွန်အမင်း ကြောက်လန့်ဖွယ် ကောင်းသော တစ်စုံတစ်ရာ ဖြစ်နေသကဲ့သို့ ကြောက်လန့်စိတ်များစွာ ပါဝင်နေသည်။
"မဟုတ်ဘူး ဝိညာဉ်စား ဦးခွံပါလား။ ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ဝိညာဉ်စား ဦးခွံရှိနေရတာလဲ"
တစ္ဆေ နတ်ဘုရား၏ စူးရှသော အော်သံက ဆက်တိုက်ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။ သူ၏ အော်သံထဲမှ ကြောက်ရွံ့စိတ်သည် လူအများက ကြောက်လန့်ကာ ကတုန်ကယင်ဖြစ်သွားစေသည်။
ကျွိ! ကျွိ!
ဝိညာဉ်စား ဦးခွံ၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်နေသော ဝါးစားနေသည့်အသံသည် တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်အား ဝါးစားနေသလိုပင်။
"ငါ သိသွားပြီ၊ သူကိုး၊ မင်းက အဲ့လူ ဖြစ်နေတာကိုး"
တစ္ဆေနတ်ဘုရား၏ အသံသည် ပို၍ပို၍ ကြောက်လန့်သံပေါက်လာသည်။
"အိုး … မင်းက … ကမ္ဘာခြား နတ်ဆိုး …"
တစ္ဆေ နတ်ဘုရား စကားဆုံးအောင် မပြောလိုက်ရခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဂျွတ်ဟူသည့် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ တစ္ဆေ နတ်ဘုရား၏ ကိုယ်ပွားသည် စကားပြောဆိုနေရာမှ ချက်ချင်း ရပ်တန့်သွားသည်။
ဒုန်းခနဲ အသံနှင့်အတူ မဟူရာ ဧကရာဇ် မြေကြီးပေါ်သို့ ပစ်လဲကျသွားသည်။ တစ္ဆေ နတ်ဘုရား ကိုယ်ပွား၏ ချီဓာတ်ကို သူ လုံးဝ အာရုံခံ၍ မရတော့ချေ၊ ထိုသို့ဆိုလျင် …
*သေသွားပြီ*
*တစ္ဆေနတ်ဘုရားရဲ့ ကိုယ်ပွား သေသွားပြီ*
*မဖြစ်နိုင်ဘူးလေ*
မဟူရာ ဧကရာဇ်သည် တွေဝေ ငေးငိုင်သွားဟန်ဖြင့် ဖင်ထိုင်ရက်လဲကျကာ ကြောက်လန့်နေသည့်ပုံပင်။ ယခင်က သူသည် ကမ္ဘာပေါ်တွင် တစ္ဆေနတ်ဘုရားသည်သာ အစွမ်းအထက်ဆုံးနှင့် အရက်စက်ဆုံး သက်ရှိဖြစ်သည်ဟု သူ ယုံကြည်ထားခဲ့သည်။
တစ္ဆေနတ်ဘုရား ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို အရာရာတိုင်း ဖျက်ဆီးခံရပေလိမ့်မည်။ သို့သော် တစ္ဆေနတ်ဘုရားကိုတောင် အာလူးကြော်ကဲ့သို့ ဝါးစားနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု မဟူရာ ဧကရာဇ် ထင်မှတ်မထားခဲ့မိပါ။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဤသည်မှာ မဟူရာ ဧကရာဇ်၏ ဘဝတစ်လျှောက်တွင် အမှောင်မိုက်ဆုံး နေ့ပင်ဖြစ်သည်။ ထိုစဉ် ဝိညာဉ်စား ဦးခွံက ရုတ်တရက် နတ်ဆိုးချီဓာတ်များအဖြစ်သို့ ပြောင်းလဲသွားကာ ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲသို့ လျှော၍ ဝင်ရောက်သွားသည်။
ယဲ့ဖန်၏ ချီဓာတ်များ ရုတ်တရက် တစ်ဟုန်ထိုး တိုးပွားလာသည်။
….
