ဆုချီးမြှင့်ခြင်း
Vol. 1-9 Ch. 27
အပိုင်း(၂၇) ဆုချီးမြှင့်ခြင်း
ဝမ်နင်ဇီသည် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက သူ့အား ဆင့်ခေါ်သောအခါ ရန်ကျောက်ကဲ၏ ကိစ္စကြောင့်ဟု ထင်နေသေးသည်။
သို့သော် ချောက်နက်စောင့်ကြပ်ခြင်းမြို့သို့ ရောက်သောအခါ သူက စစ်ဆေးမေးမြန်းခံရမည်ဖြစ်ကြောင်း သိရှိသွားရာ ဝမ်နင်ဇီ အကြီးအကျယ် အံ့အားသင့်သွားသည်။
သူ ခေါင်းပေါက်မတတ်အောင် စဉ်းစားသော်လည်း မည်သည့် အကြောင်းရင်းကြောင့် သူက စစ်ဆေးမေးမြန်းခံရမည်မှန်း နားမလည်နိုင်ပေ။
အဖြစ်အပျက် အကြောင်းစုံကို သိရှိသွားသောအခါ ဝမ်နင်ဇီသည် ပါးစပ်ဟောင်းသား၊ မျက်လုံးအဝိုင်းသားဖြင့် အရှေ့သို့သာ ငူငိုင်လျက် ရပ်ကြည့်နေသည်။
တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း ဖြစ်သော်လည်း ဤတရားခွင်ကို ရင်ဆိုင်ပြီးနောက် သံယယအားလုံး ကင်းရှင်းသွားသည့်တိုင် ဝမ်နင်ဇီအဖို့ မူလရာထူးဖြစ်သော လေဝိဉာဉ်တောင်ကြား အကြီးအကဲနေရာကို ပြန်ရရန် ခဲယင်းပေသည်။ အခြားတစ်နေရာတွင် အဆင့်နိမ့်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရခြင်းက သူ့အတွက် အကောင်းဆုံး အခြေအနေဖြစ်သည်။
ရန်ကျောက်ကဲ၏ဒုတိယဦးလေး အုပ်စုမှ လေဝိဉာဉ်တောင်ကြား အဆင့်နိမ့်အကြီးအကဲ နေရာအတွက် ဆက်လက်ယှဉ်ပြိုင်လိုလျှင် အခြားတစ်ယောက်ကိုသာ စာရင်းသွင်းရပေမည်။ ဝမ်နင်ဇီမှာ ရာထူးလက်လွတ်လိုက်ရသဖြင့် ထိုနေရာကို ထိန်းချုပ်ပိုင်ခွင့် သူတို့ ဆုံးရှုံးသွားသည်။ ထို့ကြောင့် သူတို့အဖို့ ထိုနေရာတွင် ရှိနေသော ရန်ကျောက်ကဲတို့၏ လူနှင့် ယှဉ်ပြိုင်ရန် ခက်ခဲသည်။
အစောပိုင်းက ဝမ်နင်ဇီက တိမ်သွေးကြောသလင်းကျောက်များကို နေသူတော်စင်ဂိုဏ်းအား အကြီးအကျယ် ရောင်းချမှုကြောင့် ဂိုဏ်းအကြီးအကဲများ မချင့်မရဲ ဖြစ်မိကြသည်။ ထို့ကြောင့် သူသည် အပြစ်မရှိကြောင်း သက်သေပြနိုင်လျှင်တောင်မှ ညံ့ဖျင်းသူဟု ခေါင်းစဉ်တပ်ခံရမည်မှာ မလွဲမသွေ ဖြစ်သည်။
မူလက ဝမ်နင်ဇီ၏ ဘဝခရီးလမ်းသည် အစစအရာရာ အဆင်ပြေချောမွေ့နေ၏။ အတက်ဘက်ချည်းသို့သာ ဖြစ်သည်။ ယခု သူ့၏ အရှိန်အဟုန်နှင့် မြင့်တက်လာမှုက ရပ်တန့်သွားပြီး သူ့အနာဂတ်က ရုတ်တရက် မှောင်မိုက်သွားသည်။
"ရန်!!!!! ကျောက်!!!!! ကဲ!!!!!!"
ဝမ်နင်ဇီ အော်ဟစ်လိုက်ချင်သည်။ သို့သော် သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း လည်ချောင်းထဲမှ မည်သည့်အသံမျှ ထွက်မလာ။ ထိုအစား လည်ချောင်းထဲမှ သွေးများ ဆန်တက်လာပြီး အန်ထွက်တော့မလို ဖြစ်နေသည်။
…………….
