အခန်း (၉-၁၀)
Vol. 1 Ch. 9-10
9
နောက်တစ်နေ့မနက်တွင် ကျောက်ဟူနှင့် သူ့ဖခင်ကျောက်တလန်တို့သည် ရွာလူကြီးလေး၏ခြံဝင်းတံခါးဝတွင် လှည်းကိုအသင့်ပြင်ပြီး စောင့်ဆိုင်းနေကြပြီဖြစ်သည်။ မထင်မှတ်ထားဘဲ အပိုပါလာသူမှာ ဝမ်ကျန့်ယီဖြစ်လေ၏။ မနေ့က အဘွားလျို့အိမ်မှ အထွက်တွင် ရှောင်ကျိုး သူ့ကိုသတိရသွားခဲ့ခြင်းပင်။ သူမသည် အဒေါ်ဝမ်အိမ်သို့သွားပြီး ဝမ်ကျန့်ယီကိုပါခေါ်ခဲ့ရန် ပြောလိုက်ခြင်းဖြစ်သည်။ ပထမအချက်မှာ သူသည်မြို့ရှိကျောင်းတွင် တက်နေသူဖြစ်၍ မြို့ကိုသူတို့ထက်ပိုကျွမ်းကျင်သောကြောင့်ပင်။ ဒုတိယအချက်မှာတော့ သူမမစ်ရှင်ပြီးမြောက်အောင် သူ့ကိုအနည်းငယ် စပ်စုကြည့်ချင်သောကြောင့် ဖြစ်ပေသည်။
တနွီနှင့် အားသို့တို့သည် မနေ့ကအဒေါ်လျို့ချုပ်ပေးလိုက်သော ကျားပုံနှင့် ယုန်ပုံကျောပိုးအိတ်များကို လွယ်ထားကြလေ၏။ ကျောက်ဟူသည် သူတို့နှစ်ယောက်မှာ ရွာလူကြီးလေးနှင့်အိတ်ဆင်တူလွယ်ထားသည်အား မြင်သောအခါ မနာလိုလွန်းသဖြင့် မျက်လုံးများပင်နီရဲလာရတော့သည်။ သူသည် ကလေးနှစ်ယောက်နှင့်ရွာလူကြီးလေး၏ ပန်ဒါအိတ်ကြီးကို လက်ညှိုးထိုးပြပြီး မကျေမနပ်ဖြင့် ပြောလိုက်လေ၏။
"မြို့ကပြန်လာရင် ငါ့အမေကိုခြင်္သေ့ပုံ အိတ်ချုပ်ခိုင်းမယ်၊ နင့်ကျားပုံထက် အဆတစ်ရာလောက် ပိုမိုက်စေရမယ်"
အားသို့လည်း ငြိမ်ခံမနေဘဲပြန်ပက်လိုက်၏။
"မင်းခြင်္သေ့က ငါ့ကျားလောက် ဘယ်ကြည့်ကောင်းပါ့မလဲ၊ ငါ့ကျားက ရှယ်ပဲဟ"
နှစ်ယောက်သား အလျှော့မပေးဘဲ အပြန်အလှန်ငြင်းခုန်နေကြရာ ရန်ပွဲမှာပိုကြီးမားလာလေသည်။
"နင်တို့နှစ်ယောက် လိုက်မှာလား မလိုက်ဘူးလား"
ရှောင်ကျိုး ဒေါသတကြီးအော်လိုက်သည်။ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ကောင်လေးနှစ်ယောက် လှည်းပေါ်သို့ လိမ်ဖည်လိမ်ဖည်ဖြင့် တက်သွားလိုက်ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်မျက်စောင်းထိုးရင်း မီးဝင်းဝင်းတောက်မတတ် ကြည့်နေကြသော်လည်း ရွာလူကြီးလေးမှလှည့်ကြည့်လိုက်သည်နှင့် ချက်ချင်း မျက်နှာလွှဲကာ ခါးမတ်မတ်ထားပြီး ငြိမ်ငြိမ်လေး ထိုင်လိုက်ကြတော့၏။
ဝမ်ကျန့်ယီသည် စကားတစ်ခွန်းမှမပြောဘဲ လှည်းပေါ်တက်လိုက်သည်။ စရောက်လာကတည်းမှ ယခုအချိန်ထိ သူသည် စကားတစ်ခွန်းမှဝင်မပြောခဲ့ပေ။ မနေ့ကသာ အဒေါ်ဝမ် သူ့ကိုအော်ဟစ်ဆူပူနေသည်ကိုမမြင်ဖူးလျှင် ရှောင်ကျိုး သူ့အားဆွံ့အနားမကြားသူဟုသာ ထင်မှတ်မိပေလိမ့်မည်။
