← Chapters

ဝိဉာဉ်ခြောက်သွယ် မိစ္ဆာလက်သီး၊ ဘက်ပေါင်းစုံမှ တိုးတက်လာခြင်း

Vol. 1-9 Ch. 28

ဝိဉာဉ်ခြောက်သွယ် မိစ္ဆာလက်သီး၊ ဘက်ပေါင်းစုံမှ တိုးတက်လာခြင်း

Vol. 1-9 Ch. 28

အခန်း(၂၈) ဝိဉာဉ်ခြောက်သွယ် မိစ္ဆာလက်သီး၊ ဘက်ပေါင်းစုံမှ တိုးတက်လာခြင်း

နဂါးချုပ်လှောင်ခြင်းချောက်နက်အပြင်ဘက်ရှိ တောင်တန်းများကြားတွင် သေးငယ်သော ချိုင့်ဝှမ်းတစ်ခု တည်ရှိသည်။ ထိုချိုင့်ဝှမ်းအတွင်းတွင် လူငယ်များ စုဝေးလျက်ရှိသည်။

သူတို့အားလုံးသည် ရင်ဘတ်တွင် နေတံဆိပ်နှင့် အနီရောင်အနားကွပ်သော အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားသည်။

အရှေ့ဆုံးတွင် ရပ်နေသူမှာ အနည်းငယ် ထူးခြားသည်။ သူ့အင်္ကျီ၏ အနားသတ်က ရွှေရောင် ဖြစ်နေ၏။

သို့ရာတွင် သူ၏ အထင်ရှားဆုံး ဝိသေသလက္ခဏာမှာ သူ့မျက်နှာပေါ်တွင် ကြက်ခြေခတ်များသဖွယ် ရှူပ်ယှက်ခတ်နေသော အမာရွတ်များ ဖြစ်သည်။ ထိုအမာရွတ်များက ခပ်ရေးရေးမျှသာ ကျန်တော့သော်လည်း လူငယ်လေးသည် ထိုအမာရွတ်များနှင့်အတူ ပူလောင်သော နာကျင်မှုကို မနေ့တစ်နေ့ကအတိုင်း ခံစားနေရဆဲ ဖြစ်သည်။

အထူးသဖြင့် သူ့နောက်မှ လူများက ထိုအမာရွတ်များကို ကြည့်လိုက်တိုင်းတွင် ပျောက်ကင်းလုနီးပါး ဖြစ်နေသည့် ထိုဒဏ်ရာများက တဖန် ပြန်ထလာသလို ခံစားရသည်။

ချောင်ယွမ်လုံ၏နောက်တွင် နေသူတော်စင်ဂိုဏ်း၏တပည့်တစ်သိုက် ဖြစ်သည်။ သူတို့အားလုံး၏ ခေါင်းများ ငုံ့ထားကြကာ တိတ်ဆိတ်နေကြသည်။

အလားတူပင် ရန်ကျောက်ကဲမှ ဝါးကိုင်းဖြင့် ရိုက်နှက်ခြင်းကို ခံရသော တပည့်သည်လည်း  အသံထွက်မည်စိုး၍ အသက်ပင် ရဲရဲမရှုရဲပေ။

သူတို့အားလုံး၏ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ်လူက သူတို့အား ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။

အဖြူရောင်ဝတ်စုံဝတ်လူက အသက်  အရမ်းမကြီးသေးပေ။ နှစ်ဆယ့်ငါး ပတ်လည်မျှသာ ရှိသည်။ သို့သော် သူ့မျက်နှာပေါ်ရှိ ရှည်လျားသော အမွှေးအမျှင်များကြောင့် ကြမ်းတမ်းပြီး ကြောက်မယ်ဖွယ်ရာကောင်းသည့်ပုံ ပေါက်သည်။

သူ့အသံကလည်း အလွန် မာကျောသည်။ "သူမ ဘယ်ရောက်နေလဲ သိလား"

ချောင်ယွမ်လုံက ပြန်ဖြေ၏။ "နဂါးချုပ်လှောင်ခြင်းချောက်နက် အပြင်ဘက်၊ လျူလျောင်တောင်တန်းမှာ သူမကို တစ်စုံတစ်ယောက်က တွေ့ခဲ့ပါတယ်"

