ကျောက်စိမ်းသစ်ပင်ကိုလောင်ကျွမ်းနေတဲ့ငွေရောင်မီးပွင့်လေးတွေ
Vol. 4 Ch. 369
လင်ကွမ်း နတ်သမီး၏ စကားကြောင့် ဆန်းလျန် ရုတ်တရက် ထပြီး ရယ်မောလိုက်လေသည်။
"ဒါပေမဲ့ ဘယ်သူနိုင်မလဲ ဆိုတာက ကျုပ်တို့နှစ်ယောက် တိုက်ခိုက်ကြည့်မှ သိနိုင်မှာပဲ၊ လင်ကွမ်းနတ်သမီး … မင်းက မိန်းကလေး ဖြစ်နေလို့ ကျုပ်ကို အရင်စပြီး တိုက်ခိုက်နိုင်ပါတယ်"
ဆန်းလျန်၏ အမူအရာများက တည်ငြိမ် လွန်းနေလေသည်။
ဆန်းလျန်သည် လောက နတ်ဘုရား သုံးပါးနှင့် ရင်ဆိုင်နေရသည့်တိုင် အမူအရာ တစ်စက်မှ ပျက်ယွင်းနေခြင်း မရှိပေ။
လင်ကွမ်း နတ်သမီးသည် စိတ်ထဲတွင် ကြိတ်ပြီး ဆန်းလျန်ကို လေးစား သွားမိလေသည်။
လင်ကွမ်း နတ်သမီး ဆိုသည်က …
နှစ်ပေါင်းရှစ်ရာ ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့သူ ဖြစ်ပြီး လောက နတ်ဘုရားတစ်ပါး အဖြစ် ရပ်တည်နေသည်မှာ နှစ်ပေါင်းသုံးရာပင် ကျော်ပြီ ဖြစ်လေသည်။ သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သည့်တိုင် သူမ၏ အောင်မြင်မှုများက အခြားသူများထက် များပြားလွန်းခဲ့သည်။ သို့သော် ဆန်းလျန်ကလည်း သူ့ကိုသူ ယုံကြည်မှု အပြည့် ရှိနေပုံ ရလေသည်။
သို့သော် တိုက်ပွဲတွင် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လင်ကွမ်း နတ်သမီးသည် ဆန်းလျန်ကို လေးစားနေမည် ဖြစ်လေသည်။ အမှန်တော့ ဆန်းလျန် ကဲ့သို့သော် နောက်ပေါက် နတ်ဘုရားလေးသည် သူမကဲ့သို့ နှစ်ပေါင်း သုံးရာကျော် နေ့မနား ညမနား လေ့ကျင့်ထားသူ တစ်ယောက်ကို ရှုံးနိမ့် သင့်သည်ဟုလည်း ယူဆထားလေသည်။
ဇာမဏီငှက်သည် ဇာမဏီသစ်ပင်မှ လွဲပြီး မည်သည့် သစ်ပင်တွင်မှ မနားစကောင်း …
နံနက်ခင်း နှင်းရည်ကြည်မှ လွဲပြီး မည်သည့်ရေကိုမှ မသောက်စကောင်း …
လင်ကွမ်း နတ်သမီးသည် ဇာမဏီငှက် ကဲ့သို့ပင် ဖြစ်လေသည်။
"ကောင်းပြီလေ၊ ဒါဖြင့် ငါ စပြီးတိုက်ခိုက်တော့မယ်"
လင်ကွမ်း နတ်သမီးက ပန်းလေးတစ်ပွင့် အလား လှပစွာပြုံးရင်း ပြောလိုက်သည်။
သူမသည် ဆန်းလျန်ဆီသို့ တဖြည်းဖြည်း လျှောက်သွားလိုက်ပြီး ရုတ်တရက် ငွေရောင် မီးပွင့်များ တောက်ပ လာလေသည်။ သူမ၏ ဓားဝိညာဉ် အမိန့်တော် အောက်တွင် မရေမတွက် နိုင်သော ငွေရောင်မီးပွင့်များ ထွက်ပေါ်လာလေသည်။
