← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

15

သူတို့တစ်ဖွဲ့လုံး ဆီကြော်မုန့်ရောင်းသည့် သရေစာဆိုင်လေးရှေ့သို့ ပြေးသွားကြလေသည်။

​"ငါ့ကို ၅ ခုပေးပါ"

​ရှောင်ကျိုးသည် အရင်တစ်ခေါက်မြို့သို့လာစဉ်ကရရှိခဲ့သော ကြေးပြားများကိုထုတ်ကာမေးလိုက်၏။

​"တစ်ခုကို ဘယ်လောက်လဲ"

​"တစ်ခုကို၂ပြားပါ"

​လမ်းဘေးဈေးသည်မှ ပြုံးပြီးဖြေသည်။ ​ရှောင်ကျိုးသည် ၁၀ပြားကိုရေတွက်ပြီး ဈေးသည်ထံပေးလိုက်သည်။ ​ကျောက်ဟူမှာ သူ့ကြေးပြားများကို ချက်ချင်းထုတ်ကာပြောလိုက်သည်။

​"ရွာလူကြီးလေး ကျွန်တော့်မှာပိုက်ဆံရှိတယ်၊ ကိုယ့်ဘာသာရှင်းလိုက်မယ်"

​ရှောင်ကျိုး ဆီကြော်မုန့်များကိုဝေပေးကာပြောလိုက်၏။

​"နင့်ပိုက်ဆံတွေကို နောက်ကျမိန်းမယူဖို့ စုထားလိုက်"

​"အင်းပါ"

​ကျောက်ဟူသည် မိန်းမယူလျှင်မည်သည့်နေရာ၌အသုံးဝင်သည်ကိုမသိသော်လည်း ရွာထဲရှိလူတိုင်းမှာ မိန်းမယူကြ၏။ အကယ်၍ သူသာမိန်းမ,မယူလျှင် လျို့တကျူလိုအသုံးမကျသူဟု ပြောဆိုခံရပေလိမ့်မည်။ ထို့ကြောင့် ကျောက်ဟူစိတ်ထဲတွင် မိန်းမယူခြင်းသည် အလွန်အရေးကြီးသောကိစ္စဖြစ်ပြီးမိန်းမယူမှသာ အသုံးဝင်သောလူတစ်ယောက်ဖြစ်လာမည်ဟု မှတ်ယူထားလေသည်။ ကလေးတစ်သိုက်သည် လမ်းတစ်လျှောက် ဟိုဟိုဒီဒီ လျှောက်သွားပြီး ပစ္စည်းအတော်များများဝယ်ယူလိုက်ကြသည်။ နောက်ဆုံးဘာမှထပ်မသယ်နိုင်တော့သည့် အခြေအနေရောက်မှသာ ရွာသို့ပြန်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

​စားသောက်ဆိုင်ရှေ့သို့ သူတို့ပြန်ရောက်လာကြပြီး လှည်းပေါ်သို့အမြန်တက်လိုက်ကြသည်။ မုဆိုးထျန်းသည် လှည်းကိုပြင်ဆင်ပြီးထွက်လာခဲ့၏။ ကလေးများသည် စည်ကားသောမြို့အကြောင်း စိတ်လှုပ်ရှားစွာပြောဆိုနေကြရင်း လှည်းပေါ်တွင်တင်ထားသော သူတို့ဝယ်လာသည့် ပစ္စည်းများကို ကြည့်ရှုနေကြလေသည်။ ​လှည်းသည် နှစ်နာရီခန့်မောင်းနှင်လာခဲ့၏။ နေဝင်စပြုလာပြီဖြစ်၍ လမ်းပေါ်တွင် လူသွားလူလာနည်းပါးလာသည်။ ထိုအချိန်တွင် ယခင်တစ်ခေါက်မှနေရာဖြစ်သော ထိုတောအုပ်နားသို့ရောက်သောအခါ ရုပ်ဆိုးပန်းဆိုးလူမိုက် ၄-၅ ယောက်ခန့်သည် ဓားရှည်များကိုင်ဆောင်ကာ ရုတ်တရက်ပြေးထွက်လာကြလေသည်။ ​သူတို့သည်မုဆိုးထျန်းနှင့် လှည်းပေါ်ပါကလေးများထံအော်ဟစ်လိုက်ကြ၏။

​"ရပ်လိုက်စမ်း"

​မုဆိုးထျန်းသည် ကလေးများကိုလှည်းထဲသို့ အမြန်တွန်းပို့လိုက်ပြီး သူကိုယ်တိုင်လှည်းရှေ့မှ ကာရပ်လိုက်၏။

​"နေ့ခင်းကြောင်တောင်ကြီး ဘာလုပ်ကြမလို့လဲ"

​လူမိုက်ကြီးများသည် လက်ထဲမှဓားများကိုမြှောက်ပြလိုက်ပြီး ခြိမ်းခြောက်လာလေသည်။

​"ဘာလုပ်မလို့လဲ ဟုတ်လား၊ ငါ့လက်ထဲကဓားကို မမြင်ဘူးလား၊ ပါလာတဲ့ ငွေတွေအကုန်ထုတ်ပေးလိုက်စမ်း"

​မုဆိုးထျန်း အမြန်ပြန်ပြောလိုက်သည်။

​"ကျုပ်တို့ကဈေးဝယ်ဖို့ မြို့တက်လာတဲ့ လယ်သမားတွေပါ၊ ကျုပ်တို့ဆီမှာ ပိုက်ဆံသိပ်မပါပါဘူး၊ ပါလာတာတွေလည်း ပစ္စည်းဝယ်လိုက်လို့ကုန်ပါပြီ၊ ပစ္စည်းတွေ လှည်းပေါ်မှာရှိတာမလို့ ကျုပ်ယူပေးပါ့မယ်"