အဖြူရောင်ဝတ်စုံဝတ်လူက ခေါင်းငြိမ့်သည်။

ချောင်ယွမ်လုံက ဆက်ပြောသည်။ "ကျွန်တော် အခုလေးတင် သတင်းရတယ်၊ ညီမလေးမန်လည်း ဂိုဏ်းက ထွက်လာပြီး အဲ့နေရာကို ဦးတည်သွားနေတယ်တဲ့"

"အဲ့တာ မင်း ဂရုစိုက်စရာ မလိုဘူး" အဖြူရောင်ဝတ်စုံဝတ်လူ၏ အမူအရာက မပြောင်းလဲပေ။ သို့သော် သူ့စကားလမ်းကြောင်းက ချက်ချင်း ပြောင်းလဲသွားသည်။ "မင်းတို့တွေ ဒီအခြေအနေထိရောက်အောင် ရန်ကျောက်ကဲ ရိုက်နှက်တာ ခံရတာလား"

ချောင်ယွမ်လုံက တခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒီတစ်ခါက ဒီသခင်လေးရဲ့ ရှုံးနိမ့်မှုပါ၊ ဒီသခင်လေး မေးခွန်းထုတ်စရာ မရှိပါဘူး၊ ဒါပေမယ့်…ဒီအရှက်ရမှုကို… အနာဂတ်မှာ ဒီသခင်လေးကိုယ်တိုင် ပြန်လည် လက်စားချေမှာပါ"

လူငယ်တပည့်တချို့က ချောင်ယွမ်လုံ၏နောက်ကျောကို ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။ "စီနီယာအကိုကြီးရှောင်၊ အကိုကြီးသွားပြီး လက်စား…..”

အမွှေးအမျှင်ထူထဲသော လူက နှာခေါင်းရှုံ့လိုက်သည်။ "ဒီမတိုင်ခင်ကတော့ ငါကိုယ်တိုင်သွားပြီး ရန်ကျောက်ကဲရဲ့အရည်အချင်းကို ကြည့်ဦးမလို့ပဲ"

သူက လှောင်ပြောင်ရယ်မောလိုက်သည်။ "ဒီခေတ်ရဲ့ မင်းသားလေးပါးထဲမှာ ဝါဒတောင်ဂိုဏ်းက ကောင်က နာမည်နဲ့ မထိုက်တန်ဆုံးပဲ"

"ဒါပေမယ့် ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီအဆင့် မရောက်သေးခင် ဂျူနီယာညီလေးချောင်ကို ဒီအခြေအနေထိ ရိုက်နှက်နိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"

ချောင်ယွမ်လုံ၏မျက်နှာ မည်းမှောင်သွားသည်။ သို့သော် သူ မည်သည့်စကားမျှ မပြော။

ထိုအချိန်၌ နေသူတော်စင်ဂိုဏ်း အခြားတပည့်များ၏ မျက်နှာပေါ်တွင် မျှော်လင့်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ "စီနီယာအကိုကြီးရှောင်… အကိုကြီးရှောင်က ရန်ကျောက်ကဲကို ကိုယ်တိုင် ဆုံးမ မလို့လား"

မေးမြန်းခံရသည့်သူမှာ ရှောင်ရှန်းဖြစ်သည်။ ချောင်ယွမ်လုံထက် အသက်ကြီးသူ ဖြစ်သည့်အလျောက် ချောင်ယွမ်လုံထက် အရင် ကျင့်ကြံသူ ဖြစ်သည်။ လက်ရှိတွင် သူ၏ ကျင့်ကြံမှုက ချောင်ယွမ်လုံထက် အများကြီး မြင့်မားသည်။ ရှောင်ရှန်းသည် အပြင်ပိုင်းသိုင်းပညာရှင် နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ချောင်ယွမ်လုံကဲ့သို့ပင် သူသည်လည်း နေသူတော်စင်ဂိုဏ်း၏ ကျော်ကြားသော လူငယ်များထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့သည် မျိုးဆက်တူ၊ ကျင့်ကြံမှုအဆင့်တူများထဲတွင် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။

ခြားနားချက်မှာ ချောင်ယွမ်လုံသည် ပါရမီရှင်ဖြစ်သော်လည်း သူ့ဘက်မှ ပြောပေးမည့် နောက်ခံမရှိ။ သူ၏ အလားအလာကို အကြီးအကဲတချို့မှ သတိထားမိခြင်းကြောင့်သာ သူ့အပေါ် အားထုတ်၍ ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။

