← Chapters

အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင် ဖြစ်လာခြင်း

Vol. 1-9 Ch. 29

အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင် ဖြစ်လာခြင်း

Vol. 1-9 Ch. 29

အခန်း(၂၉) အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင် ဖြစ်လာခြင်း

"ဒီခန္ဓာကိုယ်မူလပိုင်ရှင်ရဲ့ ကျင့်ကြံတဲ့ အမြန်နှုန်းနဲ့ဆိုရင် အတွင်းပိုင်းကြယ်တာရာအဆင့်ကနေ အပြင်ပိုင်းကြယ်တာရာအဆင့်ကို ချိုးဖျက်ဖို့ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်လောက်အထိတော့ အချိန်ယူရနိုင်တယ်မလား"

ရန်ကျောက်ကဲ၏စိတ်က အေးဆေးတည်ငြိမ်လျက် ရှိသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာချီများ လည်ပတ်နေပြီး သူ့ခန္ဓာကိုယ်အပြင်သို့ တိုးထွက်ရန် ကြိုးစားနေသည်။

အတွင်းပိုင်းနှင့် အပြင်ပိုင်း ကြယ်တာရာချီအဆင့်ကြားတွင် မကျော်လွှားနိုင်သည့် ချောက်နက်ကြီးတစ်ခုသဖွယ် ကြီးမားသော ကွာဟမှုကြီးရှိသည်။ အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်အများစုသည် ထိုအဆင့်၌သာ တစ်နေကြပြီး အချိန်ကြာမြင့်သည့်တိုင် အရှေ့သို့ ဆက်လက် တက်မလာနိုင်တော့ပေ။

အချို့လူများအတွက် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်သို့ ချိုးဖျက်နိုင်ရန် ကြာချိန်က အတွင်းပိုင်းကြယ်တာရာချီ ကနဦးမှ အလယ်အလတ်အဆင့်၊ တစ်ဖန် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်အထိ သူတို့အသုံးပြုခဲ့သော အချိန်စုစုပေါင်းထက် ပိုမို ကြာမြင့်လေသည်။

သို့သော် အဆင့်တက်ရာတွင် အလွန် ခက်ခဲသလို ထိုအဆင့်နှစ်ခုကြား အင်အားကွာခြားမှုကလည်း အလွန် ကြီးမားသည်။

ရန်ကျောက်ကဲကဲ့သို့ ကျင့်ကြံသူတစ်ယောက်အတွက် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်မှ အပြင် ကြယ်တာရာချီ ကနဦးအဆင့်သို့ ချိုးဖြတ်နိုင်ခြင်းမှာ စွမ်းအား တိုးတက်လာရုံသက်သက်မျှ မဟုတ်ပေ။ အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်များကို စိတ်တိုင်းကျ ကိုင်တွယ်အသုံးပြုနိုင်ပြီဆိုသည့် သဘောလည်း ဖြစ်သည်။

အတွင်းပိုင်းကြယ်တာရာချီသိုင်းပညာရှင် တစ်ယောက်က အဆင့်နိမ့်ဝိဉာဉ်လက်နက်များကို အလွယ်တကူ ကိုင်တွယ်အသုံးပြုနိုင်သည်။ သို့သော် ထိုအဆင့်ဖြင့် အလယ်အလတ်တန်းစားဝိဉာဉ်လက်နက်များကို အသုံးပြုရန် ကြိုးစားခြင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက အဆင့်နိမ့်ဝိဉာဉ်လက်နက်များကို အသုံးပြုရန် ကြိုးစားနေသည်နှင့် ဆင်တူ၏။ ထိုသာဓကနှစ်ရပ်လုံးတွင် အဆိုပါ ကျင့်ကြံသူများအတွက် ယင်းဝိဉာဉ်လက်နက်များ၏စွမ်းအားကို အပြည့်အဝအသုံးပြုနိုင်ရန် ခက်ခဲပေသည်။

