← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

13

အဘိုးရွှီနှင့် မျက်နှာဖုံးစွပ်လူတို့ ရွာ၌ စာပေနှင့်သိုင်းသင်ပေးမည်ဆိုသည်ကို ကြားလိုက်ရသည့်အခါ ရွာအကြီးအကဲများက အလွန်လိုလားကြပြီး ဆရာနှစ်ယောက်ကို ချက်ချင်းပင်ဦးခိုက်ပူဇော်ချင်နေကြလေသည်။ ​သို့သော် ကျောင်းဆောက်ရန် ငွေရေးကြေးရေးမှာ ပြဿနာရှိနေတုန်းမို့ ရွာအကြီးအကဲများ စိတ်ပူနေကြရရှာ၏။ လောလောဆယ်ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျောင်းဆောက်ရန် တစ်အိမ်ထောင်လျှင် ငွေနည်းနည်းစီ မတည်ထည့်ဝင်ကြဖို့ပင်ဖြစ်သည်။ ​ရှောင်ကျိုး စိတ်ထဲမှနေ စနစ်ကိုမေးလိုက်၏။

​"စနစ်ရေ ပိုက်ဆံတွေအများကြီး ချက်ချင်းရမယ့် နည်းလမ်းရှိလား"

​စနစ် : "စာများများဖတ်ပါ စာအုပ်ထဲမှာ ရွှေတွေငွေတွေရှိပါတယ်"

​ရှောင်ကျိုး : "မစ်ရှင်လုပ်ပြီးရင် ငွေကြေးဆုချတဲ့ဟာမျိုး မရှိဘူးလား"

​စနစ် : "မရှိပါဘူး လက်တွေ့ကျကျနေပေးပါ"

​ရှောင်ကျိုးမှာ ရွာအကြီးအကဲများ အရင်ကပြောဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ တောဝက်ကိုရောင်းလျှင် ပိုက်ဆံရသည်ဟုဆိုခဲ့ကြ၏။ ဟုတ်တာပေါ့ တောထဲသွားပြီး တောဝက်တစ်ကောင်နှစ်ကောင်လောက်ဖမ်းပြီး ကျောင်းဆောက်ခိုင်းလိုက်လို့ရတာပဲ။ ​ရှောင်ကျိုး ထိုသို့တွေးမိသည်နှင့် တောထဲသွားရန် ချက်ချင်းပြင်ဆင်လိုက်တော့သည်။ ရွာထဲတွင် ဆော့ကစားနေကြသော ကျောက်ဟူနှင့် သူငယ်ချင်းများသည် ရွာလူကြီးလေးကိုမြင်သည်နှင့် စိတ်အားထက်သန်စွာ နောက်မှလိုက်လာကြလေသည်။ ရွာလူကြီးလေး ဘာလုပ်မည်ကိုမသိသော်လည်း နောက်မှလိုက်ခြင်းသည် အမြဲတမ်းကောင်းမွန်ပေသည်။ ​ကျောက်ဟူ မေးလိုက်၏။

​"ရွာလူကြီးလေး တောထဲသွားမလို့လား"

​ထျဲနျိုမှာ စိတ်လှုပ်ရှားနေဟန်ဖြင့်မေးလေသည်။

​"တောဝက်သွားဖမ်းမလို့လား"

​အားသို့မှာတော့ ပိုပြီးစိတ်လှုပ်ရှားနေသည်။

​"ရွာလူကြီးလေးက လက်သီးတစ်ချက်တည်းနဲ့ တောဝက်ကိုသတ်နိုင်တာ"

​"......."

အ​နောက်ဘက်တောင်ကိုရောက်သည်နှင့် ရှောင်ကျိုး သူမ၏စိတ်စွမ်းအင်ကို နည်းနည်းထုတ်လွှတ်လိုက်ပြီး သားကောင်ဘယ်နားရှိသည်ကို အာရုံခံလိုက်၏။ ပြီးနောက် အနောက်မှ တတွတ်တွတ်ပြောနေသော သုံးယောက်ထံလှည့်ကြည့်ပြီး ခြိမ်းခြောက်လိုက်သည်။

​"လျှောက်မပြေးနဲ့ အသံလဲမထွက်နဲ့နော် မဟုတ်ရင် ဝံပုလွေစာကျွေးဖို့တောင်ထဲ ပစ်ထားခဲ့မှာ"