​လူမိုက်တစ်ယောက်မှာ မုဆိုးထျန်းအားခြေထောက်ဖြင့် ကန်ထုတ်လိုက်လေသည်။

​"ငါဘာမှမသိဘူးလို့မထင်နဲ့၊ စားသောက်ဆိုင်ရှေ့မှာ မင်းတို့ကို စောင့်ကြည့်နေတာကြာပြီ၊ ခုနလေးတင် တောဝက်ရောင်းခဲ့တယ်မလား၊ ပိုက်ဆံ အမြန်ထုတ်ပေးစမ်း"

​ရှောင်ကျိုးသည် မုဆိုးထျန်းအကန်ခံလိုက်ရသည်ကိုမြင်သောအခါ ဒေါသထွက်သွားလေသည်။

​"နင်တို့ သေချင်နေတာလား"

ရှောင်ကျိုးမှာ လူအုပ်ကြီးကိုစူးစိုက်ကြည့်ကာ ပြောလိုက်သည်။ ​လူမိုက်ကြီးများသည် ကလေးမလေးမှသူတို့ကို လုံးဝမကြောက်သည်အားတွေ့လိုက်ရ၏။

​"ပိုက်ဆံအမြန်ထုတ်ပေး မဟုတ်ရင် မင်းတို့အကုန်လုံးကို ကျွန်ကုန်သည်ဆီ ရောင်းပစ်လိုက်မယ်"

​မျက်နှာတွင်အမာရွတ်နှင့်လူက ခြိမ်းခြောက်လိုက်သည်။ ​ကျောက်ဟူမှာ မထီမဲ့မြင်ဟန်ဖြင့် ပြန်ပြောလိုက်လေ၏။

​"ဟမ့် မပေးနိုင်ဘူး၊ သတ္တိရှိရင်လာခဲ့လေ၊ မင်းတို့တွေ အမေကယ်ပါ အဖေကယ်ပါ တစာစာအော်ရအောင်ရိုက်ပြမယ်"

​"ဟုတ်တယ် သတ္တိရှိရင် မင်းတို့အဘိုး ဒီမှာရှိတယ် လာသတ်ကြည့်လေ၊ အဘိုးက မင်းတို့ကိုကြောက်နေမယ်ထင်လား"

​ကလေးများသည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိကြပေ။ ရှောင်ကျိုးမကြောက်ရခြင်းမှာ သူမ၏အစွမ်းအစကို သူမယုံကြည်သောကြောင့် ဖြစ်သည်။ စွမ်းအားရှင်လူသားတွေတောင် သူမကိုမနိုင်ခဲ့တာ ဒီလူတွေလောက်ကတော့ စာဖွဲ့နေစရာတောင်မလိုဘူး။ ​ကျောက်ဟူနှင့် အခြားသူများ မကြောက်ရခြင်းမှာတော့ ရွာလူကြီးလေး၏အစွမ်းအစကို ယုံကြည်သောကြောင့်ဖြစ်သည်။ သူတို့မျက်လုံးထဲတွင် လက်သီးတစ်ချက်တည်းနှင့် တောဝက်ကိုသတ်နိုင်သော ရွာလူကြီးလေးသည် အစွမ်းအထက်ဆုံးလူသားဖြစ်ပြီး သူမကိုမည်သူမှမယှဉ်နိုင်ဟု ယုံကြည်ထားကြသည်။ ​မုဆိုးထျန်းသည် ကလေးများလှည်းပေါ်မှ ဆင်းပြေးလာပြီး ရမ်းရမ်းကားကားပြောဆိုနေကြသည်ကို မြင်သောအခါ ကြောက်လွန်းသဖြင့် ချွေးစေးများပင် ပြန်လာရရှာ၏။

​"ရွာလူကြီးလေး ကျွန်တော်ဒီမှာတားထားလိုက်မယ်၊ ရွာသူကြီးလေးတို့အမြန်ပြေးကြ"

​ပြောပြောဆိုဆိုနှင့် သူသည်မြေကြီးပေါ်မှကုန်းထပြီး ရွာလူကြီးလေးကိုကာကွယ်လိုက်သည်။ ​အမာရွတ်နှင့်လူသည် ခုနကသူကန်လိုက်သော်လည်း ဒီလူပြန်ထနိုင်သေးသည်ကို တွေ့ရသဖြင့် နောက်တစ်ကြိမ် ကန်ထုတ်ရန် ခြေထောက်ကိုမြှောက်လိုက်လေ၏။ သို့သော် သူ့ခြေထောက်ဆန့်ထုတ်လိုက်သည်နှင့် လက်သေးသေးလေးတစ်ခုမှာ သူ့ခြေထောက်ကိုဖမ်းဆွဲထားသလို ခံစားလိုက်ရသည်။

​ထို့နောက်..... ထို့နောက် သူလေပေါ်သို့ ပျံတက်သွားလေ၏။ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများကို မြင်လိုက်ရသလိုလို၊ အောက်မှလူများသည် တဖြည်းဖြည်းသေးငယ်သွားသလိုလို၊ ငှက်များ သူ့ဘေးမှနေဖြတ်ပျံသွားသလိုလို......

အမှန်ပင်။ သူခြေထောက်နှင့်ကန်လိုက်သည့် ခဏမှာပင် ရှောင်ကျိုးမှ အမာရွတ်နှင့်လူခြေထောက်ကို ဖမ်းဆွဲပြီး အားကုန်လွှဲပစ်လိုက်ခြင်းဖြစ်ပေသည်။ ​အောက်မှလူများသည် ခုနလေးတင် မြေကြီးပေါ် ရှိနေသော အမာရွတ်နှင့်လူ လေပေါ်သို့ပျံတက်သွားသည်အား မော့ကြည့်နေကြ၏။ အတော်ကြာမှ သူသည်ကောင်းကင်ပေါ်မှပြန်ကျလာပြီး တောအုပ်ထဲရှိအမြင့်ဆုံးသစ်ပင်၏သစ်ကိုင်းပေါ်တွင် ချိတ်လျက်သားဖြစ်သွားလေသည်။ ခုနလေးတင် မောက်မာနေသောလူတစ်စုသည် ယခုအခါဓားကိုင်ထားသည့် လက်များပင်တုန်ရီကုန်ကြ၏။