ရှောင်ရှန်းသည် ရန်ကျောက်ကဲနှင့် ဆင်တူသည်။ ရှောင်ရှန်း၏အဖိုးမှာ နေသူတော်စင်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းဆရာသခင် အထွတ်အထိပ်အဆင့်သို့ ရောက်နေသူ တစ်ဦးအဖြစ် ထင်ရှားကျော်ကြားသည်။

မင်းသားလေးပါးဟု သတ်မှတ်ခံရသူများသည် ကျင့်ကြံခြင်းနယ်ပယ်တွင် အလွန်အမင်း ပါရမီရှိသည့်အပြင် ထူးခြားသည့် နောက်ခံများလည်း ပိုင်ဆိုင်ထားကြသည်။

နေသူတော်စင်ဂိုဏ်းချုပ်၏ သားတော်ကို အလင်းမင်းသားဟု လူအများ သိကြသည်။ သူသည် ယနေ့ခေတ်၏ မင်းသားလေးပါးထဲမှ တစ်ပါးအဖြစ် ရန်ကျောက်ကဲနှင့် ယှဉ်တွဲ ရပ်တည်နေသည်။

အလင်းမင်းသားနှင့် တဂိုဏ်းတည်းဖြစ်သဖြင့် ရှောင်ရှန်းသည် မင်းသားလေးပါးစာရင်းတွင် မပါဝင်နိုင်ခဲ့ပေ။ ထိုအကြောင်းသည် ရှောင်ရှန်း၏ ဘဝတလျှောက် မချိတင်ကဲအဖြစ်ဆုံး ကိစ္စဖြစ်သည်။

ထို့ကြောင့် မင်းသားလေးပါးအနက် အငယ်ဆုံးဖြစ်သော ရန်ကျောက်ကဲအကြောင်း သူ ကြားရသောအခါ အသားထဲ ဆူးဝင်နေသလို ခံစားရသည်။

သို့သော် သူ့အသက်အရွယ်ကြောင့်သော် လည်းကောင်း သူက ရန်ကျောက်ကဲထက် အလျင်စော၍ ကျင့်ကြံခဲ့ခြင်းကြောင့်သော်လည်းကောင်း သူသည် ရန်ကျောက်ကဲကို စိတ်ခေါ်တိုက်ခိုက်ရန် အကွက်ကောင်း မတွေ့ခဲ့ပေ။ ထို့ပြင် သူ့ကျင့်ကြံမှုကလည်း ရန်ကျောက်ကဲထက် များစွာ မြင့်မားလေသည်။

"ဝါဒတောင်ဂိုဏ်းရဲ့မင်းသားဆိုတာ ငါ အမြဲတမ်း ဟာသတစ်ခုအနေနဲ့ သဘောထားခဲ့တာပဲ"

ရှောင်ရှန်းက အေးစက်စက် ရယ်မောလိုက်သည်။ "အခု… ကြည့်ရတာ ငါ သူ့ကို လျော့တွက်မိပြီနဲ့ တူတယ်"

"မင်းတို့တွေ ဆက်ရှာကြ၊ ယုံကြည်နိုင်လောက်တဲ့ သတင်းမျိုးရရင်၊ ငါ ကတိပေးထားတာရဲ့ အောက် မလျော့အောင် မင်းတို့ကို ပေးမယ်"

"ငါ ချောက်နက်ကြီးကြပ်ခြင်းမြို့ကို ခဏလောက် သွားလိုက်ဦးမယ်၊ အဟက်…. ရန်ကျောက်ကဲက မင်းသားဆိုတဲ့နာမည်နဲ့ ထိုက်တန်၊ မတန် ကြည့်ကြတာပေါ့"

…………

စစ်ဆေးမေးမြန်းသည့် နေ့များတွင် ရန်ကျောက်ကဲသည် ချောက်နက်ကြီးကြပ်ခြင်းမြို့တွင် ရှိနေသည်။ ရက်အနည်းငယ်ခြား တစ်ခါ သူသည် နဂါးချုပ်လှောင်ခြင်း ချောက်နက်သို့ ဝင်ရောက်၍ အန္တရာယ်ချီ အနက်ရောင်မြုများကို အသုံးပြုကာ သူ့ကြယ်တာရာချီကို သန့်စင်လေ့ရှိသည်။

ချောက်နက်ကြီးကြပ်ခြင်းမြို့၌ ရှိနေသောအခါများတွင်လည်း သူ ပျင်းရိမနေ။ အပတ်တကုတ် ဆက်လက် ကျင့်ကြံလျက်ရှိသည်။

