← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

5

တနွီမှာ ကြောက်လန့်လွန်း၍သေတော့မည်ပင် ထင်ရ၏။ သူမထွက်သွားတုန်းက အကောင်းကြီးကို ရုတ်တရက် ဘယ်ကနေ တောဝက်ကြီးထွက်လာတာပါလိမ့်။

​ကံကောင်းသည်မှာ ကလေးနှစ်ယောက်လုံးအထိအခိုက်အပွန်းအပဲ့မရှိခြင်းပင်ဖြစ်သည်။ ​အားသို့မှာတော့ ရွာမှသူ့အဘိုးနှင့်ဦးလေးများ ရောက်လာသည်ကိုတွေ့သောအခါ ရွာလူကြီးလေးအကြောင်းအား ချက်ချင်းပင်ကလေးသံလေးဖြင့် မြှောက်ပင့်ပြောဆိုလေတော့၏။ ​အားသို့၏စိတ်ပါလက်ပါပြောပြပေးမှုကြောင့် ရွာလူကြီးလေးမှ လက်သီးတစ်ချက်တည်းနှင့် တောဝက်ကြီးကိုထိုးသတ်ခဲ့ကြောင်း အားလုံးသိသွားကြလေသည်။

ယခင်တစ်ခေါက်၌ ရွာအဝင်ဝတွင်ရှဟယ်ရွာနှင့် ရွာလူကြီးလေး၏တိုက်ပွဲကြီးကို ကိုယ်တွေ့မျက်မြင်ကြုံခဲ့ကြရသောကြောင့် အားလုံးမှာသိပ်ပြီးအံ့ဩမနေကြတော့ချေ။ ရွာလူကြီးလေးသည် အလွန်ပင်စွမ်းဆောင်နိုင်လွန်းကြောင်းနှင့် ရွာလူကြီးဟောင်းသည် တကယ်ပင် အမြော်အမြင်ကြီးမားခဲ့ကြောင်းကိုသာ ထပ်မံ၍အံ့ဩတကြီးပြောဆိုနေကြတော့သည်။ ​တနွီမှာ လူတိုင်း၏အာရုံသည် တောဝက်ကြီးဆီသို့သာရောက်နေပြီး တောင်ပေါ်တက်လာသည့် ရည်ရွယ်ချက်ကို လုံးဝမေ့သွားကြသည်ကို သတိထားမိလိုက်၏။ ​သူမသည် တွင်းရှိရာသို့ အမြန်ပြေးသွားပြီးကြည့်လိုက်ရာ အဘိုးအိုမှာ ထိုနေရာတွင်ရှိနေဆဲပင်ဖြစ်သည်။ ​ထို့ကြောင့် သူမအမြန် ပြောလိုက်၏။

"အဘိုးက တွင်းအောက်ခြေမှာရှိနေတုန်းပဲ"

​အိုး ဟုတ်သားပဲ။

​ထိုအခါမှသာ အားလုံးသည်တောင်ပေါ်သို့ ဘာကိစ္စအတွက် တက်လာခဲ့ကြသည်ကို သတိရသွားကြတော့သည်။ ​ခုနကတော့ အားလုံးမှာရွာလူကြီးလေး တောဝက်ကြီးကို ဘယ်လိုရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့မလဲဆိုသည်ကိုသာ တွေးတောရင်း စိတ်ရောက်နေခဲ့ကြခြင်းပင်။ ​ရွာသားအချို့မှာစုပေါင်းပြီး အဘိုးအိုကို တွင်းထဲမှကယ်ဆယ်ကာ ရွာသို့ ထမ်းခေါ်သွားကြလေသည်။

​ကျန်ရှိသော သန်သန်မာမာလူငယ်အချို့ကတော့ တောဝက်ကြီးကိုထမ်းပြီး နောက်မှလိုက်ပါလာကြ၏။ ​ရှောင်ကျိုးမှာတော့ အရှေ့ဆုံးမှနေ၍ လက်နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် လျှောက်လာလေသည်။ ​အားသို့ကလည်း ရွာလူကြီးလေးကိုအတုခိုးကာ လက်နောက်ပစ်ပြီး ခြေတံတိုတိုလေးများဖြင့် တတောက်တောက်လိုက်ပါလာ၏။ ​လူအုပ်ကြီးသည် ခမ်းနားကြီးကျယ်စွာဖြင့် ရွာထဲသို့ပြန်လည်ဝင်ရောက်လာကြသည်။

​ရွာမှလူများသည် ပြန်ရောက်လာသော လူအုပ်ကြီးကိုမြင်သောအခါ မျက်လုံးပြူးသွားကြလေ၏။ တောင်ပေါ်မှာသတိလစ်နေတဲ့ အဘိုးအိုတစ်ယောက်ရှိတယ်ဆိုပြီး ဘာလို့အခု တောဝက်ကြီးတစ်ကောင်ပါလာရတာတုန်း။ ​တောဝက်ထမ်းလာသူများမှ ရွာလူကြီးလေးသတ်လိုက်သည်ဟု ပြောသံကြားသောအခါ ​လူတိုင်း၏ ချီးကျူးစကားများမှာ အလကားရသကဲ့သို့ ရှောင်ကျိုးအပေါ်တရစပ်ကျရောက်လာလေတော့သည်။ ​ရှောင်ကျိုး ပို၍ပင် ကျေနပ်သွားရ၏။ သူမ အကြိုက်ဆုံးအရာမှာ သူများအတင်းပြောတာထက် သူများချီးကျူးတာခံရခြင်းပင် ဖြစ်သည်။ ​ရွာအကြီးအကဲကျိုးမှာ ရှောင်ကျိုးခေါင်းကို ပွတ်ပေးရင်းမေးလိုက်၏။