​ဒါ သေချာပေါက်သရဲပဲဖြစ်ရမယ်။ သူကသရဲအစစ်ပဲ။

​ရှောင်ကျိုးသည် လူအုပ်ကြီးနားသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။

​"ငါ မေးမယ် နင်တို့ကဓားပြတွေလား"

​လူကောင်သေးသေးဖြင့်သူက ဓားကို လွှတ်ချပြီး ဗလုံးဗထွေးပြန်ဖြေလေသည်။

​"ကျွန်တော်တို့က ဓားပြမဟုတ်ပါဘူး၊ ကျွန်တော်တို့က ကျွန်တော်တို့ကစနောက်နေရုံသက်သက်ပါ၊ ပိုက်ဆံမခိုးပါဘူး၊ ကျွန်တော်တို့က လူကောင်းတွေပါ"

​"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့က လူကောင်းတွေပါ"

ကျန်လူများကလည်း အလျင်အမြန် ထောက်ခံကြသည်။ ​ရှောင်ကျိုးသည် ဒီလူတွေသူမကို အရူးလုပ်နေသည်ဟုသာ ခံစားလိုက်ရ၏။ သူမသည် လူကောင်သေးသေးဖြင့်လူကို ကောက်မလိုက်ပြီး ခုနကပုံစံအတိုင်း ခုနက လမ်းကြောင်းအတိုင်း လွှဲပစ်လိုက်ရာ ထိုသစ်ပင်ပေါ်မှာပင် သွားချိတ်လေတော့သည်။ ​ကျန်သောသူများမှာ ချက်ချင်းဒူးထောက်လိုက်ကြတော့၏။

"နတ်ဘုရားအရှင် အသက်ချမ်းသာပေးပါ၊ နတ်ဘုရားအရှင် အသက်ချမ်းသာပေးပါ"

​ရှောင်ကျိုး သူတို့ကိုကြည့်ပြီးထပ်မေးလိုက်၏။

​"နင်တို့က ဓားပြတွေလား"

​ထိုလူအုပ်စုသည် အမှန်အတိုင်းဖွင့်ပြောကြတော့သည်။

​"ကျွန်တော်တို့က တကယ်ဓားပြမဟုတ်ပါဘူး၊ ပုံမှန်ဆို လမ်းပေါ်မှာဆက်ကြေးကောက်နေကျပါ၊ ဒီတစ်ခါ ခင်ဗျားတို့ တောဝက်ရောင်းပြီး လမ်းတစ်လျှောက် ဈေးဝယ်နေတာတွေ့လိုက်ရလို့ ညီအစ်ကိုတွေက ပိုက်ဆံအများကြီးပါမယ်ထင်ပြီး လောဘတက်သွားကြတာပါ၊ အရင်က တကယ်ဓားပြမတိုက်ဖူးပါဘူး"

​ဒီကလေးမလေး ဒီလောက်စွမ်းမှန်းသာ သိရင် သူတို့လမ်းပေါ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး ဆက်ကြေးကောက်နေလိုက်မှာပေါ့။ ဘာကိစ္စ ဒီလောက်ထိ တုံးအပြီး ဓားပြတိုက်ဖို့ စဉ်းစားမိပါလိမ့်။ ပထမဆုံးအကြိမ်မှာတင် ပြာကျသွားရပြီ။

​"ဒါဆို ပိုက်ဆံထုတ်ပေး၊ အရင်က ဆက်ကြေးကောက်ထားတာတွေ အများကြီး ရှိမှာပဲ၊ ထုတ်ပေး မဟုတ်ရင် ငါတို့ရွာလူကြီးလေးကိုပြောပြီး မိုးပေါ်ပစ်တင်ခိုင်းလိုက်မယ်၊ တစ်နေ့လုံးတစ်ညလုံးပြန်ကျလာမှာ မဟုတ်ဘူး"

အားသို့ ခြိမ်းခြောက်လိုက်သည်။ ​ရှောင်ကျိုးသည် အားသို့ထံသဘောကျဟန်ဖြင့် ကြည့်လိုက်သည်။ ဒီကောင်လေးမှာ အနာဂတ်ရှိသားပဲ သူမရဲ့ရွာသားဖြစ်ဖို့တန်တယ်။ ကျောက်ဟူသည် ရွာလူကြီးလေးမှ အားသို့ကို သဘောကျစွာကြည့်နေသည်ကို မြင်လိုက်ရသည်။

​သူသည် မြေကြီးပေါ်မှ ဓားရှည်တစ်ချောင်းကို ချက်ချင်းကောက်ယူလိုက်လေ၏။

​"ပိုက်ဆံ အမြန်ထုတ်ပေး မဟုတ်ရင် မင်းတို့ခြေတွေလက်တွေကို ဖြတ်ပစ်မယ်"

​ထျဲနျိုကလည်း မြေကြီးပေါ်မှဓားရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။

​"ပိုက်ဆံအမြန်ထုတ်ပေး မဟုတ်ရင် မင်းတို့အဘိုးလက်ထဲက ဓားမှာသွေးစွန်းသွားမယ်"

​ရှောင်ကျိုး : ဒီကလေးနှစ်ယောက်က ဘာလို့ဒီလောက် ရက်စက်နေရတာလဲ။

​ရှိနေသည့်လူအားလုံး ကြောင်အသွားကြသည်။ နေပါဦး ခုနကပြောလိုက်တဲ့ စကားတွေက ဘာလို့ရင်းနှီးနေရတာလဲ။ ဘာလို့ဓားပြတိုက်တဲ့ စကားနဲ့ တစ်ပုံစံတည်း တူနေရတာလဲ။

​ဒူးထောက်နေသောသူများ တွေးလိုက်သည်။ ဓားပြအတုတွေက ဓားပြအစစ်တွေနဲ့များသွားတွေ့လိုက်တာလား။