ထိုစဉ် ကြောက်လန့်ဖွယ်ကောင်းသော အင်အားတစ်ခုက လေထုထဲသို့ ချက်ချင်း ဖြန့်ကြက်သွားကာ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲများကို တစ်စစီ ပျက်စီးသွားစေကာ နေရာအနှံ့သို့ လွင့်စဉ်သွားစေသည်။
ထိုချီဓာတ်သည် မဟူရာ ဧကရာဇ်နှင့် သူ့လူများအား ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာစေသည်။
"ဆရာသခင် အထွတ်အထိပ်အဆင့်။ အဲ့ခွေးမသားလေးက ဆရာသခင် အထွတ်အထိပ် အဆင့်လောက်လေးနဲ့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အင်အားကို ဘယ်လိုလုပ် ထုတ်နိုင်ရတာလဲ"
မဟူရာ ဧကရာဇ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာပြီး သူ့နဖူးမှ ချွေးတဒီးဒီးကျလို့လာသည်။ သူ ဤအဖြစ်ကို မယုံကြည်နိုင်ပါ။ ထိုအချိန်တွင် အနက်ရောင် နတ်ဆိုးချီမျှင်စုများက ယဲ့ဖန်၏ သံမဏိလက်သီး ပတ်လည်၌ စုစည်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာ မရဏ သံလက်သီး ဖြစ်တည်လာလေသည်။
"အဲ့တစ္ဆေက ငါ့အပိုင်ပဲလို့ မင်းကို ငါ ပြောခဲ့သားပဲ"
ယဲ့ဖန်က ထိုသို့ပြောပြီး မဟူရာ ဧကရာဇ်အား အလွန် ခက်ထန်သော အကြည့်ဖြင့် ကြည့်လာသည်။ ထို့နောက် မဟူရာ ဧကရာဇ်သည် နတ်ဆိုး၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားမိပြီး ဆံပင်မွှေးပင် ထောင်လာသလို ခံစားရသည်။
"မဖြစ်ဘူး"
သူ ချက်ချင်း ထွက်ပြေးလိုက်သည်။
*ပြေးရမယ်*
သူသည် ကျန်းရှီမြို့နှင့် ယဲ့ဖန်လက်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေသည်။ သို့သော် ယဲ့ဖန်၏ သံလက်သီးများက ပို၍ လျင်မြန်စွာ လှုပ်ရှားလာသည်။
ဘုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မိစ္ဆာ မရဏ သံလက်သီးသည် မဟူရာ ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"မဟုတ်ဘူး"
မဟူရာ ဧကရာဇ်သည် အလွန် စိတ်ဓာတ်ကျ၍ ကြောက်စိတ်မွှန်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်မိသည်။
ဒုန်း!
သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီး သွေးသံတရဲရဲ အသားစများနှင့် အရိုးများက မြေကြီးပေါ်သို့ ဖွာခနဲ လွင့်စဉ်ထွက်လာသည်။ ထို့နောက် သူ့ခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျလာကာ ယဲ့ဖန်၏ ခြေထောက်ရှေ့သို့ လိမ့်ထွက်လာသည်။
*သူ သေသွားပြီ*
မဟူရာ အဖွဲ့သားများအားလုံး မှင်တက်သွားပြီး ယဲ့ဖန်က သူတို့ခေါင်းဆောင်၏ ဦးခေါင်းပေါ်သို့ ခြေထောက်ဖြင့် တင်လိုက်သည်ကို ကြောင်ကြည့်နေမိသည်။
သူတို့၏ ခေါင်းဆောင်နှင့် သူတို့၏ ယုံကြည်မှုများက လက်သီးတစ်ချက်၏ အောက်၌ ပေါက်ကွဲထွက်သွားလေပြီ။ ထို့နောက် ယဲ့ဖန်က ခြေထောက်ကို အားထည့်၍ နင်းလိုက်သည်။
ဖောက်!
ဦးခေါင်းသည် ကြေမွသွားလေသည်။ ထို့နောက် ယဲ့ဖန်သည် ကိုယ်ကိုကိုင်း၍ သွေးအိုင်ထဲမှ တောက်ပနေသော ဒဏ္ဍာရီလာအဆင့်၏ မူလ သလင်းကျောက်ကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။
ဂျွတ်! ဂျွတ်!
