အခန်း (၁-၃)
Vol. 1 Ch. 1-3
အခန်း ၁ - ပြန်လည်နိုးထလာခြင်း
"ဒင်... အိမ်ရှင်အနေနဲ့ ဝင်ရောက်မှု ပြုလုပ်မှာလား..."
"ဝင်ရောက်မယ်..."
"ဒင်... နှစ်ပေါင်းတစ်သိန်းတိုင်အောင် အောင်မြင်စွာ ဝင်ရောက်မှု ပြုလုပ်နိုင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုအပ်ပါသည်... စုစုပေါင်း ဝင်ရောက်မှုအကြိမ်ရေ ၅,၂၅၆,၀၀၀,၀၀၀ ပြည့်မြောက်သွားပြီဖြစ်သည်... သင်၏လုပ်ဆောင်များ ပြည့်စုံသွားပြီဖြစ်ရာ ဝင်ရောက်မှုနယ်မြေကို စတင်ဖွင့်လှစ်ပေးပါတော့မည်... နောက်ပြန်ရေတွက်ရန် ၁၀ မိနစ်..."
ကျယ်ပြောနက်ရှိုင်းလှသည့် ဟင်းလင်းပြင်တစ်ခုအတွင်း၌ ဖြစ်သည်။
မူလဝိညာဉ်ခန္ဓာအဖြစ် တည်ရှိနေသော ရီယွင်သည် စနစ်၏အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် ထုံထိုင်းနေသည့် သူ၏ဝိညာဉ်ထဲသို့ ဝိညာဉ်စွမ်းအားအချို့ စိမ့်ဝင်လာခဲ့သည်။
နှစ်ပေါင်းတစ်သိန်း...
နောက်ဆုံးတော့ သူ ဤနေရာကနေ ထွက်ခွာနိုင်ပြီဖြစ်သည်။
မှောင်မိုက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင်ထဲ၌ သူသည် ၁၀ မိနစ်လျှင် တစ်ကြိမ်ကျစီဖြင့် နှစ်ပေါင်းတစ်သိန်းတိုင်အောင် ဝင်ရောက်မှု ပြုလုပ်ခဲ့ရသည်။
ရီယွင်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ နှစ်ပေါင်းတစ်သိန်းအကြာတွင် လောကကြီးက မည်သို့ပြောင်းလဲသွားမည်ကို သူ မသိပေ။ နဂါးနတ်ဘုရားဂိုဏ်းသည် ပိုမိုအစွမ်းထက်လာခဲ့မည်လား... သို့မဟုတ် ပိုမိုဆုတ်ယုတ်ပျက်စီးသွားခဲ့မည်လား...။
နဂါးနတ်ဘုရားဂိုဏ်း၏ ပျက်စီးနေသော နေရာဟောင်း...။
နောက်ဘက်တောင်ကုန်း...။
"ဆရာ... နောက်ဆုံးတော့ ကျွန်မတို့ ဆရာ့ကို မြေမြှုပ်သင်္ဂြိုဟ်ပေးနိုင်ခဲ့ပြီ..."
"ဆရာ့အရိုးပြာတွေကို သယ်ဆောင်လာတဲ့ လမ်းမှာ ကျွန်မတို့ မောင်နှမသုံးယောက် အလိုက်ခံခဲ့ရတယ်... စီနီယာအစ်မကြီးက ကျွန်မတို့အတွက် ခုခံပေးခဲ့လို့သာပေါ့... ဒါပေမဲ့ ခုထက်ထိ သူ ဘယ်ရောက်နေမှန်း မသိရသေးဘူး..."
"ကျွန်မ ထင်တာတော့... သူ သေသွားလောက်ပြီ ထင်တယ်..."
"ဂျူနီယာညီလေးလည်း လမ်းမှာတင် အဖမ်းခံလိုက်ရတယ်..."
"အခုတော့ နဂါးနတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းလုံးမှာ ကျွန်မ တစ်ယောက်တည်းပဲ ကျန်တော့တယ်..."
"ဆရာက မသေခင်မှာ ကျွန်မကို ဂိုဏ်းချုပ်ရာထူး လွှဲပေးခဲ့ပေမဲ့... ကျွန်မ ဆရာ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး ထင်တယ်..."
"ဆရာ့ကိစ္စတွေ အားလုံး ပြီးသွားရင် ကျွန်မလည်း ဒီနေရာကနေ ထွက်သွားတော့မယ်... နာမည်ပြောင်းပြီး ဇာတ်မြုပ်နေတော့မယ်..."
"ဆရာ... ကျွန်မ တစ်ယောက်တည်း ဆက်ပြီး တောင့်မခံနိုင်တော့ဘူး..."
အသစ်တည်ဆောက်ထားသည့် ဂူသင်္ချိုင်းတစ်ခုရှေ့၌ ဖာထေးထားသော ညစ်ပတ်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် ဒူးထောက်ကာ အမွှေးတိုင် ထွန်းညှိနေသည်။ ဖုန်မှုန့်များ ပေကျံနေသည့် သူမ၏မျက်နှာထက်တွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
ထိုမိန်းကလေးသည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ခန့် ရှိမည်ဖြစ်သည်။ သူမ၏ဝတ်စုံမှာ နေရာအနှံ့ ပေါက်ပြဲနေသဖြင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် အရေပြားများမှာ လှစ်ပြူ ပေါ်ထွက်နေသည်။ အချို့နေရာများတွင် မခြောက်သေးသည့် နီရဲသော သွေးကွက်များ စွန်းထင်နေသည်မှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
သူမသည် ရင်ထဲက ခံစားချက်များကို ဂူသင်္ချိုင်းရှေ့၌ အသံထွက်ကာ ပြောဆိုနေခြင်းဖြစ်သည်။
မိန်းကလေး၏ရင်ထဲမှ လေးလံမှုများ လျော့ပါးသွားပုံရပြီး သူမ၏အမူအရာမှာ သိသိသာသာ ပြေလျော့သွားခဲ့သည်။
လော့လီသည် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူမ ရောက်ရှိနေသည့် ချိုင့်ဝှမ်းအတွင်း၌ အစီအရီ တည်ရှိနေသော ဂူသင်္ချိုင်းပေါင်း ၃၀၀ ခန့်ကို တွေ့လိုက်ရသည်။
“မူလကတော့ ကျွန်မ သေပြီးရင် ဒီနေရာမှာပဲ မြေမြှုပ်ခံရမှာ... ဒါပေမဲ့ အခုတော့ နဂါးနတ်ဘုရားဂိုဏ်းကို ဖျက်သိမ်းဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပြီ... ဒါကြောင့် ကျွန်မ သေသွားရင် ဒီနေရာနဲ့ ဘာမှသက်ဆိုင်တော့မှာ မဟုတ်ဘူး...”
နဂါးနတ်ဘုရားဂိုဏ်းသည် လက်ရှိအချိန်တွင် အဆင့်မရှိသည့် ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သော်လည်း ရှည်လျားသည့် သမိုင်းကြောင်း ရှိခဲ့သည်။ ဂိုဏ်းချုပ်အဆက်ဆက်သည် သေဆုံးပြီးနောက် ဤချိုင့်ဝှမ်းအတွင်း၌သာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။
ထိုဂူသင်္ချိုင်းများရှေ့၌ ဟောင်းနွမ်းနေသည့် ကျောက်စာတိုင်များ တည်ရှိနေသည်။ အချို့သော ကျောက်စာတိုင်များမှာ အလွန်ဟောင်းနွမ်းနေသဖြင့် သက်တမ်းကို တွက်ချက်ကြည့်လျှင် အနည်းဆုံး နှစ်ပေါင်းတစ်သိန်းခန့် ရှိနေပေလိမ့်မည်။
"နှမြောစရာပဲ... ကျွန်မတို့ နဂါးနတ်ဘုရားဂိုဏ်းက တစ်ချိန်တုန်းက ထာဝရနယ်ပယ်အဆင့် ထိပ်သီးဂိုဏ်းကြီးလို့ ပြောခဲ့ကြတာပဲ... အခုလို အခြေအနေထိ ရောက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ..."