လှည်းသည် ဂဂျိုးဂဂျောင်လမ်းတစ်လျှောက် အတော်ကြာအောင် မောင်းနှင်လာပြီး နောက်ဆုံးတွင် မြို့သို့ ရောက်ရှိလာလေသည်။ လမ်းခရီးတွင် ရှောင်ကျိုးမှ လျို့တကျူကိုမေးမြန်းထားရာ ယုံဖူစားသောက်ဆိုင်ပတ်ဝန်းကျင်သည် လူအစည်ကားဆုံးဖြစ်ကြောင်းနှင့် ထိုလမ်းတစ်လျှောက်တွင် ဈေးဆိုင်တန်းများဖြင့် ပြည့်နှက်နေပြီး လူသွားလူလာအလွန်များပြားကြောင်း သိရှိခဲ့ရ၏။ ရှောင်ကျိုးသည် သူမအိတ်ကပ်ထဲမှ သကြားလုံးအချို့ကိုထုတ်ယူပြီး တနွီနှင့်အားသို့၏ကျောပိုးအိတ်များထဲသို့ ထည့်ပေးလိုက်သည်။
"ငါတို့ ဒီသကြားလုံးတွေကို ယုံဖူစားသောက်ဆိုင်နားမှာ ရောင်းကြမယ်၊ တစ်လုံးကို ၅ ပြားနော်"
ကျောက်ဟူနှင့်ဝမ်ကျန့်ယီဘက်သို့လှည့်ပြီး သူမဆက်ပြောလိုက်၏။
"နင်တို့နှစ်ယောက်က ပိုက်ဆံကောက်ပြီး ဝယ်သူတွေကို သကြားလုံး ထုတ်ပေးရမယ်"
လေးယောက်သား ပြိုင်တူပြန်ဖြေလိုက်ကြသည်။
"စိတ်ချပါ"
"ရွာလူကြီးလေး ၅ ပြားနဲ့ တကယ်ရောင်းထွက်ပါ့မလား"
တနွီ စိုးရိမ်တကြီး မေးလိုက်သည်။
"မြို့မှာရောင်းတဲ့ မုယောသကြားလုံးတောင် တစ်လုံးမှ ၂ ပြားပဲပေးရတာလေ"
"ရောင်းထွက်တာပေါ့"
ရှောင်ကျိုး ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"ငါ့သကြားလုံးက ပိုလှပြီးပိုလည်းစားကောင်းတယ်"
"ကျွန်တော်ယုံတယ် ရွာလူကြီးလေး၊ ကျွန်တော်တို့ပိုက်ဆံတွေ အများကြီးရတော့မှာ"
"ကျွန်တော်ရောပဲ ကျွန်တော်လည်း ယုံတယ်"
ကျောက်ဟူနှင့် အားသို့သည် သူတို့၏သစ္စာစောင့်သိမှုကို ပြသရန် အခွင့်အရေးကို လက်လွတ်မခံကြပေ။
လျို့တကျူသည် ကလေးတစ်သိုက် ပိုက်ဆံရှာမည့် အစီအစဉ်ဆွဲနေကြသည်ကိုကြည့်ပြီး စိတ်ဝင်စားလာကာ အရသာခံနားထောင်နေလေသည်။ လူအစည်ကားဆုံး လမ်းမပေါ်သို့ ရောက်သောအခါ ကလေးတစ်အုပ်သည် ပန်ဒါ၊ ယုန်နှင့် ကျားပုံစံ ကျောပိုးအိတ်သုံးလုံး၏ ဆွဲဆောင်မှုကြောင့် သူတို့အနားသို့ဝိုင်းအုံလာကြတော့၏။ ကလေးတစ်သိုက်မှာ ပြေးလာပြီး အိတ်များကိုလက်ညှိုးထိုးကာ မေးလာကြသည်။
"ဒီကျောပိုးအိတ်တွေ ဘယ်ကဝယ်တာလဲ"
"ငါ့အမေ ချုပ်ပေးတာ၊ ငါ့အမေက အရမ်းတော်တာလေ"
အားသို့ ရင်ကော့ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သူသည် သူ့ကျောပိုးအိတ်နှင့်တူသော ကျားပုံစက္ကူဖြင့်ထုပ်ထားသည့် သကြားလုံးကို ထုတ်ပြလိုက်၏။