​သူတို့ဘာမှမပြောဘဲ နေနေသည်ကို မြင်သောအခါ ရှောင်ကျိုးမေးလိုက်၏။

​"မပေးဘူးပေါ့လေ"

​"ပေးပါ့မယ် ပေးပါ့မယ် ပေးပါ့မယ်"

​ထိုလူများသည် ကိုယ်ပေါ်မှငွေစများကို ချက်ချင်းထုတ်ပေးလိုက်ကြသည်။

​ရှောင်ကျိုး ရေတွက်ကြည့်လိုက်၏။ သိပ်မများလှပေ။ စုစုပေါင်းမှ တေး၅၀ကျော်ကျော်လောက်သာရှိသည်။

​"ဒါပဲလား"

​"ကျွန်တော်တို့က လက်ပါးစေတွေပဲလေ၊ ဘယ်လိုလုပ် ငွေအများကြီးရှိမှာလဲ"

​"ပိုက်ဆံအများစုက ခေါင်းဆောင်ဆီမှာပါ၊ ကျွန်တော်တို့ဆီမှာသိပ်မရှိဘူး"

​"ကျွန်တော်တို့ တစ်သက်လုံးစုထားတာလေးတွေပါ"

​"ဟုတ်တယ် ပုံမှန်ကောက်လို့ရတဲ့ ပိုက်ဆံက ခေါင်းဆောင်ဆီမှာပါ၊ ကျွန်တော်တို့က တစ်ခါတလေမှနည်းနည်းရတာ"

​ရှောင်ကျိုး ဒေါသထွက်လုနီးပါးဖြစ်နေသည်ကိုမြင်သောအခါ ထိုလူများသည် သူတို့ခေါင်းဆောင်ကို ချက်ချင်း ရောင်းစားလိုက်ကြလေသည်။

​"နင်တို့ ခေါင်းဆောင်ကဘယ်မှာလဲ"

ရှောင်ကျိုး မေးလိုက်သည်။ ​ထိုလူများသည် အမြင့်ဆုံးသစ်ပင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်ကြသည်။

​"သစ်ပင်ပေါ်မှာပါ"

​ရှောင်ကျိုး : တွက်ချက်မှုလွဲသွားပြီပဲ။ ငါက ကိုယ်ဖော့ပညာမှမတတ်တာကို လူပစ်တာပဲတတ်တာလေ ဘယ်လိုလုပ်ရမလဲ။

​အားသို့မှာ သစ်ပင်ပေါ်မှလူကို မော့ကြည့်ပြီး ရွာလူကြီးလေးကိုမေးလိုက်လေသည်။

​"ရွာလူကြီးလေး ငါတို့ရဲ့သိုင်းဆရာအသစ်က အဲ့လောက်မြင့်အောင်ပျံနိုင်မလား"

​အိုး ဟုတ်သားပဲ။ မျက်နှာဖုံးစွပ်လူကို သွားခေါ်ခိုင်းလိုက်ရင်ရတာပဲ။ ​ရှောင်ကျိုး မုဆိုးထျန်းကိုမေးလိုက်သည်။

​"ကြိုးပါလား သူတို့အကုန်လုံးကိုတုပ်ပြီး ရွာကိုဆွဲခေါ်သွားကြမယ်၊ အိမ်ဆောက်ခိုင်းလို့ရတာပေါ့"

​မုဆိုးထျန်းသည် လန့်နေတုန်းဖြစ်သော်လည်း ထိုစကားကြားသောအခါ အသိပြန်ဝင်လာ၏။

"အိုး ပါတယ် ပါတယ် လှည်းပေါ်မှာပါ၊ ကျွန်တော်သွားယူလိုက်မယ်"

​ပြောပြောဆိုဆိုနှင့် သူသည်လှည်းပေါ်မှ အမဲလိုက်ရာတွင် သားကောင်များကို တုပ်နှောင်လေ့ရှိသောကြိုးကို အမြန်သွားယူလိုက်သည်။ မုဆိုးထျန်းသည် ခုနလေးတင် မောက်မာနေသောလူများကို ကြိုးဖြင့်တုပ်နှောင်ပြီး လှည်းနောက်တွင်ချိတ်ကာ လမ်းလျှောက်လိုက်ခိုင်းလိုက်သည်။ မိုးချုပ်နေပြီ ဖြစ်၍ သူတို့လည်း လှည်းအမြန်မောင်းနှင်ကာ ရွာသို့ပြန်လာခဲ့ကြလေသည်။

​ထိုအချိန်သည် ရွာသားများလယ်ကွင်းမှ ပြန်လာချိန်နှင့်တိုက်နေ၏။ မုဆိုးထျန်းလှည်းမောင်းပြီး ရွာထဲဝင်လာသောအခါ ရွာသားများသည် လှည်းနောက်တွင်ကြိုးဖြင့် တန်းစီတုပ်နှောင်ထားသောလူများကို တွေ့လိုက်ကြသည်။ ရွာသားအားလုံး အလွန်အံ့ဩသွားကြပြီး အပြေးအလွှားလာကြည့်ကြလေသည်။

​"မုဆိုးထျန်း ရွာလူကြီးလေးဘယ်မှာလဲ"

ကျောက်တလန် မေးလိုက်သည်။

​ရှောင်ကျိုးခေါင်းလေးမှာ ပြူထွက်လာ၏။

​"ဒီမှာ"

​ကျောက်ဟူ : ငါက သူ့သားအရင်း မဟုတ်တာသေချာသွားပြီ။ အဖေက ငါသေသေရှင်ရှင် လုံးဝဂရုမစိုက်ပါလား။

​ရွာလူကြီးလေး ဘာမှမဖြစ်သည်ကို တွေ့မှသာ ရွာသားများစိတ်သက်သာရာရသွားကြသည်။ သူတို့သည် လှည်းနောက်တွင် အကျဉ်းသားများကဲ့သို့ တန်းစီပါလာသော လူများနှင့် ပတ်သက်ပြီး အလုအယက်မေးမြန်းကြတော့သည်။

