← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း ၁၁ ဘာတွေပဲဖြစ်ပါစေ မင်းတို့ခိုင်းတာ ငါအားလုံးလုပ်ပေးမယ်

ဆေးကုသဆောင်သို့ ရောက်ရှိလာသောအခါ ကျန်းချင်ရီ သည် ချန်ယွင်ဟုခေါ်သော အမျိုးသမီးသမားတော်ကို ရှာတွေ့ခဲ့လေသည်။ အမှန်တကယ်တော့ ကျန်းချင်ရီ သည် ချန်ယွင်ကို သဘောမကျပေ။

ဂိုဏ်းပြင်ပတာဝန်တစ်ခု ထမ်းဆောင်နေစဉ်အတွင်း ဆရာဖြစ်သူက ချန်ယွင်ကို ကယ်တင်ခဲ့ဖူးခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ချန်ယွင်သည် လင်ဂန်တောင်ထွတ်သို့ ရံဖန်ရံခါ လာရောက်တတ်လေသည်။ ချန်ယွင်တစ်ယောက် သူမ၏ဆရာကို သဘောကျနေသည်ဆိုသည်မှာ မျက်မမြင်တစ်ယောက်ပင် သိနိုင်လောက်အောင် ထင်ရှားလွန်းလှသည်။

ကျန်းချင်ရီကို ဒေါသထွက်စေသော်လည်း ဘာမှမတတ်နိုင်အောင် ဖြစ်စေသည့်အချက်မှာ သူမ၏ဆရာသည် လူတိုင်းအပေါ် ကြင်နာတတ်ပြီး သဘောကောင်းလွန်းနေခြင်းပင်။ ထို့အပြင် ဆရာဖြစ်သူ နေမကောင်းဖြစ်၍ ဆေးကုသဆောင်သို့ သွားရောက်ကုသမှုခံယူတိုင်း ချန်ယွင်ကိုသာ အမြဲတမ်း ရှာဖွေတတ်သည်။

ချန်ယွင်သည် လူကောင်းတစ်ယောက်ဖြစ်သော်ငြား ကျန်းချင်ရီ ကတော့ သူမကို သဘောမကျနိုင်ပါချေ။ အထူးသဖြင့် သူမ၏ဆရာနှင့် ပိုမိုနီးကပ်လာလေလေ ကျန်းချင်ရီ က သူမကို ပို၍မုန်းတီးလာလေလေပင်ဖြစ်သည်။ သူမ၏ ရင်ထဲမှ သံသယများကို ဖြေရှင်းရန်မဟုတ်ပါက ကျန်းချင်ရီ သည် ဤနေရာသို့ ဘယ်တော့မှ ခြေချမည်မဟုတ်ပေ။

"ဟူး"

လေးနက်သော သက်ပြင်းတစ်ချက်ကို ရှိုက်သွင်းလိုက်ပြီးနောက် ကျန်းချင်ရီ သည် ဆေးကုသဆောင်ရှိ ချန်ယွင်၏ အခန်းတွင်းသို့ ခြေလှမ်းလိုက်လေသည်။

တံခါးကို ဖွင့်လိုက်ချိန်တွင် ချန်ယွင်သည် ကျင့်ကြံသူတစ်ဦး၏ သွေးကြောကို စမ်းသပ်ပေးနေသည်ကို မြင်လိုက်ရသည်။ ချန်ယွင် မော့ကြည့်လိုက်ပြီး ကျန်းချင်ရီ ကို မြင်လိုက်ရချိန်တွင် ခေတ္တမျှ မှင်သက်သွားလေသည်။

မိန်းကလေးတစ်ယောက်ဖြစ်သည့် ချန်ယွင်သည် သူမအပေါ်ထားရှိသော ချင်ရီ ၏ ရန်လိုမှုကို မည်သို့လျှင် မခံစားမိဘဲ နေမည်နည်း။ ချန်ယွင်က ချင်ရီ ၏ ရန်လိုမှုအကြောင်းရင်းကိုပင် အလွန်ရှင်းလင်းစွာ သိထားသေးသည်။

"တာအိုရောင်းရင်း ရှင်က ရွှမ်မင်လက်ဝါးရိုက်ချက် ခံထားရတာပဲ။ အေးစက်တဲ့ချီ ကို အချိန်မီ ဖယ်ရှားနိုင်ခဲ့ပေမယ့် ရှင့်ရဲ့ ကောင်းကင်နှင်းကြောနဲ့ နှလုံးသွေးကြောတွေကတော့ အနည်းငယ် ထိခိုက်သွားတယ်။ ကံကောင်းတာက သိပ်ပြီးမပြင်းထန်ပါဘူး။ ကျွန်မ တာအိုရောင်းရင်း အတွက် ဆေးအချို့ ညွှန်းပေးလိုက်ပါမယ်။ ပင်မခန်းမကို တိုက်ရိုက်သွားပြီး ဆေးထုတ်ယူနိုင်ပါတယ်။ ဒီကာလအတွင်းမှာတော့ တာအိုရောင်းရင်း အနေနဲ့ ဘာတာဝန်မှ မယူသင့်သေးဘူး။ ကောင်းကောင်း အနားယူပြီး ကုသဖို့ လိုအပ်တယ်"

