← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

19

ယွိဟွာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ကြက်ခေါင်းကို မနားတမ်း ညိတ်ပြတော့သည်။

​"ကွပ် ကွပ်... ကွပ် ကွပ်... ကွပ် ကွပ်"

‘​သင်မယ်... သင်မယ်... သခင်... ယွိဟွာ သင်မယ်၊ ကမ္ဘာပေါ်မှာ အမိုက်ဆုံး ကြက်မကြီး ဖြစ်ချင်တယ်’

​ယွိဟွာမှ သဘောတူလိုက်သောကြောင့် ရှောင်ကျိုးက လေထဲတိုက်အိမ်ဆောက်ပြသည်ကို ရပ်လိုက်လေသည်။ တကယ်တော့ သူမက လျှောက်ပြောလိုက်ခြင်းသာ။ ကြက်တစ်ကောင်က ကိုယ်ဖော့ပညာတတ်သွားလျှင် ငှက်ဖြစ်လာမလားကို သိချင်၍ဖြစ်သည်။ ​ရှောင်ကျိုးမှာ အိပ်မက်လှလှမက်နေဆဲဖြစ်သည့် ယွိဟွာကိုခေါ်ပြီး အနောက်ဘက်တောင်ခြေဆီသို့ ထွက်လာခဲ့သည်။ ​အမာရွတ်နှင့်လူအပါအဝင် သူ့လူများမှာ ကြောက်စရာကောင်းသော ကလေးမလေး လာနေသည်ကို မြင်လိုက်ရသောကြောင့် လန့်လွန်း၍ သေး‌ပင်ထွက်တော့မည်အတိုင်းပင်။ သူတို့က ပေါက်တူးများကို အားကုန်စိုက်ပြီး ပေါက်ပြလိုက်ကြသည်။ အလုပ်လုပ်တာနှေးလျှင် မိုးပေါ်ထပ်ပစ်တင်ခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင်။ ​သူတို့ ကြိုးစားပမ်းစား လုပ်နေသည်ကို တွေ့ရ၍ ရှောင်ကျိုး ကျေနပ်သွားသည်။ ကျောက်ဟူမှ ရွာလူကြီးလေးအနားသို့ အပြေးလေး ရောက်လာလေသည်။

​"ရွာလူကြီးလေး၊ ကျွန်တော် ဒီမှာ သူတို့ကို သေချာ ကြပ်မတ်ပေးနေတာပါ၊ အပျင်းကြီးလို့ မရဘူး"

​ကျောက်ဟူရဲ့ မျက်နှာက 'ကျွန်တော့်ကို ချီးကျူးပါ' ဆိုသည့် ပုံပေါက်နေသည်။ သို့သော် ကျောက်ဟူ စကားပြော၍ ပြီးပြီးချင်းမှာပင် ရွာလူကြီးလေးဆီမှ အနံ့ဆိုးကြီးအား ရလိုက်သည်။ မသေချာသောကြောင့် ထပ်ရှူကြည့်လိုက်ရာ အမှန်ပင် နံနေသည်။

‘​ရွာလူကြီးလေး မတော်တဆအီးပါချလိုက်တာများလား၊ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ရွာလူကြီးလေးက ကလေးပဲ ရှိသေးတာကိုး’

ကျောက်ဟူက ရွာလူကြီးလေးကို ယဉ်ယဉ်ကျေးကျေးဖြင့် မည်ကဲ့သို့ သတိပေးရမည်ကို စဉ်းစားလိုက်သည်။ ​ရှောင်ကျိုးမှာ တစ်ခုခုပြောချင်ပေမယ့် တွန့်ဆုတ်နေသည့် ကျောက်ဟူကို ကြည့်ပြီး မေးလိုက်သည်။

​"ဘာဖြစ်လို့လဲ"

​"ရွာလူကြီးလေး ကျွန်တော် ၅နှစ်တုန်းကလည်း အိပ်ရာထဲရှူးပေါက်ချဖူးတယ်"

ကျောက်ဟူ ပြောလိုက်သည်။

​"အဲ့တော့"

​ရှောင်ကျိုးမှာ နားမလည်တော့ပေ။

‘ဘာလို့ ရုတ်တရက်ကြီး ဒါတွေလာပြောနေတာလဲ၊ ၅ နှစ်သားမှာ အိပ်ရာထဲသေးပါတာက ဂုဏ်ယူစရာကြီးမို့လို့လား’

​ရွာလူကြီးလေးထံမှ မည်သည့်တုံ့ပြန်မှုကိုမှ မတွေ့ရ၍ ကျောက်ဟူ ဆက်ပြောလေသည်။

​"ရွာလူကြီးလေးက ငယ်သေးတာပဲ၊ တစ်ခါတလေ မထိန်းနိုင်တာမျိုးဖြစ်တတ်ပါတယ်"

