အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
11
လူအုပ်ကြီးသည် လှည်းမောင်းနှင်ကာ ထောင်ယွမ်ရွာသို့ ဖြည်းညင်းစွာ ပြန်လာခဲ့ကြ၏။ လမ်းတစ်လျှောက်လုံးတွင် ကလေးများသည် သူတို့ကိုယ်တိုင် ပထမဆုံးအကြိမ် ပိုက်ဆံရှာနိုင်ခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြလေသည်။ ကျောက်ဟူမှ ရွာလူကြီးလေးကို မေးလိုက်၏။
"ရွာလူကြီးလေး ကျွန်တော့်ကို သိုင်းသင်ပေးလို့ ရမလား"
ရှောင်ကျိုး ပြန်ဖြေလိုက်၏။
"နင်က ငါ့သိုင်းပညာကိုသင်လို့မရဘူး"
ကျောက်ဟူ အနည်းငယ်စိတ်ပျက်သွားလေသည်။
"ဒါဆိုရွာလူကြီးလေး ကျွန်တော် သိုင်းတတ်အောင် ဘယ်လိုလုပ်ရမလဲ"
ရှောင်ကျိုး လူအုပ်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"နောက်ကျရင် နင့်အတွက် သိုင်းဆရာ တစ်ယောက်လောက် ရှာပေးမယ်"
ရှောင်ကျိုး ခေတ္တမျှစဉ်းစားကြည့်ရာ ထောင်ယွမ်ရွာသားတိုင်း သိုင်းပညာမတတ်ကြကြောင်း သတိပြုမိလိုက်၏။ သူတို့သည် အလွန်အားနည်းကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိကြပေ။ သို့သော် ရှောင်ကျိုး၏တိုက်ခိုက်နိုင်စွမ်းမှာ ဇွန်ဘီဘုရင်၏မွေးရာပါ ခွန်အားကြီးမားမှုနှင့် အလွန်လျင်မြန်သော အမြန်နှုန်းတို့ကြောင့်သာဖြစ်ပေသည်။ ရှောင်ကျိုးသည် ရှေးခေတ်သိုင်းပညာရပ်များကို တတ်မြောက်ထားခြင်းမရှိချေ။
ကျောက်ဟူအတွက် သိုင်းဆရာကို မည်သည့်နေရာတွင် သွားရှာရပါမည်နည်း။
ထိုအချိန်မှာပင် ရှေ့နားရှိတောအုပ်စပ်မှ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသံများထွက်ပေါ်လာရာ ကလေးများ၏ပျော်ရွှင်စွာ စကားပြောဆိုသံများလည်းရပ်တန့်သွားကြသည်။ သူတို့အဖွဲ့သည် တောအုပ်ထဲသို့စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြရာ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူအများအပြားသည် ဓားရှည်ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူတစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်အား တွေ့မြင်လိုက်ရ၏။
ဝတ်ရုံနက်ဝတ်လူများ၏ တိုက်ခိုက်ပုံမှာ ပြင်းထန်ရက်စက်ကြမ်းကြုတ်လှပေသည်။ သူတို့ဓားချက်များသည် အေးစက်သော အလင်းရောင်များလက်နေပြီး ဓားချက်တိုင်းတွင် သတ်ဖြတ်လိုသောဆန္ဒများ ပါဝင်နေ၏။ ထိုမျက်နှာဖုံးစွပ်လူသည်လည်း သာမန်မဟုတ်ချေ။ သူ့ဓားကွက်များမှာ နဂါးတစ်ကောင်လှုပ်ရှားနေသကဲ့သို့ ပြင်းထန်ပြီး သိုင်းကွက်များမှာလည်း အလွန်ကောင်းမွန်လှသည်။ ဓားချက်တိုင်းသည် ရန်သူ၏အဓိကနေရာများကိုသာ ချိန်ရွယ်တိုက်ခိုက်နေသဖြင့် တစ်ဖက်လူမှာ အသက်ရှူချိန်ပင်မရနိုင်တော့ပေ။ ထုတ်သုံးလိုက်သော သိုင်းကွက်တိုင်းသည် အသက်အန္တရာယ်ပေးနိုင်ပြီး သိုင်းပညာရှင်အဆင့်ရှိသူ၏အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ခဏအကြာတွင် ဝတ်ရုံနက်လူများငြိမ်ကျသွားကြတော့၏။ ဤသည်မှာ ကျောက်ဟူနှင့်သူငယ်ချင်းများအတွက် ဤမျှပြင်းထန်သောတိုက်ပွဲကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ရာ အသက်ရှူဖို့ပင်မေ့လျော့၍ မှင်သက်နေကြသည်။ ရှောင်ကျိုးခေါင်းထဲ၌ ရဲတင်းသောအကြံတစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။ ဤလူကိုပြန်ပေးဆွဲပြီး သိုင်းနည်းပြအဖြစ်ခန့်လိုက်လျှင်ကောင်းပေလိမ့်မည်။ ရှောင်ကျိုး ကျောက်ဟူကိုပြောလိုက်သည်။
"နင်သိုင်းသင်ချင်တယ်ဆိုရင် သူ့ကိုနင့်ဆရာအဖြစ်ခန့်လိုက်ရင် ဘယ်လိုလဲ"
ကျောက်ဟူစိတ်လှုပ်ရှားစွာဖြင့် တုန်တုန်ယင်ယင်မေးလာသည်။
"ရွာလူကြီးလေး သူကလက်မခံရင် ဘယ်လိုလုပ်မလဲ"
ရှောင်ကျိုး အဝေးသို့လှမ်းကြည့်လိုက်ရာ ဝတ်ရုံနက်ဝတ်လူများကို ရှင်းလင်းပြီးသွားသောမျက်နှာဖုံးစွပ်လူကို တွေ့လိုက်ရသည်။ သူသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ဓားကိုထောက်ကာ အားယူထားရပြီး သွေးများအန်ထုတ်နေလေ၏။ သူဆက်တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
ရှောင်ကျိုးမှာ ကျောက်ဟူထံမရေမရာဟန်ဖြင့်ကြည့်၍ပြောလိုက်သည်။
"ကြည့်ရတာ နင့်ဆရာသေသွားပြီထင်တယ်"
ကျောက်ဟူသည် အနောက်သို့အမြန်လှည့်ကြည့်လိုက်ရာ မျက်နှာဖုံးစွပ်လူ မြေကြီးပေါ် လဲကျနေသည်ကိုတွေ့လိုက်ရသည်။ သူသည် လှည်းပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး တောစပ်သို့ အမြန်ပြေးသွားကာ ပါးစပ်မှလည်း အော်ဟစ်မေးမြန်းလိုက်၏။
"ဆရာ ဆရာ အဆင်ပြေရဲ့လား"
ရှောင်ကျိုးနှင့် အခြားသူများလည်း အနောက်မှပြေးလိုက်သွားကြပြီး နှုတ်ခမ်းများ မည်းနက်နေသော မျက်နှာဖုံးစွပ်လူကို ကြည့်လိုက်ကြသည်။ တနွီမှ မေးလာ၏။
"သူ အဆိပ်မိထားတာလား"
လျို့တကျူမှာ မျက်နှာဖုံးစွပ်လူ၏ပုံစံကို တစ်ချက်ကြည့်ပြီးပြောလိုက်လေသည်။
"သေချာပေါက် အဆိပ်မိထားတာပဲ ကြည့်လေ နှုတ်ခမ်းတွေကမည်းနက်နေပြီ"
ရှောင်ကျိုးသည် ခုနလေးတင်မဲပေါက်ထားသော အဆိပ်ဖြေဆေးလုံးကိုထုတ်ပြီး မျက်နှာဖုံးစွပ်လူပါးစပ်ထဲသို့ထည့်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားပြီး စနစ်ထံမေးလိုက်၏။
"ဒီအဆိပ်ဖြေဆေးက သူ့အဆိပ်ကိုကုနိုင်လား"
"ရပါတယ်"
