အခန်း (၇-၈)
Vol. 1 Ch. 7-8
7
ရွာသားများ၏ အော်ဟစ်အားပေးသံကြောင့် ရှောင်ကျိုးနိုးလာခဲ့လေသည်။ မိုးစက်မိုးပေါက် ကျသံများပါ ကြားလိုက်ရသဖြင့် စနစ်မှ ဟောကိန်းထုတ်ထားသည့်အတိုင်း ယနေ့ တကယ်မိုးရွာပြီပင်။
အဝတ်အစားလဲ၊ မျက်နှာသစ်ပြီးသည့်နောက် ရှောင်ကျိုးသည် ခြံဝင်းထဲတွင် ယွိဟွာနှင့်ဆော့ကစားနေလိုက်သည်။ စနစ်ဆိုင်၏လဲလှယ်ရေး မျက်နှာပြင်တွင် ကြက်စာပါလာသည်ကိုတွေ့လိုက်ရသဖြင့် သူမ၏အမှတ် (၂)မှတ်ကိုအသုံးပြုပြီး ယွိဟွာအတွက် ကြက်စာတစ်အိတ် ဝယ်ပေးလိုက်၏။
"သခင် သခင်ကအကောင်းဆုံးပဲ၊ ယွိဟွာက သခင့်ကိုအချစ်ဆုံး"
ယွိဟွာသည် ရှောင်ကျိုးခြေထောက်နားတွင် တောင်ပံခတ်ပြီး ပျော်ရွှင်စွာ အော်မြည်နေတော့၏။
"လိမ္မာတယ် အစာစားပြီးရင် ဥ,ဥပေးနော်"
ယွိဟွာသည် နေ့တိုင်းဥတစ်လုံး ဥပေးလေ့ရှိပြီး အစ်မရွှီမှာ မနက်တိုင်းရှောင်ကျိုးအတွက် ကြက်ဥပြုတ်ပေးလေ့ရှိသည်။ ရှောင်ကျိုး အပြင်ဘက်ကိုလှမ်းကြည့်လိုက်သောအခါ မိုးနည်းနည်း တိတ်သွားသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်မှာပင် ရွာအကြီးအကဲအဘိုးနှင့်အခြားလူများသည် ခြံဝင်းတံခါးဝသို့ ရောက်ရှိလာကြသည်။ ရွာအကြီးအကဲလီမှာ မစောင့်နိုင်တော့ဘဲ လှမ်းပြောလိုက်လေ၏။
"ရွာလူကြီးလေး တကယ်ကြီးမိုးရွာတာပဲ"
ရွာအကြီးအကဲအဘိုးများ၏မျက်နှာတွင် အပြုံးများဝေဆာနေကြသည်။
"ရွာလူကြီးလေးကျေးဇူးကြောင့် ဒီမနက် မိုးရွာလိုက်တာ လယ်မြေတွေ စိုစွတ်သွားပြီး အပင်တွေပြန်ရှင်ဖို့ အခွင့်အရေးရသွားပြီ၊ ဒါနဲ့ မနေ့ကကယ်လာတဲ့အဘိုးက ရွာလူကြီးလေးရဲ့ ခြံဝင်းထဲမှာ အခန်းငှားနေချင်တယ်တဲ့၊ တစ်လကိုငါးတေးပေးမယ်လို့ ပြောတယ်၊ ရွာလူကြီးလေး ဘယ်လိုသဘောရလဲ"
တစ်လကို ငါးတေးဆိုပါလား။ ရွာအကြီးအကဲများအားလုံး ရင်ခုန်သွားကြလေသည်။ သာမန်ရွာသားတစ်ယောက်ဆိုလျှင် တစ်နှစ်လုံးနေလို့တောင် ငါးတေးဝင်မည်မဟုတ်ပေ။ သို့သော် ဤလူကြီးမှာတစ်လငှားခကို ဤမျှလောက်ပေးမည်ဆိုသဖြင့် ချမ်းသာသူများ၏တွေးခေါ်ပုံကို သူတို့ လိုက်မမီနိုင်အောင်ပင်ဖြစ်ချေပြီ။
ရှောင်ကျိုး စဉ်းစားလိုက်၏။ သူမခြံဝင်းသည်ကျယ်ဝန်းပြီး အခန်းလွတ်များလည်း အများကြီးရှိနေသည်။ အစ်မရွှီ တစ်ခန်း၊ သူမ တစ်ခန်းယူထားပြီး ကျန်သည့် လေးခန်းမှာအခန်းလွတ်များ ဖြစ်နေ၏။ တစ်လကို ငါးတေးနှင့်ငှားရမည်ဆိုသည်မှာ မထင်မှတ်ဘဲရလိုက်သည့် ဆုလာဘ်ကြီးတစ်ခုပင်ဖြစ်သည်။
