အိပ်မက်ဆိုး၏ ဘုရင်သစ်
Vol. 19 Ch. 285
အနောက်တိုင်းတွင် ဝိညာဉ်ငရဲဟု လူသိများသော တားမြစ်နယ်မြေ တစ်ခုရှိသည်။ ထိုမြေသည် မည့်သည့် မြက်ပင်၊ ငှက်များ သို့မဟုတ် သားရဲများ မရှိသော လွင်တီးခေါင်မြေ တစ်ခု ဖြစ်၏။
အနက်ရောင် ချီဓာတ်များက အသူတရာ ချောက်နက်တစ်ဝန်းလုံး၌ မျောလွင့်နေသည်။ လူများ အောက်သို့ ငုံ့ကြည့်လိုက်လျင် အသူတရာ ချောက်နက်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည့် တစ္ဆေမျက်လုံးနှင့် ဆင်တူနေသည်ကို တွေ့ရှိရပေလိမ့်မည်။
သို့သော် ထိုအသူတရာ ချောက်နက်၏ အောက်ခြေအဆုံး၌ အရိုးဖြူဖြူများနှင့် ပြည့်နှက်နေသည့် သင်္ချိုင်းကုန်းတစ်ခု ဖြစ်သည်ကို မည်သူမျှ မသိကြချေ။
ထို့ပြင် အရိုးများ၌ ကျန်ရှိနေသေးသော အဝတ်အစားများ၌ အမှတ်အသား သင်္ကေတများ ပါရှိနေသည်။ အကယ်၍ အနောက်တိုင်း သိုင်းပညာရှင်တစ်ယောက်သာ ထိုသင်္ကေတများကို မြင်ပါက ထိုအရိုးဖြူများသည် အနောက်တိုင်းရှိ အင်အား ကြီးမားသော အင်အားစုများ၏ ရှေးထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။
အလွန်များပြားသော အရိုးဖြူဖြူများနှင့် ဦးခေါင်းခွံများက တောင်တစ်လုံးကဲ့သို့ ဖြစ်တည်နေပြီး ထိုအရာကို မြင်သည့်သူတိုင်း ကြောက်လန့်ကာ တုန်လှုပ်သွားလောက်သည်။
အရိုးများနှင့် ဦးခေါင်းခွံများဖြင့် ဖြစ်တည်နေသော တောင်တစ်လုံး၏ ထိပ်၌ အနက်ရောင် ပုံရိပ်တစ်ခု ရပ်နေ၏။
တစ္ဆေနတ်ဘုရား၏ ကိုယ်ပွားက ဝိညာဉ်စား ဦးခွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရချိန်တွင် ထိုအနက်ရောင် ပုံရိပ်က သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ့မျက်လုံးများက နေကဲ့သို့ တောက်ပနေ၏။
"ငါ့ကိုယ်ပွားကို တစ်ယောက်ယောက်က သတ်သွားပြီ။ မဖြစ်နိုင်လိုက်တာ"
ထိုအနက်ရောင် ပုံရိပ်သည် အနောက်တိုင်း၌ နာမည်ဆိုးဖြင့် ကျော်ကြားသော အနောက်တိုင်း တစ္ဆေ နတ်ဘုရားဖြစ်သည်။
ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ အလွန် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
"ထူးဆန်းတဲ့ လူအိုကြီးတစ်ချို့ ပြန်ပေါ်လာတာများလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့ကိုယ်ပွားက အသတ်ခံလိုက်ရရင်တောင်မှ ငါ့ကို မသေခင် အမြဲ သတင်းပို့နေကြ၊ ဒါပေမယ့် အခုက …"
အနောက်တိုင်း တစ္ဆေ နတ်ဘုရားသည် အလွန် ထိတ်လန့်၍ သံသယဝင်ကာ ရေရွတ်နေမိသည်။ သူ့ကိုယ်ပွား ဖျက်ဆီးခံလိုက်ရသည်။ သို့သော် သူ့ကိုယ်ပွား ဝိညာဉ်ထံမှ သူ မည်သည့် သတင်းမှ မရရှိခဲ့။