တိတ်ဆိတ်ငြိမ်သက်သော အခန်းထဲတွင် ရန်ကျောက်ကဲ မြေကြီးပေါ် မတ်တပ်ရပ်နေသည်။ လက်သီးဆုပ်၍ ဆန့်ထုတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး၏အရောင်အဝါက ရုတ်ချည်း ပြောင်းလဲသွားသည်။

ယင်းကိုယ်ဟန်က အနည်းငယ် ရယ်စရာကောင်းပြီး လူဝံကြီး တစ်ကောင်နှင့် ဆင်တူသည်။ သို့ရာတွင် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်မက်ဖွယ်ရာ သွေးဆာသော အငွေ့အသက်များ ဖြာထွက်နေသည်။ သူ့ကြွက်သားများက တစ်ခုပြီးတစ်ခု ဖောင်းပွလာသည်။ ၎င်းတို့၏ အောက်တွင် သွေးကြောများက အဆက်မပြတ် အထက် အောက် ခုန်နေသည်မှာ ဖိနှိပ်ခံရသော နဂါးများက ဒေါသတကြီး လူးလိမ့်နေသည်နှင့် ဆင်တူသည်။

မျက်စိတစ်မှိတ်အတွင်း ရန်ကျောက်ကဲသည် အလွန်အမင်းခက်ထန်သော ကမ္ဘာဦး မိစ္ဆာလူဝံတစ်ကောင်အဖြစ် အသွင်ပြောင်းသွားလေသည်။

ရန်ကျောက်ကဲ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ "ဝိဉာဉ်ခြောက်သွယ် မိစ္ဆာလက်သီးသိုင်းက တကယ်ကောင်းတဲ့ သိုင်းပညာပဲ"

ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်းသည် မဟာကပ်ဘေးခေတ်မတိုင်မီက ကောင်းကင်နန်းတော်ထဲတွင် ထိန်းသိမ်းထားသော ထိပ်တန်းသိုင်းပညာရပ်များထဲမှ တစ်ခု ဖြစ်သည်။ မတူညီသော အစွမ်းထက်မိစ္ဆာသားရဲခြောက်ကောင်အား လေ့လာကြည့်ရှု့ပြီး ဘိုးဘေးများက ၎င်းကို  တီထွင်ထားခြင်းဖြစ်သည်။ တဖြည်းဖြည်းနှင့် ထိုပညာရပ်က မိစ္ဆာမျိုးနွယ်စု၏ လျှို့ဝှက်သိုင်းပညာရပ်အဖြစ် ဆင့်ကဲပြောင်းလဲလာသည်။

ထိုပညာရပ်ထဲတွင် မတူညီသော လက်သီးလမ်းစဉ်ခြောက်ပါးပါဝင်ပြီး  လမ်းစဉ်တစ်မျိုးတည်းသက်သက်ကပင် ထိပ်တန်းသိုင်းပညာရပ်တစ်ခုအဖြစ် သီးခြား ရပ်တည်နိုင်လေသည်။

လက်ရှိတွင် ရန်ကျောက်ကဲ၏ကျင်ကြံမှုသည် သိုင်းပညာရှင်အဆင့်ရောက်၍ သူ့အတွင်းချီကို အောင်အောင်မြင်မြင် သဏ္ဌာန်ဖွဲ့နိုင်ခဲ့ကာ အတွင်းပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူ့အပြင်ပိုင်းခန္ဓာကိုယ်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပြီးဆုံးကတည်းက ဆက်လက် မတိုးတက်တော့ပေ။ ထိုနေရာတွင် တိုးတက်နိုင်သည့် အခန်းကဏ္ဍ အများအပြား ရှိနေသေးသည်ဟု ရန်ကျောက်ကဲ ထင်မြင်မိသည်။

ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်ကို ဆက်လက်လေ့ကျင့်ရန် ဝိဉာဉ်ခြောက်သွယ်မိစ္ဆာလက်သီးသိုင်းကို အထူး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မိုင်တစ်ထောင်ရှည်သော ခရီးကို ခြေတစ်လှမ်းဖြင့်ပင် စရသည်။ ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာ၍ ဤခန္ဓာကိုယ်၏ ပိုင်ရှင်အသစ်ဖြစ်လာတည်းက ရန်ကျောက်ကဲက အမြဲလိုလို ဤပုံစံအတိုင်း လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်နှင့် အမြဲတမ်း လက်ရည်တူခဲ့သော ချောင်ယွမ်လုံသည် လက်ရှိအချိန်တွင် ပြန်လည်မွေးဖွားလာသော ရန်ကျောက်ကဲ၏  ခွေးသေတစ်ကောင်လို ရိုက်နှက်ခြင်းကို ခံခဲ့ရသည်မှာ ချောင်ယွမ်လုံ ညံ့ဖျင်းလွန်း၍ မဟုတ်ပေ။ ရန်ကျောက်ကဲက ဘက်ပေါင်းစုံ၌ တစ်ဆစ်ချိုး ပြောင်းလဲတိုးတက်လာခြင်းကြောင့် ဖြစ်သည်။