"တွေ့လား ငါ့အိတ်က ဒီမုန့်ထုပ်ခွံပေါ်က ကျားပုံနဲ့အတူတူပဲ မိုက်တယ်မလား၊ ပြီးတော့ ဒီသကြားလုံးကလေ အရမ်းစားကောင်းတာ၊ မင်းတို့ဘယ်တော့မှ စားဖူးမှာ မဟုတ်ဘူး"
"တကယ်လား"
မြို့နေကလေးများ သံသယဝင်နေကြသည်။ သူတို့မှာ အချိုပွဲတွေအများကြီး စားဖူးကြသည်ပင်။ ရှောင်ကျိုးမှာ သကြားလုံးအချို့ကို ထုတ်ပေးလိုက်သည်။
"ရော့ မြည်းကြည့်လိုက် မကြိုက်ရင်မဝယ်နဲ့"
တစ်ကိုက်,ကိုက်လိုက်သည်နှင့် သူတို့ယုံကြည်သွားကြသည်။ သူတို့စားဖူးသမျှ သကြားလုံးများထက်အရသာပိုရှိပြီး ဆိမ့်နေပေ၏။ တိရစ္ဆာန်ပုံမုန့်ထုပ်ခွံများကို ပထမဆုံးအကြိမ်မြင်ဖူးပြီး သူ့အမေမြို့တော်မှဝယ်လာပေးသော မုန့်များထက်ပင် ပိုစားကောင်းနေသဖြင့် ဖက်တီးလေးတစ်ယောက်မှာ စိတ်အားထက်သန်စွာဖြင့်မေးလိုက်သည်။
"မင်းတို့ ဒါတွေရောင်းတာလား"
"လိုချင်လား တစ်လုံးကို ၅ပြား"
ရှောင်ကျိုး ပြောလိုက်သည်။
"ယူမယ်"
ဖက်တီးလေး ချက်ချင်းပြန်ဖြေလိုက်သည်။
"ဘယ်နှလုံး ယူမလဲ၊ ငါ့ဆီမှာ ကြောင်လေးတွေ၊ ခွေးလေးတွေ၊ ကျားတွေ၊ ခြင်္သေ့၊ ငှက်၊ ယုန်၊ မျောက် ဘယ်ဟာ ကြိုက်လဲ"
သူမသကြားလုံးများကို ဖြန့်ပြလိုက်သည်။ ကလေးများ၏မျက်လုံးများ ဝိုင်းစက်သွားကြ၏။
"ဝါး တိရစ္ဆာန်တွေအများကြီးပဲ၊ အကုန်လုံး ချစ်ဖို့ကောင်းလိုက်တာ"
"မင်း ကျောပိုးအိတ်ထဲကဟာတွေ အကုန်ယူမယ်"
ဖက်တီးလေးမှာ သူဌေးကြီးစတိုင်ဖြင့် ပြောလိုက်သည်။ အားသို့၏ကျားပုံအိတ်ကို လက်ညှိုးထိုးပြီး ဆက်ပြောလာ၏။
"အဲ့အိတ်ရော ဝယ်လို့ရလား၊ မင်းအမေကို နောက်တစ်ခုထပ်ချုပ်ပေးလို့ရတယ်မလား"
အားသို့ ရှောင်ကျိုးထံလှမ်းကြည့်ပြီး တီးတိုးမေးလိုက်သည်။
"ရွာလူကြီးလေး ကျွန်တော်ရောင်းလိုက်ပြီး အမေ့ကို နောက်တစ်လုံးထပ်ချုပ်ခိုင်းလိုက်ရမလား၊ အိတ်တစ်လုံးကို ဘယ်လောက်နဲ့ ရောင်းရမလဲ"
လက်လုပ်အိတ်ဆိုတော့ ဈေးပိုကြီးသင့်သည်ဟုတွက်လိုက်ပြီး ရှောင်ကျိုးပြန်ဖြေလိုက်၏။
"တစ်လုံးကို ပြား ၂၀၀"
သူမသည် သူမအိတ်ကိုပုတ်ပြလိုက်သည်။
"ငါ့ဆီမှာ သကြားလုံး၂၀၀ပဲ ကျန်တော့တယ် အကုန်ယူမှာလား"
"အင်း ငါ့မိသားစုကအကြီးကြီးပဲ"
ကောင်လေးမှာ ပြန်ပြောရင်း သူ့အစေခံအားပိုက်ဆံရှင်းခိုင်းလိုက်သည်။ ဖက်တီးလေးမှ ပစ္စည်းပြတ်အောင်ဝယ်နေသည်ကိုမြင်သောအခါ အခြားကလေးများလည်း အော်ဟစ်လာကြ၏။
"ငါလည်း လိုချင်တယ် ကျန်သေးလား၊ ငါ့ကို ၁၀လုံးပေး"
"ငါ့ကို အလုံး ၂၀"