​ရှောင်ကျိုး စိတ်မရှည်တော့ပေ။

​"နင် ဘာဖြစ်နေတာလဲ၊ တည့်တည့်မပြောရင် နင့်အဖေကို သွားခေါ်လိုက်မှာနော်"

​ကျောက်ဟူ သတ္တိမွေးပြီး ပြောလိုက်လေသည်။

​"ရွာလူကြီးလေးက ငယ်သေးတော့ မအောင့်နိုင်ဘဲ အီးပါချမိလည်းကိစ္စမရှိပါဘူးလို့ ပြောတာပါ၊ ကျွန်တော်လည်း ငယ်ငယ်တုန်းက အိပ်ရာထဲအီးပါချဖူးပါတယ်"

​ရှောင်ကျိုးမှာ ကိုယ့်ကိုယ်ကို ပြန်နမ်းကြည့်လိုက်သည်။

‘မြစ်ခရု ခေါက်ဆွဲအနံ့ရနေတာကိုး၊ ကျောက်ဟူက သူမ အီးပါချတယ်လို့ ထင်နေတာ မဆန်းပါဘူးလေ’

​"ဒါ အစားအသောက်အနံ့ပါဟ"

ရှောင်ကျိုး ရှင်းပြလိုက်သည်။ ​ကျောက်ဟူ၏ မျက်နှာက 'ကျွန်တော် နားလည်ပါတယ်၊ ရွာလူကြီးလေး ပြောချင်တာပြောပါ၊ ကျွန်တော် ယုံပေးပါ့မယ်၊ ဘယ်သူ့ကိုမှလည်း ပေးမသိပါဘူး' ဆိုသည့် ပုံစံ ဖြစ်နေသည်။ ​ရှောင်ကျိုးမှ ခြိမ်းခြောက်လိုက်၏။

​"နင်လည်း လွတ်လပ်စွာပျံသန်းချင်သေးလား"

​ကျောက်ဟူမှာ ရွာလူကြီးလေး စိတ်ဆိုးပြီး မိုးပေါ် တကယ်ပစ်တင်လိုက်မည်ကို ကြောက်သောကြောင့် ချက်ချင်းပြောလိုက်လေသည်။

​"ရွာလူကြီးလေး အမေက ထမင်းစားဖို့ ခေါ်နေလို့ ပြန်တော့မယ်နော်၊ ရွာလူကြီးလေးဘာသာပဲ ဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်ခဲ့တော့"

​သူပြောပြီးသည်နှင့် အမြန်လစ်ပြေးတော့သည်။

​"နေဦး"

ရှောင်ကျိုး လှမ်းခေါ်လိုက်၍ ကျောက်ဟူမှာ ငိုချင်သွားရသည်။

​"ရွာလူကြီးလေး ကျွန်တော်တကယ် မှားသွားပါတယ်"

​ရှောင်ကျိုးပြောလိုက်သည်။

​"ခဏနေရင် ရွာက ကလေးတွေကို မနက်ဖြန်မနက် အနောက်ဘက်တောင်ခြေမှာ လာစုဖို့သွားပြောလိုက်၊ ဆရာယန်က သိုင်းစသင်ပေးတော့မယ်လို့"

​"တကယ်လား မနက်ဖြန် သိုင်းစသင်ရတော့မှာလား"

​ကျောက်ဟူမှ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

​"ကျွန်တော် အခုချက်ချင်း ရွာက ကလေးတွေကို သွားပြောလိုက်မယ်"

​ကျောက်ဟူမှ သူ့တာဝန်ကို ထမ်းဆောင်ရန် အမြန် ပြေးထွက်သွားတော့သည်။ ရှောင်ကျိုးက ဓားပြအတုများကို မြို့မှ အခြေအနေများ မေးချင်သောကြောင့် စကားပြောရန် ပြင်လိုက်သည်။ ရွာရှိလူများမှာ မြို့ကို သိပ်မရောက်ဖူးကြ၍ မြို့အကြောင်း မသိကြဘူး‌‌ပေ။ ​အမာရွတ်နှင့်လူနှင့် အခြားလူများက ကလေးမလေး လျှောက်လာသောကြောင့် လန့်သွားကြပြီး သူတို့၏ စိတ်ထဲ၌ အော်ဟစ်နေကြသည်။

'မလာပါနဲ့ မလာပါနဲ့’

​ရှောင်ကျိုးမှာ သူတို့အတွေးကို ဂရုမစိုက်ဘဲ အလွန်နွေးထွေးသော အပြုံးဟု သူမထင်သည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။ သို့သော် ဓားပြများ၏ မျက်လုံးထဲတွင်တော့ ထိုအရာမှာ ယုတ်မာကောက်ကျစ်သည့် အေးစက်စက် အပြုံးကြီးပင်။ ​အမာရွတ်နှင့်လူက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။