​ကလေးအုပ်စု ချက်ချင်းပင်ပါးစပ်ပိတ်လိုက်ပြီး နားလည်ကြောင်းနှင့် လိုက်နာမည်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။ ရှောင်ကျိုးမှာ ကလေးများကိုဂရုမစိုက်တော့ဘဲ ပစ်မှတ်ဆီတဟုန်ထိုးပြေးသွားလိုက်၏။ အမြန်နှုန်းမှာ ကြောက်စရာကောင်းလောက်အောင်မြန်လွန်းသဖြင့် ပါးစပ်ပိတ်ထားသော ကလေးများတောင် ရွာလူကြီးလေးကအရမ်းမိုက်တာပဲ အကုန်လုံးကိုအောင်နိုင်တဲ့သူပဲဟု အော်ဟစ်လုနီးပါးဖြစ်သွားကြရသည်။ ​မကြာခင်မှာပင် ရှောင်ကျိုး တောအုပ်ထဲ၌လျှောက်သွားနေသော တောဝက်တစ်ကောင်ကိုတွေ့လိုက်ရ၏။ ရှောင်ကျိုး အမြန်ဆုံးပြေးသွားလိုက်သည်။ တောဝက်မှာတော့ အန္တရာယ်ရောက်လာသည်ကို သတိမထားမိရှာပေ။ ​ရှောင်ကျိုး ချက်ချင်းပင် လက်သီးသေးသေးလေးကိုမြှောက်ပြီး ထိုးချလိုက်တော့သည်။ တောဝက်ကြီးခမျာ ဘုန်းခနဲလဲကျသွားရှာလေ၏။

​ရှောင်ကျိုး တောဝက်၏ခြေထောက်ကိုဆွဲမလိုက်ပြီး လေပေါ်မြှောက်ကာ သူမပခုံးပေါ်ထမ်းလိုက်သည်။ တောဝက်ခေါင်းကြီးမှာ ရှောင်ကျိုး၏သေးငယ်သောပခုံးလေးပေါ်တွင် တင်လျက်သားဖြစ်နေလေ၏။ ဤတိုက်ကွက်မှာ ကျောက်ဟူနှင့် တခြားသူများကို အကြီးအကျယ်တုန်လှုပ်သွားစေပြီး ရွာလူကြီးလေးအပေါ် လေးစားမှုများပိုတိုးလာစေသည်။

​"ရွာလူကြီးလေး ကူသယ်ပေးရမလား"

ဖားယားတတ်သည်ကလေးအချို့မှာ ရှေ့ထွက်ပြီးမေးလိုက်ကြသည်။ ​ရှောင်ကျိုးမှာ ပိန်ညှက်ညှက်ဖြစ်နေသောကောင်လေးများထံ အထင်သေးသလို ကြည့်လိုက်ပြီးငြင်းလိုက်၏။

​"မလိုဘူး"

​ထို့နောက် သူတို့တောဝက်ကိုထမ်းပြီး တောင်အောက် ဆင်းလာကြသည်။ အနောက်မှလိုက်လာသော ယောင်္ကျားလေးများကတော့ ရှက်စိတ်များဝင်နေကြပြီး အားရှိအောင်သိုင်းပညာကိုကြိုးကြိုးစားစားကျင့်ကြံချင်နေကြ၏။ မဟုတ်ပါက ရွာလူကြီးလေးမှ အရေးကြီးကိစ္စများလုပ်သည့်အခါတိုင်း သူတို့ကိုခေါ်တော့မည်မဟုတ်ဟုယူဆလိုက်ကြသည်။

​"ဘုရားရေ ဒါဘာကြီးလဲ"

အဘွားရွှီ အံ့ဩတကြီးအော်လိုက်မိသည်။ ​အဘွားရွှီနှင့် စကားပြောနေကြသော တခြားအဘွားကြီးများလည်း ထိတ်လန့်ပြီးမတ်တတ်ရပ်ကုန်ကြလေ၏။

​"ဘုရား ဘုရား တောဝက်ကြီးဟေ့"

​"တောဝက်ကြီး တောင်အောက်ဆင်းလာပြီ"

​"တောဝက်တွေ ရွာထဲဝင်လာပြီဟေ့"

​"......."

​အဘွားကြီးများ၏အသံမှာ ငြိမ်းချမ်းနေသောရွာလေးထဲတွင် မိုးကြိုးပစ်ချလိုက်သလိုပင်ဖြစ်သွားတော့သည်။ ကလေးများလည်း အော်ဟစ်ပြီးအိမ်ပြန်ပြေးကြ၏။ ယောင်္ကျားသားများမှာ တံစဉ်များ၊ ပေါက်တူးများဆွဲပြီး အိမ်ပြင်ပြေးထွက်လာကြလေသည်။

​သို့သော် သေချာကြည့်လိုက်ကြကာမှ

​ဟမ် ဘယ်လိုကြီးပါလိမ့်။ တောဝက်ကြီးအောက်မှာ ခြေထောက်တွေပါနေသလိုပဲ။ နေပါဦး လူတစ်ယောက်ရှိနေတာဟ။ ကလေးတစ်ယောက်ပဲရှိသေးတယ်။ နေဦး အဲ့ကလေးက ရွာလူကြီးလေးပဲ။ မသေချာသေးဘူး ပြန်ကြည့်ကြစို့။

​အမလေး တကယ်ရွာလူကြီးလေးပါလား။

​ယောင်္ကျားသားအတော်များများမှာ ပေါက်တူးများကိုပစ်ချပြီး အပြေးသွားကြည့်ကြသည်။

​"ရွာလူကြီးလေး ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ဒီလောက်လေးတာကြီးကို သယ်နိုင်ရတာလဲ"

​"ရွာလူကြီးလေး ဒီအကောင်ကြီးကို အောက်ချလိုက်ပါ၊ ကျွန်တော်တို့သယ်ခဲ့ပါ့မယ်"