ဆန်းလျန်က ချီးကျူးသည့် မျက်ဝန်းများဖြင့် သူမကို ကြည့်လိုက်သည်။ လင်ကွမ်း နတ်သမီးသည် အမှန်တကယ် အံ့သြစရာ ကောင်းသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်၏ မျက်ဝန်းထဲတွင် ဓားရိပ်များဖြင့် ပြည့်နေပြီး သူ၏ နားထဲတွင်လည်း ဓားခြိမ်းသံများကို အဆက်မပြတ် ကြားနေရလေသည်။ လင်ကွမ်း နတ်သမီး၏ ဓားဝိညာဉ်သည် ဆန်းလျန်ဆီသို့ အဆက်မပြတ် ဝင်ရောက် လာလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျောက်စိမ်းသစ်ပင်ကို လောင်ကျွမ်းနေတဲ့ ငွေရောင် မီးပွင့်လေးတွေ လိုမျိုး နဂါးငွေ့တန်းဟာ မိန်းကလေးရဲ့ အိမ်မှာ ကခုန်နေတာပါပဲ"
ဆန်းလျန်ကို လင်ကွမ်း နတ်သမီး၏ မရေမတွက် နိုင်သည့် ငွေရောင်မီးပွင့် များက ဝန်းရံထားလေသည်။ ထိုအချိန်မှာပင် ဆန်းလျန်ကလည်း ဓားသင်္ကေတ တစ်ခုကို ရေးသား နေလေသည်။
ရုတ်တရက် …
ဆန်းလျန် ရေးဆွဲနေသည့် ဓားသင်္ကေတသည် လင်ကွမ်း နတ်သမီး၏ ငွေရောင်မီးပွင့်များ ကြားတွင် သစ်ပင်တစ်ပင် အဖြစ် ဖြစ်ပေါ်လာလေသည်။ ထိုသစ်ပင်သည် ခရမ်းရောင် ကလပ်ထက်မှ ကျောက်စိမ်းသစ်ပင်နှင့် အတူတူပင် ဖြစ်လေသည်။
လင်ကွမ်း နတ်သမီး၏ ဓားဝိညာဉ်ဖြင့် ဖန်ဆင်းထားသည့် ငွေရောင် မီးပွင့်များကို ကျောက်စိမ်းသစ်ပင်က ဆွဲယူလိုက်လေသည်။ ငွေရောင် မီးပွင့်များသည် ကျောက်စိမ်း သစ်ပင်ဆီမှ ရုန်းထွက်နိုင်ခြင်း မရှိကြတော့ဘဲ ကျောက်စိမ်းသစ်ပင် ထက်တွင် သဘာဝအတိုင်း လောင်ကျွမ်း နေကြလေတော့သည်။
လင်ကွမ်း နတ်သမီးမှာ အလွန်မှ ကြောက်မက်ဖွယ် ကောင်းသူ တစ်ယောက် ဖြစ်လေသည်။
အဝေးတစ်နေရာ တွင်တော့ တောက်ချင် နတ်ဘုရားက သက်ပြင်းရှည် တစ်ချက်ချလိုက်ပြီး ယွိမင်နတ်ဘုရား ကတော့ မည်သည့်စကားမှ မဆိုပေ။
ဆန်းလျန်၏ ဓားသိုင်းပညာမှာ နက်နဲလွန်းပြီး တိုက်ပွဲအတွင်း မှာပင် မတူညီသည့် စွမ်းအားများကို တစ်ပြိုင်တည်း အသုံးပြု နိုင်လေသည်။ လင်ကွမ်း နတ်သမီး၏ ဓားသိုင်းမှာလည်း အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ဆန်းလျန်သည် လင်ကွမ်း နတ်သမီးနှင့် တိုက်ခိုက်ရင်းဖြင့်ပင် သူမကို အနိုင်ယူရန် နည်းလမ်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ ဓားကျွမ်းကျင်မှုမှာ ပါရမီရှင်တစ်ပါး အလား ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလွန်းခဲ့သည်။