​"နတ်ဘုရားမလေး ဘာကိစ္စရှိလို့ပါလဲ"

​"နင်တို့ မြို့မှာတုန်းက ဘာလုပ်ခဲ့ကြတာလဲ"

​ရှောင်ကျိုး အလွန် သိချင်နေသည်။ သူတို့၏ ပုံစံက ကြမ်းတမ်းပြီး ဓားရှည်လည်း ကိုင်ထား၍ ဤမျှ ကြောက်တတ်စရာ အကြောင်းမရှိပေ။

​"ကျွန်တော်တို့က မြို့ပေါ်ကလမ်းသရဲလေးတွေပါ"

အမာရွတ်နှင့်လူက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

​"ဒါဆို ဘာလို့ ဓားရှည်တွေ ပါနေတာလဲ"

​"ဒီဓားတွေက လူသေအလောင်းတစ်လောင်းဆီက ယူထားတာပါ"

​"ဒါဆို နင့်မျက်နှာပေါ်က အမာရွတ်ကရော"

​"ကိုယ့်ဘာသာကိုယ် ထိခိုက်မိတာပါ"

အမာရွတ်နှင့်လူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလေသည်။

​"အမှန်အတိုင်း မပြောသေးဘူးပေါ့"

ရှောင်ကျိုး၏လေသံမှာ ခြိမ်းခြောက်သကဲ့သို့ ဖြစ်သွားသည်။ ​လူကောင်ပိန်ပိန်နှင့်လူမှ အမာရွတ်နှင့်လူ စကားမပြောရာ နတ်ဘုရားမ စိတ်ဆိုးမည်အား ကြောက်၍ ဝင်ပြောလိုက်လေသည်။

​"သူ့မျက်နှာပေါ်က ဒဏ်ရာက သူ့မိသားစုဝင်တွေ လုပ်လိုက်တာပါ"

ထို့ကြောင့် ရှောင်ကျိုးက ဇာတ်လမ်းကြီးရှိမှန်း သိလိုက်ရသည်။ သူမက သစ်တုံးတစ်တုံးပေါ် ချက်ချင်း ဝင်ထိုင်လိုက်ပြီး လူကောင်ပိန်ပိန်နှင့်လူကို မြန်မြန်ပြောရန် အချက်ပြလိုက်သည်။ ပိန်ညှက်ညှက်လူမှာ နတ်ဘုရားမနှင့် တောကြက်မတို့ သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်ကိုမြင်၍ ရင်ဖွင့်ချင်စိတ်ပေါက်သွားသည်။ သူက သစ်တုံးဘေး၌ ဝင်ထိုင်ပြီး စပြောပြတော့သည်။

​"ကျွန်တော့် သခင်လေးက မူလက မြို့တော်လီမိသားစုရဲ့ တရားဝင်သားပါ၊ သခင်လေးအမေ ရှိတုန်းကဆိုရင် သခင်ကြီးက သခင်လေးတို့ သားအမိအပေါ် အရမ်းကောင်းခဲ့တာ၊ ဘာပဲဖြစ်ဖြစ် သခင်လေးအမေကို ပထမဦးစားပေးပဲ၊ သခင်လေး ၆ နှစ်သားမှာ သခင်လေးအမေက ရောဂါနဲ့ ဆုံးပါးသွားတယ်၊ မထင်မှတ်ထားတာက ဈာပန ပြီးပြီးချင်းမှာပဲ သခင်ကြီးက နောက်အိမ်ထောင် ချက်ချင်းပြုလိုက်တယ်၊ သခင်လေးကို ပြုစုစောင့်ရှောက်ဖို့ပါလို့ အကြောင်းပြပြီး သူ့ရဲ့ ဝမ်းကွဲညီမကို အိမ်တော်သခင်မအဖြစ် ခမ်းခမ်းနားနား တင်မြှောက်လိုက်တယ်"

​"နင့်သခင်ကြီးက အဲ့ဒီ ဝမ်းကွဲညီမနဲ့ ခိုးစားနေတာ ကြာပြီမလား"

​ရုတ်တရက်ထွက်ပေါ်လာသော အဘွားအိုတစ်ယောက်၏အသံကြောင့် လူများ လန့်သွားကြပြီး ရှောင်ကျိုးလည်းမော့ကြည့်လိုက်‌သည်။

‘ဘုရားရေ... သူမနဲ့ အမာရွတ်နဲ့လူကို ဗဟိုပြုပြီး ရွာသားတွေ ဝိုင်းအုံနေကြတာကိုး’

ရွာသားအားလုံး အလုပ်များအား ပစ်ထားခဲ့ပြီး ပိန်ညှက်ညှက်နှင့်လူပြောသည်ကို နားစွင့်နေကြသည်။ အစောကဝင်ပြောလိုက်သူမှာ အဘွားရွှီပင်။ အဘွားရွှီက ပိန်ညှက်ညှက်နှင့်လူစကားရပ်သွားသောကြောင့် အမြန် တိုက်တွန်းလိုက်သည်။