​"ရွာလူကြီးလေး ချထားလိုက်တော့ မဟုတ်ရင် အရပ်ပုသွားပါ့မယ်"

​ရွာလူကြီးက အရပ်မပုလို့မဖြစ်ဘူးလေ။ ​ရှောင်ကျိုး စကားတစ်ခွန်းမျှမပြောဘဲ တောဝက်ကြီးကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ရွာသားများကိုသယ်ခိုင်းလိုက်သည်။ ရွာသားအတော်များများဝိုင်းသယ်ကြသည်ကိုတောင် တောဝက်ကြီးကို မနည်း,မ,လိုက်ရ၏။ သူတို့မျက်နှာများ နီရဲကုန်ကြသည်။

မောလို့မဟုတ်ဘူး ရှက်လို့။ ရွာလူကြီးလေးမှာတော့ သေးသေးလေးနှင့် တောဝက်ကြီးကို အသာလေးမ,သွားနိုင်ပေသိ သူတို့မှာတော့ မနည်းသယ်နေရ၏။

​ရှက်စရာကြီး

ထိုအချိန်တွင် ရွာအကြီးအကဲများလည်း တောဝက်များ ရွာသားတွေကို ရန်ပြုမည်စိုး၍ ပြာပြာသလဲရောက်လာကြသည်။ ​ရွာအကြီးအကဲကျိုးမှ မေးလိုက်၏။

​"ရွာလူကြီးလေး ဒါ ဒါ ရွာလူကြီးလေး လက်ချက်ပဲလား"

​ရှောင်ကျိုး ခေါင်းညိတ်ပြီးပြောလိုက်သည်။

​"ဒီတောဝက်ကို ရောင်းလိုက်ကြစို့၊ ရတဲ့ပိုက်ဆံနဲ့ ကျောင်းဆောက်ကြမယ်၊ မလောက်ရင် နောက်ထပ်ဖမ်းဖို့တောထဲ ထပ်သွားလိုက်မယ်"

​တောဝက် - နင်က တော်တော်မြင့်မြတ်နေတယ်ပေါ့လေ။

​ရွာသားများမှာ ရွာလူကြီးလေးသည် ရွာတွင်ကျောင်းဆောက်ဖို့အတွက် တောထဲသွားခဲ့သည်အားသိလိုက်ရသော် မျက်ရည်ဝဲကုန်ကြလေသည်။ သူတို့က တကယ်အသုံးမကျကြပါလား။ ရွာလူကြီးလေးက ဒီလောက်ငယ်ငယ်လေးနဲ့ ရွာအတွက် ဒီလောက်ထိပူပန်နေရရှာသည်။ ​ရှောင်ကျိုး အားလုံးကိုကြည့်ပြီး ပြောလိုက်၏။

​"မနက်ဖြန်မြို့သွားပြီး တောဝက် ဘယ်လောက်ဈေးပေါက်လဲ သွားမေးကြည့်ရအောင်"

ရွာ​မှမုဆိုးမှာ ချက်ချင်းပြောလိုက်သည်။

​"ရွာလူကြီးလေး ကျွန်တော်သိတယ်၊ မနက်ဖြန် ကျွန်တော်လိုက်ပို့ပေးမယ်"

​ရှောင်ကျိုး ခေါင်းညိတ်လိုက်လေသည်။ ဒါနဲ့ပင် သူတို့တစ်သိုက် မနက်ဖြန်စောစော မြို့တက်ဖို့ဆုံးဖြတ်လိုက်ကြသည်။ ​နောက်တစ်နေ့ မနက်စောစောတွင် မုဆိုးကြီးမှ လှည်းမောင်းကာ ရွာလူကြီးလေးမှလိုက်ပါလာပြီး ကျောက်ဟူနှင့် တခြားနှစ်ယောက်ကလည်း အရှက်မရှိဇွတ်အတင်းလိုက်ပါလာကြသည်။ သူတို့ မြို့သို့ထွက်လာခဲ့ကြပြန်လေ၏။ ​ရှောင်ကျိုး လှည်းပေါ်မှနေ လမ်းဘေးရှုခင်းများကိုကြည့်ပြီး စိတ်ပျော်ရွှင်နေမိသည်။ ရည်မှန်းချက်တစ်ခုအတွက် နေ့တိုင်းကြိုးစားနေရသည့် ဒီလိုဘဝမျိုးကို သူမသဘောကျသည်။ အဆုံးမရှိသောထွက်ပြေးတိမ်းရှောင်မှုများ မရှိတော့ပေ။ သူမ ဦးနှောက်ကိုဖောက်စားဖို့ လိုက်နေသည့်သူများလည်းမရှိတော့ပေ။

​ဤနေရာမှလူများသည် စည်းလုံးကြပြီး မိသားစုကြီးတစ်ခုလိုပင်။ အချင်းချင်းရန်ဖြစ်စကားများကြသည်မျိုးရှိသော်လည်း ရွာလူကြီးလေးကိစ္စနှင့် ရွာအကျိုးကိစ္စဆိုလျှင် တစ်စိတ်တစ်ဝမ်းတည်းရှိကြလေသည်။ နေ့တိုင်းခံစားချက်မရှိဘဲ လေလွင့်နေရသည့်ဘဝမျိုးမဟုတ်တော့ချေ။ ​တကယ် ကောင်းလိုက်တာ။