"ကောင်းပါပြီ၊ သမားတော်ချန်ကို ကျေးဇူးအများကြီးတင်ပါတယ်"

အမျိုးသားသည် မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ပြီး ဆေးစာကိုယူ၍ အပြင်သို့ ထွက်ခွာသွားလေသည်။

ကျန်းချင်ရီ က တံခါးကို ပိတ်လိုက်ပြီး သူမ၏ မျက်ခုံးများ တွန့်ချိုးသွားကာ ရင်းနှီးမှုမရှိသော မျက်နှာထားဖြင့် လျှောက်လာပြီးနောက် ချန်ယွင်၏ ရှေ့တွင် ထိုင်ချလိုက်သည်။

"ဘာဖြစ်လို့လဲ ညီမလေးကျန်း၊ တစ်နေရာရာက နေမကောင်းဖြစ်နေလို့လား" ချန်ယွင်က ပြုံးလျက် မေးလိုက်သည်။

"ကျွန်မခန္ဓာကိုယ်က အကောင်းပကတိပါပဲ" ကျန်းချင်ရီ က အေးစက်စက်ပြောလိုက်သည်။ "ကျွန်မ ဒီကိုလာတာက ကျွန်မဆရာရဲ့ ဖျားနာမှုအကြောင်း ရှင့်ကိုလာမေးတာပဲ"

ချန်ယွင် မျက်မှောင်ကြုတ်သွားသည်။ "ရှောင်မို ရဲ့ ဒဏ်ရာတွေက ထပ်ပြီး ဆိုးရွားလာပြန်ပြီလား"

"ဟုတ်တယ်" ကျန်းချင်ရီ က ခေါင်းညိတ်လိုက်သည်။ "ဆရာ့ရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုဆိုးလာတယ်။ သူ့မျက်နှာက စက္ကူလို ဖြူလျော်နေပြီး သူရဲ့သက်စောင့်မီးတောက် အားနည်းလာတာကိုတောင် ကျွန်မ ခံစားမိနေတယ်"

"ခဏလောက် စောင့်ပါဦး"

ချန်ယွင် အမြန်မတ်တတ်ရပ်လိုက်ပြီး ဆေးဗီဒိုဆီသို့ လျှောက်သွားကာ ဆေးပုလင်းတစ်ပုလင်းကို ယူ၍ ကျန်းချင်ရီ ထံ ကမ်းပေးလိုက်သည်။

"ဒါကဘာလဲ" ဆေးပုလင်းကို လှမ်းယူရင်း ကျန်းချင်ရီ က မေးလိုက်သည်။

"ဒီဆေးလုံးကို ကောင်းကင်ဝိညာဉ်ဆေးလုံးလို့ ခေါ်တယ်။ ဒါကို ကျွန်မကိုယ်တိုင် ဖော်စပ်ထားတာ၊ ရှင့်ဆရာရဲ့ ဒဏ်ရာတချို့ကို သက်သာစေနိုင်ကောင်းပါရဲ့" အထီးကျန်ဆန်မှု အရိပ်အယောင်တစ်ခု ချန်ယွင်၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။ "မနက်ဖြန် မနက်ကြရင် ရှင့်ဆရာကို ထပ်ပြီးစစ်ဆေးပေးဖို့ လင်ဂန်တောင်ထွတ် ကို ကျွန်မ လာခဲ့ပါ့မယ်"

"ကျွန်မဆရာရဲ့ ခန္ဓာကိုယ်က တကယ်တော့ ဘာဖြစ်နေတာလဲ။ တခြားလူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် အခြေခံအရိုးတွေ ထိခိုက်သွားလို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာ တကယ်ပဲလား။ ဒါပေမယ့် ရှင့်ရဲ့ ဆေးပညာက အကောင်းဆုံးမဟုတ်တာ အသေအချာပဲ။ တကယ်လို့ အခြေခံအရိုးတွေ ထိခိုက်သွားတာဆိုရင် ကျွန်မဆရာက ဆေးကုသဆောင်ရဲ့ အကြီးအကဲကို သေချာပေါက် သွားရှာမှာပေါ့။ ဘာလို့ ဆရာက ကုသမှုခံယူဖို့ ရှင့်ဆီကို အမြဲလာနေရတာလဲ။ ရှင် ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားတာမလား"

ကျန်းချင်ရီ သည် ဆေးပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးများက ချန်ယွင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

"ရှင့်ဆရာရဲ့ အခြေအနေက တကယ်တော့ ဒဏ်ရာတွေကြောင့်ချည်းပဲ မဟုတ်ပါဘူး၊ ဒါပေမယ့် အကြောင်းရင်းကိုတော့ ကျွန်မ ရှင့်ကို မပြောနိုင်ဘူး" ချန်ယွင်က တည်ငြိမ်စွာ ဆိုလေသည်။

"ကျွန်မကို အခုပြောစမ်း" ကျန်းချင်ရီ ၏ လေသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။