ဤသည်က သူ့ကိုယ်ပွား၏ ဝိညာဉ်က ခန္ဓာကိုယ်နှင့်အတူ ပျက်ဆီးသွားသည်ကို ဖော်ပြလို့နေ၏။
*မယုံနိုင်စရာပါလား*
"တစ္ဆေကလေးငယ်"
အနောက်တိုင်း တစ္ဆေနတ်ဘုရားက ဟစ်အော်ခေါ်လိုက်သည်။ စက္ကန့်ပိုင်းမျှကြာသော် တစ္ဆေအရိပ်တစ်ခု ထွက်ပေါ်လာပြီး သုညဒဿမငါးမီတာ အရပ်ရှိသော ကလေးမျက်နှာနှင့် ခပ်သေးသေး ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။
"အရှင်"
တစ္ဆေ ကလေးငယ်သည် မြေကြီးပေါ် ဒူးထောင်၍ တလေးတစားနှင့် ခေါ်ဆိုလိုက်သည်။
"ငါ့ကိုယ်ပွားကို ဘယ်သူဆင့်ခေါ်ပြီး ဘယ်သူက ငါ့ကိုယ်ပွားကို ဖျက်ဆီးလိုက်တယ်ဆိုတာကို သွားစစ်ဆေးလာခဲ့"
အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ စကားဆုံးသော် တစ္ဆေ ကလေးငယ်က ချက်ချင်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
အမိန့်ကို ရပြီးသည်နှင့် တစ္ဆေကလေးငယ်သည် ရုတ်တရက် အနက်ရောင် ချီမျှင်စုများအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ် ငရဲထဲမှ တဖြည်းဖြည်းထွက်ခွာသွားသည်။
တစ္ဆေကလေးငယ် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ မျက်လုံးက သွေးဆာသည့်အသွင်သို့ ပြောင်းလာကာ တစ်ကိုယ်တည်း ရေရွတ်နေသည်။
"အဲ့ကိုယ်ပွား ရလာဖို့ ငါ နှစ်တစ်ရာ အချိန်ယူခဲ့ရတယ်။ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့ကိုယ်ပွားကို သတ်လိုက်ပြီဆိုမှတော့ ငါ မင်းကို မင်းရဲ့ စိတ်ဝိညာဉ်နဲ့အတူ သတ်ပစ်မယ်။ မင်း ဘယ်တော့မှ ပြန်လည်ဝင်စားလို့ မရနိုင်စေရဘူး"
သူ၏ ခက်ထန်သော ကြုံးဝါးသံက ဝိညာဉ်ငရဲတစ်ခုလုံးကို ပြင်းစွာ တုန်ခါသွားစေသည်။
…
သေမင်း မြစ်ဝကျွန်းပေါ်ဒေသသည် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကြားရှိ ရွှေတြိဂံနယ်မြေထဲမှ ဖြစ်သည်။
ထိုနေရာသည် အရှေ့တောင်အာရှရှိ အရက်စက်ဆုံးသော လူများ၏ နိဗ္ဗာန်ဘုံပင်။ ထိုနေရာအား များစွာသော အင်အားစုများက မျှဝေ၍ စံစားကြသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက အိပ်မက်ဆိုးဘုရင်ဟု ကျော်ကြားသော သိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာခဲ့ဖူးသည်။ သူ့၌ ဩချရလောက်သည့် ခွန်အားရှိသည်။ သံမဏိလက်သီးနှင့် ထူးကဲသော သိုင်းကွက်များနှင့်အတူ သူသည် သေမင်းမြစ်ဝကျွန်းပေါ်ဒေသမှ သိုင်းပညာရှင်အားလုံးကို အနိုင်ယူ၍ သူတို့အားလုံးအား သူ၏ ကျေးကျွန်အဖြစ် ထားရှိခဲ့သည်။
နောက်ပိုင်းတွင် သူသည် သူ၏ ကြမ်းကြုတ်ရက်စက်သော လူများနှင့်အတူ အရှေ့တောင်အာရှ နိုင်ငံအားလုံးအား သုတ်သင်ရှင်းလင်းခဲ့သည်။