"ရပါတယ်၊ နောက်ဖေးခြံဝင်းနားမှာ အခန်းလွတ် သုံးခန်းရှိတယ်၊ အဘိုးရွှီ ကြိုက်တဲ့အခန်း ရွေးနေပါစေ"
မကြာမီတွင် အဘိုးရွှီရောက်ရှိလာလေသည်။ မနေ့ည၌ ရွာအကြီးအကဲများနှင့် ဘာတွေဆွေးနွေးထားမှန်းမသိသော်လည်း ယနေ့တော့ ရှောင်ကျိုးထံကြင်နာယုယသည့် မျက်လုံးများဖြင့်ကြည့်လာသဖြင့် ကြက်သီးများပင်ထလာရ၏။ သူမလည်း အော်ပြောပြီး ထွက်ပြေးလာခဲ့တော့သည်။
"အဘိုးရွှီ ကြိုက်တဲ့အခန်း ရွေးနေလိုက်နော်"
ကြောက်စရာ ကောင်းလိုက်တာ။ အဘိုးရွှီပြုံးနေတဲ့ပုံက ကလေးလူကုန်ကူးတဲ့ လူပွဲစားနဲ့တူနေတယ်။ ငါ့ကချစ်ဖို့ကောင်းလွန်းလို့ ဖမ်းခေါ်သွားချင်နေတာများလား။
ရှောင်ကျိုး သူမ၏ထူးဆန်းသော အတွေးများကို ခေါင်းထဲမှထုတ်လိုက်ပြီး အဒေါ်လျို့ဆီသို့ အမြန်သွားလိုက်လေသည်။ သူမ၏အဝတ်အိတ်အကြီးကြီးရမရ သွားကြည့်ရမည်ဖြစ်၏။
အဒေါ်လျို့မှာ ရှောင်ကျိုးအားမြင်လိုက်သည်နှင့် တစ်ညလုံးချုပ်ထားသည့် အိတ်ကလေးကိုထုတ်ပေးပြီး ရှောင်ကျိုးလည်ပင်းတွင် ဆွဲပေးလိုက်သည်။ ပန်ဒါဝက်ဝံအိတ်ကလေးမှာ သူမ၏ဗိုက်ပူပူလေးလောက်နီးပါးရှိနေပြီး ပြောမပြတတ်လောက်အောင်ချစ်စရာကောင်းနေတော့၏။
"လှလား အဒေါ်လျို့"
ရှောင်ကျိုး ပန်ဒါနားရွက်လေးများကို ဆွဲရင်းမေးလိုက်၏။
"လှတာပေါ့ အဒေါ်တို့ရွာလူကြီးလေးက ဘာဝတ်ဝတ်လှပြီးသား၊ ကြည့်ရတာ တိရစ္ဆာန်အမွေးပွှလေးကို ဖက်ထားသလိုပဲ"
ရှောင်ကျိုးလည်း ထိုသို့ပင်တွေးလိုက်မိသည်။ အဒေါ်လျို့လက်ရာမှာ တော်တော်ကောင်းမွန်သဖြင့် ဒီအတိုင်းထားလျှင် နှမြောစရာပင်။
"ဒီလို ချစ်စရာကောင်းတဲ့အိတ်ဆန်းဆန်းလေးတွေကို အများကြီးချုပ်ပြီး မြို့မှာသွားရောင်းရင်ကောင်းမယ်၊ မြို့က,ကလေးတွေဆို အဒေါ်လျို့အိတ်ကို သေချာပေါက်ကြိုက်ကြမှာ ယုံလိုက်"
ရှောင်ကျိုး ယုံကြည်မှုရှိရှိဖြင့်ပြောလိုက်သည်။
"တကယ်လား မြို့ကအပ်ချုပ်ဆိုင်တွေက အဒေါ့်ထက်ပိုချုပ်တတ်ကြမှာပါ၊ သူတို့က အဒေါ့်လက်ရာကိုလိုချင်ပါ့မလား၊ ရွာလူကြီးလေးကလည်း မနောက်ပါနဲ့"
အဒေါ်လျို့ ရှက်သွေးဖြာရင်းပြောလိုက်လေသည်။
"တကယ်ပြောတာ အားသို့နဲ့တနွီကို မေးကြည့်ပါလား"
ပြောပြောဆိုဆိုနှင့် ရှောင်ကျိုးမှာ အိမ်ထဲပြေးဝင်သွားပြီး ကလေးနှစ်ယောက်ကို သွားခေါ်လိုက်သည်။ အားသို့သည် ပန်ဒါအိတ်ကလေးကို စိုက်ကြည့်ရင်း သူလည်း လိုချင်လာတော့၏။
"ရွာလူကြီးလေး အဲ့ပန်ဒါပုံက မနေ့က သကြားလုံးပုံစံမလား"
အားသို့မှာ ပန်ဒါလက်သည်းလေးကို ပွတ်သပ်ရင်း မေးလိုက်သည်။