​"ရွာလူကြီးလေး ဒီလူတွေက နောက်ကနေဘာလိုက်လုပ်နေကြတာလဲ"

​"ဟုတ်ပါ့ သူတို့ကိုဘာလို့ကြိုးတုပ်ထားတာလဲ"

​"သူတို့ဆီမှာ ဘာလို့ဓားတွေပါနေတာလဲ၊ ရွာလူကြီးလေး ခိုက်မိသွားသေးလား"

16

ရွာလူကြီးလေး၏ သစ္စာရှိလေးတစ်ယောက်အနေဖြင့် အားသို့က ဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်း စတင်ပြောပြလေသည်။ ​ရွာလူကြီးလေးမှ ဓားပြများကို မည်သို့ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့ကြောင်း၊ လက်တစ်ဖက်တည်းဖြင့် လူတစ်ယောက်ကို မိုးပေါ်ရောက်အောင် မည်သို့ပစ်တင်လိုက်ကြောင်း၊ လူဆယ်ယောက်ကျော်ကို မည်သို့နှိမ်နင်းလိုက်ကြောင်းတို့အား ပြောပြလိုက်ရာ ရွာသားများခမျာ ပါးစပ်အဟောင်းသားဖြင့် လေးစားအားကျဟန်ဖြင့် နားထောင်နေကြရ၏။

​ရှောင်ကျိုးကတော့ အားသို့၏ပုံပြောကောင်းမှုကို လေးစားမိပေသည်။ တကယ်တော့ ၁၀မိနစ်ခန့်နှင့်ပြီးသွားသောကိစ္စလေးတစ်ခုသာ ဖြစ်သည်။ ဒါကို အားသို့ပြောပုံအရဆိုလျှင် ကမ္ဘာပျက်မတတ်၊ သရဲတစ္ဆေများ အော်ဟစ်ငိုယိုရမတတ် ဖြစ်သွားရချေသည်။ ​သူမသည် သူတစ်ပါးချီးကျူးသည်အားခံရသည်ကို နှစ်သက်သော်လည်း လူအုပ်ကြီးဝိုင်းပြီး ဤကဲ့သို့အကြီးအကျယ် မြှောက်ပင့်ချီးကျူးနေသည်ကို နားထောင်ရသောအခါ ရှက်သလိုလိုဖြစ်လာရသည်။ သူမ အားလုံးကို စကားစအမြန်ဖြတ်ပြောပြီး ညွှန်ကြားလိုက်လေ၏။

​"ဒီလူတွေကို ဘိုးဘေးခန်းမထဲမှာသွားပိတ်ထားလိုက်"

​ရွာသားများ ချက်ချင်းလှုပ်ရှားကြတော့သည်။ ယနေ့မြို့ကိုသွားခဲ့ရသဖြင့် အားလုံး ပင်ပန်းနေကြပြီပင်။ ​မုဆိုးထျန်းမှာ ရှောင်ကျိုးမြို့မှဝယ်လာသော ပစ္စည်းများကို ရွာလူကြီးလေး၏ခြံဝင်းထဲ ရွှေ့ပေးပြီးနောက် ရွာလူကြီးလေးကို ကောင်းကောင်းနားရန်ပြောကာ ကျောက်ဟူနှင့် တခြားကလေးများကို ခေါ်ပြီးပြန်သွားတော့သည်။ ​ရှောင်ကျိုး ခြံဝင်းထဲပြန်ရောက်သောအခါ အဘိုးရွှီနှင့် မျက်နှာဖုံးစွပ်လူတို့ကြားမှ အခြေအနေမဟန်သည်ကို သတိထားမိလိုက်၏။ အဘိုးရွှီမှာ ရှောင်ကျိုးပြန်ရောက်လာသည်ကိုမြင်သည်နှင့် ဘေးကို အမြန်ဆွဲခေါ်ပြီး ပြောလိုက်သည်။

​"ရှောင်ကျိုး ငါပြောပြမယ်၊ ဒီလူက လူကောင်းမဟုတ်ဘူး၊ အမြန်မောင်းထုတ်လိုက်"

​ယန်ချွဲ့မှာ အဘိုးရွှီကိုကြည့်ပြီး ဓားကိုတစ်လက်မခန့် ဆွဲထုတ်လိုက်သည်။

​အဘိုးရွှီမှာ မျက်နှာဖုံးစွပ်လူ၏အားနည်းချက်ကို မိသွားသလိုမျိုး ချက်ချင်းလက်ညှိုးထိုးပြီး ပြောလေသည်။

​"တွေ့လား ရှောင်ကျိုး ဒီလူက မျက်တောင်မခတ်ဘဲ လူသတ်မယ့်လူစားမျိုး၊ နည်းနည်းလေးစိတ်ဆိုးတာနဲ့ ဓားဆွဲထုတ်တော့တာပဲ၊ အန္တရာယ်များလိုက်တာ"

​ရှောင်ကျိုးမှာတော့ သူတို့နှစ်ယောက်ကြား ဘာဖြစ်နေမှန်းနားမလည်ချေ။ ယန်ချွဲ့မှာ အဘိုးရွှီကိုသတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်နေလေသည်။

​ရှောင်ကျိုး သူတို့နှစ်ယောက်ကိုတိုက်ရိုက်မေးလိုက်၏။

​"ဘာဖြစ်ကြတာလဲ"

​ယန်ချွဲ့မှာ အဘိုးရွှီကိုအေးစက်စက် မျက်နှာဖြင့်ကြည့်ပြီး ပြောလိုက်သည်။

​"ခင်ဗျားနောက်တစ်ခါ ငါ့မျက်နှာဖုံးကို ခိုးချွတ်ဖို့ကြိုးစားရင် လက်ဖြတ်ပစ်မယ်"