​"ဘာလို့ ရပ်သွားတာလဲ ဆက်ပြောလေ"

​"အဘွားက ဘယ်လိုလုပ်သိတာလဲ"

ငပိန်လေးမှာ အနည်းငယ်အံ့ဩသွားရသည်။

‘သူက အဲ့ဒီအပိုင်းတောင်မရောက်သေးဘူးလေ’

​"သိနေတယ်လေ မယားကြီးသေတာနဲ့ ချက်ချင်း နောက်မိန်းမယူတယ် ဆိုကတည်းက ဖောက်ပြန်နေတာ ကြာနေပြီဆိုတာပဲ၊ မဟုတ်ရင် ဒီအဘွားကြီးကိုခေါင်းလာဖြတ်သွား"

အဘွားရွှီ ပြောလိုက်သည်။

​"ဟုတ်ပါတယ် သခင်ကြီးက သခင်လေးအမေနဲ့ မတွေ့ခင်ကတည်းက အဲ့ဒီ ဝမ်းကွဲညီမနဲ့ ငြိစွန်းနေခဲ့တာပါ၊ သခင်လေးအမေနဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီမိန်းမကို မြို့တော်အပြင်ဘက်က အိမ်တစ်လုံးမှာ တိတ်တိတ်လေး ထားခဲ့တာ"

ငပိန်လေးက နာကျည်းစွာပြောလိုက်သည်။

​"ပြီးတော့ရော"

နောက်ထပ် အဘွားအိုတစ်ယောက်ဖြစ်သည့် အဘွားမာမှ မေးလိုက်သည်။

​"သခင်လေးအမေ ဆုံးသွားတော့ သူတို့နှစ်ယောက်လုံး ဟန်မဆောင်ကြတော့ဘူး၊ သခင်လေးအမေရဲ့ လက်ဖွဲ့ပစ္စည်းတွေကို သိမ်းယူလိုက်ပြီး သခင်လေးအမေဘက်က ဆွေမျိုးတွေကိုတောင် ထောင်ချပစ်လိုက်ကြတယ်၊ သခင်လေးအမေရဲ့ အနီးကပ်အပျိုတော်ချွေ့အာက အမှန်တရားကိုသိသွားပြီး သခင်လေး အန္တရာယ်ရှိမှာစိုးလို့ ညတွင်းချင်း ခေါ်ပြီးထွက်ပြေးခဲ့တယ်၊ ကံဆိုးချင်တော့ သခင်ကြီးရဲ့လူတွေနဲ့ သွားတိုးတယ်၊ နောက်ဆုံးတော့ ချွေ့အာက သခင်လေးကို ကာကွယ်ရင်း ရိုက်သတ်ခံလိုက်ရတယ်၊ သခင်လေးရဲ့ မျက်နှာလည်း အခုတ်ခံလိုက်ရတယ်၊ သခင်လေးက ကျွန်တော့်ကိုခေါ်ပြီး ချောက်ကမ်းပါးထဲ ခုန်ချလိုက်လို့ သီသီလေး အသက်ရှင်ခဲ့ရတာ၊ ပြီးတော့မှ ဒီ ချင်းယွင်မြို့လေးမှာ လာပုန်းနေခဲ့ကြတာပဲ"

​"တောက် ယုတ်မာလိုက်တဲ့ စုံတွဲ"

အဘွားရွှီ အသံကျယ်ကျယ်ဖြင့်ဆဲရေးလိုက်သည်။

​"ဟုတ်တယ် ရက်စက်ယုတ်မာလိုက်တာ၊ လူစိတ်မရှိတဲ့ကောင် ကျားတောင် သူ့သားသမီး သူပြန်မစားဘူး၊ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"

​"သခင်လေးအမေက ရောဂါနဲ့ သေတာ ဟုတ်မှဟုတ်ပါ့မလား၊ အဲ့ဒီစုံတွဲ သတ်လိုက်တာပဲနေမှာ၊ သူသေတာနဲ့ ပစ္စည်းဥစ္စာတွေသိမ်းပြီး ဟိုမိန်းမကို အိမ်တော်သခင်မမြှောက်ဖို့ စောင့်နေကြတာ"

​ရွာသားအားလုံးမှ ထိုထင်ကြေးကို တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။ ​ရှောင်ကျိုး အမာရွတ်နှင့်လူကို မေးလိုက်လေသည်။

​"နင်တို့ လက်စားချေဖို့ မစဉ်းစားဖူးဘူးလား"

​အမာရွတ်နှင့်လူက ခါးသက်သက် ပြုံးလိုက်လေသည်။

​"လက်စားချေရမယ်ပေါ့လေ ဘယ်လိုလုပ် လက်စားချေရမှာလဲ၊ မြို့တော်ကို သွားပြီး အသေခံရမှာလား"