လော့လီသည် သက်ပြင်းချလိုက်သည်။ သူမ၏ သေးငယ်ပြီး ညိုမှောင်နေသည့် မျက်နှာလေးတွင် အထီးကျန်မှုများ ရိပ်ယောင်နေသည်။
ဆင်းရဲနွမ်းပါးသည့် ဂိုဏ်းချုပ်တစ်ဦးဖြစ်သော လော့လီသည် ချီစုစည်းမှုနယ်ပယ်၏ အဆင့် ၈ တွင်သာ ရှိသေးသည်။ သူမကို သမိုင်းတစ်လျှောက်တွင် အားအနည်းဆုံး ဂိုဏ်းချုပ်ဟု ဆိုနိုင်သည်။
သူမသည် ဆရာဖြစ်သူနှင့်အတူ ကျင့်ကြံနေခဲ့သည့် နှစ်များအတွင်း တဂိုဏ်းတည်းသား ညီအစ်ကို မောင်နှမများနှင့်အတူ တစ်နေရာမှ တစ်နေရာသို့ ပုန်းရှောင်နေရခြင်း သို့မဟုတ် ရန်သူများ၏ရန်မှ ထွက်ပြေးနေရခြင်းဖြင့်သာ အချိန်ကုန်ခဲ့ရသည်။
ကျင့်ကြံခြင်းအတွက် အချိန်မည်သို့ ရနိုင်ပါမည်နည်း။
ထို့ကြောင့် လော့လီ၏ ကျင့်ကြံမှုအခြေခံမှာ အလွန်ပင် အားနည်းလွန်းနေသည်။
နဂါးနတ်ဘုရားဂိုဏ်း၏ ၂၅၀ ဆက်မြောက် ဂိုဏ်းချုပ်သည် တစ်ချိန်က အင်အားကြီးအဖွဲ့အစည်းတစ်ခုကို သွားရောက်စော်ကားခဲ့သည်ဟု ဆိုကြသည်။
ထိုအချိန်မှစ၍ နဂါးနတ်ဘုရားဂိုဏ်း၏ တပည့်အဆက်ဆက်သည် ထွက်ပြေးတိမ်းရှောင်သည့် လမ်းစဉ်ပေါ်သို့ ရောက်ရှိခဲ့ရသည်။
သို့သော်လည်း နဂါးနတ်ဘုရားဂိုဏ်းသည် မျိုးဆက်ပေါင်း ၅၀ ခန့်အထိ တောင့်ခံနိုင်ခဲ့သည်။ လော့လီ လက်ထက်သို့ ရောက်ရှိလာချိန်တွင် သူမသည် ၂၉၈ ဆက်မြောက် ဂိုဏ်းချုပ် ဖြစ်နေပြီဖြစ်သည်။
ခါးသီးသည့် အတိတ်များကို ပြန်လည်အမှတ်ရမိသဖြင့် လော့လီ၏မျက်နှာမှာ ပိုမိုညှိုးငယ်သွားပြီး သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်မိသည်။
နဂါးနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူများကို ခိုင်မာသည့် ယုံကြည်ချက် ပေးစွမ်းထားသည်မှာ နဂါးနတ်ဘုရား သွေးဗီဇကြောင့် ဖြစ်နိုင်ပေသည်။ ဂိုဏ်းချုပ်အဆက်ဆက်သည် အခက်အခဲများကြားမှ ရုန်းကန်ရှင်သန်ခဲ့ကြပြီး ရန်သူများ၏ အကြိမ်ကြိမ် လိုက်လံတိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ နဂါးနတ်ဘုရားဂိုဏ်းသည် ပိုမိုအားနည်းလာခဲ့သည်။ လော့လီ၏ဆရာ လက်ထက်သို့ ရောက်ရှိချိန်တွင် ဆယ်စုနှစ်အနည်းငယ်အတွင်း တပည့် သုံးဦးသာ လက်ခံနိုင်ခဲ့တော့သည်။
သူမ၏ဆရာမှာလည်း မူလပင်လယ်နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။
"နှမြောစရာပဲ... အတိတ်ကအကြောင်းတွေက ပြန်တွေးရင် အရမ်းနာကျင်ဖို့ကောင်းတယ်..."
လော့လီ၏ ဝမ်းနည်းနေသော အကြည့်များသည် အထဲဘက် ပိုကျသည့် ရှေးဟောင်းဂူသင်္ချိုင်းအချို့ဆီသို့ ရောက်သွားပြီး သူမက ရုတ်တရက် ရေရွတ်လိုက်သည်။
"ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီကို ပြန်လာတော့မှာ မဟုတ်ဘူး... ဂိုဏ်းရဲ့ ဘိုးဘေးတွေကို နောက်ဆုံးအကြိမ်အဖြစ် အမွှေးတိုင် ပူဇော်ပေးခဲ့ပါ့မယ်..."
ထိုသို့ပြောပြီးနောက် လော့လီသည် အမွှေးတိုင်အစည်းကို ယူကာ ချိုင့်ဝှမ်းအတွင်းဘက်ရှိ ပထမဆုံး ဂူသင်္ချိုင်းတန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ဂိုဏ်းကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေး၏ ဂူသင်္ချိုင်းမှစ၍ လော့လီသည် တိတ်ဆိတ်စွာ အမွှေးတိုင် ပူဇော်ခဲ့သည်။ သူမ၏ ညိုမှောင်ပြီး ဖုန်မှုန့်များ ပေကျံနေသည့် မျက်နှာလေးမှာ တည်ငြိမ်လေးနက်နေသည်။
၁၃ ခုမြောက် ဂူသင်္ချိုင်းသို့ ရောက်ရှိသောအခါ လော့လီသည် ရှေ့မှ ရှေးဟောင်းကျောက်စာတိုင်ကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ ဗာဒံစေ့ပုံစံ မျက်လုံးလေးများအတွင်းမှ အကြည့်များမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
‘ဒါက နဂါးနတ်ဘုရားဂိုဏ်းရဲ့ သမိုင်းမှာ အစွမ်းအထက်ဆုံး ဘိုးဘေးလား... သူက အရမ်းထောင်လွှားပြီး လူတွေအများကြီးကို ဖိနှိပ်ခဲ့တယ်လို့ ကြားဖူးတယ်... နှင်းခဲဖီးနစ်ဂိုဏ်းက သူတော်စင်မိန်းကလေးကိုတောင် သွားပြီး စနောက်ခဲ့သေးတာတဲ့... နောက်ဆုံးတော့ လူတကာရဲ့ ကဲ့ရဲ့ခြင်းကို ခံခဲ့ရပြီး ဂိုဏ်းချုပ်သက်တမ်း ၆ နှစ်မှာတင် ရာထူးက ဆင်းပေးခဲ့ရတယ်...’
ဤအကြောင်းကို တွေးရင်း လော့လီ၏ နှုတ်ခမ်းများမှာ မဲ့သွားသည်။
"ဟွန်း... သူ့ကို နဂါးနတ်ဘုရားဂိုဏ်းရဲ့ သမိုင်းမှာ သက်တမ်းအတိုဆုံး ဂိုဏ်းချုပ်လို့ ခေါ်လို့ရတယ်..."
သူမက စိတ်ထဲက မကျေနပ်သော်လည်း အမွှေးတိုင်တစ်တိုင်ကိုတော့ ပူဇော်ပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီ ၁၃ ဆက်မြောက် ဂိုဏ်းချုပ်ဟာ တစ်ချိန်တုန်းက နဂါးနတ်ဘုရားဂိုဏ်းကို အတောက်ပဆုံး အခြေအနေထိ ရောက်အောင် ပို့ဆောင်ပေးခဲ့ဖူးတာပဲ... သူက ငါ့ဆီက ဒီအမွှေးတိုင်တစ်တိုင်တော့ ရထိုက်ပါတယ်လေ...”