​"ငါချွတ်လို့မှမရလိုက်တာ ဟုတ်တယ်မလား၊ နေ့ခင်းကြောင်တောင်ကြီး မျက်နှာဖုံးစွပ်ထားတယ်ဆိုကတည်းက လူကောင်းမဟုတ်တာ သေချာနေပြီပဲ"

​အဘိုးရွှီ ခြေဆောင့်ပြီးပြန်ပြောလေသည်။ ​ယန်ချွဲ့မှာ ဒီလောက်ထိဆိုးသွမ်းသောအဘိုးကြီးမျိုး တစ်ခါမှမတွေ့ဖူးပေ။ ဒေါသထွက်လွန်းသဖြင့် ဓားကို တန်းဆွဲထုတ်လိုက်တော့သည်။

​"ဒီနေ့တော့ ခင်ဗျားကိုခုတ်သတ်ပစ်မယ်"

​အခြေအနေပိုဆိုးလာသည်ကို မြင်သောအခါ ရှောင်ကျိုး သူတို့နှစ်ယောက်ကို အမြန်တားလိုက်ရသည်။ ပြီးနောက် အဘိုးကြီးကို ဆူလိုက်၏။

​"အဘိုးကလည်း ဘာကိစ္စ သူ့မျက်နှာဖုံးကို အကြောင်းမဲ့သက်သက် သွားချွတ်ရတာလဲ"

​"ပြီးတော့ ဦးလေးကိုပြောထားမယ် ဒါကငါ့ရဲ့ရွာနော်၊ နောက်ဆိုရွာထဲမှာ ဓားကို တွေ့ကရာဆွဲမထုတ်နဲ့၊ ရွာသားတွေ လန့်ကုန်ရင် ဘယ်လိုလုပ်မလဲ"

​ယန်ချွဲ့ ဘာမှမကြားသလိုမျိုး ဘေးတွင်သာမျက်နှာသေနှင့် ရပ်နေလေသည်။

​"အဘိုးတို့နှစ်ယောက် ရန်ထပ်ဖြစ်ရင် နှစ်ယောက်လုံး သမီးခြံဝင်းထဲကနေ ထွက်သွားကြ"

​အမိန့်ထုတ်ပြီးသည်နှင့် ရှောင်ကျိုး သူ့အခန်းထဲ ဒေါသတကြီးပြန်ဝင်သွားတော့သည်။ ​အဘိုးရွှီ နှာခေါင်းရှုံ့လိုက်ပြီး ဝိုင်အိုးကိုပိုက်ကာ ယိုင်တိယိုင်တိုင်ဖြင့် ထွက်ခွာသွားလေသည်။ မသွားခင် စကားတစ်ခွန်း ပြောသွားခဲ့သေး၏။

​"မင်းကိုယ်မင်း သေချာပုန်းထားစမ်းပါ၊ နေ့တိုင်း အဲ့ဓားကျိုးကြီးကိုင် မျက်နှာဖုံးကြီးတပ်ထားမှတော့ မင်းကိုလိုက်နေတဲ့လူတွေက ဒီမှာရှိမှန်းမသိဘဲနေမလား၊ ဒီရွာကလူအကုန်လုံးကိုပါ မင်းနဲ့အတူ မြေမြှုပ်စေချင်တာလား"

​ယန်ချွဲ့သည် ထွက်ခွာသွားသော အဘိုးရွှီ၏ကျောပြင်ကို ကြည့်ပြီး ဇဝေဇဝါဖြစ်သွားရ၏။ သူ့အကြောင်းကို ဤအဘိုးကြီး မည်သို့သိရှိနေပါသနည်း။ ဒီအဘိုးကြီးက တကယ်ဘယ်သူပါလိမ့်။ ရှောင်ကျိုး အခန်းထဲမှပြန်ထွက်လာသောအခါ မျက်နှာဖုံးစွပ်လူသည် ခြံဝင်းထဲတွင် တံခါးပေါက်အားငေးကြည့်ပြီး ငူငူငိုင်ငိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​"ဦးလေး ငါ့ကိုတစ်ခုလောက် ကူညီပေးနိုင်မလား"

ရှောင်ကျိုး မေးလိုက်သည်။

​"ဘာကိစ္စလဲ"

ယန်ချွဲ့လှည့်ကြည့်ပြီး မေးလိုက်၏။

​"ဘာအကူအညီလဲလို့ မမေးတော့ဘူးလား"

ရှောင်ကျိုးမှာ ဤလူသည်တော်တော်ထူးဆန်းသည်ဟု တွေးလိုက်၏။

​"မလိုပါဘူး ပြောသာပြောပါ"

​သူ့အဆိပ်ကိုဖြေပေးခဲ့သော ရှောင်ကျိုးအပေါ် ယန်ချွဲ့မှာဖော်ရွေနေဆဲပင်။

​"ဒါဆို သစ်ပင်ပေါ်တက်ပြီး လူနှစ်ယောက်လောက် သွားချပေးပါလား"

ရှောင်ကျိုး ပြောလိုက်သည်။

​"လူနှစ်ယောက်ကို ပြန်ချပေးရမယ်ဟုတ်လား"

ယန်ချွဲ့နားမလည်ဟန်ဖြင့် မေးလိုက်သည်။

​"လူနှစ်ယောက်ကိုသစ်ပင်ပေါ် ငါပစ်တင်လိုက်မိလို့၊ အဲ့ဒါ သွားချပေးပါဦး"

ရှောင်ကျိုး အသေးစိတ်ရှင်းပြလိုက်၏။

​"မင်းကပစ်တင်လိုက်တယ်ပေါ့လေ၊ မင်းကသိုင်းတတ်တယ်လား"

ယန်ချွဲ့ အနည်းငယ်စိတ်ဝင်စားသွားလေသည်။ ​ဟိုကလေးတွေက နောက်နေတာ မဟုတ်ဘူးပဲ။ ဒီကောင်မလေးက တကယ် သိုင်းတတ်နေတယ်။ ​ရှောင်ကျိုး ခေါင်းခါပြီးငြင်းလိုက်သည်။