​အမာရွတ်နှင့်လူက အဘယ်ကြောင့် လက်စားမချေချင်ဘဲ နေမည်နည်း။ သို့သော် သူနှင့် သူ့အစေခံလေး ထွက်ပြေးလာစဉ်က ၅ နှစ်၊ ၆ နှစ်သာ ရှိကြသေးသည်။ ကလေးနှစ်ယောက် အသက်ရှင်ရန်ပင် မနည်းရုန်းကန်ခဲ့ရသည်။ ဤမြို့လေးကိုရောက်စဉ် အစပိုင်း၌ သူတောင်းစားများထံမှ အစာလုစားခဲ့ရသည်။ နောက်ပိုင်း အသက်နည်းနည်းကြီးလာမှသာ တခြားလူများနှင့် ပေါင်းပြီး ဆက်ကြေးလိုက်ကောက်ကာ စားခဲ့ရသည်။

​’လက်စားချေမယ်၊ ဘယ်လိုလုပ် လက်စားချေနိုင်မှာလဲ၊ သူ့ရဲ့ လက်ရှိဘဝနဲ့ဆို အဲ့ဒီစုံတွဲရဲ့မျက်နှာကို မြင်ခွင့်တောင် ရမှာမဟုတ်ဘူး၊ မြို့တော်ကို မရောက်ခင်မှာပဲ လမ်းမှာတင် အသတ်ခံလိုက်ရနိုင်တယ်’

20

ရှောင်ကျိုး အမာရွတ်နှင့်လူ၏ ခေါင်းကို ရိုက်လိုက်လေသည်။

​"ဘာကြောက်စရာရှိလို့လဲ၊ အမျိုးကောင်းသားဆိုတာ လက်စားချေဖို့ ဆယ်နှစ်စောင့်ရလည်း မနောက်ကျပါဘူး၊ သူရဲဘောမကြောင်စမ်းပါနဲ့"

​ရှောင်ကျိုးအတွက်မူ သူမကို လာထိသည့်သူတိုင်း ပြန်ပေးဆပ်ရပေမည်။ စာရင်းရှင်းပြီးမှသာ သူမ အိပ်စက်နိုင်မည် ဖြစ်သည်။ ​အမာရွတ်နှင့်လူက မျှော်လင့်တကြီး ကြည့်လာလေသည်။

​"မနက်ဖြန် လေ့ကျင့်တဲ့အခါ ကျွန်တော်ပါ လိုက်လေ့ကျင့်လို့ ရမလား၊ ရွာမှာလည်း အလုပ်ကြိုးစားပါ့မယ်"

​"ရပါတယ်၊ ဒါပေမယ့် နင်တို့နာမည်တွေက ဘယ်သူတွေလဲ"

​ရှောင်ကျိုးက သူ့ကိုအမာရွတ်နှင့်လူဟု ခေါ်နေရသည်မှာ ငြီးငွေ့နေပြီ ဖြစ်သဖြင့် မေးလိုက်သည်။

​အမာရွတ်နှင့်လူက အမြန်မိတ်ဆက်လာလေသည်။

​"ကျွန်တော့်နာမည် လင်းချီပါ"

​သူက လူကောင်ပိန်ပိန်နှင့်လူထံ လက်ညှိုးထိုးပြလိုက်သည်။

​"ဒါက လင်းချုံး၊ မြို့တော်ကနေ ထွက်ပြေးလာတုန်းက ပါလာတဲ့ အစေခံပါ၊ အခုတော့ ကျွန်တော့် ညီအစ်ကိုပါပဲ"

​ထို့နောက် ကျန်သည့်လူများကို ညွှန်ပြလိုက်လေသည်။

​"သူတို့ကတော့ ဆင်းရဲတဲ့ မိသားစုက သာမန်လူတွေပါ၊ နေစရာမရှိတော့လို့ ကျွန်တော်တို့နောက်လိုက်ပြီး မြို့မှာရပ်တည်နေကြတာ"

​"နင်တို့ ယုတ်မာတဲ့ကိစ္စတွေ လုပ်ဖူးလား"

ရှောင်ကျိုးမှ လင်းချီကို မေးလိုက်သည်။

​"အရင်တစ်ခေါက်က ဓားပြတိုက်တာပဲ ရှိဖူးတာပါ၊ အရင်ကတော့ ဆိုင်တွေဆီက ဆက်ကြေးပဲကောက်တာ၊ အများကြီးလည်း မကောက်ပါဘူး၊ နတ်ဘုရားမလေး ကျွန်တော်တို့ဆီက ရှာတွေ့တဲ့ ပိုက်ဆံတွေက ဟိုဓားရှည်တွေနဲ့ ဝတ်ရုံနက်ဝတ်အလောင်းတွေဆီကနေ ယူလာတာပါ"