အရင် ဘိုးဘေး ၁၂ ယောက်အတွက် လော့လီသည် အမွှေးတိုင် ပူဇော်ပြီးတိုင်း ဦးချခဲ့သည်။
သို့သော် ဤ ၁၃ ဆက်မြောက် ဂိုဏ်းချုပ်ရှေ့တွင်မူ သူ ဦးမချဘဲ မတ်မတ်ရပ်နေခဲ့သည်။
"ဘိုးဘေး... ဘိုးဘေးသာ အဲ့ဒီလောက် မထောင်လွှားဘဲ ရန်သူတွေ အများကြီး မဖန်တီးခဲ့ရင် နဂါးနတ်ဘုရားဂိုဏ်းက နောက်ပိုင်းမှာ အခုလို အမြန်ကြီး ဆုတ်ယုတ်သွားပါ့မလား..."
"ဘိုးဘေးကိုယ်တိုင်လည်း ကျင့်ကြံနေတုန်း သွေးလေဖောက်ပြန်ပြီး သေသွားတယ်လို့ ကြားတယ်... အဲ့ဒီအချိန်တုန်းက ဘိုးဘေးရဲ့ ရန်သူတွေကတော့ အောင်ပွဲခံခဲ့ကြမှာပဲ... ကျွန်မတို့ နဂါးနတ်ဘုရားဂိုဏ်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့လို့ ဝဋ်လည်တာလို့တောင် ပြောကြသေးတာ..."
သူမက မကျေမနပ် ပြောဆိုပြီးနောက် တီးတိုးရေရွတ်ရင်း ၁၄ ခုမြောက် ဂူသင်္ချိုင်းဆီသို့ သွားရန် ပြင်လိုက်သည်။
"ခရက်... ခရက်..."
ရုတ်တရက် မြေကြီးများ လှုပ်ရှားလာပြီး တစ်စုံတစ်ခု တိုးထွက်လာသည့် အသံများ ထွက်ပေါ်လာသည်။
မြေကြီးများ တအိအိ ကြွတက်လာသည်ကို မြင်ရသောအခါ လော့လီသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူမ၏မျက်နှာတွင် ကြောက်ရွံ့မှုများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
အလောင်းက ပြန်နိုးလာတာလား...။
ဘိုးဘေးက ပြန်ရှင်လာတာလား...။
သူက ခေါင်းတလားထဲကနေ တွားထွက်လာတာလား...။
လော့လီသည် ကြောက်လွန်းသဖြင့် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရင်နေသည်။
နှစ်ပေါင်းတစ်သိန်းလောက် သေနေတဲ့ ဘိုးဘေးက ကျွန်မရဲ့ ကဲ့ရဲ့စကားတွေကို ကြားပြီး ခေါင်းတလားထဲကနေ တကယ်ကြီး တွားသွားပြီး ထွက်လာတာလား။
"ခွပ်..."
ဖြူဖွေးနေသည့် အရိုးစုလက်တစ်ဖက်သည် မြေပုံထဲမှ ရုတ်တရက် ထွက်လာသည်။
"ဘုန်း..."
ဂူသင်္ချိုင်း မြေပုံကြီးမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
ဖြူဖွေးနေသည့် အရိုးစုကြီးတစ်ခုသည် လေထဲသို့ ခုန်တက်သွားပြီး လော့လီ၏ရှေ့တွင် ကျဆင်းလာခဲ့သည်။
"အမလေး... သရဲ..."
လော့လီသည် ကြောက်လွန်းသဖြင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင် လဲကျသွားကာ မျက်လုံးများ ပြူးထွက်လျက် ဆီးပင် ထွက်ကျလုမတတ် ဖြစ်သွားရသည်။
အခန်း (၁) ပြီးပါပြီ။
အခန်း ၂ - စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ ဘိုးဘေးကြီး လောကကို ရယ်မောခြင်း
“ဟဲ့ ကလေးမ... မင်း ခုနက ငါ့အတင်း ပြောနေတာလား...”
ခေါင်းတလားထဲမှ လောလောလတ်လတ် တွားထွက်လာသည့် ရီယွင်သည် သူ့ရှေ့တွင် ကျောက်ရုပ်ကဲ့သို့ မှင်တက်မိနေသော မီးသွေးခဲပမာ ညိုမည်းသည့် မိန်းကလေးကို ကြည့်ကာ ပြုံးလိုက်သည်။ ထိုသို့ ပြုံးလိုက်ချိန်တွင် သူ၏ ချည့်နဲ့နဲ့ အရိုးစု မေးရိုးများဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ချောက်... ချောက်...”
ရီယွင်သည် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်ရာ ရင်ဘတ်ထဲ၌ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အရိုးစုသက်သက်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
အနည်းဆုံးတော့ အရိုးစုကျန်သေးသည်ဟု ရီယွင်က အနည်းငယ် စိတ်သက်သာရာရစွာ တွေးလိုက်သည်။ သူသည် နဂါးဘိုးဘေး အနှစ်သာရသွေးကို ပိုင်ဆိုင်ထားသူဖြစ်ရာ ရုပ်ခန္ဓာကို ပြန်လည် တည်ဆောက်နိုင်သည်။
“ဘိုးဘေးကြီး... ကျွန်မ မှားပါတယ်... ကျွန်မ ဘိုးဘေးကြီးရဲ့ အတင်းကို မပြောသင့်ခဲ့ဘူး... ကျေးဇူးပြုပြီး ကျွန်မကို အသက်ချမ်းသာပေးပါ...”
လော့လီ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့နေပြီး အမူအရာမှာလည်း ပျာပျာသလဲ ဖြစ်နေသည်။ သူမသည် ကြောက်လွန်းသဖြင့် ငိုယိုကာ ခေါင်းကို မြေကြီးနှင့် အကြိမ်ကြိမ် စောင့်လျက် ဦးချနေတော့သည်။ သူမ၏ မကျေမနပ် ရေရွတ်မှုများကြောင့် ဘိုးဘေးကြီး ခေါင်းတလားထဲမှ တကယ်ကြီး ထွက်လာလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ပေ။
“မင်းက ဘယ်နှစ်ဆက်မြောက် ဂိုဏ်းချုပ်လဲ... ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ...”
ရီယွင်သည် လော့လီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ သူ၏ ဟာလာဟင်းလင်း ဖြစ်နေသော အရိုးစု မျက်တွင်းများထဲမှ ဆိုးယုတ်ပြီး ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
“ဖြေကြားပါရစေ ဘိုးဘေးကြီး... ကျွန်မက ၂၉၈ ဆက်မြောက် ဂိုဏ်းချုပ် လော့လီ ပါ... ကျွန်မရဲ့ အစွမ်းက အနည်းငယ် အားနည်းနေပေမဲ့ ကျွန်မက နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတာတော့ ရာနှုန်းပြည့် အာမခံပါတယ်...”
လော့လီသည် ထိတ်လန့်နေသည့် ကြားမှ ခေါင်းကို ဝံ့ဝံ့ရဲရဲ မဟုတ်ဘဲ မော့ကြည့်လိုက်သည်။ သူမသည် တုန်ရင်နေသော လက်များဖြင့် ဂိုဏ်းချုပ်အမှတ်အသားတံဆိပ်ကို မတည်မငြိမ် ထုတ်ပြလိုက်သည်။
“ဒါဆို မင်းက တကယ်ပဲ ဂိုဏ်းချုပ်ပေါ့...”
ရီယွင်သည် ထိုတံဆိပ်ကို တစ်ချက်ကြည့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး လော့လီ၏ အထောက်အထားကို ချက်ချင်း အတည်ပြုလိုက်သည်။
ဤနေရာသည် နောက်ဘက်တောင်ကုန်းရှိ ဘိုးဘေးခန်းမ၏ အနောက်ဘက် ဂူသင်္ချိုင်းနေရာ ဖြစ်သည်။ နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်အဆက်ဆက် သေဆုံးပြီးနောက် ဤနေရာ၌သာ မြေမြှုပ်သင်္ဂြိုဟ်ခံကြရသည်။ ဤနေရာတွင် သူကိုယ်တိုင် အားကောင်းသည့် အစီအရင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီး ဂိုဏ်းချုပ်မှတစ်ပါး မည်သူမျှ ဝင်ရောက်နိုင်ခြင်း မရှိပေ။
ရီယွင်သည် လော့လီ၏ အထောက်အထားကို သံသယ မရှိတော့ပေ။ သို့သော် ဤမိန်းကလေး၏ ကျင့်ကြံမှုအဆင့်မှာ အလွန်ပင် နိမ့်ကျလွန်းနေသည်။ အကယ်၍ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကသာ ဆိုလျှင် ဤကဲ့သို့သော တပည့်မျိုးသည် နဂါးနတ်ဘုရားဂိုဏ်း၏ အပြင်စည်းတပည့်များအတွက် ဖိနပ်သယ်ပေးရန်ပင် အရည်အချင်း မပြည့်မီပေ။
“လောကကြီးကပဲ အားနည်းသွားတာလား... ဒါမှမဟုတ် နဂါးနတ်ဘုရားဂိုဏ်းကပဲ အားနည်းသွားတာလား...”