ချန်ယွင် ခေါင်းခါယမ်းလိုက်သည်။ "ကျွန်မလည်း ရှင့်ကို ပြောပြချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ရှင့်ဆရာရဲ့ လုပ်ရပ်တွေက သူ့ကိုယ်သူ အရမ်းတာဝန်မဲ့လွန်းတယ်လို့ ထင်လို့ပဲ၊ ဒါပေမယ့် ရှင့်ကို တစ်ခွန်းမှ ထုတ်မပြောပါဘူးလို့ ရှင့်ဆရာကို ကျွန်မ ကတိပေးထားခဲ့တယ်"

"ရွှမ်"

ဓားအလင်းတန်းတစ်ခု ချန်ယွင်၏ မျက်စိရှေ့တွင် ဖြတ်ပြေးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နက်နဲသောနှင်းခဲဓားရှည် ၏ ဓားဖျားသည် ချန်ယွင်၏ လည်ပင်းဆီသို့ ချိန်ရွယ်ပြီးသား ဖြစ်နေခဲ့ပြီ။

"ရှင် ကျွန်မကို သတ်လိုက်ရင်တောင် အလကားပဲ" ချန်ယွင်၏ မျက်လုံးများတွင် အလျှော့ပေးမည့် အရိပ်အယောင် လုံးဝမရှိချေ။ "ကျွန်မ ပြောပြီးပြီ၊ ရှင့်ကို မပြောနိုင်ဘူး၊ ပြီးတော့ ဒီအကြောင်းကို ရှင်သိသွားခဲ့ရင် ရှင်လက်ခံနိုင်မယ်လို့ ကျွန်မ မထင်ဘူး"

ကျန်းချင်ရီ က သူမ၏ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ဓားရှည်ကို ရှေ့သို့ တွန်းတိုက်လိုက်သည်။ ထက်မြက်သော ဓားဖျားသည် ချန်ယွင်၏ အသားအရေကို ဖောက်ထွင်းသွားပြီး နီရဲသော သွေးစက်များ သူမ၏ လည်ပင်းမှ ဖြည်းညင်းစွာ စီးကျလာလေသည်။ သို့သော်လည်း ချန်ယွင်သည် စကားတစ်ခွန်းမှ မဟဘဲ ကျန်းချင်ရီ ကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေဆဲပင်။

"ခွမ်း"

ကျန်းချင်ရီ က သူမ၏ ဓားရှည်ကို ဘေးဘက်သို့ ရမ်းခါလိုက်ရာ ဆေးအိုးတစ်အိုး ချက်ချင်းပင် ကွဲကြေသွားလေသည်။ မည်းနက်သော ဆေးရည်များသည် သစ်သားကြမ်းပြင်ရှိ အက်ကွဲကြောင်းများတစ်လျှောက် တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

သူမတို့နှစ်ဦးသည် အချင်းချင်း အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့ကြပြီး နောက်ဆုံးတွင် ကျန်းချင်ရီ က စကားလုံးများကို တစ်လုံးချင်းစီ ရေရွတ်လိုက်သည်။ "ကျွန်မဆရာက နောက်ထပ် အသက်ဘယ်လောက်ဆက်ရှင်နိုင်ဦးမှာလဲ"

"နှစ်သုံးဆယ်" ချန်ယွင်က အချိန်ကာလတစ်ခုကို ပြောပြလိုက်သည်။ "ရှင့်ဆရာရဲ့ သက်တမ်းက နှစ်သုံးဆယ်ပဲ ကျန်တော့တယ်၊ နှစ်သုံးဆယ်ထက်တောင် နည်းချင်နည်းဦးမှာ"

"နှစ်သုံးဆယ်… နှစ်သုံးဆယ်တဲ့လား… ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းချင်ရီ နောက်သို့ ခြေနှစ်လှမ်းခန့် ယိမ်းယိုင်သွားပြီး သူမ၏ မျက်လုံးများ တုန်ရီနေကာ ဓားရှည်ကို ဆုပ်ကိုင်ထားသော သူမ၏လက်ကလည်း အနည်းငယ် တုန်ယင်နေလေသည်။ သာမန်လူတစ်ယောက်အတွက် နှစ်သုံးဆယ်ဆိုသည်မှာ အမှန်တကယ်ပင် မတိုတောင်းလှပါချေ။ အလွန်တရာ ရှည်လျားလှသည်ဟုပင် ပြော၍ရနိုင်သည်။

သို့သော် ကျင့်ကြံသူတစ်ဦးအတွက် နှစ်သုံးဆယ်နှင့် သုံးလကြားတွင် ဘာကွာခြားချက်ရှိမည်နည်း။ ဆရာ့ကို သူမ မပြောပြရသေးသော စကားများစွာ ရှိသေးသည်။ ဆရာနှင့်အတူ သူမ မလုပ်ရသေးသော အရာများစွာ ရှိနေပါသေးသည်။

"မဖြစ်နိုင်ဘူး"

ကျန်းချင်ရီ ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏ ဓားရှည်က ချန်ယွင်၏ မျက်ခုံးနှစ်ခုကြားသို့ တစ်ဖန်ပြန်လည် ချိန်ရွယ်သွားပြန်သည်။