စနစ်မှာ စိတ်ထဲမှစောဒကတက်လိုက်မိသည်။
*မင်းက တိုက်တောင်တိုက်ပြီးနေပြီကို အခုမှအဆိပ်ဖြေနိုင်လားလို့ လာမေးနေတာလား။ မေးတာနည်းနည်းနောက်ကျနေပြီနော်*
မျက်နှာဖုံးစွပ်လူသည် အဆိပ်ဖြေဆေးသောက်ပြီးနောက် မျက်နှာအရောင်အသွေးပြန်ကောင်းလာသော်လည်း သတိရမလာသေးပေ။ ရှောင်ကျိုးသည် ကျောက်တလန်နှင့် လျို့တကျူကို ထိုလူအား လှည်းပေါ်သို့တင်ခိုင်းလိုက်ပြီး မည်သူမည်ဝါမှန်းမသိသော မျက်နှာဖုံးစွပ်လူကိုခေါ်ဆောင်ကာ ရွာသို့ပြန်လာခဲ့ကြလေသည်။ ထိုလူသတိရလာပြီးနောက် အဆိပ်ဖြေဆေးသောက်ပြီး ထွက်ပြေးသွားမည်ကို ရှောင်ကျိုး စိုးရိမ်မိသည်။ ထို့ကြောင့် ထိုလူကို သူမခြံဝင်းထဲရှိ အခန်းလွတ်တစ်ခန်းထဲသို့ ပို့ဆောင်ထားရန် မှာကြားလိုက်၏။
ကျောက်ဟူသည် အိမ်ပြန်ရန်ငြင်းဆန်ပြီး သူ့ဆရာကို စောင့်ရှောက်ရန်နေခဲ့မည်ဟု အတင်းပြောလေသည်။ ကျောက်တလန်လည်း သူ့ကိုခွင့်ပြုလိုက်ပြီး ရွာလူကြီးလေး၏ခြံဝင်းထဲ၌ ထားခဲ့ကာ အိမ်ပြန်သွားတော့၏။ ကျောက်ဟူ ပြန်မလိုက်သည်ကိုမြင်သောအခါ အားသို့လည်းပြန်မသွားတော့ဘဲ ရွာလူကြီးလေးအိမ်တွင်သာ သောင်တင်နေတော့သည်။
ရှောင်ကျိုးသည် မျက်နှာဖုံးစွပ်လူကို စောင့်ရှောက်ရန် သူတို့နှစ်ယောက်ဆီတာဝန်ပေးထားခဲ့ပြီး အရင်ဆုံး သူမအခန်းထဲသို့ ဝင်သွားလိုက်သည်။ မျက်နှာဖုံးစွပ်လူသတိရလာပြီး သူတို့ကိုရန်ပြုမည်အား သူမဘာကြောင့် စိတ်မပူသနည်းဆိုသော် သူမခေါင်းထဲမှနေ ရင်းနှီးနေသော မစ်ရှင်အသံထွက်ပေါ်လာသောကြောင့်ဖြစ်ပေသည်။
*သိုင်းပညာရှင်တစ်ဦးကို ခေါ်ဆောင်နိုင်ခဲ့ပါပြီ။
ဆုလက်ဆောင် - အမှတ် ၂၀၀ နှင့် ကံစမ်းမဲ နှိုက်ခွင့် တစ်ကြိမ်*
ရှောင်ကျိုး အခန်းထဲသို့အမြန်ဝင်ပြီး မဲနှိုက်လိုက်သည်။ မဲနှိုက်ခြင်းပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ကိုယ်ဖော့ပညာ ကျမ်းစာအုပ်တစ်အုပ် ရရှိကြောင်း ပေါ်လာလေ၏။
"ကိုယ်ဖော့ပညာ ကျမ်းစာအုပ်လား၊ ခုနက မျက်နှာဖုံးစွပ်လူလိုမျိုးလေပေါ်မှာပျံဝဲလို့ရတဲ့ဟာမျိုးပေါ့"
ရှောင်ကျိုး စာအုပ်ကိုချက်ချင်း လှန်လှောကြည့်လိုက်ရာ ပုံများနှင့်စာများ ပါဝင်သည်ကိုတွေ့ရသည်။ ထူးခြားသည်မှာ ရှောင်ကျိုးအနေဖြင့် ထိုစာများကို ဖတ်ရှုနားလည်နေခြင်းပင်ဖြစ်၏။ ရှောင်ကျိုးမှာ သူမကိုယ်သူမ တော်တော်မိုက်သည်ဟုပင် တွေးလိုက်သော်လည်း လက်ရှိတော့မပျံသန်းနိုင်သေးပေ။ ခုနလေးတင် မျက်နှာဖုံးစွပ်လူနှင့်ဝတ်ရုံနက်လူတို့ လေပေါ်ပျံဝဲပြီး တိုက်ခိုက်နေသည်ကို မြင်ခဲ့ရသည်မှာ အလွန်မိုက်ပေသည်။ သူမလည်းအဲ့ဒီလို မိုက်ချင်၏။ ရှောင်ကျိုးသည် ကိုယ်ဖော့ပညာကျမ်းစာအုပ်ကို စိတ်ပါလက်ပါလေ့လာနေတော့သည်။ သူမသည် စာအုပ်ထဲမှ လှုပ်ရှားမှုပုံစံများကို မှတ်သားပြီး ကိုယ်တိုင်သရုပ်ဖော်လိုက်လုပ်ကြည့်သည်။ ထို့နောက် စာအုပ်ကိုယူပြီးခြံဝင်းနောက်ဖက်ရှိ ကွင်းပြင်ကျယ်သောနေရာသို့သွားကာ စတင်လေ့ကျင့်လေတော့သည်။
