နောက်ဆုံး ဆုံးဖြတ်ချက်
Vol. 1-9 Ch. 26
အပိုင်း(၂၆) နောက်ဆုံး ဆုံးဖြတ်ချက်
ရန်ရှုသည် ရန်ကျောက်ကဲအား စိုက်ကြည့်နေသည်။ ရန်ကျောက်ကဲက ပြုံးလျက် ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက သူတို့နှစ်ယောက်အား ကြည့်၍ သက်ပြင်းချလိုက်သည်။ "ဒီလျို့ဝှက်နည်းလမ်းကို ငါလည်း မတွေ့ဖူးဘူး၊ ဂိုဏ်းထဲက မှတ်တမ်းတွေမှာလည်း မဖော်ပြထားဘူး"
"သိုင်းတူလေးရန်၊ မင်းက ဒီနည်းလမ်းကို အရင်ဆုံး တီထွင်တဲ့သူ ဖြစ်ရင် ဖြစ်မှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ မင်းရဲ့စွမ်းဆောင်မှုကို ငါတို့ မှတ်တမ်းတင်ထားမှာပါ"
"လေဝိဉာဉ်တောင်ကြားရဲ့ အဆင့်နိမ့်အကြီးအကဲက ဒီနည်းလမ်းကို သိထားလား မသိထားလား ဆိုတာ ငါတို့ ပြီးကျရင် ခေါ်မေးမှာပါ၊ ဒီကိစ္စနဲ့ ဆက်နွယ်နိုင်တဲ့ လေဝိဉာဉ်တောင်ကြားက လူအားလုံးကို ဆင့်ခေါ်မှာပါ၊ အမှန်တရားက မကြာခင် ပေါ်ပေါက်လာမှာပါ"
ရန်ကျောက်ကဲက ပြုံးလိုက်သည်။ "ဒီကျောက်စိမ်းအဆီအနှစ် ထုတ်ဖော်တဲ့ လျို့ဝှက် နည်းလမ်းကို လက်ရှိမှာ ကန့်သတ်ထားတာ ပိုကောင်းလိမ့်မယ်၊ ဒီနည်းလမ်းနဲ့ ကျောက်စိမ်းအဆီအနှစ် ထုတ်ဖော်ဖို့ဆိုတာ အလွန့် အလွန် လွယ်ကူတယ်"
"လေဝိဉာဉ်တောင်ကြားကလွဲရင် ဒီကမ္ဘာပေါ်မှာ တိမ်သွေးကြောသလင်းကျောက် ထုတ်လုပ်နိုင်တဲ့ အခြားနေရာတွေ ရှိသေးတယ်၊ ဒီနည်းလမ်းသာ ပြန့်နှံ့သွားရင် ကျောက်စိမ်းအဆီအနှစ်ရဲ့ တန်ဖိုးက အများကြီး လျော့ကျသွားလိမ့်မယ်"
"ကျွန်တော်တို့ဂိုဏ်းက ကျောက်စိမ်းအဆီအနှစ် အများအပြားလိုအပ်တာ မှန်တယ်၊ ဒါပေမယ့် ဒီပစ္စည်းက ရှားပါးလို့ပဲ တန်ဖိုးထားနေကြတာ၊ ဈေးကွက်မှာ အသာရဖို့ ဒီသတင်းကို သိုသိုသိပ်သိပ် ထိန်းသိမ်းထားသင့်တယ်"
"တိမ်သွေးကြောသလင်းကျောက် တူးဖော်တာကိုလည်း ဖြည်းဖြည်းချင်း လုပ်ဆောင်သင့်တယ်၊ အခြားသူတွေ အာရုံစိုက်တာ မခံရအောင်၊ အထူးသဖြင့် ပြိုင်ဘက် အင်အားစုတွေပဲ၊ ဂိုဏ်းက အကြီးအကဲတွေ ဒီကိစ္စကို အသေအချာ စဉ်းစားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ကျွန်တော် ဆက်မပြောတော့ပါဘူး"
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ခေါင်းငြိမ့်သည်။ "ဒါ လုပ်ရမယ့် ကိစ္စပဲ"