ကျောက်စိမ်းသစ်ပင် အောက်တွင် တင်ပျဉ်ခွေ ထိုင်နေသည့် ကျိလင် နတ်သမီး သို့မဟုတ် ချင်းရှောင်း နတ်သမီးသည် ပြုံးလိုက်မိလေသည်။ သူမက မျက်လုံးကို အသာဖွင့်ကာ ကျေနပ်ပီတိ ဖြစ်သည့် အကြည့်များဖြင့် ဆန်းလျန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကို အသာပြန် မှိတ်ကာ ဆက်လက်တရား ထိုင်နေလေသည်။
ဆန်းလျန်က ဆက်လက် တိုက်ခိုက်ခြင်း မပြုလုပ်တော့ပါ။
လင်ကွမ်း နတ်သမီးသည် ဆန်းလျန်ကို ရှုံးနိမ့်သွားပြီ ဖြစ်လေသည်။ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ဖြစ်ပေါ်လာပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ် သွားလေသည်။
"တာအို လမ်းစဉ်အရ ပြောရမယ် ဆိုရင်တော့ မင်းကိုငါ ရှုံးသွားပြီ၊ ဒါပေမဲ့ မင်းက ကွမ်းချင်း နတ်ဘုရားဂိုဏ်းရဲ့ ရန်သူဖြစ်နေတဲ့ အတွက် ငါတို့က မင်းနဲ့ဆက်ပြီး တိုက်ခိုက် ရလိမ့်မယ်၊ ဒီတိုက်ပွဲက တာအိုမဟာ လမ်းစဉ်အတွက် တိုက်ခိုက်ရတဲ့ တိုက်ပွဲပဲ"
လင်ကွမ်း နတ်သမီးက ပြောလိုက်လေသည်။
သူကက အရှုံးကို ဝန်ခံလိုက်သည့်တိုင် တိုက်ပွဲကို ဆက်လက် တိုက်ခိုက်မည်ဟု စိန်ခေါ်လိုက်ခြင်း ဖြစ်လေသည်။
"မိတ်ဆွေဆန်းလျန်၊ မင်းရဲ့ အရည်အချင်းနဲ့ ဆိုရင် လောကမှာ ဘယ်နေရာကိုပဲ ရောက်ရောက် နေရာ တစ်နေရာရဖို့ မခက်ခဲပါဘူး၊ ဘာလို့ ကျုပ်တို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက လုပ်တဲ့ အလုပ်တွေကို အမြဲတမ်း တားဆီးနှောင့်ယှက် နေရတာလဲ၊ မင်းဘက်က အလျှော့မပေးဘူး ဆိုရင် ဒီနေ့မှာ မင်းအနေနဲ့ ကျုပ်တို့ကို တားဆီးနိုင်တယ် ဆိုရင်တောင်မှ ပေးဆပ်ရမယ့် တန်ဖိုးက မြင့်မားလိမ့်မယ်၊ မင်းဘဝ တစ်ခုလုံး အောင်မြင်မှု ရနိုင်ဖို့ အတွက်တောင် အတားအဆီး ဖြစ်သွားနိုင်တယ်၊ သေသေချာချာ စဉ်းစားစေချင်တယ်"
ထိုစကားကို လေးနက်သည့် အသံဖြင့် ယွိမင် နတ်ဘုရားက ပြောလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ပါရမီရှင် နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် တန်ခိုးစွမ်းအား အရာတွင် ယွိမင် နတ်ဘုရားနှင့် မတိမ်းမယိမ်း ရှိနေလေသည်။ ထို့ကြောင့် သူတို့သုံးယောက်နှင့် ဆန်းလျန် တိုက်ခိုက်မည် ဆိုလျှင် ဆန်းလျန် အနေဖြင့် ဒုက္ခ အကြီးအကျယ် ရောက်သွားနိုင်ပြီး ကျင့်စဉ်လမ်းတွင် ရပ်တန့် သွားနိုင်လေသည်။ ယွိမင် နတ်ဘုရားကလည်း ထိုအဓိပ္ပာယ်ကို သွယ်ဝိုက် ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။