"၅ လုံးပေး"
"အလုံး၃၀"
"ငါ အဲ့ဒီယုန်ပုံအိတ် လိုချင်တယ်"
"ပန်ဒါကျောပိုးအိတ်က ငါ့ဟာနော်"
"ငါရောပဲ ယုန်ပုံအိတ်လေး လိုချင်တယ်"
အားသို့နှင့် တနွီတို့သည် သကြားလုံးများကို ဝမ်ကျန့်ယီထံအလုအယက် ကမ်းပေးနေကြသည်။ ဝမ်ကျန့်ယီသည် ကျောင်းနေဖူးသူပီပီ လျင်မြန်စွာ ရေတွက်၍တွက်ချက်ပြီး ကလေးများထံမုန့်ပေးကာ ပိုက်ဆံသိမ်းနေလေ၏။ အိတ်လိုချင်သော မိန်းကလေးများအတွက် ရှောင်ကျိုးသည် ပထမဆုံးဦးသူကိုရောင်းပေးလိုက်ပြီး ကျန်သူများအတွက် ကြိုတင်မှာယူမှုလက်ခံလိုက်သည်။ နောက်ဈေးနေ့ကျလျှင် အိတ်တွေယူလာပေးမည်ဟု ကတိပေးလိုက်ပြီး သူတို့ကြိုက်နှစ်သက်ရာ တိရစ္ဆာန်ပုံစံကိုရွေးချယ်ခိုင်းလိုက်၏။
ကောင်မလေးများသည် ဝမ်းသာအားရအော်ဟစ်လိုက်ကြပြီး ပုံစံများရွေးချယ်ကြလေသည်။ အိတ်ဝယ်ရသွားသူများကလည်း ချက်ချင်းပင်လွယ်လိုက်ကြ၏။ အထူးသဖြင့် ဖက်တီးကောင်လေးသည် အိမ်သို့အမြန်ပြန်ပြီး သူ့ဝမ်းကွဲများကို သူ့အိတ်အသစ်နှင့် သကြားလုံးများကြွားရန် မစောင့်နိုင်တော့ပေ။ သကြားလုံးရောင်းပွဲကြီးသည် အံ့ဩစရာကောင်းလောက်အောင် ချောမွေ့သွားခဲ့သည်။ ရှောင်ကျိုးသည် လျို့တကျူထံမှကြေးပြားများကိုယူပြီး ရေတွက်ကြည့်လိုက်၏။
သကြားလုံးရောင်းရငွေ - နှစ်တေးနှင့် ပြား ၂၀၀
အိတ်ရောင်းရငွေ - ပြား ၆၀၀
ကျောက်တလန်နှင့် လျို့တကျူတို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ပိုက်ဆံရှာရတာ ဒီလောက်လွယ်သလား။ မြို့က,ကလေးတွေက ဒီလောက်တောင် ပိုက်ဆံပေါတယ်ပေါ့လေ။
ရှောင်ကျိုးမှာရရှိသောငွေများကို ခွဲဝေလိုက်သည်။ တစ်ယောက်လျှင် လုပ်အားခအဖြစ် ပြား ၁၀၀စီ၊ အဒေါ်လျို့အိတ်ဖိုး ပြား၆၀၀၊ သူမကပြား ၁၇၀၀ယူလိုက်သည်။ ကလေးများမှာ သူတို့သိပ်မကူညီခဲ့ရပါဘူးဟုဆိုကာ ငြင်းဆန်ကြသော်လည်း ရွာလူကြီးလေးမှ လုပ်အားခမယူလျှင် နောက်တစ်ခါမခေါ်တော့ဘူးဟု ခြိမ်းခြောက်လိုက်သဖြင့် အမြန်ပင်ပိုက်ဆံများကို သိမ်းဆည်းလိုက်ကြ၏။ သကြားလုံးများရောင်းပြီးသွားသောအခါ ရှောင်ကျိုးသည် သူမမစ်ရှင်ကိုသတိရသွားပြီး ဝမ်ကျန့်ယီကျောင်းသို့သွားရန် ဆုံးဖြတ်လိုက်လေသည်။ သူမမေးလိုက်၏။
"ဝမ်ကျန့်ယီ နင်ကဘယ်ကျောင်းမှာတက်တာလဲ"
10
"ကျွန်တော်သိတယ် ရွာလူကြီးလေး ကျွန်တော် လိုက်ပို့မယ်"