သူသည် ရန်ရှု့ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒါက ထိပ်တန်းကိစ္စပဲ၊ အရှေ့တန်နိုင်ငံရဲ့ ကိစ္စမဟုတ်တော့ဘူး၊ ငါတို့ အရှေ့ကောင်းကင်ဒေသကတောင် စွက်ဖက်သင့်တဲ့ ကိစ္စမဟုတ်ဘူး၊ ပင်မဂိုဏ်းကပဲ ဆုံးဖြတ်ချက် ချလိမ့်မယ်"
ရန်ရှု့၏မျက်နှာက လေးနက်သွားသည်။ သူ့ကိုယ်ကို ညွှတ်လိုက်ပြီး "ဒီလူအိုကြီး သဘောတူပါတယ်"
ရန်ကျောက်ကဲက ဆက်ပြောသည်။ "အရင်ကနဲ့ ယှဉ်ရင် လက်ရှိမှာ လေဝိဉာဉ်တောင်ကြားက ကျွန်တော်တို့အတွက် အများကြီး ပိုအရေးပါတယ်၊ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ပင်မဂိုဏ်းဆီ မလွဲအပ်ခင် အဲ့နေရာ တည်ငြိမ်ဖို့က အရေးကြီးဆုံးပဲ၊ စုံစမ်းစစ်ဆေးခံရမယ့် အဆင့်နိမ့်အကြီးအကဲက အဲ့နေရာကို ဆက်လက်အုပ်ချုပ်နေတာက၊ သင့်တော်ရဲ့လား"
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ တခဏမျှ တိတ်ဆိတ်သွားသည်။ တစ်ဖက်တွင် ရန်ရှု့၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
"ရန်ကျောက်ကဲ၊ ဒါ မင်း ဝင်ပါသင့်တဲ့ ကိစ္စလား"
"ဒီကျောက်စိမ်းအဆီအနှစ်ကိစ္စမှာ မင်း အကျိုးဆောင်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် အဆင့်နိမ့်အကြီးအကဲ တစ်ယောက်ကို တာဝန်က ဖယ်ရှားဖို့ဆိုတာ မင်း ဝင်ပြောသင့်တဲ့ အရာမျိုး မဟုတ်ဘူး"
"ကိုယ့်ကိုကိုယ် မာန်တက်ပြီး ကိုယ့်နေရာ ကိုယ်မေ့သွားတာလား"
ရန်ကျောက်ကဲက ညင်သာစွာ ပြောလိုက်သည်။ "ဝမ်နင်ဇီက အကြီးအကဲရန်ရဲ့ အနီးကပ် လူယုံပဲ၊ သူ့အကြောင်းကို အကြီးအကဲက ကျွန်တော့ထက်ပို နားလည်ပါတယ်"
ရန်ရှု့၏အကြည့်က ပိုမို အေးစက်လာသည်။ ရန်ကျောက်ကဲ၏ စကားတွေ နောက်ကွယ်မှ အဓိပ္ပာယ်ကို အဘယ်သို့ သူက နားမလည်ဘဲ နေမည်နည်း။
"ခင်ဗျားရဲ့ လက်အောက်ငယ်သား တဖြစ်လှည့် အနီးကပ်လူယုံက ပြိုင်ဘက်ဂိုဏ်းနဲ့ ပူးပေါင်းကြံစည်နေတယ်၊ ခင်ဗျားကရော" ဆိုသည့် သဘောဖြစ်သည်။
ရန်ကျောက်ကဲကို ကြည့်ပြီး စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက အနည်းငယ် သက်ပြင်းချလိုက်သည်။
ရန်ကျောက်ကဲသည် ကြက်ခေါင်းဆိတ်မခံသော စရိုက်မျိုးဖြစ်သည်။ အရမ်းလည်း အထက်စီးဆန်သည်။ အရှေ့တန်ဒေသတစ်ခုလုံး၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ရှေ့၌ပင် သူ မည်သို့ ပြုမူနေသည်ကို ကြည့်ပါလော။