ထို့ပြင် ယွိမင် နတ်ဘုရား အနေဖြင့်လည်း ဆန်းလျန်ကို သုတ်သင်ပစ်ရန်မှာ မလွယ်ကူနိုင်ကြောင်း နားလည်ထားလေသည်။ ဆန်းလျန်ကို သတ်မည်ဆိုလျှင် သူတို့ အနေဖြင့်လည်း ကြီးမားသည့် တန်ဖိုးကို ပြန်လည် ပေးဆပ်ရနိုင်ဖွယ် ရှိလေ၏။
ဆန်းလျန်က ရယ်မောလိုက်လေသည်။
"မင်းတို့ သုံးယောက်က ကျုပ်ကို ဝိုင်းတိုက်ကြမယ် ဆိုရင်တော့ ကျုပ် သေချင်သေ သွားမှာပေါ့"
ဆန်းလျန်၏ စကားကြောင့် လင်ကွမ်း နတ်သမီး၏ မျက်ဝန်းများ တစ်ချက်တောက်ပ သွားလေသည်။
သူမက ဆန်းလျန်ဘက်မှ အလျှော့ပေးကာ ထွက်ခွာ သွားမည်ဟု ထင်မှတ် လိုက်မိလေသည်။ ဆန်းလျန်သည် ရန်သူတစ်ယောက် ဖြစ်နေသည့်တိုင် သူမသည် ဆန်းလျန်ကို ပြိုင်ဘက်တစ်ယောက် အနေဖြင့် လေးစားခဲ့သူ ဖြစ်လေသည်။
သို့သော် …
ဆန်းလျန် စကားဆက် မပြောခင်မှာပင် တွင်းနက်ကြီးထဲမှ နွားရိုင်းအော်သံကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။ ထို့နောက် တွင်းနက်ထဲမှ နွားရိုင်းကြီး တစ်ကောင် တွားသွား ထွက်လာသည်ကို သူတို့အားလုံး မြင်တွေ့ လိုက်ကြရသည်။
နွားရိုင်းကြီးက ပတ်ဝန်းကျင်ကို နားမလည်သလို တစ်ချက် ကြည့်နေလေသည်။
ထို့နောက် ဝူချင်ကျီ၏ အလောင်းနှင့် မြေပြင်ထက်တွင် ပြိုလဲနေသည့် ဟေးဟွမ် အရံအတား မျှော်စင်ကို မြင်တွေ့ လိုက်ရသည့်အခါ တွင်တော့ အဖြစ်အပျက်များကို ခန့်မှန်း မိသွားလေသည်။
ထို့နောက် ယွိမင် နတ်ဘုရားတို့ သုံးယောက်နှင့် ဆန်းလျန် ရင်ဆိုင် နေရသည်ကို သူက လှမ်းကြည့်လိုက်သည်။
နွားရိုင်းကြီးမှာ ခပ်တုံးတုံး ပုံပေါက်နေသော်လည်း အသိဉာဏ်ရှိသူ ဖြစ်လေသည်။ သူက အခြေအနေ အရပ်ရပ်ကို ချက်ချင်း နားလည်သွားသည်။
"မင်းကိုသတ်မယ် …"
နွားရိုင်းကြီးက အော်ဟစ် ကြုံးဝါးလိုက်လေသည်။
နွားရိုင်းကြီးမှာ ဆန်းလျန်ကို မကျေမနပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်နှင့် တောက်ချင် နတ်ဘုရားမှာ ကြိတ်ပြီး ဝမ်းသာ သွားလေသည်။
"ဆန်းလျန် ၊ မင်းအခုနေ မသွားသေးဘူး ဆိုရင် နောင်တရ လိမ့်မယ်နော်"
သူက ဆန်းလျန်ကို ပြောလိုက်သည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား သုံးပါးကို ရင်ဆိုင်ရန်ပင် မလွယ်ကူလေရာ ယခု နွားရိုင်းကြီး မှာလည်း တွင်းနက်ထဲမှ ပြန်ထွက်လာပြီ ဖြစ်သည့်အတွက် ဆန်းလျန် အနေဖြင့် မည်သို့မျှ မလွယ်ကူသည့် အနေအထား ဖြစ်နေလေသည်။