ရီယွင်၏ နက်ရှိုင်းလှသော အရိုးစု မျက်တွင်းများက လော့လီဆီ၌ စွဲမြဲနေပြီး သူ၏ အသံမှာ တိုးညင်းကာ အေးစိမ့်နေသည်။
“ဖြေကြားပါရစေ ဘိုးဘေးကြီး... လောကကြီးကတော့ မပြောင်းလဲပါဘူး... နဂါးနတ်ဘုရားဂိုဏ်းကပဲ ဆုတ်ယုတ်သွားခဲ့တာပါ... အခုတော့... အခုတော့ ကျွန်မ တစ်ယောက်တည်းပဲ ကျန်တော့တယ်...”
ဤသို့ ပြောပြီးနောက် လော့လီသည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်ကာ မထိန်းချုပ်နိုင်ဘဲ ရှိုက်ကြီးတငင် တဟီးဟီး ငိုကြွေးတော့သည်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ရုပ်သွင်မှာ မျက်ရည်၊ မျက်ချေးများဖြင့် ပိုမို ဆိုးရွားသွားပြီး ကြည့်ရသည်မှာ အလွန်ပင် သနားစဖွယ် ကောင်းလှသည်။
လော့လီ သနားစဖွယ် ဝမ်းနည်းပက်လက် ငိုနေသည်ကို မြင်သောအခါ ရီယွင်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ နဂါးနတ်ဘုရားဂိုဏ်းသည် ဤကဲ့သို့ ပျက်စီးယိုယွင်းသည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးခဲ့ပေ။ သို့သော် ဤသည်မှာ နှစ်ပေါင်းတစ်သိန်းအကြာမှ ခါးသီးသော လက်တွေ့ဘဝ ဖြစ်နေသည်။ ရီယွင်သည် သူ၏ စိတ်နေစိတ်ထားကို ပြင်ဆင်လိုက်ပြီး ဤလက်တွေ့ဘဝကို စတင် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
“မျက်လုံးမှိတ်ထားလိုက်...”
ရီယွင်က အမိန့်ပေးလိုက်သည်။ သူသည် သူ၏ ရုပ်ခန္ဓာကို ပြန်လည် တည်ဆောက်တော့မည် ဖြစ်ရာ ဤမျိုးဆက်သစ်ကို ထိုဖြစ်စဉ်အား မမြင်စေလိုပေ။
“ဟုတ်... ဟုတ်ကဲ့ပါ...”
လော့လီသည် လိမ္မာစွာပင် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ရီယွင်သည် သူ၏ လက်ကောက်ဝတ်ကို ထိလိုက်ရာ သူ၏ နတ်ဘုရားအာရုံသည် စနစ်၏ အိတ်ဆောင်ဟင်းလင်းပြင်ထဲသို့ ရောက်သွားပြီး ကြွေဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူကာ အတွင်းမှ အရာများကို ချက်ချင်း သောက်လိုက်သည်။ ဤသည်မှာ စနစ်ဆီမှ သူ၏ ပထမဆုံး ဝင်ရောက်မှုအတွက် ဆုလာဘ်အဖြစ် ရရှိခဲ့သော နဂါးဘိုးဘေး အနှစ်သာရသွေး ဖြစ်သည်။
နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်တိုင်းသည် သိပ်သည်းလှသော နဂါးနတ်ဘုရား အနှစ်သာရသွေးကို ပိုင်ဆိုင်ကြသည်။ ရီယွင်၏ အချိန်ကာလတုန်းက သူ၏ နဂါးနတ်ဘုရား သွေးဗီဇ သိပ်သည်းဆမှာ အံ့အားသင့်ဖွယ် ၉၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ သူ အသက် ၂၄ နှစ် ရောက်ချိန်တွင် ထာဝရနယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီး ချန်းနန်ကုန်းမြေကြီး၏ အထွတ်အထိပ်မှာ ရပ်တည်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဝင်ရောက်မှုစနစ် စတင် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကျင့်ကြံခြင်းလမ်းစဉ်၌ ရှေ့သို့ ဆက်လက် တိုးတက်လိုပါက သူ၏ နဂါးနတ်ဘုရား သွေးဗီဇကို စွန့်လွှတ်ကာ နဂါးဘိုးဘေး သွေးဗီဇနှင့် အစားထိုးရမည်ဟု စနစ်က ပြောခဲ့သည်။ ထိုသို့ ပြုလုပ်မှသာ ထာဝရနယ်ပယ်ကို ကျော်လွန်ပြီး ဒဏ္ဍာရီလာ နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ အသေအချာ စဉ်းစားပြီးနောက် ရီယွင်သည် စနစ်၏ တောင်းဆိုချက်ကို သဘောတူခဲ့ကာ လျှို့ဝှက်ဆန်းပြားသော ဝင်ရောက်မှုနယ်မြေသို့ ဝင်ရောက်ခဲ့သည်။ သူသည် ထိုနေရာ၌ နှစ်ပေါင်းတစ်သိန်းတိုင်အောင် နေထိုင်ခဲ့ပြီး အကြိမ်ရေ ၅.၂ ဘီလီယံတိုင်အောင် ဝင်ရောက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နဂါးဘိုးဘေး အနှစ်သာရသွေးကို အရိုးစုက စုပ်ယူပြီးနောက် ဖြူဖွေးသော အရိုးများပေါ်တွင် အသားနှင့် သွေးများမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဝါဖြင့် ပြန်လည် ဖြစ်ပေါ်လာသည်။ သူ၏ လက်ကောက်ဝတ်ကို အသာအယာ လှုပ်ယမ်းလိုက်ရာ ရီယွင်သည် ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် ဝတ်စုံကို ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။
“ကဲ... မျက်လုံး ဖွင့်လို့ရပြီ...”