"လူလိမ်မ။ ရှင် ကျွန်မကို လိမ်နေတာပဲ ဖြစ်ရမယ်။ ကျွန်မဆရာက နောက်ဆုံးအဆင့် သန္ဓေတည်ဝိညာဉ်အဆင့်ရောက်နေတဲ့ ပါရမီရှင်ကျင့်ကြံသူကြီးတစ်ယောက်ပဲ။ သူ့မှာ အနည်းဆုံး သက်တမ်းနှစ်သုံးထောင်လောက် ရှိရမယ်။ ပြီးတော့ သူက အခုမှ အသက်သုံးဆယ်ကျော်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး အသက်သုံးဆယ်ပဲ ဆက်ရှင်နိုင်တော့မှာလဲ"

ချန်ယွင်သည် ကျန်းချင်ရီ ၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုဘဲ သူမကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ကျန်းချင်ရီ သည် သူမ၏ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းကိုက်ထားရာ ပုလဲလုံးကဲ့သို့ သွားလေးများက နူးညံ့သော နှုတ်ခမ်းသားကို ဖောက်ထွင်းသွားပြီး မိန်းမပျိုလေး၏ နှုတ်ခမ်းထောင့်မှ သွေးစိမ်းများ စီးကျလာလေသည်။

သုံးကြိမ်ခန့် အသက်ရှူပြီးနောက် လေလျော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ ကျန်းချင်ရီ သည် သူမလက်ထဲမှ ဓားရှည်ကို အောက်သို့ ချလိုက်သည်။ ချန်ယွင် သူမကို မလိမ်ညာနေဘူးဆိုသည်ကို သူမ သိသည်။

ချန်ယွင်သည် ဆရာ့ကို သဘောကျသူဖြစ်သည်။ သူမသည် ဆရာ၏ အသက်နှင့်ပတ်သက်ပြီး ထိုကဲ့သို့သော နောက်ပြောင်မှုမျိုးကို လုပ်မည်မဟုတ်ပေ။ ဆေးပညာကျင့်ကြံသူတစ်ဦးအနေဖြင့်လည်း ထိုကဲ့သို့ နောက်ပြောင်မှုမျိုး ပြုလုပ်ရန် မဖြစ်နိုင်ပေ။

"ဆရာ့ကို တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ..."

ကျန်းချင်ရီ ၏ မျက်လုံးများသည် အရောင်အဆင်းများ ပျောက်ကွယ်သွားပြီး အမှောင်ထု၏ အရိပ်အယောင်တစ်ခုပင် ရောယှက်နေကာ သူမတစ်ကိုယ်လုံး ပြိုလဲသွားသကဲ့သို့ ဖြစ်နေလေသည်။ သို့သော် ကျန်းချင်ရီ မေးခွန်းမေးပြီးသည်နှင့် အေးစက်စက် ရယ်မောသံအချို့ ထွက်ပေါ်လာသည်။ "ငါ တော်တော်မိုက်မဲတာပဲ၊ နင့်ကိုတောင် သွားမေးမိသေးတယ်။ နင်က ဘာမှပြောမှာမဟုတ်ဘူးလေ… ဟုတ်တယ်မလား…"

"တောင်းပန်ပါတယ်" သူမရှေ့မှ မိန်းမပျိုလေးကို ကြည့်ရင်း ချန်ယွင် သူမကို အလွန်နားလည်မိသည်။

ချန်ယွင်သည် ကျန်းချင်ရီ နှင့် ရှောင်မို တို့ကြားရှိ ဆက်ဆံရေးကို သိသည်။ ရှောင်မို သာ မရှိခဲ့လျှင် ကျန်းချင်ရီ သည် လမ်းဘေးတွင် လေလွင့်နေဆဲဖြစ်ကာ မည်သည့်အချိန်တွင် အငတ်ဘေးဖြင့် သေဆုံးသွားမည်ကိုပင် မသိနိုင်ပေ။ သူမကို ကယ်တင်ခဲ့သူ၊ ကျင့်ကြံခြင်းကို သင်ကြားပေးခဲ့သူနှင့် သူမကို ကမ္ဘာကျော် ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာစေခဲ့သူမှာ ရှောင်မို ပင်ဖြစ်သည်။ ရှောင်မို သည် သူမအတွက် ဤလောကတွင် အရေးအကြီးဆုံးလူဖြစ်သည်။

"ကျွန်မဆရာကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုခုရော ရှိလား" ကျန်းချင်ရီ သည် မော့ကြည့်လိုက်ပြီး ချန်ယွင်အား တောင်းပန်လုနီးပါး အသနားခံနေလေသည်။ "ကျွန်မဘာပဲပေးဆပ်ရရ ဆရာ့ကိုကယ်ပေးပါ။ ခိုင်းသမျှအကုန်လုပ်ပေးပါ့မယ်"

"ဘာနည်းလမ်းမှ မရှိတော့ဘူး" ချန်ယွင်က ခေါင်းခါပြလိုက်သည်။ "ကျွန်မ ဖြစ်နိုင်တဲ့နည်းလမ်းပေါင်းစုံကို ကြိုးစားကြည့်ပြီးပြီ"

