အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း ၁၃ ကျိုးတိုင်းပြည်မှာ ဘာများ ထူးခြားနေလို့လဲ
ရှောင်မို ၏ အသိစိတ်သည် ဘဝတစ်ရာကျမ်း အတွင်းမှ ခွာခွာလာခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်လနီးပါးခန့်တွင် ရှောင်မို သည် နေ့စဉ်ရက်ဆက် မသေမျိုးကျင့်စဉ် ကျင့်ကြံခြင်း၌သာ နစ်မြောနေခဲ့ပြီး နန်းတွင်းရေးရာများကို အခြေခံအားဖြင့် လျစ်လျူရှုထားခဲ့သည်။
ရှောင်မို ဗိုက်ဆာသောအခါတွင် နန်းတွင်းစားဖိုဆောင် မှ အစားအစာများကို လာရောက်ပို့ဆောင်ခိုင်းလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဧကရာဇ်တစ်ပါး၊ ရုပ်သေးဧကရာဇ် တစ်ပါးဖြစ်နေလျှင်ပင် သူ့ကို ခစားပြုစုမည့်သူများ ဝန်းရံနေမြဲပင်။
အသက်ရှည်လိုသော ဧကရာဇ်များပင်လျှင် သူ့လောက် အခန်းအောင်းလွန်းမည်မဟုတ်ဟု ရှောင်မို ခံစားမိသည်။
"ဝေ့ရွှန်း" ရှောင်မို ခေါ်လိုက်သည်။
နန်းတော်အပြင်ဘက်တွင် ခစားနေသော ဝေ့ရွှန်း သည် အသံကို ကြားသည်နှင့် အလျင်အမြန် ပြေးဝင်လာသည်။ "အရှင်မင်းကြီး..."
အစပိုင်းတွင် ဝေ့ရွှန်း သည် အရှင်မင်းကြီး၏ တာအိုတရား ကျင့်ကြံအားထုတ်မှုမှာ ယန်ရှန်းအောက် ကို သတိလက်လွတ်ဖြစ်စေရန် ဟန်ဆောင်နေခြင်းသာဖြစ်ပြီး တိတ်တဆိတ် တစ်စုံတစ်ခုကို ပြင်ဆင်နေသည်ဟု ထင်မှတ်ခဲ့သည်။
ဥပမာအားဖြင့် ချန်တိုင်းပြည် မှ မင်းသားတစ်ပါးသည် အာဏာရှိသော အမတ်တစ်ဦး၏ ဖိနှိပ်ခြင်းကို ခံရချိန်တွင် ထိုအမတ်ကို လှည့်စားရန်အတွက် လူသတ်သမားများကို တိတ်တဆိတ် မွေးမြူခြင်းနှင့် အခြားသော ဟန်ဆောင်မှုများကို ပြုလုပ်ခဲ့ဖူးသည်။
နောက်ဆုံး တစ်နေ့တွင် ထိုမင်းသားသည် အာဏာရှိအမတ်ကို နန်းတော်အတွင်းသို့ ဖိတ်ခေါ်ကာ ပုန်းကွယ်နေသော လူသတ်သမားများဖြင့် သုတ်သင်ခဲ့ပြီး အာဏာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် အရှင်မင်းကြီးသည် ဤကာလအတွင်း တကယ်ပင် တာအိုတရားကိုသာ ကျင့်ကြံနေခဲ့ပြီး တစ်နေ့လုံး တရားထိုင်နေလေ့ရှိသည်။
"အရှင်မင်းကြီးက တကယ်ပဲ အာဏာပြန်သိမ်းဖို့ကို လက်လျှော့လိုက်တာလား..."