​တောင်တန်းတွေ မြစ်ချောင်းတွေနဲ့ သဘာဝအလှတွေရှိပြီး လေထုကလည်း သန့်ရှင်းလတ်ဆတ်ကာ ပန်းရနံ့များသင်းပျံ့နေသည်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ဂိမ်းတွေမရှိပေမယ့်ပေါ့။ ​သို့သော် ရှောင်ကျိုးကတော့ ဂိမ်းကစားနေရသလို ခံစားရသည်။ မြို့တည်ဆောက်ရေးဂိမ်းတွေလိုမျိုး ရွာလေးကို တစ်ဆင့်ချင်းစီ တည်ဆောက်နေရတာပင်။ စနစ်ကလည်း မစ်ရှင်တွေ ပေးလိုက်၊ ပြီးရင် ဆုလက်ဆောင်တွေ ပေးလိုက်နှင့်။

​ဘာပဲဖြစ်ဖြစ် အရင်ကမ္ဘာကြီးက ပျက်စီးနေပြီလေ။ လက်ရှိဘဝမှာ အများကြီးပိုကောင်းသည်။ ရှောင်ကျိုးမှာတော့ ကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။ နှစ်နာရီလောက် လှည်းမောင်းလာပြီး မြို့ကိုရောက်လာလေသည်။ ရှောင်ကျိုးမှာ တောဝက်ကိုထမ်းပြီး ဆင်းဖို့ပြင်လိုက်သည်။ မုဆိုးကြီးမှ ချက်ချင်းတားလိုက်၏။

​"ရွာလူကြီးလေး ဒီတောဝက်ကြီးကိုထမ်းပြီး မြို့ထဲဝယ်မယ့်လူပတ်ရှာမလို့လား"

​တောဝက်ကြီးထမ်းပြီး လျှောက်သွားနေလျှင် လူများလန့်သေကုန်ကြပေမည်။

​"အင်းလေ မဟုတ်ရင်ဘယ်လိုလုပ်ရမှာလဲ"

ရှောင်ကျိုး နားမလည်ဟန်ဖြင့်မေးလိုက်သည်။ ​မြို့၌သားငါးလာရောင်းလေ့ရှိသည့် မုဆိုးပီပီ သူပြောလိုက်လေ၏။

​"ရွာလူကြီးလေး ကျွန်တော်သိတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ရှိတယ်၊ အဲ့ဒီကိုသွားပြီး တောကောင်သား ဝယ်မလားမေးကြည့်ကြတာပေါ့"

​ဈေးကောင်းသာရပါက မည်သူ့ကိုရောင်းရောင်း အတူတူပါပင်။ မုဆိုးကြီးမှာ စားသောက်ဆိုင်ဘက်သို့ လှည်းမောင်းထွက်လာခဲ့သည်။ ​လမ်းဘေးတစ်လျှောက်တွင် မုန့်များ၊ ကစားစရာများ၊ ဒေသထွက်ကုန်များရောင်းသည့် ဈေးသည်များနှင့် ပြည့်နေသည်။ ကလေးများမှာ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြလေ၏။ အရင်တစ်ခေါက်တုန်းက သကြားလုံးရောင်းဖို့ပဲ အာရုံစိုက်နေခဲ့ရတာကိုး။ ​ကျောက်ဟူနှင့် အားသို့တို့မှာ အရင်တစ်ခေါက်၌ ပိုက်ဆံရထားသည်မို့ ပြောလာကြသည်။

​"ရွာလူကြီးလေး တောဝက်ရောင်းပြီးရင် ဒီနေရာကို ပြန်လာပြီးလျှောက်လည်ကြရအောင်နော်"

​ရှောင်ကျိုး သဘောတူကြောင်းခေါင်းညိတ်ပြလိုက်သည်။ သူမမှာ အမှတ်များနှင့် မုန့်လဲစား၍ရသော်လည်း လမ်းဘေးဆိုင်မှ မုန့်များကလည်း စားကောင်းမည့်ပုံပေါက်နေသည်ပင်။

14

"ကဲ ရောက်ပြီ ဒီနေရာပဲ"

မုဆိုးထျန်း ပြောလိုက်သည်။ ​ရှောင်ကျိုး လှည်းကိုစောင့်ကြည့်ရန် ကျောက်ဟူနှင့် အခြားသူများကိုမှာခဲ့ပြီးနောက် မုဆိုးထျန်းနောက်သို့လိုက်ကာ စားသောက်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ ​ရှောင်ကျိုး မော့ကြည့်လိုက်ရာ ယုံဖူစားသောက်ဆိုင်ဟူသော ဆိုင်းဘုတ်ကို တွေ့လိုက်ရ၏။ လျို့တကျူ အရင်တစ်ခေါက်၌ပြောဖူးသည်မှာ မြို့တွင် ယုံဖူစားသောက်ဆိုင်နားတစ်ဝိုက်သည် အစည်ကားဆုံး ဖြစ်သည်ဟုပင်။ ​ရှောင်ကျိုးသည် သူမ၏ခြေတံတိုတိုလေးများဖြင့် ဆိုင်ထဲသို့ဝင်ရောက်လာခဲ့သည်။ ဆိုင်ထဲမှ စားပွဲထိုးလေးတစ်ဦးသည် သူတို့နှစ်ယောက်ထံသို့ အပြေးအလွှားရောက်ရှိလာပြီး စိတ်အားထက်သန်စွာဖြင့်မေးမြန်းလာလေသည်။