မူလ သလင်းကျောက်ကို ဝါးစားနေသည့် အသံသည် လမ်းကြားလေးထဲမှ လူတိုင်းအား တုန်ယင်သွားစေသည်။
တုန်လှုပ်ဖွယ်ကောင်းလှသည်။ ရက်စက်လှ၏။
ကျန်ရှိနေသော မဟူရာ ကြက်ခြေခတ်အဖွဲ့သားများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် နတ်ဆိုးလိုပင် ဖြစ်နေသည်။
မြေအောက်သခင်၊ ဒုစရိုက်၏ အကြောက်အလန့်ကင်းသော တိုက်ခိုက်ရေးသမားများနှင့် ဝံပုလွေ နတ်ဘုရားတောင်ကြားရှိ လူတွေတောင်မှ ထိတ်လန့်ကာ တောင့်တင်းသွားရသည်။
ဤမျှ ကြမ်းကြုတ်ရက်စက်သော လူမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ယဲ့ဖန်ကို လူဟုပင် သူတို့ မထင်တော့ပါ။
ဒုန်းခနဲ အသံနှင့်အတူ ကျန် မရဏ အစေခံ သုံးယောက်နှင့် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ အခြားသိုင်းပညာရှင်များအားလုံး မြေကြီးပေါ်သို့ ဒူးထောက်လိုက်ကြသည်။
နောက်ဆုံးတွင် ကြောက်လန့်လို့လာသည်။ သူတို့ တစ်ဘဝလုံး သည်လောက် မကြောက်ခဲ့ရဖူးပါ။
"မစ္စတာယဲ့ ကျုပ် …. ကျုပ်တို့ အညံ့ခံပါတယ်။ ကျုပ်တို့အားလုံးက ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ မဟူရာ ဧကရာဇ်ရဲ့ အတင်းဖိအားပေးတာကို ခံခဲ့ရတာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ မစ္စတာယဲ့"
"မစ္စတာယဲ့ … ကျုပ် ခင်ဗျားရဲ့ အစေခံအဖြစ် တစ်သက်လုံး နေချင်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"
….
သူတို့၏ တောင်းပန်တိုးလျှိုးသံများက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ မဟူရာ ဧကရာဇ်၏ မောက်မာသော သိုင်းပညာရှင်များ ကြံရာမရ ဖြစ်ကာ ကြောက်လန့်လာသည်။
ဤမြင်ကွင်းကို ကြည့်ပြီး မြေအောက်သခင်သည် အိပ်မက်ထဲများ ရောက်နေသလားဟုတောင် ဇဝေဇဝါဖြစ်လာရသည်။
မဟူရာ ကြက်ခြေခတ်အဖွဲ့သည် ဥရောပတွင် ထိတ်လန့်ဖွယ်ကောင်းသော ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခု ဖြစ်သည်။ အော်ဟစ်တောင်းပန်နေသည့် လူထဲမှ တစ်ချို့သည် ကမ္ဘာတစ်ဝှမ်းရှိ အကောင်းဆုံး တိုက်ခိုက်ရေးသမား ဖြစ်ကြသည်။
သူတို့တစ်ယောက်ချင်းစီသည် ဩဇာညောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးသည် ယဲ့ဖန်အား ကြောက်ရွံ့ကာ မြေကြီးပေါ်တွင် ပုရွက်ဆိတ်များကဲ့သို့ ဝပ်တွားနေကြသည်။
သို့သော် ယဲ့ဖန်က သနားညှာတာမှု မရှိစွာ ပြန်ပြောလိုက်သည်။
"နတ်ဆိုးတွေက သေဖို့ ထိုက်တန်တဲ့ တစ္ဆေတွေကို အစေခံအဖြစ် မထားဘူး"
"သူတို့ကို သတ်ပစ်လိုက်"
ယဲ့ဖန်၏ ခပ်ပြတ်ပြတ် အဖြေအောက်တွင် ကြောက်လန့်ဖွယ်ကောင်းသော ထိပ်သီးပုဂ္ဂိုလ်များ၏ ကံကြမ္မာမှာ ဆုံးဖြတ်ချက်ချခံလိုက်သည်။