သူ့အား အရှင်သခင်များအားလုံးက ကိုးကွယ်ကြသည်။ သူသည် အိပ်မက်ဆိုး ဘုရင်ဖြစ်လေသည်။ သို့သော် အိပ်မက်ဆိုးဘုရင် ကျဆုံးသွားပြီးနောက် သေမင်း မြစ်ဝကျွန်းပေါ်ဒေသသည် သူ၏ မူလ ပိုင်ဆိုင်မှုများကို ဘယ်သောအခါမှ ပြန်လည်မရယူနိုင်တော့ချေ။
အိပ်မက်ဆိုး အရှင်သခင်များအားလုံးက အိပ်မက်ဆိုးဘုရင်အသစ်အား စောင့်မျှော်နေခဲ့ကြသည်။
နေ့လည်ခင်းအချိန်၌ သေမင်း မြစ်ဝကျွန်းပေါ်ဒေသရှိ တောအုပ်ထဲတွင် လူတစ်စုသည် လျင်မြန်စွာ ထွက်ပြေးနေကြသည်။
"မြန်မြန် … မြန်မြန် … မြန်မြန်လေး"
အဖွဲ့ကို ဦးဆောင်နေသော အကြီးအကဲများက လူငယ်တစ်ယောက်အား သစ်ပင်များနှင့် ချုံနွယ်များကို ဖြတ်၍ စိုးရိမ်တကြီး လိုက်ပါစောင့်ရှောက်နေသည်။
အကြီးအကဲတစ်ယောက်ချင်းစီသည် သွေးစွန်းကွက်များဖြင့် ဖြစ်နေပြီး အလွန် ကြောက်လန့်ဖွယ်ကောင်းသော တည်ရှိမှု၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသကဲ့သို့ အလွန်အမင်း ထိတ်လန့်နေကြသည်။
အကယ်၍ ယဲ့ဖန်သာ ဒီမှာ ရှိမည်ဆိုပါက ထိုသူတို့ ဦးဆောင်ကာ လိုက်ပို့နေသော လူငယ်လေးသည် လောဘအိုး ဝံပုလွေ ဖေးချမ် ဖြစ်မည်ကို သေချာပေါက် သတိပြုမိပေလိမ့်မည်။
ဖေးချမ်သည် ယခင်ကထက် ပို၍ ပိန်ပါးနေပြီး အလျှော့မပေးတတ်သော သွင်ပြင်ရှိသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဒဏ္ဍာရီအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ နဖူးအလယ်တည့်တည့်၌ အနက်ရောင် မှော်စာလုံးတစ်လုံး ရှိနေသည်။
"ဦးလေးချာခါ … ဦးလေးထူနဲ့ အခြားသူတွေကို ဘယ်လိုလုပ်မလဲ"
ဖေးချမ်က သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ သူ့စကားကြောင့် အဖွဲ့ကို ဦးဆောင်နေသည့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ဖြစ်သူက အနည်းငယ် ဝမ်းနည်းနေသော အကြည့်ဖြင့် ပြောလိုက်သည်။
"အရှင် ထူပေါ်နဲ့ အခြားသူတွေ အဖမ်းခံလိုက်ရပင်မယ့်လည်း သူတို့ အချိန်အတိုင်းအတာ တစ်ခုထိတော့ ဘေးကင်းပါတယ်။ အဲ့ကောင်ရဲ့ ပစ်မှတ်က အရှင်ပါ။ သူက အရှင့်ရဲ့ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို လိုချင်နေတာပါ"
အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်း။ မှန်၏။ ဖေးချမ်သည် အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကွက်အား ရရှိခဲ့ပြီး သေမင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အိပ်မက်ဆိုးဘုရင်သစ် ဖြစ်လာခဲ့သည်.