"ရွာလူကြီးလေး ဒီတောဝက်ကြီးကို ဘယ်လိုစီစဉ်မလဲ"

​ရွာအကြီးအကဲကျိုးအထင်တော့ ဤမျှကြီးမားသောတောဝက်ကြီးကို မြို့သို့ယူသွားပြီးရောင်းချလိုက်လျှင် ရွာလူကြီးလေးအတွက် ပိုက်ဆံစုမိမည်ဟု တွေးထားသည်။ ​ရွာအကြီးအကဲ ကျိုးသည် သူတို့ရွာလူကြီးလေး နောင်တစ်ချိန် အိမ်ထောင်ပြုမည့်ကိစ္စကိုတော့ ထည့်ပင်မစဉ်းစားထားပေ။ ဤလောကတွင် သူတို့ရွာလူကြီးလေးနှင့် ထိုက်တန်သောယောကျ်ားတစ်ယောက်မှမရှိဟု ခံယူထားသောကြောင့်ဖြစ်သည်။ ​ရှောင်ကျိုး ချက်ချင်းပင် ငြင်းဆန်လိုက်လေ၏။

"မရောင်းပါဘူး၊ ဒီညတစ်ရွာလုံး တောဝက်သား စားကြမယ်"

​ဒီညတောဝက်သားစားရမည်ဟု ကြားသောအခါ လူတိုင်းအလွန်ပျော်ရွှင်သွားကြသည်။ အထူးသဖြင့် ကလေးများမှာ ဝမ်းသာအားရ အော်ဟစ်ကြလေ၏။ သူတို့အသားမစားရသည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး နေ့တိုင်းဟင်းရွက်များကိုသာ စားသောက်နေခဲ့ရခြင်း ဖြစ်သည်။ ​အားလုံး ပျော်ရွှင်နေသည်ကို တွေ့ရသဖြင့် ရွာအကြီးအကဲများမှာလည်း စိတ်ပျက်စရာစကားများကိုမပြောရက်တော့ချေ။ ဒီနှစ်သီးနှံအထွက်နှုန်းမကောင်းသဖြင့် လူတိုင်းခါးပတ်တင်းတင်းစည်းပြီး ခြိုးခြံချွေတာနေရရာ အသားဟင်းစားနိုင်ဖို့ဆိုသည်မှာဝေလာဝေးပင်။

​ရွာသားများပျော်ရွှင်နေသည်ကိုမြင်ရသောအခါ ရှောင်ကျိုးရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ​သူမသည် အရည်အချင်းပြည့်မီသော ရွာလူကြီးတစ်ယောက် သိပ်မဟုတ်သေးသလိုပင်။ ​ထောင်ယွမ်ရွာသားများသည် အလွန်ရိုးသားဖြူစင်ပြီး စည်းလုံးညီညွတ်ကြသည်။ အထူးသဖြင့် သူမအပေါ်တကယ်ကို ကောင်းကြ၏။ စားလို့ကောင်းသည်မျိုးနှင့် ကစားလို့ကောင်းသည်မျိုးသာရှိလျှင် ရွာလူကြီးလေးအတွက်ဆိုပြီး ချက်ချင်းလာပို့ပေးတတ်ကြသည်။

​ရွာထဲမှဦးလေးများ၊ အဒေါ်များနှင့် အဘွားများသည် သူမကိုအမြဲတမ်း စေတနာပါပါဖြင့် ပြုစုစောင့်ရှောက်ပေးကြပြီး ရွာထဲမှကလေးများကလည်း သူမကိုရွာလူကြီးတစ်ယောက်အနေဖြင့် လေးစားကြ၏။ ​အထူးသဖြင့် ရွာအကြီးအကဲအဘိုးများဆိုလျှင် အသက်အရွယ်ကြီးရင့်နေသော်လည်း နေ့တိုင်းရွာကိစ္စများကို ပူပန်နေကြရသည်။ ​သို့သော် ရွာလူကြီးဖြစ်သောသူမမှာမူ ရွာအတွက်ရော ရွာသားများအတွက်ပါ ဘာမှလုပ်ပေးထားခြင်းမရှိသလိုပင်။ သူမ၏ရွာသားများသည် ယခုအခါအလွန်ဆင်းရဲနေပြီး အသားဟင်းပင်ဝယ်မစားနိုင်ကြချေ။

​ရှောင်ကျိုး အလွန်ဝမ်းနည်းသွားမိသည်။ နောက်ရက်အနည်းငယ်ကြာလျှင် ပိုက်ဆံရှာရန်မြို့သို့သွားမည်ဟု သူမ ဆုံးဖြတ်လိုက်၏။ သူမထံတွင်အမှတ်များရှိနေရာ သကြားလုံးများနှင့်လဲလှယ်ပြီး မြို့၌သွားရောင်းရပေမည်။ သူမမြို့ရှိသကြားလုံးများကိုစားဖူးသည်။ တစ်လုံးကို တစ်ဝမ်ပေးရသော်လည်း သူမသကြားလုံးလောက်စားမကောင်းပေ။ သူမသကြားလုံးဆိုလျှင် သေချာပေါက် ရောင်းကောင်းပေလိမ့်မည်။

​ထိုသို့တွေးလိုက်မိပြီးနောက် ရှောင်ကျိုး ချက်ချင်းပင်အားအင်ပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ ​ရှောင်ကျိုးသည် ခြံဝင်းထဲသို့ပြန်ရောက်သောအခါ ဆယ်မှတ်သုံးပြီး ဟင်းချက်နည်းစာအုပ်တစ်အုပ်နှင့် နောက်ထပ်ငါးမှတ်သုံးပြီး ဟင်းခတ်အမွှေးအကြိုင်မျိုးစုံကို လဲလှယ်လိုက်၏။ ​စနစ်မှ လဲလှယ်ရရှိသော ပစ္စည်းများ၏ထုပ်ပိုးမှုစာသားများသည် ဤမင်းဆက်ခေတ်နှင့်ကိုက်ညီနေသဖြင့် အခြားသူများ ထူးဆန်းနေမည်ကို ရှောင်ကျိုးစိုးရိမ်စရာမလိုပေ။