သို့သော် ဤတစ်ကြိမ် ရန်ကျောက်ကဲကို သူတို့ စစ်မေးစဉ်က သူတို့တွင် လက်ဆုပ်လက်ကိုင် ပြနိုင်စရာ သက်သေမရှိပါ။ သံသယရှိရုံသက်သက်ဖြင့် မေးမြန်းခြင်းဖြစ်သည်။
ယခု သက်သေမရှိဘဲ ဝမ်နင်ဇီက တိမ်သွေးကြောသလင်းကျောက်နောက်ကွယ်မှ လျို့ဝှက်ချက်ကို သိသည်ဟူသော သံသယရှိလာပြန်သည်။ အဘယ်သို့ သူက စစ်မမေးဘဲ နေရမည်နည်း။ ရန်ကျောက်ကဲကို စစ်မေးပြီး ဝမ်နင်ဇီကို စစ်မမေးပါက သူ ဘက်လိုက်ရာကျသွားမည် ဖြစ်သည်။
ဤအရာသည် ရန်ကျောက်ကဲက တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူ သဘောပေါက်သည်။ သို့သော် ဝမ်နင်ဇီက ထိုအကြောင်းကို လုံးဝ မသိဟု မည်သူက တပ်အပ် ပြောနိုင်မည်နည်း။
မသိနားမလည်သည့်အတွက် အပြစ်မရှိဟု ဆိုသော်လည်း တိမ်သွေးကြောသလင်းကျောက် ပမာဏ အများကြီးကို ပြင်ပကမ္ဘာသို့ ထုတ်ရောင်းသည့်အကြောင်း တွေးမိလျှင် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ၏ ရင်ထဲ နာကျင်မိသည်။
ဝမ်နင်ဇီက ရန်ကျောက်ကဲအကြောင်း သတင်းပို့ခြင်းသည် ဂိုဏ်းအတွင်း အုပ်စုများအကြား ပဋိပက္ခကြောင့် ဖြစ်လောက်မည်။ ထို့အပြင် အကြီးအကဲခွိုင် ရာထူးချခံရသည်နှင့် ပတ်သတ်ပြီး ဝမ်နင်ဇီက ရန်ကျောက်ကဲအပေါ် အငြိုး ထားနေလောက်သည်။
အရှေ့တန်ဘုရင်က ထီးဟန်နန်းဟန်ဖြင့် ပြောလိုက်သည်။ "လေဝိဉာဉ်တောင်ကြားက ဒီကိုယ်တော်ရဲ့ အရှေ့တန်ပိုင်နက်ထဲမှာ ရှိနေပေမယ့် ဝါဒတောင်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတစ်ခုပဲ၊ ဒါနဲ့ ပတ်သတ်ပြီး ဒီဘုရင် ဘာမှ ပြောစရာမရှိပေဘူး၊ ကျောက်စိမ်းအဆီအနှစ် စတင် ထုတ်လုပ်ရင် ဒီကိုယ်တော်ရဲ့ အရှေ့တန်ကို နည်းနည်းပါးပါး ထောက်ပံ့စေချင်တာပဲ၊ တန်ဖိုးကို ဈေးကွက်တန်ကြေးအတိုင်းပေးမယ်၊ ဝါဒတောင်ဂိုဏ်း မနစ်နာစေရပါဘူး"
"အရင်နှစ်တွေတုန်းက မီးနယ်မြေနဲ့ လေနယ်မြေက ကျောက်စိမ်းအဆီအနှစ် အထောက်အပံတွေ လျော့ကျလာတာကြောင့် ဒီကိုယ်တော်ရဲ့ နိုင်ငံတော်ထဲမှာ ပြတ်လတ်မှုတွေ ဖြစ်ပေါ်လာတယ်၊ အကျွန်ုပ်ရဲ့ အရှေ့တန်ကလည်း ကျောက်စိမ်းအဆီအနှစ်တချို့ကို အရေးတကြီး လိုအပ်နေတယ်၊ ဝါဒတောင်ဂိုဏ်းက ကူညီပေးနိုင်မလား"
သူက တရားဝင် ထုတ်ဖော်မပြောဆိုသော်လည်း လေဝိဉာဉ်တောင်ကြားသည် အရှေ့တန်နိုင်ငံနယ်နမိတ်ထဲတွင် တည်ရှိနေသော နေရာဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောကြားခြင်းမရှိသော်လည်း သူသည် ဝမ်နင်ဇီအား ကျေနပ်ပုံ မရချေ။ ဝမ်နင်ဇီနှင့် ဆက်ဆံချင်ပုံမပေါ်ပေ။