“မင်းသားလေး၊ မင်းသားလေးက အချိန်တိုလေးအတွင်းမှာပဲ တာဝန်ခန်းမက အကြီးအကဲနှစ်ယောက်ကို သူတို့ထိုင်ခုံကနေ ကန်ချနိုင်ခဲ့တယ်"
အားဟူ၏စကားကို ကြားသောအခါ ရန်ကျောက်ကဲ ပုခုံးတွန့်ပြလိုက်သည်။ ထို့နောက် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ဒုတိယဦးလေးရဲ့အုပ်စုက ငါ့ကို တကယ့် ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ရှု့မြင်ကြတော့မယ် ထင်တယ်၊ ငါ့ကို ကလေးတစ်ယောက်လို့ တွေးကြတော့မှာ မဟုတ်ဘူး"
"အဲ့တာက ကောင်းလဲကောင်းတယ်၊ ဆိုးလည်း ဆိုးတယ်၊ ဒုတိယဦးလေး အုပ်စုရဲ့ သတိထားရမယ့် လူစာရင်းထဲ ပါလာတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အနာဂတ်မှာ အဲ့ဒီမနှစ်မြို့စရာလူတွေ ငါ့ကို ဒုက္ခပေးချင်ရင် နှစ်ခါလောက် ပြန်စဉ်းစားရလိမ့်မယ်"
အခြားတစ်ဖက်တွင် ဝမ်နင်ဇီ၏ ကံကြမ္မာက သတ်မှတ်ပြီး ဖြစ်သည်။ ရန်ကျောက်ကဲက ၎င်းအပေါ် နောက်ထပ် အာရုံမစိုက်တော့။ သို့သော် ဤတစ်ကြိမ် ဆုရရှိမည့် အရာများကိုတော့ ရန်ကျောက်ကဲ စိတ်ဝင်စားမိသည်။
ရန်ကျောက်ကဲ ကျသင့်မည့် အပြစ်ဒဏ်က နှစ်ဆင့်ဖြစ်သည်။ ပထမတစ်ဆင့်မှာ သူသည် အချိန်အနည်းငယ်မျှ တိုက်ပိတ်ခံရမည် ဖြစ်ပြီး နံရံများနောက်တွင် သူ့ကိုယ်သူ ပြန်လည် သုံးသပ်ရမည်။ ထို့နောက် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းရှိ ထူးဆန်းသော အဖြစ်အပျက်များကို စုံစမ်းရန် သူသည် ရှေ့တန်းမှ ဦးဆောင်ရမည် ဖြစ်သည်။
ဤအရာက ရန်ကျောက်ကဲအတွက် ကြီးကြီးမားမား မဟုတ်ပေ။ တိုက်ပိတ်ခံနေရစဉ် သူ ကျင့်ကြံနိုင်သည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်ကိုမူ သူသည် မည်သို့ပင်ဖြစ်စေ ထပ်မံသွားရောက်ရန် ရည်ရွယ်ထားသည်။ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ အန္တရာယ်ချီ အနက်ရောင်မြူများကို အသုံးချပြီး မိုးမြေပြောင်းပြန်နည်းစနစ်ဖြင့် သူ ဆက်လက် ကျင့်ကြံလိုသည်။
တစ်စက်မျှပင် မနာကျင်သော သူ ရရှိသည့် အပြစ်ဒဏ်နှင့် နှိုင်းယှဉ်လျှင် ဂိုဏ်းမှ သူ့အား ပေးအပ်သော ဆုများက အများကြီး ပိုမို ရက်ရောသည်။
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအား ထပ်မံ အဆင့်မြှင့်နိုင်သည့် နည်းလမ်းကို တွေ့ရှိခဲ့သည့်အတွက် သူသည် ဂိုဏ်း၏ တန်ဖိုးအရှိဆုံး ဆေးလုံးတစ်လုံးဖြစ်သည့် နက်နဲဝိဉာဉ်ဆေးလုံးကို ချီးမြှင့်ခြင်းခံရသည်။
"မင်းသားလေး၊ ကျွန်တော်တို့ဝါဒတောက်ဂိုဏ်းမှာရှိတဲ့ ဆေးလုံးတွေ၊ ဆေးဝါးတွေထဲမှာ အကောင်းဆုံးက ကောင်းကင်ဝါဒဆေးလုံးပဲ၊ ဒါပေမယ့် စာရင်းကို အောက်နည်းနည်းဆင်းကြည့်လိုက်ရင် နက်နဲဝိဉာဉ်ဆေးလုံးကလည်း နောက်ထပ်အကောင်းဆုံးတွေထဲက တစ်လုံးပဲ"