​"ဧည့်သည်တော်တို့ ဘာများသုံးဆောင်မလဲ"

​မုဆိုးထျန်း လက်ကာပြလိုက်ပြီးပြောလိုက်၏။

​"ကျုပ်က ခင်ဗျားတို့ဆိုင်ရှင်ကို လာရှာတာပါ၊ ကျုပ်တို့ဆီမှာ တောကောင်အချို့ပါလာလို့ ခင်ဗျားတို့စားသောက်ဆိုင်ကဝယ်မလားလို့ လာမေးတာ"

​စားပွဲထိုးလေးသည် သူတို့မှာတောကောင်လာရောင်းသည်မှန်း သိလိုက်ရသောအခါ ဆိုင်ရှင်နှင့်တွေ့ဆုံရန် ဆိုင်အတွင်းဘက်သို့ ချက်ချင်းလမ်းပြခေါ်ဆောင်သွားလေသည်။ ​ရှောင်ကျိုးအနေဖြင့် ဤစားသောက်ဆိုင်အပေါ် အမြင်ကြည်သွားမိသည်။ သူမ တီဗီထဲတွင်ကြည့်ဖူးသည်နှင့်မတူသလို ဝတ္ထုများထဲတွင် ဖတ်ဖူးသည်နှင့်လည်းမတူဘဲ စားပွဲထိုးလေးသည် သူမနှင့်မုဆိုးထျန်းတို့ စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားသော်လည်း နှိမ်ချဆက်ဆံခြင်းမရှိပေ။ ​မကြာမီ သူတို့သည် စားသောက်ဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံရလေသည်။ ဆိုင်ရှင်သည် ရုပ်မြင်သံကြားတွင်တွေ့ရလေ့ရှိသော ဟာသလူရွှင်တော်များနှင့်တူပြီး ဝဝဖိုင့်ဖိုင့်နှင့် သဘောကောင်းမည့်ပုံ ပေါက်နေသည်။ ဆိုင်ရှင်မှာ လူကောင်ထွားထွားမုဆိုးကြီးနှင့် ကလေးမလေးတစ်ယောက်ပါလာသည်ကို မြင်သောအခါ မေးလိုက်၏။

​"ဒါ ခင်ဗျားသမီးလား"

​မုဆိုးထျန်း အမြန်လက်ခါပြပြီးဖြေလိုက်သည်။

​"မဟုတ်ပါဘူး ဒါ ကျုပ်တို့ရဲ့ရွာလူကြီးပါ"

​ဆိုင်ရှင်သည် လောကအကြောင်းနှံ့စပ်သူဖြစ်သော်လည်း ယောင်္ကျားတစ်ယောက်၏ပေါင်လောက်ပင် အရပ်မရှိသော ကလေးမလေးတစ်ယောက်မှ ရွာလူကြီးဖြစ်နေသည်ကိုမူ ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပေသည်။ ဒီကလေးမလေးက ချစ်စရာကောင်းပြီး လှပတာကလွဲရင် ဘာမှထူးခြားပုံမရပါဘူး။ ​ရှောင်ကျိုးသည် 'ခင်ဗျား နောက်နေတာမလား'ဟူ၍အဓိပ္ပာယ်ပါသည့် ဆိုင်ရှင်၏မျက်နှာပေးကိုမြင်လိုက်ရသဖြင့် နှာခေါင်းရှုံ့ကာမျက်နှာလွှဲလိုက်သည်။ ဘယ်သူ့ကို အထင်လာသေးနေတာလဲ။ သူမလို ကလေးတစ်ယောက် ရွာလူကြီးဖြစ်နေတာ ရယ်စရာကောင်းနေလို့လား။ ​ဆိုင်ရှင်မှာ စိတ်ထဲတွင် ဘယ်လိုတွေးနေပါစေ အပြင်ပန်းတွင်မူ ဖော်ရွေစွာဖြင့် မေးလိုက်လေသည်။

​"မိတ်ဆွေတို့နှစ်ယောက် ဘယ်လိုတောကောင်မျိုး လာရောင်းတာလဲ"

​"တောဝက်"

ရှောင်ကျိုး ပြန်ဖြေလိုက်သည်။

​"တောဝက်ဟ်ုလား ခင်ဗျားတို့ တောဝက်မိလာတာလား"