ဤအကြောင်းကို တွေးမိသောအခါ ဝေ့ရွှန်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပြီး အနည်းငယ် စိတ်ပျက်အားလျော့သလို ခံစားလိုက်ရသည်။ သို့သော် ပြန်စဉ်းစားကြည့်ပြန်လျှင်လည်း အရှင်မင်းကြီး လက်လျှော့လိုက်ခြင်းက ပို၍ ကောင်းနိုင်ပါသည်။
ယန်ရှန်းအောက် ကို သတ်ဖို့ဆိုသည်မှာ ပြောသလောက် မလွယ်ကူပေ။ သူကိုယ်တိုင်ကပင် နဂါးတံခါးအဆင့် ရှိသော ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ပါက အရှင်မင်းကြီးသည် အာဏာပြန်မရရုံသာမက နန်းတော်အတွင်း၌ပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
"ဝေ့ရွှန်း... မင်းကြည့်ရတာ တည်ကြည်လှချည်လား၊ တစ်ခုခုဖြစ်လို့လား" ရှောင်မို မေးလိုက်သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုကြောင့် ဒီအစေခံမှာ ဘာအခက်အခဲ ရှိနိုင်မှာလဲ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေလို့ပဲ ဆုတောင်းပါတယ်" ဝေ့ရွှန်း က မြှောက်ပင့်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ကဲပါ... တော်ပါတော့၊ ငါ့ကို အမြဲ မြှောက်ပင့်မနေစမ်းနဲ့။ တစ်ယောက်ယောက်ကို အစားအသောက် လွှတ်ပို့ခိုင်းလိုက်ဦး၊ ငါ နည်းနည်း ဗိုက်ဆာလာပြီ" ရှောင်မို ပြောလိုက်သည်။
"နန်းတွင်းစားဖိုဆောင် က ပြင်ဆင်ပြီးပါပြီ၊ အခု အရှင်မင်းကြီးဆီကို လာနေပါပြီ။"
အရှင်မင်းကြီး တာအိုတရား စတင်ကျင့်ကြံကတည်းက ဝေ့ရွှန်း သည် အရှင်မင်းကြီး၏ စားသောက်ချိန်ကို အကြမ်းဖျင်း ခန့်မှန်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
"အင်း။" ရှောင်မို ခေါင်းညိတ်လိုက်သည်။ "ဒီအတောအတွင်း နန်းတွင်းက ငါ့အပေါ် ဘယ်လို ဝေဖန်နေကြလဲ။"
"အဲဒါက..." ဝေ့ရွှန်း တုံ့ဆိုင်းသွားသည်။
"ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ" ရှောင်မို ဝေ့ရွှန်း ကို စိုက်ကြည့်လိုက်သည်။ "အမှန်အတိုင်း ပြော။"
"..." ဝေ့ရွှန်း စိတ်ထဲတွင် စကားလုံးများကို စနစ်တကျ စီစဉ်လိုက်ပြီးနောက် တစ်လုံးချင်း ပြောပြလေသည်။ "အမတ်တော်တော်များများက... အရှင်မင်းကြီးရဲ့ ကျင့်ကြံမှုအပေါ် ဝေဖန်နေကြပါတယ်။ အရှင်မင်းကြီး အနေနဲ့... သင့်တင့်လျောက်ပတ်စွာ..."
"နန်းတွင်းရေးရာတွေကို အာရုံစိုက်သင့်တယ်လို့ ပြောတာလား" ရှောင်မို ပြုံးလိုက်သည်။ "သူတို့က ငါ့ကို အသုံးမကျတဲ့မင်းလို့ ကွယ်ရာမှာ ခေါ်နေကြတာလား။"
ရှောင်မို ၏ စကားဆုံးသည်နှင့် ဝေ့ရွှန်း သည် ရှောင်မို ၏ ရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်သည်။ "အရှင်မင်းကြီးကို အဲဒီလို ပြောဝံ့သူ ဘယ်သူမှ မရှိပါဘူးဘုရား။"
"ကဲပါ... ဘာလို့ ဒီလောက် တုန်လှုပ်နေရတာလဲ။ အဲဒါကို မင်းပြောတယ်လို့ ငါမှ မပြောတာ" ရှောင်မို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ထတော့။"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"
ဝေ့ရွှန်း သည် နဖူးမှ ချွေးစေးများကို သုတ်ကာ တုန်တုန်ရီရီဖြင့် ထလိုက်သည်။
သူ့ကို ကျိန်ဆဲနေကြသော ထိုအမတ်အများစုမှာ မိမိကိုယ်ကိုယ်သစ္စာရှိအမတ်များအဖြစ် ဟန်ပြရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။ နန်းတွင်းမှာရှိသူတိုင်း မယ်တော်ကြီးယန် နှင့် နန်းရင်းဝန်ကြီးယန် တို့က အတွင်းအပြင် အားလုံးကို ချုပ်ကိုင်ထားကြောင်း မသိဘဲ နေပါ့မလား။