ဤပစ္စည်းများအား ဘယ်ကရလဲဆိုသည်နှင့်ပတ်သက်ပြီး ရွာသားများအနေဖြင့် သူတို့ဘာသာသူတို့စိတ်ကူးပေါက်ရာ ဖြည့်စွက်တွေးတောပြီး အကြောင်းပြချက် ရှာတွေ့သွားတတ်ကြသည်ကို သူမသိထားသဖြင့် ရှောင်ကျိုးသည် အမှတ်များကိုစိတ်ချလက်ချသုံးစွဲပြီး ပစ္စည်းများလဲလှယ်လိုက်ခြင်းဖြစ်သည်။ ​ရှောင်ကျိုး သူမအမှတ်များကို တွက်ချက်ကြည့်လိုက်၏။

​သူမ စုစုပေါင်းတစ်ရာတစ်ဆယ့်ငါးမှတ်ရရှိခဲ့ပြီး ဆယ့်ခြောက်မှတ်သုံးလိုက်ရာ ကိုးဆယ့်ကိုးမှတ်ကျန်သည်။ ​သကြားလုံးတွေ အများကြီးလဲလို့ရသေးတာပဲ။ ​ရှောင်ကျိုးသည် ဟင်းချက်နည်းစာအုပ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကိုယူပြီး အစ်မရွှီကို သွားရှာလိုက်သည်။ ထို့နောက် ဒီပစ္စည်းတွေကို ဘယ်လိုသုံးရမလဲဆိုသည်အား ပြောပြလိုက်၏။ ညွှန်ကြားချက်များ အားလုံး စာအုပ်ထဲတွင်ပါရှိသည်။

​အစ်မရွှီ၏အဘိုးသည် ယခင်ကမြို့ရှိ စားသောက်ဆိုင်ကြီးတစ်ခုတွင် စားဖိုမှူး လုပ်ခဲ့ဖူးကြောင်းနှင့် စာတတ်ပေတတ်ဖြစ်ကြောင်းနှင့် အစ်မရွှီသည်လည်း သူမအဘိုးထံမှ စာလုံးအများအပြား သင်ယူခဲ့ဖူးကြောင်း ရှောင်ကျိုးမှတ်မိနေ၏။ ​ရွှီရှောင်ရှောင်သည် ဟင်းချက်နည်းစာအုပ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကိုကြည့်ပြီး အလွန်အံ့ဩသွားရသည်။ ​ရွှီရှောင်ရှောင်၏အဘိုးသည် ယခင်ကစားသောက်ဆိုင်ကြီးတွင် စားဖိုမှူးဖြစ်ခဲ့ပြီး ငယ်စဉ်ကတည်းမှထိုပတ်ဝန်းကျင်နှင့် ထိတွေ့ကြီးပြင်းလာခဲ့ရသူဖြစ်သဖြင့် ရွှီရှောင်ရှောင်သည်လည်း အစားအသောက် ချက်ပြုတ်ရသည်ကို နှစ်သက်သူဖြစ်၏။ ဤဟင်းချက်နည်းစာအုပ်၏တန်ဖိုးကို သူမသဘာဝကျကျသိနားလည်သည်။ အကယ်၍ ဤစာအုပ်သာပြင်ပသို့ရောက်သွားပါက စားဖိုမှူးအများအပြားသည် အသည်းအသန် လုယူကြပေလိမ့်မည်။

​ရွာလူကြီးလေးမှာတော့ ဒီတိုင်းကြီးသူမထံပေးလိုက်ခြင်းဖြစ်သည်။ ရွှီရှောင်ရှောင်သည် ဤဟင်းချက်နည်းစာအုပ်ကို အသက်နှင့်ရင်းပြီးကာကွယ်သွားမည်ဟုဆုံးဖြတ်လိုက်၏။ ​သူမသည် စာအုပ်ထဲမှ ဟင်းချက်နည်းများကို သေချာပေါက်ကျွမ်းကျင်အောင် လုပ်မည်။ သူမဟင်းချက်စွမ်းရည် တိုးတက်အောင်ကြိုးစားပြီး နောင်တွင် ရွာလူကြီးလေးအတွက် စားကောင်းသောက်ဖွယ် အမျိုးမျိုးကို ချက်ပြုတ်ပေးမည် ဖြစ်သည်။ ​ရွှီရှောင်ရှောင်၏ရွာလူကြီးလေးအပေါ် ကျေးဇူးတင်ရှိမှုသည် နောက်တစ်ဆင့်သို့မြင့်တက်သွားလေတော့၏။

*ဂုဏ်ယူပါတယ် သခင်ရေ ထူးချွန်တဲ့ စားဖိုမှူးတစ်ယောက်ကို ရရှိလိုက်ပါပြီ။

ဆုလက်ဆောင် - ၅၀ မှတ် + ရောင်ရမ်းမှုအတွက်ဆေး ၁ ပုလင်း*

​ထူးချွန်တဲ့ စားဖိုမှူးဟုတ်လား

​အစ်မရွှီကပေါ့လေ

​ရောင်ရမ်းမှုအတွက်ဆေးရောလား။

​ဘာလို့ရောင်ရမ်းတာသက်သာတဲ့ဆေးကို ဆုလက်ဆောင်အဖြစ်ပေးရတာလဲ။

သို့သော်အမှတ်များ ပိုရလာသည်ကြောင့် ရှောင်ကျိုးတော်တော်ပျော်သွားသည်။ ​ရှောင်ကျိုး အဒေါ်လျို့အိမ်သို့ပြေးသွားရာ အဘွားလျို့ကိုပါတွေ့လိုက်ရလေ၏။