ရီယွင်က နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။
လော့လီသည် သူမ၏ မျက်လုံးများပေါ်မှ လက်များကို ဖယ်လိုက်ရာ သူမ၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားခဲ့သည်။ ဆီးနှင်းထက် ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဘိုးဘေးကြီးသည် ထူးကဲသော ဂုဏ်ရည်ရှိလှသည်။ မြင့်မြတ်ပြီး သန့်စင်လွန်းလှသဖြင့် လူ့ပြည်သို့ ဆင်းသက်လာသည့် နတ်သားတစ်ပါးနှင့် တူနေပြီး သူ၏ ပြိုင်ဘက်ကင်း အရှိန်အဝါမှာ စကားဖြင့် ဖော်ပြရန်ပင် လွန်စွာခက်ခဲလှသည်။
ဘိုးဘေးကြီးသည် အမှန်တကယ်ပင် ဤမျှ ချောမောလှပပေသည်ဟု တွေးမိပြီး လော့လီ၏ ပါးပြင်များမှာ နီမြန်းသွားပြီး ရီယွင်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ သူ၏ တစ်သက်တာတွင် ဤမျှ အလွန်တရာ ချောမောလှပသည့် ဤကဲ့သို့သော အမျိုးသားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဝတ်စုံဖြူ ဝတ်ထားသော လှပတင့်တယ်သည့် လူငယ်တစ်ဦးသည် အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ရီယွင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ရှိနေကာ ရှေ့မှ သနားစဖွယ် နှပ်ချေးတွဲလောင်းနှင့် ကောင်မလေးကို စောင့်ကြည့်နေသည်။
ထိုအချိန်တွင် နဂါးဘိုးဘေး အနှစ်သာရသွေး၏ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းလာပြီး ထာဝရနယ်ပယ်၏ အတားအဆီးမှာ ပျက်စီးသွားခဲ့သည်။ ရီယွင်သည် နောက်ဆုံးတွင် သူ အလိုရှိရာသို့ ရောက်ရှိသွားခဲ့ပြီး စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ချန်းနန်ကုန်းမြေကြီးရှိ နတ်ဘုရားများ၏ အောက်တွင် ကျင့်ကြံခြင်းကို အဓိက နယ်ပယ်ကြီး ၁၀ ခု ခွဲခြားထားသည်။ ၎င်းတို့မှာ ခန္ဓာသန့်စင်မှုနယ်ပယ်၊ ချီစုစည်းမှုနယ်ပယ်၊ အနှစ်သာရစုစည်းမှုနယ်ပယ်၊ မူလပင်လယ်နယ်ပယ်၊ နတ်ဝိညာဉ်အာရုံနယ်ပယ်၊ ကောင်းကင်တံတားနယ်ပယ်၊ ပြန်လည်မွေးဖွားခြင်းနယ်ပယ်၊ ကံကြမ္မာနယ်ပယ်၊ တာအိုနယ်ပယ်နှင့် ထာဝရနယ်ပယ် တို့ ဖြစ်ကြသည်။ ထာဝရနယ်ပယ်မှာ အထွတ်အထိပ် ဖြစ်ပြီး၊ အကယ်၍ စစ်မှန်သောနတ်ဘုရားနယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်နိုင်ပါက လောကကြီးကို ငုံ့ကြည့်နိုင်သည့် ပြိုုင်ဘက်ကင်းနတ်ဘုရားတစ်ပါး ဖြစ်လာမည် ဖြစ်သည်။
ချန်းနန်ကုန်းမြေကြီး၌ နှစ်ပေါင်းများစွာတိုင်အောင် မည်သူမျှ နတ်ဘုရားနယ်ပယ်သို့ ခြေမချနိုင်ခဲ့ကြပေ။ နတ်ဘုရားနယ်ပယ်ဆိုသည်မှာ ရှေးဟောင်း ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။
“ဘိုးဘေးကြီး... ဘိုးဘေးကြီးရဲ့ ကျင့်ကြံမှုအဆင့်က ချိုးဖျက် ဝင်ရောက်သွားတာလား...”
လော့လီသည် ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးကာ မှင်တက်မိလျက် ကြည့်နေသည်။ သူမ၏ နဂါးနှလုံးသားကျင့်စဉ်နှင့် နဂါးနတ်ဘုရား သွေးဗီဇတို့အကြား ထူးခြားသော တုံ့ပြန်မှုမှတစ်ဆင့် ဘိုးဘေးကြီး၏ ကျင့်ကြံမှုအဆင့်မှာ ထာဝရနယ်ပယ်တွင် ရှိနိုင်သည်ဟု သူမ ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုလေးတင် ဘိုးဘေးကြီးထံမှ ပိုမို အစွမ်းထက်လှသည့် ဘိုးဘေးနဂါးနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူမ၏ သွေးဗီဇဖြင့် ထပ်မံ အာရုံခံကြည့်သောအခါ ဘိုးဘေးကြီး၏ နယ်ပယ်ကို သူမ လုံးဝ ခန့်မှန်း၍ မရတော့သည်ကို တွေ့လိုက်ရသည်။
“ငါ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီ...”
ရီယွင်က ရယ်မောရင်း ပြောလိုက်သည်။
“ဘိုးဘေးကြီး... ဒါဆို ဘိုးဘေးကြီးက အခု... စစ်မှန်တဲ့ထာဝရနယ်ပယ်ကို ရောက်သွားပြီပေါ့...”
လော့လီ၏ အသံမှာ တုန်ရင်နေသည်။ နဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သဖြင့် ဂိုဏ်း၏ အခြေခံ ဗဟုသုတများကို ပိုင်ဆိုင်ထားသော လော့လီသည် ထာဝရနယ်ပယ်၏ အထက်တွင် ဒဏ္ဍာရီလာ စစ်မှန်သောနတ်ဘုရားနယ်ပယ် ရှိကြောင်း သိထားသည်။
“ဟုတ်တယ်...”
ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။
“ဝါး... တကယ်ကြီး စစ်မှန်တဲ့ထာဝရနယ်ပယ်ပဲ... ဘိုးဘေးကြီး... နဂါးနတ်ဘုရားဂိုဏ်းတော့ ထွန်းတောက်ရတော့မယ်ပေါ့...”
ရီယွင်၏ အတည်ပြုချက်ကို ကြားသောအခါ လော့လီသည် အပျော်လွန်ကာ ကခုန်ပြီးနောက် တဖန် ရှိုက်ကြီးတငင် ငိုကြွေးပြန်တော့သည်။
နတ်ဘုရားတစ်ပါးဖြစ်ပေသည်။ စစ်မှန်သောနတ်ဘုရားနယ်ပယ် ဖြစ်ပေသည်။ ထိုနယ်ပယ်မှာ ချန်းနန်ကုန်းမြေကြီး၏ ဒဏ္ဍာရီများထဲတွင် ပြောစမှတ်ပြုရသော ထိတ်လန့်ဖွယ် နတ်ဘုရားနယ်ပယ် ဖြစ်သည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဤကဲ့သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်နေပြီဖြစ်ကြောင်း မည်သူမျှ မသိကြပေ။ ကျင့်ကြံသူ အများစုမှာ စစ်မှန်သောနတ်ဘုရားနယ်ပယ်အကြောင်းကို ကြားပင် မကြားဖူးကြပေ။
ရီယွင်သည် သူ၏ မျက်ခုံးနှစ်ခုကြားကို ထိလိုက်သည်။ ဆုတ်ယုတ်နေသော နဂါးနတ်ဘုရားဂိုဏ်းတွင် ဤ နှာချေးတွဲလောင်းနှင့် ကောင်မလေးမှာ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရမည်မှာ ထင်ရှားလှသည်။
“မိန်းကလေး... နဂါးနတ်ဘုရားဂိုဏ်းမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြဦး...”
ရီယွင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘိုးဘေးကြီး... လက်ရှိ နဂါးနတ်ဘုရားဂိုဏ်းက...”
လော့လီသည် မျက်ရည်များကို သုတ်ကာ သူမ သိသမျှ ဂိုဏ်း၏ အကြောင်းများကို ရီယွင်အား ပြောပြလေတော့သည်။
သူ ပြောပြီးသွားသောအခါ ရီယွင်က တိုးညင်းစွာ မေးလိုက်သည်။
“ဒါဆို နင့်အပြောအရ ၂၅၀ ဆက်မြောက် ဂိုဏ်းချုပ်က ဘယ်အင်အားကြီးအဖွဲ့ကို စော်ကားခဲ့တာလဲဆိုတာ မင်း မသိဘူးပေါ့...”
“ဟုတ်ပါတယ် ဘိုးဘေးကြီး... ဒါက အရမ်း ကြာခဲ့ပြီဖြစ်သလို အရင် ဘိုးဘေးတွေကလည်း ဒီကိစ္စကို အရမ်း လျှို့ဝှက်ခဲ့ကြတယ်... ဒါကြောင့် ခုထက်ထိ နဂါးနတ်ဘုရားဂိုဏ်းကို ဘယ်သူက အမြဲတမ်း ပစ်မှတ်ထားနေလဲဆိုတာ ကျွန်မတို့ မသိကြဘူး...”
“မကြောက်နဲ့... ဘယ်သူပဲဖြစ်ဖြစ် ငါ သူတို့မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပေးမယ်...”