​အမာရွတ်နှင့်လူ ကျိန်ပြောလိုက်လေသည်။ ကျန်သည့်လူများကလည်း အတင်းခေါင်းညိတ်ပြကြသည်။ ​ရှောင်ကျိုး သူတို့ကို ယုံကြည်လိုက်သည်။

​"မနက်ဖြန်ကစပြီး နင်တို့ဆရာယန်နဲ့အတူ လေ့ကျင့်ကြ၊ ကျောင်းဆောက်တာလည်း ကူလုပ်ပေး၊ ပြီးသွားရင် ရွာကင်းလှည့်ဖို့နဲ့ ကျောင်းကို ကာကွယ်ဖို့ ကင်းတပ်ဖွဲ့ ဖွဲ့ပေးမယ်၊ လစာရမယ် နေစရာ စားစရာ စီစဉ်ပေးမယ်၊ စိတ်ဝင်စားလား"

​သူတို့ ချက်ချင်းသဘောတူလိုက်ကြသည်။ မြို့တွင်နေရသည်ထက် အများကြီး ပိုကောင်းပေသည်။ ထမင်းမှန်မှန် စားရမည့်အပြင် အိပ်စရာနေရာလည်းရှိဦးမည်ပင်။ အရေးကြီးဆုံးမှာ သိုင်းသင်ခွင့်ရမည်ဖြစ်၏။ သူတို့လည်း စွမ်းရည်ရှိချင်သည်မှာ သူတို့အိပ်မက်ပင် ဖြစ်သည်။ မဟုတ်လျှင် သူတို့ ဤမျှ သတ္တိနည်းနေမည် မဟုတ်ပေ။ ​နတ်ဘုရားမလေး ယူသွားသည့် တေးရာချီသောဘာသောကိစ္စကိုမူ မည်သူမှထုတ်မပြောရဲကြချေ။ ထိုပိုက်ဆံများမှာလည်း လူသေအလောင်းများထံမှ ရလာခြင်း‌ကြောင့် သူတို့၏ပထမဆုံး ပြစ်မှုအတွက် ပေးဆပ်လိုက်ရသည်ဟုသာ သဘောထားလိုက်ကြတော့သည်။

​နောက်တစ်နေ့ မနက် အာရုံတက်ချိန်တွင် ရှောင်ကျိုးမှ ယွိဟွာနှင့် ရွာသားများကို ဦးဆောင်ပြီး အနောက်ဘက်တောင်ခြေသို့ သွားရောက်စုဝေးကြလေသည်။ ယန်ချွဲ့ ရောက်လာသောအခါ လူအုပ်ကြီးက ပြိုင်တူ အော်ဟစ်နှုတ်ဆက်ကြသည်။

​"မင်္ဂလာနံနက်ခင်းပါ ဆရာယန်"

​ယန်ချွဲ့မှာ ရုတ်တရက် သူ့ပခုံးပေါ်တွင် တာဝန်ကြီးလေးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူတို့ ငြိမ်သွားသောအခါ ယန်ချွဲ့က ချောင်းဟန့်လိုက်သည်။

​"သိုင်းကျင့်တယ်ဆိုတာ ဇွဲရှိဖို့ လိုတယ်၊ အခြေခံကို အရင်ပိုင်နိုင်အောင် လုပ်ရမယ်၊ ဒီနေ့ကစပြီး မနက်တိုင်း ပြေးကြမယ်"

​သူက လူတိုင်း၏ခြေထောက်တွင် သဲအိတ်များ ချည်ခိုင်းပြီး အနောက်ဘက်တောင်ကိုပတ်ကာ ဖြည်းဖြည်းချင်း စတင်ပြေးခိုင်းလေသည်။ လူတိုင်းထံတွင်သဲအိတ်ပါသည်ကို မြင်သောအခါ ယွိဟွာက သူ့ကြက်ခြေထောက်ကို အမြန်ဆန့်ထုတ်ပြီး ယန်ချွဲ့ကို သူ့အတွက်လည်း တစ်ခုပေးရန် အချက်ပြလိုက်သည်။ ​ယန်ချွဲ့ဆွံ့အသွားရသည်။

‘ဒါ တကယ်ကြက်ဟုတ်ရဲ့လား လူများလား’

သူ ကြောင်တောင်တောင်ဖြစ်သွားသော်လည်း အိတ်အသေးလေးတစ်ခု ချည်ပေးလိုက်လေသည်။ ပြေးနေသူများထံ သူတစ်ချက်ကြည့်လိုက်သည်။

​"ခြေလှမ်းမှန်မှန်ထား၊ အသက်ရှူတာ ညီပါစေ၊ ရွာလူကြီးလေးနောက်က လိုက်ခဲ့ကြ၊ ငါက ပန်းတိုင်မှာ စောင့်နေမယ်"