အားဟူက ရယ်မောရင်း "နက်နဲဝိဉာဉ်ဆေးလုံးက ရှားပါးပြီး အလွယ်တကူ ဖော်စပ်လို့ မရတဲ့ တန်ဖိုးကြီး ဆေးလုံးပဲ၊ တစ်ဂိုဏ်းလုံးပေါင်းရင်တောင်မှ နက်နဲဝိဉာဉ်ဆေးလုံးအရေအတွက်က နည်းနည်းလေးပဲ ရှိတယ်"
ရန်ကျောက်ကဲက ညင်သာစွာ ရယ်မောလိုက်သည်။ "အရေးကြီးဆုံးကတော့ ငါက ဒီဆေးလုံးကို လိုအပ်နေတာပဲ"
သူ့လက်ထဲရှိ ဆေးလုံးဖော်စပ်နည်းများက နက်နဲဝိဉာဉ်ဆေးလုံးထက် အများကြီး အရည်အသွေး မြင့်မားသည်။ သို့ရာတွင် ၎င်းတို့ကို ဖော်စပ်နိုင်ရန် အလွန်ခက်ခဲသည်။ ခက်ခဲရသည့် အဓိကအကြောင်းရင်းမှာ ထိုဆေးလုံးများ ဖော်စပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများ ရှားပါးလွန်းသောကြောင့် ဖြစ်သည်။
လက်ရှိ ရန်ကျောက်ကဲအတွက် ထိုနက်နဲဝိဉာဉ်ဆေးလုံးက အတော်လေး ကောင်းမွန်သော ဆုဖြစ်သည်။ ဆေးလုံးက ကျင့်ကြံသူများကို သူတို့၏ ကြယ်တာရာချီများ သန့်စင်ရာတွင် အကူအညီပေးသည်။
အတွင်းပိုင်းကြယ်တာရာချီ အထွတ်အထိပ် အဆင့်သို့ ရောက်ပြီးနောက် အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်က သူ့အား ကြိုလင့်နေလေပြီ။
အပြင်ပိုင်းကြယ်တာရာချီ အစောပိုင်းအဆင့်တွင် ကြယ်တာရာချီကို ခန္ဓာကိုယ်အပြင်သို့ ထုတ်လွှတ်နိုင်သည်။ အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ် အဆင့်ကို ရောက်သောအခါ သိုင်းပညာရှင်တစ်ယောက်၏ ကြယ်တာရာချီသည် သဏ္ဌာန်ဖွဲ့လာနိုင်သည်။ မရေမတွက်နိုင်သော သန့်စင်မှုများဖြင့် သိပ်သည်းသည်ထက် သိပ်သည်းအောင် ဖိနှိပ်ပြီး နောက်ဆုံးတွင် အစိုင်အခဲပုံသဏ္ဌာန် ပေါ်လာနိုင်သည်။
အပြင်ပိုင်းကြယ်တာရာချီအဆင့်တွင် ကနဦးအဆင့်မှ အလယ်အလတ်အဆင့်သို့ ချိုးဖျက်နိုင်ရန် ကျင့်ကြံသူက သူ့ခန္ဓာကိုယ်ရှိ ကြယ်တာရာချီများကို အပြည့်အဝ သန့်စင်ရသည်။ ထိုအဆင့်မှာ အလွန် အရေးကြီးသော အဆင့်ဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ထိုဆေးလုံးက ရန်ကျောက်ကဲအတွက် အသင့်တော်ဆုံး ဆေးလုံးဟု ဆိုနိုင်ပေသည်။
ချီးမြှင့်မည့်ဆု ရွေးချယ်ရာတွင် ဂိုဏ်းက ထိုအချက်များကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။ အမြင်သက်သက်ဖြင့် ပေးအပ်သည် မဟုတ်ပေ။
ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာချီ သိပ်သည်းမှုက ကနဦးအဆင့်မှ အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ရာတွင်သာ ကူညီနိုင်သည်သာမက အနာဂတ်ကျင့်ကြံမှုကိုပါ အထောက်အပံ့ပေးသည်။