ချန်ယွင် သက်ပြင်းချလိုက်သည်။ "ချင်ရီ ၊ ရှင်က သူ့ဘဝမှာ အရေးအကြီးဆုံးလူပဲ။ လာမယ့်ရက်တွေမှာ သူနဲ့အတူ အချိန်ပိုဖြုန်းပေးလိုက်ပါ"

အခန်း ၁၂ ချင်ရီ သည် ဆရာနှင့်အတူရှိနေသရွေ့ မည်သည့်အရာကိုမျှ မကြောက်ရွံ့ပေ

ကျန်းချင်ရီ သည် ဆေးခန်းမထဲမှ မည်သို့ထွက်လာခဲ့သည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။

သူမသည် အသက်ဝိညာဉ်ကင်းမဲ့နေသော ရုပ်အလောင်းတစ်ခုကဲ့သို့ လင်ဂန်တောင်ထွတ် ဆီသို့ ပျံသန်းပြန်လာခဲ့သည်။

ကျန်းချင်ရီ ၏ စိတ်ထဲတွင် ဆရာ့မှာ အသက်ရှင်ရန် အနှစ်သုံးဆယ်သာ ကျန်တော့သည်ဆိုသည့် အသိတစ်ခုသာ ကြီးစိုးနေတော့သည်။

ဆရာ မရှိတော့သည့် လောကကြီးမှာ မည်သို့ဖြစ်နေမည်ကို သူမ စိတ်ပင်မကူးရဲပေ။

ဆရာ မရှိတော့သည့် လောကကြီး။

ထိုသို့ဆိုလျှင် ဤလောကကြီးသည် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

မသိမသာဖြင့် လင်ဂန်တောင်ထွတ် သည် ကျန်းချင်ရီ ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

"ငါ ဒီလိုမျိုး ဖြစ်နေလို့မဖြစ်ဘူး... ဒီလို မျက်နှာပေးနဲ့ ဆရာ့ကို သွားမတွေ့နိုင်ဘူး၊ ဆရာ စိတ်မကောင်း ဖြစ်သွားလိမ့်မယ်။"

ကျန်းချင်ရီ သူမ၏ ပါးကို ခပ်ဖွဖွပုတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဘာမှမသိသကဲ့သို့ ဟန်ဆောင်ကာ အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။

ကျန်းချင်ရီ ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ဆရာဖြစ်သူသည် ခြံထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

မွန်းလွဲပိုင်း နေရောင်ခြည်သည် ရှောင်မို ၏ စက္ကူကဲ့သို့ ဖြူရော်နေသော မျက်နှာပေါ်သို့ ကျရောက်နေပြီး ၎င်းကိုမြင်ရသော မိန်းကလေး၏ နှလုံးသားမှာ ဓားဖြင့် အပိုင်းပိုင်းမွှန်းနေသကဲ့သို့ နာကျင်လှသည်။

သူမသာ တတ်နိုင်မည်ဆိုပါက ဆရာ့ကိုယ်စား ဤနာကျင်မှုအားလုံးကို ဝမ်းမြောက်ဝမ်းသာ ခံယူချင်မိသည်။

"ဆရာ... ဘာလို့ ခြံထဲမှာ ထွက်ထိုင်နေတာလဲဟင်။ ကောင်းကောင်း အနားယူသင့်တာကို။"

ကျန်းချင်ရီ လင်ဂန်တောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဆရာ့ထံသို့ ပြေးသွားလိုက်သည်။

ရှောင်မို ပြုံးလိုက်သည်။ "အိမ်ထဲမှာပဲ အမြဲနေရတာလည်း မကောင်းပါဘူး၊ အရမ်း အိုက်စပ်လွန်းလို့။ အပြင်ထွက်ပြီး လေကောင်းလေသန့်လေး ရှူချင်လို့ပါ။"

"ဒါဆိုရင် တပည့်က ဆရာ့ဘေးမှာ အဖော်လုပ်ပေးပါ့မယ်။"

ကျန်းချင်ရီ အင်္ကျီလက်ကို မတင်လိုက်ပြီး ဆရာ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် ဆရာ့နောက်တွင် ရပ်ကာ သူမ၏ နူးညံ့လှသော လက်သေးသေးလေးများဖြင့် ရှောင်မို ၏ ပခုံးများကို ညင်သာစွာ နှိပ်နယ်ပေးလေသည်။

"ချင်ရီ... ဆရာ မင်းကို ပြောစရာတစ်ခုရှိတယ်၊ မင်းရဲ့ သဘောထားကိုလည်း သိချင်တယ်။"

ကျန်းချင်ရီ သည် သူမ၏ စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို အတင်းအကျပ် ဖိနှိပ်ထားစဉ်မှာပင် ရှောင်မို က စကားစလာခြင်း ဖြစ်သည်။

"ဆရာ ပြောပါဟင်။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ချင်ရီ က ဆရာ့ရဲ့ တောင်းဆိုချက်ကို သဘောတူမှာပါ" ကျန်းချင်ရီ က မျက်ဝန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြရင်း ပြောလိုက်သည်။