​"မင်္ဂလာပါ အဘွားလျို့"

​အဘွားလျို့သည် ရွာလူကြီးလေး ရောက်လာသည်ကိုမြင်သောအခါ ပြုံးရွှင်သွားလေသည်။

"ဪ ရွာလူကြီးလေးရောက်လာတာကိုး၊ လာ လာ လာ ဒီမှာသစ်သီးချိုချိုလေးတွေ ရှိတယ်"

​အဘွားလျို့သည် သစ်သီးအချို့ကိုယူလာပြီး ရွာလူကြီးလေး၏အဝတ်အိတ်ကပ်လေးထဲသို့ ထည့်ပေးလိုက်သည်။

​"ကျေးဇူးပါ အဘွားလျို့"

​ရှောင်ကျိုးသည် ပြည့်ဖောင်းနေသော သူမအိတ်ကပ်လေးကို ငုံ့ကြည့်လိုက်သည်။ ​ထို့နောက် သူမမေးလိုက်၏။

"အဘွားလျို့ရေ အဒေါ်လျို့အိမ်မှာရှိလား"

​"ရှိတယ် ရှိတယ် နောက်ဖေးက ဟင်းရွက်ခင်းထဲမှာလေ၊ ဒီည တောဝက်သားစားကြမှာဆိုတော့ သမီးရဲ့အဒေါ်လျို့က အားလုံးအတွက် ဟင်းရွက်ကြော်ပေးဖို့ ဟင်းရွက်သွားခူးနေတာ"

​"ဒါဆို သမီးအဒေါ်လျို့ကို သွားရှာလိုက်ဦးမယ်"

​ပြောပြောဆိုဆိုနှင့် သူမသည် နောက်ဖေးရှိဟင်းရွက်ခင်းဘက်သို့ ထွက်လာခဲ့လေသည်။

​"ရွာလူကြီးလေး ဖြည်းဖြည်းသွားပါ တံခါးခုံကို သတိထားနော်"

​"ဟုတ်ကဲ့ပါ အဘွားလျို့"

​ရှောင်ကျိုးသည် တံခါးခုံပေါ်မှဖင်တရွတ်တိုက်ဆင်းလိုက်ပြီးနောက် နောက်ဖေးသို့ တတောက်တောက်ဖြင့်ပြေးသွားရာ ဟင်းရွက်ခြင်းတောင်းကို ကိုင်ပြီးပြန်လျှောက်လာသော အဒေါ်လျို့ကို တွေ့လိုက်ရလေသည်။ ​သူမမျက်လုံးများ အရောင်တောက်သွားပြီး အဒေါ်လျို့ထံကြည့်ကာပြောလိုက်၏။

"အဒေါ်လျို့ အဒေါ်လျို့ သမီးအတွက် ပိုကြီးတဲ့အဝတ်အိတ်လေးတစ်လုံးလောက် ချုပ်ပေးပါလား၊ သမီးအိတ်က သေးနေလို့"

​အဒေါ်လျို့ပြုံးလိုက်ပြီး ရွာလူကြီးလေး၏ဖောင်းပွနေသော အဝတ်အိတ်ကပ်လေးကို လှမ်းကြည့်လိုက်သည်။ ကလေးတစ်ယောက်အိတ်ထဲမှာ ဘာတွေများထည့်ထားပါလိမ့်ဟု တွေးတောမိလိုက်၏။ ​အဒေါ်လျို့ပြန်မေးလိုက်သည်။

"ချုပ်ပေးလို့ရတာပေါ့ ရွာလူကြီးလေးရဲ့၊ ဘယ်လိုပုံစံလိုချင်လို့လဲ"

​ရှောင်ကျိုး ခဏမျှစဉ်းစားလိုက်ပြီး သူမအဝတ်အိတ်ကပ်လေးထဲမှ သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။ အခွံခွာပြီးနောက် သကြားလုံးစက္ကူကိုဖြန့်လိုက်ကာ အဒေါ်လျို့ထံပေးလိုက်ရင်း အပေါ်မှပန်ဒါဝက်ဝံပုံလေးကို လက်ညှိုးထိုးပြလိုက်၏။

"ဒီပုံစံလေးအတိုင်း လိုချင်တာ"

​အဒေါ်လျို့သည် သကြားလုံးစက္ကူပေါ်ရှိချစ်စရာကောင်းပြီး လုံးဝန်းနေသော ပန်ဒါဝက်ဝံပုံလေးကိုကြည့်ကာ ပြုံးလိုက်လေသည်။

"ရွာလူကြီးလေးက ဘယ်တော့လိုချင်တာလဲ"

​"မနက်ဖြန်ကျလိုချင်တယ်၊ သမီးအိတ်က ဘာမှထပ်ထည့်လို့မရတော့ဘူး"

ရှောင်ကျိုး ပြောလိုက်သည်။

​"ကောင်းပါပြီ ရွာလူကြီးလေးရယ် မနက်ဖြန်မနက်ကျရင် လာယူနော်"