အမှောင်ဂိုဏ်းချုပ်၊ ဒုစရိုက် ဧကရာဇ် ၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် အမှောင်သခင် ပြန်လည်ဝင်စားသူတို့သည် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ကျန်ရှိနေသော အဖွဲ့သားများထံသို့ ပြေးဝင်သွားပြီး သူတို့နောက်မှ များစွာသော အကြောက်အလန့်ကင်းသည့် တိုက်ခိုက်ရေး သမားများ လိုက်ပါသွားသည်။
ဤသည်ကား အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီးပင်။ တကယ့်ကို တစ်ဖက်သတ် အမြစ်ဖြုတ် သုတ်သင်မှုကြီး ဖြစ်ပေ၏။
မဟူရာ ကြက်ခြေခတ်အဖွဲ့၏ သိုင်းပညာရှင်များ ပြန်လည်ခုခံနိုင်ရန် အရည်အချင်း မရှိတော့ပါ။ သူတို့၏ အလောင်းများ စုစည်းထားခြင်းကြောင့် သွေးအိုင်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ကမ္ဘာလုံး၌ ကျော်ကြားသည့် ထိပ်သီးပုဂ္ဂိုလ်များဖြစ်သော သူတို့ကိုယ်သူတို့ ဤကဲ့သို့ မြို့သေးသေးလေး၌ မသေနိုင်လောက်ဟု ယုံကြည်ထားပုံရသည်။
ဤဖြစ်စဉ်ကြီးတစ်ခုလုံးက ငါးမိနစ်လောက်တောင် မကြာလိုက်ပေ။ နောက်ဆုံးသော ဒဏ္ဍာရီလာအဆင့် သုံးယောက်နှင့် ကျန်ရှိနေသော ဒါနှင့်ချီသည့် ဒဏ္ဍာရီအဆင့်များအားလုံး လမ်းမပေါ်၌ သေဆုံးသွားကြလေပြီ။
များစွာသော အလောင်းပုံများနှင့် ညှီစို့စို့ သွေးနံ့များကြောင့် မြေအောက်သခင် ပစ်လဲကျသွားသည်။
*သူတို့ သေကုန်ပြီ*
တိုက်ပွဲအပြီးတွင် ကမ္ဘာတစ်ဝန်းမှ မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ထိပ်တန်းသိုင်းပညာရှင်များအားလုံး သုတ်သင်ခံလိုက်ရလေပြီ။
မြေအောက်သခင်နှင့် မြေအောက်ကမ္ဘာ လုပ်ကြံရေး အဖွဲ့ကြီးတစ်ခုလုံးတောင်မှ ဤကဲ့သို့ စွမ်းဆောင်မှုမျိုး မလုပ်ဆောင်နိုင်ပါ။
သို့သော် ယဲ့ဖန်ကတော့ တစ်နာရီအတွင်း လုပ်ဆောင်သွားနိုင်သည်။ မြေအောက်သခင်သည် ယဲ့ဖန်၏ ပိန်သေးသေး ခန္ဓာကိုယ်အား အလွန် လေးစားစွာဖြင့် နတ်ဘုရားကဲ့သို့ ထင်မှတ်ကာ ကြည့်နေသည်။
မြေအောက်သခင်က ဒုန်းခနဲ အသံနှင့်အတူ ယဲ့ဖန်ရှေ့ ဒူးတစ်ဘက် ထောက်လိုက်သည်။ ထို့နောက် သူသည် ရင်ဘတ်ပေါ် လက်တစ်ဘက်တင်၍ အလွန် ရိုသေကိုင်းရှိုင်းဟန်ဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့ … ခင်ဗျားရဲ့ ကူညီမှုအတွက် ကျုပ် ကျေးဇူးတင်ပါတယ်။ ကျုပ်သမီးရဲ့ သေဆုံးမှုကို လက်စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"အခုချိန်ကစပြီး မြေအောက်သခင်နဲ့ မြေအောက်ကမ္ဘာ လုပ်ကြံရေးအဖွဲ့ကြီးတစ်ဖွဲ့လုံးက မစ္စတာယဲ့ကို ကျုပ်တို့ရဲ့ သခင်ကြီးအဖြစ် မှတ်ယူပါ့မယ်။ ကျုပ်တို့ မျိုးဆက်တိုင်း မျိုးဆက်တိုင်းက ခင်ဗျားရဲ့ အစေခံအဖြစ် နေထိုင်ပါ့မယ်"
"ခင်ဗျားကို သစ္စာဖောက်တဲ့ ဘယ်သူမဆို ဂူသင်္ချိုင်းတောင် မရှိဘဲ သေစေရပါ့မယ်"
ထိုသို့ပြောပြီး မြေအောက်သခင်သည် သူ၏ မာနကြီးသော ဦးခေါင်းအား ယဲ့ဖန်ရှေ့ နိမ့်ချလိုက်သည်။