စနစ်အနေဖြင့် သခင်ဖြစ်သူ၏လုပ်ရပ်များကို ဘယ်လိုကြည့်ကြည့် ထူးဆန်းနေသည်ဟုသာခံစားနေရသည်။ ဘာလို့ ဖားတစ်ကောင်နဲ့ ဒီလောက်တူနေရတာလဲ။ စာအုပ်ထဲမှာရေးထားတာ ဒီလိုပုံစံမှမဟုတ်တာ။ စနစ်သည် ဆက်မကြည့်နိုင်တော့သဖြင့် အမြန်ပင်လိုင်းပေါ်မှ ဆင်းသွားလေတော့သည်။
စိတ်ကုန်စရာကောင်းလိုက်တာ။
ရွာလူကြီးလေးနောက်သို့လိုက်လာသော ကျောက်ဟူနှင့် အားသို့တို့သည် ခြံဝင်းနောက်ဖက်သို့ရောက်သောအခါ ရွာလူကြီးလေး၏ထူးဆန်းသော လှုပ်ရှားမှုများကိုကြည့်ပြီး ဇဝေဇဝါဖြင့်မေးလိုက်ကြသည်။
"ရွာလူကြီးလေး ဘာလုပ်နေတာလဲ"
"ငါ ကိုယ်ဖော့ပညာကျင့်နေတာ၊ ဒါမှနောက်ကျရန်ဖြစ်တဲ့အခါ သူတို့လိုလေပေါ် ပျံနိုင်မှာ"
ကျောက်ဟူနှင့် အားသို့တို့သည် ခုနကလူတွေလိုမျိုး ကိုယ်ဖော့ပညာဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရှောင်ကျိုးထက်ပင် ပို၍စိတ်ဝင်စားသွားကြလေသည်။ သူတို့နှစ်ယောက်သည် ရွာလူကြီးလေးဘေးနားဝင်ပြီး သူမလှုပ်ရှားမှုများကို လိုက်လံတုပကြတော့သည်။ ထို့ကြောင့် အစပိုင်းတွင် တစ်ယောက်တည်း ဖားခုန်နေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လူသုံးယောက်သားဖားခုန်တမ်းကစားနေသကဲ့သို့ ဖြစ်သွားလေတော့သည်။
သတိပြန်လည်လာသော ယန်ချွဲ့သည်သူ့အဆိပ်ကို ကုသပေးလိုက်သော ကျေးဇူးရှင်ကို သွားရောက်တွေ့ဆုံရန် ပြင်လိုက်စဉ် ခြံဝင်းနောက်ဖက်၌ လူသုံးယောက်ဖားခုန်တမ်းကစားနေသည်ကို မြင်လိုက်ရသဖြင့် ကလေးကစားနည်းအသစ်ဖြစ်မည်ဟု ထင်မှတ်လိုက်လေသည်။ ယန်ချွဲ့နိုးလာသည်ကို တွေ့လိုက်ရသောအခါ ကျောက်ဟူချက်ချင်း မေးလိုက်၏။
"ဆရာ ကျွန်တော်တို့ရဲ့ ကိုယ်ဖော့ပညာ လေ့ကျင့်ခန်းက ဘယ်လိုလဲဟင်"
ယန်ချွဲ့ ခဏတာမှင်သက်သွားလေသည်။ ဆရာဟုတ်လား ငါ့ကိုခေါ်လိုက်တာလား။ ငါက ဘယ်တုန်းက တပည့်လက်ခံလိုက်တာလဲ။ ပြီးတော့ မင်းအခုဘာပြောလိုက်တယ်။ မင်းတို့က ကိုယ်ဖော့ပညာ ကျင့်နေတာဟုတ်လား။
ယန်ချွဲ့သည် သူသတိပြန်လည်လာပုံနည်းလမ်းများမှားနေသလားဟုပင် သံသယဝင်သွားမိသည်။ ဘာလို့ ဒီကလေးပြောသမျှ စကားတစ်လုံးမှနားမလည်ရတာလဲ။ ကျောက်ဟူသည် ဘာမှပြန်မပြောဘဲ ကြောင်တောင်တောင် ဖြစ်နေသော ယန်ချွဲ့ကိုကြည့်ပြီး ရွာလူကြီးလေးထံလှမ်းမေးလိုက်သည်။