"အဒေါ်လျို့က သကြားလုံးခွံကိုကြည့်ပြီး ပုံတူကူးချုပ်ပေးထားတာလေ"
အားသို့ ဆွဲဖြုတ်လိုက်မည်စိုးသဖြင့် ရှောင်ကျိုး ပန်ဒါလက်ကိုဖြည်းဖြည်းချင်း ပြန်ဆွဲယူလိုက်သည်။ အားသို့မှာ သူ့အမေ၏အင်္ကျီလက်စကို ဆွဲကာပြောလိုက်လေ၏။
"အမေ သားကိုကျားပုံလေး လုပ်ပေးပါနော်"
အဒေါ်လျို့သီးတောင်သီးသွားရသည်။
"အမေက ပုံတူပဲကူးတတ်တာလေ၊ ကိုယ့်ဘာသာ ကျားပုံဘယ်လိုလုပ်ဆွဲတတ်မှာလဲ"
သကြားလုံးခွံပေါ်မှ မျဉ်းကြောင်းများသည် ရိုးရှင်းပြီးချစ်စရာကောင်းသဖြင့် ပုံတူကူးရလွယ်ကူသော်လည်း သက်ရှိကျားတစ်ကောင်ပုံကို စိတ်ကူးဖြင့်ပုံဖော်ရန်မှာမူ သူမအတွက်ခက်ခဲလွန်းလှပေသည်။ ရှောင်ကျိုးမှာ စနစ်ဈေးဆိုင်ထဲမှ တိရစ္ဆာန်ပုံစံထုပ်ပိုးထားသောကွတ်ကီးများနှင့် သကြားလုံးများကို သတိရလိုက်၏။ သူမအမြန်ပင်အမှတ်ဖြင့် မုန့်များလဲလိုက်သည်။ ကျားပုံပါသည့် မုန့်ထုပ်ခွံကိုထုတ်ပေးလိုက်၏။
"ဒါဆိုရင်ရော အဆင်ပြေလား"
ဘီစကစ်မုန့်ထုပ်ခွံပေါ်မှာတော့ ဖက်တီးကျားလေးက ချစ်စရာကောင်းအောင် ပြုံးပြနေလေသည်။
"အမေ အဲ့ဒါ သားအဲ့ပုံကိုလိုချင်တာ"
အားသို့ချက်ချင်း အော်ပြောလိုက်သည်။
"ကောင်းပါပြီ ဒီည သားတို့မောင်နှမအတွက် တစ်ယောက်တစ်လုံးချုပ်ပေးမယ်"
အဒေါ်လျို့မှာ မုန့်ထုပ်ခွံကိုလှည့်ကြည့်ရင်း သဘောကျနေလေသည်။ တနွီလည်း တိရစ္ဆာန်ပုံအိတ်ကလေး လိုချင်ရှာ၏။ သူမ,မနေ့ကစားခဲ့သော ယုန်ပုံပါသည့်နို့သကြားလုံးခွံလေးကို သတိရသွားပြီး အမြန်ပြေးယူလိုက်သည်။
"အမေ သမီးအတွက်ကျတော့ ယုန်ပုံအိတ်ကလေး ချုပ်ပေးလို့ရမလား"
သူမသကြားလုံးခွံလေးကို ရှက်ရွံ့စွာ ကမ်းပေးလိုက်သည်။ အဒေါ်လျို့မှာ ယုန်ပုံလေးကို သေချာကြည့်ပြီးပြုံးလိုက်၏။
"ရတာပေါ့ ဒီညသားတို့မောင်နှမအတွက် တစ်ယောက်တစ်လုံးချုပ်ပေးမယ်"
"ကျေးဇူးပါ အမေ၊ အမေကအကောင်းဆုံးပဲ"
မောင်နှမနှစ်ယောက် ပြိုင်တူအော်ဟစ်လိုက်ကြလေသည်။ ထိုအချိန်မှာပင် အပြင်ဘက်မှနေ ဆူညံသံများထွက်ပေါ်လာ၏။ အိမ်နီးချင်းဝမ်မိသားစုဆီမှ ဖြစ်ပုံရသည်။ ရှောင်ကျိုးနှင့် အခြားလူများအမြန်ထွက်ကြည့်လိုက်ကြ၏။ စပ်စုချင်သည့် အိမ်နီးနားချင်းများလည်း ရောက်နှင့်နေကြပြီဖြစ်သည်။
အတင်းအဖျင်း ပြောရခြင်းသည် လူသားတို့၏အကြိုက်ဆုံး အပျင်းပြေ လုပ်ဆောင်မှုတစ်ခုပင် ဖြစ်လေ၏။
"ဝမ်ကျန့်ယီ ငါတို့က မင်းကိုကျောင်းထားပေးဖို့ ခြိုးခြံချွေတာပြီးပိုက်ဆံစုနေရတာ၊ မင်းကတော့ ကျောင်းမသွားဘဲ ဆိပ်ကမ်းမှာကုန်သွားထမ်းနေတယ်ပေါ့လေ"