သူ့မှာ အာဏာမှ မရှိတာ၊ နန်းတွင်းရေးရာတွေကို သူ ကိုယ်တိုင် ဘယ်လို စီမံခန့်ခွဲနိုင်မှာလဲ။ ထို့အပြင် ယန်ရှန်းအောက် သာ သူ့အပေါ် စိုးရိမ်ထိတ်လန့်သွားလျှင် ဘာဖြစ်မည်နည်း။ ထိုလူသည် သူ့အစား အခြား ဧကရာဇ် တစ်ပါးကို တကယ်ပင် အစားထိုးပစ်နိုင်သည်။
ဧကရာဇ် ရာထူးမှ အတင်းအကျပ် နုတ်ထွက်ခိုင်းခြင်း ခံရပါက ရလဒ်မှာ တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ သေခြင်းတရားပင်။
ထို့ကြောင့် သူ့မှာ လုံလောက်သော ခွန်အားမရှိခင်အထိ အချိန်စောင့်ရမည် ဖြစ်သည်။ ဘဝတစ်ရာကျမ်း ထဲက ပထမဆုံး ဘဝဖြတ်သန်းမှု ပြီးဆုံးဖို့ သိပ်မလိုတော့ပေ။ အဲဒီအခါကျမှ ဘာဆုလာဘ်တွေ ရမလဲဆိုတာ သူ ကြည့်ရမည်။
"အရှင်မင်းကြီး... နန်းရင်းဝန်ကြီး လာရောက်တွေ့ဆုံခွင့် တောင်းခံနေပါတယ်" အိပ်ဆောင်ပြင်ပမှ နန်းတွင်းအစေခံမလေးတစ်ဦးက အော်ဟစ်လျှောက်တင်လိုက်သည်။
"မြန်မြန်... နန်းရင်းဝန်ကြီးကို အဝင်ခိုင်းလိုက်" ရှောင်မို ပြောလိုက်သည်။
"မှန်လှပါ" အစေခံမလေးသည် အပြင်ဘက်တွင် ဦးညွှတ်လိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ "နန်းရင်းဝန်ကြီးမင်း... ကြွပါခင်ဗျာ။"
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ယန်ရှန်းအောက် သည် ခါးတွင် ဓားချိတ်လျက် အိပ်ဆောင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာပြီး ရှောင်မို ကို ဦးညွှတ်လိုက်သည်။
"ဘာလို့ ဒီလောက် အားနာနေရတာလဲ " ရှောင်မို သည် ဖိနပ်ပင် မစီးနိုင်တော့ဘဲ ခုတင်ပေါ်မှ အလျင်အမြန် ဆင်းကာ သူ့ကို ဆီးကြိုလိုက်သည်။ "... ဘာကိစ္စများ ရှိလို့ပါလဲ။"
ယန်ရှန်းအောက် သည် ရှောင်မို ၏ တာအိုဝတ်စုံကို ကြည့်လိုက်သည်။ "အရှင်မင်းကြီး တာအိုတရား ကျင့်ကြံနေတာ နှစ်လနီးပါး ရှိပါပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးဆီ လာလည်ပြီး ကျင့်ကြံမှုတွေ ဘယ်လိုတိုးတက်နေလဲဆိုတာ မေးမြန်းချင်လို့ပါ။"
"ဟားဟားဟား... ရပါတယ်၊ ရပါတယ်။" ရှောင်မို က ရယ်မောရင်း ပြောလိုက်သည်။ "နန်းတွင်းရေးရာတွေက အရမ်း ရှုပ်ထွေးပြီး ပင်ပန်းလွန်းတယ်လို့ ကျွန်တော် ခံစားရတယ်။ တာအိုတရား ကျင့်ကြံကတည်းက ကျွန်တော့်ရဲ့ စိတ်က နေ့တိုင်း ကြည်လင်နေတာ။ နန်းတွင်းကိစ္စအဝဝအတွက် နန်းရင်းဝန်ကြီးကိုပဲ ဒုက္ခပေးမိသလို ဖြစ်နေပြီ။"
"အရှင်မင်းကြီး... ဘာစကားတွေ မိန့်ကြားနေတာလဲ။ အရှင်မင်းကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေထမ်းဆောင်ရတာ ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ" ယန်ရှန်းအောက် က ထပ်မံ ဦးညွှတ်လိုက်သည်။ "ဒါပေမဲ့ အရှင်မင်းကြီး... နောက်တစ်လလောက်နေရင် ဓားတစ်သောင်းဂိုဏ်း က အကြီးအကဲဟွမ် ကျွန်တော်တို့ ကျိုးတိုင်းပြည် ကို ကြွလာပါလိမ့်မယ်။ ဓားတစ်သောင်းဂိုဏ်း ဆိုတာ လောကမှာ နံပါတ်တစ် ဓားဂိုဏ်း ဖြစ်တာကြောင့် အဲဒီအချိန်ကျရင် အရှင်မင်းကြီး ကိုယ်တိုင် အကြီးအကဲဟွမ် ကို လက်ခံတွေ့ဆုံပေးဖို့ လိုအပ်ပါလိမ့်မယ်။"
"ဒါကတော့ ပြဿနာမရှိပါဘူး။"
ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းသည် မသေမျိုးလောက အကြောင်းကို သိပ်မသိပေ၊ ဓားတစ်သောင်းဂိုဏ်း ၏ ကျော်ကြားမှုကိုသာ အကြမ်းဖျင်း ကြားဖူးခြင်း ဖြစ်သည်။ ထို့အပြင် ဓားတစ်သောင်းဂိုဏ်း ၏ ဂိုဏ်းချုပ်အမည်ကိုပင် သူ မသိပေ။
"ထပ်ပြီး လျှောက်တင်စရာရှိတာက အရှင်မင်းကြီးလည်း အရွယ်ရောက်နေပါပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် နန်းတော်ထဲဝင်ဖို့ အမျိုးသမီးအချို့ကို ရွေးချယ်ထားပါတယ်။ သူတို့အားလုံးက ထင်ရှားကျော်ကြားတဲ့ မိသားစုတွေက သမီးပျိုတွေချည်းပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ ယန် မျိုးနွယ်ကနေ ယန်ရုရွှယ် လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။ သူက ပါရမီရော ရုပ်ရည်ပါ တကယ်ကို ပြည့်စုံလှပသူပါ။ အရှင်မင်းကြီး သေချာပေါက် သဘောကျလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။"
"..." ရှောင်မို အနေဖြင့် သူ၏ ဆိုလိုရင်းကို ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မည်နည်း။ ယန်ရှန်းအောက် က "မင်း ယန်ရုရွှယ် ကို မောင်းမအဖြစ် ရွေးချယ်ရမယ်" ဟု လက်ညှိုးထိုး ပြောနေခြင်းပင် ဖြစ်ပြီး မကြာမီတွင် ယန်ရုရွှယ် သည် မိဖုရားခေါင်ကြီး ဖြစ်လာပေလိမ့်မည်။
"ယန်မိသားစု ရဲ့ ပါရမီရှင်သမီးပျိုအကြောင်း ကျွန်တော် ကြားဖူးတာ ကြာပါပြီ။ သေချာပေါက် အထူး ဂရုစိုက်ပေးပါ့မယ်" ရှောင်မို က အလွန်အမင်း နာခံတတ်သူတစ်ဦးအသွင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရှောင်မို ဤမျှ နာခံသည်ကို မြင်သောအခါ ယန်ရှန်းအောက်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။
အတိတ်တုန်းက ရှောင်မို သည် သူ့ကို အနည်းငယ် တုံ့ပြန်ခဲ့ဖူးပြီး အာဏာပြန်သိမ်းရန်ပင် ကြိုးစားခဲ့ဖူးသော်လည်း ယခုမူ သူ လုံးဝ လက်လျှော့သွားပုံရသည်။ ဤသည်က အကောင်းဆုံးပင် ဖြစ်သည်၊ မဟုတ်ပါက ဧကရာဇ်ကို အစားထိုးခြင်းက ပြဿနာများကိုသာ ပိုမို ရှုပ်ထွေးစေပေလိမ့်မည်။
"အရှင်မင်းကြီး အဆင်ပြေနေတာကို မြင်ရပြီဆိုတော့ ကျွန်တော်မျိုး ခွင့်ပြုပါဦး။"
"ကောင်းကောင်းသွားပါ ခမည်းတော်။ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ပါ။ ဝေ့ရွှန်း... လိုက်ပို့လိုက်ဦး။"
"မှန်လှပါ အရှင်မင်းကြီး။"
ဝေ့ရွှန်း ယန်ရှန်းအောက် ကို လိုက်ပို့ပြီးနောက် ရှောင်မို မျက်မှောင်ကြုတ်လိုက်သည်။ "မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ်၊ နောက်တစ်ဖက်မှာ အနှစ်သုံးဆယ်တဲ့။ အဘိုးကြီးယန်... မင်း စောင့်နေလိုက်စမ်းပါ"
...
အနန္တဓမ္မလောက၊ ချင်းဟဲမြို့။
ဤနေရာသည် ကျိုးတိုင်းပြည် နယ်စပ်မှ မိုင်သုံးဆယ်ခန့်သာ ဝေးကွာသည်။
ချင်းဟဲမြို့ ၏ လမ်းမများပေါ်တွင် အကြီးအကဲဟွမ် ၏ နောက်၌ ဓားတစ်သောင်းဂိုဏ်း ဝတ်စုံကို ဆင်မြန်းထားသော တပည့်နှစ်ဦး လိုက်ပါလာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ခရီးသွားနေစဉ်အတွင်း သူတို့နှင့် ဆက်ဆံရသည်မှာ အကြီးအကဲဟွမ်အဖို့ ဆူးပေါ်ထိုင်နေရသလို ခံစားနေရသည်။