အားဟူက အရိုးခံမျက်နှာဖြင့် ပြုံးလိုက်သည်။ "မင်းသားလေး၊ မင်းသားလေးရဲ့ ပါရမီနဲ့ဆို နက်နဲဝိဉာဉ်ဆေးလုံးမရှိဘဲနဲ့တောင် အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်ကနေ အထွတ်အထိပ်အဆင့်ကို ချိုးဖြတ်ဖို့က လွယ်လွယ်လေးပဲ"
"တကယ်လို့ ကျွန်တော့ကို မေးမယ်ဆိုရင် ဒီဒုတိယပေးအပ်တဲ့ဆုက အကောင်းဆုံးပဲ"
ချောင်ယွမ်လုံကို အနိုင်ရခဲ့သဖြင့် ရန်ကျောက်ကဲ ရမည့် ဆုလဒ်မှာ ပင်မဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူသည် ဂိုဏ်း၏ လျှို့ဝှက် သိုင်းစံအိမ် တတိယထပ်သို့ ဝင်ရောက်ခွင့် ရမည် ဖြစ်သည်။
လျှို့ဝှက်သိုင်းစံအိမ်ထဲတွင် ဝါဒတောင်ဂိုဏ်း၏ အမျိုးမျိုးသော ထိပ်တန်းသိုင်းပညာရပ်များ သိမ်းဆည်းထားသည်။
ယေဘုယျအားဖြင့် ပြောရလျှင် တပည့်အသစ်များကို လျှို့ဝှက်သိုင်းစံအိမ်ထဲသို့ ဝင်ရောက်ခွင့်မပြုချေ။ အလွန်ဆုံး ပထမထပ်ကို ဝင်ရောက်ခွင့်ရလျှင်ပင် သူတို့အတွက် အလွန်ကြီးမားသော ဆုလဒ်ကြီး ဖြစ်နေလေပြီ။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးကလည်း တစ်ကြိမ်သာ ဖြစ်ပျက်ခဲ့ဖူးသည်။
လက်ရွေးစင်တပည့်များမှာ ပထမထပ်ကို စိတ်တိုင်းကြ ဝင်ထွက်ခွင့်ရသည်။ အလားတူပင် သူတို့ထဲမှ တချို့က ဒုတိယထပ်ကို တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်ခွင့် ရလျှင်ပင် ကြီးမားသော ဆုလဒ်ကြီး ဖြစ်ချေသည်။
ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်တပည့်ဖြစ်သော ရန်ကျောက်ကဲကဲ့သို့ သူများအဖို့ ပထမထပ်နှင့် ဒုတိယထပ်ကို သူတို့ ကြိုက်သလို ဝင်ထွက်နိုင်သည်။ တတိယထပ်ကို တစ်ခါမျှ ဝင်ရောက်ခွင့်ရလျှင် အထူး ကြီးမားသော ဆုလဒ်ဖြစ်သည်။
ရန်ကျောက်ကဲသည် မဟာကပ်ဘေးကြီး မကျရောက်ခင်က ကောင်းကင်နန်းတော်ထဲတွင် အကောင်းဆုံးသော သိုင်းပညာများနှင့် ရင်းနှီးပြီး ဖြစ်သော်လည်း ဝါဒတောင်ဂိုဏ်း၏ တပည့်တစ်ယောက်၊ ထို့အပြင် ဝါဒတောင်ဂိုဏ်းလူငယ်မျိုးဆက်၏ ခေါင်းဆောင်အနေဖြင့် ဝါဒတောင်ဂိုဏ်း၏ အကောင်းဆုံးသိုင်းပညာရပ်များကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။
မဟာကပ်ဘေးကျရောက်ပြီးနောက် အမျိုးမျိုးသော ထိပ်သီးနယ်မြေများနှင့် မျိုးနွယ်စုများသည် အပျက်အစီးများထဲမှ ကောင်းနိုးရာရာမျာူ ရှာဖွေကြပြီး အရင်လူများ ကျန်ရစ်ခဲ့သော ပညာရပ်အစိတ်အပိုင်းများကို အမွေဆက်ခံကြသည်။ အကျိုးဆက်အနေဖြင့် သူတို့သည် လွတ်လပ်စွာ တွေးခေါ်နိုင်ကြပြီး ယခင်ကနှင့် ကွဲပြားသော ကျင့်ကြံခြင်းအယူအဆများ၊နည်းနာများ ပေါ်ပေါက်လာသည်။