အဒေါ်ဝမ် ဒေါသတကြီးဖြင့်အော်ဟစ်ပြီး သူ့နားရွက်ကိုလိမ်ဆွဲလိုက်သည်။
"အ အ နာတယ်၊ သားကျောင်းမတက်ချင်တော့ဘူး၊ ဘယ်တော့မှ မသွားတော့ဘူး"
ဝမ်ကျန့်ယီ နားရွက်ကိုအုပ်ရင်း အော်ဟစ်နေရှာသည်။
"ငါ မင်းကိုသေအောင်ရိုက်ပြီး ကျောင်းလွှတ်ရမလား"
အဒေါ်ဝမ် တံမြက်စည်းကိုယူပြီး အားကုန် ရိုက်နှက်လေတော့သည်။
ဝမ်ကျန့်ယီမှာ ရှောင်တိမ်းပြီးထွက်ပြေးလေတော့၏။ ပုံမှန်ဆိုလျှင် မြေးကိုအလိုလိုက်တတ်သည့် အဘိုးဝမ်နှင့် အဘွားဝမ်တောင် ဤကိစ္စတွင်မတားဘဲ ဝင်မပါကြချေ။ ဝမ်မိသားစုမှာ အခြားသူများနှင့်ယှဉ်လျှင် ပြေလည်သည့်ထဲပါသော်လည်း ဝမ်ကျန့်ယီကို ကျောင်းထားနိုင်ရန် တစ်မိသားစုလုံး ခါးပတ်တင်းတင်းစည်းပြီး စုဆောင်းနေကြရခြင်းဖြစ်သည်။ မနေ့ဥ အဒေါ်ဝမ် မြို့ထဲသွားတော့မှ ကျောင်းဆရာမှ သူ့သားကျောင်းမလာသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း ပြောလိုက်လေ၏။ သူမနှင့်ခင်ပွန်းဖြစ်သူဝမ်ရန်ကွေ့တို့ တစ်ညလုံးလိုက်ရှာကြရာ ဤမနက်မှဆိပ်ကမ်းတွင် သူကုန်ထမ်းနေသည်ကို သွားတွေ့ကြတော့သည်။ ဒေါသထွက်လွန်း၍ မေ့လဲမတတ်ဖြစ်သွားသည့် ဝမ်ရန်ကွေ့မှာ သားဖြစ်သူကို အိမ်ပြန်ဆွဲခေါ်လာပြီး ယခုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်လာရခြင်းပင်။
8
မစ်ရှင်လာပါပြီ - ဝမ်ကျန့်ယီ ကျောင်းမတက်ရသည့် အကြောင်းရင်းကို ရှာဖွေပါ။
ဆုလက်ဆောင် - အမှတ် ၅၀ နှင့် ကံစမ်းမဲ တစ်စောင်။
စနစ်သည် ဤတစ်ကြိမ်တွင် သင်ခန်းစာ ရသွားပုံရလေသည်။ အကယ်၍ ဆုလက်ဆောင်ကို သခင်ဖြစ်သူထံ တိုက်ရိုက်ပြောပြလိုက်ပါက သခင်ဖြစ်သူသည် ဆုအားမမက်လျှင် စိတ်ဝင်စားမည်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီဖြစ်၏။ ဆုလက်ဆောင်များကို မဲဖောက်ပေးခြင်းကသာ သခင်ဖြစ်သူ၏စိတ်ဓာတ်ကို ပိုမိုတက်ကြွစေလိမ့်မည် ဖြစ်ပေသည်။ ရှောင်ကျိုးသည် ရင်းနှီးနေသောအသံကို ကြားလိုက်ရသဖြင့် မေးလိုက်၏။
"ကံစမ်းမဲထဲမှာ ဘာတွေပါလဲ"
စနစ်မှ ပြန်လည်ဖြေကြားလေသည်။
"ကျွန်တော်လည်း မသိပါဘူး။ သခင်ဖြစ်သူရဲ့ကံတရားပေါ်မှာပဲ မူတည်ပါတယ်။ ဆုမဲတွေ အကုန်လုံးကကျပန်းပါပဲ"
အမှန်စင်စစ်တွင် ရှောင်ကျိုးသည် သိပြီးသား ဆုလက်ဆောင်များထက်စာလျှင် ကံစမ်းမဲကိုပိုစိတ်ဝင်စားနေခြင်း ဖြစ်ပေသည်။ ရှောင်ကျိုးသည် တာဝန်ကို အမြန်ပြီးမြောက်အောင် ဆောင်ရွက်ပြီး ကံစမ်းမဲနှိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဝမ်ကျန့်ယီကိုကြည့်လိုက်ပြီး သူမကျောင်းတက်ခဲ့ရစဉ်က အချိန်များကို ပြန်ပြောင်းတွေးတောမိလိုက်၏။ ဒါ ရှင်းနေတာပဲမဟုတ်လား။ သူ ကျောင်းမတက်ချင်လို့ပေါ့။