အဒေါ်လျို့သည် ဒီညမီးအိမ်ထွန်းပြီး ရွာလူကြီးလေးအတွက် ချုပ်ပေးမည်ဟု တွေးလိုက်သည်။ ​ရှောင်ကျိုး စဉ်းစားလိုက်၏။ တစ်ယောက်ယောက်ကိုအလုပ်တစ်ခုခိုင်းလျှင် လုပ်အားခ ပေးရမည်။ သို့သော် သူမတွင်ပိုက်ဆံ ပါမလာသလိုပင်။ ​သူမသည် အိတ်ကပ်ထဲကိုမွှေနှောက်လိုက်ပြီး သကြားလုံးတစ်ဆုပ်ကိုထုတ်ကာ အဒေါ်လျို့ထံပေးလိုက်လေသည်။

​"ဒါတွေက တနွီနဲ့ အားသို့စားဖို့နော်"

​အဒေါ်လျို့ အမြန်ငြင်းဆန်လိုက်သည်။

"မလိုပါဘူး ရွာလူကြီးလေးရယ်၊ ကိုယ့်ဘာသာကိုယ်ပဲ စားပါ၊ တနွီနဲ့အားသို့မှာ စားစရာသစ်သီးတွေ ရှိပါတယ်"

​ရှောင်ကျိုးသည် သကြားလုံးများကိုအဒေါ်လျို့၏ဟင်းရွက်ခြင်းတောင်းထဲသို့ တန်းထည့်လိုက်ပြီးနောက် နောက်လှည့်မကြည့်ဘဲထွက်ပြေးသွားလေတော့သည်။ အဒေါ်လျို့မှာသူမအိတ်ကပ်ထဲသို့ သကြားလုံးများပြန်ထည့်ပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

​"အဘွားလျို့ အဒေါ်လျို့ သမီးပြန်တော့မယ်နော်"

6

ညနေခင်းနေဝင်ရီတရောအချိန် ရောက်လာသောအခါ ယခင်က တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသော ရွာကလေးသည် သက်ဝင်လှုပ်ရှားလာခဲ့၏။ ​ရွာထဲမှ အဒေါ်ကြီးများသည် မီးဖိုချောင်များထဲတွင် အလုပ်ရှုပ်နေကြပြီး အိမ်တိုင်းလိုလိုသည် နှစ်သစ်ကူးပွဲတော်ရောက်မှသာ ထုတ်ချက်ရဲသည့် ဟင်းလက်ရာများကို ပြင်ဆင်ချက်ပြုတ်နေကြလေသည်။ ​အသားဟင်းရနံ့သင်းသင်းသည် လေထဲတွင် ပျံ့လွင့်နေပြီး ရွာ၏ထောင့်တိုင်းတွင် မွှေးပျံ့နေတော့၏။

​လယ်ထဲတွင် အလုပ်လုပ်နေကြသော အမျိုးသားများသည်လည်း အိမ်သို့ပြန်ရန်ခြေလှမ်းများကို သွက်လိုက်ကြသည်။ ​ရွာထဲတွင် ပျော်ရွှင်စွာပြေးလွှားဆော့ကစားနေကြသော ကလေးများသည်လည်း မကြာမီစားရတော့မည့် အရသာရှိသောအစားအစာများအကြောင်း မနားတမ်းပြောဆိုနေကြလေ၏။ ​သက်ကြီးရွယ်အိုများသည် အိမ်ပေါက်ဝတွင်ထိုင်ကာ ရှားပါးလှသောဟင်း၏မွှေးရနံ့များကို ရှူရှိုက်ရင်း မျက်နှာတွင်ကျေနပ်ပီတိအပြုံးများ ဝေဆာနေကြသည်။

​တစ်ရွာလုံးသည် နွေးထွေးပြီးဖော်ရွေသော လေထုအောက်တွင် သက်ဝင်လှုပ်ရှားနေကာ လူသားဆန်သော ကြင်နာမှုများနှင့် ပြည့်နှက်နေလေ၏။ ​မကြာမီတွင် ရွာသားများသည် အိမ်ပြင်ဘက်၌စားပွဲဝိုင်းများ ခင်းကျင်းလိုက်ကြသည်။ ရှောင်ကျိုးနှင့်ရွာအကြီးအကဲများမှာ စားပွဲဝိုင်းတစ်ဝိုင်းတွင် အတူတူဝင်ထိုင်လိုက်ကြ၏။ ​ချက်ပြုတ်ပြီးစီးသွားသော တောဝက်သားဟင်းပွဲများကို စားပွဲပေါ်သို့လာရောက်ပို့ဆောင်ပေးကြသည်။ အစ်မရွှီသည် ဟင်းချက်နည်းစာအုပ်အတိုင်း သေချာပြင်ဆင်ချက်ပြုတ်ထားသဖြင့် မွှေးပျံ့နေသောအနံ့ကို မည်သူမှမအောင့်အီးနိုင်ကြတော့ပေ။ ​အားလုံးမှာ ရွာလူကြီးလေးစတင်စားသုံးမည့်အချိန်ကို စောင့်မျှော်နေကြ၏။

​ရှောင်ကျိုးသည် တောဝက်သားတစ်တုံးကိုယူလိုက်ပြီး ပါးစပ်ထဲသို့ထည့်လိုက်သည်။ သူမစားသည်ကိုမြင်မှသာ ကျန်သောသူများလည်း တူကိုယ်စီကိုင်ကာ စတင်စားသောက်ကြလေတော့၏။ ​တောဝက်သားသည် နူးညံ့ပြီး အရည်ရွှမ်းသော်လည်း အသားမှာ ကျစ်လစ်နေသည်။ အဆီပါသော်လည်း အီမနေဘဲ ထူးကဲသောမွှေးပျံ့မှုတစ်ခုက လျှာပေါ်တွင်လွတ်လပ်စွာပျံ့နှံ့သွားလေ၏။ ​ဤအရသာသည် ယခင်ကသူတို့စားခဲ့ဖူးသော ဆားအနည်းငယ်ထည့်ပြီးပြုတ်ထားသည့် တောဝက်သားနှင့် လုံးဝကွာခြားနေသည်။ ယနေ့စားသော တောဝက်သားသည် ညှီနံ့လုံးဝမရဘဲ ယုံနိုင်စရာမရှိလောက်အောင် မွှေးကြိုင်နေပေ၏။