သူတို့သည် ဓားတစ်သောင်းဂိုဏ်း ၏ အတွင်းစည်းတပည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း သူတို့ကို အတွင်းစည်းတပည့်များကဲ့သို့ တကယ် ဆက်ဆံမိမည်ဆိုလျှင် မိမိကိုယ်ကိုယ် အသက်ရှင်ရတာ ငြီးငွေ့နေပြီဟု အကြီးအကဲဟွမ် ခံစားမိသည်။
ဤလူနှစ်ဦးမှာ။
တစ်ဦးက သူတို့၏ ကိုယ်ပိုင် ဂိုဏ်းချုပ်၊ လောကတွင် နံပါတ်တစ် ဓားနတ်ဘုရားမ ဖြစ်သည်။
အခြားတစ်ဦးမှာမူ ဂိုဏ်းချုပ် ၏ အပါးတော်မြဲ ဓားအစေခံ ဆောင်းရွက် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် သူ၏ ဂိုဏ်းချုပ် သည် အဘယ်ကြောင့် သူ့နောက်မှ ကျိုးတိုင်းပြည် သို့ လိုက်ပါလာရသနည်းဆိုသည်ကို အကြီးအကဲဟွမ် တကယ်ပင် မသိပေ။
ကျိုးတိုင်းပြည် သို့ သွားရသော သူ၏ တာဝန်မှာ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ သူသည် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး ကျိုးတိုင်းပြည် ကို ဓားတစ်သောင်းဂိုဏ်း ၏ လက်အောက်ခံနိုင်ငံတစ်ခုအဖြစ် လက်ခံရန်သာ ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ် ကိုယ်တိုင် သူ့နောက်မှ လိုက်လာလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ကာ အတွင်းစည်းတပည့် တစ်ဦးအဖြစ် ဟန်ဆောင်နေသေးသည်။
ဒီ ကျိုးတိုင်းပြည် မှာ ဘာများ ထူးခြားနေလို့လဲ။
အခန်း ၁၄ ချင်ရီမှာ ဆရာတစ်ယောက်တည်းရှိရမယ်
ချင်းဟဲမြို့ မှ ထွက်ခွာလာပြီးနောက် ကျန်းချင်ရီ နှင့် အခြားသူများသည် ကျိုးတိုင်းပြည် ၏ မြို့တော်ဆီသို့ ပျံသန်းလာခဲ့ကြသည်။
ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ရှိ ကျင့်ကြံသူ တစ်ဦးဖြစ်သည့် ဓားတစ်သောင်းဂိုဏ်းချုပ် အဖို့ ကျိုးတိုင်းပြည် မြို့တော်သို့ သွားလိုပါက အလွန်ဆုံး သုံးရက်သာ ကြာမြင့်မည် ဖြစ်သည်။ သို့သော် သူမသည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။
ဤသည်မှာ ဟွမ်ဝေ နှင့် ဆောင်းရွက် တို့၏ ကျင့်ကြံခြင်းအဆင့်မှာ သန္ဓေတည်ဝိညာဉ်အဆင့် ၌သာ ရှိနေသောကြောင့် မဟုတ်ပေ။
အကြောင်းရင်းမှာ ဓားတစ်သောင်းဂိုဏ်းချုပ် ၏ နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်မှု အနည်းငယ် ကိန်းအောင်းနေသောကြောင့်သာ ဖြစ်သည်။ နှစ်ပေါင်းသုံးထောင်။ သူမ နှစ်ပေါင်းသုံးထောင်တိုင်တိုင် ရှာဖွေခဲ့သည်။
သူ့အကြောင်း သတင်းစကားများကို သူမ အကြိမ်ကြိမ် ရရှိခဲ့ဖူးသည်။ သို့သော် အကြိမ်တိုင်းတွင် သူ့ကို ရှာတွေ့တော့မည်ဟု သူမ ထင်မှတ်ထားချိန်၌ သူမ တွေ့လိုက်ရသောသူမှာ သူ မဟုတ်ခဲ့ပေ။ မြောက်မြားစွာသော မျှော်လင့်ချက်များ၊ ရေတွက်၍မရနိုင်သော စိတ်ပျက်မှုများက သူမ၏ နှလုံးသားကို တဖြည်းဖြည်းနှင့် ထုံကျင်သွားစေခဲ့သည်။
ယခုတစ်ကြိမ်မှာမူ ကောင်းကင်စက်ဝန်းမြို့တော်၏ မြို့စားကြီး ကိုယ်တိုင် တွက်ချက်ပေးထားခြင်း ဖြစ်သည်။ ကောင်းကင်စက်ဝန်းမြို့စား ၏ ဗေဒင်တွက်ချက်ခြင်းအတတ်မှာ တစ်လောကလုံးတွင် နံပါတ်တစ် ဖြစ်သည်။ သို့သော် တွက်ချက်ခြင်းဆိုသည်မှာ နောက်ဆုံးတွင်တွက်ချက်ခြင်သာ ဖြစ်သည်။ မည်မျှပင် စွမ်းအားကြီးမားသော ဗေဒင်အတတ်ဖြစ်ပါစေ၊ မှားယွင်းသွားနိုင်သည့် အခွင့်အရေး ရှိနေဆဲပင်။
ဓားတစ်သောင်းဂိုဏ်းချုပ် ၏ စိတ်အာရုံများ ရှုပ်ထွေးနေစဉ်မှာပင် ရှေ့ဘက် ခပ်လှမ်းလှမ်းရှိ တောင်တန်းများ တစ်ခုနှင့်တစ်ခု ပွေ့ဖက်ထားသကဲ့သို့ တည်ရှိနေသည်ကို သူမ မြင်လိုက်ရသည်။