ရန်ရှု့ မျက်လုံးမှိတ်ပြီး အသက်ကို ပြင်းပြင်း ရှုလိုက်သည်။ သူ့မျက်နှာက ယခင်ကကဲ့သို့ တည်ငြိမ်သွားသည်။
သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သူ့အကြည့်က တဖန် အေးချမ်းသွားပြီး ချောက်နက်ကြီးကြပ်ခြင်းမြို့ အကြီးအကဲ ရှု့ချွမ်ကို ကြည့်လိုက်သည်။ "ငါက ဝမ်နင်ဇီ ဒီကိစ္စကို မသိဘူးလို့ ယုံကြည်ပေမယ့် သူက လက်ရှိမှာ စုံစမ်းစစ်ဆေးခံရမယ့်အတွက် လေဝိဉာဉ်တောင်ကြားမှာ လစ်ဟာနေလိမ့်မယ်၊ သူက အဲ့နေရာမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်သေးတာ အမှန်ပဲ"
"တကယ်လို့ တခြားနေရာက လူတစ်ယောက်ကို ခေါ်ပြီး နေရာချလိုက်ရင် နဂါးချုပ်လှောင်ခြင်းချောက်နက်ပတ်ဝန်းကျင်က အခြေအနေတွေနဲ့ အသားကျဖို့ အချိန်ယူရဦးမှာပဲ၊ တိမ်သွေးကြောသလင်းကျောက်ကိစ္စကို အတွင်းရော အပြင်ပါ တင်းကြပ်သင့်တယ်၊ နှောင့်နှေးလို့ မရဘူး"
"ရှု့ချွမ်၊ မင်းက ချောက်နက်စောင့်ကြပ်ခြင်းမြို့ရဲ့အကြီးအကဲပဲ၊ လေဝိဉာဉ်တောင်ကြားနဲ့လည်း အဆက်အဆံရှိတယ်၊ ပြီးတော့ အဲ့နေရာရဲ့ မြေမျက်နှာပြင်အနေအထားကိုလည်း နားလည်တယ်၊ အဲ့တောင်ကြားကို ယာယီကြီးကြပ်ဖို့ ငါ မင်းကို စေလွှတ်တယ်၊ နောက်မှ ပင်မဂိုဏ်းက တရားဝင် ဆုံးဖြတ်ချက် ချလိမ့်မယ်"
"တစ်ချိန်တည်း နေရာနှစ်ခုကို ကြီးကြပ်ရတာ မင်းတော့ ဝန်ပိနေမှာပဲ၊ လတ်တလောတော့ ဒုက္ခခံလိုက်ဦး"
ရှု့ချွမ်က တည်ငြိမ်လျက်ရှိသည်။ ရန်ကျောက်ကဲနှင့် သီးသန့် တွေ့စဉ်က သူ့၏ မျက်နှာချိုသွေး၊ ဖော်လံဖားသော အပြုအမူများ တစ်စွန်းတစ်စမျှမကျန်အောင် ပျောက်ကွယ်နေသည်။ သူ့အမူအရာက တည်ကြည်၊ လေးနက်နေ၏။ "အမိန့်တော်အတိုင်းပါပဲ၊ ကျွန်တော့ ကိုယ်အားဉာဏ်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားပါမယ်"
ရန်ရှု့က မည်သို့မျှ မမြွတ်ဘဲ ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ ထို့နောက် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနှင့် အရှေ့တန်ဘုရင်ကို ခေါင်းငြိမ့်ပြသည်။ "မိစ္ဆာအိုကြီးဟန်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ရုတ်တရက် အပြောင်းအလဲတွေနဲ့ တစ်စုံတစ်ရာ ပတ်သတ်နေတယ်၊ ဒါ လက်ရှိမှာ အရေးကြီးဆုံးကိစ္စပဲ၊ ဒီလူအိုကြီး သူ့ကို ရှာဖွေရဦးမယ်"
ထိုနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ရန်ရှု့ မတ်တပ်ရပ်၍ ခြေလှမ်းကျဲကြီးများဖြင့် ခန်းမထဲမှ ထွက်သွားသည်။
အရှေ့တန်ဘုရင်လည်း မတ်တပ်ရပ်၍ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကို ပြောလိုက်သည်။ "နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက အခြေအနေတွေက လျစ်လျူရှု့ထားလို့ မရဘူး၊ ကျောက်စိမ်းအဆီအနှစ်ကိစ္စကို နောက်မှ ဆက်ဆွေးနွေးတာပေါ့၊ ဒီဘုရင်လည်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို သွားကြည့်လိုက်ဦးမယ်၊ အေးအေးချမ်းချမ်း ကျန်ရစ်ပါ အကြီးအကဲ၊ ကိစ္စ တစ်ခုခုဖြစ်ရင် ကျွန်တော့အရှေ့တန်က အကြီးအကဲနဲ့အတူ ပူးပေါင်းဆောင်ရွက်ပါမယ်"
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ခေါင်းငြိမ့်လိုက်သည်။ "အဲ့တာဆို အရှင်မင်းကြီးကို ကျေးဇူးတင်ရဦးမှာပဲ၊ အရှင်မင်းကြီးအပေါ် ခက်ခဲအောင် မလုပ်ဖို့ ကျွန့်တော်တို့ဂိုဏ်းက နေသူတော်စင်ဂိုဏ်းကို သတိပေးလိုက်ပါမယ်"
ရန်ကျောက်ကဲက တောက်ပစွာ ပြုံးလိုက်သည်။ "ဂရုစိုက်ပါ ဦးရီးတော်၊ ဒီရန်ကျောက်ကဲက ဦးရီးတော်ဆီကို မကြာခင် လာလည်ဦးပါမယ်"
အရှေ့တန်ဘုရင်၏ တည်ကြည်သော မျက်နှာက အနည်းငယ် ပြုံးယောင် သန်းသွားသည်။ သူက ရန်ကျောက်ကဲ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ထွက်ခွာသွားသည်။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောသည်။ "ဝမ်နင်ဇီရဲ့ကိစ္စကို ခဏ ဘေးချထားတာပေါ့"
"သိုင်းတူလေးရန်၊ ခေါင်းဆောင်သိုင်းပညာရှင်အနေနဲ့ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ လူငယ်တွေကို လေ့ကျင့်ဖို့ ခေါ်သွားတယ်၊ ဒါပေမယ့် တပည့်တစ်ယောက် ပျောက်ဆုံးသွားတယ်၊ သေသလား ရှင်သလား မသိရသေးဘူး၊ မင်း မလုပ်ခဲ့သည့်တိုင် အတိုင်းအတာတစ်ခုထိတော့ တာဝန်ယူရမှာပဲ"
"အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို နောက်ထပ် အဆင့်မြှင့်တင်ဖို့ နည်းလမ်းတွေ့ခဲ့တာက ဂိုဏ်းအတွက် ကောင်းကျိုးဆောင်နိုင်ခဲ့တယ် ပြောရမှာပဲ"