ရန်ကျောက်ကဲသည် အတိတ်နှင့် လက်ရှိ ကျင့်ကြံခြင်းစနစ်နှစ်ခုစလုံးမှ အကောင်းဆုံးအချက်များကို ဆွဲထုတ်ကာ ပြီးပြည့်စုံသော အပြစ်အနာအဆာကင်းစင်သော ကျင့်ကြံခြင်းစနစ်တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ချင်သည်။ ထိုနည်းဖြင့် ကောင်းကင်နန်းတော်ကြီးတွင် ရှိစဉ်က သူ လေ့လာခဲ့သော အဖိုးတန်ကျမ်းများကို အသုံးချနိုင်သည်။
ကျင့်ကြံခြင်းစနစ်နှစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်းနားလည်ပါမှ ထိုနှစ်ခုလုံးကို အကောင်းဆုံး ပေါင်းစပ်နိုင်ပေမည်။
သို့သော် ဤဆုကို ရန်ကျောက်ကဲ ဂိုဏ်းသို့ ပြန်ရောက်မှသာ အသုံးပြုနိုင်သည်။ ဂိုဏ်းမှ လူများ ချောက်နက်ကြီးကြပ်ခြင်းမြို့သို့ လာရောက်၍ ရန်ကျောက်ကဲ လက်ထဲ အရောက်ထည့်ပေးသော နက်နဲဝိဉာဉ်ဆေးလုံးနှင့် မတူပေ။
ရန်ကျောက်ကဲ လက်ဖျောက်တီးလိုက်သည်။ "တကယ်တော့ နောက်ဆုံးပေးတဲ့ ဆုက အကောင်းဆုံးပဲ"
တိမ်ဝိဉာဉ်သလင်းကျောက်၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဝါဒတောင်ဂိုဏ်းအတွက် မကုန်ခမ်းနိုင်သော ကျောက်စိမ်းအဆီအနှစ် လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်ခဲ့ရာ ဆုလဒ်က အသေးအမွှား မဟုတ်ပေ။ အထူးခံစားခွင့်တစ်ခုဖြစ်သည်။
သူသည် အရှေ့ကောင်းကင်ဒေသ၌ ရှိနေစဉ် သူ လိုချင်သည့် အရာ မှန်သမျှကို အရှေ့အကြီးအကဲအား ပြောလိုက်ရုံမျှဖြင့် အရှေ့အကြီးအကဲက သူ့အတွက် ဖြည့်ဆည်းပေးမည် ဖြစ်သည်။
အခြားသူများအမြင်၌ ထိုဆုက မည်သို့မျှ အကျိုးမရှိဟု ထင်ရသော်လည်း ရန်ကျောက်ကဲအတွက်မူ ရှေ့က ဆုနှစ်ဆု ရသည်ထက်ပင် ပိုမို ပျော်ရွင်လေသည်။
အားဟူက တခွီးခွီး ရယ်မောလိုက်သည်။ "အဲ့တာနဲ့ဆို အရှေ့တန်နိုင်ငံထဲမှာ မင်းသားလေး လုပ်ချင်ရာ လုပ်လို့ရတယ်၊ အဲ့ဒီအဘိုးကြီး ရန်ရှု့က ဘာမှ တားနိုင်မှာ မဟုတ်ဘူး၊ မင်းသားလေး တစ်ခုခု လုပ်ရင် အရှေ့တန်အကြီးအကဲကို ပြောနေစရာမလိုတော့ဘူး"
ရန်ကျောက်ကဲက ပြောလိုက်သည်။ "အဲ့လိုတော့ မဟုတ်ဘူး၊၊ တကယ်တော့ သူက အရှေ့တန်နိုင်ငံရဲ့ အဆင့်မြှင့်အကြီးအကဲပဲလေ၊ သူ ငါ့ကို ဒုက္ခပေးချင်ရင် ခက်ခဲမှာ မဟုတ်ဘူး၊ အဘိုးကြီးခွိုင်၊ ဝမ်နင်ဇီတို့လို သူ့နေရာကို ကိုင်လှုပ်ဖို့ မလွယ်ဘူး"
အားဟူက ရယ်မောလိုက်သည်။ "အဲ့ဒီ့အကြီးအကဲရှု့ချွမ်က အတော အလိုက်သိတဲ့လူပဲ၊ ကျွန်တော်တို့ ရောက်လာတော့…. မင်းသားလေး လိုချင်တာမှန်သမျှကို သူ့သာ ပြောလိုက်၊ သူက လေဝိဉာဉ်တောင်ကြားနဲ့ ချောက်နက်ကြီးကြပ်ခြင်းမြို့မှာ သိုလှောင်ထားတဲ့ အရင်းအမြစ်တွေကို မင်းသားလေး လိုသလောက် ပေးမယ် ပြောတယ်"