သို့သော် သူ့အား အိန္ဒိယမင်းသား ကာရိုးလ်က အငိုက်ဖမ်း တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
"အရှင် … အိပ်မက်ဆိုး သခင်တွေဖြစ်တဲ့ ကျွန်တော်တို့က အရှင့်ကို နှစ်ရာနဲ့ချီပြီး စောင့်နေခဲ့ရတာပါ"
"အခု ကျွန်တော်တို့ အရှင့်ကို ရှာတွေ့ခဲ့ပြီ။ ကျွန်တော်တို့ သေမယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ စိတ်အေးလက်အေးနဲ့ အနားယူနိုင်ပါပြီ"
ထိုသို့ပြောပြီ ထိုဒဏ္ဍာရီလာတစ်ပိုင်းအဆင့် အဘိုးအိုသည် မျက်ရည်အနည်းငယ် စီးကျလာသည်။ သူ့စကားကို ကြားပြီး ဖေးချမ်၏ မျက်လုံးများ စိုစွတ်လာရသည်။ တောအုပ်သို့ သွားနေရာ လမ်းတစ်လျှောက်တွင် များစွာသော အိပ်မက်ဆိုး သိုင်းပညာရှင်များ သူ့အတွက်နှင့် သေဆုံးခဲ့ရသည်။
သွေးအိုင်ထဲသို့ ကျဆင်းခဲ့ရသည့် အခြားသူများကြောင့် သူ အလွန်ဒေါသထွက်စေခဲ့သည်။
ဂျုံး!
ထိုစဉ် မြေကြီးပေါ်သို့ လျှပ်စီးတစ်စင်း ပစ်ချလာသည်။
"အရှင် သတိထားပါ"
လူအိုကြီး ချာခါ ချက်ချင်း ကြောက်ရွံ့လာကာ ဖေးချမ်အား အဝေးသို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လေထဲသို့ အားနှင့် ထိုးနှက်လိုက်သည်။
ဒုန်း!
ပေါက်ကွဲသံနှင့်အတူ ဦးလေး ချာခါ၏ လက်မောင်းတစ်ဘက် တစ်စစီဖြစ်သွားကာ စက္ကူကဲ့သို့ လေထဲ၌ ဆယ်မီတာခန့် လွင့်ထွက်သွားသည်။
ထို့နောက် သူသည် မြေကြီးပေါ်သို့ ပစ်လဲကျသွား၏။
"ဦးလေးချာခါ"
ဖေးချမ် အကြီးအကျယ် ထိတ်လန့်သွားကာ အလျင်အမြန် ပြေးလွှား၍ ဦးလေးချာခါအား မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။
အဘိုးအို၏ လက်မောင်းတစ်ဘက်လုံး ကြေမွသွားလေပြီ။ အလွန် ပုံပျက်ပန်းပျက်ဖြစ်နေသဖြင့် သူ့ပုံစံသည် အလွန် စိတ်ဓာတ်ကျနေပုံရသည်။
ထို့နောက် သူသည် အိန္ဒိယလူငယ်လေးတစ်ယောက်ကို သတိပြုမိသွားသည်။ ထိုသူသည် အိန္ဒိယ၏ ဆက်ခံသူ အိန္ဒိယမင်းသား ကာရိုးလ်ပင် ဖြစ်သည်။
ဖေးချမ်အား လောဘမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မင်းသား ကာရိုးလ်က အလွန်တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ပုရွက်ဆိတ်လိုကောင် … ငါ့ကို အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်း ပေးစမ်း၊ မဟုတ်ရင် မင်း သေရမယ်"
သူ့စကားကြောင့် ဖေးချမ်နှင့် အခြားသူများအားလုံး အလွန် ဝမ်းနည်းလာကြသည်။
"မင်းသား ကာရိုးလ် အဲ့အကြောင်းကို မေ့လိုက်ပါတော့။ ကျုပ်တို့ အိပ်မက်ဆိုးသခင်တွေက ကျုပ်တို့ အရှင်ကို အသိအမှတ်ပြုပြီးသွားပါပြီ။ သူက ကျုပ်တို့ရဲ့ အိပ်မက်ဆိုးဘုရင်ပဲ"