"နေသူတော်စင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ချောင်ယွမ်လုံကို အပြတ်အသတ် အနိုင်ရခဲ့ပြီး ငါတို့ဂိုဏ်းရဲ့ နာမည်ကို ပျံ့နှံ့စေခဲ့တာကလည်း ဆုချီးမြှင့်ရမယ့် အရာပဲ"
"ဒါ့ပြင် တိမ်ဝိဉာဉ်သလင်းကျောက်ရဲ့လျို့ဝှက်ချက်ကို တွေ့ရှိခဲ့တယ်၊ ဒါကလည်း မင်း နောက်တစ်ကြိမ် အကြီးအကျယ် အကျိုးဆောင်နိုင်ခဲ့တာပဲ"
"အကျိုးဆောင်တာက အမှားအယွင်းကို မချေဖျက်နိုင်ဘူး၊ အမှားအယွင်းကလည်း အကျိုးဆောင်မှုကို မလျော့ကျစေနိုင်ဘူး၊ ဂိုဏ်းက ဆုပေး ဒဏ်ပေးစနစ်နဲ့ ဆောင်ရွက်တယ်၊ အဲ့နှစ်ခုလုံးအတွက် မင်းကို မကြာခင်မှာ အကြောင်းပြန်မယ်၊ ဒါပေမယ့် ထိပ်တန်း လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်တဲ့ အရာတွေကို တရားဝင် ထုတ်ပြန်လေ့ မရှိဘူး၊ အဲ့တာကြောင့် မင်းရဲ့ တိမ်သွေးကြောသလင်းကျောက်ကိစ္စ အကျိုးဆောင်မှုကို ဂိုဏ်းက တရားဝင်မကြေငြာနိုင်တာ မင်း နားလည်မှာပါ"
ဤအပြစ်ဒဏ်သေးသေးလေးက ဟန်ပြမျှပင်။ သူတို့သည် ဂိုဏ်း၏ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်။ သိုင်းဘိုးဘေးပင် ဂိုဏ်းစည်းမျဉ်းကို လိုက်နာရသည်။
သို့သော် ၎င်းက မည်သို့မျှ မသက်ဆိုင်ပေ။
ဆုက အများကြီး ပိုမို ရက်ရောမည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲက ထိုနောက်ကွယ်မှ သဘောတရားကို ကောင်းစွာ နားလည်သည်။
သူ ပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော် နားလည်ပါတယ်"
ခန်းမထဲမှ ရန်ကျောက်ကဲ ထွက်လာသောအခါ သူ့ကို စောင့်ဆိုင်းနေသော လူငယ်တပည့်များကို တွေ့ရသည်။
သူတို့ သူ့အနားတွင်း ဝိုင်းအုံပြီး မေးလိုက်သည်။ 'ဂိုဏ်းတူအကိုကြီးရန် ပြဿနာမရှိဘူးမလား၊ အဆင်ပြေတယ်မလား"
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ "အစကထဲက ဘာပြဿနာမှ မရှိပါဘူးကွာ၊ အကြီးအကဲတွေကို သေသေချာချာ ရှင်းပြပြီးမှတော့ နောက်ထပ် ဘာပြဿနာကများ ထပ်ရှိဦးမှာလဲ"
ထိုနေ့တွင် လေဝိဉာဉ်တောင်ကြား၏ အဆင့်နိမ့်အကြီးအကဲ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း ခံရသည်။ သူ့အား ဆက်လက်စစ်ဆေးမေးမြန်းရန် အရှေ့ကောင်းကင်ဒေသ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ဆင့်ခေါ်ထားသည်။
များမကြာမီ ရန်ကျောက်ကဲ၏ တရားဝင်ဆုများကို ဆုံးဖြတ်ပြီးသွားလေပြီ။