ရှောင်မို က ကျန်းချင်ရီ ၏ လက်ကလေးကို ပုတ်လိုက်သည်။ "ဆရာ အပြင်ကို လမ်းလျှောက်ထွက်ချင်လို့။ မင်းကော ဆရာနဲ့အတူ လိုက်ခဲ့ချင်လား။"

"အပြင်ကို လမ်းလျှောက်ထွက်မယ် ဟုတ်လား။" ကျန်းချင်ရီ မျက်တောင်ခတ်လိုက်ပြီး သူမ၏ ဆရာ ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဟုတ်တယ်။" ရှောင်မို ခေါင်းညိတ်လိုက်သည်။ "ဆရာ နဂါးစမ်းရေဓားဂိုဏ်း ကနေ ထွက်ပြီး ဒီလောကကြီးကို ပိုပြီး မြင်ချင်မိတယ်။ ချင်ရီ... မင်း ဆရာနဲ့အတူ လိုက်ခဲ့ပေးဖို့ လိုလားရဲ့လား။"

"ချင်ရီ လိုလားပါတယ်" ကျန်းချင်ရီ တစ်စက္ကန့်မျှပင် မတွေးဘဲ ချက်ချင်းဖြေလိုက်သည်။ "ဆရာ ဘယ်ကိုပဲသွားသွား ချင်ရီ က ဆရာ့နောက်ကနေ အမြဲ လိုက်နေမှာပါ။"

"ကောင်းပြီ။" ရှောင်မို ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် အထုတ်အပိုး ပြင်ထားတော့၊ တို့တွေ မနက်ဖြန် ထွက်ကြမယ်။"

"ဟုတ်ကဲ့ ချင်ရီ အခုပဲ သွားပြင်လိုက်ပါ့မယ်"

ကျန်းချင်ရီ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားပြီး အထုတ်အပိုးများကို စတင်ပြင်ဆင်တော့သည်။

ကျန်းချင်ရီ အနေဖြင့်လည်း ဂိုဏ်းရေးရာများကို ဂရုမစိုက်ဘဲ ဆရာနှင့်အတူ ခရီးသွားရင်း ရှုခင်းများကို ကြည့်ရှုချင်နေခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ ခရီးသွားနေရင်းနဲ့မှ ဆရာ့ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူ တစ်ဦးဦးနဲ့ ကြုံတွေ့ရရင်ရော။

ဒါမှမဟုတ် ကံကောင်းမှု တစ်ခုခုနဲ့ ကြုံတွေ့ပြီး ဆရာ့ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားရင်ရော။

ဒါတွေက မဖြစ်နိုင်တာမှ မဟုတ်တာ။

အနည်းဆုံးတော့ နဂါးစမ်းရေဓားဂိုဏ်း မှာ ဆက်နေတာထက်စာရင် မျှော်လင့်ချက် ပိုရှိတာပေါ့။

နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်မို နှင့် ကျန်းချင်ရီ တို့သည် နဂါးစမ်းရေဓားဂိုဏ်း မှ ထွက်ခွာခဲ့ကြသည်။

သူတို့ မည်သူ့ကိုမျှ နှုတ်မဆက်ခဲ့ကြပေ။

တကယ်တမ်းတွင် ရှောင်မို ကိုယ်တိုင်လည်း ဘယ်ကိုသွားရမည်မှန်း မသိပေ။ သူသည် ကျန်းချင်ရီ နှင့်အတူ မြောက်ဘက်သို့သာ ဦးတည်သွားနေခဲ့သည်။

သူတို့သည် မြို့လေးတစ်မြို့သို့ ရောက်ရှိလာပြီး ရထားလုံးတစ်စီး ဝယ်လိုက်ကြသည်။

ကျန်းချင်ရီ က ရထားလုံးကို မောင်းနှင်ပြီး ရှောင်မို ကတော့ အတွင်း၌ ထိုင်လိုက်ပါလာသည်။

သူတို့နှစ်ဦးသည် မြို့တစ်မြို့ပြီးတစ်မြို့ ဖြတ်သန်းခဲ့ကြသည်။

တစ်ခါတစ်ရံတွင် သူတို့သည် တည်းခိုခန်းများ၌ တည်းခိုကြသည်။

တစ်ခါတစ်ရံတွင် သူတို့သည် ဂူများထဲ၌ စခန်းချကြသည်။

မသိမသာဖြင့် တစ်လ ကုန်လွန်သွားခဲ့သည်။

သူတို့ မည်မျှအထိ ဝေးဝေးရောက်သွားသည်ကို နှစ်ဦးစလုံး မသိကြသော်လည်း အနည်းဆုံးတော့ လျန်တိုင်းပြည် ၏ နယ်နိမိတ်မှ ထွက်ခွာခဲ့ကြပြီ ဖြစ်သည်။

နဂါးစမ်းရေဓားဂိုဏ်း မှ ထွက်ခွာလာခဲ့သည်မှာ ဒုတိယမြောက်လသို့ ရောက်ရှိလာခဲ့သည်။

ရထားလုံးသည် တောင်ပတ်လမ်းလေးတစ်ခုပေါ်တွင် သွားလာနေစဉ် အမျိုးသမီးတစ်ဦးသည် သူတို့၏ ရှေ့တွင် ပိတ်ရပ်ထားသည်ကို မြင်တွေ့လိုက်ကြရ၏။