လုပ်အားခရထားကာစမို့ လျို့တကျူမှာ ကြက်သွေးထိုးထားသကဲ့သို့ အားအင်များပြည့်ဖြိုးနေလေသည်။ အားလုံး တွေးလိုက်ကြသည်မှာ လျို့တကျူက တကယ်ပဲမြို့ကို ကျွမ်းကျင်တာပဲ။ သူ မသိတာဘာမှမရှိဘူး။ တနွီ ရွာလူကြီးလေးကိုမေးလိုက်၏။
"ရွာလူကြီးလေး ကျောင်းသွားပြီးစာသင်မလို့ စိတ်ကူးနေတာလား"
ရှောင်ကျိုး ပိုက်ဆံအိတ်ထဲသို့ပိုက်ဆံထည့်ရင်း ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ ငါကျောင်းမရောက်ဖူးသေးလို့လေ၊ ကျောင်းဆိုတာဘယ်လိုပုံစံလဲသိချင်လို့ သွားကြည့်မလို့"
အားသို့ သူ့လက်ထဲမှပြား ၁၀၀ကို ပွတ်သပ်ရင်း အားကျသောလေသံဖြင့် ပြောလိုက်လေသည်။
"သားလည်း ကျောင်းတက်ချင်တယ်၊ အဖေပြောဖူးတယ် ကျောင်းမှာစာသင်ပြီး နောင်တစ်ချိန် နန်းတွင်းစာမေးပွဲ အောင်ရင် အရာရှိဖြစ်နိုင်တယ်တဲ့၊ တစ်သက်လုံးလယ်သမားဘဝနဲ့ မနေရတော့ဘူးတဲ့လေ၊ ဒါပေမယ့် အဖေပြောတာက သားကိုကျောင်းထားဖို့ ပိုက်ဆံမရှိဘူးတဲ့"
တနွီလည်း အလွန်အားကျနေမိသည်။ သို့သော် ရွာမှာအလွန်ဆင်းရဲသဖြင့် ယောင်္ကျားလေးများပင် ကျောင်းမနေနိုင်ကြရာ မိန်းကလေးများအဖို့ဆိုလျှင် ဝေလာဝေးပင်ဖြစ်ချေသည်။ ကျောက်ဟူမှာ လက်သီးဆုပ်၍ လက်မောင်းကွေးလိုက်ပြီး မရှိသောကြွက်သားများကို ညှစ်ပြရင်းပြောလိုက်၏။
"ငါကတော့ စာမသင်ချင်ဘူး၊ ငါကသိုင်းကျင့်ပြီး ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံး သူရဲကောင်းဖြစ်ချင်တာ"
အားသို့ မျက်လုံးလှန်ကြည့်လိုက်သည်။
"မဖြစ်နိုင်ပါဘူး၊ ရွာလူကြီးလေးကသာ အစွမ်းအထက်ဆုံးပဲဟာ"
ကျောက်ဟူမှာ ယုံကြည်မှုမလျော့ဘဲ ပြောလိုက်လေသည်။
"ဒါဆိုရင် ငါက ကမ္ဘာပေါ်မှာဒုတိယအကြီးကျယ်ဆုံး သူရဲကောင်းလုပ်မှာပေါ့"
"ငါ မလိုက်ဘူး"
တောက်လျှောက်တိတ်ဆိတ်နေခဲ့သော ဝမ်ကျန့်ယီမှာ နောက်ဆုံးတော့ပါးစပ်ဟလာပြီး ငြင်းဆန်လိုက်သည်။ သူ ကျောင်းသွားဖို့ကို အကြီးအကျယ် ငြင်းဆန်နေသည်မှာ ထင်ရှားနေသော်လည်း ရှောင်ကျိုးမှ စနစ်အားဝမ်ကျန့်ယီ ကျောင်းမတက်ချင်ဘူးဟု ပြောလိုက်ချိန်တွင်မူ မစ်ရှင်ပြီးမြောက်ကြောင်း မပြပေ။ ထိုသို့ဆိုလျှင် ဝမ်ကျန့်ယီမှာ စာသင်ရခြင်းအားမကြိုက်သည်မဟုတ်ဘဲ အခြားအကြောင်းကြောင့်ငြင်းနေသည်သာ ဖြစ်ရမည်။ ရန်ဖြစ်ရမည့်ကိစ္စဆိုလျှင် ရှောင်ကျိုးမှာ ထိပ်ဆုံးကပြေးထွက်မည့်သူ ဖြစ်သော်လည်း ဦးနှောက်သုံးရမည့်ကိစ္စဆိုလျှင်တော့ ခွင့်လွှတ်ပေးကြပါဟုပြောရမည်ပင်။ ဇွန်ဘီပေါက်စလေး၏ဦးနှောက်အသစ်စက်စက်လေးအား အသုံးမပြုသည်မှာကြာပြီဖြစ်၏။