ထို့ကြောင့် သူမပြန်ဖြေလိုက်သည်။
"သူ စာမသင်ချင်လို့ နေမှာပေါ့၊ ဒါကြောင့် ကျောင်းမသွားတာ"
"သခင်ရေ ကျေးဇူးပြုပြီးအကြောင်းပြချက်ကို သေချာရှာဖွေပေးပါ။ ချက်ချင်ူကောက်ချက်မချလိုက်ပါနဲ့"
စနစ်မှာ အေးစက်စက်ဟန်ဖြင့်သာပြောဆိုပြီးနောက် ပျောက်ကွယ်သွားလေသည်။ ရှောင်ကျိုးမျက်နှာလေးမှာ ဒေါသကြောင့် ဖောင်းပွသွားရတော့၏။ ရှောင်ကျိုးမှာ အကြောင်းရင်းကိုမရှာချင်သော်လည်း ကံစမ်းမဲကိုမူလိုချင်မိသည်။ ရှောင်ကျိုး သူမဘေးနားတွင် ရပ်နေသော တနွီနှင့်အားသို့ကို ပြောလိုက်လေ၏။
"မနက်ဖြန် ငါတို့မြို့ကို သွားကြစို့"
အားသို့မှာ မြို့သွားရမည်ဟုကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး အော်ဟစ်လေတော့သည်။
"သွားမယ် သွားမယ် ရွာလူကြီးလေး သားလိုက်ချင်တယ်"
တနွီ ခဏမျှစဉ်းစားလိုက်ပြီး မေးလိုက်၏။
"ရွာလူကြီးလေးမှာ ပိုက်ဆံရှိလို့လား"
တနွီအမြင်တွင် မြို့သွားသည်ဆိုသည်မှာ ပိုက်ဆံသုံးရန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ရွာသားများသည် တစ်ခုခု ဝယ်စရာရှိမှသာ လှည်းဖြင့်မြို့သို့သွားတတ်ကြ၏။ ပုံမှန်အားဖြင့် လူတိုင်းမှာရွာထဲ၌သာနေကြသည်။ တနွီကိုယ်တိုင်လည်း သူမတစ်သက်တာလုံးတွင် မြို့သို့ တစ်ခေါက်သာရောက်ဖူးသေး၏။
ရှောင်ကျိုး ရိုးသားစွာပင်ခေါင်းခါပြလိုက်သည်။
"လောလောဆယ်တော့ မရှိသေးဘူး၊ ဒါပေမယ့် မကြာခင်ရှိလာတော့မှာ"
သူမသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိနေသည်။ သူမ၏သကြားလုံးသည်ထူးခြားပြီး မြို့တွင်ရောင်းသော သကြားလုံးများထက် ပိုစားကောင်းပေသည်။ ပိုက်ဆံရအောင် ရှာနိုင်မည်ဟု သူမ သေချာနေ၏။ တနွီ မေးလိုက်သည်။
"ဒါဆိုရင် ငါတို့တွေ မြို့ကိုဘာသွားလုပ်မှာလဲ"
ရှောင်ကျိုးသည် သူမ၏ပန်ဒါအိတ်ကလေးကို လက်ညှိုးထိုးပြလိုက်၏။
"သကြားလုံး သွားရောင်းမလို့လေ၊ ငါ့မှာ အများကြီးကျန်သေးတယ်၊ မြို့က,ကလေးတွေကို သွားရောင်းကြမယ်၊ သူတို့ ဒီလိုသကြားလုံးမျိုး တစ်ခါမှစားဖူးကြမှာမဟုတ်ဘူး"