ဓားတစ်သောင်းဂိုဏ်းချုပ် ၏ အမူအရာမှာ တစ်ခဏမျှ တန့်သွားပြီးနောက် ထိုတောင်တန်းများဆီသို့ ပျံသန်းသွားတော့သည်။ တောင်တန်းများအပေါ်မှ ပျံသန်းကြည့်လိုက်သောအခါ လှပလှသော ပန်းပင်လယ်ကြီးတစ်ခုကို သူမ မြင်လိုက်ရသည်။
ဓားတစ်သောင်းဂိုဏ်းချုပ် ၏ မျက်ဝန်းများ အရောင်လက်သွားပြီး သူမ၏ ရုပ်သွင်မှာ တဖြည်းဖြည်းနှင့် အောက်သို့ ဆင်းသက်သွားသည်။ ဟွမ်ဝေ နှင့် ဆောင်းရွက် တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဂိုဏ်းချုပ် ဘာဖြစ်သွားသည်ကို မသိကြသော်လည်း သူမနောက်မှသာ လိုက်ပါဆင်းသက်ခဲ့ကြသည်။
ဓားတစ်သောင်းဂိုဏ်းချုပ် သည် ထိုပန်းပင်လယ်ကြီးထဲသို့ ရောက်ရှိလာခဲ့သည်။ သူမသည် ခြေတစ်လှမ်းချင်း ရှေ့သို့ လှမ်းလာခဲ့သည်။ ဤနေရာသည် အရပ်မျက်နှာအနှံ့ တောင်တန်းများ ဝန်းရံထားပြီး အလယ်တွင် ချိုင့်ဝှမ်းသဏ္ဌာန် ဖြစ်ပေါ်နေသည်။ ပန်းပင်လယ်ကြီး၏ အလယ်ဗဟိုတွင် ကြည်လင်နေသော အပြာရောင် ရေကန်ကြီးတစ်ခု ရှိနေသည်။
နောက်ဆုံးတွင် ဓားတစ်သောင်းဂိုဏ်းချုပ် သည် ထိုရေကန်ရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုရေကန်ရှေ့တွင် ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ကျောက်တုံးပေါ်တွင် စာလုံးအချို့ ထွင်းထုထားသည်။ သို့သော် အချိန်ကာလ ကြာမြင့်လာမှုကြောင့် ကျောက်တုံးပေါ်မှ စာလုံးများမှာ ဝေဝါးနေပြီဖြစ်သလို ကျောက်တုံးကြီးမှာလည်း ရာသီဥတုဒဏ်ကြောင့် မှတ်မိနိုင်စွမ်း မရှိတော့ပေ။
"ဂိုဏ်းချုပ်... ဒီကျောက်တိုင်မှာ ဘာများ ထူးခြားချက် ရှိလို့လဲဟင်" ဆောင်းရွက် ဂိုဏ်းချုပ် အနီးသို့ လျှောက်သွားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီနေရာကို ဘယ်လိုခေါ်လဲဆိုတာ မင်း သိလား" ဓားတစ်သောင်းဂိုဏ်းချုပ် မျက်လုံးမော့ကြည့်လိုက်ရာ ကြည်လင်သော ရေကန်မှာ သူမ၏ မျက်ဝန်းများတွင် အရိပ်ထင်ဟပ်နေသည်။
ဆောင်းရွက် သည် အကြီးအကဲဟွမ် ဘက်သို့ လှည့်ကြည့်လိုက်ရာ သူကလည်း "ငါ့ကို မမေးနဲ့၊ ငါလည်း ဒီနေရာကို ဘယ်လိုခေါ်လဲဆိုတာ မသိဘူး" ဟု ပြောနေသကဲ့သို့ ခေါင်းခါပြလိုက်သည်။
"ဒီနေရာကို ပန်းတိမ်တိုက်ပင်လယ် လို့ ခေါ်တယ်" ဓားတစ်သောင်းဂိုဏ်းချုပ် က သူမ၏ အပါးတော်မြဲကို ပြောပြလိုက်သည်။
"ပန်းတိမ်တိုက်ပင်လယ်..." ဆောင်းရွက် တိုးတိုးလေး ရေရွတ်လိုက်သည်။ "အရမ်းလှတဲ့ နာမည်ပဲ။ ဒါကို ဂိုဏ်းချုပ် က နာမည်ပေးခဲ့တာလားဟင်။"
ဓားတစ်သောင်းဂိုဏ်းချုပ် က ခေါင်းခါပြလိုက်သည်။ "ယောင်္ကျားတစ်ယောက် ပေးခဲ့တာ။"
"ယောင်္ကျားတစ်ယောက် ဟုတ်လား" ဆောင်းရွက် နားမလည်ဟန်ဖြင့် မေးလိုက်သည်။
ဂိုဏ်းချုပ် ၏ ရင်ထဲတွင် မည်သို့သော ယောင်္ကျားမျိုးက ကိန်းအောင်းနေနိုင်မည်နည်း။
"ငါ့လက်နဲ့ကိုယ်တိုင် သတ်ရမယ့် ယောင်္ကျားပဲ"
ဓားတစ်သောင်းဂိုဏ်းချုပ် ၏ ဖြူမွတ်သော လက်ချောင်းလေးများသည် ကျောက်တုံးပေါ်မှ ထွင်းထုချက်များကို ညင်သာစွာ ထိတွေ့လိုက်သည်။ ဆောင်းရွက် က ထိုဝေဝါးနေသော ထွင်းထုချက်များကို ထပ်ကာထပ်ကာ ကြည့်လိုက်ရာ "ရှောင်" ဆိုသည့် စာလုံးကို မှိန်ဖျော့ဖျော့ မြင်လိုက်ရသကဲ့သို့ပင်။
...
"ဆရာ... ဒီနေရာက အရမ်းလှတာပဲ... တကယ်ကို လှတာ..."