သူ၏ဓားသိုင်းက ပိုမိုနက်နဲလာသည်သာမက သူ့ခန္ဓာကိုယ် အခြေခံကလည်း အကြီးအကျယ် တိုးတက်လာလေရာ ရန်ကျောက်ကဲအဖို့ ပိုမို အဆင့်မြင့်သော ရန်သူများနှင့် တိုက်ခိုက်နိုင်လာသည်။

စွမ်းပကားကြီးမားသော လူဝံမိစ္ဆာလက်သီးသိုင်းကို လေ့ကျင့်ပြီးနောက် ရန်ကျောက်ကဲသည် ကိုယ်ဟန်တစ်မျိုး ပြောင်းလိုက်သည်။

တဖျစ်ဖျစ်မြည်သံနှင့်အတူ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ နှောင်ဖွဲ့သွားကြသည်။ သူ့အရေပြားအောက်တွင် မရေမတွက်နိုင်သော အကြောများ အပြန်အလှန် ယှက်နွယ်သွားပြီး သူ့အရေပြားကို ထောက်ပင့်လိုက်ရာ မူလက မာကျောနေသော သူ့အရေပြားက ပိုမို သန်မာလာသည်။

၎င်းသည် ဝိဉာဉ်ခြောက်ပါး မိစ္ဆာလက်သီးသိုင်း၏ နောက်ထပ်နည်းစနစ်ဖြစ်သော သံမဏိကြံ့မိစ္ဆာလက်သီးသိုင်းဖြစ်သည်။ သံမဏိကြံမိစ္ဆာလက်သီးသိုင်းသည် သမိုင်းမတင်မီခေတ်က တောရိုင်းများထဲတွင် လှည့်လည်သွားလာနေသော မဟာကြံ့များကို အခြေခံ၍ တီထွင်ထားခြင်း ဖြစ်ပြီး မဟာကြံ့များသည် ကမ္ဘာပေါ်တွင် အမာကျောဆုံး သတ္တဝါများ ဖြစ်ကြသည်။

သံမဏိကြံ့မိစ္ဆာလက်သီးပြီးနောက် ကျောက်သားပမာ သမုဒ္ဒရာလက်သီးသိုင်းသို့ ပြောင်းလဲလေ့ကျင့်လိုက်သည်။ ရန်ကျောက်ကဲသည် တရားထိုင်သည့်ပုံစံဖြင့် ကြမ်းပြင်ပေါ်တွင် ရုပ်ထုတစ်ခုပမာ မလှုပ်မယှက် ထိုင်နေသည်။

သို့သော် သူ့အောက်က ကြမ်းပြင်သည် ရေမျက်နှာပြင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ထူးဆန်းစွာ လှုပ်ရမ်းလာသည်။

ရေမျက်နှာပြင်သည် တစ်ခါတစ်လေ တည်ငြိမ်နေသလို တစ်ခါတစ်လေ၌ လှိုင်းထန်နေသဖြင့် ခန့်မှန်းရခက်ခဲသည်။

ဧရာမလိပ်ကြီးတစ်ကောင်ကဲ့သို့  ကျောက်တိုင်လေးခုနှင့်တူသော ၎င်း၏ခြေလက်လေးချောင်းက သမုဒ္ဒရာထဲတွင် လျှောက်လှမ်းနေသည်။ ထိုခြေလက်လေးချောင်းသည် မိုးကောင်ကင်ကို ထောက်ကန်ထားသော ထောက်တိုင်ကြီးလေးခုပမာ ကီလိုမီတာငါးထောင်အတွင်း လှိုင်းများ မထစေဘဲ သူတို့အလိုရှိသလို ရွေ့လျားနိုင်ကြသည်။