ရီယွင်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ၏ တည်ငြိမ်သော အသံထဲတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် သံမဏိကဲ့သို့ ခိုင်မာသော ဆန္ဒများ ပါဝင်နေသည်။
လော့လီသည် မှင်တက်မိသွားသည်။ ဤ ချောမောသော ဘိုးဘေးကြီးမှာ အမိန့်ပေးသည့် အခါမျိုးတွင် အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
ရီယွင်သည် လော့လီ၏ အရည်အချင်းကို အကဲဖြတ်ရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။ ထို မိန်းကလေး၏ နဂါးနတ်ဘုရား သွေးဗီဇမှာ အလွန်ပင် ပါးလွှာနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ပျက်မှုအချို့ကို မဖြစ်မနေ တွေ့လိုက်ရသည်။
လက်ရှိ နဂါးနတ်ဘုရားဂိုဏ်းသည် တတိယတန်းစား ဂိုဏ်းတစ်ခုကိုပင် မမီတော့ဟု ထင်ရသည်။ သို့သော်လည်း ကိစ္စမရှိပေ။ သူ့၌ နည်းလမ်းရှိသည်။
ရီယွင်သည် သူ၏ လက်ကောက်ဝတ်ကို ထပ်မံ ထိလိုက်ပြီး ဆေးလုံးတစ်လုံး ထုတ်ယူလိုက်သည်။
“ဒီ ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို အရင် သောက်လိုက်...”
ရီယွင်က ညွှန်ကြားလိုက်ပြီး သူ၏ လက်ချောင်းကို တစ်ချက် လှုပ်လိုက်ရာ ဆေးလုံးမှာ လော့လီထံသို့ ပျံသန်းသွားခဲ့သည်။
ဤအရာသည် မည်သို့သော အရည်အသွေးမျိုး ဖြစ်သနည်းဟု လော့လီ၏ အကြည့်များသည် တာအိုနိယာမလှိုင်းများ ထွက်ပေါ်နေသော ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးထံ၌ စွဲမြဲနေသည်။ သူမသည် ဆေးလုံးကို ကိုင်ထားရင်း လက်များ တုန်ရင်နေသည်။
သူမ၏ တစ်သက်တာတွင် ဤကဲ့သို့ အံ့ဩဖွယ်ကောင်းသည့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“ဒါက နတ်ဘုရားအဆင့် အကောင်းဆုံး ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးပဲ...”
ရီယွင်က အသာအယာ ပြုံးရင်း ပြောလိုက်သည်။
“ဘယ်လို... နတ်ဘုရားအဆင့်...”
လော့လီသည် ကြောက်လွန်းသဖြင့် တုန်တက်သွားသည်။ သူမ မှင်တက်မိနေစဉ်အတွင်း တုန်ရင်နေသော လက်ချောင်းများကြားမှ နတ်ဘုရားအဆင့် အကောင်းဆုံး ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အခန်း (၂) ပြီးပါပြီ။
အခန်း ၃ - နတ်ဘုရားဆေးလုံးနှင့် ထိတ်လန့်ဖွယ်ရာ သတင်းစကား
လော့လီ၏ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်သောအခါ ရီယွင်က ထူးဆန်းသောအမူအရာဖြင့် အသာအယာ ပြုံးလိုက်သည်။ နတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးဆိုသည်မှာ သူ၏သိုလှောင်ရုံအတွင်း၌ တောင်ပုံရာပုံ ရှိနေပေသည်။
ရီယွင်က စိတ်ထဲမှ ရည်ရွယ်လိုက်သည်နှင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးသည် သူ၏ခေါ်ယူမှုကို သိရှိသွားသကဲ့သို့ လော့လီ၏လက်ဖဝါးပေါ်သို့ ပြန်လည်ပျံသန်းသွားခဲ့သည်။
“ဒါက ဘယ်လိုလုပ်ပြီး နတ်ဘုရားအဆင့် ဖြစ်နိုင်မှာလဲ...”
လော့လီသည် သတိပြန်ဝင်လာပြီး ဘိုးဘေးကြီးကို ထိတ်လန့်တကြား ကြည့်ကာ မေးလိုက်သည်။
“နတ်ဘုရားအဆင့်ဖြစ်တာက အဲ့လောက်တောင် ထူးဆန်းနေလို့လား...”
ရီယွင်က လော့လီကို စပ်စုလိုသောမျက်လုံးများဖြင့် ကြည့်ကာ အသာအယာ ပြုံးရင်း ပြောလိုက်သည်။
“ဘိုးဘေးကြီး... ဒီနတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးက အရမ်းတန်ဖိုးကြီးလွန်းတယ်... ကျွန်မ တကယ်ကြီး မသောက်ရက်ဘူး...”
လော့လီသည် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို လက်ဖဝါးထဲ၌ ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများမှာ ငတ်မွတ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ တောက်ပနေကာ တံတွေးကို အနိုင်နိုင် မျိုချနေရသည်။
‘နတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးပါလား’ဟု သူမက အံ့ဩတုန်လှုပ်စွာ တွေးတောမိသည်။ ဤကဲ့သို့သောအရာမျိုးသည် ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးတွင် တစ်ခါမျှ ပေါ်မလာဖူးပေ။ ၎င်းမှာ ဒဏ္ဍာရီထဲ၌သာ တည်ရှိခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ကျင့်စဉ်များ၊ ဆေးလုံးများနှင့် မှော်ရတနာများ၏ အဆင့်အတန်းမှာ အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အစဉ်လိုက်အတိုင်း ဆိုရလျှင် လူသားအဆင့်၊ အခြေခံအဆင့်၊ ဝိညာဉ်အဆင့်၊ နက်နဲမှုအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ ဘုရင်အဆင့်၊ ဧကရာဇ်အဆင့်နှင့် နောက်ဆုံးတွင် နတ်ဘုရားအဆင့် ဟူ၍ ရှိကြသည်။
ချန်းနန်ကုန်းမြေကြီးပေါ်တွင် ကောင်းကင်အဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးတစ်လုံးအတွက်ပင် လူအများက အသက်ပေး၍ လုယူကြပေလိမ့်မည်။ ဘုရင်အဆင့်ဆိုလျှင် အမြင့်ဆုံးအဆင့်ဟုပင် ဆိုရမလောက် တစ်ခါမျှပင် ပေါ်မလာဖူးပေ။ အဆင့် ၇ ခုသာ လူသိများကြသည်။ အချို့သော ဆေးလုံးများသည် ဘုရင်အဆင့်သို့ ရောက်ရှိနိုင်သော်လည်း ဧကရာဇ်အဆင့်နှင့် အထက်မှာမူ သီးသန့်ဒဏ္ဍာရီများသာ ဖြစ်သည်။
ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးများထဲတွင်မူ တွေ့ဖူးသမျှ အမြင့်ဆုံးအဆင့်မှာ အခြေခံ ကောင်းကင်အဆင့်မျှသာ ဖြစ်သည်။ ၎င်းမှာ ချန်းနန်ကုန်းမြေကြီးပေါ်ရှိ ထိပ်သီးဆေးဖော်စပ်သူများ ဖော်စပ်နိုင်သည့် အကောင်းဆုံး ဆေးလုံးဖြစ်သည်။
လော့လီသည် သူ၏တစ်သက်တာလုံး ဆင်းရဲစွာ နေထိုင်ခဲ့ရသူဖြစ်သည်။ သူ သောက်ဖူးသမျှ အကောင်းဆုံးဆေးလုံးမှာ အမြင့်ဆုံးအခြေခံအဆင့်မျှသာ ရှိခဲ့သည်။
ထိုအချိန်တွင် သူမ၏မျက်လုံးများထဲ၌ လောဘရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။ အကယ်၍ ငါသာ ဒီနတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို ရောင်းလိုက်မယ်ဆိုရင် ကောင်းကင်အဆင့် ဆေးလုံးဘယ်နှလုံးလောက် ပြန်ရနိုင်မလဲဟု သူမက ကြံစည်တွေးတောနေသည်။
မိန်းကလေး၏ မျက်နှာပေါ်ရှိ လောဘရိပ်ကို မြင်သောအခါ ရီယွင်က အသာအယာ ပြုံးလိုက်ပြီး ခရမ်းရွှေရောင်ဘူးသီးခြောက်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
“မနှမြောပါနဲ့... ဒီဘူးသီးခြောက်ထဲမှာ နတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးပေါင်း တစ်သောင်းလောက် ရှိသေးတယ်... မင်း ဒါတွေကို ချိုချဉ်စားသလို စားရင်တောင် ဘာပြဿနာမှ မရှိဘူး...”