နွားရိုင်းကြီးကို တွေ့လိုက်ရသည့် အတွက် ဆန်းလျန်မှာလည်း အံ့သြ သွားရလေသည်။ သူ၏ ရောင်စဉ်ငါးမျိုးတောင် ငါးလုံးမှာ ဒြပ်စင်စွမ်းအား ငါးမျိုးဖြင့် ဖန်ဆင်းထားခြင်း ဖြစ်လေသည်။ ထိုတောင်ငါးလုံး အောက်မှ လွတ်မြောက်ရန်မှာ အလွန်မှ ခက်ခဲသော အလုပ် ဖြစ်လေသည်။
နွားရိုင်းကြီး၏ တန်ခိုးစွမ်းအား များမှာ အလွန်မှ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းလှပြီး အချိန်တို အတွင်းမှာပင် တောင်ငါးလုံး အောက်မှ လွတ်မြောက် လာခဲ့လေပြီ။
ဆန်းလျန်မှာ အံ့သြသွားရုံ သာမက စိတ်လည်းပျက် သွားမိလေသည်။ သို့သော် ဖြစ်လာသမျှ ရင်ဆိုင်မည်ဟု သူက ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် ဆရာဘွားဘွားကို အဆုံးထိ ကာကွယ် ပေးရဦးမည် မဟုတ်ပါလား။
"ဆရာဘွားဘွားကို ကာကွယ်ပေးရမည်" ဟု တွေးလိုက်မိသည်နှင့် စိတ်ပျက်မှုများ ချက်ချင်း ပျောက်ကွယ်သွားကာ အားသစ်အင်သစ်များ ပြန်လည် ရရှိလာသလို ခံစားလိုက် ရလေသည်။ သူ့အနေဖြင့် တိုက်ခိုက်ရင်း သေဆုံး သွားခဲ့လျှင်တောင်မှ ကျေနပ်မိမည် ဖြစ်လေသည်။
သူက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူ၏ရယ်သံသည် လေထဲတွင် ပေါက်ကွဲသံ တစ်ခုအလား ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နဂါးငွေ့တန်း ရေများ ပင်လျှင် လွင့်စဉ်ကုန်လေသည်။
"ဒီနေ့ ကျုပ်ထွက်သွားမယ် ဆိုရင် ကျုပ်ဘဝမှာ နောင်တအရဆုံး ဖြစ်မိမှာပဲ၊ ကဲ … သိပ်စကား မများကြနဲ့၊ တိုက်ခိုက်ချင်တဲ့သူ အကုန်လာခဲ့ကြ"
ဆန်းလျန်သည် ကျဉ်းထဲကြပ်ထဲ အခြေအနေတွင် ရှိနေသည့်တိုင် ကွမ်းချင်း နတ်ဘုရား သုံးပါးကို စိန်ခေါ်လိုက်လေသည်။
"ဒီကောင်ကတော့ တကယ့်ကောင်ပဲ"
ထိုအတွေးကို ကွမ်းချင်း နတ်ဘုရား သုံးပါးလုံးက တစ်ပြိုင်တည်း တွေးလိုက်ကြခြင်း ဖြစ်လေသည်။
နွားရိုင်းကြီးက ဆန်းလျန်ကို ကြည့်ရင်း ထိုလူမှာ ရူးများ ရူးသွားပြီလားဟု တွေးလိုက်မိသည်။ သို့သော် ဆန်းလျန်တွင် သူမသိနိုင်သည့် လျှို့ဝှက်ချက် များလည်း ရှိချင်ရှိ နေနိုင်လေသည်။
ထို့ကြောင့် ဆန်းလျန်ကို တိုက်ခိုက်ခြင်း မပြုသေးဘဲ နတ်ဘုရား သုံးပါးနှင့် ဆန်းလျန်၏ တိုက်ပွဲကို အရင်ဆုံး စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်လေတော့သည်။
***