"မင်း အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို ရသွားမယ်ဆိုရင်တောင်မှ သေမင်းမြစ်ဝကျွန်းပေါ်ဒေသက ဘယ်သူမဆို မင်းကို သူတို့ရဲ့ အရှင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး"
အကြီးအကဲ ချာခါက နီမြန်းနေသော မျက်နှာနှင့် လူသိရှင်ကြား စွပ်စွဲ ရှုတ်ချလိုက်သည်။ သူ့စကားကို ကြားပြီးနောက် မင်းသားကာရိုးလ်က ရက်စက်သော အကြည့်များဖြင့် ပြောလိုက်သည်။
"အဟက် … တကယ်လား"
"မင်းက ငါ့ကို မလေးစားဘူးဆိုရင် ငါ ဒီနေရာက တစ်စုံတစ်ယောက်ကို သတ်ရလိမ့်မယ်။ အကယ်၍ မင်းတို့လူ ဆယ်ယောက်က ငါ့ကို မလေးစားဘူးဆိုရင် ငါ လူဆယ်ယောက်ကို သတ်ပစ်မယ်။ အကယ်၍ မင်းတို့ဘယ်သူမှ ငါ့ကို မလေးစားဘူးဆိုရင် ငါ မင်းတို့အားလုံးကို သတ်ပစ်မှာ"
မင်းသား ကာရိုးလ်သည် ကာရိုးလ်ဘုရားကျောင်းအား သိမ်းပိုက်စိုးမိုးထားပြီးသား ဖြစ်သည်။ ယခု သူသည် သေမင်းမြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် စီစဉ်ထားခဲ့ပြီ ဖြစ်သည်။
ထို့နောက် မင်းသား ကာရိုးလ်သည် ဖေးချမ်ထံသို့ လျှောက်လာသည်။ ဤမြင်ကွင်းကြောင့် အိပ်မက်ဆိုး သိုင်းပညာရှင်များက မခံမရပ်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"အရှင် မြန်မြန်ပြေးပါတော့"
ထိုသို့အော်ဟစ်ပြီးနောက် သူတို့အားလုံးသည် မင်းသား ကာရိုးလ်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။ ဖေးချမ်၏ ဘေးကင်းမှုအတွက် သူတို့၏ အသက်နှင့် အလဲအလှယ် လုပ်ချင်နေကြခြင်း ဖြစ်သည်။
"သေပေတော့"
သူတို့အားလုံး အသေခံကြရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။ သို့သော် သူတို့သည် အလွန် ထင်ရှားပြတ်သားသော ခွန်အားကွာခြားမှုကို မကျော်ဖြတ်နိုင်ပါ။
မင်းသားကာရိုးလ် လက်တစ်ချက် လှုပ်လိုက်သည့်အခါတိုင်း သူသည် သိုင်းပညာရှင်တစ်ယောက်၏ အသက်ကို နုတ်ယူနိုင်ခဲ့သည်။ သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
ဖေးချမ်၏ မျက်လုံးထဲတွင် ဒေါသတရားများဖြင့် အလွန်အမင်း ပြည့်နှက်လာ၏။ ထို့နောက်တွင် သူနှင့် သူတို့အဖွဲ့သည် အိပ်မက်ဆိုး ချောက်ကမ်းပါးအစွန်းသို့ မရောက်ရောက်အောင် ဖိအားပေးခံနေရသည်ကို သတိထားမိလိုက်ကြသည်။
အလွန်သန်မားသော ရန်သူတစ်ယောက်က ရှေ့တွင်ရှိနေပြီး အနောက်တွင်လည်း ချောက်ကမ်းပါး ရှိနေသည်၊ သူတို့ တကယ့်ကို ချောင်ပိတ်မိနေပြီ ဖြစ်သည်။
စာစဉ် (19) ဤတွင်ပြီးပါပြီ။