မိန်းကလေးသည် ဝမ်းသာအားရ အော်ဟစ်လိုက်ရာ သူမ၏ အသံမှာ ချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။ ပန်းပင်လယ်ကြီးထဲတွင် ကျန်းချင်ရီ သည် လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ပြေးလွှားနေသည်။ ခရီးထွက်လာခဲ့သည်မှာ တစ်နှစ်ရှိခဲ့ပြီဖြစ်ပြီး ဤမျှ လှပသော နေရာမျိုးကို ကျန်းချင်ရီ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ဆရာ... မြန်မြန် လာပါဦး" ကျန်းချင်ရီ က သူမနောက်မှ လိုက်လာသော ဆရာ့ကို အော်ခေါ်လိုက်သည်။
"လာပါပြီ။" ရှောင်မို သည် သူ၏ တပည့်နောက်မှ ခြေတစ်လှမ်းချင်း လိုက်ပါလာခဲ့သည်။
"ဝါး... ဒီရေကန်က ရေတွေကလည်း အရမ်းပြာတာပဲ။"
ကျန်းချင်ရီ သည် ရေကန်အနားသို့ လျှောက်သွားလိုက်သည်။ ဤသည်မှာ ရေကန်တစ်ခုနှင့်မတူဘဲ မသေမျိုး တစ်ဦးဦးက ပြာလွင်နေသော ကောင်းကင်ယံကို ဆွဲဖြဲပြီး ဤပန်းပင်လယ်ကြီး၏ အလယ်တွင် ခင်းကျင်းထားသကဲ့သို့ပင်။
"တကယ်ကို ပြာတာပဲ။" ဤလှပသော ရှုခင်းကို ကြည့်ရင်း ရှောင်မို ခေါင်းညိတ်လိုက်သည်။
"ဆရာ... တို့တွေ ဒီမှာပဲ လူသူမနီးဘဲ နေကြရင် ဘယ်လိုလဲဟင်" ကျန်းချင်ရီ လက်နှစ်ဖက်ကို နောက်ပစ်ကာ သူမ၏ ဆရာကို ချိုသာစွာ ကြည့်လိုက်သည်။ "ဒီနေရာက အရပ်မျက်နှာအနှံ့ တောင်တန်းတွေ ကာရံထားတာ၊ အပြင်လောကကို သွားတဲ့ လမ်းစလေးတောင် မရှိဘူး။ သွေးလိပ်ပြာဂေဟာက တို့ကို သေချာပေါက် ရှာတွေ့မှာ မဟုတ်ဘူး။"
"ကလေးမလေးရယ်။" ရှောင်မို လက်လှမ်းကာ ကျန်းချင်ရီ ၏ ခေါင်းကို ညင်သာစွာ တောက်လိုက်သည်။
ကျန်းချင်ရီ က "အား" ဟု အော်လိုက်ပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ "ဆရာ... နာတယ်လေ... ပြီးတော့... ချင်ရီ က ကလေးမ မဟုတ်ပါဘူး..."
"မင်းက အပြင်လောကကို သွားတဲ့ လမ်းစ မရှိဘူးလို့ ပြောတာလား။ ဒါဆို ဆရာ မေးမယ်၊ တို့တွေ ဘယ်လို ဝင်လာခဲ့လဲ။"
"ပျံပြီး ဝင်လာတာပေါ့လို့" ကျန်းချင်ရီ က ရွှင်မြူးစွာ ပြောလိုက်သည်။
ရှောင်မို နှင့် ကျန်းချင်ရီ တို့သည် လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသဖြင့် ရထားလုံးမှာ အလွန်နှေးကွေးလွန်းလှသည်။ ထို့ကြောင့် လွန်ခဲ့သော လဝက်ခန့်က သွေးလိပ်ပြာဂေဟာ မှ သူတို့ကို စတင်တွေ့ရှိသွားပြီးနောက်တွင် ရထားလုံးကို ပြတ်သားစွာ စွန့်လွှတ်ခဲ့ကြသည်။
"ပျံဝင်လာခဲ့တာဆိုတာ မင်း သိတာပဲ မဟုတ်လား" ရှောင်မို ပြုံးလိုက်သည်။ "ဒါဆို ပြောပါဦး၊ သွေးလိပ်ပြာဂေဟာ က ကျင့်ကြံသူ တွေကရော မပျံတတ်ဘူးလား။"
"..." ကျန်းချင်ရီ နှုတ်ခမ်းဆူလိုက်သည်။ "တကယ်ပါပဲ၊ အဲဒီ အစုတ်ပလုတ် သွေးလိပ်ပြာဂေဟာ က ကပ်စေးနှဲလိုပဲ။ ချင်ရီ က ဆရာနဲ့ ဒီမှာ အေးအေးဆေးဆေး နေချင်တာကို။"
"ကဲပါ... တို့တွေ ခဏလောက် ထပ်ကြည့်ပြီးရင် ထွက်ကြမယ်။ သွေးလိပ်ပြာဂေဟာ က လူတွေလည်း မကြာခင် ရောက်လာတော့မှာ။"
"ဆရာ... ခဏလေး၊ ဒီနေရာကို နာမည်လေး တစ်ခုလောက် ပေးကြရအောင်လေ" ကျန်းချင်ရီ က ချွဲနွဲ့စွာ ပြောလိုက်သည်။
"ဘာလို့ နာမည်ပေးနေမှာလဲ။"
"ပေးပါ ဆရာရယ်၊ ဆရာ နာမည်တစ်ခုလောက် ပေးပါ၊ ဒီနေရာက အရမ်းလှလို့ပါ..."