​ဆိုင်ရှင်ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ရှောင်ကျိုးကိုပွေ့ချီပြီး နှစ်ချက်လောက် နမ်းလိုက်ချင်စိတ်ပင် ပေါက်သွားသည်။ ​လတ်တလောတွင် ချင်းယွင်မြို့ရှိစားသောက်ဆိုင်ကြီး အများအပြားသည် အဘွားဝမ်၏မွေးနေ့ပွဲအကြောင်း သတင်းကြားထားကြသည်။ အဘွားဝမ်၏သမီးသည် မြို့တော်ရှိ လီမိသားစုနှင့်လက်ထပ်ထားပြီး သူမခင်ပွန်းမှာ အဆင့်လေး အရာရှိဖြစ်သည်ဟု ဆိုကြသည်။ ယခုတစ်ခေါက်တွင် အဘွားဝမ်၏မွေးနေ့ပွဲကျင်းပရန် သမီးဖြစ်သူမှာ ခင်ပွန်းသည်၏မိသားစုကို ခေါ်ဆောင်လာမည် ဖြစ်သည်။ သခင်ကြီးဝမ်မှာ သူ့သားမက်ကိုဧည့်ခံရန် ထူးထူးခြားခြားဟင်းလျာများ လိုအပ်ကြောင်း အတိအလင်းပြောကြားထားသည်။

မည်သည့်စားသောက်ဆိုင်မှ အကောင်းဆုံးတောကောင်ဟင်းလျာချက်ပြုတ်နိုင်သည်ဖြစ်စေ ထိုဆိုင်တွင် အဘွားဝမ်၏မွေးနေ့ပွဲကို ကျင်းပမည်ဟု သခင်ကြီးဝမ်မှကြေညာထားလေသည်။ ဤသည်မှာ စီးပွားရေး အခွင့်အလမ်းကြီးတစ်ခုဖြစ်ပြီး စားသောက်ဆိုင်အားလုံးမှာလည်း ထိုအော်ဒါကိုရရှိရန် ကြိုးပမ်းနေကြသည်။ ငွေအမြောက်အမြားရနိုင်မည့်အပြင် ဝမ်မိသားစုအပေါ် ကောင်းမွန်သော အထင်အမြင်ရစေပြီး မိမိတို့စားသောက်ဆိုင်၏ ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်မည့်အခွင့်အရေး ဖြစ်သည်။ ​သို့သော် စားသောက်ဆိုင်အားလုံးသည် ရစ်ငှက်၊ ယုန် စသည့် တောကောင်ငယ်လေးများကိုသာရရှိထားကြပြီး တောကောင်ကြီးတစ်ကောင်မှ မရရှိကြသေးပေ။ တောကောင်ကြီးများသည် တောနက်ထဲတွင်သာ နေထိုင်ကြပြီး သာမန်လူများ ဖမ်းဆီးရန်မလွယ်ကူသလို အနီးနားရွာများသို့လည်း လာရောက်လေ့မရှိပေ။

ဆိုင်ရှင်ရွှီခမျာ ဒီရက်ပိုင်းစိတ်ပူလွန်းလို့ ဗိုက်တောင်ချပ်သွားရရှာသည်။

​ဒါပေမယ့် ရွှီဖူလိုင်ဆိုတဲ့ငါက ကံကောင်းတုန်းပဲဟေ့။ ကြည့်ပါလား တောဝက်လာရောင်းတဲ့သူတောင် ကိုယ့်ဆီ တန်းရောက်လာတယ်လေ။

​ဆိုင်ရှင်ရွှီ ရှောင်ကျိုးနှင့်မုဆိုးထျန်းတို့ကို သူတို့ပါလာသည့်တောကောင်အားပြသခိုင်းရန် အမြန်ခေါ်ဆောင်သွားလေသည်။ လှည်းနားသို့ရောက်သောအခါ ဆိုင်ရှင်ရွှီသည် စိတ်မရှည်စွာဖြင့်လှည်းလိုက်ကာအား မလိုက်ရာ ကလေးသုံးယောက်မှ သူ့ကိုပြိုင်တူ စိုက်ကြည့်နေကြသည်အား တွေ့လိုက်ရသည်။ ​ကလေးသုံးယောက်ဘေးတွင် တောဝက်ကြီးတစ်ကောင်ရှိနေ၏။ ဆိုင်ရှင်ရွှီသည် တောဝက်အစစ်ကြီးကိုတွေ့လိုက်ရသောအခါ လှည်းပေါ်သို့အမြန်ကုန်းတက်လိုက်လေသည်။ ဘေးနားမှ စားပွဲထိုးလေးမှာ သူတို့၏ဝဖိုင့်ဖိုင့်ဆိုင်ရှင်ကြီး ဤမျှသွက်လက်သည်ကို တစ်ခါမှမမြင်ဖူးချေ။ ​ဆိုင်ရှင်ရွှီသည် တောဝက်တစ်ကိုယ်လုံးကို လိုက်လံကြည့်ရှုရာ မည်သည့်ဒဏ်ရာမျှမတွေ့ရသဖြင့် အံ့ဩတကြီးဖြင့် သူရေရွတ်လိုက်သည်။

​"ဒီကောင်ကိုဖမ်းတဲ့ မုဆိုးက သေချာပေါက်အတွင်းအားမြင့်မားတဲ့ သိုင်းပညာရှင် ဖြစ်ရမယ်၊ တောဝက်ကိုယ်ပေါ်မှာ ခြစ်ရာတစ်ခုတောင်မရှိပါလား"