​ရွာသားများသည် ရွှီရှောင်ရှောင်၏ ထူးချွန်သော ဟင်းချက်လက်ရာကို ဝိုင်းဝန်းချီးကျူးကြသည်။ ​ရွှီရှောင်ရှောင်ကမူ လက်ကိုအမြန်ကာပြလိုက်ပြီး ဂုဏ်ပြုမှုအားလုံးကို သူမတစ်ယောက်တည်း မယူရဲပေ။ သူမပြောလိုက်၏။

"ကျွန်မက ရွာလူကြီးလေးပေးတဲ့ဟင်းချက်နည်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေအတိုင်းချက်လိုက်တာပါ"

​ထိုအခါ လူတိုင်းသည် ရှောင်ကျိုးဘက်သို့လှည့်ကာ ဝိုင်းဝန်းချီးကျူးကြပြန်သည်။ သူတို့ရွာလူကြီးလေးသည် တကယ်ကိုအစွမ်းကြီးမားလှ၏။ ဟင်းချက်နည်းကိုတောင် သိနေပြီဖြစ်သည်။

ရွာလူကြီးလေးမလုပ်တတ်တာရော ရှိသေးရဲ့လား။

​ရွာအကြီးအကဲများ အားလုံးကမူ အသားစားရန်သာ အာရုံစိုက်နေကြသည်။ သူတို့တသက်လုံး ဒီလောက်စားကောင်းသောအသားဟင်းမျိုး တစ်ခါမှ မစားဖူးခဲ့ကြပေ။ သူတို့ဘဝသည် ဒီနေ့မှပဲနေပျော်တော့သလို ခံစားလိုက်ကြရသည်။ ​ထိုအချိန်တွင် ရှောင်ကျိုးစိတ်ထဲ၌ *စားလို့ကောင်းလိုက်တာ စားလို့ကောင်းလိုက်တာ စားလို့ကောင်းလိုက်တာ* ဟူသော အတွေးများသာပြည့်နှက်နေလေ၏။

​ရွာသားတွေနေ့တိုင်း အသားစားနိုင်အောင်ပိုက်ဆံပိုရှာပေးရမယ်လို့ သူမ ဆုံးဖြတ်လိုက်သည်။ ရွာသားများဗိုက်ဝအောင် စားသောက်ပြီးကြသောအခါ အမျိုးသားများသည် ဝိုင်းဖွဲ့၍ကြွားလုံးထုတ်ကြပြီး၊ အမျိုးသမီးများကလည်း အိမ်မှုကိစ္စများကိုပြောဆိုကြကာ၊ ကလေးများမှာမူ သူတို့ကြီးလာလျှင် ရွာလူကြီးလေးလို အစွမ်းထက်သောသူဖြစ်အောင်လုပ်မည်၊ တောထဲသွားပြီး အမဲလိုက်ကာ နေ့တိုင်းအသားစားမည်ဟု ဆွေးနွေးနေကြလေ၏။

​လေထုအခြေအနေသည် နှစ်သစ်ကူးပွဲတော်ထက်ပင် ပို၍စည်ကားသိုက်မြိုက်နေသေးသည်။ ​ရွှီရှောင်ရှောင်သည် ရွာလူကြီးလေး၏စူထွက်နေသော ဗိုက်ပူပူလေးကိုပွတ်ပေးရင်း ညဘက်အစာမကြေဖြစ်မှာကို စိုးရိမ်နေရှာ၏။ ​ရှောင်ကျိုးလည်း ဗိုက်နည်းနည်းတင်းသွားသလို ခံစားရသဖြင့် အစာကြေစေရန် ယွိဟွာကိုခေါ်ပြီး လမ်းလျှောက်ထွက်ရန် ပြင်လိုက်သည်။ ယနေ့ သူမကယ်တင်ခဲ့သော အဘိုးအိုကိုလည်း သွားကြည့်ရမည်။ ဒီတောဝက်ကြီးက အဲ့့အဘိုးအိုကိုကယ်ခဲ့လို့ရလာတဲ့ ဆုလက်ဆောင်ပဲလေ။

သားကောင်ထောင်ချောက်ကို အဘိုးအို၏ခြေထောက်မှ ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း ဒဏ်ရာမှာအနည်းငယ် ရောင်ရမ်းနေသည်ဟု သမားတော်ဟွမ်ပြောသည်ကို သူမကြားလိုက်ရသည်။ သမားတော်ဟွမ်၏အိမ်တွင် သွေးတိတ်ဆေးလောက်သာရှိမည်ပင်။

​စနစ်မှ ခုနလေးတင်ဆုချထားသော ရောင်ရမ်းကျဆေးတစ်ပုလင်းရှိသည်ကို ရှောင်ကျိုး သတိရလိုက်သည်။ ထို့ကြောင့် သူမဆေးပုလင်းကို ယူဆောင်ပြီး သမားတော်ဟွမ်၏အိမ်သို့သွားကာ တံခါးခေါက်ပြီးဝင်လာလိုက်၏။ ​သစ်သားကုတင်ပေါ်တွင် လဲလျောင်းနေသော အဘိုးရွှီသည် ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးများပြူးကျယ်သွားရသည်။ သူသည် အိပ်ရာပေါ်မှဗြုန်းခနဲ ထထိုင်လိုက်ပြီး ရှောင်ကျိုးရှိရာသို့ ခြေဆာဆာဖြင့်လျှောက်လာကာ သူမထံစူးစိုက်ကြည့်နေတော့၏။