"ရွာလူကြီးလေး ကျွန်တော့်ဆရာက စကားမပြောတတ်တာများလား"
ယန်ချွဲ့မှာ သူသာစကားမပြောဘဲ ဆက်နေလိုက်လျှင် ဒီကလေးများမျက်လုံးထဲ၌ နားပင်းသူပါဖြစ်သွားတော့မည်ဟု ခံစားလိုက်ရသဖြင့် ကျောက်ဟူကိုမေးလိုက်လေသည်။
"ငါက ဘာလို့ မင်းရဲ့ဆရာဖြစ်ရတာလဲ"
ကျောက်ဟူမှာ မျှော်လင့်တကြီးဖြင့် ကြည့်ကာဖြေလိုက်သည်။
"ခင်ဗျားက ကျွန်တော်တွေ့ဖူးသမျှထဲမှာ ဒုတိယအစွမ်းအထက်ဆုံးလူမလို့လေ၊ ခင်ဗျားဆီက သိုင်းသင်ချင်လို့"
ယန်ချွဲ့ ပြန်မေး၏။
"မင်းက ကမ္ဘာပေါ်မှာအစွမ်းအထက်ဆုံး သိုင်းပညာရှင်ကို မြင်ဖူးလို့လား"
အားသို့ ချက်ချင်းဝင်ဖြေသည်။
"ကျွန်တော်တို့ ရွာလူကြီးလေးက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးပဲ"
ယန်ချွဲ့သည် သူ့မျက်စိထဲ၌လူသူကင်းဝေးရာ၌နေထိုင်သော ရွာလူကြီးအဘိုးတစ်ဦးကို ပြေးမြင်ယောင်လိုက်မိသဖြင့် မေးလိုက်သည်။
"မင်းတို့ရွာလူကြီးက ဘယ်မှာလဲ၊ ငါ့ကို သူ့ဆီလိုက်ပို့ပေးလို့ရမလား"
ကျောက်ဟူနှင့် အားသို့မှာ သူတို့ဘေးနားတွင် ဖားခုန်လေ့ကျင့်ခန်းကို ကြိုးစားပမ်းစားလုပ်ဆောင်နေဆဲဖြစ်သော ရှောင်ကျိုးထံ လက်ညှိုးထိုးပြလိုက်ကြသည်။
"ဒါက ကျွန်တော်တို့ရွာလူကြီးလေးပဲ"
ယန်ချွဲ့သည် ဖင်ကုန်းပြီးခုန်ဆွခုန်ဆွလုပ်နေသော ကောင်မလေးကိုကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်၏။
"မင်းတို့ရွာလူကြီးက ကလေးမလေးလား"
"ဟုတ်တယ်"
ရှောင်ကျိုးသည် လေ့ကျင့်ခန်းလုပ်နေသည်ကိုရပ်လိုက်ပြီး ယန်ချွဲ့ထံမော့ကြည့်ကာ ပြောလိုက်သည်။
"ငါက ထောင်ယွမ်ရွာရဲ့ရွာလူကြီးပဲ၊ နင့်အဆိပ်ကို ငါကုပေးထားတာ၊ နင် ဘယ်လိုကျေးဇူးဆပ်မလဲ"
ရှောင်ကျိုးသည် အရှုံးခံမည့်အလုပ်မျိုး ဘယ်တော့မှမလုပ်ပေ။ ထို့ကြောင့် သူမသည် အဆိပ်ဖြေဆေးတစ်လုံးကို ထုတ်ယူပြီး သူ့ကိုပေးလိုက်ခြင်းပင်။
"မင်းက ငါ့အဆိပ်ကိုကုပေးလိုက်တာလား"
ယန်ချွဲ့ မေးလိုက်သည်။
"ဟုတ်တယ်၊ ငါ့မှာ အဆိပ်ဖြေဆေး တစ်လုံးတည်းရှိတာ အဲ့ဒါနင့်ကိုပေးလိုက်တာ"
ယန်ချွဲ့သည် ရှောင်ကျိုးထံလက်ခုပ်အုပ်ကာ ကျေးဇူးတင်စကားဆိုလိုက်လေသည်။
"ကျွန်တော့်အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်လေး၊ ကျွန်တော် ဘယ်လို ကျေးဇူးဆပ်ရမလဲ"
ယန်ချွဲ့သည် ကလေးတစ်ယောက်မှ သူ့အဆိပ်ကိုကုသနိုင်သည်အား အလွန်အံ့ဩနေမိသည်။ ဒီရွာထဲက သမားတော်ကတော်တော်စွမ်းတာဖြစ်ရမည်ဟုသာ တွေးလိုက်မိ၏။
ကျွမ်းကျင်မှုမြင့်မားသော သမားတော်ဟွမ် : ဟင့်အင်း မဟုတ်ရပါဘူး။ ငါက အကြောလွဲတာနဲ့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ကုတတ်တာပါ