ရီယွင်၏ စကားကို ကြားသောအခါ လော့လီသည် နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားရပြန်သည်။ သူမ၏ ဦးနှောက်တစ်ခုလုံး အလုပ်မလုပ်တော့သကဲ့သို့ ခံစားလိုက်ရသည်။
“ဘိုးဘေးကြီး... ဘိုးဘေးကြီး... နောက်နေတာ မဟုတ်ဘူးမလား...”
လော့လီက မဝံ့မရဲဖြင့် မေးလိုက်သည်။
အကယ်၍ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းက ထာဝရနယ်ပယ်သို့ ရောက်ရှိခဲ့သော ဤဘိုးဘေးကြီးသည် ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံး ပိုင်ဆိုင်ထားသည်ဆိုလျှင် ယုံကြည်နိုင်စရာ ရှိပါသေးသည်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းက နဂါးနတ်ဘုရားဂိုဏ်းမှာ အလွန်ပင် စည်ပင်ထွန်းကားခဲ့သည် မဟုတ်ပါလား။ သို့သော် သူ့ဆီတွင် ဆေးလုံးပေါင်း တစ်သောင်းရှိသည်ဟု ဆိုခြင်းမှာမူ လုံးဝ မဖြစ်နိုင်သည့်အရာပင်။
“ငါက နောက်နေတဲ့ပုံ ပေါက်နေလို့လား...”
ရီယွင်သည် မှန်အသေးလေးတစ်ခုကို ထုတ်ကာ သူ၏ပုံရိပ်ကို ကြည့်လိုက်သည်။ သူသည် အလွန်ပင် တည်ငြိမ်နေသည်။ ငါက ဘယ်လိုဖြစ်ပြီး နောက်နေတဲ့ပုံ ပေါက်နေရတာလဲဟု သူက တွေးတောနေမိသည်။
ထို့ကြောင့် သူသည် ခရမ်းရွှေရောင် ဘူးသီးခြောက်ကို လော့လီထံသို့ ပေါ့ပေါ့ပါးပါးလေး ပစ်ပေးလိုက်သည်။
“မင်းကိုယ်တိုင်ပဲ ဖွင့်ကြည့်လိုက်ပါလား လော့လီ...”
“ဟုတ်... ဟုတ်ကဲ့ပါ...”
လော့လီသည် သံသယများရှိနေဆဲဖြစ်သော်လည်း ခရမ်းရွှေရောင် ဘူးသီးခြောက်ကို လှမ်းယူလိုက်သည်။ သူ ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ လုံးဝခြားနားသော ဟင်းလင်းပြင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးပေါင်း မြောက်များစွာမှာ အတွင်း၌ သိပ်သည်းစွာ ပျံသန်းနေကြသည်။ အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် အနည်းဆုံး ရှစ်ထောင် သို့မဟုတ် ကိုးထောင်ခန့် ရှိပေလိမ့်မည်။ ထို့ပြင် ဆေးလုံးတိုင်းသည် သူမလက်ထဲက ဆေးလုံးနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ တစ်လုံးချင်းစီတိုင်းမှာ နတ်ဘုရားအဆင့် အကောင်းဆုံး ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးများ ဖြစ်ကြသည်။
ခေါင်းကို တူကြီးနှင့် အထုခံလိုက်ရသကဲ့သို့ လော့လီသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် စကားပင် မပြောနိုင်တော့ဘဲ သူမ၏စိတ်ထဲ၌ ဗလာကျင်းသွားခဲ့သည်။
“ဒါ... ဒါက...”
သူက စိတ်ထဲမှ ထစ်ထစ်ငေါ့ငေါ့ တွေးလိုက်သည်။
‘နတ်ဘုရားအဆင့် အကောင်းဆုံး ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးတွေ ဒီလောက်တောင် များတာလား... အကယ်၍ ဒီအကြောင်းသာ အပြင်ကို ပေါက်ကြားသွားရင် ချန်းနန်ကုန်းမြေကြီးပေါ်က အင်အားကြီးဂိုဏ်းပေါင်းများစွာဟာ ဒါတွေအတွက် သေကျေအောင် တိုက်ခိုက်ကြမှာပဲ... ထာဝရနယ်ပယ်အဆင့် ထိပ်သီးဂိုဏ်းကြီးတွေတောင် တစ်ညတည်းနဲ့ အမြစ်ပြတ်သွားနိုင်တယ်... နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံးတည်းနဲ့တင် ပါရမီရှင်တစ်ယောက်ကို ဖန်တီးနိုင်တာ... ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကိုပေါ့...’
“ဘိုးဘေးကြီး... ကျွန်မ အိပ်မက်မက်နေတာလား...”
လော့လီသည် သူမကိုယ်သူမ မယုံကြည်နိုင်သကဲ့သို့ မျက်လုံးများကို ပွတ်ကာ မှင်တက်မိလျက် ကြည့်နေသည်။
“ဒါတွေအားလုံးက အစစ်အမှန်တွေပါ ကလေးမရဲ့...”
ရီယွင်က ကြင်နာသောအမူအရာဖြင့် နူးညံ့စွာ ပြောလိုက်သည်။ နဂါးနတ်ဘုရားဂိုဏ်း၏ ၂၉၈ ဆက်မြောက် ဂိုဏ်းချုပ်ဖြစ်သော ဤကလေးမလေးမှာ ကြီးပြင်းလာစဉ်အတွင်း အခက်အခဲများနှင့် နာကျင်မှုပေါင်းများစွာကို တောင့်ခံခဲ့ရသည်ကို ရီယွင် မြင်နိုင်ပေသည်။ ဤသည်မှာ ရီယွင်၏ရင်ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့သည်။
သူသည် စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။
‘သမိုင်းတစ်လျှောက်မှာ အားအနည်းဆုံးဖြစ်တဲ့ ဒီနဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ကုန်းမြေကြီးပေါ်မှာ အတောက်ပဆုံးနဲ့ အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်လာအောင် ငါ ပြောင်းလဲပေးရမယ်...’
“ဟီး... ဟီး...”
လော့လီသည် သူမ၏မျက်နှာကို လက်နှင့်အုပ်ကာ အလွန်အမင်း ဝမ်းသာပီတိဖြစ်သဖြင့် ငိုချလိုက်တော့သည်။ သူမ ဘာကြောင့် ငိုနေသည်ကို သူမကိုယ်တိုင်ပင် မသိပေ။ အလွန်အမင်း ဝမ်းသာလွန်းသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
“လော့လီ... မငိုနဲ့တော့... ဒီနတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို အမြန်သောက်လိုက်...”
ရီယွင်က ပြုံးရင်း ပြောလိုက်သည်။
လော့လီသည် သူမ၏မျက်ရည်များကို အနိုင်နိုင် ထိန်းလိုက်သည်။ နှစ်ပေါင်းများစွာ ထွက်ပြေးပုန်းရှောင်ခဲ့ရသည့် ဘဝသည် သူမအား ခိုင်မာသည့် စိတ်ဓာတ်ကို ပေးစွမ်းခဲ့သည်။ သူမ၏ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ ရွယ်တူများထက် များစွာ သာလွန်ပေသည်။
သူမသည် ခရမ်းရွှေရောင် ဘူးသီးခြောက်ကို ရီယွင်ထံသို့ ရိုသေစွာဖြင့် ပြန်လည် ပေးအပ်လိုက်သည်။
“ဒီနတ်ဘုရားအဆင့် ဆေးလုံးတွေပါတဲ့ ဘူးသီးခြောက်က နင့်အတွက်ပဲ...”