​"မင်း မင်းနာမည်ကဘယ်သူလဲ"

​"ငါက ထောင်ယွမ်ရွာရဲ့ ရွာလူကြီးရှီရှောင်ကျိုးပဲ"

[ဒီနေရာမှာ ရှောင်ကျိုးအသက်ကိုထည့်မစဉ်းစားပါနဲ့။ သူကရွာလူကြီးပါ]

ရှောင်ကျိုး ရင်ကော့ပြီးဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်လိုက်သည်။

​"ဘယ်လိုလုပ်ပြီး ဒီလောက်တောင်တူနေရတာလဲ"

အဘိုးရွှီသည် ရှောင်ကျိုးကိုထိတ်လန့်တကြားစိုက်ကြည့်နေမိသည်။ ​လောကကြီးမှာ ဒီလောက်တောင်ရုပ်ချင်းဆင်တူတဲ့ လူနှစ်ယောက်ရှိနိုင်ပါ့မလား။

​"ဘယ်သူနဲ့ တူလို့လဲ"

ရှောင်ကျိုး ဇဝေဇဝါဖြစ်သွားရသည်။ ဒီအဘိုးက ခေါင်းထိထားတာများလား။ ကြည့်ရတာ တစ်မျိုးကြီးပဲ။

​"မဟုတ်ပါဘူး ဘယ်သူနဲ့မှမတူပါဘူး"

​အဘိုးအို၏မျက်လုံးများမှာ ဗလာကျင်းသွားရသည်။ သူသည်သစ်သားကုတင်ပေါ်သို့ တွေဝေငေးမောဟန်ဖြင့်ပြန်ထိုင်ချလိုက်ပြီး အတွေးထဲတွင်နစ်မြောသွားလေသည်။ သူသည် ချက်ချင်းပင် အသက်အများကြီးပိုကြီးသွားသလိုဖြစ်သွားပြီး နဂိုကတည်းမှ စုတ်စုတ်ပြတ်ပြတ်ဖြစ်နေသော အဘိုးအိုမှာ ပို၍ပင်ရှုပ်ပွသွားသယောင်ရှိလေ၏။ ​ရှောင်ကျိုးသည် ရောင်ရမ်းကျဆေးကို အမြန်ထုတ်လိုက်ပြီး အဘိုးအိုကို ပေးလိုက်သည်။

"ရော့ ဒါအဘိုးအတွက်"

​အဘိုးရွှီသတိပြန်ဝင်လာပြီး ဆေးဘူးကို ဖြည်းဖြည်းချင်းလှမ်းယူလိုက်သည်။ ယခင်က တစ်ခါမှမမြင်ဖူးသော ပုံစံထူးဆန်းသည့် ဆေးဘူးကိုကြည့်ရင်းမေးလိုက်၏။

"ဒါ ဘာကြီးလဲ"

​"လိမ်းဆေးလေ ရောင်ရမ်းကျဆေး၊ အဘိုးရဲ့ခြေထောက်ဒဏ်ရာကို သက်သာစေလိမ့်မယ်"

ရှောင်ကျိုး ပြန်ဖြေသည်။

​"ငါ့ကိုကယ်ပေးတဲ့အတွက်ရော၊ ဆေးပေးတဲ့အတွက်ရော ကျေးဇူးပါပဲ ကလေးရယ်၊ မင်းမိဘတွေက ဘယ်သူတွေလဲ၊ ဒီနှစ်မင်းအသက် ဘယ်လောက်ရှိပြီလဲ"

အဘိုးရွှီ စမ်းသပ်ဟန်ဖြင့်မေးလိုက်သည်။

​"ငါ့မှာ မိဘတွေမရှိဘူး၊ တောင်ပေါ်ကနေ ရွာအကြီးအကဲအဘိုးတို့ကောက်ရတာ၊ ပြီးတော့ ငါ့အသက်ကငါးနှစ်ရှိပြီ"

​ရှောင်ကျိုးသည် ရွာအကြီးအကဲအဘိုးများ သူမကိုရွာသို့ပြန်ခေါ်လာခဲ့သည်ကို မှတ်မိနေသည်။ သူမမွေးပြီးပြီးချင်း တောင်ပေါ်ရှိညောင်ပင်အောက်တွင် စွန့်ပစ်ခံခဲ့ရကြောင်းနှင့် ထို့နောက်ငါးနှစ်လုံးလုံး ထောင်ယွမ်ရွာတွင်သာနေထိုင်ခဲ့ကြောင်း ရွာသားများပြောပြသံကိုကြားဖူး၏။ ဤငါးနှစ်တာကာလအတွင်း သူမကိုမည်သူမှလာမရှာခဲ့ကြချေ။ ​ကလေးပျောက်သွားသည့် မိသားစုရှိသည်ဟုလည်း မကြားမိပေ။

​ရွာလူကြီးနှင့် အခြားသူများမှာမူ သူတို့ရွာလူကြီးလေးသည် လူ့ပြည်သို့ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ဖြစ်သည်ဟုသာ အခိုင်အမာယုံကြည်ကြသည်။ ထောင်ယွမ်ရွာ၏ဘိုးဘွားပိုင် သင်္ချိုင်းမြေမှ မီးခိုးစိမ်းများထွက်သည် (ကံကောင်းခြင်းများ ရောက်လာသည်ဟု ဆိုလိုသည်)ဟုပင် ပြောကြ၏။ သူတို့ရွာလူကြီးလေးသည် သူတို့ရွာ၏တောင်ပေါ်သို့ တည့်တည့်ကျလာပြီး သူတို့မှကောက်ယူခဲ့ရခြင်းဖြစ်သည်ဟုဆိုကြသည်။