တနွီနှင့် အားသို့၏မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားကြလေသည်။ ဟုတ်သားပဲ ရွာလူကြီးလေးရဲ့သကြားလုံးက အရမ်းစားကောင်းတာလေ။ သေချာပေါက်ရောင်းကောင်းမှာပဲ။ အနားတွင် ရှိနေသော ကျောက်ဟူသည် တနွီနှင့်အားသို့တို့ ရွာလူကြီးလေးဘေးတွင် ဝိုင်းဖွဲ့ပြောဆိုနေကြသည်ကိုမြင်သောအခါ စိုးရိမ်သွားလေသည်။ သူအမြန်ပြေးသွားပြီး သူတို့နှစ်ယောက်ကိုတွန်းထုတ်ကာ ရွာလူကြီးလေးကို မျက်နှာချိုသွေးပြီးပြောလိုက်တော့၏။
"ရွာလူကြီးလေး ဘာလုပ်စရာရှိလို့လဲ၊ ကျွန်တော့်ကို ခိုင်းလိုက်လေ၊ ကျွန်တော် သေချာပေါက် ကောင်းကောင်းလုပ်ပေးနိုင်တယ်"
သူဆိုသည့်ကျောက်ဟူမှာ ရွာလူကြီးလေး၏လက်ရုံးတစ်ဆူ ဖြစ်ရပေမည်။ သူ့မမြင်ကွယ်ရာ၌ ဤနှစ်ယောက်မှာ နံပါတ်တစ်နောက်လိုက်နေရာကို လုယူဖို့ ကြိုးစားနေကြ၏။
ဟမ့် ကံကောင်းလို့ ငါစောစောစီးစီးသိလိုက်ရတာ။
ထို့ကြောင့် တီးတိုးတိုင်ပင်နေသော လူသုံးယောက်သည် လူလေးယောက်ဖြစ်သွားလေသည်။ လေးယောက်သားမြို့ပေါ်တက်ပြီး ပိုက်ဆံရှာမည့် စီမံကိန်းကြီးကို ဆွေးနွေးပြီးသွားပြီပင်။ ထိုအခါမှ ကျောက်ဟူမှာ ဝမ်းပမ်းတနည်းဖြင့်ပြောလာသည်။
"ရွာလူကြီးလေး သူတို့ကိုကျ သကြားလုံးကျွေးပြီး ဘာလို့ ကျွန်တော့်ကျတော့ မကျွေးတာလဲ၊ ရွာလူကြီးလေး ကျွန်တော့်ကို မုန်းနေပြီလား"
ရှောင်ကျိုး ဘာပြောရမှန်းမသိ ဖြစ်သွားရလေသည်။
"ငါ နင့်ကို မမြင်မိလို့ပါ"
ရှောင်ကျိုး ပြန်ဖြေလိုက်သည်။ ကျောက်ဟူ စိတ်ထဲမှနေတွေးလိုက်၏။ မနေ့ကတောင် ရွာလူကြီးလေးက ကျွန်တော့်ကို ခဏခဏတွေ့နေသေးတာကိုများ ဟမ့် တနွီနဲ့အားသို့ နေ့တိုင်းရွာလူကြီးလေးနောက်လိုက်ပြီး ငါ့နေရာကို လုယူနေတာ သေချာတယ်။
ရှောင်ကျိုး အိတ်ကပ်ထဲမှသကြားလုံး အနည်းငယ်ကို အမြန်ထုတ်ယူပြီး ကျောက်ဟူလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူမမေးလိုက်၏။
"မြို့သွားတဲ့လမ်းကိုသိတဲ့လူ ဘယ်သူရှိလဲ၊ နင်တို့သိလား"
ကျောက်ဟူသည် သကြားလုံးတစ်လုံးကိုအခွံခွာပြီး ပါးစပ်ထဲထည့်လိုက်ကာ ပလုတ်ပလောင်းဖြင့် ဖြေလိုက်သည်။
"လျို့တကျူ သိတယ်၊ သူအရင်တုန်းက လောင်းကစားလုပ်တော့ နေ့တိုင်းမြို့ကို ပြေးတာလေ၊ ရှယ်ပဲ ဒီသကြားလုံးကအနံ့ရော အရသာရောအရမ်းမိုက်တယ်နော်"
ကျောက်ဟူသည် လျို့တကျူမှာ ဉာဏ်ကောင်းသော်လည်း သူ့ဉာဏ်ကို လမ်းမှားတွင်သုံးနေကြောင်း မိဘများပြောသံကိုမကြာခဏကြားဖူးသည်။ သူရှာသမျှ ပိုက်ဆံအကုန်လုံးကို လောင်းကစားဝိုင်းတွင် သွားဖြုန်းလေ့ရှိ၏။ အသက် ၃၀နားကပ်နေပြီဖြစ်သော်လည်း သူ့ကိုမိန်းကလေးတစ်ယောက်မှ လက်မထပ်ချင်ကြသဖြင့် လူပျိုကြီး ဖြစ်နေရှာသည်။ ရှောင်ကျိုးမှာဖြစ်နိုင်သည်ဟု ယူဆလိုက်၏။