ထိုဧရာမလိပ်ကြီးသည် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း အလွန်တရာမျှ နူးညံ့သော စိတ်နေစိတ်ထားရှိသည်။ ၎င်းသည် တာအိုဘုန်းကြီးတစ်ပါး တရားထိုင်နေသည်နှင့် ဆင်တူကာ အလွန်တရာမျှ စိတ်ရှည်ပြီး မည်သည့်လှိုင်းများကိုမျှ မထစေပေ။

ကျောက်သားပမာ သမုဒ္ဒရာ လက်သီးသိုင်းကို လေ့ကျင့်ပြီးနောက် ရန်ကျောက်ကဲသည် ကိုယ်ဟန်နောက်တစ်မျိုး ပြောင်းလိုက်ပြန်သည်။

အစောပိုင်းက စွမ်းပကားကြီးသော လူဝံမိစ္ဆာလက်သီးသိုင်းမှာ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်ဖြင့် ကြမ်းတမ်းခက်ထန်၍ မာန်ဟုန်ပြင်းသောမီးတောက်၊ အထိန်းအကွပ်မဲ့သော မုန်တိုင်းနှင့် ဆင်တူပြီး တောင်တွေပြိုကျနိုင်ကာ ပင်လယ်ကို နှစ်ခြမ်းကွဲစေနိုင်သည်။ ထိုနည်းစနစ်သည် အနိုင်မခံအရှံးမပေးသော အစွန်းရောက် ယန် လမ်းစဉ်ကို လိုက်သည့် သိုင်းပညာဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် သူ လက်ရှိ လေ့ကျင့်မည့် လက်သီးနည်းစနစ်မှာမူ အလွန် နူးညံ့ပျော့ပြောင်းပြီး ပိုးအိမ်ထဲက ပိုးချည်မျှင်၊ လေအဝေ့မှာ ကြွေခသည့် မိုးမခရွက်တို့နှင့် ဆင်တူလေသည်။ ထိုနည်းစနစ်သည် အလွန်တရာ ညင်သာသော အစွန်းရောက် ယင် လမ်းစဉ်ကို လိုက်လေသည်။

ကောင်းကင်မြွေဘုရင်လက်သီးသိုင်းသည်  ဝိဉာဉ်ခြောက်သွယ်လက်သီးသိုင်းပညာ၏ နည်းစနစ်ခြောက်မျိုးထဲမှ တစ်မျိုးဖြစ်သည်။ ရန်ကျောက်ကဲ လှုပ်ရှားလိုက်သောအခါ သူ့ခြေလက်များက တွန့်လိမ်ကောက်ကွေးသွားသည်။ သူ့အသက်ရှုချိန်နဲ့ စီးချက်ကျစွာ 'စီ….. စီ…..’ ဆိုသည့် အသံထွက်ပေါ်လာပြီး မြွေတွန်နေသည်နှင့် ဆင်တူလေသည်။

ရန်ကျောက်ကဲက တမင်သက်သက် အတုခိုးခြင်းမဟုတ်ပေ။ ထွက်လာသော အသံက သဘာဝအတိုင်းဖြစ်သည်။ အခန်းထဲတွင် မြွေကြီးတစ်ကောင် ပြန်မထွက်နိုင်သကဲ့သို့  ရှူးရှူးရှဲရှဲမြည်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ထိုရှူးရှူးရှဲရှဲအသံများမှာ သူ့ကြယ်တာရာချီ တုန်ခါမှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ သူ၏အသွေးအသားခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက လက်ရှိတွင် လက်သီးနည်းစနစ်များကိုသာ လေ့ကျင့်နေပြီး သူ့ချီကို မနှိုးဆွထားပေ။ သူ၏ ခန္ဓာကိုယ်သက်သက်ကို လေ့ကျင့်နေခြင်းသာဖြစ်၏။

လက်သီးသိုင်းခြောက်ခုကို တစ်ကြိမ်မျှ လေ့ကျင့်ပြီးနောက် ရန်ကျောက်ကဲ ရပ်တန့်လိုက်သည်။ သို့သော် သူက အနားယူရန် ရပ်တန့်ခြင်း မဟုတ်ပါ။ တဖန် ပြန်ထိုင်၍ ဆက်လက် ကျင့်ကြံနေသည်။

 "နဂါးချုပ်နှောင်ခြင်းချောက်နက်ထဲမှာ ငါ့ရဲ့ကြယ်တာရာချီကို သန့်စင်တာ လုံလောက်ပြီ၊ ပြင်ဆင်မှုတွေလည်း ပြည့်စုံပြီ၊ အခုပဲ နောက်တစ်လှမ်း လှမ်းတော့မယ်"

All Chapters