​"ဟင့်အင်း မတတ်ပါဘူး"

​သူမက သန်မာမြန်ဆန်ပြီး စိတ်စွမ်းအင်ရှိသည်ဆိုရုံမျှသာ ဖြစ်ပေသည်။ သို့သော်သိုင်းပညာကိုတော့ တကယ် မတတ်ချေ။ ​သူမလှုပ်သေးသည်ကိုတွေ့တော့ ရှောင်ကျိုး တိုက်တွန်းလိုက်လေသည်။

​"သွားရအောင် မှောင်နေပြီလေ၊ သူတို့ကို စောစောသွားခေါ်ကြစို့"

​"ဘယ်မှာလဲ"

ယန်ချွဲ့မေးလိုက်၏။

​"ဦးလေးနဲ့ ပထမဆုံးတွေ့ပြီးကယ်ခဲ့တဲ့ တောအုပ်ထဲမှာလေ"

ရှောင်ကျိုးပြန်ဖြေသည်။ သူမ​စကားဆုံးသည်နှင့် ယန်ချွဲ့မှာ ရှောင်ကျိုး၏အင်္ကျီကော်လံကို ဖမ်းဆွဲပြီး အိမ်ထဲမှနေ ပျံထွက်သွားတော့၏။

​ရှောင်ကျိုးခြေထောက်များမှာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေရရှာသည်။

​"အမလေး ဒီလိုကြီးမဆွဲသွားလို့ မရဘူးလားဟင်"

​သူမက ရွာလူကြီးနော်။ ကော်လံကနေအဆွဲခံရပြီး လေထဲမှာယက်ကန်ယက်ကန်ဖြစ်နေတာကိုသာ ရွာသားတွေမြင်သွားရင် သူမရဲ့ ရင့်ကျက်တည်ငြိမ်ပြီး လေးနက်ခန့်ညားတဲ့ ရွာလူကြီးပုံရိပ်ကြီး ကျိုးပဲ့ကုန်မှာပေါ့။

​စနစ် : ရင့်ကျက်တည်ငြိမ်ပြီး လေးနက်ခန့်ညားတယ်ဆိုတာ ဘယ်နေရာကိုကြည့်ပြီးများ ပြောချင်တာလဲ

​ကော်လံမှနေအဆွဲခံရသည်ကို အကြီးအကျယ်ငြင်းဆန်နေ၍ ယန်ချွဲ့ သူမကိုမ,လိုက်ပြီး ပခုံးပေါ်ထမ်းတင်လိုက်လေသည်။ တင်ပါးလေးက မိုးပေါ်ထောင်ပြီး ခေါင်းကအောက်စိုက်လျက်သားဖြစ်နေရ၏။ ​ရှောင်ကျိုး ဂရုမစိုက်နိုင်တော့ပေ။

ဖြစ်ချင်ရာဖြစ်တော့ အကုန်ပျက်စီးကုန်ပြီ။

နောက်ဆိုလျှင် ကိုယ်ဖော့ပညာကို သေချာလေ့ကျင့်မှဖြစ်ပေမည်။ ကိုယ့်ဘာသာကိုယ်မပျံသန်းနိုင်ပါက ရှက်စရာကောင်းနေတော့မည်ပင်။ ​ယန်ချွဲ့ ပြီးခဲ့သည့်တစ်ခေါက်မှနေရာကို အမြန်ရောက်လာသည်။ သူ့ပခုံးပေါ်မှ ရှောင်ကျိုးကို မြေကြီးပေါ်ချပေးလိုက်၏။ မြေကြီးနှင့်ခြေထောက်ထိသည်နှင့် ရှောင်ကျိုးမှာ မျက်နှာဖုံးစွပ်လူကို ဒေါသတကြီးကြည့်လိုက်သည်။ သူမ ဦးနှောက်တွေတောင် အပြင်ထွက်ကျကုန်မတတ် ခံစားနေရ၏။ ​ယန်ချွဲ့မှာ ခုနလေးတင် အကောင်းအတိုင်းရှိသေးသည့် ကောင်မလေးမှာ အဘယ်ကြောင့် ရုတ်တရက်ဒေါသထွက်သွားသည်အား နားမလည်နိုင်ဖြစ်နေရှာသည်။ ​ရှောင်ကျိုး စနစ်ကိုမေးလိုက်၏။

​"စနစ်ဆိုင်မှာ အတောင်ပံရောင်းလားဟင်၊ ငါ့အတွက် တစ်စုံလောက်ဝယ်ချင်လို့၊ ဒေါသထွက်လွန်းလို့ပါ"

"မရှိပါဘူး ရှိရင်လည်းသခင်က ပျံနိုင်မှာမဟုတ်ဘူးလေ၊ လူတစ်ယောက် ပျံသန်းနိုင်ဖို့ဆိုတာ ကိုယ်ခန္ဓာဟန်ချက်ညီမှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုလိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းကို တိတိကျကျ ထိန်းချုပ်နိုင်ရမယ်။ လေကြောင်းအပြောင်းအလဲကိုသုံးပြီး ကိုယ်နေဟန်ထားနဲ့ ဆင်းသက်တဲ့အမြန်နှုန်းကို ချိန်ညှိရမယ်....."