အလယ်အလတ်အဆင့်ဝိဉာဉ်လက်နက်များမှာ ရန်ကျောက်ကဲအတွက် ရှားပါးသော အရာမဟုတ်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲအတွက် အဆင့်တက်၍ အပြင်ပိုင်းသိုင်းပညာရှင်ဖြစ်လာခြင်းက ကိုယ်ပိုင် ခွန်အားတိုးတက်လာရုံ ကိစ္စမျှ မဟုတ်ပေ။ ဝိဉာဉ်လက်နက်မှ ထပ်ပေါင်းစွမ်းအားနှင့်အတူ ရန်ကျောက်ကဲ၏တိုက်ခိုက်ရေးစွမ်းအားကလည်း အကြီးအကျယ် တိုးတက်လာနိုင်သည်။

ရန်ကျောက်ကဲ ဒုတိယအကြိမ် ပြန်လည်မွေးဖွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ရန်ကျောက်ကဲသည် အတွင်းပိုင်းသိုင်းပညာရှင်အဆင့်၌သာ ဆက်ရှိနေသေးသည်။

သူ အောင်အောင်မြင်မြင် မချိူးဖြတ်နိုင်၍ မဟုတ်ပေ။ ရန်ကျောက်ကဲအတွက် သူ့ခန္ဓာကိုယ်၏အရင်ပိုင်ရှင် ရင်ဆိုင်ရသော အဆင့်ပိတ်ဆို့မှုများနှင့် အတားအဆီးများက ဖြေရှင်း၍မရသည် မဟုတ်ပေ။ ထို့ပြင် ရန်ကျောက်ကဲတွင် ဖြေရှင်းနိုင်သည့် နည်းလမ်း အများအပြားရှိသည်။ သူ ဆန္ဒရှိပါက အချိန်မရွေး အဆင့်တက်နိုင်သည်။

သို့ရာတွင် ရန်ကျောက်ကဲမှာ စိတ်ရှည်နေဆဲ ဖြစ်သည်။ သူ့ဦးနှောက်ထဲတွင် ထိန်းသိမ်းထားသော တန်ဖိုးကြီးလျှို့ဝှက်ကျမ်းများကို စနစ်တကျ စိစစ်၊အနှစ်ချုပ်၍ လက်တွေ့သဘောတရားများကို ပေါင်းစပ်ကာ သူ့အနာဂတ် ကျင့်ကြံခြင်းခရီးလမ်းအတွက် ပြီးပြည့်စုံဆုံးသော နည်းလမ်းကို ရှာဖွေလျက်ရှိသည်။

ယခု ထိုပြင်ဆင်မှုများအားလုံးက အခြေခံအားဖြင့် ပြည့်စုံလေပြီ။ သူ ဆက်လက် စောင့်ဆိုင်းစရာ မလိုတော့။

မည်သည့်အချိန်မဆို သူ အဆင့်တက်နိုင်သည်။ သူ့စိတ်ခံစားချက်ပေါ်၌သာ မူတည်သည်။

ကြမ်းပြင်ပေါ်တွင် ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ထိုင်နေစဉ် အခန်းထဲရှိ လေက လုံးဝ အစိုင်အခဲဖြစ်သွားသည်ဟု ခံစားရသည်။ ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန်များပင် မမြင်နိုင်သည့် ဖိအားက ဖိထားသည့်အလား လေထဲသို့ အနည်းငယ်မျှပင် မြောက်တက်မလာပေ။

သူ့ခန္ဓာကိုယ်ရှိ မွှေးညင်းပေါက်များသည် ၎င်းတို့ကိုယ်တိုင် အသက်ဝင်လာသကဲ့သို့ သူတို့ခန္ဓာကိုယ်ပိုင်ရှင်၏ အသက်ရှုသံနှင့်အတူ အဆက်မပြတ် ကျုံ့လိုက် ချဲ့လိုက် ဖြစ်နေကြသည်။

ရှုသွင်း……၊ ရှုထုတ်…….၊ ၎င်းတို့၏ စည်းချက်ကျသော လှုပ်ရှားမှုများအတိုင်း မြူနှင့်တူသော အငွေ့များ သူ့နှာခေါင်းထဲမှ ထွက်လာသည်။