ရှောင်ကျိုးသည် ပိုပြီးခန့်ညားထည်ဝါသည့်ပုံပေါက်စေရန် လက်ပိုက်ကာပြောလိုက်၏။
"နင် ရွာမှာသိုင်းနည်းပြအဖြစ်နေခဲ့ပြီး ရွာက,ကလေးတွေကို သိုင်းသင်ပေးလိုက်၊ တစ်နှစ်ပြည့်ရင်ထွက်သွားလို့ရပြီ"
ရှောင်ကျိုးမှာတော့ စနစ်မှဤလူကို သိုင်းပညာရှင်ဟုပြောထား၍ ဤလူမှာယခုလက်ရှိသိုင်းပညာရှင်တစ်ကယ်မဟုတ်လျှင်ပင် အနာဂတ်၌ဖြစ်လာမည်ဟုသာ ယူဆလိုက်သည်။
လောလောဆယ်တော့ ဒီလူကို ရွာမှာအရင်ခေါ်ထားပြီး ရွာက,ကလေးတွေကို သိုင်းနည်းနည်းလောက် သင်ပေးခိုင်းရမယ်။
12
ယန်ချွဲ့သည် သူတစ်ပါးအပေါ် အကြွေးတင်ရသည်ကို မနှစ်သက်သူ ဖြစ်ပေသည်။ အထူးသဖြင့် ဤကလေးမလေးက သူ့အသက်ကို ကယ်ခဲ့သည်ပင်။ ထို့အပြင် ယန်ချွဲ့သည် လူသူကင်းဝေးသည့်နေရာတွင် ပုန်းအောင်းနေချင်သူဖြစ်ပြီး ဟိုလူစုလိုက်တွေ့မည်အားမလိုလားပေ။ ထို့ကြောင့် ချက်ချင်းပင် သူလက်ခံလိုက်လေသည်။
"ကောင်းပြီလေ ငါရွာမှာနေပြီး သူတို့ကို သိုင်းသင်ပေးပါ့မယ်"
အပျော်ရွှင်ဆုံးလူမှာကား ကျောက်ဟူပင်ဖြစ်တော့၏။ သိုင်းပညာရှင်တစ်ဦးဆီမှ တစ်နှစ်လောက်သိုင်းသင်ခွင့်ရမည်ဟူသော အတွေးကြောင့် ဒီည သူ အိပ်ပျော်တော့မည် မဟုတ်ချေ။
ရှောင်ကျိုးသည် ယန်ချွဲ့ကို အဘိုးရွှီ၏အခန်းဘေးရှိ အခန်းလွတ်တွင်နေရာချထားပေးလိုက်ပြီး ကျောက်ဟူနှင့် အားသို့တို့မှာ သိုင်းဆရာအသစ်အတွက် အခန်းကိုတက်တက်ကြွကြွဖြင့် ကူညီရှင်းလင်းပေးကြလေသည်။
ယန်ချွဲ့မှ ရှောင်ကျိုးကိုမေးလိုက်သည်။
"မင်း သိုင်းတတ်လား"
ရှောင်ကျိုးခေါင်းခါပြလိုက်၏။
"ငါ သိုင်းမတတ်ဘူး"
ယန်ချွဲ့ စိတ်ထဲတွေးလိုက်မိသည်မှာ ကျောက်ဟူသည် သူ့ရွာလူကြီးလေးကို လေးစားလွန်းသဖြင့် ရွာလူကြီးလေး၏သိုင်းပညာမှာ ကမ္ဘာ့နံပါတ်တစ်ဟု ချဲ့ကားပြောဆိုခြင်းဖြစ်တန်ရာ၏။ တကယ်တော့ ဒီကလေးမလေး၌ အတွင်းအားသော်လည်းကောင်း၊ သိုင်းအခြေခံသော်လည်းကောင်း ရှိပုံမရပေ။ ခုန သူမကိုယ်ဖော့ပညာလေ့ကျင့်နေပုံကို ကြည့်ရသည်မှာ သိုင်းပညာကို တစ်ခါမှမသင်ဖူးမှန်း သိသာလှသည်။
ရှောင်ကျိုးသည် အဒေါ်လျို့အိမ်သို့ သွားပြီး ကျောပိုးအိတ်ရောင်းရငွေ ပြား ၆၀၀ကို ပေးလိုက်လေသည်။ အဒေါ်လျို့မှ ငြင်းဆန်သော်လည်း ရှောင်ကျိုး၏ဇွတ်အတင်းပေးမှုကြောင့် အိတ်တစ်လုံးလျှင် လုပ်အားခပြား ၃၀နှုန်းသာယူရန် သဘောတူလိုက်ရသည်။