"မင်းက ဘယ်သူလဲ။"

ကျန်းချင်ရီ သည် သူမရှေ့မှ အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။

နက်နဲသောနှင်းခဲဓားရှည် မှာ ကျန်းချင်ရီ ၏ လက်ထဲတွင် အဆင်သင့် ရှိနေပြီ ဖြစ်သည်။

"ချင်ရီ... သူက ငါ့ရဲ့ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ပါ။" ရှောင်မို ၏ အသံသည် ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။

ရှောင်မို လိုက်ကာကို မကာ အပြင်သို့ ထွက်လာခဲ့သည်။

ကျန်းချင်ရီ အလျင်အမြန်ပင် ဆရာ့ကို ရထားလုံးပေါ်မှ တွဲကူကာ ဆင်းပေးလိုက်သည်။

"ချင်ရီ... ရေသွားခပ်လိုက်ပါဦး" ရှောင်မို က ကျန်းချင်ရီ ကို ပြောလိုက်သည်။

"ဒါပေမဲ့ ဆရာ..."

ကျန်းချင်ရီ သည် အေးစက်နေသော ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။

ဆရာ က သူမကို တမင်ဖယ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း သူမ သိသည်။

သို့သော် ဤလူသည် မကောင်းသော ရည်ရွယ်ချက်များ ရှိနေပုံရသည်။

"ရပါတယ်" ရှောင်မို ကျန်းချင်ရီ ၏ လက်ကလေးကို ပုတ်လိုက်သည်။ "ဆရာ ဘာမှမဖြစ်ပါဘူး၊ လိမ္မာစမ်းပါ။"

ကျန်းချင်ရီ နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ထိုအမျိုးသမီးကို နောက်ဆုံးတစ်ချက်ကြည့်ကာ ရေဘူးကိုယူ၍ လှည့်ထွက်သွားတော့သည်။

"ငါ တကယ် သိချင်မိတယ်၊ မင်း ငါ့ကို ဘာလို့ ကူညီနေတာလဲ။"

ရှောင်မို ရှကွန်း ကို ကြည့်ကာ မေးလိုက်သည်။

လွန်ခဲ့သော နှစ်လက ရှကွန်း ရှောင်မို ကို လာရှာစဉ်က ရှောင်မို သည် ရှကွန်း ကို သတ်ရန်ပင် စဉ်းစားခဲ့ဖူးသည်။

သို့သော် အပြင်သို့ ခရီးထွက်နေစဉ် ဤကာလအတွင်းမှာပင် ရှောင်မို တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိခဲ့သည်။

ရှကွန်း သာ အမှန်တကယ် ချင်ရီ ကို အမှန်တရားပြောပြချင်ခဲ့မည်ဆိုလျှင် သူမသည် သူ့ထံသို့ လာလိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ ထိုသို့ ပြုလုပ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။

သူမသည် ချင်ရီ ထံ တိုက်ရိုက် သွားနိုင်ခဲ့သည်။

ထို့ကြောင့် ရှောင်မို ကောက်ချက်တစ်ခု ချလိုက်နိုင်သည်။

ရှကွန်းသည် သူ့ကို ကြိုတင်အသိပေးရန် ရောက်လာခြင်း ဖြစ်သည်။

သူမ၏ ရည်ရွယ်ချက်မှာ သူ့ကို ကျန်းချင်ရီ နှင့်အတူ နဂါးစမ်းရေဓားဂိုဏ်း မှ ထွက်ခွာသွားရန် ပြုလုပ်ခြင်းပင်။

"ဘာလို့လဲဆိုတော့... အတိတ်တုန်းက ဆောင်းရာသီမှာ ကျွန်မ ငတ်မွတ်ပြီး သေတော့မယ့်အချိန်မှာ မိဖုရားကြီး က ကျွန်မကို ကယ်တင်ပေးခဲ့လို့ပါ။"

ရှကွန်း က ဖြည်းညင်းစွာ ပြောလိုက်သည်။

"အခု ရှောင်မင်းသားအိမ်တော်ဟာ ဘာကိုမှ မငဲ့ကွက်တော့ဘဲ သွေးလိပ်ပြာဂေဟာ ကို လှုပ်ရှားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။

မူလကတော့ မင်းသားကြီး ဟာ ကျန်းချင်ရီ ကို သူမရဲ့ နောက်ခံအကြောင်းတွေ ပြောပြပြီး သခင်လေးကို မုန်းတီးသွားအောင်၊ သူမရဲ့ တာအိုနှလုံးသား ကို ဖျက်ဆီးပစ်ပြီး သခင်လေးရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေကို အလကားဖြစ်သွားအောင် လုပ်ချင်ခဲ့တာပါ။