အသက်ရှုနှုန်းလျော့ကျလာသည်နှင့်အမျှ မွှေးညင်းပေါက်များ၏ တုန်ခါသံနှင့်အတူ အသက်ရှုခြင်းတစ်ခုစီက မိနစ်အနည်းငယ်မျှကြာမြင့်သော သံရှည်တစ်ခုထွက်ပေါ်လာသည်။

တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ခပ်ဖျော့ဖျော့ အဖြူရောင့်မြူအလွှာတစ်ခု ဖုံးလွှမ်းနေပြီး ဆွတ်ဆွတ်ဖြူနေသော ရုပ်ထုတစ်ခုနှင့်ပင် ဆင်တူနေသည်။ ရန်ကျောက်ကဲသည် ငြိမ်သက်စွာ ထိုင်နေ၍ တစ်စုံတစ်ရာ တွေးတောနေသည့်အလား သူ့ထံမှ သက်ဝင်မှု တစ်စုံတစ်ရာမျှ မခံစားရပေ။

ရုတ်တရက် ရန်ကျောက်ကဲ၏ခန္ဓာကိုယ် တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နေသော အဖြူရောင်မြူအလွှာက ကြွေအိုးတစ်လုံးအလား ကွဲကြေသွားကာ ပင့်ကူအိမ်နှင့်တူသော ကြီးမားသည့် အက်ရာများ ဖြစ်ပေါ်လာသည်။

သဏ္ဌာန်မဲ့၍ အရောင်အဆင်းမဲ့သော ကြယ်တာရာချီများက ထိုအက်ကြောင်းများထဲမှ စီးထွက်လာကာ ပတ်ဝန်းကျင်မှ လေကို အနည်းငယ် လှုပ်ခတ်သွားသည်။

နဂါးဟိန်းသံနှင့် ဆင်တူသော အသံရှည်တစ်ခု ရန်ကျောက်ကဲ၏ပါးစပ်ထဲမှ ထွက်လာပြီး ကျယ်သည်ထက် ကျယ်လောင်သွားသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်မြူအလွှာမှ အက်ကြောင်းများမှာ ပိုမို ကြီးမားလာသည်။ နဂါးဟိန်းသံအဆုံးသတ်ခါနီးတွင် လူတစ်ယောက်၏နားစည် ပျက်စီးကာ သေချင်စိတ်ပေါက်နိုင်သည်အထိ အလွန်အမင်း ကျယ်လောင်လာသည်။ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးအုပ်နေသော အဖြူရောင်မြူအလွှာက နောက်ဆုံးတွင် တစ်စစီ ပျက်စီးသွားခဲ့လေပြီ။

သန့်စင် ထက်ရှသလို ခက်ထန် အားပြင်းသော ကြယ်တာရာချီက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေသည်။ အဆက်မပြတ်လည်ပတ်နေသည်နှင့်အမျှ ၎င်း၏ထက်ရှမှုမှာလည်း ပိုမို သိသာလာသည်။

ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်ပြီး အနည်းငယ် ပြုံးလိုက်သည်။ လက်ရှိတွင် ကြယ်တာရာချီကို သူ့ခန္ဓာကိုယ်အပြင်သို့ ထုတ်လွှတ်နိုင်သလို အလိုရှိသည့်အတိုင်း ပြန်လည်ခေါ်ယူနိုင်ပြီ ဖြစ်သည်။

စိတ်ကူးလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေသော ကြယ်တာရာချီက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့။

ချီကို နောက်ဆုံးတွင် အပြင်သို့ ထုတ်နိုင်လေပြီ။ အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိပြီ။

ရန်ကျောက်ကဲက သူ့မျက်လုံးများကို ထပ်မံ မှိတ်လိုက်သည်။ သူ့ရိုးတွင်းချင်ဆီများကို သန့်စင်၍ ခိုင်မာလာစေရန် ကြယ်တာရာချီကို ၎င်းတို့ထဲသို့ စတင် ထည့်သွင်းလိုက်သည်။