အဒေါ်လျို့အမြင်တွင် ဤပုံစံများသည် ရွာလူကြီးလေး ပိုင်ဆိုင်ခြင်းဖြစ်ပြီး သူမကမူ ပုံစံတူလိုက်ချုပ်ပေးရုံသာ ဖြစ်သည်။ တကယ်တမ်း လက်မှုပစ္စည်းဖိုး ပြား ၃၀ယူရသည်ကိုပင် သူမ အားနာနေမိ၏။ ရှောင်ကျိုးသည် သကြားလုံးအခွံပေါ်မှ တိရစ္ဆာန်ပုံစံ အားလုံးကို အဒေါ်လျို့အားပေးလိုက်ပြီး ရွာမှအခြားသူများကိုပါ သင်ကြားပေးကာ ချုပ်ခိုင်းရန်၊ လုပ်အားခပြန်ပေးမည်ဖြစ်ကြောင်း မှာကြားလိုက်သည်။ ရှောင်ကျိုးသည် လျို့တကျူနှင့် ကျောက်တလန်ကို သွားရောက်ရှာဖွေပြီး သကြားလုံးနှင့် ကျောပိုးအိတ်များကို မြို့၌သွားရောက်ရောင်းချခိုင်းကာ ရောင်းရငွေမှ ကော်မရှင်ခွဲပေးရန် စီစဉ်လိုက်လေသည်။ သို့ဖြင့် ရှောင်ကျိုး၏ ပထမဆုံးသော ငွေရှာမည့် စီမံကိန်းကြီး စတင်အကောင်အထည် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ရှောင်ကျိုးသည် သကြားလုံးများကို အမှတ်ဖြင့်လဲလှယ်ပြီး လျို့တကျူနှင့် ကျောက်တလန်ထံပေးကာ မြို့၌ရောင်းခိုင်းရုံသာဖြစ်ပေသည်။
ရှောင်ကျိုး ပျော်ရွှင်စွာဖြင့်အိမ်ပြန်ရောက်လာရာ ခြံဝင်းထဲသို့ဝင်ဝင်ချင်းတွင် အဘိုးရွှီသည် လူကုန်ကူးသမားတစ်ယောက်လို ပြုံးဖြီးဖြီးဖြင့် သူမကအားလက်ပြလာသည်ကို တွေ့လိုက်ရလေသည်။ ဇွန်ဘီပေါက်စလေးခမျာ ကြက်သီးထသွားရ၏။ ဒီအဘိုးကြီး ဘာလုပ်မလို့ပါလိမ့်။ သို့သော် လူကြီးကိုရိုသေရမည်ဟူသောစိတ်ဖြင့် ရှောင်ကျိုး အဘိုးရွှီကိုယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အဘိုးရွှီ"
အဘိုးရွှီ ရှောင်ကျိုးကိုကြည့်ပြီး ပြောလိုက်လေသည်။
"မနေ့က ငါ့အသက်ကယ်ပေးတာကိုကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ငါဒီမှာနေပြီး မင်းကိုစာသင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ ဘယ်လိုသဘောရလဲ"
"မကောင်းပါဘူး၊ အဲ့ဒါ ကျေးဇူးကို အပြစ်ပေးနည်းနဲ့ဆပ်နေတာပဲ"
ရှောင်ကျိုး ထိတ်လန့်တကြားငြင်းဆန်လိုက်လေသည်။
"မင်း စာမသင်ချင်ဘူးလား"
အဘိုးရွှီ နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။
"မသင်ချင်ပါဘူး"
ဘယ်မိသားစုရဲ့ကလေးကများ စာသင်ချင်တာရှိမှာလဲ။ အဘိုးရွှီ စိတ်ရှည်လက်ရှည်ဖျောင်းဖျလေသည်။
"ဒါပေမယ့် စာဖတ်ခြင်းက မင်းရဲ့ အမြင်အာရုံကို ကျယ်ပြန့်စေပြီး အကြောင်းအရာများစွာကို နားလည်စေနိုင်တယ်၊ မင်းက ထောင်ယွမ်ရွာရဲ့ရွာလူကြီးမလား၊ စာမတတ်ရင် နောင်ကျ ဘယ်လိုလုပ် ရွာလူကြီးကောင်းဖြစ်လာနိုင်မှာလဲ"
ရှောင်ကျိုး ရုတ်တရက်တွေဝေသွားသည်။ အဘိုးရွှီပြောသော အကြောင်းပြချက်ကို သူမနားလည်လိုက်၏။ သူမသည် ရွာသားများနှင့်အတူ တောင်ပေါ်ရွာလေးထဲမှာပဲ ထာဝရ နေသွား၍မဖြစ်ပေ။ အထူးသဖြင့် ယနေ့မြို့တက်ပြီးနောက်တွင် ကမ္ဘာလောကကြီးသည် ထောင်ယွမ်ရွာလောက်သာ မကျယ်ဝန်းကြောင်း သူမသိလိုက်ရသည်။