​ဒီနှစ်တွေတစ်လျှောက်လုံး ရှောင်ကျိုးသည် သူမမိဘများမှာ မည်သူဖြစ်ကြောင်းနှင့် ဘာကြောင့်ညောင်ပင်အောက်တွင် လာပစ်ထားခဲ့သည်ကို တစ်ခါမှမတွေးတောခဲ့သလို မိသားစုကို လိုက်ရှာဖို့လည်း စိတ်ကူးမရှိခဲ့ပေ။ သူမ၏လက်ရှိဘဝသည် အတော်လေး ကောင်းမွန်သည်ဟုခံစားရပြီး ရွာထဲမှလူတိုင်းသည်လည်း သူမ၏ဆွေမျိုးသားချင်းများသာဖြစ်ပေသည်။ ​အဘိုးရွှီသည် နောက်သို့ခြေလှမ်းယိုင်သွားပြီး လက်ထဲမှဆေးဘူးပင်ပြုတ်ကျလုမတတ်ဖြစ်သွားလေ၏။

"မင်းအသက်က ငါးနှစ်၊ မိဘလည်းမရှိဘူးဟုတ်လား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ"

​ရှောင်ကျိုးသည် ကုတင်ဘေးတွင်ငူငူငိုင်ငိုင်ထိုင်နေပြီး အတွေးလွန်ကာ စိတ်ဓာတ်ကျနေပုံရသော အဘိုးအိုကို ကြည့်ရင်း ဒီလူကြီးတော်တော်ထူးဆန်းတာပဲဟု တွေးလိုက်မိသည်။ ​ထို့နောက် သူမစပ်စပ်စုစုဖြင့်မေးလိုက်၏။

"အဘိုးက ဘယ်သူလဲ၊ ဘာလို့ငါတို့ရွာနောက်ဖေးတောင်ပေါ်ကို ရောက်နေတာလဲ"

​အဘိုးရွှီသည် အပြစ်ကင်းစင်သောမျက်နှာလေးနှင့် ရှောင်ကျိုးကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှထူးခြားသော အရိပ်အယောင်များကို အမြန်ဖျောက်လိုက်သည်။ ထို့နောက် ဆေးဘူးကိုဖွင့်ကာ ခြေထောက်ကိုဆေးလိမ်းရင်းပြောလိုက်လေ၏။

"ငါ့ကို အဘိုးရွှီလို့ပဲခေါ်ပါ၊ ဘယ်လိုလုပ်ဒီရောက်လာလဲတော့ ငါလည်းမသိဘူး၊ လမ်းမှားလာတာပဲဖြစ်မယ်"

​ထိုအကြောင်းပြောရင်း အဘိုးရွှီဒေါသထွက်လာလေသည်။

"ဘယ်ကောင်စုတ်လေးကများ တောင်ပေါ်မှာတွင်းတူးပြီး ထောင်ချောက်လုပ်ထားလဲမသိပါဘူးကွာ၊ ငါလည်းအဲ့ထဲ ပြုတ်ကျသွားတာပဲ၊ အကြာကြီးအော်ခေါ်တာတောင် ဘယ်သူမှရောက်မလာဘူး၊ အရိုးတွေဆွေးနေတဲ့ ဒီအဘိုးကြီးခမျာ တွင်းထဲမှာသတိလစ်သွားတဲ့ထိ နာကျင်ပြီးလဲနေရတာ"

​ရှောင်ကျိုးသည် မုဆိုးထျန်းအတွက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဖယောင်းတိုင်မီးထွန်းပေးလိုက်လေသည်။ ​အဘိုးရွှီမှ ထောင်ချောက်ကို မည်သူလုပ်ထားသည်အား သူမကိုမေးလာမည်စိုးသဖြင့် ရှောင်ကျိုးအမြန်လစ်မှဖြစ်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် အဘိုးရွှီကိုဆေးမှန်မှန်လိမ်းရန်နှင့် ကောင်းကောင်းအနားယူရန် မှာကြားပြီးနောက် သမားတော်ဟွမ်၏နေအိမ်မှ ယွိဟွာကိုခေါ်ကာ အမြန်ထွက်ခွာလာခဲ့လေတော့သည်။

​နောက်တစ်နေ့ မနက်စောစောတွင် အပြင်ဘက်၌ မိုးဖွဲလေးများစတင်ကျဆင်းလာလေ၏။ မကြာမီတွင် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။ ​ရွာသားများသည် အိမ်ထဲမှ အပြေးအလွှားထွက်လာကြ၏။ သူတို့သည် မိုးရေထဲတွင်ပျော်ရွှင်စွာ အော်ဟစ်ပြေးလွှားကြရင်း နှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့ရသော ခံစားချက်များကို ဖွင့်ထုတ်လိုက်ကြလေသည်။ သူတို့ရင်ထဲမှ စိုးရိမ်ပူပန်မှုများသည် ကျဆင်းလာသော မိုးရေစက်များနှင့်အတူ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အနာဂတ်အတွက်မျှော်လင့်ချက်ရောင်ခြည်များ အစားထိုးဝင်ရောက်လာကြတော့၏။

​ရွာအကြီးအကဲများသည် ပျော်ရွှင်ရုံသာမက ရွာလူကြီးလေးအပေါ် ပို၍ပင် လေးစားပြီးကျေးဇူးတင်သွားကြလေသည်။ သူတို့ရွာလူကြီးလေးသည် တကယ်ပင် ကောင်းကင်ဘုံမှလူ့ပြည်သို့ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဖြစ်ပေ၏။ သူတို့ထောင်ယွမ်ရွာလေးသည် ဘိုးဘွားများ၏ကောင်းချီးပေးခြင်းခံ‌နေရပြီပင်။

All Chapters