သူ၏ မဆုတ်မနစ်သော အားထုတ်မှုများကြောင့် ရန်ကျောက်ကဲသည် သူ့ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော အကြီးစားပြောင်းလဲမှုများကို စတင် ခံစားမိနေပြီဖြစ်သည်။

ရိုးတွင်းချင်ဆီများသည် သွေးကို ဖန်တီးသည်။ ၎င်းတို့ကို သန့်စင်ပြီးဖြစ်သောကြောင့် ကျင့်ကြံသူ၏ သွေးနှင့် ချီလည်း အားကောင်းလာသည်။

သိုင်းတာအိုကို ရှာဖွေခြင်းဟူသည် မိမိကိုယ်ကို ပိုမို သန်မာစေရန် အဆက်မပြတ် အားထုတ်နေခြင်းကို ဆိုလိုသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အဓိကအဆင့် သုံးဆင့် ပါဝင်သည်။ ၎င်းတို့မှာ အသွေးအသားသန့်စင်ခြင်းအဆင့်၊ အကြောများဖွင့်ခြင်းအဆင့်နှင့် ချီလှည့်ပတ်ခြင်းအဆင့်တို့ ဖြစ်ကြသည်။

ထိုအဆင့်များအနက် အသွေးအသားသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွင် အရိုးနှင့် သွေးများ တစ်ခုနှင့်တစ်ခု ပဲ့တင်လာသည်။ ထိုအချိန်သည် ကျင့်ကြံသူများအဖို့ သူတို့၏အရိုးများ သန်မာလာစေရန် ပထမဆုံး အားထုတ်ကြချိန် ဖြစ်သည်။ ထိုအဆင့်ကို အောင်မြင်သွားသောအခါ သူတို့၏ခွန်အားနှင့် အကြမ်းခံမှုက သိသိသာသာ တိုးတက်လာသည်။ သူတို့၏ အမြန်နှုန်းနှင့် အစွမ်းသည်လည်း ဥက္ကာပျံတစ်စင်းကဲ့သို့ မြင့်မားလာသည်။

ချီလှည့်ပတ်ခြင်းနှောင်းပိုင်းအဆင့်တွင် အရိုးများအတွင်းရှိ ရိုးတွင်းချင်ဆီများအား သန့်စင်ရသည်။ ထိုအကြိမ်သည် ကျင့်ကြံသူများအဖို့ သူတို့၏ရိုးတွင်းချင်ဆီများကို သန့်စင်ကြသည့် ပထမဆုံး အကြိမ်ဖြစ်သည်။

သွေးနှင့်ချီတို့၏ အကူအညီအောက်တွင် အတွင်းပိုင်းကြယ်တာရာချီက ရိုးတွင်းချင်ဆီနှင့် နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားပြီး တဖန် မွေးဖွားလာသည့် အကျိုးသက်ရောက်မှုမျိုး ရရှိနိုင်သည်။

သို့ရာတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ ချီက သိုင်းပညာရှင်၏ ကြယ်တာရာချီထက် အများကြီးနိမ့်ပါးသည်။ အပြင်ပိုင်း ကြယ်တာရာချီအဆင့်သို့ ရောက်သောအခါ ကြယ်တာရာချီကို အသုံးပြု၍ ရိုးတွင်းချင်ဆီများကို ဒုတိယတစ်ကြိမ် ထပ်မံ သန့်စင်ရပြီး သိုင်းပညာရှင်၏စွမ်းအားသည်လည်း နောက်တစ်ကြိမ် ကြီးကြီးမားမား တိုးတက်လာပြန်သည်။

အတွင်းပိုင်းကြယ်တာရာချီမှ အပြင်ပိုင်းကြယ်တာရာချီသို့ ရောက်လျှင် သိုင်းပညာရှင်မှာ ခွန်အားတွင်သာမက အခြားနေရာများတွင်လည်း အကြီးအကျယ် တိုးတက်လာသည်။