​ဆိုင်ရှင်ရွှီ မုဆိုးထျန်းဘက်သို့လှည့်ပြီး မေးလိုက်၏။

​"ဒီသားကောင်ကို ဘယ်သိုင်းပညာရှင်က ဖမ်းခဲ့တာလဲ"

​မုဆိုးထျန်းမှာ သူ့ပေါင်လောက်ပင် အရပ်မရှိသော ရွာလူကြီးလေးထံ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

​"ကျုပ်တို့ ရွာလူကြီးလေးဖမ်းတာလေ"

​ဆိုင်ရှင်ရွှီသည် ရှောင်ကျိုးထံထိတ်လန့်တကြားကြည့်လိုက်၏။

​"မင်း မင်းကဖမ်းတာဟုတ်လား၊ ဘယ်လိုသတ်လိုက်တာလဲ၊ ဘာလို့ ဒဏ်ရာမရှိတာလဲ"

​"လက်သီးနဲ့လေ ဒီလိုတစ်ချက်ထိုးလိုက်တာ သေသွားတာပဲ"

ရှောင်ကျိုး သူ့လက်သီးသေးသေးလေးကို မြှောက်ပြရင်း ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

​"ဟမ်"

ဆိုင်ရှင်ရွှီမှာ ထိုအဖြေကြောင့် တကယ်ပင် ထိတ်လန့်သွားရသည်။ ​ဆိုင်ရှင်ရွှီသည် ဆယ်စုနှစ်ပေါင်းများစွာရှိသော သူ့ဘဝအတွေ့အကြုံများမှာ မလုံလောက်သေးမှန်း ခံစားလိုက်ရသည်။ အခုချိန်မှာ ၅နှစ်အရွယ်ကလေးမလေးမှ ရွာလူကြီးဖြစ်နေသည်ကိုပဲ အံ့ဩရမည်လား၊ ၅ နှစ်အရွယ်ကလေးမလေးမှ လက်သီးတစ်ချက်တည်းဖြင့်တောဝက်အားသတ်လိုက်သည်ကိုပင် အံ့ဩရမည်လားကို သူဝေခွဲမရဖြစ်နေသည်။ ​အားသို့မှ အမြန်ဝင်ပြောလာ၏။

​"ကျွန်တော်တို့ရွာလူကြီးလေးက အရမ်းစွမ်းတာ၊ အရင်တုန်းကလည်း လက်သီးတစ်ချက်တည်းနဲ့ တောဝက်တစ်ကောင် သတ်ဖူးတယ်"

​နောက်ထပ်တောဝက်တစ်ကောင် ရှိသေးသည်ဟု ကြားလိုက်ရသောအခါ ဆိုင်ရှင်ရွှီသည် သူ့အံ့ဩမှုကိုဘေးဖယ်ထားပြီး အမြန်မေးလိုက်သည်။

​"နောက်တစ်ကောင် ရှိသေးတယ်ဟုတ်လား ဘယ်မှာလဲ"

​အားသို့ သွားရည်သုတ်ရင်းပြန်ဖြေ၏။

​"ကျွန်တော်တို့ စားလိုက်ပြီလေ၊ အရမ်းစားကောင်းတာပဲ၊ ကျွန်တော့်တစ်သက် စားဖူးသမျှထဲမှာ အကောင်းဆုံး တောဝက်သားပဲ"

​ဆိုင်ရှင်ရွှီခမျာ ရင်ထုမနာဖြစ်သွားရသည်။

​"မင်းတို့ စားလိုက်ပြီဟုတ်လား၊ တကယ်ကြီး စားလိုက်တာလား၊ ဘာလို့ လာမရောင်းကြတာလဲကွ"

​ရှောင်ကျိုး ဂရုမစိုက်သလိုပြန်ဖြေလိုက်လေသည်။

​"စားချင်လို့စားလိုက်တာလေ၊ ဒီတစ်ကောင်ရောယူမှာလား"

​"ယူမယ် ယူမယ် ယူမယ်"

ဆိုင်ရှင်ရွှီ ချက်ချင်းပြန်ဖြေလိုက်သည်။

​အချိန်ဆွဲနေပါက ဒီကလေးတစ်သိုက်လောဘတက်ပြီး ဒီတစ်ကောင်ကိုပါ ပြန်ယူသွားကာ ချက်စားပစ်မည်ကို သူ ကြောက်နေမိ၏။

​"ဘယ်လောက်ပေးမှာလဲ"

ရှောင်ကျိုးမေးလိုက်သည်။

​"၁၅တေး ဒီဈေးနဲ့ဆို မင်းတို့ သေချာပေါက်မရှုံးစေရပါဘူး"

​ဆိုင်ရှင်ရွှီ တကယ်ပဲမလိမ်မညာပြောလိုက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် တောဝက်သားဆိုလျှင် အများဆုံး ၁၀တေးခန့်သာ ရောင်းရသော်လည်း ယခုအချိန်တွင် တောဝက်သားရှားပါးနေသဖြင့် ၁၅တေးဆိုသည်မှာ နည်းသောပမာဏမဟုတ်ပေ။ ​ရှောင်ကျိုး မုဆိုးထျန်းထံလှမ်းကြည့်လိုက်သည်။ မုဆိုးထျန်းမှာ ရှောင်ကျိုးနားကပ်ပြီး တီးတိုးပြောလိုက်၏။