​စနစ်မှာ ရှောင်ကျိုးကိုရှင်းပြနေလေသည်။

​"တော်တော့"

​ရှောင်ကျိုး စနစ်၏ရှည်လျားထွေပြားသောရှင်းပြချက်ကို ချက်ချင်းဖြတ်လိုက်သည်။ သူမဘေးနားတွင် တိတ်တိတ်လေးရပ်နေသော မျက်နှာဖုံးစွပ်လူကိုကြည့်ပြီး အမြင့်ဆုံးသစ်ပင်ကို လက်ညှိုးထိုးပြလိုက်၏။

​"ဟို အမြင့်ဆုံးသစ်ပင်ပေါ်မှာ လူနှစ်ယောက်ရှိတယ် သွားချပေးပါဦး"

​ယန်ချွဲ့ပျံတက်သွားသည့်အချိန်တွင် ဟိုလူနှစ်ယောက်မှာ လုံးဝသတိလစ်နေပြီ ဖြစ်သည်။ ယန်ချွဲ့ ထိုလူနှစ်ယောက်ကို အောက်ချပေးလိုက်သည်။ ​သူ့လက်တစ်ဖက်စီတွင်ကိုင်ထားသော လူနှစ်ယောက်ကိုကြည့်ပြီး ယန်ချွဲ့ ဒူးထောက်ချလိုက်ကာ ရှောင်ကျိုးကိုပြောလိုက်လေ၏။

​"ငါ့ကျောပေါ်တက်လိုက်"

​ရှောင်ကျိုး ဒီပျံသန်းနည်းကိုအလွန်သဘောကျသွားသည်။ သူမချက်ချင်းပင် ကျောပေါ်တက်ပြီး မျက်နှာဖုံးစွပ်လူ၏လည်ပင်းကို ဖက်ထားလိုက်လေသည်။ သူ့ပခုံးပေါ်နောက်တစ်ခါ ထပ်ထမ်းခံရမှာကြောက်လှပေ၏။ ​သူတို့နှစ်ယောက် ရွာကိုအမြန်ပြန်ပျံသန်းလာကြသည်။ ​ရှောင်ကျိုးမှာ မျက်နှာဖုံးစွပ်လူကို ဒီလူနှစ်ယောက်အားကြိုးတုပ်ပြီး ကျန်သည့်သူများနှင့် အဖော်ရအောင် ဘိုးဘေးခန်းမထဲ ပစ်ထည့်ထားခိုင်းလိုက်၏။ ​ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးမှ ရှောင်ကျိုး တစ်ခုခု သတိရသွားပြီး အမြန်ပြန်ပြေးလာကာ မျက်နှာဖုံးစွပ်လူကို ထိုလူနှစ်ယောက်ဆီက ပိုက်ဆံတွေအကုန်ရှာခိုင်းလိုက်လေသည်။

​ယန်ချွဲ့ : သူက ဘာကိစ္စကြောင့် ဒီလိုအောက်တန်းကျတဲ့အလုပ်မျိုး လုပ်ပေးရမှာလဲ

​ရှောင်ကျိုး သတိပေးလိုက်သည်။

​"ငါ့မှာရှိတဲ့ တစ်လုံးတည်းသောအဆိပ်ဖြေဆေးကို ဦးလေးသုံးလိုက်တာနော်၊ ကိုယ့်ဘာသာတောင်မသုံးရက်ဘဲ ဦးလေးကို ပေးလိုက်တာ၊ အဲ့ဆေးကိုသာရောင်းလိုက်ရင် ပိုက်ဆံတွေအများကြီး ရမှာပဲ၊ အဲ့ပိုက်ဆံသာရှိရင် ကျောင်းဆောက်တာလည်းပြီးနေလောက်ပြီ"

​ကိုယ်ကျင့်တရားနှင့်ဖိအားပေးသည်ကို သူမတဖြည်းဖြည်း ကျွမ်းကျင်လာပြီဟု ရှောင်ကျိုး ခံစားလိုက်ရသည်။ ယန်ချွဲ့ခမျာ ဘာမှမပြောဘဲ ဟိုလူနှစ်ယောက်ဆီက ပိုက်ဆံသွားရှာပေးရရှာလေသည်။ ​လူကောင်ညှက်ညှက်နှင့်လူထံမှ တေး၁၀၀၊ အမာရွတ်နှင့်လူဆီမှ တေး၅၀၀ နှင့် ငွေစအကျိုးအပဲ့တချို့အား တွေ့ရသည်။ ရှောင်ကျိုးမှာ ရှာတွေ့သောပိုက်ဆံများကိုဆုပ်ကိုင်ပြီး မျက်လုံးများ အရောင်တောက်နေတော့သည်။

​သူဌေးဖြစ်ပြီဟေ့ သူဌေးဖြစ်ပြီ။

​ဓားပြတိုက်ခြင်းမှာ ဤမျှတွက်ခြေကိုက်မည်ဟု ထင်မထားမိခဲ့ပေ။ မသင့်လျော်သောအတွေးများ ရှောင်ကျိုးခေါင်းထဲ ပိုပိုပြီးဝင်လာနေတော့သည်။ ​ယန်ချွဲ့မှာ ငွေမက်သည့်ပုံစံပေါက်နေသော ကလေးမလေးကို ကြည့်ပြီးမေးလိုက်၏။

​"မင်းက ပိုက်ဆံအရမ်းလိုနေတာလား"

​"ဦးလေးကရော ပိုက်ဆံမလိုဘူးလား"

ရှောင်ကျိုး ပြန်မေးလိုက်၏။

​သူမလက်ထဲတွင် တေး၁၀၀ကိုကိုင်ထားသည်။ မူလကတော့ ခြေကြွခအဖြစ် မျက်နှာဖုံးစွပ်လူကိုပေးမလို့ပင်။ သူလည်း ပါဝင်ကူညီထားတာကိုး။ ဒါပေမယ့် သူက ပိုက်ဆံမလိုဘူးဆိုတော့လည်း ထားလိုက်ပါတော့။ ရှောင်ကျိုး ပိုက်ဆံကိုပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်လေသည်။

​ယန်ချွဲ့မှာတော့ သူပိုက်ဆံမလိုဘူးဟုပြောလိုက်ချင်ပေသိ လက်ရှိအခြေအနေအရကြည့်ရသည်မှာ ယခုသူ့ထံတွင် ပိုက်ဆံတစ်ပြားမှမရှိသည့်ပုံပင်။

All Chapters