ထိုခဏ၌ သူ့ခန္ဓာကိုယ်၏ အတွင်းပိုင်းအခြေအနေကို ရန်ကျောက်ကဲ ကြည့်နေစဉ် သူ့ကြယ်တာရာချီမှ တိုက်ရိုက် မရှင်းထုတ်နိုင်သော အသေးငယ်ဆုံး အညစ်အကြေးများမှာ သူ့အရိုးများထဲမှ တဆင့် ခန္ဓာကိုယ်အပြင်သို့ နည်းနည်းချင်း တွန်းထုတ်ခြင်း ခံနေရသည်ကို တွေ့ရသည်။ ၎င်းတို့၏ ပမာဏက သေးငယ်သော်လည်း မှင်ကဲ့သို့ မည်းနက်နေသည်။ ၎င်းတို့မှာ ရိုးတွင်းချင်ဆီများထဲမှ မသန့်စင်ဆုံး အညစ်အကြေးများ ဖြစ်သည်။

အညစ်အကြေးများကို ခန္ဓာကိုယ်အပြင်သို့ တွန်းထုတ်ပြီးသောအခါ သူ့ရိုးတွင်းချင်ဆီများသာ ပြောင်းလဲသည် မဟုတ်ဘဲ ရန်ကျောက်ကဲ၏အရိုးများသည်လည်း သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး တလက်လက် တောက်ပလျက်ရှိသည်။

အရိုးတစ်လက်မချင်းစီတိုင်းက ပြီးပြည့်စုံသည်။ သန့်စင်သည်။ အချိုးကျသည်။ အကြမ်းခံသည်။ မာကျော၍ အင်အားနှင့် ပြည့်ဝလေသည်။

ခန္ဓာကိုယ်အတွင်း အသစ် ပေါ်ပေါက်လာသော သွေးစက်တစ်စက်စီတိုင်းက သိပ်သည်းပြီး အပြစ်အနာအဆာ ကင်းမဲ့နေသည်။ ထိုအသစ် ဖြစ်ပေါ်လာသော သွေးစက်တိုင်းသည် ပြဒါးစက်ကဲ့သို့ ငွေရောင်ခပ်ဖျော့ဖျော့ တောက်ပနေသည်။

ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးများကား မြစ်တစ်စင်း စီးဆင်းနေသကဲ့သို့ ကြမ်းတမ်းမနေတော့။ တည်ငြိမ်လေးနက်ပြီး တိတ်ဆိတ်နေသည်။ သို့သော် လုံးဝ ရပ်တန့်နေခြင်းမဟုတ်။ သဘာဝအတိုင်း ချောမွေ့ပြေပြစ်စွာ စီးဆင်းလျက်ရှိသည်။

သလင်းကျောက်ကဲ့သို့ အရိုးနှင့် ပြဒါးကဲ့သို့ သွေးများသည် အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ထူးခြားသော ဝိသေသလက္ခဏာများ ဖြစ်သည်။

အပြင်ပိုင်းကြယ်တာရာချီ အစောပိုင်းအဆင့်သို့ ရောက်ခါစ အခြားကျင့်ကြံသူများသည် သူတို့၏ ရိုးတွင်းချင်ဆီကို ဒုတိယအကြိမ်သန့်စင်၍ ရန်ကျောက်ကဲ၏လက်ရှိအဆင့်သို့ ရောက်ရန် အချိန်အတော်ကြာမျှ လိုအပ်သည်။

ဤအဆင့်သို့ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်းမှာ အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်သို့ ခြေတစ်လှမ်းတိုးလာသည်နှင့် ညီမျှသည်။ ရိုးတွင်းချင်ဆီအား ဒုတိယအကြိမ် သန့်စင်ခြင်းသည် အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်သို့ ရောက်ရှိရန်အတွက် မဖြစ်မနေ လိုအပ်သော ခြေလှမ်းတစ်လှမ်းဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက ထိုအရာများအားလုံးကို တိုတောင်းသည့် အချိန်အတွင်း ပြီးမြောက်နိုင်ခဲ့သည်။