"ကောင်းပြီ၊ ကောင်းပြီ။" ရှောင်မို ခဏမျှ တွေးလိုက်ပြီး ရိုးရှင်းသော နာမည်တစ်ခု ပေးလိုက်သည်။ "ဒါဆို ပန်းတိမ်တိုက်ပင်လယ် လို့ပဲ ခေါ်ကြရအောင်။"
"ပန်းတိမ်တိုက်ပင်လယ်... အင်း ပန်းတိမ်တိုက်ပင်လယ် လို့ပဲ ခေါ်မယ်နော်"
ထိုသို့ပြောရင်း ကျန်းချင်ရီ သည် သူမ၏ နက်နဲသောနှင်းခဲဓားရှည် ကို ဆွဲထုတ်ကာ ရေကန်ဘေးရှိ ကျောက်တုံးကြီးပေါ်တွင် စာလုံးကြီးအချို့ကို ထွင်းထုလိုက်သည်။
【ပန်းတိမ်တိုက်ပင်လယ် ဆရာ ရှောင်မို နှင့် တပည့် ကျန်းချင်ရီ တို့ ဤနေရာသို့ လာရောက်လည်ပတ်ခဲ့သည်။】
ထွင်းထုပြီးနောက် ကျန်းချင်ရီ သည် သူမ၏ လက်ကလေးများကို ခါလိုက်သည်။ "ဆရာ... ဒီနေ့ကစပြီး ဒီနေရာက တို့နှစ်ယောက်ရဲ့ လျှို့ဝှက်အခြေစိုက်စခန်းလေး ဖြစ်သွားပြီနော်။ တို့နှစ်ယောက်ပဲ သိတဲ့နေရာလေး။
တပည့် ကြားဖူးတာကတော့ လူတွေ သေသွားရင် ပြန်လည်ဝင်စားတတ်ကြတယ်တဲ့။ ပြန်လည်ဝင်စားပြီးရင် အရာအားလုံးကို မေ့သွားကြတာတဲ့။ အကယ်၍ တစ်နေ့နေ့မှာ ချင်ရီ ဖြစ်ဖြစ် ဆရာ ဖြစ်ဖြစ် ပြန်လည်ဝင်စားခဲ့လို့ ဒီနေရာကို ရောက်လာခဲ့ရင် တို့တွေ တစ်ယောက်ကိုတစ်ယောက် ပြန်မှတ်မိနေရမယ်နော်။ အဲဒီအချိန်ကျရင်လည်း ချင်ရီ က ဆရာ့ရဲ့ တပည့်ပဲ ဖြစ်နေဦးမှာ။"
"အဲဒါတော့ မလုပ်ပါနဲ့။" ရှောင်မို ခေါင်းခါလိုက်သည်။
"ဟင်။" ကျန်းချင်ရီ ဆရာ့လက်မောင်းကို ဆွဲလိုက်သည်။ "ဆရာ... ဘာလို့ မလုပ်ရမှာလဲ။ ဆရာ က ချင်ရီ ကို မမှတ်မိချင်ဘူးလားဟင်။"
"အဲဒီလို မဟုတ်ပါဘူး။ မင်းရဲ့ ဆရာ လုပ်ရတာ နည်းနည်း ပင်ပန်းလို့ပါ။" ရှောင်မို ကျန်းချင်ရီ ၏ နဖူးကို တောက်လိုက်ပြန်သည်။ "နောက်ဘဝကျရင်တော့ ပိုပြီး သက်သောင့်သက်သာ နေချင်သေးတယ်။"
"အဲလိုလား... ဒါဆိုရင်လည်း ရပါတယ်လေ"
ကျန်းချင်ရီ ရှောင်မို ၏ လက်မောင်းကို ဖက်ထားပြီး သူမ၏ ခေါင်းကို ဆရာ့ပခုံးပေါ် မှီထားလိုက်သည်။
"အဲဒီနေ့ ရောက်လာရင် ဆရာ က ဆရာ မဟုတ်တော့ဘူး။ ချင်ရီ က ဆရာ့ရဲ့ ဆရာ ဖြစ်လာမှာ။"
"ကောင်းပါပြီ။" ရှောင်မို သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ "ဒါဆိုရင် နောက်ဘဝကျရင် ဆရာ က ငါ့ကို သေချာ ဂရုစိုက်ပေးပါနော်၊ တခြား ဂိုဏ်းတူအစ်ကိုတွေ ငါ့ကို အနိုင်ကျင့်တာမျိုး မဖြစ်စေနဲ့ဦး။"
"ဆရာ့မှာ တခြား ဂိုဏ်းတူအစ်ကိုတွေ ရှိလာမှာ မဟုတ်ပါဘူး။"
"ဘာလို့လဲ။"
"ဘာလို့လဲဆိုတော့ ဒီဘဝမှာ ဆရာ့မှာ တပည့်အဖြစ် ချင်ရီ တစ်ယောက်တည်းပဲ ရှိတာလေ။"
ကျန်းချင်ရီ ၏ မျက်ဝန်းလေးများမှာ ပြုံးရွှင်မှုကြောင့် ကွေးညွှတ်သွားသည်။
"ဒါကြောင့် နောက်ဘဝမှာလည်း ချင်ရီ မှာ ဆရာ တစ်ယောက်ပဲ ရှိမှာ..."