"ဒါဆို ငါတို့လျို့တကျူကို သွားရှာပြီး မနက်ဖြန် မြို့ကိုလိုက်ပို့ခိုင်းကြမယ်"
သူတို့ကလေးတစ်သိုက် လျို့တကျူအိမ်သို့ရောက်သောအခါ အိမ်တွင်လျို့တကျူနှင့်အဘွားလျို့သာ ရှိကြသည်။ ရွာသားများပြောစကားအရ သူ့ကိုအဘွားလျို့မှ မွေးစားထားခြင်းပင်။ ငယ်စဉ်ကတည်းမှ သားအမိနှစ်ယောက် အတူတူနေထိုင်ခဲ့ကြသည်။ လျို့တကျူသည်ငယ်ရွယ်စဉ်၌ အဘွားလျို့အား ကောင်းကောင်းမွန်မွန်နေနိုင်စေရန် ချမ်းသာချင်စိတ်ဖြင့် လောင်းကစားဝိုင်းသို့သွားခဲ့ရာမှ မထင်မှတ်ဘဲ လောင်းကစားစွဲလမ်းသွားပြီး မိသားစုပိုက်ဆံများကိုဖြုန်းတီးပစ်ခဲ့ဖူးလေ၏။
သူတို့ အိမ်တံခါးခေါက်လိုက်ကြသည်။ ခဏကြာသောအခါ အဘွားလျို့အိမ်ထဲမှနေ တံခါးလာဖွင့်ပေးလာ၏။ ရွာလူကြီးလေးနှင့်အခြားသူများကို မြင်သောအခါ အဘွားလျို့မှာ အိမ်ထဲသို့အမြန်ဖိတ်ခေါ်လိုက်လေသည်။
"အဘွားလျို့ အစ်ကိုကြီးလျို့အိမ်မှာရှိလား"
သူတို့မေးလိုက်ကြသည်။
"ရှိတယ် ရှိတယ်၊ အထဲမှာအိပ်နေတာလေ၊ တကျူ တကျူ မြန်မြန်ထစမ်း၊ ရွာလူကြီးလေး ရောက်နေတယ်"
အဘွားလျို့ လှမ်းအော်နှိုးလိုက်သည်။
ရှောင်ကျိုးနှင့် အခြားသူများသည် အဘွားလျို့နောက်မှ လိုက်ဝင်သွားကြရာ တကျူသည် သစ်သားပျဉ်ပြားပေါ်တွင် အိပ်မောကျနေပြီး မိုးခြိမ်းသံတမျှ အသံကျယ်ကျယ်ဖြင့်ဟောက်နေသည်ကို တွေ့လိုက်ရ၏။ အဘွားလျို့သူ့ကို အမြန်နှိုးလိုက်သည်။
"ရွာလူကြီးလေး နင့်ကိုရှာနေတယ်၊ ဆက်အိပ်မနေနဲ့တော့"
ရှောင်ကျိုး လျို့တကျူကိုကြည့်ပြီး လေးလေးနက်နက် မေးလိုက်၏။
"တကျူ နင်ခုထိ လောင်းကစားလုပ်တုန်းပဲလား"
ရှောင်ကျိုးစိတ်ထဲတွင် လောင်းကစားဆိုသည်မှာ အလွန်ဆိုးရွားသောအရာဖြစ်သည်။ အိမ်နီးချင်းရွာမှ မာကျစ်ဆိုသူသည် လောင်းကစားကြောင့် စည်းစိမ်ဥစ္စာ အကုန်ဆုံးရှုံးပြီး သားသမီးများကို သူများလက်သို့ ရောင်းစားခဲ့ကြောင်း၊ မိန်းမဖြစ်သူ ထွက်ပြေးသွားကြောင်း၊ သူ့ကိုယ်တိုင်လည်း လက်ချောင်းနှစ်ချောင်းဖြတ်ခံလိုက်ရကြောင်း ရွာထဲမှအဒေါ်ကြီးများ ပြောသံကို သူမ ကြားဖူး၏။ ယခုဆိုလျှင် သူ့ဘဝသည်သေတာထက်ပင် ပိုဆိုးနေလေပြီ။
ရှောင်ကျိုးသည် သူမရွာသားများကို ထိုကဲ့သို့ မဖြစ်စေချင်ပေ။ လျို့တကျူသည် ရွာလူကြီးလေးမှ သူ့ကိုထိုသို့မေးလာသောအခါ ချက်ချင်းအိပ်ချင်ပြေသွားပြီး ခုံပေါ်မှထရပ်လိုက်မိသည်။ သူ့လက်ကိုအမြန်ယမ်းပြပြီး ပြောလိုက်လေ၏။
"ရွာလူကြီးလေး ကျွန်တော်က လောင်းကစားမလုပ်တော့ပါဘူး တကယ်ပါ"