အားလုံး ပြီးဆုံးသွားသောအခါ ရန်ကျောက်ကဲ ပြုံးလိုက်သည်။ မတ်တပ်ရပ်၍ ကြွေပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။

ပုလင်း အဖုံးကို လှည့်ဖွင့်၍ အတွင်းမှ အနက်ရောင်ဆေးလုံးကို သူ ထုတ်ယူလိုက်သည်။ ထိုအနက်ရောင်ဆေးလုံး၏ ပတ်လည်တွင် တိမ်နှင့် မီးခိုးများ လွှမ်းခြုံနေသည့်အလား အဖြူရောင်အငွေ့များ ဝန်းရံထားပြီး ထိုဆေးလုံး၏ မျက်နှာပြင်က ကျောက်စိမ်းနက်နှင့် ဆင်တူသော အရောင်ဖျော့ဖျော့ တောက်ပနေသည်။

ထိုအရာကား ဂိုဏ်းမှ သူ့လက်ထဲသို့ အရောက်ပို့ဆောင်ပေးသော နက်နဲဝိဉာဉ်ဆေးလုံးဖြစ်သည်။

အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ ရောက်ရှိပြီး ဖြစ်သော်လည်း ရန်ကျောက်ကဲသည် ဆေးလုံးကို သုံးစွဲရန် အလျင်လိုမနေပါ။ ၎င်းကို စေ့စေ့စပ်စပ် စစ်ဆေးပြီး နှာခေါင်းဖြင့် အနံ့ခံကြည့်သည်။

တစ်ခဏမျှကြာသော် ရန်ကျောက်ကဲသည် ရွှေရောင်အပ်ကလေးကို ထုတ်ယူ၍ ဆေးလုံးထဲသို့ ထိုးထည့်ကြည့်သည်။

ဆေးလုံးက အသက်ဝင်လာသည့်အလား အနည်းငယ် တွန့်သွားသည်။ သို့သော် ရန်ကျောက်ကဲ မရပ်တန့်ပေ။ ဆေးလုံး၏ နေရာအနှံ့ကို ကိုးကြိမ်ဆက်တိုက် ထိုးသွင်းပြီးနောက် ဆေးလုံးက မူလအတိုင်း ပြန်လည် ငြိမ်သက်သွားသည်။ အဖြူဖျော့ဖျော့ ဆေးအငွေ့များက အပ်နှင့် ထိုးသွင်းမှုကြောင့် ဖြစ်ပေါ်လာသော အပေါက်ကိုးပေါက်သို့ ဝင်ရောက်သွားသည်။

ထိုမှသာ ရန်ကျောက်ကဲ စိတ်ကျေနပ်မှုရပြီး ခေါင်းငြိမ့်လိုက်သည်။ ဆေးလုံးကို စားသုံးကာ တင်ပလ္လင်ခွေပုံစံဖြင့် ထိုင်လျက် ၎င်း၏အစွမ်းများကို ချေဖျက်နေလေသည်။

အချိန်တချို့ကြာပြီးနောက် ရန်ကျောက်ကဲ ခေါ်လိုက်သည်။ "အားဟူ"

အလုံပိတ်အခန်း၏အပြင်၌ စောင့်နေသော အားဟူက တံခါးခေါက်လိုက်သည်။ "မင်းသား"

"ငါ မင်းကို ခုနတုန်းက ရှာခိုင်းတဲ့ဟာ၊ ဘယ်လိုအခြေအနေရှိလဲ" ရန်ကျောက်ကဲ မေးလိုက်သည်။

အားဟူက ပြန်လည်ဖြေကြားသည်။ "သတင်း ရပါပြီ၊ ဟုတ် မဟုတ် အတည်ပြုနေဆဲပါ"

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ "အဲ့ကိစ္စကိုပဲ ဦးစားပေးလုပ်၊ အဲ့ဟာက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထက် ပိုအရေးကြီးတယ်"

All Chapters