သူတို့အားလုံး ဝမ်ကျန့်ယီမှဘာကြောင့်ကျောင်းမသွားချင်တာလဲဟု မေးရန် ပြင်လိုက်စဉ်မှာပင် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်ကောင်လေးတစ်သုတ် သူတို့ဆီလျှောက်လာကြသည်။ အပြာရောင်ပိုးသားဝတ်စုံဝတ်ထားသော ကောင်လေးတစ်ယောက်မှ ပြောလိုက်၏။
"ဟေး ကြည့်စမ်း ဒါက ဟိုတောသားမလား၊ ဘာလို့ဆိပ်ကမ်းမှာ ကုန်မထမ်းတော့တာလဲ၊ လမ်းဘေးတက်ပြီး သကြားလုံးလာရောင်းနေပါလား"
အနက်ရောင်ပိုးသားဝတ်စုံဝတ်ထားသော ကောင်လေးကလည်း မေးငေါ့ပြီး ပြောလိုက်လေသည်။
"လယ်သမားကံပါလာပြီး ရွှံ့နံ့တွေ နံစော်နေတဲ့ကောင်ကများ ဒီလိုပညာရှိတွေရှိတဲ့နေရာကိုလာပြီး ငါတို့နဲ့တစ်ကျောင်းတည်း လာတက်ရဲတယ်ပေါ့လေ၊ ကံဆိုးလိုက်တာကွာ"
နောက်ထပ်ကောင်လေးတစ်ယောက်ကလည်း အထင်သေးစွာဖြင့်ဝင်ပြော၏။
"ကြည့်ပါဦး သူတောင်းစားရုပ်ပေါက်နေတာပဲ၊ ဒီကျောင်းတော်ကြီးရဲ့ သန့်ရှင်းမှုကို လာညစ်ညမ်းစေတယ်"
ထိုကောင်လေးများ၏မျက်နှာပေါ်တွင် အထင်သေးရွံရှာမှုများ အပြည့်ဖြစ်နေပြီး မျက်လုံးများတွင်လည်းမထီမဲ့မြင်ပြုမှုများဖြင့်ပြည့်နှက်နေကာ လေသံများကလည်း ထေ့ငေါ့စောင်းမြောင်းမှုများ ပါဝင်နေသည်။ ရှောင်ကျိုးနှင့် အခြားသူများမှာ ဒေါသထွက်လွန်း၍ မျက်နှာများပင် နီရဲလာကြရ၏။ ရှေးခေတ်မှပညာရှိ စာသင်သားများဆိုလျှင် နှိမ့်ချတတ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ ရည်မွန်ကြသည်ဟု ရှောင်ကျိုးအမြဲ တွေးထင်ထားခဲ့ဖူးပေသိ ဒီကောင်လေးတွေကတော့ ဘေးရွာကရန်ဖြစ်နေကျအဒေါ်ကြီးတွေနဲ့ ဘာမှမခြားပါပေ။
"နင်တို့ပညာရှိတွေ အကုန်လုံးကဒီလိုပဲ စကားပြောကြတာလား"
ရှောင်ကျိုး ဝမ်ကျန့်ယီထံသံသယဖြင့် မေးလိုက်သည်။ ဤအချိန်တွင် ဝမ်ကျန့်ယီမှာတော့ ရွာသို့အမြန်ပြန်ချင်နေပြီ ဖြစ်သည်။ ဤနေရာ၌တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ပေ။ ထိုကောင်လေးများမှာလည်း ရှောင်ကျိုး ပြောလိုက်သည်ကို ကြားသွားကြ၏။
ကောင်လေးများမှာ အထင်သေးဟန်အပြုံးများဖြင့် ပြောလိုက်ကြလေသည်။
"ဒါဆို မင်းတို့ကဒီလယ်သမားရဲ့ ညီအစ်ကိုမောင်နှမတွေပေါ့လေ၊ မွဲတေနေတဲ့သူတောင်းစားရုပ်ပေါက်နေကြတာ မဆန်းပါဘူး၊ မြို့ကို ပထမဆုံးအကြိမ်ရောက်ဖူးတာလားကွ၊အတွေ့အကြုံမရှိတဲ့ တောသားတွေ"