အရင်တစ်ခေါက်၌ လောင်းကစားဝိုင်းမှလူများ မာကျစ်လက်ချောင်းများကို ဖြတ်ပစ်လိုက်သည်အား သူကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ယခုအခါသူသည် တကယ်ကိုလောင်းကစားမလုပ်ရဲတော့ပေ။
"ဒါဆိုရင် ကောင်းတာပေါ့၊ နင်နောက်တစ်ခါ လောင်းကစားထပ်လုပ်ရင် ရွာထဲကနေ မောင်းထုတ်ခိုင်းမယ်"
ထောင်ယွမ်ရွာ၏ရွာလူကြီးလေး အနေဖြင့် သူမတွင်ထိုအာဏာရှိပေသည်။ လျို့တကျူသည် ရွာလူကြီးလေးရှေ့တွင် ဒူးထောက်ချင်စိတ်ပင် ပေါက်သွားပြီး အမြန်ပင်ကတိပေးလိုက်၏။
"ရွာလူကြီးလေးရယ် ကျွန်တော် တကယ်မလုပ်တော့ပါဘူး၊ မယုံရင် အမေ့ကိုမေးကြည့်ပါ"
အဘွားလျို့ ဝင်ပြောလေသည်။
"ရွာလူကြီးလေး ဒီရက်ပိုင်း သူ လောင်းကစားဝိုင်းကို တကယ်မသွားပါဘူး၊ နေ့တိုင်း အိမ်မှာပဲအိပ်နေတာ၊ နောက်တစ်ခါ သူလောင်းကစားလုပ်ရင် ကျွန်မကိုယ်တိုင် ရွာလူကြီးလေးဆီတိုင်ပြီး သူ့ကိုရွာထဲကနေမောင်းထုတ်ခိုင်းမယ်"
လျို့တကျူမှာ နေရထိုင်ရခက်နေပြီး ရွာလူကြီးလေးမှာ ဘာကိစ္စကြောင့်သူ့ကို လောင်းကစားမလုပ်ဖို့ သီးသန့်လာသတိပေးရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။ ရှောင်ကျိုးသည် လျို့တကျူပုံစံမှာ လောင်းကစားထပ်လုပ်မည့်ပုံ မပေါ်သည်ကိုတွေ့ရသဖြင့် ကျေနပ်သွားပြီးပြောလိုက်၏။
"ငါတို့ မနက်ဖြန်မြို့ကို သွားကြမလို့၊ နင် လိုက်ပို့ပေးပါလား"
"အဲဒါတော့မဖြစ်ဘူး ရွာလူကြီးလေး၊ ကျွန်တော်သာ ရွာလူကြီးလေးကိုရွာပြင်ခေါ်သွားရင် ရွာအကြီးအကဲတွေက ကျွန်တော် ရွာလူကြီးလေးကို လောင်းကစားဝိုင်းမှာ သွားရောင်းစားမယ်လို့ထင်ကြမှာပေါ့၊ သူတို့သေချာပေါက် သဘောတူမှာမဟုတ်ဘူး"
လျို့တကျူမှာ သူထိုကဲ့သို့မလုပ်မှန်း သိသော်လည်း သူသာရွာလူကြီးလေးတို့ကိုခေါ်သွားလျှင် တစ်ရွာလုံးစိတ်ပူနေကြမည်ကို သိနေသည်။
"ဘာခက်တာမှတ်လို့ ငါ့အဖေကိုပါလိုက်ခဲ့ခိုင်းလိုက်မယ်လေ၊ အစ်ကိုကြီးလျို့က မြို့လမ်းကိုကျွမ်းကျင်တော့ လမ်းပြလုပ်ပေးပေါ့"
ကျောက်ဟူတော့ ဤသည်မှာပြဿနာမဟုတ်ဟုထင်သည်။ အရေးကြီးဆုံးမှာ မနက်ဖြန်မြို့၌ သကြားလုံးသွားရောင်းဖို့ပင်ဖြစ်၏။ သူတို့အားလုံး ထိုသို့ပြောလာကြသဖြင့် လျို့တကျူတွင်လည်းငြင်းစရာအကြောင်းမရှိတော့ပေ။ ရှောင်ကျိုးနှင့် အခြားသူများသည် လျို့တကျူနှင့်အတူ နောက်နေ့သွားမည့် အချိန်ကို အတည်ပြုလိုက်ကြပြီးနောက် လျို့တကျူနှင့် အဘွားလျို့ကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြလေတော့သည်။