ထိုစကား​ပြောပြီးသည်နှင့် သူခုန်ပျံပြီး ပျောက်ကွယ်သွားတော့သည်။ မနေ့က သူ လမ်းကြောင်း သွားကြည့်ထားပြီး ဖြစ်သည်။ ကလေးများအတွက် အဆင်ပြေပြီး တောင်နက်ထဲမရောက်မည့် လမ်းကြောင်းမျိုးပင်။ ​ကလေးများမှာ စိတ်လှုပ်ရှားနေကြသည်။ ကြည့်ရသည်မှာ လွယ်ကူမည့်ပုံပင်။ ဝက်စာပင်ခုတ်၊ ဟင်းရွက်ခူးရန် နေ့တိုင်း တောင်တက်နေကျ ကလေးများအတွက်တော့ ဤသည်က အသေးအဖွဲမျှသာ ဖြစ်ပေသည်။

​သို့သော် တောင်လမ်းမှာမညီမညာဖြစ်ပြီး လမ်းလျှောက်နေ၍ မရပေ။ သဲအိတ်များလည်း ရှိနေပြီး၊ ဆက်တိုက်လည်း ပြေးရသဖြင့် မကြာခင်မှာပင် ကလေးအတော်များများ လဲကျကုန်ကြလေသည်။ သို့သော် သူတို့ထက်ပိုငယ်သော ရွာလူကြီးလေးမှ မှန်မှန်ပြေးနေသည်ကို မြင်သောအခါ သူတို့ မညည်းရဲကြဘဲ အံကြိတ်ပြီး ဆက်လိုက်ကြတော့သည်။ ရှောင်ကျိုးနှင့် အားသို့က အငယ်ဆုံးပင်ဖြစ်သည်။ သုံးနှစ်အရွယ် ရှီထိုလေးမှာပိုငယ်သဖြင့် ရှောင်ကျိုးသည် အဒေါ်ကျိုးကို အိမ်ပြန်ခေါ်သွားခိုင်းလိုက်လေသည်။ ​တနွီမှာ အားသို့ ခဏခဏလဲကျသော်လည်း ဆက်ပြေးနေသည်ကို တွေ့လိုက်ရသည်။ သူ့မောင်လေးမှာ တော်တော်ဇွဲရှိပေသည်ဟု တွေးလိုက်မိ၏။

​အစပိုင်းတွင် လင်းချီနှင့် တခြားလူများမှာ ကလေးများ လဲကျမည် သို့မဟုတ် ကျန်ခဲ့မည်စိုးသဖြင့် ဘေးမှ ဝိုင်းကာကွယ်ပေးကြသည်။ မကြာခင်မှာပင် ကလေးများ မည်မျှစည်းလုံးသည်ကို သူတို့ တွေ့လိုက်ရသည်။ အကြီးများက အငယ်များကို ဆွဲခေါ်သွားကြသကဲ့သို့ တစ်ယောက်ယောက် လဲကျလျှင် တခြားသူများက ချက်ချင်းထူပေးကြလေသည်။ ရွာတစ်ရွာတွင် ဤမျှ စည်းလုံးခြင်းမျိုးကို လင်းချီပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူအားကျသွားရသည်။ ​တစ်နာရီခန့်ကြာသောအခါ လူကြီးများပင် မောပန်းပြီး လဲကျချင်နေကြပြီ ဖြစ်သည်။ ကလေးများ ဆက်မပြေးနိုင်တော့သည်ကို မြင်သောအခါ ရှောင်ကျိုး ပြောလိုက်သည်။

​"ဒီနေရာမှာ ၁၅မိနစ် နားမယ်၊ ပြီးရင် ဆက်သွားမယ်"

​"ဆက်ပြေးဦးမှာလား ရွာလူကြီးလေး၊ သားတို့ တကယ် မရတော့ဘူး၊ မနက်ဖြန်မှ ဆက်လုပ်ကြရအောင်"

ကလေးတစ်ယောက်မှာ ငိုသံကြီးဖြင့် ပြောရှာသည်။

​"မရဘူး တစ်နာရီတောင် မပြည့်သေးဘူးလေ၊ နည်းနည်းလောက် ထပ်သည်းခံလိုက်၊ ပြီးရင် ပြန်လို့ရပြီ၊ ဆရာယန်က ရှေ့မှာ စောင့်နေတယ်"

​ဆရာယန် ရှေ့၌စောင့်နေသည်ဟု ကြားလိုက်ရသဖြင့် သူတို့အားပြန်တက်လာကြလေသည်။ မည်သူမှ ဆရာ၏ အထင်ကြီးမှုကို အပျက်မခံနိုင်ကြပေ။ ​လေးလံသော ခြေလှမ်းများဖြင့်သူတို့ ဆက်ပြေးကြသည်။ ခဏကြာသော် ယန်ချွဲ့က သစ်ကိုင်းတစ်ကိုင်းပေါ်တွင် သက်တောင့်သက်သာမှီပြီး သူတို့ရောက်လာသည်ကို စောင့်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။ ယန်ချွဲ့ ခုန်ဆင်းလိုက်သောအခါ အားလုံးမှာ အားကျလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။