​"ဆိုင်ရှင်ပေးတဲ့ဈေးက မနည်းပါဘူး ရွာလူကြီးလေး၊ ပုံမှန်ဆို ၁၀တေးလောက်ပဲရတာ၊ ကျုပ်တို့တောဝက်က အကောင်းစားဖြစ်ပြီး အပေါ်ယံဒဏ်ရာလည်းမရှိတော့ သူတို့ဈေးပိုပေးတာပုံမှန်ပါပဲ"

​ဆိုင်ရှင်မှ သူမကိုမလိမ်ညာမှန်းသိလိုက်ရသဖြင့် ရှောင်ကျိုးပြတ်ပြတ်သားသားပင် အရောင်းအဝယ်လုပ်လိုက်သည်။

​ဆိုင်ရှင်ရွှီသည် ဆိုင်အကူများကိုခေါ်ပြီး တောဝက်ကိုစားသောက်ဆိုင်ထဲသို့ သယ်ခိုင်းလိုက်သည်။ သူတို့ပြန်တော့မည်ကိုမြင်သောအခါ ရှောင်ကျိုးကို သူအမြန်ပြောလိုက်သည်။

​"ဒါနဲ့ ညီမလေးတို့က ဘယ်ရွာကလဲမသိဘူး၊ နောက်ဆိုတောကောင်ရရင် ကျုပ်ဆိုင်ကိုပဲ အရင်လာရောင်းပါနော်၊ ဈေးမနှိမ်ပါဘူးလို့ ကတိပေးပါတယ်၊ ကျုပ်ကိုယုံလိုက်ပါ"

​ရှောင်ကျိုးမှာ ဤဆိုင်ရှင်သည်လူကောင်းတစ်ယောက်ဟု တွေးလိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်လေသည်။

​"ကျွန်မတို့က ထောင်ယွမ်ရွာကပါ၊ ရှင်က တောဝက်ပဲဝယ်တာလား"

​ဒီကလေးမလေးမှာ တောဝက်တင်မကဘဲ အခြားတောကောင်များကိုပါ ဖမ်းနိုင်မှန်းသိလိုက်ရသဖြင့် ဆိုင်ရှင်ရွှီသည် ချက်ချင်းကိုယ်ကိုကိုင်းပြီး ရှောင်ကျိုးနားကပ်ကာ တီးတိုးပြောလိုက်သည်။

​"အမှန်အတိုင်းပြောရရင် ညီမလေးရယ် ကျုပ်တို့ဆိုင်က အခုတောကောင်ကြီးတွေ အရေးတကြီးလိုနေတာ၊ ညီမလေးတို့ ဘာပဲရရလာရောင်းပါနော်၊ ဈေးပိုပေးပါ့မယ် လုံးဝမနှိမ်ပါဘူး"

"အိုး ကောင်းပြီလေ နောက်တစ်ခါတွေ့ရင် ယူလာပေးမယ်"

​တောဝက်သားဖိုး ၁၅တေးရလိုက်သဖြင့် စိတ်ပျော်ရွှင်နေသော ရှောင်ကျိုးမှပြန်ဖြေလိုက်သည်။ ​၁၅တေးတောင်မှလေ။ ဒီလောက်အများကြီးရမည်ဟု သူမထင်မထားမိခဲ့ပေ။ ပိုက်ဆံတွေ အများကြီးပဲ။ နောက်ထပ်အကောင်ရေနည်းနည်းလောက်ထပ်ဖမ်းနိုင်ရင် ကျောင်းကိုချက်ချင်းဆောက်လို့ရပြီ။ ကလေးအားလုံးလည်း ဝမ်းသာပျော်ရွှင်နေကြသည်။

​"ဈေးဝယ်ထွက်ကြစို့ ဝယ်မယ် ဝယ်မယ် ဝယ်မယ်"

​ရှောင်ကျိုး လက်ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်ဟူနှင့်အခြားသူများမှာ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။ သူတို့သည် ချက်ချင်းပင်လူအုပ်ကြားထဲသို့တိုးဝင်ပြီး လမ်းဘေးဈေးဆိုင်များဆီသို့ ဦးတည်သွားကြတော့သည်။ ​မျက်စိတစ်မှိတ်အတွင်း ပျောက်သွားကြသော ကလေးများကိုကြည့်ရင်း လှည်းထိန်းကျန်ရစ်ခဲ့သော မုဆိုးထျန်းခမျာပြာသွားတော့၏။ သူသည် လှည်းကိုစားသောက်ဆိုင်တွင်ထားခဲ့ပြီး စားပွဲထိုးလေးကိုကြည့်ပေးရန် အကူအညီတောင်းကာ ကလေးများလူပျောက်မည်စိုးသဖြင့် သူတို့နောက်သို့ အမြန်ပြေးလိုက်ရတော့သည်။

All Chapters