ကောင်လေးများသည် အသံကျယ်ကျယ်ဖြင့် ဟားတိုက်ရယ်မောလိုက်ကြသည်။ တနွီနှင့် အခြားသူများသည် စာတတ်ပေတတ်ပညာရှိများကို အမြဲ အထင်ကြီးလေးစားခဲ့ကြသဖြင့် ယခုလို အခြေအနေတွင် ဘာလုပ်ရမှန်းမသိပျာယာခတ်သွားကြ၏။ သူတို့အင်္ကျီအဝတ်စများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာမျက်နှာများနီရဲနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြရှာပေ။ သို့သော် ရှောင်ကျိုးမှာတော့ မည်သူနည်း။ သူမ ချက်ချင်းခါးထောက်လိုက်ပြီး ပြန်ပက်လိုက်တော့သည်။
"တောကလာတော့ ဘာဖြစ်လဲ၊ ငါတို့က နင်တို့ထမင်းစားထားလို့လား၊ နင်တို့က ဘာကိစ္စအပိုတွေ လာပြောနေတာလဲ၊ နင်တို့ဆရာက လူကြီးကိုရိုသေ လူငယ်ကိုလေးစားရမယ်လို့ မသင်ပေးထားဘူးလား"
ကျောက်ဟူလည်း ဝင်ပြောသည်။
"ဟုတ်တယ် မင်းတို့ကစာတော်တယ်ဆိုရင် ဘာလို့သက်သေပြတဲ့အနေနဲ့ နန်းတွင်းစာမေးပွဲဝင်ဖြေပြီး ပထမအဆင့်ရအောင်မယူကြတာလဲ"
ဤတောသားများမှ ပြန်ပြောရဲသည်ကိုတွေ့လိုက်ရသောအခါ ကောင်လေးများမှာ ပြန်ပြောလာကြသည်။
"ငါတို့ကဘယ်သူတွေလဲဆိုတာ မင်းတို့ သိလား၊ ဝမ်ကျန့်ယီ မင်းကျောင်းပြန်မတက်ချင်တော့ဘူးလား"
ဝမ်ကျန့်ယီမှာတော့ အခုချိန်မှာကျောင်းပြန်မတက်ဖို့ ဆုံးဖြတ်ချက်ခိုင်မာသွားပြီဖြစ်၍ ကြောက်စရာအကြောင်းမရှိတော့ပေ။
"ကျွန်တော် ကျောင်းပြန်မတက်တော့ဘူး၊ စာသင်တယ်ဆိုတာလူကို ပညာရှိစေတယ်လို့ ကျွန်တော်ထင်ခဲ့တာ၊ ဒါပေမယ့် ခင်ဗျားတို့အပြုအမူတွေကိုကြည့်ရတာတော့ ဒီစာအုပ်တွေကိုမဖတ်တာကမှ ပိုကောင်းဦးမယ်၊ လယ်သမားဖြစ်ရတာလည်း ကောင်းတာပါပဲ၊အနည်းဆုံးတော့ ကျွန်တော်တို့ကယဉ်ကျေးမှုနဲ့ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ နားလည်ကြတယ်လေ"
"ကောင်းပြီလေ ပြီးရော သွားကြစို့"
ဘေးပတ်ဝန်းကျင်မှလူများမှ သူတို့ကိုဝိုင်းကြည့်ပြီး အပြစ်တင်လက်ညှိုးထိုးလာကြသဖြင့် ကောင်လေးများသည် ချက်ချင်းပြန်လှည့်သွားကြတော့သည်။
ရှောင်ကျိုး ဝမ်ကျန့်ယီကိုမေးလိုက်၏။
"နင့်ကျောင်းက ကျောင်းသားတွေအကုန်လုံးက ဒီလိုချည်းပဲလား"
ဝမ်ကျန့်ယီ ပြန်ဖြေသည်။
"အတော်များများက ဒီလိုပါပဲ၊ သူတို့က ချမ်းသာတဲ့သူဆိုရင် ဖားပြီး ဆင်းရဲသားဆိုရင် အနိုင်ကျင့်ကြတယ်၊ ကျွန်တော့်လို လယ်သမားသားသမီးတွေဆိုရင် ကျောင်းမှာသူတို့ရဲ့ အနိုင်ကျင့် ဒေါသဖြေစရာသက်သက်ပဲ၊ ကျွန်တော် သူတို့လိုလူမျိုးမဖြစ်ချင်ဘူး၊ ဒါကြောင့် ကျောင်းပြန်မတက်ချင်တော့တာ"