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ သူက နဂါးချုပ်လှောင်ခြင်းချောက်နက်ပတ်ဝန်းကျင်တွင် တခဏမျှ နေရဦးပေမည်။ သူ့ဘေးတွင် မဟာမိတ်တစ်ယောက်ရှိခြင်းက သူ့အတွက် အများကြီး အဆင်ပြေချောမွေ့စေသည်။
"ဒါပေမယ့် အချိန်တစ်ခုအထိတော့ ရန်ရှု့က ငါ့ကို မထိရဲလောက်သေးဘူး၊ သူက ရှု့ချွမ်ကို စောင့်ကြည့်ရဦးမယ်"
ဝမ်နင်ဇီသည် တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်မိခဲ့သည်။ ရန်ရှု့မှာ ရန်ကျောက်ကဲနှင့် အရှေ့တန်ဘုရင်၏ ဖိအားပေးမှုကို ခံနေရသည်။ ရန်ကျောက်ကဲနှင့် အရှေ့တန်ဘုရင်၊ နှစ်ယောက်စလုံးသည် ရန်ရှု့၏အုပ်စုဘက်မှ လူတစ်ယောက်က လေဝိဉာဉ်တောင်ကြားတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့် အရေးကို ခွင့်ပြုကြမည် မဟုတ်ပေ။
ထို့ပြင် ရန်ကျောက်ကဲ၏အဖေ အုပ်စုမှ ရွေးချယ်သည့် လူက လက်ရှိ ထိုနေရာတွင် တာဝန်ထမ်းဆောင်နေသော ယာယီအကြီးအကဲဖြစ်လေရာ ထိုနေရာကို ရရန် ရန်ကျောက်ကဲ၏အဖေဘက်မှ လူက အနီးစပ်ဆုံးဖြစ်သည်။
ရှု့ချွမ်၏အခြေအနေက တမျိုး ထူးခြားလေသည်။ ရှု့ချွမ်သည် ရန်ကျောက်ကဲ၏အဖေအုပ်စုမှ ဖြစ်သည့်အပြင် ချောက်နက်ကြီးကြပ်ခြင်းမြို့အကြီးအကဲရာထူးမှလည်း အနားမယူသေးပေ။
ရန်ရှု့သည် အခြားနေရာမှ လူများကို လေဝိဉာဉ်တောင်ကြားတွင် ယာယီအကြီးအကဲအဖြစ် မခန့်ထားပေ။ ထိုအစား ရှု့ချွမ်ကိုသာ နေရာနှစ်ခု၌ အလုပ်နှစ်ခု ပေးလုပ်လိုက်သည်။ အချိန်ကျလာသောအခါ ရှု့ချွမ်က နေရာတစ်နေရာကို လက်လွှတ်ရမည် ဖြစ်သည်။ ထိုအခါ ထိုနေရာ တစ်နေရာအတွက် ရန်ရှု့တို့အုပ်စုမှ ထပ်မံယှဉ်ပြိုင်ခွင့်ရမည် ဖြစ်၏။
တစ်ချိန်တည်းတွင် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ မူမမှန်သော လှုပ်ရှားမှုများကြောင့် ချောက်နက်ကြီးကြပ်ခြင်းမြို့ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေရသည့်အပြင် လေဝိဉာဉ်တောင်ကြားကိုပါ ကွပ်ကဲနေရသည့်အတွက် ရှု့ချွမ်အပေါ် ဝန်ထုပ်ဝန်ပိုးက အလွန် ကြီးမားလာသည်။ ဝန်ထုတ်ဝန်ပိုးကြီးမားလာသည်နှင့်အတူ ဖိအားမှာလည်း ဆတူ ကြီးမားလာသည်။ ထို့ကြောင့် ရှု့ချွမ်သည် တာဝန်တွင် အမှားအယွင်းလုပ်မိသည်မျိုး ရှိလာနိုင်သည်။
ရန်ကျောက်ကဲသည် ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ မှီလျက် ထိုင်နေသည်။ "ငါတို့အုပ်စုကို တန်ပြန်တိုက်ခိုက်ကအောင်လို့ သူက အဲ့လိုအချိန်မျိုးကို စောင့်နေတာထင်တယ်"