ရီယွင်က လက်ကို ယမ်းရင်း ပြောလိုက်သည်။
ထိုစဉ်က မှောင်မိုက်နေသည့် ဟင်းလင်းပြင်ထဲ၌ သူသည် ၁၀ မိနစ်လျှင် တစ်ကြိမ်ကျစီဖြင့် ဝင်ရောက်မှု ပြုလုပ်ခဲ့စဉ်က နောက်ဆုံးတွင် သူ ထုံထိုင်းသွားခဲ့ရသည်။ စနစ်က သူ့ကို တမင်တကာပင် စနောက်နေခြင်း ဖြစ်နိုင်ပေသည်။ နှစ်ပေါင်း ၃၀,၀၀၀ ကြာပြီးနောက် စနစ်ဆီမှ ရရှိသည့် ဆုလာဘ်များမှာ ပိုမို ကြွယ်ဝလာခဲ့သည်။ ဥပမာအားဖြင့် ယခင်က ဆုလာဘ်တစ်ခုမှာ ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးတွေ ပါတဲ့ ခရမ်းရွှေရောင်ဘူးသီးခြောက် တစ်လုံးတည်း ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ဝင်ရောက်မှု တစ်ကြိမ်တည်းအတွက် ဆုလာဘ်မှာ ဘူးသီးခြောက်ပေါင်း တစ်သောင်း၊ တစ်သိန်း သို့မဟုတ် တစ်သန်းတောင် ဖြစ်လာခဲ့သည်။ ရီယွင် ထိုအကြောင်းကို ဆက်မတွေးရဲတော့ပေ။ သူ ရရှိခဲ့သည့်အရာများမှာ အလွန်ပင် များပြားလွန်းလှသဖြင့် ၎င်းမှာ သူ၏ အနာကျင်ရဆုံး အမှတ်ရစရာ ဖြစ်လာခဲ့သည်။ သူ၏ဘဝတွင် ထိုသိုလှောင်ရုံအတွင်းသို့ တစ်ခါမျှ ထပ်မံ ခြေမချချင်တော့သလို၊ မြောက်များလှစွာသော ဆေးလုံးများ၊ ကျင့်စဉ်များ၊ ရတနာများနှင့်... နတ်ဘုရားသားရဲများကိုလည်း ထပ်မံ မမြင်တွေ့ချင်တော့ပေ။
“ဘုရားရေ...”
ဘိုးဘေးကြီးက ဤ ခရမ်းရွှေရောင်ဘူးသီးခြောက် တစ်ခုလုံးကို ပေးမည်ဟု သိလိုက်ရသောအခါ လော့လီသည် ချက်ချင်း ထိတ်လန့်သွားရပြန်သည်။ ချီစုစည်းမှုနယ်ပယ် အဆင့် ၈ မှာပဲ ရှိသေးတဲ့ အားနည်းတဲ့သူတစ်ယောက်အနေနှင့် ဤမျှ တန်ဖိုးမဖြတ်နိုင်သည့်အရာကို မည်သို့ဖြင့် လိုက်ခံရဲမည်နည်း။ အကယ်၍ သူသာ ပေါ့ဆမိပြီး ဤကိစ္စအား အပြင်ကို ပေါက်ကြားသွားစေခဲ့မည်ဆိုလျှင်... သူဆက်မတွေးရဲတော့ချေ။
နှစ်ပေါင်းများစွာ ထွက်ပြေးခဲ့ရသူဖြစ်သဖြင့် ငယ်ရွယ်သော လော့လီသည် လောကအကြောင်းကို အတော်အသင့် သိနားလည်နေပြီဖြစ်သည်။ မိမိ၏ စည်းစိမ်ဥစ္စာကို မပြသင့်သည့် သဘောတရားကို သူမ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။
“ဘိုးဘေးကြီး... ဒါက တကယ်ကြီး အရမ်း တန်ဖိုးကြီးလွန်းပါတယ်... ဘိုးဘေးကြီးပဲ သိမ်းထားလိုက်တာ ပိုကောင်းပါတယ်...”
လော့လီက အနေရခက်စွာ ပြုံးရင်း ခရမ်းရွှေရောင်ဘူးသီးခြောက်ကို ရီယွင်၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ဒါဆိုလည်း ပြီးတာပဲ...”
ရီယွင်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း တစ်ချိန်က ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးပြီး ဓားတစ်စင်းဖြင့် လောကအနှံ့ လှည့်လည်ခဲ့ဖူးသူဖြစ်ရာ ကျင့်ကြံခြင်းလောက၏ မှောင်မိုက်သော အခြေအနေများကို နားလည်ပြီးသား ဖြစ်သည်။
ထို့နောက် လော့လီသည် နတ်ဘုရားအဆင့် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို ဂရုတစိုက် သောက်သုံးလိုက်သည်။
“ရှူး...”
သူ၏ခန္ဓာကိုယ်မှာ စတင် ပြောင်းလဲလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ရှိပြီး အနံ့အသက်ဆိုးလှသော ချွေးများ ထွက်ပေါ်လာကာ နောက်ဆုံးတွင် အနက်ရောင် အညစ်အကြေးများ ထွက်လာခဲ့သည်။ ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများ ဖြစ်ကြသည်။ ထိုဖြစ်စဉ်မှာ အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်အထိ ကြာမြင့်ခဲ့သည်။
“အို... အနံ့က တကယ်ဆိုးတာပဲ... ဘိုးဘေးကြီး... ကျွန်မ ဘိုးဘေးကြီးရှေ့မှာ မရိုမသေပြုမိပါပြီ...”
ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ပြီးဆုံးသွားသောအခါ လော့လီ၏ခန္ဓာကိုယ်မှာ အနက်ရောင် အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပြီး အနံ့အသက်ဆိုးများ ထွက်ပေါ်နေသည်။ မိန်းကလေး၏ မျက်နှာမှာ အရှက်ကြောင့် နီမြန်းသွားခဲ့ပြီး ပုန်းနေရန်အတွက် မြေကျင်းတစ်ခုခုကို ရှာချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ထိုအချိန်တွင် လော့လီသည် ဘိုးဘေးကြီးဆီမှ မထင်မှတ်ထားသော မေးခွန်းတစ်ခုကို ကြားလိုက်ရသည်။
“မင်း ဝတ်စုံဆိုရင် ဘယ်လိုအရောင်မျိုးကြိုက်လဲ...”
“အဝါရောင်ပါ...”
လော့လီက မစဉ်းစားဘဲ ပြောလိုက်သည်။
တောက်ပသော အဝါရောင်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူမ၏မျက်စိရှေ့တွင် အမျိုးသမီးဝတ် အဝါရောင်ဝတ်စုံတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာပြီး လေထဲ၌ လွင့်မျောနေသည်။ ဤ အဝါရောင်ဝတ်စုံမှာ အလွန်ပင် လက်ရာမြောက်ပြီး ခမ်းနားလှကာ နောက်ကျောဘက်တွင် နဂါးနတ်ဘုရားပုံစံကို ပန်းထိုးထားသည်။ ၎င်းမှာ မြင့်မြတ်သောအရှိန်အဝါများကို အလွန်အမင်း ထုတ်လွှတ်နေသဖြင့် လော့လီမှာ တည့်တည့်ပင် မကြည့်ရဲတော့ပေ။
‘ဒီဝတ်စုံရဲ့ အရည်အသွေးက ငါ့စိတ်ကူးထက်တောင် ကျော်လွန်နေပါလား... ဒါက ဘယ်အဆင့်လဲ’ဟု လော့လီက တွေးတောမိသည်။ သူ ခန့်မှန်း၍ပင် မရပေ။ သူ၏တစ်သက်တာတွင် မြင်ဖူးသမျှ အကောင်းဆုံး ဝတ်စုံမှာ ကောင်းကင်အဆင့်မျှသာ ဖြစ်သည်။
ရီယွင်က အသာအယာ သက်ပြင်းချလိုက်သည်။
“ဒီဝတ်စုံက ဧကရာဇ်အဆင့်ပဲ ရှိပါသေးတယ်... လောလောဆယ်တော့ ဒါနဲ့ပဲ အဆင်ပြေအောင် ဝတ်ထားလိုက်ဦးပေါ့...”
အခန်း ၃ ပြီးပါပြီ။