ဒါပေမဲ့ သွေးလိပ်ပြာဂေဟာက ဝင်ပါလာပြီဆိုတော့ အဲဒီလို လုပ်ဖို့ မလိုတော့ပါဘူး။

မင်းသားကြီး က သခင်လေးကို ပြောခိုင်းလိုက်ပါတယ်၊ ဒါဟာ ဖခင်တစ်ယောက်အနေနဲ့ သခင်လေးအပေါ် ထားရှိတဲ့ နောက်ဆုံး ကရုဏာ တရားပါတဲ့။"

"ဟီးဟီး... သွေးလိပ်ပြာဂေဟာ လား၊ သူတို့ လှုပ်ရှားပြီဆိုတာနဲ့ သေခြင်းတရားက အသေအချာပဲ၊ မနားတမ်း လိုက်လံသတ်ဖြတ်မယ့်အဖွဲ့ပဲ" ရှောင်မို ရယ်မောလိုက်သည်။ "ဒါဆိုရင် သွေးလိပ်ပြာဂေဟာ အနေနဲ့ စမ်းကြည့်နိုင်ပါတယ်... အဟွတ် အဟွတ် အဟွတ်..."

ရှောင်မို အပြင်းအထန် ချောင်းဆိုးလိုက်ပြန်သည်။

"ထွီ" ရှောင်မို လတ်ဆတ်သော သွေးအချို့ကို ဘေးသို့ ထွေးထုတ်လိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲမှ ဆေးပုလင်းကို ထုတ်ကာ ဆေးလုံးတစ်လုံးကို ဖောက်ထုတ်၍ မျိုချလိုက်သည်။

ရှကွန်းသည် ရှောင်မို ၏ သေလုနီးပါးဖြစ်နေသော ပုံစံကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီ မွေးရာပါ ဓားအရိုး ဆိုတာ မူလကတည်းက သခင်လေးအပေါ် အတင်းအကျပ် အစားထိုးပေးခဲ့တာပါ၊ သခင်လေးနဲ့ ဘာမှမဆိုင်ပါဘူး။ သခင်လေးသာ ကောင်းကောင်း ကျင့်ကြံခဲ့မယ်ဆိုရင် သခင်လေးရဲ့ အနာဂတ်ဟာ အကန့်အသတ်မရှိပါဘူး။

ဒါပေမဲ့ အခုတော့ သခင်လေးက ဒီလို သေလုနီးပါး အခြေအနေကို ရောက်နေပြီ။

သခင်လေး... အဲဒါက တကယ်ရော ထိုက်တန်ရဲ့လား။"

"ငါနဲ့မဆိုင်တဲ့အရာက ဘယ်တော့မှ ငါ့အရာ ဖြစ်လာမှာမဟုတ်သလို ငါလည်း အဲဒါကို မလိုချင်ပါဘူး။ ငါ့အမေလိုပဲ၊ ငါလည်း သန့်သန့်ရှင်းရှင်း မွေးဖွားလာခဲ့သလို သန့်သန့်ရှင်းရှင်းပဲ ပြန်သွားချင်တယ်"

ရှောင်မိုက ရှကွန်း ကို ကြည့်ရင်း ပြုံးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နှင်းထဲမှာ မင်းကို ငါ့အမေ ကောက်ယူခဲ့တုန်းကရော... အဲဒါက တကယ် ထိုက်တန်ရဲ့လား။"

ရှကွန်း : "..."

"မင်း သွားသင့်ပြီ။" ရှောင်မို လက်ကာပြလိုက်သည်။ "ငါ့တပည့် ပြန်လာပြီ။"

ရှကွန်း လှည့်ကြည့်လိုက်သောအခါ ကျန်းချင်ရီ သည် သစ်ပင်တစ်ပင်နောက်မှနေ၍ သူမကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မိဖုရားကြီး က လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီကြမ်းတမ်းတဲ့လောကကြီးမှာ လူကောင်းတွေက အမြဲတမ်း ကောင်းကျိုးကို ရချင်မှ ရတတ်တာပါ" ရှကွန်း လှည့်ထွက်သွားပြီး တောအုပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

ရှကွန်း ထွက်သွားပြီးနောက် ကျန်းချင်ရီ အလျင်အမြန် ပြေးလာခဲ့သည်။ "ဆရာ... အဲဒီလူက ဆရာ့ကို ဘာတွေပြောသွားတာလဲဟင်။"

"သူက ငါတို့ကို တစ်စုံတစ်ယောက်က သတ်ချင်နေတယ်တဲ့၊ သွေးလိပ်ပြာဂေဟာကိုတောင် စေလွှတ်ထားတယ်လို့ ပြောသွားတယ်" ရှောင်မို ကျန်းချင်ရီ ၏ ခေါင်းကို ပုတ်လိုက်သည်။ "ဘယ်လိုလဲ၊ မင်း ကြောက်နေလား တပည့်လေး။"

ကျန်းချင်ရီ ဆရာ့လက်ကို ကိုင်ကာ ခေါင်းကို အဆက်မပြတ် ခါယမ်းပြလိုက်သည်။

"ချင်ရီ က ဆရာနဲ့အတူရှိနေသရွေ့ ဘာကိုမှ မကြောက်ပါဘူး။"

All Chapters