အားလုံး တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် အားသို့ပင်။ သူသည်မြို့ကျောင်းတွင်တက်နေရသော ဝမ်ကျန့်ယီကို အမြဲအားကျခဲ့ဖူးသည်။ သို့သော် အခုတော့ ရွာထဲမှာသာကြောင်နောက်လိုက် ခွေးနောက်လိုက်ရင်းဆော့နေရသည်ကပင် တော်သေးသည်ဟုခံစားလိုက်ရ၏။ မိုးချုပ်စပြုလာပြီ ဖြစ်၍ သူတို့အုပ်စု ရွာသို့အရင်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ အဒေါ်လျို့အိတ်ချုပ်ပြီးမှသာ မြို့သို့နောက်တစ်ခေါက်ပြန်လာကြမည်။ လှည်းပေါ်သို့ရောက်သောအခါ ရှောင်ကျိုး စနစ်ကို မေးလိုက်လေသည်။
"ငါ့ မစ်ရှင် ပြီးသွားပြီလား"
"ဂုဏ်ယူပါတယ် သခင်ရေ မစ်ရှင် ပြီးမြောက်ပါပြီ။
ဆုလက်ဆောင် - အမှတ် ၅၀ နှင့် ကံစမ်းမဲတစ်စောင်"
"စနစ်ရေ ရွာမှာကျောင်းတစ်ကျောင်း ငါဆောက်ချင်တယ်၊ ဒါမှ အားသို့၊ ဝမ်ကျန့်ယီ၊ တနွီ နဲ့ကျောက်ဟူတို့လည်း ကိုယ့်ရွာမှာကိုယ်စာသင်လို့ရပြီး အပြင်လူတွေရဲ့ အနိုင်ကျင့်တာမခံရတော့မှာ"
ရှောင်ကျိုးကိုယ်တိုင်မှာ စာသင်ရသည်အားမကြိုက်ပေသိ စာဖတ်ခြင်းမှာ ဗဟုသုတတိုးပွားစေပြီး အမြင်ကျယ်စေမှန်းတော့သိသည်။ ရွာရှိကလေးတွေကို ဤတောင်ပေါ်ရွာလေးထဲမှာပင် တစ်သက်လုံးပိတ်မိမနေစေချင်ပေ။ သူတို့ကြီးပြင်းလာသည့်အခါ သူတို့ဝါသနာပါရာကိုလုပ်ကိုင်နိုင်ပြီး ဤကမ္ဘာလောကကြီး၏မြစ်ချောင်းအင်းအိုင် တောင်တန်းကြီးတွေကို သွားရောက်မြင်တွေ့စေချင်သည်။
ဆိုရိုးစကားပုံပင် ရှိလေ၏။
*စာအုပ်တစ်သောင်းဖတ်ရှုပြီး မိုင်တစ်သောင်းခရီးနှင်ပါ*တဲ့လေ။
"ဂုဏ်ယူပါတယ် သခင်ရေ အရည်အချင်းပြည့်မီတဲ့ ရွာလူကြီးတစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းပိုနီးစပ်လာပါပြီ"
စနစ်မှာ အလွန်ကျေနပ်သွားသည်။ သခင်ဖြစ်သူအနေဖြင့် ထောင်ယွမ်ရွာဆိုသည့် နေရာကျဉ်းကျဉ်းလေးမှာသာအမြင်မကျဉ်းစေဘဲ ကမ္ဘာလောကကြီးကိုပိုပြီး လေ့လာကြည့်ရှုသင့်ပေသည်။
"အခုပဲမဲနှိုက်လိုက်မလား သခင်ရေ"
"နှိုက်မယ်"
ရှောင်ကျိုး ပြောလိုက်သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ မျက်နှာပြင်တွင် မဲနှိုက်ခြင်းပြီးဆုံးသွားကြောင်း ပေါ်လာ၏။ မဲပေါက်သည့်ဆုလက်ဆောင်မှာ အဆိပ်ဖြေဆေးလုံး တစ်လုံးဖြစ်သည်။ ရှောင်ကျိုးမှာတော့ စနစ်ပေးသည့်ဆုလက်ဆောင်များမှာ တဖြည်းဖြည်းပိုပြီးထူးဆန်းလာသည်ဟုသာထင်နေမိ၏။