​တစ်နေ့ကျလျှင် သူတို့လည်း ထိုကဲ့သို့ ပျံသန်းနိုင်မည်ဟု တွေးလိုက်မိသောအခါ မောပန်းမှုများ ပျောက်ကွယ်သွားသကဲ့သို့ပင်။ ​ယန်ချွဲ့မှာ မည်သူမှ လက်မလျှော့ဘဲ ပန်းတိုင်ရောက်လာကြသည်ကို အံ့ဩသွားရသည်။ သူတို့ အမောဖြေပြီးသောအခါ သူက ကွင်းပြင်ကျယ်တစ်ခုဆီသို့ ခေါ်သွားလိုက်သည်။ ထိုနေရာတွင် သစ်သားတံတားများနှင့် အနိမ့်မှအမြင့်ကို တက်သွားသော ကျောက်တိုင်များကို တွေ့လိုက်ရသည်။ မည်သည့်နေရာမှ မည်သို့ ရောက်လာမှန်း မသိချေ။ ​ယန်ချွဲ့မှာ သူတို့ကို သစ်သားတံတားပေါ်သို့ ဦးစွာ လျှောက်ခိုင်းပြီး အနိမ့်ဆုံး ကျောက်တိုင်မှ တစ်ဆင့်မြင့်သည့် ကျောက်တိုင်ထံမှ ခုန်ကူးခိုင်းလေသည်။

​"အာရုံစိုက်ပြီး ခန္ဓာကိုယ်ကို ပေါ့ပါးအောင်လုပ်"

​သူ သတိပေးလိုက်လေသည်။ ​အစပိုင်းတွင် သူတို့ ဟန်ချက်မညီဘဲ အကြိမ်ကြိမ် ပြုတ်ကျကြသည်။ သို့သော် အံကြိတ်ပြီး ပြန်တက်ကာ ကြိုးစားကြပြန်လေသည်။ ​အချိန်ပြည့်သွားသောအခါ ယန်ချွဲ့သည် မောပန်းနေသော်လည်း စိတ်ဓာတ်ခိုင်မာသော လူအုပ်ကိုကြည့်ပြီး ပြောလိုက်၏။

​"ဒီနေ့တော့ ဒီလောက်ပဲ၊ ကောင်းကောင်း အနားယူကြ၊ မနက်ဖြန် ဆက်လုပ်မယ်၊ မှတ်ထားပါ သိုင်းကျင့်တယ်ဆိုတာ ဇွဲရှိဖို့ လိုတယ်"

​"ဆရာ ကျွန်တော်တို့ မှတ်ထားပါ့မယ်၊ စိတ်မပူပါနဲ့ ကျွန်တော်တို့ ဆက်လေ့ကျင့်မှာပါ"

​သူတို့ကတိပေးလိုက်ကြသည်။ ​ရွာလူကြီးလေးမှ ဦးဆောင်ပြီး သူတို့ပြန်ပြေးလာကြသည်။ တောင်ခြေကို ရောက်သောအခါ ကလေးများ လေ့ကျင့်ခန်းဆင်းပြီး ပြန်လာသည်ကို မြင်၍ ရွာသားများစိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံလာကြတော့သည်။

​"ငါ့သားက မနက်ခင်း လေ့ကျင့်ခန်း တစ်ကြိမ်လောက်လုပ်ရုံနဲ့ ပိုသန်မာလာသလိုပဲနော်"

​"ဟုတ်ပါ့ မျက်လုံးတွေကအစရင့်ကျက်လာသလိုပဲ"

​"တဟူ သေချာလေ့ကျင့်ပြီး စစ်သူကြီး ဖြစ်အောင် လုပ်နော် ဟားဟား"

​"ဟုတ်တယ် စစ်သူကြီးလုပ်ပြီး မင်းအမေကို ဂုဏ်ရှိန်မြင့်စေရမယ်"

​"တနွီ သေချာလေ့ကျင့်နော်၊ ယောင်္ကျားရလို့ ယောက္ခမတွေ အနိုင်ကျင့်ရင် အသေရိုက်ပစ်လိုက်"

​"ဟုတ်တယ် ငါ့သမီးအနိုင်ကျင့်ခံရမှာ မပူရတော့ဘူး၊ သူတို့ကို ပြန်မတောင်းပန်မချင်း ရိုက်ပစ်ရမှာ ဟားဟား"

​…

​ရွာသားများမှာ အပြိုင်အဆိုင်ချီးကျူးနေကြတော့သည်။

All Chapters