ရွာလူကြီးတစ်ယောက်အနေဖြင့် အနာဂတ်တွင် ရွာသားများထက် ပိုသိနားလည်ပြီး ပိုစွမ်းဆောင်နိုင်ရန် လိုအပ်ပေမည်။ ဗဟုသုတများများ ရှာမှသာ ထောင်ယွမ်ရွာကို ရှေ့ဆက်ခေါ်ဆောင်သွားနိုင်မည်ပင်။
"သခင်ရေ အရည်အချင်းပြည့်မီတဲ့ ရွာလူကြီးတစ်ယောက်ဖြစ်လာဖို့ မရှိမဖြစ် အရည်အချင်းတွေထဲမှာ ဗဟုသုတကြွယ်ဝပြီး ထူးချွန်ထက်မြက်တာလည်း ပါဝင်ပါတယ်။ ကျေးဇူးပြုပြီး ကြိုးကြိုးစားစား လေ့လာသင်ယူပါ"
စနစ်မှ အချိန်ကိုက်ဝင်ရောက် သတိပေးလိုက်သည်။
"ဆုလက်ဆောင် ရမှာလား"
ရှောင်ကျိုး မေးလိုက်သည်။
"ရမှာပေါ့ သခင်ကဘယ်လောက် ကောင်းကောင်း သင်ယူနိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်"
စနစ်မှ ပြန်ဖြေသည်။ အဘိုးရွှီ ဆက်ပြောလာ၏။
"စာဖတ်ခြင်းက အရာရာကိုနားလည်သဘောပေါက်စေတယ်၊ မင်းသာတစ်ခုခု တတ်မြောက်သွားရင် မင်းရဲ့ ရွာသားတွေကို ပြန်သင်ပေးလို့ရတာပေါ့"
ရှောင်ကျိုး ခဏစဉ်းစားလိုက်ပြီးနောက် ဒီလိုဆိုမှတော့ ရွာမှာကျောင်းတစ်ကျောင်းဖွင့်ပြီး ရွာမှကလေးများကို ကျောင်းတက်ခိုင်းလိုက်ရမည်ဟုဆုံးဖြတ်လိုက်သည်။ နောင်တစ်ချိန်တွင်ရွာမှကလေးများလည်း အရာရာနားလည်လာပြီး နန်းတွင်းစာမေးပွဲတောင် ဝင်ဖြေနိုင်ကြပေလိမ့်မည်။
အဘိုးရွှီသည် ခုနလေးတင်စာသင်ရန် ငြင်းဆန်နေပြီး ယခုကျမှ မျက်လုံးများ အရောင်တောက်လာသော ရှောင်ကျိုးကိုကြည့်ကာ ဘာအကြံတွေထုတ်နေပြန်ပြီလဲဟု တွေးတောနေမိသည်။ ရှောင်ကျိုး အဘိုးရွှီကိုမေးလိုက်၏။
"သမီးရွာမှာ ကျောင်းဖွင့်ချင်တယ်၊ အဘိုး ရွာက,ကလေးတွေကိုပါ စာသင်ပေးနိုင်မလား"
အဘိုးရွှီ : "......"
ရှောင်ကျိုး ဆက်ပြောလေသည်။
"သမီး စဉ်းစားပြီးပြီ၊ မနက်ပိုင်းကျရင် အဘိုးက ရွာက,ကလေးတွေကို စာသင်ပေး၊ နေ့လယ်ပိုင်းကျရင် မျက်နှာဖုံးနဲ့ဦးလေးက သိုင်းသင်ပေးမယ်၊ ဒါဆိုရင် သမီးရဲ့ရွာသားတွေက စာပေရောသိုင်းပညာပါ စုံလင်သွားပြီပေါ့"
ရှောင်ကျိုးသည် တွေးရင်းတွေးရင်း ပို၍စိတ်လှုပ်ရှားလာကာ အဘိုးရွှီကို ထားရစ်ခဲ့ပြီး ကျောင်းဆောက်လုပ်မည့် ကိစ္စဆွေးနွေးရန် ရွာအကြီးအကဲများထံသို့ တန်းတန်းပြေးသွားလေတော့သည်။
အဘိုးရွှီ : "ငါက မင်းကိုပဲစာသင်ပေးချင်တာပါ ရှောင်ကျိုးရယ်၊ ငါအရမ်းဘဝင်မြင့်မိနေတာများလား၊ ဘာကိစ္စနဲ့ ရွာက,ကလေးအကုန်လုံးကိုပါ စာသင်ပေးရမှာလဲ"
ရှောင်ကျိုးကတော့ အဘိုးရွှီ၏ခံစားချက်ကို နားမလည်ပေ။ ယခုအချိန်တွင် ရှောင်ကျိုးလိုချင်သည်မှာ ကျောင်းတစ်ကျောင်းဆောက်လုပ်ရန်သာဖြစ်တော့သည်။